Friday, September 25, 2009

ကျွန်မနဲ့ အားကစား

မနေ့ က ကျွန်မတို့ ရုံးက မိခင်ရုံးနဲ့  အေရိုးဗစ်ပြိုင်ပွဲ လုပ်ဖြစ်တယ်။ ပထမတော့ လုပ်ဖော်ကိုင်ဖက် ကောင်လေးက လူမရှိလို့  ငိုမလို ရယ်မလို အတင်းဆွဲခေါ်တာနဲ့  မလုပ်ဖြစ်တာ အတော်ကြာတဲ့ အေရိုးဗစ်ကို တရက်လောက့် ပြန်မြည်းစမ်းကြည့်ဦးမှဆို ပါသွားခဲ့တာပါ။ နောက်မှ ဒီပြိုင်ပွဲက ရေရှည် ပုံမှန်ပြိုင်ပွဲဆိုတာ သိလိုက်ရတော့ ဆက်လုပ်ရမလို ထွက်ရမလိုနဲ့  အပျင်းရေချိန်တွေ မြင့်သထက်မြင့်လာပါတယ်။ ကျွန်မနဲ့  အားကစား… သူစိမ်းပြင်ပြင် ရှိခဲ့တာ ကြာခဲ့ပြီလေ။

ငယ်ငယ်တုန်းက ငြိမ်ငြိမ်နေရရင် ခေါင်းကိုက်တဲ့ အထဲပါခဲ့တာမို့  အားကစားရယ်လို့  သတ်သတ်မှတ်မှတ် မဟုတ်ပေမယ့် ပြေးလွှားလှုပ်ရှား ဆော့ကစားတဲ့ အချိန်က နေ့ တိုင်းပုံမှန်ဖြစ်နေတတ်ပါတယ်။ ကျောင်းပိတ်ချိန်ဆို တနေတောင်ကုန်ရော။ စဉ်းစားကြည့်တော့ မြန်မာကစားနည်း တော်တော်များများကလဲ လှုပ်ရှားမှုတွေ အများသား။ ထုတ်ဆီးတိုး၊ စိန်ပြေးတမ်း၊ ခို၊ ကျောက်ရုပ်ကျောက်ပျက်၊ ဒီ၊ ကုန်းလားရေလား… များသောအားဖြင့် ပြေးလွှားလှုပ်ရှားရတဲ့ ကစားနည်းတွေမိုလား။ ဒါကြောင့်လဲ သူ့ အလိုလို ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဆေးခန်း၊ဆေးရုံ အရောက်အပေါက်နည်းခဲ့တာ ထင်ပါတယ်။ အနည်းဆုံး ကိုယ့်ခြံလေးထဲကိုယ် ဆင်းဆော့ဦး လှုပ်ရှားမှုကတော့ ရှိတာပါပဲ။ တခါတခါ ကိုယ်ငယ်ငယ်ကနဲ့  သားလေးကို ယှဉ်တွေးမိရင် စိတ်မကောင်းပါဘူး။ အခန်းကျဉ်းလေးထဲ လှုပ်ရှားမှုနည်းနည်ဲးနဲ့  သက်မဲ့ အရုပ်တွေနဲ့ သာ အဖော်ပြုနေရတာမိုလား။ ကစားကွင်းသွားလို့ ရပေမယ့်လဲ ကျွန်မတို့  ငယ်ငယ်ကလို အိမ်ရှေ့ ထွက်တာနဲ့  ကစားဖြစ်တာမျိုးမဟုတ်ဘူးလေ။ ဒါကြောင့်လဲ ဒီကကလေးတွေ ခဏခဏနေမကောင်းဖြစ်ကြတာ ထင်ပါရဲ့။

ငယ်ငယ်က အဆော့သန်တဲ့ ကျွန်မ အားကစားရယ်လို့  ထူးပြီးလေ့ကျင့်စရာမလို သူ့ အလိုလို အပြေးတွေက သန်နေတတ်ပါတယ်။ နိုင်ချင်တဲ့စိတ်တွေလဲ ပါတာပေါ့လေ။ ဒါကြောင့် ရပ်ကွက်ထဲက လွတ်လပ်ရေးပွဲဆို ဆုတွေဘာတွေ ရရလာတတ်ပါတယ်။ များသောအားဖြင့် အပြေးပြိုင်ပွဲတွေမှာပါ။ လူရည်ချွန်ဖြေရတော့မှ အားကစားကို စနစ်တကျ လုပ်တတ်လာခဲ့ပါတယ်။ သူများတွေ စောစောစီးစီးကွေးလို့ ကောင်းနေတဲ့ ဆောင်းမနက်တွေမှာ အပြေးလေ့ကျင့်လိုက်ရတာ။ ရပ်ကွက်လက်ရွေးစင် ဘောလုံးသမား အကိုကြီးက တာတိုပြေးရင်ဘယ်လို၊ တာရှည်ပြေးရင် ဘယ်လို အနီးကပ် လေ့ကျင့်ပေးခဲ့ပါတယ်။ မေမေကတော့ သိုးမွှေးဦးထုပ်လေးဝတ်၊ အနွေးထည်ပေါ်က လျှောတဘက်တထပ်ခြုံနဲ့  လက်မှာ နာရီလေးကိုင်ပြီး ကျွန်မ စံချိန်ကို မှတ်ပေးတတ်သူပါ။ အပြေးလေ့ကျင့်ပြီး အိမ်ပြန်ရောက်တာနဲ့  ကုတင်ခြေရင်းက တန်းမှာ ခြေထောက်ကို အဖေ့ပုဆိုးနဲ့  ချည်ပြီး အိပ်ထမတင် လေ့ကျင့်ရပါတယ်။ အိပ်ထမတင်က လုပ်နေမကျရင် ခြေထောက်ကြီး မိုးပေါ်ပြန်တတ်တာမို့ ပါ။ ပြီးရင် ကုတင်ကို လက်ထောက် ဒိုက်ထိုးကျင့်ရပါသေးတယ်။ လူရည်ချွန်ဖြေတာ ဗဟုသုတကျက်ရင် အပျင်းကြီးတဲ့ကျွန်မ အားကစားဆို ဘယ်တော့မှ မငြီးတတ်ပါဘူး။ ရ တန်းကနေ ၁၀ တန်းထိ အားကစားရယ်လို့  သတ်သတ်မှတ်မှတ် လေ့ကျင့်ဖြစ်ခဲ့တာ လူရည်ချွန် စာမေးပွဲနားနီးချိန်တွေပဲ ရှိပါတယ်။

တက္ကသိုလ်ရောက်တော့ အဖေမကြိုက်တဲ့ တက္ကသိုလ်မို့  ဘာလှုပ်ရှားမှုမှာမှ ပါခွင့်မရခဲ့ပါဘူး။ သူငယ်ချင်းတွေ အားကစားလေ့ကျင့်ကြရင် ပါးစပ်လေးအဟောင်းသားနဲ့  ငေးရုံပါပဲ။ လူက အရွယ်ရောက်လာတော့ အရင်ကလို ရပ်ကွက်ထဲလဲ ပြေးလွှားဆော့လို့  မသင့်တော်။ တခါတလေ ကြက်တောင်လေးရိုက်တာ လွဲလို့  အားကစားက ဟိုးအဝေးမှာပါ။ အရေးအခင်း ၃နှစ်ပိတ်တော့ အားကစားက ကျွန်မဆီ အလည်တခေါက်ပြန်ရောက်ခဲ့ပါရော။ ကျောင်းတွေပိတ်တော့ ရှိသမျှသင်တန်းတွေ စုံနေအောင် တက်ဖြစ်ခဲ့တယ်။ ဒီအထဲ အေရိုးဗစ်ကလဲ ပါတာပေါ့။ ဘယ်နေလိမ့်မလဲ။ တီးလုံးလေးနဲ့  ခပ်သွက်သွက်လေး ကစားရတာမို့  ကျွန်မက သိပ်သဘောကျ။ သင်တန်းတက်ရုံတင် မကပဲ အိမ်မှာ သင်တန်းပြန်ပေးဖြစ်ပါတယ်။ ကျောင်းတွေပိတ်တော့ အိမ်မှာ အားနေကြတဲ့ ရပ်ကွက်ထဲက ကောင်မလေးတွေ စုရပ်က ကျွန်မတို့ အိမ်ဖြစ်လာခဲ့ပါတယ်။ ကျွန်မဆီမှာ သိုးမွှေးထိုး လာသင်ကြ၊ အေရိုးဗစ်လာသင်ကြနဲ့  မိန်းခလေးအုပ်ကြီး အိမ်မှာ တရုံးရုံး။ မုန့် တွေ အမျိုးမျိုးလုပ်စားကြ၊ ဖျာလိပ်နတ်မေးကြ၊ အလှဓာတ်ပုံတွေ စုရိုက်ကြနဲ့ … အတော်ပျော်စရာကောင်းခဲ့ပါတယ်။

အဲဒီတုန်းက ကျွန်မရဲ့ သင်တန်းသူတွေထဲမှာ များသောအားဖြင့်က ခေတ်ပေါ်အေရိုးဗစ်ကို မြည်းစမ်းချင်သူတွေဖြစ်ပေမယ့် တချို့ ကတော့ တကယ့်ကို ၀ိတ်ကျချင်လို့  လေးလေးနက်နက် လာကစားသူတွေ ရှိပါတယ်။ ကျွန်မသင်တန်းချိန်က အပျော်ကစားချင်သူနဲ့  အလေးအနက် သေချာကစားချင်သူဆို ၂ချိန်ခွဲသင်ခဲ့ပါတယ်။ တက္ကသိုလ်က ဆရာမတယောက်ကတော့ ကျောင်းတွေ ပြန်ဖွင့်ရင် သူငယ်ချင်းတွေက ဟာကနဲ ဖြစ်သွားအောင် သူ့ ရဲ့မလိုအပ်တဲ့အဆီတွေ ကုန်နေအောင် ချပစ်ချင်ပါသတဲ့။ ဆရာမဖြစ်ပေမယ့် အဲဒီအဆီတွေကြောင့် မြန်မာအကျီင်္ခါးတိုလှလှလေးတွေ ၀တ်မရတာလဲ အတော်ကို စိတ်မကောင်းဖြစ်နေသူပါ။ သူ့ စိတ်က ပြင်းထန်တာကြောင့် ကြိုးကြိုးစားစားလေ့ကျင့်တာ တလအတွင်း ၀ိတ်က သိသိသာသာ ကျသွားခဲ့ပါတယ်။ အေရိုးဗစ်ဆရာမ ကျွန်မကတော့ တနေ့ ကို သင်တန်း ၃ကြိမ် ၁လခွဲလောက် ကစားပြီး အားတွေ အရမ်းနည်းတာကြောင့် ဒရစ်တွေဘာတွေ သွင်းရတဲ့အဖြစ်ကို ရောက်သွားခဲ့ပါတယ်။ လိုတာထက်ပိုပြီး ကစားတာကြောင့်ပါ။ အဖေက ဆက်ခွင့်မပြုတာကြောင့် သင်တန်းတွေလဲ ရပ်လိုက်ရပါတယ်။ နောက် ၃ ၄ လလောက်မှာ ကျွန်မသင်တန်းသူ ဆရာမကို ပြန်တွေ့ တော့ ကျွန်မတောင် မမှတ်မိလောက်အောင် အရမ်းလှပတဲ့ ကိုယ်လုံးလေးနဲ့ ဖြစ်နေပါပြီ။ အိမ်မှာ ပုံမှန်ဆက်လုပ်ဖြစ်တာတဲ့။ ပြီးရင် ကျွန်မကို ကျေးဇူးတင်ကြောင်းတွေပြောပြီး သူဝတ်ထားတဲ့ မြန်မာအင်္ကျီခါးတိုလေးကို ၀မ်းသာအားရပြပါတယ်။ ဘယ်လောက်ကောင်းတဲ့ အကျိုးလဲနော်။ ကျန်းမာရေးနဲ့ လဲညီညွတ် လှလဲလှ။ ဒါတွေသိပေမယ့်လဲ ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့  အဲဒီကစလို့  အားကစားက ကျွန်မနဲ့ ဝေးသွားခဲ့တာ မနေ့ ကအထိပါပဲ။

လူကလဲ အဆီတွေ တရစ်ပြီးတရစ်တက် အကျီင်္လှလှလေးတွေနဲ့ လဲ ဝေးသထက်ဝေးလို့ ပေါ့။ အားကစားလုပ်ဖို့  တိုက်တွန်းလာရင် ထွက်ပေါက်တွေ ကိုယ့်ကိုယ်ကို ပေးပြီး အလှုပ်အရှားတွေနဲလာခဲ့တာပါ။ အိမ်နားလေးက ဈေးလမ်းလျှောက်သွားဖို့ တောင် အချိန်က တန်ဖိုးရှိပါတယ်ဆိုတဲ့ အကြောင်းပြချက်လေးနဲ့  ဘတ်စကားကို ထိုင်စောင့်နေတတ်တဲ့ ကျွန်မပါ။ သားလေးမွေးပြီးတော့ အားကစားဆိုတာ ဟိုချောင်ထဲကို ပိုရောက်သွားခဲ့ပါတယ်။ ရုံးမှာ အဆင့်သင့်သွားကစားလို့ ရတဲ့ နေရာရှိတာတောင် ရုံးဆင်းရင် အိမ်အမြန်ပြန် ချက်ပြုတ်စားသောက်ဖို့ ပဲ ပိုစိတ်ဝင်စားလာခဲ့တာပါ။ ဒီတော့လဲ ပေါင်ချိန်စက်ကို တမင်မေ့ထားတာ ဘာဆန်းသလဲနော်။

တကယ်တော့ လှဖို့ ပဖို့ ထက် ကျန်းမာရေးအတွက် အားကစားတခုခုက ပုံမှန်လုပ်သင့်တာ အမှန်ပါပဲ။ ကျွန်မအဖေဆို မနက်တိုင်း ပုံမှန်လမ်းလျှောက်တတ်သူပါ။ ဒါကြောင့်လဲ ဖေဖေ ဒီကို လာလည်လို့  ရှောပင်းထွက်ကြရင် ကျွန်မတို့ ကသာ မောမယ် သူက မမောပါဘူး။ ခုတော့ အားကစားက ကျွန်မဆီ တံခါးလာခေါက်နေပါပြီ။ မနေ့ က တနာရီဆက်တိုက် အေရိုးဗစ်ကစားလိုက်ရတာ ကျွန်မအတွက် မဟာစွန့် စားခန်းကြီးလို ပင်ပန်းလွန်းလှပါတယ်။ ဒီပုံအတိုင်းသာ ဆက်သွားရင် အားကစားဆိုတဲ့ အသံကြားတာနဲ့  ထွက်ပြေးတော့မယ့် အခြေအနေဖြစ်လာတော့မှာမို့  အားကစားကို ကြိုဆိုလက်ခံဖို့  အားမွေးနေမိပါတော့တယ်။


တန်ခူး
10:16am 25-Sep-2009

22 comments:

SSS said...

This is good idea. I'll encourage you.
Keep it.

ရွှေရတုမှတ်တမ်း said...

ဒီလအတွက်ခုမှပေါ်ဦးပေါ်ဖျားဖတ်ရတော့တယ်

Anonymous said...

မြင်ယောင်မိတယ် မချိုသင်းနဲ့ တူတူကကြပါလားဗျာ။ လာအားပေးပါ့မယ်။ တကယ်!

Anonymous said...

ama, right..
but don't forget.
if u start , then... non-stop, do regular.
it's better.

Now, i am learning swimming and I ll swim regularly .

we need one exercise for health.


Myatnoe

moemoestar said...

တို့ လည်းအားကစားကို
အားမှကစားရမယ် မှတ်နေတော့တာ
အားချိန်မရှိလို့ မကစားဖြစ်ဘူး...

ချိုမြင့် said...

လုပ်ပါ...အားကစားအတွက်အချိန်ပေးရတာ
တန်ပါတယ် မတန်ခူးရေ..
မလိုအပ်ပဲပိုနေတဲ့ အဆီတွေအတွက်တင်မဟုတ်ပါဘူး..
မိန်းမတွေ အသက်၄၀ကျော်လာရင် အနဲနဲ့အများ ဖြစ်တတ် လေ့ရှိတဲ့ စိတ်ကျရောဂါလဲ
ကာကွယ်ပြီးသားဖြစ်တာပေါ့။
သူများသာပြောတာနော် ကိုယ်ကမလုပ်ဖြစ်သေးဘူး..လုပ်မလို့ အားယူနေတုန်းးးးးးးအဟီး

မေဓာဝီ said...

မရေ ..
မေဖြင့် ငယ်ငယ်လေးထဲက ဟုတ္တိပတ္တိ အားကစား မလုပ်ခဲ့ဖူးဘူး။
ကျောင်းက ပီတီချိန်မှာ လုပ်တာလောက်ပဲရှိတယ်။ လမ်းလျှောက်တာနဲ့ ရေကူးတာတော့ တခါတလေလုပ်တယ်။ အဲဒါလဲ နည်းနည်းလုပ်ပြီး များများစားတော့ ၀ိတ်ကမကျဘူး။ ခုလဲ ဦးရီးတော်အိမ်မှာ ၃ လခွဲလောက်နေလိုက်တာ ၅ ကီလို နီးပါးလောက်တက်လာလို့၊ အခုတော့ ကျောင်းတက်နေရပြီမို့ လမ်းပြန်လျှောက်နေပါပြီ။ စလျှောက်လျှောက်ချင်း ညည်းညည်းညူညူနဲ့။ အိမ်ပြန်ရောက်ရင် နားလို့မပြီးတော့ဘူး။
မ-ရေးတာဖတ်ပြီး မ-နဲ့အတူ အေရိုးဘစ် ကချင်သား။ တခါမှ မကဖူးဘူး။ :)

အိမ့်ချမ်းမြေ့ said...

စိတ်ရဲ့ဖိစီးမှုတွေကို လျော့ကျစေတာတော့ သေချာတယ် အစ်မတန်ခူးရေ...
မလေးတော့ အနည်းဆုံးလမ်းထွက်မလျှောက်ရရင်ကို ဇက်ကြောတွေတက်၊ ခေါင်းတွေအုံတယ်။ နောက်အအေးတိုင်းပြည်ဆိုတော့ တော်ရုံချွေးကမထွက်တော့ ချွေးထွက်ချင်တာလဲ ပါပါတယ်။ တူတူတစ်ခါလောက် ပြေးချင်တယ်။

Thant said...

တကယ်အားပေးပါတယ် ... သန့်လဲပုံမှန်လေ့ကျင့်ခန်းလုပ်တယ်။ မနက်လမ်းလျှောက်ပြီး ရုံးကိုသွားတာ မိနစ်၂ဝ၊ အပြန် မိနစ်၂ဝ...ဟိ။

rose of sharon said...

အေရိုးဘစ် ကစားရတာ ကြိုက်တယ်... မလုပ်ဖြစ်တာ ကြာပြီ

Moe Cho Thinn said...

အိမ်နားနီးရင် အတူလာဆော့ပြီး သင်ခိုင်းပါတယ်။ အဖော်နဲ့ဆို ပျော်လို့ပါ။ ကိုယ့်ဖာသာဆို တခါမှ မလုပ်ဖြစ်ဘူး။ အမက သင်တန်းတောင် ပေးဖူးတယ်ဆိုတော့ ကျွမ်းကျင် အဆင့် ၁ပဲ။ အရမ်း လှမှာ မြင်ယောင်ကြည့်လို့ရတယ်။

သက်ဝေ said...

တန်ခူး အခုလို အားကစား လိုက်စားတတ်တာကို ကိုယ်အခုမှ သိရတယ်...
ကိုယ့်အဖို့ကတော့ အားကစား ဆိုတာကြီးနဲ့ တော်တော်ဝေးပါတယ်... ငယ်ငယ်ကဆို ထုတ်ဆီးတောင် မတိုးတတ်လို့ ကိုယ့်အဖွဲ့ကို အားနာပြီး ဘယ်တော့မှ မပါဘူး... ကိုယ်ပါရင် သေချာပေါက် ရှုံးမှာလေ...း))

ကြီးလာတော့လဲ ဘာအားကစားမှ မယ်မယ်ရရ မလုပ်ဖြစ်ဘူး... အခုလောလောဆယ် ရသမျှ အချိန်တွေမှာ ကိုယ်လုပ်တတ်တာကတော့ Panadol တကဒ်နဲ့ ကွန်ပျူတာရှေ့ ထိုင်တတ်တာပါပဲ...
အရင်ကတော့ Game တွေ ကစားတယ်...
အခုတော့ မကစားတော့ဘူး...

ကစားမယ့်အချိန်တွေမှာ အောက်ဆင်းပြီး လမ်းလျှောက်မယ်လို့ တွေးထားတာ...
ဒီညနေတွေ မိုးရွာနေတာနဲ့ပဲ... ဟဲဟဲ

Sonata Cantata said...

အမလည်း အားကစားနဲ့ အဝေးကြီး
အခုတော့ လမ်းလျှောက်ဖြစ်ပါတယ်

Shinlay said...

ကျမက အားကစားလုပ်ရင်ဇွဲမရှိဘူး။
တစ်ရက်လုပ်လိုက် ၊ ၁၀ရက်ပျက်လိုက်ပဲ။
သူရဲ့ ကောင်းကျိုးတွေသိရက်နဲ့  ပျင်းနေတာ။
ဒီနေ့ ကျိုးစားလိုက်အုံးမယ်။
သတိပေးလိုက်သလိုမို့  ကျေးဇူးပါပဲ။

ADDRESSEE said...

ခုလော ဗုဒ္ဓဘာသာကို စော်ကားမော်ကား လုပ်တာတွေ များလာသလိုဘဲ ဟိုတလော ဗုဒ္ဓ ရုပ်ထုကို ၀ိုင်းပြီး နမ်းနေတဲ့ပုံတွေထွက်လာပြီး ခု Mac book တို့ Ipop တို့ထုတ်တဲ့ APPLE က သူ့ကြော်ငြာမှာ ထပ်ပြီးစော်ကား ပြန်ပြီ ငြိမ်ခံမလား ပြန်ပြောမလား သူ့ product တွေကိုရိုက်ချိုးမလား အောက်ကလင့်မှာ သွားကြည့်ကြပါ http://www.fastcompany.com/blog/gizmodo-staff/gizmodo/important-message-about-apple-industrial-design-jon-ive-blockquote

PAUK said...

ကျနော်လဲ ခုတလော ည ညဆိုရင် အကြောလျှော့
လေ့ကျင့်ခန်းလုပ်ဖြစ်တယ်..
လူတိုင်းက ကျနော့ကို ၀လာတယ်ချည်းပြောနေလို့..အဟဲ..

ငယ်ငယ်က အေရိုးဗစ်ကစားဖူးပါတယ်..
မတန်ခူး ကစားနေတဲ့ပုံတင်ပေးလေ..

မီယာ said...

အားကျတယ် အမရယ်။ ကိုယ်လက်လှုပ်ရှားမှု မရှိတာတော့ တကယ်ပဲ။ တခုခုတော့ လုပ်ဦးမှ။ နောက်မှ အမကို အကြောင်းကြားလိုက်မယ် ဘာလုပ်ဖြစ်သလဲဆိုတာ

nu-san said...

မရေ.. အမ မိုးချိုသင်းပြောသလိုပဲ အိမ်နီးနားချင်းဆို သိပ်ကောင်းမှာပဲ.. အတူတူ ကစားလို့ရတာပေါ့ အမရ.. ကျနော်ကျတော့ ပိန်လွန်းလို့ ၀လာအောင် သွားကစားဖူးတယ်.. အဲဒီတော့မှ ကောင်းကောင်း ကစားဖူးတာ.. ကျန်တဲ့အားကစားတွေကတော့ ဘာမှ သေချာ မလုပ်ဖြစ်ဘူး.. ကိုယ်လက်လှုပ်ရှားမှုရှိတော့ လူက သွက်လက်ပြီး ပေါ့ပါးတာ အမှန်ပဲ.. အစပိုင်းတော့ အသားတွေနာတာ စိတ်ကို ပျက်ရော... နောက်တော့ (လှချင်တော့လည်း) အားတင်းပြီး လုပ်တာပဲ.. :D

ဒီရောက်ကတည်းက ဘာမှ မကစားဖြစ်တာ ကြာပြီ.. လမ်းပဲ လျှောက်ဖြစ်တော့တယ်.. ကြိုးစားပြီး ကစားပါ အမ.. ပြီးရင်လေ ဓာတ်ပုံလေး တင်ပေးပေါ့.. before/after ဆိုပြီးတော့လေ.. :)

ခင်မင်းဇော် said...

အမကတော့ အဖော်ကောင်းရင် အကုန်လုပ်တယ်။ ခုလဲ အဖော် ၁ ယောက်လောက်ရရင် ကစားချင်ပါတယ်။ တန်ခူးရဲ့ သင်တန်းသူ ဆရာမလို ဗမာဝတ်စုံဝတ်ချင်လို့ပါကွယ်။

tg.nwai said...

အားကစားနဲ့ကတော့ ခပ်ဝေးဝေးပဲ...ကျောင်းသုံးနှစ်ပိတ်တော့ မောင်လေးနဲ့ လိုက်ပြီး ကရာတေး လိုက်ကစားဖြစ်သွားတာ..ကျောင်းတွေပြန်ဖွင့်တော့ ရပ်သွားရော..ဟဲဟဲ။ အသက်လေးရလာတော့ Gym တွေ ဘာတွေ သွားကစားဖို့ စဉ်းစားမိပေမယ့် တကယ်တမ်း အချိန်တွေက တကယ်မပေးနိုင်ပြန်ဘူး...အင်းယားသွားလမ်းလျှောက်ရတာကို အပျင်းထူနေတာ။

တန်ခူးက သင်တန်းတောင်ပြန်ဖွင့်ဖြစ်ခဲ့သေးတယ်ဆိုတော့ တော်တော် လုပ်ဖြစ်ခဲ့တာပဲ..အေရိုးဗစ်က သီချင်းလေးနဲ့ဆိုတော့ စိတ်ဝင်စားစရာပဲ..ကောင်းပါတယ်..အားကစားကတော့ လုပ်နိုင်ရင် တကယ်လန်းဆန်းကျန်းမာစေတာပါ..အားပေးလျှက်..:)

ရွှေခိုင် said...

ကျန်းမားရေးအတွက် အားကစားတခုခု ပုံမှန်လုပ်နိုင်ရင် ကောင်းပါတယ် . . . အချိန်ပေးပြီးလဲ လုပ်သင့်တယ် ထင်ပါတယ် . . . အနည်းဆုံး လမ်းလျှောက်တာပဲ ဖြစ်ဖြစ်ပေါ့ အမရေ ~

T T Sweet said...

တန်ခူးရေ ... အတူတူပါပဲကွယ် ... အားကစားဆို ဘယ်လိုပျင်းမှန်းမသိ ... ပိန်ချင်တာတော့ အလွန်ပဲ ... အပင်ပန်းက မခံနိုင်ဘူးလေ ... နန်းမတော်မယ်နုတွေ ... အားကစားလုပ်မလား ... အစားလျော့မလားဆို ... အစားကမှ လျော့စားဖြစ်သေးတယ် ... ဘာပဲဖြစ်ဖြစ် ကျန်းမာရေးအတွက် အားကစားလုပ်သင့်ပါတယ်။