Wednesday, January 6, 2010

ဒဿ၊သားစိုး၊ ဖိုးချစ် နဲ့  သား

သားက သမားရိုးကျ မြင်နေရတာတွေထက် အထူးအဆန်းတွေကိုမှ သဘောကျတတ်တာ အရင်ပို့ စ်တွေမှာ ကျွန်မရေးခဲ့ဘူးပါတယ်။ ဟိုတလောက မြန်မာပြည်ပြန်တော့ သူ့ အဖိုး၊အဖွားတွေနဲ့  တောင်ကြီး၊အင်းလေး၊ ပင်းတယကို ခရီးထွက်ဖြစ်ခဲ့ပါတယ်။ ဒီကျွန်းသေးသေးလေးက မီးခြစ်ဆံဗူးလေးထဲ နေရတဲ့သားအဖို့ ခရီးစဉ်တလျှောက်လုံး စိတ်ဝင်စားစရာတွေ ပြည့်နေခဲ့ပါတယ်။ ဒါပေမယ့် ပင်းတယရောက်တော့ သူ့ စိတ်ဝင်စားမှုက အထွတ်အထိပ်ရောက်သွားခဲ့ပါတယ်။ ပင့်ကူကြီးကို လေးနဲ့ ပစ်နေတဲ့ မင်းသားလေး။ အဲဒီပုံတွေ့ ကတည်းက သားက စကားမပြောနိုင်လောက်အောင် စိတ်ဝင်စားနေခဲ့တာပါ။ ဧည့်လမ်းညွှန်လေးက ပင်းတယသမိုင်းကို ရှင်းပြတော့ သားတိတ်တိတ်လေး နားထောင်နေခဲ့တာ ကျွန်မတို့  မရိပ်မိခဲ့ပါဘူး။ ပင်းတယအပြန် ကားပေါ်လဲရောက်ရော ပင်းတယသမိုင်း ပင့်ကူကြီးနဲ့ မင်းသားလေး ဇာတ်လမ်းကို သူ့ အဒေါ်ကို သူတတ်သလောက် အင်္ဂလိပ်လို ပြန်ပြောပြနေတာ ကြားရမှ ကျွန်မတို့ အားလုံး အံ့သြတကြီးဖြစ်ခဲ့ရပါတယ်။ သားက အဲဒီလို ထူးဆန်းတာတွေဆို အရိုးစွဲအောင် မှတ်ထားတတ်သူပါ။

သူ့ ကို တခါမှ ရုပ်ရှင်မပြဖူးတာကြောင့် ပထမဆုံးအကြိမ်အနေနဲ့  ဟိုတလောဆီက ရုပ်ရှင်ပြကြည့်ပါတယ်။ ဇာတ်ကားလေးက alvin and the chipmunks 2 ပါ။ ချစ်စရာရှဥ့်ကောင်လေးတွေက အပြင်မှာ တကယ်ရှိနေသလား ထင်ရပါတယ်။ ပထမတော့ သားက စိတ်ဝင်စားသလိုလို ရှိပေမယ့် ဘာမှ ထူးဆန်းတာ သိပ်မပါတော့ ပြီးခါနီးလေ ငြီးငွေ့ လာလေဖြစ်လာပါတယ်။ ရုပ်ရှင်ရုံက ထွက်လာတော့ နောက်ဆို ထူးဆန်းတဲ့ကားမှပဲ သားကို ရုပ်ရှင်လိုက်ပြတော့မယ်လို့  ဆုံးဖြတ်မိပါတယ်။

မြန်မာပြည်ပြန်တုန်းက ၀ယ်လာတဲ့ CITY FMအခွေကို ဟိုတနေ့ က အိမ်မှာ ဖွင့်ကြည့်တော့ ပထမဆုံးသီချင်း “အချစ်ရှုံးသမား ဒဿဂီရိ” ကကို မတက်ရပါဘူး။ အကြောင်းက အထူးအဆန်းကြိုက်တဲ့သားက ဒဿကို အရမ်းကို စိတ်ဝင်စားသွားပြီး ထပ်ထပ်ရစ်နေရလို့ ပါ။ ဟိုတနေ့ က ပြတဲ့ရုပ်ရှင်ထက် သားစိုးပြန်ဆန်းသစ်ထားတဲ့ “အချစ်ရှုံးသမား ဒဿဂီရိ” ကို အဆတရာမက ပိုစိတ်ဝင်စားနေတာ ကျွန်မသားစိုးနဲ့ ခင်ရင် ပြေးတောင် ပြလိုက်ချင်ပါသေးတယ်။ တကယ်တော့ သားစိုး နဲ့  ဖိုးချစ်ကို ပထမ CITY FMအခွေ ရွှေအိုးစည် ကတည်းက သားက စွဲလန်းသွားခဲ့တာပါ။ “ဟေ့..ဖိုးချစ်ရေ.. ဟေ့… သားစိုးလား” ဆိုတာ ပါးစပ်က အချိန်ပြည့်ဆိုလိုက် ဖိုးချစ် က သလို က လိုက်နဲ့ ပေါ့။ ဒီနှစ်အခွေမှာလဲ သားစိုးရဲ့ ဒဿဂီရိက ကျွန်မသားနဲ့ တင် ပေါက်သွားပါပြီ။

စလာကတည်းက ထူးဆန်းတဲ့ အ၀တ်အစားနဲ့  ခေါင်းက ဦးထုပ်ကလဲ အလွန် ထူးဆန်းတာကြောင့် ဒဿကို အသက်မရှုပဲကြည့်နေခဲ့တာပါ။ မယ်သီတာက မနှစ်သက်တာလဲ သူနားမလည်နိုင်ပါဘူး။ ပြီးတော့ ရာမမင်းသားလေး ရွှေသမင်ဖမ်းတာလဲ ပါလိုက်သေးတာကို။ ဒဿကို ဆယ်ကိုယ်ခွဲပြတော့ စိတ်ဝင်စားမှုက အကြီးအကျယ် ရေချိန်တက်လာသလို ကျွန်မကို မေးခွန်းတွေ ဆက်တိုက်လာတော့တာပါပဲ။ “မေမေ ဒဿကို ဘာလို့ မယ်သီတာက မချစ်တာလဲ ”… “ဒဿက ဘာလို့ ဆယ်ကိုယ်ခွဲနိုင်တာလဲ”… “ရာမက ဘာလို့  သမင်လေးကို လိုက်နေတာလဲ”။ မဖြစ်တော့ဘူးဆိုပြီး ဒဿဂီရိ ဇာတ်လမ်းကို တတ်သလောက် မှတ်သလောက် အစကနေ အဆုံးထိ ရှင်းပြရပါတယ်။

အဲဒီမှာ ခက်တာက အကော်ဒီယံအုန်းကျော်သီချင်းကို သားစိုးက ပြန်လည်ဆန်းသစ် remixလုပ်လိုက်တော့ ဒဿကို ပိုရုပ်လုံးကြွလာခဲ့တာပါပဲ။ သားက အဲဒီသီချင်းကို အရင်ခံစားလိုက်ပြီးမှ ကျွန်မပြောတဲ့ ဇာတ်လမ်းကို နားထောင်တာမို့  ဒဿဘက်က ဖြစ်နေတာ တွေ့ ရပါတယ်။ မယ်သီတာက ဘာကြောင့်မချစ်ရတာလဲဆိုတဲ့ ဒဿကို ဂရုဏာသက်တဲ့ မေးခွန်းမျိုးမေးလာတော့ ကျွန်မမှာ ဘယ်လိုရှင်းပြရမယ် မသိတော့ပါဘူး။ သူ့ အဖေကတော့ ဒါမျိုးက ဖြေရခက်တယ်သားရဲ့လို့  ဝေေ၀၀ါးဝါးကြီးလုပ်ကြည့်ပါသေးတယ်။ သားက စိတ်မလျော့ပါဘူး။ ကျွန်မမယ် ဆရာချစ်ဦးညိုသာ ပြေးခေါ်ချင်စိတ်တောင် ပေါက်မိပါတယ်။

နောက်ဆုံး အကောင်းဆုံးအဖြေဖြစ်အောင် သားကို ရှင်းပြရပါတယ်။ မယ်သီတာဘက်က ခံစားရင် ဘယ်လို ခံစားရမလဲ၊ ရာမမင်းသားဘက်က ခံစားရင် ဘယ်လို ခံစားရမလဲ၊ ဒဿဂီရိမင်းသားဘက်က ခံစားရင် ဘယ်လိုခံစားရမလဲ။ သားနှလုံးသားသန်ရာ ခံစားစေတော့ပေါ့။ အဲဒီလို ရှင်းပြတော့ သားက ဘာမှ ပြန်မပြောပဲ အကြာကြီး စဉ်းစားနေပါတယ်။ နောက်တော့မှ “ဒဿသနားပါတယ်နော်မေမေ” လို့  တခွန်းထဲပြောပြီး ငူငူငိုင်ငိုင်လေး ဖြစ်သွားပါတယ်။ အဲဒီမှာ ဟိုတလောက စာပေဟောပြောပွဲမှာ ဆရာချစ်ဦးညိုဟောသွားတာတဲ့ အနုပညာပေးဝေသူနဲ့  ရယူခံစားသူဆိုတာလေး သွာ်းသတိရမိပါတယ်။ အကော်ဒီယံအုန်းကျော်၊ သားစိုး၊ ဖိုးချစ်နဲ့  Jennyတို့ ပေးဝေတဲ့ အနုပညာကို သားက အပြည့်အ၀ ခံစားပြီးနောက် ဒဿကို သူ့ နှလုံးသားနုနုလေးနဲ့  သနားတတ်သွားတာကိုပါပဲ။ ကျွန်မလဲ ဒီအတိုင်းလေး ထားလိုက်ပါတော့တယ်။ သနားပါစေတော့ရယ်လို့ ။

တန်ခူး
5:43pm 06-Jan-2010

23 comments:

:P said...

ညီမတို့ငယ်ငယ်က (သားလောက်တော့မငယ်ဘူး )
၃ တန်းလောက်က ချစ်ဦးညိုရဲ့ "လကာင်္ဒီပ ချစ်သူ"ရုပ်ပြကာတွန်းအထူကြီးဖတ်တော့လည်း ဒဿဂီရိကိုပဲ သနားသွားမိတယ်။ စိတ်ထဲမှာ ရာမက မင်းသားမဟုတ်ပဲ ဒဿက မင်းသားလိုဖြစ်သွားတယ်

Anonymous said...

ဒဿ သနားပါတယ်

ATN said...

စာနာတတ်တဲ့ နှလုံးသားက သားမှာ ရှိနေတာကိုး...

P.Ti said...

အမသားက အနုပညာခံစားချက်ရှိပုံပဲ... ကြီးလာတော့မှ နှစ်ကျပ်ခွဲ တို့ ဘာလို့ ၀ယ်ပေးရဖို့ ပြင်ထားပေါ့ :P

Rita said...

ကလေးတွေဟာ ပထမဆုံး လွှမ်းမိုးခံတာကို မကျော်လွန်နိုင်ဘူး ပြောရင်ရမလား စဉ်းစားမိပါတယ်။

ဒါပေမဲ့ အဲဒါ ကလေးတွေတင် မဟုတ်လောက်ဘူး ထင်တယ်။

မေဓာဝီ said...

အနုပညာရဲ့ လွှမ်းမိုးမှုပဲပေါ့ နော်။ ဆရာချစ်ဦးညိုရဲ့ လင်္ကာဒီပ ချစ်သူက ဗီလိန် (ဒသဂီရိ) ကို မင်းသားနေရာကနေ ရေးသွားတယ်။ ဗိုလ်အောင်ဒင်လဲ ဒီလိုပဲ ဗီလိန်ကို မင်းသားဖြစ်အောင် ရိုက်ခဲ့တာပဲ။ ဒါပေမဲ့ တင်ပြပုံချင်း မတူဘူး။ လင်္ကာဒီပချစ်သူ ဖတ်တုန်းက ဒသဂီရိ ကို ခံစားလို့မရဘူး။ ဘီလူးဆိုတဲ့ အစွဲက စိတ်ထဲရှိနေတာကိုး။

ဗိုလ်အောင်ဒင်ကြည့်တော့ ဗိုလ်အောင်ဒင်ကို သနားခဲ့မိတယ်။ လက်ကိုင်ပုဝါရွေးတဲ့ အခန်းမှာ ဗိုလ်အောင်ဒင်ပဲ နိုင်စေချင်တာ။ အဲဒီရုပ်ရှင်ကို ရွှေဒုံးဘီအောင် ရိုက်တော့ ရာမဇာတ်ကိုပဲ အခြေခံခဲ့တာလို့ အဖေပြောပြဖူးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တကယ်တမ်းကတော့ မကောင်းတဲ့သူ ကောင်းတဲ့သူ ခွဲခြားသိဖို့ လိုတယ် ထင်တာပဲ။ ဒါကြောင့် ကလေးတွေအတွက် ပုံပြင်လေးတွေမှာ လူမိုက်နဲ့ လူကောင်းကို သေချာ ခွဲခြားပြကြတာ ထင်ပါရဲ့။ မဟုတ်ရင် ကလေးတွေ အမှတ်မှားကုန်မှာနော်။

မီယာ said...

သားက ခံစားတတ်နေပြီပဲ .... ကလေးတွေရဲ့ တုန့်ပြန်မှုနဲ့ အကျင့်စရိုက်တွေက စိတ်ဝင်စား စရာ ကောင်းတယ် နော် အမ... Avatar သွားပြပါလား လူကြီးတွေတောင် ရင်သပ်ရှုမောနဲ့ ကြည့်ရတာ

Anonymous said...

give me a link of that music site..
thanks

မေဓာဝီ said...

you tube မှာ ရှာကြည့်လိုက်တာ တွေ့တယ်။
ခုမှကြည့်ဖူးတော့တယ်။ သားသားကြိုက်မယ်ဆိုလဲ ကြိုက်ချင်စရာ :P

http://www.youtube.com/watch?v=uJrRU0MzTJs

အဲဒီလင့်ခ်မှာ ကြည့်လို့ရတယ်။

ကိုပေါ said...

တန်ခူးသားက မြန်မာသွေးပီပီ မြန်မာတွေရဲ့ အနုပညာတွေကို နှစ်သက်တာဖြစ်မယ်။

အိမ်က သမီးကတော့ မြန်မာအစားအသောက်ကို ရေရေလည်လည် အားပေးတယ်။ လက်ဖက်သုတ်၊ ငပိချက်၊ ငပိကြော်၊ ငါးခြောက်ငါးခြမ်း၊ ဒညင်းသီးပါမကျန် စားတယ်။

Anonymous said...

Happy New Year, ama yay..


Myatnoe

Sonata Cantata said...

ရေချမ်းနဲ့ ရေစင်လည်း ကြိုက်တယ်...
ကျမကို ချစ်တာ ဘယ်သူလဲ...
ငါဘဲ...ငါဘဲ

ဆိုတာကို သူတို့က အပိုစာသားတွေပါ ထည့်ဆိုကြသေးတာ...

tg.nwai said...

အဲဒီသီချင်းလေးက တော်တော်မြူးပါတယ်.. ကလေးတွေကလည်း သားစိုးတို့ ဖိုးချစ်တို့ကို ကြိုက်ကြတယ်.. ဘယ်ခေတ်မှာပဲ အနုပညာရဲ့ သက်ရောက်မှုကတော့ ကြီးမားခဲ့တာပဲနော်.. သားလေးကလည်း ဒဿမှာ သူသဘောကျတဲ့ အစွမ်းတွေရှိရက်နဲ့ သီတာက ဘာလို့ ပြန်မကြိုက်တာလဲဆိုတာ နားမလည်တာထင်တယ် ဟဲဟဲ.. သားလေးက စိတ်သဘောထား နုးညံ့တဲ့ ကလေးလေးပဲနော်..

သက်ဝေ said...

ဒဿ သနားပါတယ်နော် မေမေ တဲ့လား...
သားလေးက စိတ်ထားလေး နူးညံ့ပုံပေါ်တယ်... ချစ်စရာ...

ကိုယ်ကတော့ အဲဒီသီချင်းကို
အင်း... ကြိုးစားပြီး ခံစားကြည့်နေတုန်းပါပဲ....
(Remix ကို ပြောတာနော်...)

Anonymous said...

အင်း ဟုတ်တယ် မမီယာပြောသလို သူ့ကို Avatar ပြသင့်တယ်။
သူ့လက်ခံနိုင်စွမ်းနဲ့ တွေးခေါ်နိုင်စွမ်းတွေ တိုးစေမယ့်ဇာတ်လမ်းပါပဲ။
အဲ့သီချင်းကို ကလေးတွေကြိုက်နေတာကတော့ အဟုတ်ပဲ အန်တီရေ..း)

Taungoo said...

သားသားကို တောင်ငူ မြတ်စောညီနောင် ဘုရားက ခြင်္သေ့လေးကို ပြချင်တယ်။ သူ ဘာပြောမလဲ နားထောင်ရအောင်...

မြင်ဖူးနေကြ ခြသေ့င်္တွေနဲ့ မတူလို့။

PAUK said...

အိမ်က ချန်းချန်းကတော့..
စိုင်းစိုင်းဖန် ။။
စိုင်းစိုင်းဝတ်တဲ့ Nike
အဖြူအတိုင်းဝယ်ပေးရမယ်လို့လည်း ပူဆာတတ်သေးတယ်။။

ရွှေရတုမှတ်တမ်း said...

အဓမ္မ ကို ဓမ္မ လို့ ထင်ကြရင်တော့ ဗမာပြည်မှာ အဓမ္မ ဝါဒီတွေ စိုးမိုးနေဦးမှာပဲ

Anonymous said...

ရွှေရတုမှတ်တမ်းကို ထောက်ခံပါတယ်
ဦးချစ်ဦးညို စာအုပ်ထွက်တုန်းက ဝေဖန်ရေးတစ်ခုမှာ ပါတယ် နောင်ဆိုရင် ဒေ၀ဒတ်ဘက်ကနေပြီးမှရေးနေရင်ဆိုတာ အမှတ်ရမိတယ်

တန်ခူး said...

စင်စင်ရေ… မတွေ့ တာကြာပြီနော်ညီမ… ဟုတ်ပါတယ်ညီမရေ… အနုပညာဖန်တီးသူရဲ့ ရေးဖွဲ့ ပုံပေါ်လိုက်ပြီး ဖန်တီးသူရဲ့ရေးနိုင်စွမ်းပေါ်မူတည်လို့  သူခေါ်ရာနောက်လိုက်သွားတတ်တာ မျက်လှည့်ပြကွက်တခုလိုပါပဲ…

အဲဒါဆို သားသားနဲ့ ဦးဦးရွာသား ခံစားချက်ချင်း တူနေပြီပေါ့…

ကိုအောင်သာငယ်ရေ… သားက ဒဿကို ပြိုင်ပွဲတခုမှာ ရှုံးနိမ့်သွားသူဆို သနားသွားတာ ထင်ပါရဲ့….

သားကြီးလာရင် ဦးဦးပိတီဆီ နှစ်ကျပ်ခွဲသင်တန်းတက်ခိုင်းလိုက်မယ်…

အဲဒီလို တွေးရင်လဲ ရပါတယ်ညီမရေ… အမတို့ တောင် များသောအားဖြင့် ပြန်ဆိုတေးတွေကို မူရင်းအဆိုတော်လောက် မနှစ်သက်မိတာအမှန်ပဲ…

ဟုတ်တယ်မေရေ… အနုပညာရဲ့ လွှမ်းမိုးမှု… မေသုံးပြသွားလေး သိပ်လှပါတယ်… သားကို ရှင်းပြတုန်းက ဗီလိန်ဆိုတာ ပေါ်လွင်အောင် ရှင်းပြပါတယ်… သူ့ ရင်ထဲစွဲသွားတာက သူ့ ကို ဘယ်လိုမှ မချစ်နိုင်သူကို ချစ်မိလို့  ရှူံးနိမ့်သွားတာကိုပဲ ဖြစ်မယ်ထင်တယ်…

ညီမမီယာရေ… သားက avatarကို သိပ်ကြည့်ချင်တာ… ဒါပေမယ့် သူ့ အရွယ်ကြည့်မရသေးလို့ လေ… သူကြိုက်မှာ သေချာတယ်…

Anonymousရေ… အောက်မှာ ညီမမေ ပေးတဲ့linkလေးက ကြည့်ကြည့်ပါနော်…

ဟုတ်တယ်ကိုပေါရေ… အဲလိုပြောရမှာပဲ… မြန်မာဆိုင်းဝိုင်းတို့ ဘာတို့ ဆို သိပ်စိတ်ဝင်စားတယ်… စဉ်းစားနေတာ… ဒီတခါပြန်ရင် ဇာတ်တို့ အငြိမ့်တို့  လိုက်ပြရင် ကောင်းမလားလို့ .. သမီးလေးကို မြန်မာစာတွေ လာစားဖို့ ဖိတ်ဦးမယ်…

ချစ်တဲ့ညီမမြတ်နိုးရေ… same to youပါ… ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေညီမရေ…

မရေ… သူတို့ ခေတ်မို့ ထင်ရဲ့နော်… သားကတော့ စကားမပီတော့ နာပဲ…နာပဲ…နာပဲတဲ့

ဟုတ်ပါတယ် မ ရေ… သီတာက ပြန်မချစ်နိုင်တာကို သူ့ မှာ တနုံ့ နုံ့ နဲ့ ပေါ့… ကလေးတွေ ခေတ်ချင်းတူတော့ အကြိုက်ချင်းတွေ တူကြတာဖြစ်မယ်…

သက်ဝေရေ… အမှန်ပဲ…ကြိုးစားပြီးခံစားရတာနော်…တို့ လဲ အတူတူပဲ…

Cratonရေ… သူ့ လက်ခံနိုင်စွမ်းနဲ့ တွေးခေါ်နိုင်စွမ်းတွေ တိုးမယ့်ဇာတ်လမ်းတွေ ပြဖို့  ဆုံးဖြတ်မိပါတယ်… အကြံပေးတာကျေးဇူးပါတူလေးရေ…

ကိုတောင်ငူရေ… မြတ်စောညီနောင် ရောက်ဖူးတယ်… ဒါပေမယ့်ခြင်္သေ့တော့ မေ့တေ့တေ့…. ဒီတခါသားကို သွားပြဦးမယ်…

သားလဲ စိုင်းစိုင်းကြိုက်တယ် ပေါက်ရေ… အဲဒီလိုင်းကဆို အကုန်ကြိုက်….

ရွှေရတုမှတ်တမ်းရေ… ကျွန်မက မိခင်တယောက်ဖြစ်တာကြောင့် ကိုယ့်ရင်သွေးလေး လမ်းမှားလိုက်မှာတို့ အတွေးအခေါ်မှားတွေ ရသွားမှာတို့  အစိုးရိမ်ဆုံးပါ… ဒီနေရာမှာ အနုပညာဖန်တီးသူရဲ့ လွှမ်းမိုးမှုနောက်ကို အနုပညာခံစားရုံသက်သက် လိုက်ပါသွားတာကို ကျွန်မဆိုလိုချင်တာပါ… ဒါကြောင့်မို့  မိခင်တယောက်အနေနဲ့  ဇာတ်လမ်းအစအဆုံး သားသိသင့်တယ် ထင်လို့  ရှင်းပြခဲ့တာပေါ့… သားအသက်က ငယ်လွန်းသေးတာမို့  သီတာချစ်တာ မခံရတဲ့ ဒဿကို သနားစိတ်လေး ၀င်သွားတဲ့ နှလုံးသားနုနုလေးရဲ့ ခံစားချက်က လွဲရင် တခြားဘာမှ စွန်းထင်းမနေပါဘူး… ခုလို လာလည်တာ ကျေးဇူးပါ…

Anonymousရေ… ကျွန်မရဲ့ point of viewကတော့ ဖန်တီးသူရဲ့ စွမ်းဆောင်နိုင်မှုပါ… ဗီလိန်ကို မင်းသားဖြစ်အောင် အရင်ကမုန်းခံခဲ့ရတဲ့ ဇာတ်ကောင်တယောက်ကို သနားသွားအောင် ခံစားမှု တွေပြောင်းပြန်လှန်အောင် ရေးနိုင်စွမ်းတဲ့ ဖန်တီးသူရဲ့ အနုပညာပြောင်မြောက်မှုသက်သက်ပါ…

မောင်မျိုး said...

သားသားရဲ့ ချစ်စရာအကြောင်းလေးတွေ လာထပ်ဖတ်သွားတယ် အစ်မရေ သားသား လူပျိုပေါက်ဖြစ်တဲ့အခါကျမှ ၄၀ ကျော်နေမယ့် လေးလေးမောင်မျိုးက ဆရာချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူဆိုတဲ့ စာအုပ်လေးပေးဖတ်အုံးမယ် ။

သတိရလျှက်
မောင်မျိုး

ခွန်မြလှိုင် said...

အင်း အမ သားသားလဲ ဒဿဂီရိ ကို သနားသကိုးးးး ဒါထက် ဂွစာမက ဘယ်သူ့ကို သနားလဲ သိလား

Moe Cho Thinn said...

အမပြောတဲ့ အနုပညာဖမ်းစားမှုကို နားလည်မိပါတယ်။ ဒါပေမဲ့ အရွယ်က အကြိုက်တွေကိုလဲ ပြောင်းလဲစေတတ်တယ်လို့ ထင်နေသေးတယ်။ အမ ရှင်းပြတာတွေ သူကြီးလာရင် နားလည်လာမှာပါ။ ကလေးက ငယ်သေးလို့ပါ။
သားသားကို အမြဲချစ်လျက်ပါ။