Monday, January 11, 2010

ထမင်းကြမ်း ယပ်ခတ်မစားတတ်သူများ

ကျွန်မတို့ အိမ်ဘေးမှာ လမ်းမဘက်ကို သွားလို့ ရတဲ့ ဖြတ်လမ်းလေး တခုရှိတယ်။ ကျွန်မတို့ အိမ်ဘေးက ဦးလေးကြီးက မနက်ဆို အဲဒီလမ်းကလေးက အမှိုက်တွေ စိတ်ရှည်လက်ရှည် တံမြက်လှည်း၊ ပြီးတော့ အမှိုက်တွေ မီးရှို့… သူများရှင်းပြီးသွားရင် ဖြတ်လမ်းလေးက ရှင်းသန့် ပြီး လျှောက်လှမ်းချင်စရာ။ သူက ဘယ်သူ့ ကိုမှလဲ အဖော်လုပ်မနေဘူး… သူနိုင်သလောက်ရှင်းတယ်… ဘယ်သူ့ မှလဲ အဲဒီလမ်းကို သူရှင်းထားတာပါဆို ဂုဏ်ဖော်ပြီး မပြောနေတတ်ဘူး။ သူရှင်းတဲ့အချိန်က မနက်စောစောမို့  တချို့ ဆို သူရှင်းလို့ ရှင်းမှန်းတောင် မသိဘူး။ ကျွန်မတို့ အိမ်က ကပ်လျက်ဆိုတော့ သူရှင်းတာတွေ့ တိုင်း သူ့ ကို ကျေးဇူးတင်မိတယ်။ ကျွန်မအဖေနဲ့ အမေက သူတို့ အားရင် အားသလို သူနဲ့ ဝိုင်းကူရှင်းပေးတတ်တယ်။ တကယ်တော့ သူ့ အသက်က ၇၀ ကျော် ၈၀ နားနီးနေပါပြီ။ သူ့  ဘာသာ အိမ်မှာ နေတတ်သလို နေနေရင်လဲ ဖြစ်ပါလျက်နဲ့  အများအကျိုးအတွက် လုပ်ပေးနေတာပါ။ မနက်စောစောမှာ သူယူလိုက်တဲ့ ကုသိုလ်လေးက သူ့ အတွက် ဘယ်လောက်များ စိတ်ကြည်နူးစရာကောင်းလိုက်ပါသလဲ။ ဒါပေမယ့်လေ… တချို့ လူတွေက အခက်သားလား။ ဦးလေးကြီး ပိုက်ဆံတပြားမှ မရပဲ စေတနာသက်သက်နဲ့  ရှင်းပေးတာကို ဟိုလိုဖြစ်သလေး… ဒီလိုဖြစ်သလေး ဝေဖန်ကြသေးတယ်။ တခါတလေ နေထိုင်မကောင်းလို့  ကျွန်မအဖေနဲ့ အမေကလဲ အလုပ်များနေလို့  အမှိုက်ကလေးများရှုပ်နေတာမျိုးတွေ့ ရင် ကုသိုလ်ဖြစ်လုပ်တဲ့ ဦးလေးကြီးကပဲ တာဝန်မကျေသလို မြည်တွန်တောက်တီး တတ်သေးတယ်။ အမှိုက်ပုံလေးသိပ်မရှိလို့  နောက်နေ့ မှ ပေါင်းမီးရှို့ဖို့ ထားတာများတွေ့ ရင် လမ်းဘေးမှာ ဘယ်သူက အမှိုက်ပုံသွားလဲဆို ဝေဖန်ရှံ့ ချတတ်သေးတယ်။ မခက်လား… ကိုယ်တောင်မှ မလုပ်နိုင်တဲ့အလုပ်ကို သူ့ ဘာသာ နေနေရင်လဲ ရပါလျက် အပင်ပန်းခံ လုပ်နေသူကို အားပေးချီးမြှောက်စကား မဆိုတဲ့ အပြင် ပြစ်တင်ဝေဖန်ပစ်လိုက်တာ ဘယ်လောက်များ ရုပ်ဆိုးလိုက်တဲ့ အဖြစ်လဲနော်။

ဘာရယ်မဟုတ်ပါဘူး။ အဲဒီဦးလေးကြီးနဲ့  အခြေခံအားဖြင့်တူတဲ့ စေတနာရှင်တွေကို စဉ်းစားမိတယ်။ ဟိုတလောက စာပေဟောပြောပွဲသွားတော့ စေတနာရှင် စာရေးဆရာကြီး ၃ယောက်ပေးတဲ့ စေတနာတွေ တပွေ့ တပိုက်နဲ့  ပြန်လာရတာ ၁၅ဒေါ်လာထဲ ပေးရတာတောင် အားနာမိတယ်။ အထူးသဖြင့်…. ဆရာနေ၀င်းမြင့်။ ဆရာက အနာနဲ့ ဆေး တန်းတည့်အောင်ပေးတတ်လွန်းတဲ့ ဆရာဝန်ကြီးတယောက်လိုပါပဲ။ ရုပ်ဝတ္ထုတွေနောက် ကောက်ကောက်ပါအောင်လိုက်နေကြတဲ့ တခါသုံးလူနေမှုစံနစ်တဲ့။ အကျိုးရှိလွန်းတဲ့ အကြောင်းအရာ ရွေးခြယ်မှုနဲ့ အကွက်စိ ထောင့်စိအောင် ဟောတတ်လွန်းတဲ့ ဆရာရဲ့ စေတနာ။ ကျွန်မက ဆရာကို တိတ်တိတ်ကလေး နာမည်ပေးထားတာက မြန်မာdictionaryကြီးလို့ ပါ။ ကြွယ်ဝလိုက်တဲ့ မြန်မာဝေါဟာရ၊ ချမ်းသာလိုက်တဲ့ မြန်မာ့ယဉ်ကျေးမှု၊ ပေါများလိုက်တဲ့ မြန်မာပီသမှု… ရှေးကဆရာ၊ဆရာမတွေ စာကိုမက စိတ်ကိုပါသင်သတဲ့။ ဆရာက တွေ့ နေမြင်နေတဲ့ လူမှုရေးစနစ်ထဲက အမှိုက်တွေကို ရှင်းပေးချင်တဲ့ စေတနာရှင်။ စိတ်ထဲက ဆရာ့ကို ကြည်ညိုလွန်းလို့  ထပ်ခါထပ်ခါ ရှိခိုးမိနေတဲ့ အထိပါ။

ထမင်းကြမ်းလေးပဲ အေးအေးဆေးဆေး ယပ်ခတ်စားပါရစေတဲ့။ မကြာခဏကြားရတဲ့ စကားပါ။ အေးအေးလူလူလေးပဲ နေချင်တယ်ပေါ့။ တချို့ စေတနာရှင်တွေ အများအကျိုးသယ်ပိုးသူတွေကတော့ ကိုယ်က ထမင်းကြမ်းကို ယပ်ခတ်စားနေတဲ့အခါ ယပ်ခတ်စားဖို့  ထမင်းကြမ်းလေးတောင် မရှိတဲ့သူတွေအတွက်တွေးပြီး သူတို့ စားမယ့် ထမင်းကြမ်းကို ဝေငှကြတယ်။ ဘယ်လောက်များ မြင့်မြတ်လိုက်တဲ့ စေတနာတွေလဲနော်။ အထင်ရှားဆုံး ဥပမာပြရရင်တော့ ကျွန်မကြည်ညိုတဲ့ မင်းသားကိုကျော်သူပါ။ သူ့ အခြေအနေ၊ သူ့ ဘ၀က ထမင်းကြမ်းလေး ယပ်ခတ်စားနေနိုင်ပါလျက် ထမင်းကြမ်းမှ မရှိသူတွေအတွက် သူ့ ဘ၀၊ သူ့ အချိန်တွေပုံအပ်ပြီး ပေးဆပ်နေသူ။

တဦးချင်းဆီမှာ သူ့ အခြေအနေနဲ့ သူ ပေးဆပ်နိုင်တဲ့ ပမာဏက မတူကြပေမယ့် သူတို့ နှလုံးသားထဲက စေတနာတွေကို အရင်းခံကြတာပါ။ တချို့ က အများအကျိုးအတွက် ဘ၀ရဲ့ အစိတ်အပိုင်းကို ပေးဆပ်ကြသလို၊ တချို့ က ဘ၀တပိုင်းကိုပေးဆပ်ကြတယ်… တချို့ ကတော့ တဘ၀လုံး ပုံအောပေးဆပ်ကြသူတွေပါ။ သူတို့ ရဲ့ ပေးဆပ်နိုင်မှုကြောင့် တစုံတယောက်ကို စိတ်ဓါတ်ခွန်အားအရဖြစ်စေ၊ ကိုယ်ထိလက်ရောက် ဒုက္ခတွင်းမှ ကယ်ယူလိုက်နိုင်သည်ဖြစ်စေ မြင့်မြတ်တဲ့ နှလုံးသားအောက်ခြေက ထုထည်ကြီးမားလွန်းတဲ့ စေတနာကို အရင်းခံနေတာမို့  စေတနာချမ်းသာလွန်းတဲ့ ထမင်းကြမ်းယပ်ခတ်မစားတတ်သူတွေကို ကျွန်မ ဒီပို့ စ်လေးနဲ့ ဦးညွှတ်လိုက်ပါတယ်။

(ကွယ်လွန်သွားပြီဖြစ်တဲ့ စေတနာချမ်းသာလွန်းတဲ့ အိမ်ဘေးက ဦးလေးကြီးအတွက် အမှတ်တရ…)
တန်ခူး
11:55pm 10-Jan-2010

19 comments:

Maydarwii said...

အမပြောမှ တွေးမိတယ်။
ထမင်းကြမ်းလေး ယပ်ခတ်စားချင်တယ်လို့ ကိုယ်တိုင်လည်း ပြောခဲ့မိပါတယ်။ ကိုယ့်လို ထမင်းကြမ်းတောင် မစားနိုင်သူတွေရဲ့ ဘ၀တွေကို စာနာရမှာကို မစဉ်းစားမိဘူး။
တချို့ကလည်း ပြောတတ်ကြသေးတယ်။ ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွား မကျောင်းနိုင်ဘူးတဲ့။ ကြီးတော်နွားတွေ လွတ်နေတာမြင်ရင်တော့ ကျောင်းသင့်ရင် ကျောင်းပေးရမှာပဲ ထင်တယ်နော်။ တကယ်တော့ တာဝန်သိတဲ့သူမှာ တာဝန်ရှိပါတယ်။ တာဝန်မသိတဲ့သူအတွက်တော့ ဘာတာဝန်မှ မရှိဘူးပေါ့။

မတန်ခူးအိမ်ဘေးက ဦးလေးကြီး အပါအ၀င် ထမင်းကြမ်းယပ်ခတ် မစားတတ်တဲ့သူတွေကို အမနဲ့အတူ ဦးညွှတ်လိုက်ပါတယ်။

khin oo may said...

သက်ပြင်းလေးချသွားသည်။

Kay said...

ခံစားချက် တွေ .. လေးစား မူတွေ တူပါတယ်..မ- ရေ..
တလောကပဲ နေ၀င်းမြင့် စာတချို့ ဖတ်ဖြစ်သေးတယ်။ အနုပညာရသ ပိုင်နိုင်မူ ကတော့.. နေရာတခု သီးသန့်ပါပဲ။
ဒါနဲ့..သားလေး က.. ထူးဆန်းတွေကို စိတ်ဝင်စားတတ်တာ.. သိပ်သဘောကျတယ်..သမန်ကာလျှံကာ.. ကလေးဘာဝ ထက် ပိုတဲ့.. လေးနက် တဲ့ စိတ်ကလေး ကို ကျမတော့.. သဘောကျတယ်.. ( အရင်ပို့စ် ထဲက..ပြောမလို့..ပေါင်းပြောလိုက်တား)

စကားစပ်လို့.. စာပေ ဟောပြောပွဲပုံတချို့မှာ..ဆရာမကြီး ဒေါ်ခင်ဆွေဦး လဲ တွေ့ရတယ်နော်..။ အလည်အပတ် ရောက်နေပီးသား ဆရာမကြီးကို..ဘာလို့များ ပွဲအစီအစဉ်ထဲ မထဲ့ တာလည်းလို့ တွေးနေမိတယ်။ ကျမ တို့ က..ခင်ဆွေဦး စာအုပ်တွေ နဲ့ လူဖြစ်ခဲ့တာလေ..။

PAUK said...

မတန်ခူးပြောမှ သေချာ တွေးမိတော့တယ်။။

ချစ်ကြည်အေး said...

I agree, good post ...:D
I like Kyaw thu too for his moral.

တောင်ပေါ်သား said...

အမရေ စာလေးဖတ်ပြီးတွေးနေမိတယ် ကျေးဇူးပါပဲ သတိတရ ဖြစ်စေတဲ့အတွက် လူကိုလူခြင်း သိတတ်ခြင်းသည် အကောင်းဆုံးဖြစ်ပါလိမ့်မယ်း)


လေးစားလျက်
တောင်ပေါ်သား

rose of sharon said...

ဦးလေးကြီးကိုလေးစားမိပါတယ်....

ထက် said...

မှန်လိုက်တာ မတန်ခူးရေ..
ကိုကျော်သူတို့လဲ ရှားမှ ရှားလူတွေကြောင့် တော်သေးတာပေါ့လို့တွေးမိပါတယ်..
အရေးအသား အတွေးအခေါ် အလွန်ကောင်းတဲ့ပို့စ်ပါပဲ..

ရွှေပြည်သူ said...

အစ်မ တင်စားသွားတာ တအားလှတာပဲ။ “ထမင်းကြမ်း ယပ်ခတ် မစားတတ်သူများ”တဲ့...။ သူတို့တွေမရှိရင် လူ့ဘောင်လောကကြီး ဘယ်လောက်များ အရုပ်ဆိုးသွားလိုက်မလဲနော်...

TNS said...

မတန်ခူးရေ..
ပို့ စ်လေးကို လေးလေးစားစား ရင် နဲ့ ဖတ်သွားပါတယ်..။

P.Ti said...

လူမှုရေးလုပ်ငန်းကို အားသွန်ခွန်စိုက်လုပ်နေကြတဲ့လူတွေ အားလုံးကို ဦးညွှတ်လိုက်ပါတယ်။

စေတနာမပါပဲ ဟန်ဆောင်လုပ်လို့မရတဲ့ အလုပ်ကို လုပ်နေကျလို့ ပိုတောင်လေးစားမိပါသေးတယ်။

Moe Cho Thinn said...

ခုတလော ချိုသင်းလဲ အဲဒီလို လူတွေအကြောင်း တွေး တွေး မိနေတာ..။ သူတို့က အေးအေး ဖာသိဖာသာ နေနိုင်ပါရက်နဲ့ အတ္တကို ကျော်လွှားနိုင်သူတွေမို့ လေးစားချစ်ခင်ရတယ်။ တကယ်ကို အလေးအမြတ် ပြုပါတယ်။

Anonymous said...

By reading from alot of myanmar blogs,

My comment is that alot of myanmar middle aged married women are trying to escape from their married life by writing their dreams juz to escape from their real world and trying to pretend to be noble-mindset but actually they are really not and Run into their family business finally with narrowed minded in their very own real world...

juz comment...

တန်ခူး said...

မေရေ… တာဝန်သိတဲ့သူမှာ တာဝန်ရှိသတဲ့လား… ကောင်းလိုက်တဲ့ ညွှန်းဆိုချက်လေးညီမရယ်….ကျေးဇူးပါညီမရေ…

မမ ရေ… ဘာလို့ သက်ပြင်းချသွားတာလဲ…

ကေရေ… ခံစားချက်တွေ လေးစားမှုတွေ တူတာ အမှန်ပဲနော်.. အမခင်မင်းဇော်စကား ယူသုံးရရင် ရင်ဘတ်တူသူတွေပေါ့… ဟုတ်တယ်ကေရေ… ဆရာနေ၀င်းမြင့်ရဲ့ အနုပညာရသပိုင်နိုင်မှုက အံ့မခန်းပါပဲ…
သားအတွေးအခေါ်တွေက တခါတလေ ထူးဆန်းနေတယ်ကေရေ… ကြီးရင်ဘယ်လိုလာမလဲတော့ မသိဘူးလေ…
ဆရာမဒေါ်ခင်ဆွေဦးကို တွေ့ ရတော့ ကေ တွေးသလို အမလဲ တွေးလိုက်မိသေးတယ်… အမအထင်တော့ ပွဲစီစဉ်သူတွေလဲ နောက်မှ သိလိုက်တာများလားမသိဘူးလို့ …

ပေါက်ရေ… သေချာတွေးပေးတာ ကျေးဇူးပါညီမရယ်…

အမရေ… ကျေးဇူးပါအမရယ်… အကြိုက်ချင်းတွေတူတယ်ဆိုတာ ဟိုတနေ့ က ကတည်းက သိလိုက်တယ်မရေ…

ကိုတောင်ပေါ်သားရေ… ဟုတ်တယ်နော်… လူကိုလူချင်း သိတတ်ခြင်းက အကောင်းဆုံးပါပဲ… ခုလို လာလည်တာကျေးဇူးပါ… နောင်လဲ လာလည်ဖို့ ဖိတ်ခေါ်ပါတယ်…

ညီမရေ… ဒီတခေါက်အိမ်ပြန်တော့ ဦးလေးကြီးလမ်းလေးကြည့်ပြီး ဦးလေးကြီးကို လွမ်းမိတာ အရမ်းပဲ…

ညီမထက်ရေ… ခုလို လာလည်ပြီး တခုတ်တရ ကော်မန့် ပေးတာ ကျေးဇူးပါညီမရေ…

ညီမလေးရွှေပြည်သူရေ… ဟုတ်ပါရဲ့ညီမရယ်… လူ့ ဘောင်လောကကြီးကို မေတ္တာတရားနဲ့ အလှဆင်သူတွေပါ…

ကိုဆူးရေ… ပျောက်လှချည့်လား… ဘလော့ကိုလဲ သွားမရဘူး… မရေးတော့ဘူးလား… အဲဒီလိုမလုပ်ပါနဲ့ နော်… အိမ်ပြောင်းသွားရင်လဲ လိပ်စာအသစ်လေးပေးပါဦး…

ကိုပီတိရေ… စေတနာမပါပဲ တကယ်ကို လုပ်လို့ မရတဲ့အလုပ်ပါ… ကျေးဇူးပါ…

ချိုသင်းရေ… အတ္တကိုကျော်လွှားနိုင်သူတွေ… အမပို့ စ်ခေါင်းစဉ်လေး အဲလိုပြောင်းပေးဖို့ တောင် ကောင်းတယ်နော်…

Anonymousရေ… ကျွန်မရဲ့ စာလေးတပုဒ်ကြောင့် တစုံတယောက်ကို အကျိုးရှိစေလို့ တဲ့ တစုံတယောက်ရင်ထဲ အေးမြငြိမ်းချမ်းသွားစေလိုတဲ့  မျှော်လင့်ချက်ကလွဲရင် တခြားဘာမျှော်လင့်ချက်မှ မရှိဘူးပါဘူး… လူကြားကောင်း ပရိတ်နာရုံသက်သက်တော့ ကျွန်မရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေကို အသုံးမချတတ်ပါဘူး… Anonymousပြောတဲ့ အိမ်ထောင်ရှိလူလတ်ပိုင်း မိန်းမဘလော့ဂါတွေကလဲ ကျွန်မနဲ့ ထပ်တူပဲဖြစ်ကြမှာပါ… ကျွန်မဟာ ကျွန်မမိသားစုကိုယ်ကျိုးလေးသာ ကွက်ကြည့်တတ်သူဆိုရင် ဒီလိုပို့ စ်မျိုးကို လုံလုံလဲလဲရေးရဲမှာ မဟုတ်ပါဘူး… တကယ်လို့  Anonymousက လေနုအေးနဲ့ မစိမ်းဘူးဆိုရင် ကျွန်မရေးတဲ့စာတွေက တဆင့် ကျွန်မဘယ်လိုလူလဲဆိုတာ သိနိုင်မယ်လို့ ထင်ပါတယ်… ခုလို ပွင့်ပွင့်လင်းလင်းကော်မန့် ပေးတာ ကျေးဇူးပါ… တကယ်လို့ များ Anonymousမှာ ဘလော့တခုရှိခဲ့တယ်ဆိုရင်လဲ နာမည်ဖော်ပြီး ကော်မန့် ပေးလို့ ရပါတယ်…. Personal တွေမပါပဲ ကိုယ့်အမြင်သူ့ အမြင်လွတ်လပ်စွာဆွေးနွေးကြတာမျိုးကို ကျွန်မစိတ်မဆိုးတတ်ပါဘူး…

Anonymous said...

… ကျွန်မဟာ ကျွန်မမိသားစုကိုယ်ကျိုးလေးသာ ကွက်ကြည့်တတ်သူဆိုရင် ဒီလိုပို့ စ်မျိုးကို လုံလုံလဲလဲရေးရဲမှာ မဟုတ်ပါဘူး…

ကျွန်မရေးတဲ့စာတွေက တဆင့် ကျွန်မဘယ်လိုလူလဲဆိုတာ .................That's why I said " By reading alot of Blogs..".......

.Personal တွေမပါပဲ ကိုယ့်အမြင်သူ့ အမြင်လွတ်လပ်စွာဆွေးနွေးကြတာမျိုးကို ကျွန်မစိတ်မဆိုးတတ်ပါဘူး…

I sincerely don't really think that It's Not Possible in these Myanmar Blogs Sphere...

U 'll all hate me all your life By saying " SIncere Comments.."...

U all don't honestly have these kinds of Developed-attituded Yet...

Sad to say...

သက်ဝေ said...

တန်ခူးရေ...

ဒီပိုစ့်ကို ဖတ်ပြီးတာကြာပါပြီ... တချို့ Comment တွေဖတ်ပြီး ဘာရေးရမှန်းမသိလို့ လာမရေးဖြစ်တာပါ။
စိတ်ထဲမှာ ရေးထားတာတွေကတော့ ပိုစ့်တခုစာတောင် မကအောင် များနေတာပါ...

စေတနာကောင်းနဲ့ ရေးထားတဲ့ ပိုစ့်လေးမို့ စေတနာတွေကို ထင်ထင်ရှားရှားတွေ့မြင်နေရပါတယ်။

ဘာပဲပြောပြော ကွယ်လွန်သွားပြီဖြစ်တဲ့ ဦးလေးကြီးရဲ့ စေတနာ၊ အဲဒီ ဦးလေးကြီးကို အသိအမှတ်ပြု ပေးတဲ့ တန်ခူးရဲ့စေတနာတွေကြောင့် ပိုစ့်လေးက သိပ်လှနေတာ အမှန်ပါပဲ...

ခွန်မြလှိုင် said...

အများအကျိုး ရွက်သည်ပိုးက ခနိုးခနဲ့ ဆိုကဲ့ရဲ့လဲ မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့

(ရွှေဟင်္သာ ဆရာတော် ဘုရားကြီး)

ဘုရားသော်မှ မနေရ၊ မင်းက ဘာမို့လဲ
(တိပိဋကဓရ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ၀ိစိတ္တသာရာ ဘိဝံသ)
အမတန်ခူးရေ... ကောမန့်တွေ ဖတ်ရင်း ရွတ်ဖြစ် သွားတယ်။

အိမ့်ချမ်းမြေ့ said...

မြေနီလမ်းကလေးတစ်ခုမှာ သူ့အိမ်က အုတ်နီခဲလေးတွေယူလာပြီး တူတစ်ချောင်းနဲ့ ထုပြီး တစ်ယောက်တည်းလမ်းပြင်တတ်တဲ့ ကျောင်းဆရာကြီး တစ်ဦးကို သတိရလိုက်မိတယ်။

မလေး မ စာတွေ လာဖတ်ပေမယ့် ကွန့်မန့်မရေးဖြစ်တာကြာပေါ့။
နေကောင်းလားမ .. သတိရတယ်

ကိုလူထွေး said...

စေတနာချမ်းသာသူဟာ လောကမှာ စိတ်အချမ်းသာဆုံး ဖြစ်မယ် ထင်ပါတယ်။

ပစ္စည်းဥစ္စာ ချမ်းသာခြင်းက ပူလောင်တယ်လေ...

းဝ)