Sunday, April 11, 2010

တာဝန်မကျေသော ဘလော့ဂါ အိမ်ရှင်မ မိခင် တန်ခူး

ဘလော့တခုရှိပြီး ရက်ရက်စက်စက် ပစ်ထားရက်တဲ့ တာဝန်မကျေတဲ့ ဘလော့ဂါစာရင်းသာ ပြုစုရင် တန်ခူးက ပထမ ရမလားပဲ…။ သက်ဝေရေ… လွမ်းတယ်ဆိုတဲ့ စကားလုံးလေး တွေ့ ရတော့ မျက်ရည်ဝဲမိတယ်တကယ်။ သက်ဝေဘယ်လောက်ပဲ သင်ပြပြ ဒီကတန်ခူး အချိန်စီမံခန့် ခွဲမှုတွေ လိုနေသေးတာများလား။ မုန်းတယ်… မနက်မိုးလင်းက မိုးချူပ် တုန်တုန်မှ မလှုပ်ပဲ projectတွေထဲမှာ စုံးစုံးမြုပ်နေရတဲ့ဘ၀။ မွန်းကြပ်လွန်းတဲ့ deadlineတွေ ကြားထဲမှာ စိတ်ဖိစီးမှုတွေ များလာတော့ တကြောင်းနှစ်ကြောင်းချရေးဖြစ်ခဲ့ရင်တောင် ကြောင်တောင်တောင်ဂေါက်တောက်တောက် စာတွေဖြစ်လာမှာအမှန်ပဲ။ မမမေငြိမ်းရေ… မြသီလာလို မှတ်တမ်းတင် ဂန္တ၀င်စာမျိုးတွေ မွေးဖွားလာဖို့  မမအချိန်တွေ ဘယ်လိုများ ပေးဆပ်ခဲ့ရသလဲဆိုတာ တွေးတွေးပြီး လေးစားမိတယ်။ ကေရေ… စိန်ပန်းကံ့ကော်တွေထဲ ဖတ်သူနစ်မျောပျော်ဝင်သွားအောင် ဖန်တီးသူရဲ့ နှလုံးသားတွေ ဘယ်လောက်များ ပင်ပန်းနွမ်းနယ်ခဲ့မလဲဆိုတာ ဒီကတာဝန်မကျေလွန်းတဲ့ ဘလော့ဂါတယောက် ပိုပိုနားလည်ပြီး ရင်ထဲမှာ ချီးကျူးနေမိတယ်။

မြတ်နိုးရေ… မြတ်နိုးအမကြီးမတန်ခူး အသက်ရှင်လျက်ရှိနေသေးပါတယ် ညီမရယ်။ မမခင်မင်းဇော်ရေ… ပျောက်ချက်သား ကောင်းနေတဲ့ အမညီမ… ရင်ဘတ်ထဲမှာ ပြောစရာတွေ ပြည့်သိပ်ကျပ်နေတယ်ဆိုတာ အမများသိနေမလား။ အရင်က ပို့ စ်တပုဒ်ဖတ်ပြီးလို့  ကိုယ်နဲ့ အတွေးချင်းမတူရင် ချက်ချင်းဖုန်းခေါ်ငြင်းခုန် အတွေးတွေဖလှယ်နေကျ မောင်လေးကိုပေါဆီတောင် ဖုန်းမဆက်ဖြစ်တာ အတော်ကြာရော့လေ။ တန်ခူးပြန်လာပြီဆိုတဲ့ သတင်းစကားကြီးတောင် ပြင်ဆင်ချိန်မရလို့  မောင်လေးရွားသားလေးက သတိပေးယူရတဲ့အထိ။(ခုထိလဲ အဲဒီအတိုင်းပါပဲ)။ ပေါက်ရေ… အမများနေကောင်းရဲ့လားလို့  စိတ်ပူသတိရတဲ့ညီမလေးကို လွမ်းလိုက်တာ။ ခက်ခဲတဲ့ကျောင်းစာတွေ တဖက်နဲ့ တောင် အားတဲ့အချိန်လေး စာကောင်းလေးတွေ ရေးပေးတတ်တဲ့ ညီမလေးမေဓာဝီရဲ့ စာဖတ်သူတွေပေါ် တာဝန်ကျေမှုကို လေးစားအတုယူမိပါရဲ့။

အမေကပြောတယ်… အိမ်ရှင်မအလုပ်ဆိုတာ ဘာရယ်လို့ မယ်မယ်ရရ လက်ညှိးထိုးလို့ မရပေမယ့် အလုပ်နဲ့ လက်နဲ့ ပြတ်ရတယ် မရှိဘူးတဲ့။ အမေ့ကို ဒီအလည်ခေါ်ရင် ကြာကြာမနေနိုင်ပဲ ငါအိမ်မှာမရှိရင် အိမ်ကြီးဗြုတ်စဗြင်းတောင်း ဖြစ်နေမယ်ဆိုတော့ အမေကလဲ ပိုလိုက်တာလို့  ဆိုခဲ့မိသေးတယ် သိလား မမသီတာ။ သားလေးနှစ်ယောက်ရယ် ချစ်သူရယ် ပြီးတော့ အိမ်မှုကိစ္စတွေရယ်… ဘလော့တခုရယ်ကြား တာဝန်ကျေနိုင်လွန်းတဲ့ မမသီတာရဲ့ ချစ်စရာအပြုံးလေး တန်ခူးကို ခဏငှားပါလားဟင်။ အိမ်ကြီးက အမေပြောသလို ဗြုတ်စဗြင်းတောင်း။ ဧည့်သည်တောင် လာမှာကြောက်နေရတဲ့အဖြစ်။ မျက်စိကို စုံမှိတ်ပြီး အလုပ်ကအိမ်ပြန်ရောက်တော့ အလုပ်ပြန်လုပ်ရတဲ့ဘ၀။ ပိတ်ရက်တရက်မှာမှ မီးပူတိုက်စရာ အပုံကြီးကြား အကြွေးတွေကို စကားမပြောနိုင်ပဲ ၄ ၅နာရီဆက်တိုက် ရှင်းရတာ။ လုလုရေ… ၅မိနစ်အမြန်ချက်လို့ ရတဲ့ ဟင်းနည်းလေးများရှိရင် အမကို ပေးပါလား။ အမှန်ပြောရရင် လက်ပံခေါက်ဟင်းနောက်ပိုင်း အိမ်မှာ ချက်မစားဖြစ်တော့တာ။ အိမ်ထမင်း အိမ်ဟင်းလေး လွမ်းမိပါရဲ့။ (ဒီနေ့ တော့ အကုန်ဖြတ်တောက်ပြီး ကြက်သားနဲ့ ဂေါ်ဂရခါးသီး ကာလသားချက်လေးရယ်…. ခရမ်းချဉ်သီးငါးပိချက်လေးရယ်.. အမြန်လုပ်လိုက်ရတယ်… မရတော့ဘူး.. limitကုန်ပြီလေ)။ ဒီတခါရန်ကုန်ပြန်ရောက်ရင် အမကြီး မမသိဂီင်္ဆီ အိမ်ရှင်မသင်တန်းသွားတက်မှ။ ခက်တာက အိမ်ကလူကလဲ ကိုအန်ဒီတို့ လို အချက်အပြုတ်မရ။

အားလုံးထဲမှာ သားကို အချိန်မပေးနိုင်တာလောက် စိတ်ညစ်တာမရှိ။ အိပ်ယာဝင်ပုံပြင်လေးတွေ သားကပူဆာတာကို နောက်တနေ့ နောက်တနေ့ နဲ့  ရက်ရွှေ့ ခဲ့ပေါင်းများလာတော့ ငိုချင်မိတယ်။ ကိုယ့်ကိုယ်ကိုလဲ ခွင့်မလွတ်ချင်တော့ဘူး။ သားရေ သားအတွက် အမေအလုပ်တွေကြိုးစားနေတာပါဆိုတော့ သားက နားမလည်နိုင်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်တယ်။ ညီမလေးလှိုင်တို့  နုတို့ ရေ… သမီးလေးတွေနဲ့  အချိန်ပြည့်နေနိုင်တဲ့ ဘ၀ကို အားကျမိတယ်ကွယ်။ ကံကောင်းတာက သားကျောင်းက ရုံးမှာမို့ လို့ ရယ်။ နို့ မို့ ကျောင်းကြိုကျောင်းပို့ သာ မလုပ်ရရင် အမေ့ကိုတောင် အတော်စိမ်းသွားမှာ။ ပန်ပန်ရေ… ဒါကြောင့်ပဲ ရောမမြို့ ကြီးကို အမဘယ်လိုမှ ချစ်လို့ မရတာထင်ပါရဲ့။ စာမရေးဖြစ်တဲ့ အကြောင်းတွေထဲမှာ အလုပ်တွေရှုပ်နေတာက အဓိကဖြစ်ပေမယ့် Mood တွေကလဲ ကာရံစည်းချက်တွေ မညီဘူးတော့ဘူး။ သားက မေမေကြောင်လေး မွေးချင်တယ်တဲ့။ သူ့ ခမျာ အထီးကျန်ဆန်နေလို့ လားဆို ပူပူပင်ပင်နဲ့  လုပ်လက်စအလုပ်တွေ ဖြတ် မြန်မာကစားနည်းတွေအကြောင်းရှင်းပြ၊ သူနဲ့ ကစား… သူ့ မျက်လုံးလေးတွေ အရောင်ပြန်လက်လာမှ ဟင်းချရတော့တယ်။ ကြည့်ရတာ သူ့ အဖေလို ကြောင်လေးတွေ ချစ်တဲ့စိတ်ကြောင့်ဖြစ်မှာပါလို့  စိတ်ကိုဖြေသိမ့်ရတယ်ချိုသင်းရေ။ အိမ်ချင်းနီးရင်တော့ ချိုသင်းဆီက သမီးလေးဖြစ်ဖြစ်၊ သားလေးဖြစ်ဖြစ် တကောင်လောက် လာတောင်းချင်ပါရဲ့။

ဘာပဲဖြစ်ဖြစ်လေ… သင်္ကြန်မိုးရေ တန်ခူးလေနဲ့  တန်ခူးတယောက် ချစ်သော ဒီသံယောဇဉ်ရပ်ဝန်းလေးထဲ ပြန်ရောက်လာပါပြီ။ မြန်မာနှစ်သစ်မှာ တာဝန်မကျေသော တန်ခူး တာဝန်ကျေသူတယောက် ဖြစ်အောင် ကြိုးစားပါမယ်လို့ ။ ကတိတွေ အခါခါပေးပြီး ပျောက်ပျောက်သွားတတ်တဲ့ တန်ခူး ဒီတခါတော့ မကြေငြာတော့ပဲ နှလုံးသားထဲမှာ ကြိတ်ပြီး ကတိတွေပေးမိပါတယ်။ ကြည်လင်အေးမြတဲ့ ရေစင်လေးဖြန်းပက်ဖို့  တန်ခူး တကယ် ပြန်လာပြီ။

တန်ခူး
1:17am 11-Apr-2010

22 comments:

မေဓာဝီ said...

မတန်ခူးရေ ...
ဝမ်းသာလိုက်တာ ... မ-ရဲ့ပို့စ်လေးကို တွေ့လိုက်ရလို့ ပျော်သွားတာပဲ။ တန်ခူးလရောက်ကတည်းက မ-ကို သတိရနေတာ ... ။ သတိရလို့ လာလာကြည့်တိုင်း လက်ပံခေါက်နဲ့ချည်း တိုးနေလို့ တိတ်တိတ်ကလေးပဲ ပြန်ပြန်သွားတာ။

ခုတော့ မတန်ခူးက သင်္ကြန်ရဲ့ လေနုအေးနဲ့အတူ ပြန်လာပြီပေါ့။ အလုပ်တွေ သိပ်များတဲ့မကို နားလည်ပါတယ် မ-ရယ်။ ညီမလဲ စာမေးပွဲနီးရင် စာရေးနိုင်တော့မှာ မဟုတ်ဘူး။ ဘလော့ကို ပစ်ထားရတော့မှာပဲ။ ဘာပဲဖြစ်ဖြစ် မ-ရဲ့ စာတွေပြန်ဖတ်ရတော့မှာမို့ ၀မ်းသာပါတယ်။

Anonymous said...

အမ..ပြန်လာပီ..
ဝမ်းသာလိုက်တာ..

အမကိုလွမ်းနေတာ..ကြာကြာလှပေါ့...
ဘလော့မှာ တန်ခူးပြန်လာပီရေးပီး ဘာမှလည်းမတက်လာ..

အမဆီ မေးလ်နဲ့နေကောင်းလားမေးတော့လည်းမပြန်။
နဲနဲတောင် စိတ်ဆိုးချင်မိတယ်..ဟွန်း

အမမျာားမရေးတော့ဘူးလားလို့တွေးနေမိတာ..ပီးတော့..အမ ဘလော့ကိုတ်ကုန်သွားပီလားလို့ထင်မိတာ..ဘာများဖြစ်သွားတာလဲလို့လဲ စိတ်ထဲမှာတွေးနေမိသေးတာ..အမရဲ့။

လွမ်းတာယ်အမရာ..
စာတွေများများရေးပါ။

မြတ်နိုး

သက်ဝေ said...

Welcome Back တန်ခူး...
တန်ခူးကို လွမ်းနေတဲ့ ရက်တွေတုံးကတောင် မငိုချင်ဘူး... အခု တန်ခူးရေးထားတာလေး ဖတ်ပြီးမှ တကယ်ငိုချင်သွားတယ်...
အလုပ်တွေများတာ Stress များတာ လူတိုင်း နားလည်ကြပါတယ်... ဘာပဲဖြစ်ဖြစ် ရေးနိုင်သလောက်လေး ရေးပါ တန်ခူးရယ်...
တိုတိုလေးပဲ ဖြစ်ဖြစ်ပေါ့...
အခုလို အကြာကြီးပျောက်မနေနဲ့တော့နော်....
Welcome Back တန်ခူး...

Moe Cho Thinn said...

အမရေ ချိုသင်းလဲ စာမရေးဖြစ်ပေမဲ့ စာတော့ အချိန်လေးရတိုင်း ပြေးပြေး လာဖတ်ပါတယ်။ အမ ဘလော့ကိုလဲ ခဏခဏ လာချောင်းတယ်။ သတိရတယ်။ အရမ်း သတိရတယ်။ စာပြန်ရေးမယ်ဆိုတာ ၀မ်းသာတယ်။ ချိုသင်းလဲ ကြိုးစားမယ်။ တူတူ ပြန်ရေးမယ်နော်..

rose of sharon said...

ပြန်လာမယ်ဆိုရင် ပြန်လာဖတ်မှာပါ

sonata-cantata said...

ဗွမ်း)))
သင်္ကြန်ကျမှ ထွက်လာတဲ့ တန်ခူးကို
ခေါင်းကနေကို လောင်းချလိုက်တာ
ပျော်လို့

khin oo may said...

သတိရနေတာ...

khin oo may said...

မိုးချိုသင်း မိုးချိုသင်း ချက်စားပလိုက်ဦးမယ်ဆိုတာလေးမျိုးဘဲဖြစ်နေဦးမယ။်

khin oo may said...

တို့ကတော့ ဘလေှာ့မှာတာဝန်ကျေတယ်ဆရာ.အားလုံးလစ်ဟငင်းတယ်။

SHWE ZIN U said...

ကျနော်လည်း မခင်ဦးမေ ပြောသလိုပြောရမဲ့ပုံဘဲ

ကြိုဆိုနေပါတယ်ဗျာ ကျနော် လည်း လာဖတ်တိုင်း လက်ပံခေါက် နဲကြီး တိုးနေလို့ စားနိုင်လှချီလားလို့

ခင်တဲ့
ရွှေစင်ဦး

Thant said...

အစ်မရေ...ပြန်လာတာ ပျော်လိုက်တာ....:)))
ဗွမ်းးးးးး.....အေးချမ်းသွားအောင် သင်္ကြန်ရေလောင်းလိုက်တယ်....နှစ်သစ်မှာ ပျော်ရွှင်ပါစေအစ်မ........

Anonymous said...

:)ပြန်လာတယ်ဆိုလို့ ပျော်ပါတယ်။
မမိုးချိုးသင်းကြောင်လေးတွေက.. အကောင်သေးသေးတယ်။ အဟဲ..ဘာမှမဟုတ်ပါဘူး။ ချီရပိုးရလွယ်တယ်လို့ ပြောမလို့ပါ။
mm

Shinlay said...

မတွေတာကြာ၊ ပြန်တွေ့ တော့ဝမ်းသာသွားတယ်။

Wunna said...

အစ်မရေ
ပိုစ့်အသစ်လေးဖတ်ရလို့ဝမ်းသာသွားတယ်။ အလုပ်တဖက်နဲ့ ခေတ်သစ်အိမ်ရှင်မတွေရဲ့ဘ၀ကိုလည်း ရင်မောသွားတယ်။ အစ်မစိတ်ထွက်ပေါက်အဖြစ် ရေးချင်တာသာရေးပါ အစ်မရယ်။ ရေးစရာမရှိရင် သားလေးပုံသာတင်လိုက်။
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ။

Anonymous said...

ဗွမ်း..ဗွမ်းး...ဗွမ်း..
ရေလာပက်တယ်ဗျိုး...
နှစ်သစ်မှာပျော်ရွှင်ပါစေ..


ပေါက်

Rita said...

အသက်တနှစ်တူတူကြီးသွားပြန်ပြီ အစ်မ

Kay said...

ဟူး.. မတန်းခူးရေ..
အဲဒါပဲလေ.. လေဒီဘလော့ဂါ ကြီးများ အသင်း မှာ.. အသင်းသူ တွေ ဘယ်လောက်တောင် ခက်ခက်ခဲခဲ ရုန်းကန် ရေးသား နေကြတယ်ဆိုတာ...း))

ခုတော့...တန်ခူးလကြီးက..လှုပ်နှိုးတော့မှ.. နိုးလာတော့တယ်ပေါ့.. ပျော်စရာမွေးနေ့ ထင်ပါ့..

nu-san said...

အမရေ.. သင်္ကြန်နဲ့အတူ ပြန်လာတယ်ပေါ့နော်... ဒါကြောင့် အမကို သင်္ကြန်ရေအေးအေးလေး လောင်းလိုက်ဦးမယ်.. သားသားကိုလည်း ခေါင်းကနေ လောင်းမယ်.. ဗွမ်း...

T T Sweet said...

သူငယ်ချင်း တန်ခူးရေ ... ပျောက်နေတာကြာလို့ ...
အရမ်းသတိရပါတယ် ...

လာလည်တိုင်း လက်ပံခေါက်ဟင်းနဲ့ချည်းတိုးနေလို့ လက်ပံခေါက်ဟင်းတောင် မစားချင်တော့ဘူး ...

စာလေးတွေ ဆက်ရေးပါဦး ...
welcome back.

pandora said...

တန်ခူးလေနုအေးနဲ့အတူ ပြန်လာသော မတန်ခူးကို ရေတစ်ခွက် အိုးမဲလက်နဲ့ ကြိုနေပါတယ်။

ခွန်မြလှိုင် said...

(((ဗွမ်း))) ရေလာလောင်းတာ
(ရွှတ် .. ရွှတ်.. ရွှတ်) ဒါကထိုင်းစတိုင် ပေါင်ဒါမှုန့် ဖြူးတာ
သားသားက ကြောင်လေး မွေးချင်သတဲ့လား... ခုသင်္ကြန် မှာ သားသားအတွက် အမ အချိန်တွေ ပြန်ပေး နိုင်ပြီပေါ့နော်... လှိုင်လဲ တူတူပဲ အမ ရေ... အိမ်ပြန်ရောက်တဲ့အချိန်တိုင်း သမီးလေးက အိပ်တောင် ပျော်နေပြီ.. မနက်လေးပဲ သူ့မှာ အမေ ကို တွေ့ရတာ ခုတော့ အမေ့ကိုယ်ပေါ်က မဆင်း တော့လို့ ပုခုံးတောင် အကြောမျက်ပြီး ခါးနာ ယူရတယ်.. သူက အတိုးနဲ့ အရင်း ပေါင်းနေတာလေ.... ဒါထက် သင်္ကြန်တွင်း သားသားကို ကိုရင်ဝတ်ပေးဖို့ အတော် ငယ်သေးမလားဟင်...

ဇွန်မိုးစက် said...

အစ်မစာပြန်ရေးတော့မယ်ဆိုလို့ ၀မ်းသာနေတာ။ ဇွန်ဘလော့ဂ်မရေးခင်ကတည်းက အစ်မစာတွေလာဖတ်ဖြစ်တယ်။ အဲဒီ့တုန်းက မြန်မာစာမရိုက်တတ်သေးတာနဲ့ မမန့်ဖြစ်ဘူး။ အစ်မအသစ်တင်တိုင်းလာဖတ်ရအောင် လင့်ခ်ယူထားမယ်နော်။

P.S ဇွန့်သူငယ်ချင်းတွေလည်း အစ်မပရိတ်သတ်ပါပဲ။း)