Tuesday, February 23, 2010
လက်ပံခေါက်ဟင်း
ပြီးခဲ့တဲ့အခေါက် မြန်မာပြည်ပြန်တော့ ထုံးစံအတိုင်း ဖေဖေ့ဝမ်းကွဲညီမ ကျွန်မအဒေါ် အညာသူစစ်စစ်ကြီးတွေက အိမ်မှာ ရောက်နှင့်နေပါပြီ။ သားကို သိပ်ချစ်တဲ့ သားအဖွားတွေပေါ့။ ကလေးလဲ မမြှူတတ်တဲ့ အပျိုကြီးတွေမို့  သားဘေးနား ငုတ်တုတ်ကြီးတွေ ထိုင်ပြီး တယောက်က ခြင်မလာအောင် ယပ်ခတ်၊ တယောက်က သားဆော့တာ ပြုံးပြုံးကြီးထိုင်ကြည့်နေတာပါ။ ဒါပေမယ့် သားကို ရေချိုးပေးတာတို့  သနပ်ခါးလေး ဖွေးနေအောင် လိမ်းပေးတာတို့ က ကျွန်မအမေရင်းထက်တောင် ကျွမ်းကျင်ပါသေးတယ်။ သားကလဲ ဖွားဖွားဥ၊ ဖွားဖွားဆိုးနဲ့  အရိုးခံအညာသူကြီးတွေ ကျအောင် ပြောတတ်ပါသေးတယ်။ ဗွီဒီယိုကြိုက်တဲ့ သူတို့ ကို ကျွန်မအမေက နေ့ စဉ်အခွေငှားပေးပါတယ်။ သူတို့ က အတော်ကို ဇာတ်နာတဲ့ ငိုရတဲ့ကားမျိုးမှ ကြည့်ရတာ အားရသူတွေပါ။
ကျွန်မရောက်တဲ့အချိန်က မနှစ်က အကယ်ဒမီတွေ တစီတတန်းကြီးရသွားတဲ့ “ကိုးဆယ်ဆ သာလိမ့်မယ်” ဇာတ်ကားထွက်တဲ့ အချိန်ပါ။ ကျွန်မကလဲ မြန်မာဆန်လွန်းတဲ့ အဲဒီကားကို ကြည့်ချင်သူ။ အရင်က အဖေ့စိတ်ကြိုက်မြို့ တော်သိန်းအောင် ပြဇာတ်ဆိုတော့ အဖေကလဲ အားပေးချင်။ အညာနောက်ခံဇာတ်ကားမို့  အဒေါ်နှစ်ယောက်ကလဲ အဖော်စပ်စရာမလိုဆိုတော့ အားပေးတဲ့သူတွေ အတော်များတာပေါ့။ ဒီကားထဲမှာ မင်းသမီး၊မင်းသားအပြင် လက်ပံပင်ကြီးကလဲ ဇာတ်ကောင်တကောင်လိုပါပဲ။ လက်ပံပင်ကြီးကိုက ဇာတ်ရှိန်အနိမ့်အမြင့်အလိုက် ခံစားချက်မျိုးစုံပေးနေသလိုပါပဲ။ ပထမပိုင်း နန္ဒာလှိုင်အပျိုတုန်းက လက်ပံပင်ကြီးကို ကြည့်ရတာ နုနယ်ပျိုမျစ်ပြီး ကိုယ်ပါ သူတို့ နဲ့ အတူ လက်ပံပွင့်လေးတွေ ကောက်ချင်စိတ်တောင် ပေါက်မိပါတယ်။ ဒီလက်ပံပင်အောက်မှာပဲ ချစ်သူနဲ့ ဇာတ်လမ်းစခဲ့သလို၊ ချစ်သူနဲ့ ဇာတ်လမ်းဆုံးခဲ့တာပါ။ နန္ဒာလှိုင် အဖွားကြီးဖြစ်သည်အထိ လက်ပံပွင့်တွေ ကောက်နေတော့ ဒီလက်ပံပင်ကြီးက အိုမင်းရင့်ရော်ပြီး လောကဒဏ် အထုအထောင်းခံနေရသလိုပါပဲ။ ဇာတ်ကားဆုံးခါနီး နောက်ကြောင်းပြန်တော့ ဟိုးငယ်ငယ်က မောင်နှမ၂ယောက် အတူဆော့ကစားခဲ့တာလဲ ဒီလက်ပံပင်ကြီးအောက်မှာပါပဲ။ နောက်ဆုံး ကျော်ရဲအောင် ဘုန်းကြီးဝတ်သွားတော့ လက်ပံပွင့်လေး တပွင့် သပိတ်ပေါ်ကြွေကျသွားတာနဲ့  အဆုံးသတ်ပါတယ်။ အဲဒီအချိန် ကျွန်မအဒေါ်တွေကို ကြည့်လိုက်တော့ တကယ့်ကို ငိုကြီးချက်မနဲ့ ဖြစ်နေပါပြီ။ ကျွန်မအမျိုးသားကတော့ မျက်ရည်တွေ ရွှဲရွှဲစိုနေတဲ့ ကျွန်မကို ကြည့်ပြီး ဟားတိုက်ရယ်ပါတော့တယ်။ အဲဒီအချိန်မှာ တချိန်လုံးတိတ်နေခဲ့တဲ့ ကျွန်မအဖေက သူ့ ညီမကို “ခင်ဥ ရွာက လက်ပံပင်ကြီး ရှိသေးလား” လို့  ငိုသံပါကြီးနဲ့ မေးတာကို “ဟင့်ဟင့်… ရှိပါ့တော်” လို့  မျက်ရည်တွေ ပလုံးပထွေးနဲ့ ပြောတော့ ကျွန်မတို့  တအိမ်လုံး ငိုအားထက် ရယ်အား သန်ခဲ့ရပါတယ်။
တန်ခူးတို့ များ လက်ပံခေါက်ဟင်းအကြောင်းရေးတာ နိဒါန်းပျိုးတာ ရှည်လိုက်တာလို့  မထင်ပါနဲ့ ရှင်။ အခုကျွန်မချက်တဲ့ လက်ပံခေါက်တွေက ခုန ကျွန်မအဖေမေးတဲ့ ရွာက လက်ပံပင်ကြီးအောက်မှာ ကျွန်မအဒေါ်အပျိုကြီး ဒေါ်ခင်ဥကိုယ်တိုင် ကောက် အခြောက်လှမ်းပြီး ကျွန်မနေထိုင်တဲ့ ဒီနိုင်ငံရောက်အောင် ပို့ လိုက်လို့ ပါပဲ။ နီရဲရဲလက်ပံပွင့်လေးတွေက အပင်ပေါ်မှာ အရမ်းလှသလို ကြွေကျလာတော့လဲ လှသွေးကြွနေတုန်းပါပဲ။ ဒီလက်ပံပွင့်လေးတွေကို ဘာလို့ ကောက်ကြတာလဲဆိုတော့ ခရေပွင့်ကောက်သလို၊ ဆိတ်ဖလူးပန်းလေးတွေ ကောက်သလို အလှအတွက် သက်သက်မဟုတ်ပါဘူး။ လက်ပံပွင့်လေးတွေကို အခြောက်လှမ်းထားရင် နှစ်ပေါက်စားလို့ ရပါတယ်။ လက်ပံပွင့်ခြောက်လေးတွေကို လက်ပံခေါက်လို့  ခေါ်ပါတယ်။ ပွင့်ဖတ်လေးတွေ ကြွေခြောက်သွားပြီး အလယ်က ၀တ်ဆံရှည်ရှည်လေးတွေက တံမြက်စည်းလေးနဲ့ တူတာမို့  ကျွန်မတို့ ငယ်ငယ်က တံမြက်စည်းဟင်းလို့  ပေါက်ပေါက်ရှာရှာ နာမည်ပေးပါသေးတယ်။
လက်ပံခေါက်လေးများ ရှိခဲ့ရင် ချက်ရတာ လွယ်ကူမြန်ဆန်ပြီး ထမင်းမြိန်တဲ့ ဟင်းတခွက်ပါ။ လိုအပ်တဲ့ ပစ္စည်းတွေကတော့ လက်ပံခေါက်၊ ပုန်းရည်၊ ပုဇွန်ခြောက်မှုန့် ၊ ငါးပိ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ ပါပဲ။ ပထမဆုံး လက်ပံခေါက်လေးကို ရေနွေးလေးနဲ့  စိမ်ထားပါ။
လက်ပံခေါက်လေးနူးလောက်တဲ့အခါကျတော့ အသင့်လှီးထားတဲ့ ကြက်သွန်နီ၊ကြက်သွန်ဖြူထည့်၊ ပုဇွန်ခြောက်မှုန့် လေးထည့်၊ ငါးပိလေးပါလေကာထည့် ပြီးတော့ ပုန်းရည်လေးထည့်လိုက်ရုံပါပဲ။ ပုန်းရည်က ပုန်းရည်စိမ့်ထက် ပုန်းရည်ချဉ်ဆို ပိုကောင်းပါတယ်။ ကျွန်မကတော့ နာမည်ကျော် ဇီးကွက်တံဆိပ် ပုန်းရည်စိမ့်မှုန့် နဲ့  ချက်ပါတယ်။
အရည်သောက်ဖြစ်တဲ့အတွက် ဆီကိုလဲ နဲနဲလေးပဲထည့်ပြီးရင် မီးဖိုပေါ်တင်ပြီး လုံးရပါတယ်။ ကြက်သွန်လေးတွေ အတော်နွမ်းလာမှ ရေသင့်ရုံထည့်ပြီး ဆူပွက်အောင် တည်ပါ။ အပေါ့၊အငံလိုသလို မြည်းပြီး ဆားသို့ မဟုတ် ငံပြာရည်ထည့်လို့ ရပါတယ်။ လက်ပံပွင့်လေးတွေ နူးအိလာရင် စားလို့ ရပါပြီ။
ဟင်းလေးက ကျွန်မတို့ အညာသူလေးတွေ အသွေးမလှပေမယ့် အချင်းလှသလို အသွေးမလှပေမယ့် အရသာ ထူးကဲကောင်းမွန်လှပါတယ်။ တွဲဖက်စားလို့  လိုက်ဖက်တဲ့ ဟင်းကတော့ ၀က်သားအိုးကြီးနှပ်နဲ့ ပါ။ ၀က်သားနဲ့ လက်ပံခေါက်ရောချက်လဲ စားလို့ အလွန်ကောင်းပါတယ်။ တကယ်လို့  သက်သက်လွတ်ချက်ချင်ရင် ပုဇွန်ခြောက်မထည့်၊ငါးပိ၊ငံပြာရည် မထည့်ပဲ ချက်လို့ ရပါတယ်။ လက်ပံခေါက်ကိုက အရသာလေးပင်တာမို့  သက်သက်လွတ်ချက်လဲ ထမင်းမြိန်စေပါတယ်။ ဘလော့မိတ်ဆွေတို့  စမ်းကြည့်ချင်ရင် လက်ပံပွင့်လေးတွေကောက် အခြောက်လှမ်း… အဲ… ဟုတ်ပါဘူး… အညာဒေသဘက်မှာ အသိများရှိရင် လက် ပံခေါက်လေးမှာပြီး စမ်းချက်ကြည့်ပါ။ အိမ်နားနီးလို့  စိတ်ဝင်စားတဲ့သူရှိရင် ကျွန်မဆီမှာ လက်ပံခေါက်လေးတွေ ကျန်ပါသေးတယ်။ ဝေမျှပေးလို့ ရပါတယ်။ ကျွန်မတို့  အညာဒေသရဲ့ လက်စွဲဟင်းလေးကို မြည်းစမ်းကြည့်ပါဦး။
တန်ခူး
10:41pm 23-Feb-2010
32 comments:
လုလု said...
လက်ပံခေါက်ဟင်းအရမ်းကြိုက်တယ်နော်
ဘယ်တော့မှ မမုန်းဘူး။ အဲ့ဒီဟင်းကို
Anonymous said...
အင်း.... ဟုတ်ပ..လက်ပံပွင့်ချိန်တောင် ရောက်ပြန်ရော့မယ်။
T T Sweet said...
တန်ခူးတို့ အဒေါ်အပျိုကြီးတွေ အကြောင်းရေးထားတာ သရုပ်ပေါ်ပါ့ပဲ။ မျက်စိထဲကို မြင်တယ်။
အညာသွားတုံးကတော့ သီးစုံချဉ်ရည်ထဲ လက်ပံခေါင်းခြောက်လေးတွေ ထည့်ချက်တာ စားဖူးတယ် တန်ခူးရေ။ အိမ်မှာတော့ အမေက ဈေးက မလွှပွင့်ခြောက်တွေ ၀ယ်လာပြီး မျိုးစုံလုပ်စားတယ်တော့။ မလွှပွင့်ခြောက်ကို သုတ်စားလဲကောင်းတယ်နော်။ ထုတ်ထုတ်လေး။
pandora said...
ကြားတော့ကြားဖူးတယ်
မစားဖူးဘူး
Anonymous said...
အမေ့အိမ်နားမှာ လက်ပံပင်ရှီတယ်။ ဟင်းချက်စားရတယ်မှန်းမသိဘူး။ အိမ်က အညာဘက်နဲ့ အဆက်အစပ် သိပ်မရှိတော့ အညာစာတွေ သိပ်မစားဖူးဘူး။ စားဖူးတဲ့ ဟင်းတစ်မျိုးနှစ်မျိုးပဲရှိတာမှာ အကုန်
ကြိုက်တာချည်းပဲ။ ပြောသာပြောရတာပါ။ မကြိုက်တဲ့အစာ လဲခပ်ရှားရှားကိုး။
း)mm
သက်ဝေ said...
ကြားလဲ မကြားဖူးဘူး...
စားလဲ မစားဖူးဘူး...
(ပန်ပန်နှင့် ခပ်ဆင်ဆင်... တခုခုကို ရည်ရွယ်၍ စကားခေါ်သွားသည်...)
စန္ဒကူး said...
တစ်ကယ်အရမ်းစားဖူးချင်တာ...
အညာမှာလဲအမျိုးလဲမရှိ..အသိလဲမရှိ...
အညာသားတွေမိတ်ဖွဲ့ထားမှ..
အညာဟင်းလေးသွားစားရအောင်
Kaung-ma-lay said...
Sarr chin lite htar!:D
Thant said...
တစ်ခါမှလဲ မစားဖူးဘူး...အထဲက တံမြက်စည်းက စားလို့ကောင်းတာလား..အပေါ်ကအခွံလေးက စားလို့ကောင်းတာလားဟင်..... (နောက်တစ်ယောက်....) :))))
P.Ti said...
စားလို့အင်မတန်ကောင်း။ အမရေးလို့ အမေ့ဟင်းတောင်လွမ်းသွားပြီ...
အိမ်မှာလည်း အဲဒါကို တံမြက်စည်းဟင်းလို့ခေါ်တယ်လေ။ အမေချက်ရင် ခရမ်းသီးပါထည့်ချက်တယ်ထင်တယ်။ မေ့တေ့တေ့တောင်ဖြစ်နေပြီ :(
moezjhon said...
ကလေးဘ၀က အော်ဆိုခဲ့တာ သတိရတယ်.....လက်ပံပွင့်ချိန်.....ခွေးရူးချိန်
Anonymous said...
လာစားပါလို့ ဖိတ်တာ မဟုတ်လားဟင်
ဟုတ်တယ် မဟုတ်လားဟင်
သွယ်ဝိုက်ပြီးမရေးတတ်လို့ လိုချင်တာ ဒဲ့ဒိုးပဲရေးခဲ့တယ်ဗျ :P
Moe Cho Thinn said...
တခါမှ မစားဖူးဘူး။
မမ အဒေါ်အပျိုကြီးတွေကလဲ ဒီတူမလေးကို ချစ်လိုက်ကြတာနော်။ ဟိုးအဝေးကတောင် လက်ပံပွင့်ခြောက်တွေ လှမ်းပို့ရှာတယ်။ စေတနာ မေတ္တာတွေနဲ့မို့ ပိုကောင်းမှာ အမှန်။
ဇွန်မိုးစက် said...
ကြားရုံပဲကြားဖူးတာ၊ တစ်ခါမှ မစားဖူးဘူး။ လက်ပံခေါက်အရည်သောက်လေး မြည်းကြည့်ချင်လိုက်တာနော်။း)
မေဓာဝီ said...
မတန်ခူးရေ
မေတို့အိမ်မှာလဲ ငယ်ငယ်တုန်းက အညာက အမျိုးတွေလာရင် လက်ပံခေါင်းဟင်းနဲ့ ခရမ်းသီးခြောက်က အမြဲပါလာတယ်။ အမုန်းကို စားရတာ။ မေတို့လဲ တံမြက်စည်းဟင်းလို့ ခေါ်တာပဲ။ ငယ်ငယ်တုန်းကတော့ မကြိုက်ဘူးတော့။ စားရလွန်းလို့ မုန်းတာ။ ခရမ်းသီးခြောက်နဲ့ လက်ပံခြောက်ဆို ကြောက်ပြီလို့ အော်ရတဲ့ထိပဲ။ ခု မတန်ခူးပြန်ရေးပြတော့ စားချင်သား။
ငယ်ငယ်က သင်ရတဲ့ လာဟေ့ဒွါး၊ သွားကောက်ချေစို့ ဆိုတဲ့ လက်ပံကောက် ကဗျာလေးတောင် သတိရမိတယ်။
ဗမာပြည်ပြန်တဲ့အခါ မတန်ခူးကို လှမ်းခေါ်လိုက်မယ်။ ဖွားဥတို့ရွာသွားပြီး လက်ပံကောက်ရအောင်နော်။ :)
PAUK said...
မတန်ခူးရေ...
မစားဖူးဘူး...
ချက်ကျွေးပါ..
Anonymous said...
ကြားဖူးတယ်အမ..မစားဖူးဘူး
အရသာက ချဉ်တာလား..ဘယ်လိုအရသာလဲဟင်
sonata-cantata said...
မစားဖူးပါရှင်
ကြိုက်မလား မကြိုက်မလား သိရအောင် စားကြည့်ချင်သား
မြစ်ချေသူ said...
ငယ်ငယ်လေးတုန်းက ကိုယ်တိုင်လိုက်ကောက်ပြီး မိုးတွင်းအတွက် စုဆောင်းခဲ့ရဘူးတယ်။ မိုးတွင်းမှာ ခဏခဏချက်ကျွေးလို့  ငိုမဲ့ မဲ့ဖြစ်ခဲ့ရတယ်။ ခုတော့ လက်ပံခေါက်ဟင်း လို့  ကြားလိုက် မြင်လိုက်တာ နဲ့ အမေ့ကို နာနာကျင်ကျင်လွမ်းမိတယ်။
ဧရာ said...
လက်ပံခေါက်ဟင်းနိဒါန်းကို စိတ်ဝင်စားသွားတယ်။ ရှာ ကြည့်ရဦးမယ်...။
ငြိမ်းမိန်းကလေး said...
ပုန်းရည်ကြီးနဲ့ ချက်လည်း ကြိုက်တယ်။ အမဲသားနဲ့ နူးနေအောင်နှပ်ပြီး ချက်လည်း ကြိုက်တယ်။ မောင်နှမတွေကတော့ အခွံလေးကို ဦးထုပ်၊ အထဲက ၀တ်ဆံကို တံမျက်စည်းဆိုပြီး စားရင်းဆော့ကြတာ။ ပြောရင်း သွားရေတောင်ကျလာပြီ။
အိမ့်ချမ်းမြေ့ said...
ဆန်းလိုက်တာ..မ
မနေခဲ့ဖူးပေမယ့် အလည်ရောက်ဖူးတဲ့ အညာကို လွမ်းတယ်..
တြိရတနာ said...
ဟုတ်တာပ ဟုတ်တယ်ဗျို. သဘောကျသဗျာ
ခွန်မြလှိုင် said...
ဝက်သား ပုန်းရည်ကြီးဟင်းထဲ လက်ပံခေါင်း (ညီမတို့ ဘက်မှာ လက်ပံခေါက်လို့ မခေါ်ဘဲ လက်ပံခေါင်းလို့ ခေါ်တယ် လက်ပံပွင့်ရဲ့ ခေါင်းပိုင်း၊ ဦးထုပ်မို့ တင်စား ခေါ်တယ် ထင်ပါတယ်) ထည့်ချက်ပြီ ဆိုရင် ၀က်သားကို ဘယ်သူမှ မစားတော့ဘူး လက်ပံခေါင်းပဲ လုတော့တာ။ ၀က်သားရဲ့ အရသာက လက်ပံခေါင်းထဲ ၀င်သွားပြီး ၀က်သားဖတ်ထက် လက်ပံခေါင်းက ပိုနူးညံ့ပြီး ၀ါးလို့ ကောင်းတယ်လေ။ ၀က်သားပုန်းရည်ကြီး လက်ပံခေါင်းရောချက်တဲ့ဟင်းရယ် မန်ကျည်းရွက်နု သနပ်ရွက်နု ဥသျှစ်ရွက် ရောထားတဲ့ ချဉ်ဟင်းရယ် ငရုတ်သီးဆားထောင်းနဲ့ ဝေရာရွက်ပြုတ်လေးရယ် ဒညင်းသီးပြုတ် ပြားအောင်ထုပြီး နှမ်းဆီလေးစိမ် ဆားလေးဖြူးရယ် ... အညာမြေနဲ့ တမာလေ မွှေးမွှေးလေးရယ်... လွမ်းလိုက်တာ အမတန်ခူးရယ်...
မောင်မျိုး said...
မစားဖူးဘူး မြင်တော့မြင်ဖူးတယ် ။လက်ပံပွင့်ကောက် အရောက်လာမယ်ဆိုတဲ့ သီချင်းလေးတောင် သွားသတိရမိတယ် ။
nu-san said...
မစားဖူးဘူးမရေ.. လက်ပံခြောက်ကို အခုဓာတ်ပုံထဲမှပဲ မြင်ဖူးတော့တယ်.. စင်ကာပူလာလည်ရင် ချက်ကျွေးနော်..နော်.. (သိသိသာသာကြီးကို စကားခေါ်သွားပါတယ်.. :D)
Anonymous said...
"ဟင်းလေးက ကျွန်မတို့ အညာသူလေးတွေ အသွေးမလှပေမယ့် အချင်းလှသလို အသွေးမလှပေမယ့် အရသာ ထူးကဲကောင်းမွန်လှပါတယ်။"
ဒီအဆိုကို လက်မခံဘူး အမ။ "အလှက ကြည့်တဲ့သူရဲ့ မျက်စိထဲမှာ" ဆိုတဲ့ သိုးဆောင်းစကားပုံလည်း ရှိသားပဲ။ ကျွန်တော်ကတော့ အညာသူတွေထဲမှာ လည်း ကျက်သရေရှိရှိ လှတဲ့သူတွေ အများကြီးပဲလို့ မြင်တယ်။ ကိုယ့်ငါးချဉ် ကိုယ်ချဉ်ပြီး ဥပမာပေးရရင် ကျွန်တော့် အမေနဲ့ အဘွား၊ နှစ်ယောက်စလုံး ဗမာစစ်စစ် အညာသူချည်းပဲ။ ဟီး။
Anonymous said...
We can buy it in Golden Miles in S'pore. Only the dried stem, no dried petal, will be seen in transparent plastic packs. It can be cooked as part of the mixed vegetables sour soup. VERY GOOD.
Shan Noodle
Anonymous said...
r u still alive in there?????
MN
ရွှေပြည်သူ (ShwePyiThu) said...
တစ်ခါမှ မစားဖူးဘူး အစ်မ။ ဒါပေမယ့် အစ်မရေးထားတာ ဖတ်ပြီး စားချင်လာမိတယ် အစ်မတန်ခူးရယ်...။
သက်ဝေ said...
Happy Birthday ပါ ချစ်သော တန်ခူးရေ...
ပျောက်နေတာလဲ အရမ်းကြာနေပြီ...
စာတကြောင်း နှစ်ကြောင်းလောက် ရေးလှည့်ပါ...
လွမ်းနေတယ်...
sonata-cantata said...
လတန်ခူးပေမို့
အလှထူးပါတဲ့
လေနုအေးရယ်နဲ့
ဘေလာ့ဂ္ဂါ
...
ပေါ်မလာ
မျှော်ရှာသူ
ဘ၀င်နွမ်းလှချည့်
လွမ်းလုလုငေး။ ။
(စာနဲ့ပေနဲ့ခေါ်တာ ထွက်လာအောင်လို့)