Wednesday, October 7, 2009
မေ့တတ်သူ
သားတို့ ကျောင်းက lost and found ကောင်တာလေးမှာ ခြေအိတ်သေးသေးလေးတွေ၊ ဘောင်းဘီသေးသေးလေးတွေ၊ ကလစ်လေးတွေ တွေ့ တော့ ကျွန်မပြုံးမိပါတယ်။ ကလေးလေးတွေဆိုတော့ ဘယ်ကိုယ့်ပစ္စည်းကို သေချာ ထိန်းသိမ်းတတ်ဦးမလဲ။ ကျွန်မဆို အသက်တော်တော်ကြီး တက္ကသိုလ်ရောက်တဲ့အထိ ပျောက်လို့ ကောင်းနေတုန်းလေ။
ကျွန်မငယ်ငယ် မှတ်မှတ်ရရ ၃တန်းတုန်းကပေါ့။ အမေက ငယ်ငယ်လေး ကတည်းက အောက်က ဘလောက်စ်အဖြူလေးဝတ်၊ ပြီးရင် အပေါ်က အစိမ်းရောင် ဂါဝန်လက်ပြတ်လေး ထပ်ဝတ်… အဲဒါမျိုးလေးဆင်ပါတယ်။ ကျွန်မတို့ ခေတ်တုန်းက ဘယ်ဝတ်စုံဘယ်လိုပုံဆို သတ်မှတ်မထားပါဘူး။ အဖြူအစိမ်းဖြစ်ရင်ပြီးရော… ၆တန်းရောက်မှ ရင်ဖုန်းနဲ့ ထမီဝတ်ရတာပါ။ ၃ တန်းရောက်တော့ သူများတွေ စကတ်ဝတ်တာ အားကျတာနဲ့  အမေ့ကို ပူဆာပါတယ်။ အမေကလဲ အဖြူရောင်လက်ဖောင်းအကျီင်္လေးနဲ့  စကတ်ကားကားအစိမ်းရောင်လေး ၀ယ်ပေးတယ်။ တခါမှ စကတ်မ၀တ်ဖူးတော့ အရမ်းပျော်ရွှင်စွာနဲ့  ၀တ်သွားတာပေါ့။ ပြဿနာက ညနေကျောင်းဆင်းချိန်မှာ စတာပါ။ ညနေကျောင်းဆင်းချိန်ဆို ငုဝါပင်ကြီးအောက် လွယ်အိတ်ကို ပစ်ချ၊ အိမ်က လာမကြိုမချင်း ဆော့တတ်တဲ့ ကျွန်မ… စကတ်ကြီး တခါမှ မ၀တ်ဖူးတော့ စိတ်ထဲ ပြေးရလွှားရတာ မလွတ်လပ်ဖူးဆိုပြီး စကတ်ကိုချွတ် လွယ်အိတ်ပေါ်တင်၊ အောက်ခံဘောင်းဘီလေးနဲ့ အကျီင်္အဖြူလေးနဲ့  အားရပါးရပြေးလွှားဆော့တော့တာပါပဲ။ ဦးလေးလာကြိုတော့ လွယ်အိတ်လေးလွယ် ခပ်တည်တည်နဲ့  လိုက်မလို့  လုပ်တုန်း ဦးလေးက စကတ်ဘယ်မှာလဲဆိုမှ သတိရပါတော့တယ်။ ကျွန်မစကတ်မရှိတော့ပါဘူး။ အဲဒီပုံစံလေးအတိုင်း အိမ်ရောက်အောင်ပြန်ခဲ့ရပါတယ်။ အိမ်ရောက်တော့ စကတ်ဗလာနဲ့ ကျွန်မကို အမေက ဆူပြီး ဒဏ်ပေးတဲ့ အနေနဲ့  ၅တန်းအထိ စကတ်လုံးဝ ၀ယ်မပေးတော့ပါဘူး။ အဲဒီအဖြစ်ကတော့ မေ့တတ်တဲ့ ကျွန်မရာဇ၀င်တွင်တဲ့ အဖြစ်မို့  ဒီနေ့ ထက်ထိ သတိရတိုင်း အမေက ပြန်ပြောပြတတ်ပါတယ်။
သူများတွေများ ငယ်ငယ်လေး ကတည်းက ပစ္စည်းလေးတွေ ထိန်းသိမ်းတတ်လိုက်ကြတာ။ ကျွန်မညီမလေးက အစပါ။ ကျွန်မကတော့ မော့မော့ မော့မော့နဲ့ ။ လသာ၂တုန်းက ညနေကျောင်းဆင်းချိန် မဟာလှေခါးက ကျပ်ကျပ်သပ်သပ် ဆင်းတဲ့အခါ ခဏခဏ ပျောက်တတ်ပါတယ်။ နှစ်ထပ်ကွန်ဗာဘူးလှလှလေး ၀ယ်ပေးလိုက် တနေ့ မခံပါဘူး။ မနက်ကယူသွား ညနေပြန်ပါမလာတော့ဘူးလေ။ ဒါကြောင့် သူများတွေလို စာရေးကိရိယာ လှလှလေးတွေ ကျွန်မဆီမှာ မရှိပါဘူး။ မပျောက်တဲ့ သံကွန်ဗာဘူးပဲ ကိုင်ရပါတယ်။ အရောင်စုံတဲ့ ထီးလှလှလေးလဲ တပတ်လောက်သာခံပြီး ပျောက်တာပါပဲ။ ဒီတော့ မိုးကာအကျီ်နဲ့  စခန်းသွားရတော့တာပေါ့။
မျက်မှန်စတပ်ရတော့ မျက်မှန်နဲ့ မလိုက်တဲ့ ကိုယ့်ရုပ်ကြီး စိတ်ပျက်လွန်းလို့  ကျောက်သင်ပုန်းပေါ်က စာကြည့်ချိန်ကလွဲရင် ကျန်တဲ့အချိန် မတပ်ပါဘူး။ အဖေက အမြဲမတပ်ရင် ပါဝါတိုးမယ်ပြောလဲ အဖေ့ရှေ့ တပ်ပြီး ကွယ်ရာမှာ ဖြုတ်ထားတတ်ပါတယ်။ ရ တန်း စာမေးပွဲ သင်္ချာဖြေပြီးတော့ မျက်မှန်ကြီး စာသင်ခုံထဲမေ့ကျန်ခဲ့တော့ မျက်မှန်မတပ်ပဲနေတာ မိပါလေရော။ စာမေးပွဲတွင်းကြီး ချက်ချင်းမျက်မှန်ပြေးလုပ်ရတာမို့  အဖေအတော်ဒေါသထွက်ခဲ့တာပါ။ အဲဒီလို ခဏခဏပျောက်လဲ ကျွန်မက အမှတ်သညာနဲတုန်းပါပဲ။ RIT ရောက်တော့လဲ ပျောက်ကောင်းတုန်း။ ဒါကြောင့်လဲ သူများတွေ ကျောင်းသားကဒ်ဖြူဖြူလေးကိုင်နေချိန်မှာ ကျွန်မ ကျောင်းသားကဒ်က အညိုရောင်စာရွက်ကြီးပါ။ ပထမတခါ ပျောက်တုန်းက အဖြူရောင်လေးပြန်ပေးပေမယ့် ဒုတိယတကြိမ်ကျတော့ ကျောင်းသားရေးရာက မေ့တတ်လွန်းတဲ့ ကျွန်မကို အညိုရောင် စာရွက်ကြီးနဲ့ သာ တန်တယ်လို့  ဆုံးဖြတ်ချက်ချပြီး ဒဏ်ခတ်ခဲ့တာပေါ့။ အဲဒီအညိုရောင် စာရွက်ကြီးတောင် ထပ်ပျောက်တော့… အင်း… သူတို့ ဆုံးဖြတ်တာမှန်ပါသည်ပေါ့။
တခါမျက်မှန်ပျောက်တာလဲ မမှတ်ပါဘူး။ ဒုတိယနှစ်စာမေးပွဲတွင်းကြီး မျက်မှန်တခါထပ်ပျောက်ပါသေးတယ်။ သတိရတဲ့အချိန်က ညကြီးမှ။ ဘယ်လိုမှ မျက်မှန်ပြန်လုပ်ဖို့  အချိန်မရတော့တာမို့  ညကြီးမင်းကြီး RITကို ပြန်သွားရပါတယ်။ အစောင့်ဦးလေးကြီးကို ရှင်းပြပြီး စာမေးပွဲခန်းထဲ မျက်မှန်ရှာပုံတော်ဖွင့်ရပါတယ်။ ကံကောင်းတော့ မျက်မှန်လေးက ဘယ်မှလျှောက်မသွားပဲ သူ့ သခင်လာခေါ်တာကို စောင့်နေခဲ့ပါတယ်။ ကျွန်မရဲ့ မေ့တတ်တဲ့ ဇာတ်လမ်း အဲဒီမှာ တခန်းရပ်ခဲ့တာပါ။ အဖေဆုံးမတဲ့ စကားကို တသက်လုံးစွဲအောင် မှတ်ခဲ့လို့ ပါပဲ။ “ခဏခဏပြန်ပြန်ဖြစ်တတ်တယ်ဆိုတာ အမှတ်သညာ မထားလို့ … ကိုယ်ကမေ့တတ်ရင် ထ သွား ပြန် ကြည့် အကျင့်ကိုလုပ်… ကျင့်ခါစတော့ ပျောက်နေဦးမှာပဲ… နောက်ပိုင်း အကျင့်ပါသွားတော့ အားစိုက်စရာမလို သူ့ အလိုလို သတိထားမိသွားတာပဲ… ဒီအသက်အရွယ်အထိ သတိတရားမရှိတာ ရှက်ဖို့ ကောင်းတယ်…” ။ အဲဒီနေ့ က မေ့တတ်ပျောက်တတ်တာနဲ့  ပတ်သက်ပြီး စရှက်တတ်တဲ့နေ့ ပါ။ ပြီးတော့ စာကျက်ရမယ့်အချိန်မှာ ပေါ့ဆမှုကြောင့် အချိန်တွေ ဆုံးရှုံးသွားတာလဲ ယူကျူံးမရ နှမျောမိခဲ့တယ်။ အဲဒီနောက် ကျွန်မပစ္စည်းမပျောက်တော့ပါဘူး။
အသက်အရွယ်ငယ်လို့  မထိန်းသိမ်းတတ်တာနဲ့  အသက်အရွယ်ကြီးလို့  မေ့တတ်တာက လွဲရင်.. ကြားအရွယ်မေ့တတ်တဲ့ ရောဂါက ကုစားလို့ ရတာ ကိုယ်တွေ့ ပါ။ ပျက်အစဉ်ပြင်ခဏဆိုသလို ပြင်လိုက်တဲ့နေ့ က မပျက်တော့တဲ့ နေ့ ပါပဲ။ မေ့ချင်ယောင်ဆောင်တာက လွဲလို့ ပေါ့နော်။
(စာကြွင်း: ခုတလော ဘလော့ပေါ်အရောက်အပေါက်နဲနေတာ ခွင့်လွှတ်ပါနော်… မေ့နေလို့ မဟုတ်ပါဘူး… ရင်ထဲမှာ အမြဲရှိနေပါတယ်… အထူးသဖြင့် ဖတ်နေကျ ဘလော့လေးတွေကို အရမ်းလွမ်းမိတယ်… မိတ်ဆွေအသစ်လေးတွေ လာလည်တာတွေ့ ရတော့ ၀မ်းသာမိတယ်… သူတို့ အိမ်လေးတွေလဲ သွားလည်ဖြစ်အောင် လည်ပါမယ်… ခု ရုံးမှာ ပရောဂျက်အသစ်ပြီးသွားတော့ နဲနဲအသက်ရှုပြန်ချောင်နေပါပြီ။ ပုံမှန်ပြန်ရေးဖြစ်အောင် ကြိုးစားပါမယ်… ပြီးတော့… အိမ်ပြောင်းသွားတဲ့မိတ်ဆွေဟောင်းတွေရဲ့ ဘလော့လိပ်စာအသစ်တွေနဲ့  မိတ်ဆွေသစ်တွေရဲ့ ဘလော့လိပ်စာလေးတွေလဲ တင်ပါ့မယ်… နဲနဲဟောင်းနေတဲ့ အင်္ကျီလေးလဲ လဲပါဦးမယ်… လာလည်ကြသူများအားလုံး ကျေးဇူးပါ)
တန်ခူး
10:37am 7-Oct-2009
20 comments:
Rita said...
မေ့တဲ့အကြောင်းရေးတာ တူနေတယ် မမ။
ကျွန်မကတော့ ခုလောလောဆယ် ဖြစ်နေတာ။
မမေ့ခင် လာပြီး comment ရေးလိုက်တယ်။
:D
ရွှေခိုင် said...
အသက်ကလေးက ရလာတော့ မေ့ချင်လာတယ် အမရေ ~ သားထမင်းဗူးထည့်ရမယ့်နေ.မှာ လုံးဝမေ့သွားတယ် . . . ညနေ ဆရာမ စာအုပ်ထဲမှာ note ရေးပေးလိုက်မှ သတိရသွားတယ် . . . သူငယ်ချင်းတွေက တယောက်တမျိုး ဝိုင်းကျွေးကြတယ်တဲ့ . . . ကိုယ်က အမေဆိုတော့ စိတ်မကောင်းဘူးပေါ့ . . . နောက် မမေ့အောင် သတိထားနေရတယ် . . .
Myagreen said...
မေ့တတ်သူ ..When I see this tile, i feel that someone call me. :D
Ko Paw said...
တန်ခူးမေ့တတ်တာကတော့ စံတင်ရပါပေတယ်။ ကျနော်လည်း မေ့တတ်ပေမယ့် အဲသည်လောက်အထိတော့ မဆိုးသေးဘူး။ ထီးကောက်ကြီး ယူသွားပြီး စားသောက်ဆိုင်မှာ မေ့ကျန်နေတာတော့ မကြာခဏဖြစ်တယ်။
Maydarwii said...
ဟုတ်ပါရဲ့ မတန်ခူးက မေ့တတ်လိုက်တာနော်။ :D
မေ လည်း မေ့တတ်ပါတယ်။ စာကျက်ပြီးရင် အခုကျက် အခုမေ့သွားလို့။ အမေကတော့ အဲဒါ အာရုံစူးစိုက်မှုမရှိလို့ ဆိုပြီးပြောတယ်။ တရားထိုင်ခိုင်းတယ်။ အဓိကက သတိရှိဖို့ပဲ လို့ပြောတယ်။ အမြဲ သတိလေးထားရင် မမေ့တော့ဘူးတဲ့။ အမေက သိပ်သတိကောင်းတာ။ ကိုယ်မေ့နေတာတွေ သူ့ကို မေး၊ အကုန်မှတ်မိတယ်။
ကိုယ်က မေ့တတ်တော့ ခဏခဏပြန်ပြန်စစ်နေရတယ်။ ကျောင်းသွားရင် စာအုပ်အကုန် ပါမပါ။ အိမ်သော့၊ ဖုန်း ကျန်မကျန် ပြန်စစ်ရတယ်။ ဒါလည်း မေ့တာပါပဲ။ ကျောင်းပိတ်ရက် ဦးရီးတော်အိမ်ကို ပြန်တုန်းက သူ့အိမ်သော့ ကျန်ခဲ့တာ လမ်းတ၀က် (ရထားပေါ်) ရောက်မှ သတိရလို့ ဦးရီးတော်ခမျာ အလုပ်ထဲကနေ ဖြစ်အောင် စီစဉ်ပေးလိုက်ရသေးတယ်။ အင်း ... မနေ့ကလည်း ကျောင်းမှာ ရေဗူးမေ့ကျန်ခဲ့တာ။ ပြန်မရတော့ဘူး အမှိုက်ပုံးထဲ ရောက်သွားပြီ။ :)
ငယ်ငယ်တုန်းကလည်း ငယ်လို့မေ့၊ ကြီးတော့လည်း ကြီးလို့ မေ့နဲ့ ... ကောင်းပါဘူး သတိတွေက။
Anonymous said...
အမ အဖေပြောတာ မှန်တယ် အမ
ထသွားပြန်ကြည့်တဲ့...
အခုချိန်ထိ ကျနော် အဲလိုပဲလုပ်တယ်။
ကျနော့်ဘဝမှာ မေ့ကျန်ခဲ့တာ အတော်လေးရှားပါတယ်။
ငယ်ငယ်ကတော့ လက်ကိုင်ပုဝါလောက် တော့ ပျောက်ဖူးပါတယ်။
သော့ခတ်လဲ ခတ်ပီးပီဆိုတာနဲ့ တကယ်ပိတ်ရဲ့လား ပြန်စစ်ပီးမှ ထွက်တတ်တယ်။ ဒီနေရာကထသွားပီး ရင် တချက်လေးတော့ ကိုယ့်ပစည်းကို ပြန်စစ်လိုက်ရမှ နေသာထိုင်သာရှိတာ။
ဒါပေမဲ့ ကိုယ်ကြည့်မိတာ ကိုယ့်နေရာပဲ ဖြစ်တတ်တော့ သူငယ်ချင်းဟာတွေဆို သူတို့မေ့နေတာတောင် သတိမထားမိဘူး။ အထူးသဖြင် ရထားပေါ်မျာပေါ့။
အမ သတိပဲ။ အသက်ကြီးလို့ မေ့တာထက် သတိလေး ကိုင်ထားနိုင်ရင် မမေ့နိုင်ဘူးထင်တာပဲ။
SDL said...
ဘလော့ရေးဖို့လည်း မေ့နေဦးမယ် အစ်မ...။
Kay said...
ကြည့်စမ်း..မတန်ခူးဆီ..အေရိုးဘစ် သင်တန်း လာတက်မလို့..စာရင်းပေး လာတာ..မေ့တာတွေ ဖတ်ပြီး..မေ့ပြန်တော့မလို့..း)
မချိုသင်း ရဲ့..ဇမ်ဘာ ကနေ..ဒီဖက် ရွှေ့လာတာ..း)
ရွာသားလေးဝိုင်တီယူ said...
မမြင်တာကြာလို့ မေ့များ သွားပြီလား.....
အမ ဟိုဟာလေ ဟိုဒင်းလေ သတိရပြီဟုတ်..
လူမိုက်ကြီးနဲ့ဆက်သွယ်လိုက်နော်...
သက်ဝေ said...
တန်ခူးပြောသလိုတော့ မမေ့တတ်ဘူး...
တခါတလေတော့ မေ့ချင်ယောင်ဆောင်ဖူးတယ်...
အသက်ကြီးလာလို့ တကယ်ကြီး မေ့တတ်တဲ့သူတယောက် ဖြစ်သွားမှာတော့ ကြောက်တယ်... အဲဒီဆင်ခြေနဲ့ အခု Sudoku ဆော့နေတယ်... :D
တန်ခူးက ဒီပိုစ့်ရေးတော့ အကွက်ချောင်းနေတဲ့သူ တယောက်က ဟိုကိစ္စလေး မမေ့အောင် သတိပေးမလို့ ဆိုပဲ... :P
PAUK said...
ချန်းလဲ အတော်မေ့တတ်တယ်..
သူ့မျက်မှန်လေးဆို ခဏ..ခဏမေ့ကျန်ရစ်တယ်..အိမ်မှာ..
Anonymous said...
ကိုယ့်ထက်မေ့တတ်တဲ့သူရှိသေးတာကိုး တော်ပါသေးရဲ့
ပုံရိပ် / Pon Yate said...
မတန်ခူးရယ် စကပ်မေ့လောက်အောင်ကို ဆော့တယ်လား။ ဖြစ်ရလေ :D။
rose of sharon said...
ငယ်ငယ်တုန်းက တော်တော်အဆော့မက်တာဘဲနော်
pandora said...
ဟဲဟဲ... မတန်ခူးကို မမေ့ဘူး ဆိုတဲ့အကြောင်း သိရအောင် လာရောက်မှတ်တမ်းတင်သွားပါတယ်။
T T Sweet said...
ဟုတ်တယ် ... တန်ခူး ... မေ့တတ်ရင် သေချာ သတိထားရတယ် ... တခုခုဆို ခဏခဏ ပြန်စစ်ရတယ် ... ကိုယ်တွေ့ ...
အဲဒီ RIT မှာပဲပေါ့ ... စတီးထမင်းဘူး ဘဲဥပုံလေး .. သိပ်မက်မောလို့ အမေက ရှိမဲ့စုမဲ့ နဲ့ ၀ယ်ပေးထားတာ ... ပထမဆုံးယူသွားတဲ့ နေ့မှာပဲ မေ့ကျန်ခဲ့တာ ... ဘယ်မှာမေ့မှန်း အစကို ဖော်လို့မရဘူး။ နှမြောလိုက်တာ ... ခုထိမမေ့ဘူး ... တို့မှာ အဲလို ဇာတ်လမ်းတွေ အများကြီး တန်ခူးရ ... အိုး ... ဒီကလဲ မေ့တတ်သူ ...
Anonymous said...
Everyday, I read your blog and waiting your new post.
San
အိမ်ချမ်း said...
မဟာလှေကားဆိုလို့ မေ့နေခဲ့တာလေးအချို့ကို လွမ်းသွားတယ်...
nu-san said...
ကျနော်လည်း အာရုံတအားများပြီး လုပ်စရာအလုပ်တွေ ရှုတ်နေရင် မေ့တတ်တယ်.. ကျနော်ကမေ့ပြီဆို ပိုက်ဆံအိတ်မေ့တာ.. ပိုက်ဆံအိတ်ပျောက်တာ ခဏခဏပေါ့.. အခုတော့ အရမ်းသတိထားရတယ်.. ပိုက်ဆံထက် ကဒ်တွေက အရေးကြီးတော့ အပြင်ထွက်ရင် အဲဒါကိုပဲ အာရုံစိုက်ရတယ်.. :D Blog က သူငယ်ချင်းတွေကို မမေ့အောင် အမဆီ စာခဏခဏပို့ပြီး သတိပေးမယ်နော.်. :)
tg.nwai said...
ဒီနေ့မှပဲ ဒီပို့စ်လာဖတ်မိတယ် တန်ခူးရယ်..ဟဲဟဲ..တို့ ငယ်ငယ်ကတော့ တန်ခူးလောက်တော့ မမေ့တတ်ဘူး။ ကျောင်းသားကတ်ပျောက်တာရော..ရိုးရိုးဟုတ်ရဲ့လား..ဓာတ်ပုံလိုချင်တဲ့သူတွေများ သိမ်းသွားတာလို့ပါ..:)..တို့ကတော့ အခုမှ မေ့တတ်နေတာ...ဒီနေ့ဆို မနက်အစောထွက်ကတည်းက ပျောက်တာ ပိုက်ဆံအိတ်.. သေးသေးကွေးကွေးမို့ ပျောက်တာ တော်သေးရဲ့.. ထည့်စရာများများဆန့်အောင် အိတ်ကပ်တွေ ၅ ခုတောင်ပါတဲ့ အိတ်အကြီးကြီးကို ပျောက်တာ.. ခေါင်းကိုနောက်နေတာပဲ..နောက်တော့ ထည့်နေကျမဟုတ်တဲ့ စားပွဲအံဆွဲထဲ ထည့်ထားမိတာကိုး..အဲဒါကို ပြန်ရှာရတာကလည်း ပိုက်ဆံအိတ်ထဲ ထည့်ထားတဲ့ ဖုန်းကို ပြန်ခေါ်ရတာ...ဖုန်းသံကြားမှ သူ့ ပြန်တွေ့တယ်။ ဖြစ်ချင်တော့ အဲဒီဖုန်းကို ထုတ်ပြီး အံဆွဲထဲမှာ ချန်ထားခဲ့မိပြန်ရော..ရုံးရောက်တော့မှာ ဖုန်းကို ခေါင်းမူးအောင်ရှာရ...မလွယ်ဘူး တန်ခူးရေ..ကြီးမှ အာရုံတွေကများပြီး သတိတွေ လွတ်နေပြီ။