Saturday, August 7, 2010

အချစ်နဲ့ ရွေးချယ်ခြင်း



(ပုံကို အင်တာနက်မှ ရပါသည်)

ကျောင်းတုန်းက ချစ်ခြင်းအစ အထင်ကြီးခြင်းက လို့  သူငယ်ချင်းက အခိုင်အမာဆိုလာတဲ့အခါ နှလုံးသားရဲ့ ခံစားမှုက အချစ်အတွက်အရေးကြီးဆုံးပါလို့  ကိုယ်က သေသေချာချာကြီးကို ငြင်းခဲ့တယ်။ အဆင့်အတန်း၊ ဂုဏ်သိက္ခာ၊ အရည်အချင်းတွေ ကွာခြားပေမယ့် အချစ်ဆိုတာနဲ့  ဆုံတွေ့ လိုက်ရတဲ့အခါ ကျန်တာတွေက မှုန်ဝါးသေးသိမ်သွားတတ်တာ ဘယ်လိုလုပ်မလဲ ဆိုပြီး အချစ်ကို ဝေေ၀၀ါးဝါးသာသိသေးတဲ့ အဲဒီအရွယ်မှာ ကိုယ်က အချစ်ဘက်က ရပ်တည်ခေါင်းမာခဲ့သေးတာ။ သူငယ်ချင်းက ဘယ်လောက်ပဲ အဆင့်အတန်းတွေ ကွာခြားပါစေ အထင်ကြီးစရာ အချက်လေး တခုလောက်တွေ့ ရာက အချစ်စတာပဲတဲ့လေ။ ဟုတ်ပါ့မလား။ ကိုယ်ကိုယ်တိုင် အချစ်ကို တကယ် ကြုံတွေ့ လာတဲ့အခါ သူငယ်ချင်းက… ငါမပြောလားတဲ့။ ဟုတ်သေးပါဘူး။ ခုထက်ထိ ကိုယ်က ခေါင်းမာစွာ ငြင်းတတ်နေတုန်းပဲ။ အချစ်ဆိုတာ ဘယ်အရာတခုမှ စွက်ဖက်ခြင်းမပါတဲ့ နှလုံးသားသက်သက်ရဲ့ စိုးပိုင်မှု။ အထင်ကြီးရာက အခြေခံတဲ့ ရွေးချယ်ခဲ့ခြင်း မဟုတ်ဘူးဆိုတာ ကိုယ့်နှလုံးသားက သက်သေလေ။ ဒါပေမယ့်… အဲဒါဟာ ဖေါ်မြူလာတခုမဟုတ်တာတော့ ကိုယ်ဝန်ခံမိတယ်။ နှလုံးသားမတူရင် ခံစားချက်တွေလဲ မတူနိုင်ဘူးမိုလား။

ပညာအရည်အချင်း၊ အဆင့်အတန်း၊ အသိုင်းအ၀ိုင်းကို အခြေခံပြီး ဈေးကွက်တခုလို သတ်မှတ်လို့ ရတဲ့ အိမ်နီးချင်းနိုင်ငံတခုရဲ့ အိမ်ထောင်ရေးထုံးစံကို ကိုယ်တွေ့ မြင်လိုက်ရတော့ … အဲ… နှလုံးသားတခုကို မေ့လျော့နေတဲ့ ကြောက်စရာထုံးစံကြီးပါလားလို့  တွေးမိသေးတယ်။ လုပ်ဖော်ကိုင်ဖက် ကောင်လေးက သူအိမ်ထောင်ပြုရတော့မယ်လို့  ကိုယ့်ကို မျက်ရည်တွေဝဲပြီး ရင်ဖွင့်တဲ့အခါ သူအသက်လောက်ချစ်ရတဲ့ သူ့ ကောင်မလေးနဲ့  အိမ်ထောင်ပြုတော့မယ်လို့  ထင်တဲ့ကိုယ်က အလိုက်မသိစွာ ဟားတိုက်ရယ်မောခဲ့သေးတယ်။ ငါအိမ်ထောင်ပြုရမှာ ငါ့အဖေရွေးတဲ့ သတို့ သမီးတဲ့။ ငါ့ချစ်သူကို ငါခွဲထားရစ်ရတော့မယ် ဆိုတော့ စိတ်ကူးယဉ်တတ်လွန်းတဲ့ ကိုယ်က… ဟာ… နင်ကလဲ ခိုးပြေးပေါ့… မိဘနဲ့  သားသမီး တနေ့  အဆင်ပြေမှာပဲလေလို့  အားမလိုအားမရနဲ့  တိုက်တွန်းမိတာပေါ့။ ဒါပေမယ့်… အဆုံးမှာတော့ နှလုံးသားတခုဟာ ရှေးရိုးထုံးစံအောက်မှာ မြင်မကောင်းလောက်အောင် ပြားပြားဝတ် ကြေမွပျက်စီးလို့ ။

ပိတ်ရက်မှာ shopping အတူထွက်ရအောင်လို့  ကိုယ်က လုပ်ဖော်ကိုင်ဖက် ကောင်မလေးကို အဖော်စပ်တော့ ငါ့အမျိုးသားကခွင့်ပြုမှာ မဟုတ်ဘူး… သူခွင့်မပြုရင် ငါဘာမှမလုပ်ရဲဘူးတဲ့။ သေလိုက်ပါတော့ဟယ်… ဈေးဝယ်ထွက်တာ မဟုတ်တာလုပ်တာမှ မဟုတ်တာလို့  ကိုယ်က မ၀င်သင့်တဲ့ ကြားထဲ ၀င်မိသေးတယ်။ နောက်မှ သူ့ ဆီက သူ့ ခံစားမှုကို ရဲရဲတောင် ဖွင့်ဟမပြောရဲလောက်အောင် လွတ်လပ်မှုတွေ ဆုံးရှုံးနေတဲ့ သူ့ အိမ်ထောင်ရေးကို တဖြေးဖြေး သိလာရတဲ့အခါ နင်ဘာလို့ များ ဒီလိုလူမျိုးကို ရွေးချယ်ခဲ့တာလဲဟယ်လို့  မမြင်ရတဲ့ အနာဂတ်နဲ့  အကဲခတ်ရခက်တဲ့ စိတ်နေသဘောထားတွေကို အတင်းကြီး မေ့ချင်ယောင်ဆောင်ပြီး ကိုယ်က မချင့်မရဲပြောမိသေးတာ။ ပြီးမှ… အေးပေါ့လေ… နင်က သူ့ ကို ချစ်တော့လဲ အဲဒီလို ထိန်းချူပ်ရတာကို ပျော်ချင်လဲ ပျော်နေမပေါ့ဆိုတော့… သူက မျက်ရည်တွေဝဲပြီး… အဲဒါဟာ အချစ်လား… ဒါမှမဟုတ် မှားယွင်းတဲ့ ရွေးချယ်ခြင်းလား ငါကိုယ်တိုင်ကို မသေချာဘူးဟာတဲ့။ ကျောင်းတုန်းက ကိုယ်ချစ်တဲ့ကောင်မလေးကို ပြစ်ပြီး ပိုက်ဆံရှိတဲ့ ကောင်မလေးကို ချစ်ရေးသွားဆို လက်တွဲခဲ့တဲ့ ကောင်လေးကို ပြေးမြင်ယောင်မိတယ်။ ဘာရယ်မဟုတ်ပါဘူး။ တခွန်းလောက်တော့ မေးချင်မိတယ်… နင်တကယ်ရော ပြီးပြည်စုံလား… ပျော်ရဲ့လား ဆိုတာကိုပါ။

ခုတလော မကြည့်တာ ကြာပြီဖြစ်တဲ့ Bachelor နဲ့ bachelorette ဇာတ်လမ်းတွဲတွေကို Mio TVက တဆင့်ကြည့်ဖြစ်တယ်။ ဟိုးအရင် စကြည့်တုန်းက ကိုယ့်နိုင်ငံ… ကိုယ့်ယဉ်ကျေးမှုနဲ့  အတော်ကို ဆန့် ကျင်နေတဲ့ အဲဒီဇာတ်လမ်းတွဲကို အတော်အံ့သြမိတာ။ ကြည့်ရင်း ကြည့်ရင်းနဲ့  စိတ်ဝင်စားလာမိတဲ့ အချက်က အချစ်နဲ့  ရွေးချယ်ခြင်း။ ယောင်္ကျားလေးတယောက်ရဲ့ ရွေးချယ်ခြင်းကို မျက်စိမှိတ်ခံယူဖို့  အသင့်ဖြစ်နေတဲ့ မိန်းကလေး ၂၅ယောက်။ အဲဒီ သတို့ သားလောင်းဟာ အဲဒီမိန်းခလေးတွေထဲက သူ့ သတိုးသမီးကို ဘယ်လို စံနှုန်းမျိုးနဲ့  ရွေးချယ်မလဲ။ ပြီးတော့ သူ့ နှလုံးသားက အဲဒီ မိန်းခလေး ၂၅ယောက်ထဲမှာ ကန့် သတ်ဘောင်ခတ်ထားလို့ ရော ရသလား။ ဒီမိန်းခလေးတွေထဲမှာ သူ့ ကို တကယ်ချစ်မြတ်နိုးတဲ့ မိန်းခလေး ဘယ်နှစ်ယောက်ပါနိုင်မလဲ။ သူရွေးချယ်လိုက်မိသူက သူ့ ကို တကယ်ချစ်မြတ်နိုးတဲ့ မိန်းခလေး ဟုတ်မနေခဲ့ရင်။ Bachelor ကို စပြန်ကြည့်ပြီး သူနောက်ဆုံးရွေးချယ်လိုက်တဲ့ မိန်းခလေးကို ကိုယ်က အတော်ကို စိတ်ပျက်သွားမိတယ်။ သူတို့ ၂ယောက်ရဲ့ကြား တံတားခင်းပေးလိုက်တာက နှလုံးသားမဟုတ်တဲ့ တခြားတခု။ သိပ်မကြာပါဘူး… သူတို့ နှစ်ယောက်ကွဲကြရော။ အိမ်ထောင်ရေး ခိုင်မြဲအောင် ချည်နှောင်ထားတဲ့ ကြိုးတွေထဲမှာ အဲဒီကြိုးက မသေချာဆုံးမိုလား။

ဟိုတပတ်ကမှ ပြီးသွားတဲ့ bachelorette ဇာတ်လမ်းတွဲက သတို့ သမီးလေး ပန်းကုံးစွပ်လိုက်တဲ့ သတို့ သားလေးကတော့ ကြည့်သူပရိသတ်ကို ကြည်နူးစရာ။ နှလုံးသားရဲ့ စေညွှန်ရာနောက်ကိုသာ လိုက်ပြီး အချစ်သက်သက်နဲ့ ရွေးချယ်ခြင်း။ ချစ်ခြင်းမေတ္တာနဲ့  ချည်နှောင်ထားတဲ့ သူတို့ ကြိုးက ပိုလို့ ယုံကြည်စိတ်ချရတယ်လို့  ကိုယ်အထင် ကိုယ့်အတွေးနဲ့  သူတို့ အနာဂတ်ရေးကို ဆေးခြယ်ကြည့်နေမိသေးတာ။

ရွေးချယ်ခြင်း... သူငယ်ချင်း အပျိုကြီးတယောက် ပြောတဲ့စကားကို ကိုယ်ဘယ်တော့မှ မမေ့ဘူး။ ကြိုက်သူတွေ ၀ိုင်းဝိုင်းလည်နေတဲ့ကြားထဲမှာ သူ့ နှလုံးသားက ဘယ်သူ့ ကိုမှ ချစ်လို့ မရလို့  အပျိုကြီးလုပ်နေခဲ့တာတဲ့။ ဘယ်လောက်လှလိုက်တဲ့ ဆုံးဖြတ်ချက်လဲနော်။ နှလုံးသားဗလာသက်သက်နဲ့  အိမ်ထောင်တခုကို ဘယ်တော့မှ မထူထောင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်။ ဖတ်ဖူးတဲ့ ၀တ္ထုတိုလေး တပုဒ်ကို သွားသတိရမိတယ်။ ယောင်္ကျားလေး တယောက် အိမ်ထောင်ဖက်ရွေးချယ်တဲ့ စံနှုန်းထားတွေနဲ့  အရမ်းထက်မြက်တဲ့ မိန်းခလေးတယောက်က သူ့ အမှတ်ပေးစည်းမျဉ်းထဲမှာ အမှတ်အနဲဆုံးနဲ့  ပယ်ခံခဲ့ရတဲ့ အကြောင်း။ ထက်မြက်ခြင်းဟာ အိမ်ထောင်ဖက်အဖြစ် ရွေးခြယ်တဲ့အခါ အမှတ်လျော့စေသတဲ့လား။ အဓိကက ထက်မြက်တာ မထက်မြက်တာထက် နားလည်မှုက အရေးကြီးဆုံး မဟုတ်လား။ တယောက်နဲ့ တယောက်နားလည်မှုရှိရင် ခြေလှမ်းတွေ သူ့ အလိုလို ညီသွားကြတာပဲပေါ့။ ကိုယ်သိပ်ချစ်တဲ့ မိန်းခလေးတယောက်ကို ထက်မြက်လွန်းလို့ … ဥပေက္ခာပြုကျောခိုင်းသွားတဲ့ ယောင်္ကျားတယောက်ရဲ့ ဆုံးဖြတ်ချက်တခုဟာ သိပ်များ အတ္တကြီးလွန်းနေသလားလို့ လေ။ ကိုယ်သိပ်ချစ်တဲ့ ယောင်္ကျားတယောက်ဟာ ကိုယ့်လောက် မထက်မြက်လို့  ကျောခိုင်းချန်ထားခဲ့တဲ့ မိန်းခလေးတယောက်ရဲ့ ဆုံးဖြတ်ချက်ကလဲ အတူတူပါပဲ။

အိမ်ထောင်ဖက်ရွေးချယ်တဲ့အခါ နှလုံးသားသက်သက်နဲ့  ရွေးချယ်လို့ မရဘူးဆိုတာ မှန်ပေမယ့် နှလုံးသားမပါတဲ့ ရွေးချယ်ခြင်း သက်သက်ကျပြန်တော့ ကြိုးတန်းပေါ်လမ်းလျှောက်ရသလိုများ ဖြစ်နေမလား။ ချစ်သူကို ချန်ထားခဲ့ပြီး ဦးနှောက်သက်သက်နဲ့  ရွေးချယ်ခဲ့တဲ့ သူငယ်ချင်းတယောက်ကတော့ သူ့ အိမ်ထောင်ရေးကို ကျေနပ်အားရပါသတဲ့။ လိုတရတဲ့ဘ၀မှာ အချစ်ဆိုတာ ဟိုးခပ်ဝေးဝေးမှာ မှုန်မှုန်ဝါးဝါးနဲ့  မသဲမကွဲ ကျန်ခဲ့တယ်ဆိုပဲ။ ဒါဆို ကိုယ်ကပဲ… အချစ်… အချစ်နဲ့  ခပ်ကြောင်ကြောင်စံနှုန်းတွေကြား လက်တွေ့ မကျတဲ့ လူတယောက်များ ဖြစ်နေမလား။ လူတယောက်ချင်းဆီရဲ့ ခံယူချက်ပေါ် မူတည်ပြီး အချစ်နဲ့ ရွေးချယ်ခြင်းကို အရောင်တွေနဲ့ များ တင်စားမယ်ဆိုရင် ပြာလိုက်… ၀ါလိုက်… စိမ်းလိုက်… နီလိုက်နဲ့ … သေချာတာက ပုံသေနည်းတခု အဖြစ်သတ်မှတ်လို့ မရတာပဲပေါ့။

တန်ခူး
7-Aug-2010 1:33am

17 comments:

မေငြိမ်း said...

မတန်ခူးရေ..
တို့ကတော့ ဦးနှောက်ရော နှလုံးသားရော သင့်သလို ပါသလိုပဲ.. ကံတရားကလည်း ပါတယ်ထင်တာပဲ။ တို့က ကံကြမ္မာကို ယုံကြည်သူများအုပ်စုဝင်လေ.. :)

khin oo may said...

:cool:

m said...

အရမ်းဖတ်လို့ကောင်းတယ် မမတန်ခူး
တိုက်ဆိုက်တာတွေ ကြုံဖူးတာတွေလဲ ပါနေလို့ စဉ်းစားစရာအတွေးတွေ ရသွားတယ်

အိမ်ထောင်တခုမှာ အချစ်ဆိုတာ မရှိမဖြစ်သလို အချစ်တခုတည်းနဲ့လဲ အိမ်ထောင်တခု တည်ဆောက်လို့ မရနိုင်ဘူး ထင်တာပဲ..

Anonymous said...

သူငယ်ချင်းရဲ့ အစ်မတစ်ယောက်လဲ အဲဒီလူမျိုးပဲ။ သူ့ချစ်သူနဲ့ သူ နှစ်ယောက်လုံး ယူဖို့ကြိုးစားပါသေးတယ်။ ဆရာဝန်တွေမို့ အတင်းယူမယ်ဆို စီးပွားရေးလဲ ပူစရာမလိုဘူး။ သဘောမတူတဲ့အချက်က သူတို့လူမျိုးတွေရဲ့ အယူအရ မိန်းမက ကိုယ့်အိမ်ထောင်ဘက်ထက် အသက်မကြီးရဘူးတဲ့။ ကောင်မလေးက ကောင်လေးထက် နှစ်နှစ်ကြီးနေတော့ အခက်တွေ့ရော။ နောက်ဆုံးတော့လဲ မိဘအသိုင်းအ၀န်းကို မလွန်ဆန်နိုင်ဘူး ထင်ပါရဲ့ ကောင်လေးကအရင် အိမ်ကပေးစားတဲ့သူနဲ့ လက်ထပ်သွားတယ်။ အဲဒီအစ်မခမျာ အသည်းကွဲပြီး စလုံးမှာ သူ့မောင်ဆီ အလည်လာ နေသေးတယ်။ သူချက်ကျွေးတဲ့ ပူရီစားပြီး သူ့အသည်းကွဲဇာတ်လမ်းကို ၀မ်းနည်းစွာ နားထောင်လိုက်ရတယ်။
mm

ကိုပေါ said...

>>>>ကြိုက်သူတွေ ၀ိုင်းဝိုင်းလည်နေတဲ့ကြားထဲမှာ သူ့ နှလုံးသားက ဘယ်သူ့ ကိုမှ ချစ်လို့ မရလို့  အပျိုကြီးလုပ်နေခဲ့တာတဲ့။ <<<<

တန်ခူးရေ... တန်ခူးသူငယ်ချင်းကိုတော့ မဆိုလိုပါဘူး။

လူပျိုကြီး အပျိုကြီးတွေ လုပ်နေကြသူတွေထဲမှာ လိင်တူကို စိတ်ဝင်စားသူတွေလည်း ပါဝင်ကြပါတယ်။ ကိုယ့်နိုင်ငံရဲ့ လူ့အသိုင်းအဝိုင်းက ခွင့်မပြုတာကြောင့် သူတို့ခမြာ သူတို့စုံမက်သူတွေနဲ့ အတူနေခွင့်မရဘဲ လူပျိုကြီး အပျိုကြီး ဘဝနဲ့ အရိုးထုတ်သွားကြရရှာတာပါ။ တခါတလေကျတော့ အဲသည်အဖြစ်ကို လူသိမခံချင်လို့ ဒီလိုပဲ ကြည့်ကောင်းအောင် လှီးလွှဲပြောရတာမျိုးတွေ ရှိပါတယ်။ ဥပမာ....“အပူမရှာချင်လို့ အိမ်ထောင်မပြုတာ” ဆိုတာမျိုးပေါ့။

သူတို့တွေလည်း လူထဲကလူတွေမို့ သူတို့ဘဝကို နားလည်ပေးနိုင်မယ့် လူ့အဖွဲ့အစည်းမျိုး အမြန်ဆုံး ပေါ်ပေါက်လာပါစေလို့ ဆုတောင်းပေးပါတယ်။

Maung Myo said...

အ၇မ်းလှတဲ့ ပို့စ်လေးပါပဲ အစ်မရေ သဘောကျတယ် ပြီးတော့ မှတ်သားစရာ အချက်လေးတွေ ဗဟုသုတ ရစရာလေးတွေကော အတွေးတွေ အများကြီးပေးသွားတယ် ။ အစ်မကတော့ မိုးတွင်းဘက်ပေါက်တဲ့ မှိုလို ပေါသည့်မင်းလောင်း ရွှေထီးဆောင်းပဲ တစ်ပုဒ်ဆို တစ်ပုဒ်မှန်း အရသာရှိရှိဖတ်ရလို့း)

Anonymous said...

((((ကြိုက်သူတွေ ၀ိုင်းဝိုင်းလည်နေတဲ့ကြားထဲမှာ သူ့ နှလုံးသားက ဘယ်သူ့ ကိုမှ ချစ်လို့ မရလို့  အပျိုကြီးလုပ်နေခဲ့တာတဲ့...))))

မဖြစ်နိုင်ဘူး...
ရတာမလို လိုတာမရ လို့ပဲဖြစ်မှာပါ...

ရွေးချယ်ခြင်း မှ စာလုံးပေါင်း အမှန်...
ခြယ် = အရောင်ခြယ်

Rita said...

ရုံးမှာတည်းက ဖတ်ဖြစ်ပါတယ်။ ခုတစ်ခေါက် ထပ်ဖတ်ဖြစ်တယ်။

အထင်ကြီးခြင်းက စ, မစ တော့ မသေချာပေမယ့် အထင်မကြီးနိုင်တဲ့လူကို ချစ်တယ်ဆိုတဲ့ ခံစားမှုကြီး ဝင်လာဖို့ ဖြစ်နိုင်မယ် မထင်မိဘူး။

မှန်တာ ဝန်ခံရရင် အချစ်ဆိုတာလဲ နှိုင်းရတရားလို့ပဲ ထင်ပါတယ်။ အချက်အလက်မတွက်တဲ့ စိတ်ခံစားမှုသက်သက်ဆိုတာ ရှိရင်တောင်မှ appreciate လုပ်ဖို့ ခဲယဉ်းမိနိုင်တယ်။

personal အမြင် သက်သက်ပါ။

kay said...

အသစ် ဆိုလို့ ပြေးလာဖတ်တာ.. စိတ်ဝင်စားစရာ ပို့စ်လေး ဖြစ်နေတယ်။
အချစ် နဲ့ ရွေးချယ်မူ...
တချို့လည်း ထပ်တူကျ ကြ..
တချို့လည်း.. အခြားတဖက်စီ..
ဘာပဲ ဖြစ်ဖြစ်..ဘ၀ ဆိုတာ မျိုး က.. ရှည်လျား လှ တာ မဟုတ်လေ တော့.. ကံတရားတွေ က လည်း.. လက်ချောင်း တွေ လို အတိုအရှည် မညီ ကြတော့...

( အဲ..ဆက်မပြော တတ်တော့ဘူး...)း)

ကျမ ကတော့..ကလေး တွေ နဲ့ ဆပ်ပြာပူစီဗောင်းလေး တွေ သာ မြင်ယောင်မိ...း)

မေဓာဝီ said...

အမ ..
ဖတ်တော့ဖတ်သွားတယ်။
ဘာပြောရမှန်းမသိလို့ ပြောတော့ဘူး နော် ဟီးး :D

Anonymous said...

သေချာတာကတော.ဗျာအချစ်ဆိုတာအသက်အရွယ်နဲ.အခြေအနေတွေပေါ်မှာလည်းမူတည်ပါတယ်။ပုံသေသ
ဘောတရားမရှိနိုင်ပါဘူး။အထင်ကြီးစရာတစ်စက်မှမရှိ
ရင်လည်းစိတ်ကူးထဲကအချစ်လောက်နဲ.ပြီးသွားမှာပါ။
ကိုပေါကိုမြင်ရတာခုတစ်လောမစဉ်းစားမဆင်ခြင်ပဲတစ်
ဖက်သတ်စကားတွေပြောလာသလားလို.။
လူပျိုကြီးအပျိုကြီးတိုင်းလိင်တူစိတ်ဝင်စားသူများမဟုတ်ပါ။
ကိုပေါလိုအိမ်ထောင်သည်တွေမှာလည်းလိင်တူစိတ်ဝင်
စားတတ်သူများရှိတတ်ပါတယ်။ အပျိုကြီးလူပျိုကြီးများဖြစ်သွားကြတဲ.လူတွေအတွက်
လည်းထိခိုက်နိုင်သလိုဖြစ်နေဆဲလူများကိုလည်းထိခိုက်နိုင်ကြောင်းသတိချပ်စေလိုပါတယ်။
စကားဆိုတာများများပြောလေသတိထားဖို.လိုလေပဲဗျ

ကိုဖြိုး

ကိုပေါ said...

ကိုဖြိုး....

စာဖတ်သျှမ်းပုံရတယ်။ ကျနော့်မှတ်ချက်က... “လူပျိုကြီး အပျိုကြီးတွေ လုပ်နေကြသူတွေထဲမှာ” လို့ အသေအချာ ရေးထားပါတယ်။ ဒီစကားဟာ “လူပျိုကြီး အပျိုကြီးတွေ လုပ်နေကြသူတိုင်း” ဆိုတဲ့ စကားနဲ့ အဓိပ္ပါယ်မတူကွာခြားတယ်ဆိုတာ နားလည်စေချင်ပါတယ်။

ကိုဖြိုးပြောသလို အိမ်ထောင်သည်တွေထဲမှာလည်း လိင်တူချင်း စိတ်ဝင်စားသူတွေ ရှိနေနိုင်ပါတယ်။ ဒါဟာ ဘာမှ အဆန်းတကြယ်ကိစ္စမဟုတ်ပါ။ နှိမ့်ချတာမဟုတ်သလို နစ်နာအောင်ပြောတဲ့ အဓိပ္ပါယ်လည်း မရောက်ပါ။ “အပူမရှာချင်လို့ အပျိုကြီး လုပ်နေတယ်” လို့ တစုံတယောက်က ပြောလာတိုင်း တကယ့်နောက်ကွယ်က အကြောင်းရင်းမှန်က အဲသည်လို ဖြစ်ချင်မှ ဖြစ်နိုင်မယ်ဆိုတာကို ထောက်ပြခြင်းမျှသာ။

ကိုဖြိုးအနေနဲ့ ဘယ်စာကိုမဆို အဓိပ္ပါယ်ပေါက်အောင် ဖတ်ဖို့ တိုက်တွန်းချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဓိပ္ပါယ်ပေါက်လွဲခဲ့ရင် စကားနည်းနည်းပြောလည်း ပြောသမျှမှာ အမှားပါနေမှာဖြစ်လို့ပါပဲ။

Anonymous said...

Heart or love or feeling is controlled by brain. So, if you are a brain person or a heart person, actually your brain is telling you to have those feeling. Whatever you do, your brain is responsible for that. On the otherhand you are born with that kind of mindset. It's just your destiny. Like May Nyein, I belong to the group which believes in karma.

rose of sharon said...

အမြင်ချင်းက တစ်ယောက်တစ်မျိုးစီရှိကြမှာပါဘဲ... အချစ်မပါတဲ့ အိမ်ထောင်ရေးကိုတော့ အားမပေးချင်ပါဘူး... ဦးနှောက်နဲ့လက်ခံနိုင်သူကို ချစ်မိရင် အကောင်းဆုံးပေါ့နော်

တာတူး said...

အမရေ
အချစ်ဆိုတာ အထင်ကြီးမှူ့က စနိုင်သလို သနားမှူက ဆိုတာကလည်း စတတ်တာပဲ ။ နောက် ပြီး accidental အထိအတွေ့ တစ်ခုကလည်း စနိုင်တာပါပဲ ။ ဘာမှမဟုတ်ပဲ နေတာ ကြာလာလို့ ပိုပို ခိုင်မြဲလာတဲ့ သံယောဇဉ် တစ်ခုကို အချစ်လို့ ထင်မှတ်သူလည်း ရှိမယ် ။ ကြိုက်နှစ်သက်မှူ့ တစ်ခုခုကြောင့် အချစ်လို့ ထင်မှတ်ကြတာလည်း ရှိမယ် . . . ပြောရမယ် ဆိုရင်တော့ ဖြစ်နိုင်ခြေ တော်တော် များတဲ့ အရာတွေကို အခြေခံနိုင်တာပါပဲ။ နောက်ပြီး တစုံတစ်ခုသော လိုချင်တဲ့ လောဘကြောင့် အချစ်လို့ တံဆိပ်ကပ် ပြီး အချစ်ဆိုတာကို တလွဲသုံးတဲ့ သူတွေလည်း ရှိတာပါပဲ ...
ဒီတော့ အချစ်ဆိုတာ ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုပါလို့ သတ်မှတ်တာကိုပဲ လက်ခုပ်တီး အားပေးချင်ပါတယ် ။ ရွေးချယ်မှူ့မှာ အချစ်ဆိုတာ ပါသော် ပို၍ ကောင်၏ ပေါ့ ။ မပါတော့လည်း နဲနဲ ပေါ့ရွတ်ရွတ်နေရုံမှ တပါး သိပ်တော့ မထူးခြားလှပါ ။
ကျနော့် အမြင်အရတော့ ကိုယ်ရွေးချယ်မဲ့ တခြားတပါးသော သူကို လေးစားနိုင်မှု့ ၊ သံယောဇဉ် ထားနိုင်မှူ့ ၊ တချို့ချို့သော မိမိ မနှစ်သက်တဲ့ အမူအကျင့် တို့ကို ဥပေက္ခာ ထားနိုင်မှူ့တို့ ရှိရင် ရွေးချယ် သင့်တယ်လို့ ထင်ပါတယ်။ အရေးအကြီးဆုံး အရာကတော့ ရွေးချယ်ပြိးလို့ ဘ၀ နှစ်ခုက နေ တစ်ခုထည်း ဖြစ်လာတဲ့ အခါ "ငါတို့" ဆိုတဲ့ အတွေးကို အမြဲထားနိုင်ပြီး သစ္စာ ရှိဖို့ပါပဲ ။

Anonymous said...

In my Opinion,

Most of Myanmar girls/ women don't know how to find a Guy for their life, They juz get nearest one available around them as a Mate partner...it's juz Third world Country Girls/Women Habbit...

Try to fina A guy as Valuable, Intelligent, Nice , Funny, Good character, Habbits, attitude, educated and background etc...

Take Your time...

Don't be Hurry, If U'r Valuable Girls/Women, They'll COME to U...Finallly...

tg.nwai said...

တန်ခူးရေ...စိတ်ဝင်စားစရာကောင်းတဲ့ ပို့စ်လေးပါပဲ...အစ်မမေငြိမ်းပြောသလို ကံဆိုတာလည်း ပါဦးမယ်ထင်တယ်..အချစ်တခုတည်းနဲ့ မပြီးသလို ဦးနှောက်တခုတည်းနဲ့လည်း ပြည့်စုံမယ်လို့တော့ မထင်မိဘူး။ ဒါကလည်း ခုလိုအချိန်မျိုးမှ ပြောဖြစ်တာပေါ့...:)

ဘာပဲဖြစ်ဖြစ်လေ..လောကကြီးထဲမှာ ကိုယ်လိုချင်တာ ပိုင်ဆိုင်ချင်တာတခုအတွက် အနည်းဆုံးတခုခုတော့ပေးဆပ်ခဲ့ရမှာပဲပေါ့လေ..အဲဒီအတွက် ထိုက်တန်တယ်လို့ ယူဆရင်တော့ ကိုယ့်ရွေးချယ်မှုအပေါ် ကျေနပ်ပျော်ရွှင်နိုင်မယ်လို့ ထင်မိတာပဲ တန်ခူးရေ...