Thursday, April 15, 2010

သံချပ်ခေတ်က သင်္ကြန်

သက်ဝေတို့  ပန်တို့  ရွှေပြည်ဝေးမှာ သံချပ်လေးတွေ သွားစပ်တာတွေ့ တော့ ငယ်တုန်းက သံချပ်တွေနဲ့ ကြီးခဲ့ရတဲ့ သင်္ကြန်တွေကို ပြန်လွမ်းမိတယ်။ အဲဒီတုန်းက သင်္ကြန်မှန်ရင် သံချပ်ပါမှလေ။ ဘာကြောင့် လူတွေက သံချပ်ကို မျှော်ကြ၊ တောင့်တကြ၊ နှစ်သက်ကြသလဲဆိုတော့ သံချပ်တွေက ခေတ်ရဲ့မှန်တချပ်လိုပါပဲ။ ဒီခေတ်ကလေးတွေ သံချပ်နဲ့  ကျွန်မတို့ လောက် မရင်းနှီးကြမှာမို့  ငယ်တုန်းက သံချပ်သင်္ကြန်အတွေ့ အကြုံလေး ဝေမျှလိုက်ပါတယ်။

အဲဒီခေတ်တုန်းက တီဗွီတောင် အိမ်တိုင်းမရှိ။ ကက်ဆက်ပဲရှိကြတာများတော့ သင်္ကြန်မရောက်ခင် တလ နှစ်လလောက် အလိုကတည်းက သင်္ကြန်သံချပ်ကက်ဆက်ခွေတွေ ထွက်လာပါပြီ။ သင်္ကြန်နားနီးတာနဲ့ ဟိုအိမ်က သံချပ်သံကြား၊ ဒီအိမ်က သံချပ်သံကြား၊ လဘက်ရည်ဆိုင်ကလည်း သံချပ်ဆိုတော့ တမြို့ လုံး သံချပ်သံတွေ ဝေေ၀ဆာဆာနဲ့  မြူးကြွနေပါပြီ။ “မကုလားမရေ ကြည့်လုပ်ပါဦး” ဆိုတဲ့ မောင်ကြေးမုံက သံချပ်ဘုရင်လို့  ပြောလို့ ရအောင် အတော်အစပ်ကောင်းပါတယ်။ သံချပ်ခွေမှာ သံချပ်တမျိုးထဲ မဟုတ်ပဲ တခန်းရပ်ပြဇာတ်လေး၊ အတာသီချင်းလေးတွေနဲ့ ဆိုတော့ အတော်နားထောင်လို့ ကောင်းပါတယ်။

အဲဒီခေတ်က ရပ်ကွက်တိုင်းလိုလို သံချပ်အဖွဲ့ ဆုပေးမဏ္ဍဋ်တွေရှိကြပါတယ်။ သင်္ကြန်မတိုင်ခင်ကတည်းက မနှစ်ကနဲ့ မတူအောင် ခမ်းခမ်းနားနား ဆုပေးမဏ္ဍဋ်တွေကို သူ့ ထက်ငါ အပြိုင်အလှဆုံးဖြစ်အောင် ဆောက်ကြပါတယ်။ တချို့ ဆုပေးမဏ္ဍဋ်က ရွှေရောင် အတာအိုးကြီးမှာ ပိတောက်ခက်တွေ ဝေေ၀ဆာဆာနဲ့  တချို့ ကျပြတော့ ပုဂံခေတ်သင်္ကြန်ကို သရုပ်ဖော်တဲ့ ခမ်းနားတဲ့ ပန်းချီနောက်ခံနဲ့ … အဲဒီလို မဏ္ဍဋ်တွေ လိုက်ကြည့်နေရင်း သင်္ကြန်ရင်ခုန်သံတွေက စနေပါပြီ။

ပြိုင်ပွဲဝင်ကြမယ့် သံချပ်အဖွဲ့ တွေကလည်း သင်္ကြန်မတိုင်မှီ ကတည်းက သံချပ်စတိုက်ကြ။ နာမည်ကြီး သံချပ်အဖွဲ့  “အင်အား”က ကျွန်မတို့  ရပ်ကွက်က သံချပ်အဖွဲ့ ပါ။ အင်အားအဖွဲ့  သံချပ်တိုက်နေကျလမ်းက ဈေးသွားရင် ဖြတ်သွားရတဲ့လမ်းမို့  သံချပ်တွေ တိုက်နေပြီလို့  ဦးအောင် သတင်းပေးတတ်သူက ကျွန်မကြီးကြီးပါ။ သံချပ်တိုက်နေပြီ အသံကြားတာနဲ့  ကစားလက်စတွေ ချပြီး သံချပ်တိုက်ရာဆီ ပြေးတော့တာပါပဲ။ ဘယ်လောက်ကြည့်ရကြည့်ရ မရိုးတာမို့  အင်အား သံချပ်တွေဆို သင်္ကြန်မရောက်ခင်ကတည်းက အလွတ်ရနေတဲ့အထိပါပဲ။

အဖေက သင်္ကြန်ရေပက်ခံတာ၊ အလည်ထွက်တာတို့ ကို သိပ်အားမပေးပေမယ့် သံချပ်တော့ သူကိုယ်တိုင် ၀ါသနာပါတာမို့  သင်္ကြန်ညတွေဆို ဆုပေးမဏ္ဍဋ်တွေဆီ သူကိုယ်တိုင် လိုက်ပြပါတယ်။ တခါတလေ ကျွန်မတို့ အိမ်နောက်က ကွင်းကြီးထဲက ဆုပေးမဏ္ဍဋ်၊ တခါတလေကျတော့ ရန်ကင်းကွင်းကြီးက ဆုပေးမဏ္ဍဋ်… တာမွေဗိုလ်စိန်မန်က မဏ္ဍဋ်ဆို တကယ့်သံချပ်အဖွဲ့ အကောင်းတွေ အကြိတ်အနယ်ပြိုင်တာမို့  လူကြပ်ကြပ်ထဲတိုးဝှေ့ ကြည့်ခဲ့သေးပါတယ်။

ဆုတွေကလဲ စွယ်စုံ၊ အက၊အလှ၊ သံချပ်၊ ၀တ်စားဆင်ယင်မှု အဲလို အမျိုးမျိုး ခွဲထားပါသေးတယ်။ သံချပ်အဖွဲ့ ကောင်း တခုဖြစ်ဖို့ က မလွယ်လှပါဘူး။ အလှပြကားကို creative ဖြစ်အောင် ပြင်ဆင်ရသလို၊ တဖွဲ့ လုံးရဲ့ ၀တ်စားဆင်ယင်မှုကိုလဲ အတော်ကို အလေးထား ပြင်ဆင်ရပါတယ်။ ခေတ်ကို လှစ်ဟပ်ပြနိုင်ဆုံး သံချပ်ထိထိတွေ အပြင်၊သီချင်းက အစ ကိုယ့်ဘာသာရေးသား စပ်ဆိုရတာပါ။ တခန်းရပ် ပြဇာတ်လေးတွေ ဆိုလဲ တကယ့်သရုပ်ဆောင်ပီပြင်တဲ့သူတွေ သရုပ်ဆောင်တာပါ။ သံချပ်အဖွဲ့ ခေါင်းဆောင်က တဖွဲ့ လုံးမှာ အဓိက အကျဆုံးမို့  တကယ့် soul နဲ့  အနုပညာဗီဇရှိသူတွေ လုပ်ကြတာများပါတယ်။ လှောင်စရာရှိရင် မထိတထိ မျက်နှာပေးလေးနဲ့ … ၀မ်းနည်းစရာပြန်တော့ မျက်ရည်တွေ ရစ်ဝဲလာတဲ့အထိ… ပျော်စရာလေးတွေကျတော့လဲ လူတကိုယ်လုံး လေမှာ ပျံဝဲနေသလို မြူးကြွလို့ ။ ယခုလက်ရှိ အနုပညာလောကမှာ အောင်မြင်နေတဲ့ ကုသိုလ်တို့  ဗေလုဝတို့ ကို အဲဒီခေတ်ကတည်းက သံချပ်ခေါင်းဆောင်တွေ အဖြစ်နဲ့  ရင်းနှီးနေခဲ့တာပါ။

ယနေ့ ထက်ထိမှတ်မိနေတဲ့ သံချပ်အဖွဲ့ တွေကတော့ ပုဂံခေတ်အ၀တ်အစားနဲ့  တခမ်းတနား သံချပ်အဖွဲ့ … နေရာတိုင်းမှာဆုတွေချိတ်တဲ့ ယဉ်ကျေးမောင်၊ ပေါ့ပေါ့ပါးပါးလေးနဲ့  ပရိသတ်ရင်ထဲရောက်အောင် ပေါက်တဲ့ သံချပ်တွေ ထိုးနိုင်တဲ့ အင်အား၊ အားနဲ့ မာန်နဲ့  သံချပ်တွေ ရင်ကွဲအောင်ထိုးတတ်တဲ့ ဒဲ့ဒိုး၊ ပြီးတော့ တကယ့်ကို ရင်ထဲရှိတာ အိမ်သွန်ဖာမှောက်ပြောတတ်လွန်းတဲ့ ဒိုးဒိုးဒေါက်ဒေါက်။ ကလေးဘ၀က ဆိုလို့ ကောင်းတဲ့ သံချပ်နဲ့ သီချင်းတချို့  ခုချိန်ထိ ပါးစပ်ထဲမှာ စွဲနေသေးပါတယ်။ (နှစ်တွေအတော်ကြာပြီဆိုတော့ စာသားတွေ မှားကောင်းမှားနေပါလိမ့်မယ်)

နာမည်ကြီး ယဉ်ကျေးမောင်အဖွဲ့ ရဲ့ ပင်တိုင်သီချင်း

“xxx ပြောလိုက်ချင်တာတွေလဲxxx အကုန်လုံးပြောလိုက်မယ်xxx ဝေဒနာကို အကုန်ကြေငြာမယ့်xxxယဉ်ကျေးမောင်”

အစရှိတဲ့ သီချင်းကို အော်ဟစ်ပြီးဆို ကုတင်ကြီးက သံချပ်အလှပြကားကြီးဖြစ်… သင်္ကြန်ပြီးတောင် သံချပ်ရောဂါမကုန်နိုင်သေးပဲ ကျွန်မတို့ မောင်နှမတွေ သံချပ်တိုင်ံတိုင်းဆော့ကစား ခဲ့ကြတာ လွမ်းမိပါရဲ့။ စီးပွားရေးသမားတွေ ဖြတ်လမ်းလိုက် အမြတ်ရှာကြတဲ့ ကလေးနို့ မှုန့် ဗူးခွံတွေ ၀ယ်ပြီး နို့ မှုန့် ဘူးအတုတွေရောင်းတာကို သရော်ထားတဲ့…

“နို့ မှုန့် နို့ မှုန့်  ၀ယ်ရမှာလားလို့  သားသားစိတ်မှာပူ xxx မီးမီးစိတ်မှာပူ xxx လေဟာပြင်ဈေးက ၀ယ်လာပေးတဲ့ xxx ဟေးးး နို့ မှုန့်  xxx နို မှုန့် က အီးတွေပါလို့ ”

ဆိုတဲ့ သီချင်းဆို ကျွန်မမောင်လေးရွှတ်နောက်နောက် ပါးစပ်မှာ အလွန်ရေးပန်းစားတဲ့ သီချင်းပါ။ ကျုရှင်တွေ စခေတ်စားတော့ ကျော်ငြာတွေမှာ ကျူရှင်ဆရာငယ်ငယ်တွေ ပုံက မင်းသားရှူံးလောက်တာရယ်… ပြီးတော့ အထက်တန်းကျောင်းသူငယ်ငယ် ချောချောလေးတွေနဲ့  ကျူရှင်ဆရာတွေ ဇာတ်လမ်းကို သရော်ထားတဲ့…

“ကျူ…. ရှင်… ကျူရေ… ရှင်…
ကျူရှင်ဆိုတာ xxx ဒါတဲ့လားဟဲ့ xxx မိဘများတို့ xxx သတိထားကြကွဲ့  ”

ဆိုတဲ့သံချပ်။ ပြီးတော့… ဇာတ်မင်းသား မိုးဝင်းတို့ ၊ ချမ်းသာတို့ ၊ သိန်းဇော်တို့ ကို ကောင်မလေးတွေ သဲသဲလှုပ်ကြလွန်းတာကို သရော်ထားတဲ့…

“ဟိုတနေ့ က xxx ရေနံဆီရောင်းရတဲ့ ငွေငါးဆယ် xxx မိုးမိုးကတုန်း ပစ်ပေးလိုက်တော့ xxx မိုးမိုးလေးက ယူတယ်တော့ xxx (အေးဟယ် သူ့ ခမျာ သနားပါတယ် xxx တို့ လဲ ပေးချင်လိုက်တာနော့နော)့ xxx မိုးမိုးကျွေးရင် xxx သေဆေးပေးဖြစ်ဖြစ် xxx ငှက်ပျောသီးပဲဖြစ်ဖြစ် xxx စားလိုက်မှာပဲ xxx (ငှက်ပျောသီးရရင် တယောက်ထဲမစားနဲ့ xxx တို့ လဲ တကိုယ်ဆီ ကျွေးရမှာပဲ)”

ဆိုတဲ့ မိန်းမလျာလေသံနဲ့  ပီပီပြင်ပြင်သရုပ်ဖော်ထားတဲ့ သံချပ်။ နေရာတကာ ဖော်လံဖားတတ်တဲ့ ဖားတွေအကြောင်း သရော်ထားတဲ့…

“တုံးအောက်ကဖား xxx တုံးပေါ်ဖား xxx ဋ္ဌါနဆိုင်ရာဖား xxx ဖားကောင်းဖောင်းကား xxx ဖားဖားဖား xxx နေရတကာဖား”

ဆိုတဲ့ နားထောင်နေသူတောင် ဖားတွေကို အော်ကလီဆန်အောင်လုပ်နိုင်လွန်းတဲ့ သံချပ်။ ကျွန်မနားထဲမှာ မနေ့ တနေ့ ကလို သံချပ်သံတွေ ဆူညံနေဆဲပါ။ ကြည့်ခဲ့ဖူးတဲ့ သံချပ်တွေထဲမှာ ကြက်သီးမွှေးညှင်းထအောင်… မျက်ရည်တောက်တောက်ကျအောင်… ပီပြင်လွန်းတဲ့ တက္ကသိုလ်ရိပ်သာလမ်းက သံချပ်ပွဲလေးကတော့ ယနေ့ ထက်ထိ နှလုံးသားမှာ စွဲကျန်နေဆဲပါ။

တန်ခူး
1:15pm 15-Apr-2010

10 comments:

မေဓာဝီ said...

မတန်ခူးက အကုန်မှတ်မိတာပဲ။ ညီမတော့ သံချပ်တွေ နားထောင်ခဲ့ဖူးပေမဲ့ မမှတ်မိတော့ဘူး။ ပြိုင်တာတွေလဲ သွားမကြည့်ဖူးတော့ အဖွဲ့နာမည်တွေလဲ တခုမှ မသိဘူး။ သံချပ်တွေက ခေတ်ကို ထင်ဟပ်ပြီး ထိထိမိမိ သရော်ချက်တွေမို့ ကြိုက်တယ်။ တွေးနိုင် ရေးနိုင်တဲ့လူတွေကိုလဲ ချီးကျူးတယ်။
ခုခေတ်မှာ အဲဒီတုန်းကလို သံချပ်ပြိုင်ပွဲတွေ မလုပ်ရတော့ပေမဲ့ သံချပ်ခေတ်ကတော့ ဘယ်တော့မှ မကုန်ဘူး ထင်တာပဲနော်။

ကိုရင်နော် said...

လွမ်းစရာတွေပါပဲ..
နားထဲမှာ သံချပ်သံတွေ ပြန်လည် ကြားယောင်လာတယ်..

ခုခေတ်များသာ သံချပ်ထိုးခွင့်ရရင် မပန်ကြီးနဲ့ အတူတူ လက်သီးလက်မောင်းတန်းပြီး ဝင်အော်လိုက်ချင်ရဲ့..

နှစ်သစ်မှာ ရွှင်လန်းအေးချမ်းပါစေ...

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်

သက်ဝေ said...

အင်း... တန်ခူးက တော်တော်လေး မှတ်မိတာပဲ...
ကိုယ်ကတော့ မှတ်မိတယ် ဆိုရုံပဲ...
မေတ္တာတို့ ဂီတစာဆို မောင်ကြေးမုံတို့ သင်္ကြန်ကားတွေနဲ့ သံချပ်တွေ သိပ်ထိထိမိမိ ရှိတာလောက်ပဲ မှတ်မိတော့တယ်...း))

စိတ်ပါလို့သာ ရွှေပြည်ဝေးမှာ သံချပ်သွားထိုးတာ... မေးစရာလေးရှိလို့ ခဏလောက် ဆိုရင်တော့... ဟဲဟဲ
(တပျော်ကြီးပဲ...)

Anonymous said...

အမ..လုံးဝမမှတ်မိဘူး..ညတိုင်းနီးပါးမဏပ်မှာ ..
လူကြီးတွေနဲ့လိုက်သွားပီး အာစားအိပ်ငိုက်နေတာ..
တန်ဖိုးထားရကောင်းမှန်းမသိခဲ့ဘူး...

ဒါပေမဲ့ တော်တော်ကြီးတော့ သံချပ်တွေကိုကြိုက်တတ်လာတယ်..အဲ့အချိန်မှာ...၇ှိတော့ဘူး။

မြတ်နိုး

tg.nwai said...

ဟုတ်တယ် တန်ခူးရေ... သံချပ်တွေ နားထောင်ရတာ တကယ်သဘောကျတာ... ခုချိန်မှာတော့ ဘာမှ သေသေချာချာ မမှတ်မိတော့ဘူး...

Moe Cho Thinn said...

တက္ကသိုလ်ရိပ်သာလမ်းက သံချပ်ပြိုင်ပွဲလေး ဘယ်အချိန် ပြန်ကြားရလိမ့်မလဲ..

kay said...

ကျမ လည်း ပါလိုက်အုံးမယ်..

“ မောင်မောင်တို့ အဖွဲ့ ၀ိုင်းတော်သားတွေ နှုတ်ဆက်ပါတယ်နော်.. ပိတေက်ပွင့်ချိန် ထာဝစဉ် တွေ့လို့..စိတ်မှာပျော်.ပြုံးပျော်စရာ ဖျော်ဖြေ ပြီးတော့..၀မ်းနည်းသလိုနော်.. အားပေးကြတဲ့..မိဘ အပေါင်းကို..နှုတ်ဆက် ကာနော်.. ”

း)
တော်တော် ငယ်ငယ်တုန်းက..ကက်ဆက်ခွေ နဲ့ စောင့်နားထောင်ရတဲ့..သံချပ် အဖွဲတခု ရဲ့ သီချင်း..ခုထိ ပါးစပ်ထဲ ကျန်နေသေးတယ်..

တက္ကသိုလ်ရိပ်သာလမ်း သင်္ကြန် က တော့.. အိပ်မက် လိုပဲ.. ကြးပဲ ကြားဖူးလိုက်တယ်..မကြုံလိုက်ရ..း(

ဇွန်မိုးစက် said...

ဇွန်က ငယ်လို့လားမသိဘူး၊ “ကျွန်ုပ်တို့သည်” အဖွဲ့ကိုပဲ မှတ်မိတော့တယ်။ မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေ အစ်မတန်ခူးရေ။

Anonymous said...

~~ပန်းပိတောက်ပွင့် နွေရာသီ~~ဖူးပွင့်လို့ဝေဆာသည်~~
ရိုးရာသင်္ကြန်ဆင်နွှဲရင်းနဲ့ အမှန်တရားဖွင့်ဆိုမည်~~
စွမ်းအင်သစ် ပြောခဲ့သမျှသည်~~တိုင်းပြည်ကြိုး ပြည်ကြိုးကိုဆောင်မည်~~

nu-san said...

အမက တော်လိုက်တာ.. သံချပ်တွေ တော်တော်များများ သိနေ မှတ်မိနေတယ်နော်... ကျနော်တို့တော့ အဲဒီလို သံချပ်တွေကို မမှတ်မိတော့သလို သိပ်လည်း မကြုံဖူးဘူး အမ..
အခုမှ လာနှုတ်ဆက်ရတော့တယ် အမရေ..

မင်္ဂလာရှိတဲ့ နှစ်သစ်ဖြစ်ပါစေ...