
(အပေါ်ကပုံကိုသူငယ်ချင်းတယောက်ဆီက အီးမေးလ်နဲ့ ရပါတယ်)
သူငယ်ချင်းတယောက်က အီးမေးပို့ လိုက်တယ် ခရမ်းပြာ။ Youtube video clipလေးကို နှိပ်ကြည့်လိုက်တော့ ငါ့နှလုံးသားတွေ မြင်မကောင်းလောက်အောင် အပိုင်းအပိုင်းအစစ ကြေမွလို့ ။ ငါကြေကွဲတယ်။ငါယူကျူံးမရဖြစ်တယ်။ငါငိုနေမိတယ် ပန်းခရမ်းပြာရေ။
http://www.youtube.com/watch?v=9-80WGzkQog
ဟိုးတုန်းက ညနေခင်းများ
ကြည်ပြာကန်ဘေးမှာ သံစဉ်လှိုင်းခတ်
တေးဖွဲ့ လွင့်ပျံ့ နေတတ်စဉ် ကမ်းမဲ့ပန်းဗေဒါများ
ရေပြင်ပေါ်မှာ မှီရာတည်ရာ စွန့် ခဲ့မျောလို့ နေတော့တယ်
အိပ်မက်ထဲက ခရမ်းပြာ… စိတ်ကူးထဲက ခရမ်းပြာ… ဟိုးရွှေရောင်အတိတ်တွေထဲက ခရမ်းပြာ။ ဝေးခဲ့ရရင်တောင် အဲလောက် တမျှော်တခေါ်ဝေးခဲ့ရလိမ့်မယ်လို့ … အရင်က ငါတကယ်သံသယမရှိခဲ့တာပါ။
ကြွေသွားတဲ့နုပျိုခြင်းများ
လှောင်ရယ်သံကြားမှာမတည်ငြိမ်သေးခဲ့
ငြီးငွေ့ စိတ်ပျက်နေရစဉ် အပြစ်မဲ့အလွမ်းခြေရာများ
နာကျင်နေသူရင်မှာထင်ကျန်
တယုတယထွေးပိုက်နေခဲ့သူ
ငါက အတိတ်မှာ နေထိုင်သူ။ ဒီတော့ နုပျိုခြင်းတွေ ကြွေကြွေသွားတာကို တမင်မသိချင် ယောင်ဆောင်လို့ ။ အဖြူရောင်ဘာသာစကားတွေ ဘယ်သူနားမလည်လည် တကိုယ်တည်း ဆိုညည်းနေမိတယ်။ ခရမ်းပြာရဲ့ ပစ္စုပန်တွေ အဲလောက် အကျည်းတန်ခဲ့လိမ့်မယ်လို့  ဘယ်သူက ရက်ရက်စက်စက် နိမိတ်ဖတ်ခဲ့မလဲကွယ်။ ဘာပဲဖြစ်ဖြစ် ခရမ်းပြာရဲ့ပွင့်ဖတ်တွေ ဘယ်လောက်နွမ်းကြေခြောက်သွေ့ သွားဦးတော့… ငါ့ရင်ထဲ တယုတယ ထွေးပိုက်ထားနေဦးမှာပါ ခရမ်းပြာရယ်။
ဝေးခဲ့ပြီးပန်းခရမ်းပြာရေ
တခါတရံမှာ အိပ်မက်လို
ပင်ညိုညိုရိပ်တွေ
မြမြက်စိမ်းစိမ်းတွေ
ဘယ်ဆီမှာလဲမသိတော့ပါ
ငါ့အတွက် အငြိမ်းချမ်းဆုံး ရင်ခွင်ပါ။ ဒီရင်ခွင်မှာ ငါက ထာဝရ ခိုနားချင်သူ။ ဒါပေမယ့်… ဒါပေမယ့်ခရမ်းပြာရယ်… ငါနဲ့ အကျွမ်းတ၀င်ဖြစ်ခဲ့တဲ့ ပင်ညိုရိပ်တွေ… စိမ်းမြမြမြက်ခင်းလေးတွေ… ခု ဘယ်ရောက်သွားပြီလဲ… ဘယ်ဆီမှာလဲ… ဖြေပါဦးခရမ်းပြာ။ င့ါရင်ခွင်ကို ဘယ်သူက ဓားချွန်ချွန်နဲ့  ခြေမွ ဖျက်ဆီးသွားခဲ့သလဲ။
မျှော်လင့်ချက်မနက်ဖြန်ရက်များ
အဆင်မပြေနိုင်သေးခင်
ယုံကြည်တမ်းတ
အသိစိတ်လမ်းလျောက်နေဖြစ်စဉ်
စခန်းမဲ့နားခိုရာလည်း
ဘယ်ဆီဘယ်မှာရည်ရွယ်ရာကို
ခုထိလက်မလျော့နိုင်ဘူးကွယ်
ဘယ်တော့မှ ချန်မထားရစ်ပါဘူး ခရမ်းပြာ။ ငါ့မျှော်လင့်ချက်တွေက အသက်ပြင်းလွန်းလို့ ပါ။ မဖြစ်နိုင်တာကို ရူးသွပ်သူလို့  လှောင်ရယ်ကြပါစေ… ငါ့ယုံကြည်ချက်တွေက ဘယ်တော့မှ အရည်မပျော်နိုင်အောင် မာခဲနေကြပြီ။ မောပန်းလွန်းလှတဲ့ ဒီခရီးရှည်ကြီးမှာ ခရမ်းပြာမှ အနားမရှိတော့လဲ နားခိုရာရင်ခွင်မဲ့တဲ့ ငှက်ငယ်တကောင်လို ငါ့ဘ၀ပါ။ အတောင်တွေ ညောင်းလဲ ငါပျံသန်းနေဦးမှာ။ ဝေးခဲ့သော်လည်း… ခရမ်းပြာ။ တချိန်မှာ နီးကြရဦးမှာလို့  ငါခေါင်းမာစွာနဲ့  အော်ဟစ်နေတုန်းပဲ…. ချစ်တဲ့ခရမ်းပြာရယ်။
(ခုတလော စိတ်တွေ လေတယ်။ အဲဒီ Video Clip လေးကို ကြည့်မိတော့ ပိုစိတ်လေတယ်။ ချစ်ရတဲ့ ညီမလေး အိမ့်ချမ်းမြေ့က ခုတလောဆိုဖြစ်တဲ့ သီချင်းလေးတွေတဲ့ တက်ဂ်ထားတယ်။ အိမ့်ရေ… ခုတလော အိပ်မက်ထဲက လူတယောက်လို ယောင်ယောင်ဝါးဝါး ဆိုညည်းမိနေတဲ့ သီချင်းက ဝေးခဲ့ပြီ ပန်းခရမ်းပြာတဲ့။ အဲဒီတပုဒ်ထဲကိုပဲ အရူးတယောက်လို ထပ်ပြန်တလဲလဲ ဆိုညည်းမိနေတာပါ။ အိမ့်ကျေနပ်နိုင်ကောင်းပါရဲ့နော်။ ကိုယ်ချစ်တဲ့ ချစ်မမတွေရော ဘာသီချင်းလေးတွေ ဆိုညည်းနေမလဲ သိချင်နေမိတယ်… မမခင်မင်းဇော်၊ မမမေငြိမ်း၊ မမသိဂီင်္၊ မမသီတာ… ပြီးတော့ မမသက်ဝေ)
10 comments:
ဆူနာမီနေ့ ဆရာကန်တော့ပွဲ အခွေထဲမှာ ဆရာမောင်စိန်ဝင်း ကိုယ်တိုင် ဒီကဗျာရွတ်တာ ကြည့်ခဲ့ရတယ်။
အဲလိုမျိုး လွမ်းစရာ ရှိချင်လိုက်တာ လို့ တွေးမိတယ်။
တန်ခူးရေ...
ကိုယ်ကတော့ အဲဒီ Video Clip ကို အစ အဆုံးကြည့်ရလောက်အောင် သတ္တိမကောင်း စိတ်မခိုင်တာကြောင့် တဝက်တပျက်နဲ့ပဲ...
အခုလဲ ဘာပြောရမယ်မှန်း မသိပြန်ဘူး...
သေချာတာကတော့ စိတ်လေနေတာ တန်ခူးတယောက်ထဲမဟုတ်ဖူးလို့သာ မှတ်ယူလိုက်ပါနော်.. အတန်အသင့်တော့ စိတ်သက်သာရာ ရပါလိမ့်မယ်...။
Tag ကိုလဲ ရေးပေးပါ့မယ်...
လောလောဆယ်မှာ အိပ်ချိန်မှအပ အချိန်တော်တော်များများမှာ အခေါက်ခေါက် နားထောင်နေမိတဲ့ သီချင်းတပုဒ်ရှိနေတယ်...
အရင်ရက်ကတည်းက ကြည့်ပြီးစိတ်မကောင်းဖြစ်တာ၊
အဲဒီကျောင်းကမဟုတ်တဲ့ ကိုယ်တောင် ဒီလောက်ခံစားနေရတာလို့၊
အဲဒီမှာ ကျောင်းတက်ခဲ့တဲ့ ချစ်သူစိတ်ထိခိုက်မှာစိုးလို့ တမင်မပြဘူး၊
ရေးပေးမယ် တန်ခူးရေ...
အမခင်မင်းဇော်
ဗွီဒီယို ဝေမျှတဲ့သူကိုရော၊ တန်ခူးကိုရော
အချင်းချင်း သိပြီးသားတွေပေမဲ့ ဒီနေရာမှာ ထုတ်ဖော်ပြောခဲ့ပါရစေ
I love RIT.
We love RIT.
တန်ခူးရေ တဂ်စာ ရေးပြီးပါပြီ
ကျောင်းတုန်းက အိမ်စာသာ အကြွေးထားတား)
RITမှာမတက်ခဲ့ရပေမဲ့ ပတ်သက်ဘူးခဲ့တဲ့ အမှတ်တရတွေ ရှိခဲ့ဘူးတော့....လွမ်းမိသလို၊ စိတ်မကောင်းဖြစ်ရတယ် တန်ခူးရေ။။။
ကျောင်းတံခါးပိတ်၊ စာသင်ခန်းတွေ ပျက်စီး၊ စာအံသံတွေ ဆိတ်သုဉ်းနေရတဲ့ ခေတ်ပျက်ကြီးထဲမှာ သူတို့ဖျက်တိုင်း ကိုယ် မပျက်စီးစေဘဲ အမြဲ ကြိုးစားနေဖို့ ပန်းတိုင် မပျောက်ဖို့ လိုတယ် လို့ ဒီ video clipလေး ကြည့်အပြီးမှာ ပို စဉ်းစားဆင်ခြင်မိတယ် မမရေ..
RIT မှာ မတက်ခဲ့ပေမယ့် video clip ကို ကြည့်ပြီး စိတ်မကောင်းဘူး မမ တန်ခူးရယ်.. :(
ကျောင်းကိုမေလတုန်းကရောက်ခဲ့တယ်..နေခဲ့တဲ့ဆရာမ
အဆောင်က ကိုယ့်ရဲ့အခန်းကိုအလွမ်းပြေကြည့်ခဲ့သေးတယ်။
အခုတော့ ကျောင်းမှာရော. dept မှာရော..ကိုယ်ချစ်တဲ့
သူငယ်ချင်းတွေကမရှိတော့ဘူး။ တစ်ယောက်တစ်နေရာဆီမှာ.
အခုဒီ video clip ကိုကည့်ပြီး ရင်ထဲမှာပိုပြီးခံစားရတယ်
မ....
ပုံကလေးကော၊ ယူကျူ့နဲ့ကော တင်ပေးတာ ကျေးဇူးတင်ပါတယ်။
အရမ်းလွမ်းဆွတ်ပါတယ်။ မြန်မာပြည်မှာ တက္ကသိုလ်ဆိုတာကို ခြေချရုံခြေချဖူးခဲ့တာ နောင်တရတယ်။ အနာဂတ်ကိုသာကြိုမြင်ခဲ့မယ်ဆိုရင် နည်းနည်းတော့ အချိန်တွေကိုဆွဲပြီး နေခဲ့မိမှာပဲ။ ခုတော့လည်း ကိုယ်ရွေးတဲ့လမ်းပေါ်မှာ ဆက်လျှောက်ရင်း...
ပြန်မရနိုင်တဲ့ အရွယ်၊ အချိန် နဲ့ ပင်ညိုညိုရိပ်တွေ
မြမြက်စိမ်းစိမ်းတွေနဲ့
ဗေဒါပင်တွေကို
လွမ်းနေမှာပါ...
Post a Comment