Tuesday, May 19, 2009

အဖြေ

ခုတလော စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေလို့  ဘာစာမှ မရေးချင်ပါဘူး။ ရေးဖို့ ကြိုးစားပါတယ်။ တပိုဒ်လောက်ရေးလိုက် ပြန်ဖျက်လိုက်နဲ့  စာရွက်တွေသာဆို စာရွက်ခြင်းကြီးပြည့်သွားမလားပဲ။ ထိုင်ထိုင်တွေးလိုက်… ငေးလိုက် အဲဒီလိုလေး နေနေချင်တယ်။ ပြီးတော့… မှန်လဲမကြည့်ချင်ဘူး။ အတ္တအခိုးအငွေ့ တွေအောက်က ကိုယ့်ကိုယ်ကို ထွက်ပေါက်ရှာနေတတ်တဲ့ ကိုယ့်မျက်လုံးတွေ ကိုယ်မုန်းလွန်းလို့ ။ ဘယ်သူနဲ့ မှ သိပ်စကားမပြောဖြစ်အောင်နေတယ်။ စကား… စကားတွေပဲ ထိုင်ထိုင်ပြောနေတတ်တဲ့ ကိုယ့်ကိုယ်ကို ဒဏ်ခတ်ကြည့်တာပါ။ ငယ်ငယ်က သင်္ချာတပုဒ် စဉ်းစားရင် နောက်ဘက်က ပြန်စဉ်းစားသလို စဉ်းစားကြည့်တော့ နောက်ဆုံးကိုယ်က အရင်းအမြစ်ဖြစ်နေတယ်။ တကယ်တော့ စဉ်းစားစရာ သိပ်မလိုပါဘူး။ ကိုယ့်ကိုယ်ကို မညှာမတာ ဝေဖန်ရရင် စဉ်းစားနေတာကိုက ကိုယ့်ထွက်ပေါက်ကိုယ်ရှာနေတာပဲမိုလား။ ဟုတ်ကဲ့။ ခုတလော… စာမရေးဖြစ်တဲ့ အဓိကအကြောင်းရင်းကတော့ ကိုယ့်ကိုယ်ကို သိပ်ကြည့်မရဖြစ်နေလို့ ပါရှင်။

အဲဒီလို ဘာမှ သိပ်အဖြစ်မရှိလှတဲ့ ကိုယ်က အရေမရ၊ အဖတ်မရတွေ စဉ်းစားရင်း ဟိုတလောက သားကို အင်္ဂလိပ်စာ အဖတ်သွက်အောင် ငှားပေးတဲ့ စာကြည့်တိုက်က စာအုပ်ပါးပါးလေးတခုကို သွားသတိရမိလို့ ပါ။ ရှင်းရှင်းလေးပါပဲ။ တခါတလေကျတော့ ရှုပ်တာတွေ စဉ်းစားရင်း ရှင်းတာလေးက ကိုယ့်အဖြေဖြစ်နေတတ်တယ်မိုလား။ စာအုပ်လေးက…

“တပည့်တို့ ရေ… ၁ ကနေ ၁၀ ထိကို ၁စက္ကန့် အတွင်း ရေတွက်နိုင်တဲ့သူ ဒီအတန်းထဲမှာ ရှိသလား” လို့ ဆရာမက မေးတယ်။

“ကျွန်တော် ရေတွက်နိုင်ပါတယ် ဆရာမ”

“ကောင်းပါပြီကွယ်… ကဲ…ဆရာမက နာရီလေးကြည့်ထားမယ်… စတော့”

“ ၁ ၂ ၃ ၄ ၅”

“အချိန်ပြည့်ပြီကွဲ့ ”

အဲဒီလိုပဲ တယောက်ပြီးတယောက်ကြိုးစားကြပေမယ့် အချိန်သာပြည့်သွားတယ်။ မအောင်မြင်ကြပါဘူး။

“ကဲ… အရှုံးပေးကြပြီလား… ကြိုးစားကြည့်ဦးမလား”

“ကျွန်တော်တို့ အားလုံးပေါင်းပြီး ကြိုးစားကြည့်ဦးမယ် ဆရာမ”

“သိပ်ကောင်းတဲ့အစီအစဉ်ပါကွယ်” ဆရာမ မျက်နှာက ပြုံးရွှင်သွားပါတယ်။

ခဏကြာတော့…

“ဆရာမရေ… ကျွန်တော်တို့ အားလုံး တကြိမ်ကြိုးစားကြည့်ပါမယ်”

“ဟုတ်ပါပြီကွယ်… ကဲ… ဆရာမ အချိန်လေးကြည့်မယ်.. စတော့”

“၂ ၄ ၆ ၈ ၁၀” အားလုံးပြိုင်တူ ခပ်သွက်သွက် အချိန်အတိုင်းအတာအတွင်းမှာ အောင်မြင်အောင် ပြောနိုင်သွားသည်။

“အိုး… သိပ်တော်တဲ့ ငါ့တပည့်တွေပဲ… ဒါဆရာမလိုချင်တဲ့ အသင်းအဖွဲ့ နဲ့ စုပေါင်း လုပ်ကိုင်ခြင်း ရလာဒ်ပေါ့… ”

စာအုပ်လေးက ဒီလောက်ပါပဲ။ အဲဒီစာအုပ်လေးကို ရှင်းပြတုန်းက သားက မျက်လုံးလေး ကလည်ကလည်နဲ့  သိပ်နားမလည်ပါဘူး။ ခု ပြန်တွေးကြည့်မှ…သားက ဘယ်နားလည်ပါ့မလဲလေ။ ရှင်းပြတဲ့ ကျွန်မကိုယ်တိုင်က သိပ်မှ နားမလည်တာဆိုတာ သိလိုက်ရပါတယ်။

တန်ခူး
10:10am 19-May-2009

13 comments:

wai said...

Ama yay,
I know the answer now. Your are right. I am also sort of people who wants to show our ability only and forgets to work with others together.
It is not too late now but I am afraid it is late. Lets do together.

မောင်မျိုး said...

နဂါးခေါင်းကြီးက ဘကုန်းရွာသူရွာသားတွေဘက် လှည့်လာလားမသိပါဘူး ကျနော်လည်း မပြေဘူး အပူငွေ့တွေရိုက်နေတယ် ။

နွေးနေခြည် said...

အပျော်ရွှင်ပါစေ အမေရေ

ရွာသားလေးဝိုင်တီယူ said...

အင်း...ပြိုင်တူတွန်းရင် ရွှေ့နိုင်ပါသည်ဆိုတာကိုး

Ko Paw said...

ပြိုင်တူတွန်းလျှင် ရွေ့နိုင်သည်ဆိုငြား လားရာမတူသည့်ဘက်များသို့ အပြိုင်အဆိုင်တွန်းကြသဖြင့် လှည်းဘီးသည် တုတ်တုတ်မျှ မလှုပ်သည်လည်းရှိ၏။ လားရာတူအောင်၊ ရပ်တည်နေသောမြေကြီးခိုင်မာအောင် ဂရုစိုက်သင့်ကြသေးသည် မဟုတ်တုံလော။

Anonymous said...

မင်္ဂလာပါ ၊ C Box မတွေလို. ဒီနေရာမှာရေးခဲ့ပါတယ် ၊၊ လူရည်ချွှန်ခေတ်ကိုမှီတယ် ဆိုတော့ ကျွန်တော့် အကို အစ်မတွေ အရွယ်နေမှာပါ ၊၊ အစ်မပြောသလို တခါမှမထင်ခဲ့ဘူးဖူး၊၊ တကယ်ကို မှန်ကန်တယ်လို. ယုံကြည်နေခဲ့တာ ၊၊ အစ်ကို အကြီးဆုံးက ၂ ထပ်ကွမ်း ၊ အစ်မက ၃ ထပ်ကွမ်း ၊ အစ်ကို က ၄ ထပ်ကွမ်း ၊ အခု အားလုံးဆရာဝန်ကြီးတွေချည်းပါ ၊၊ ကျွန်တော် က အင်ဂျင်နီယာပါ ၊၊ ပညာနဲ့အသက်မွေးတဲ့ ဆွေမျိုးစုပါ ၊၊ ကျောင်းဆရာအကိုကြီးဆို နောက်နှစ်ပင်စင်ယူပါပြီ၊၊ အစ်မပြောသလိုလုပ်လို. ရတယ်လို. အဲဒီခေတ်မှာ မရှိခဲ့ဘူးထင်တယ် ၊၊ တကယ် မတော်ရင်တော့ မရဘူးနော် ၊၊ အခု အစ်မက ဘာနဲ.များ အသက်မွေး နေလဲမသိဘူး ၊၊ ဘာရယ်မဟုတ်ပါဘူး ၊၊ အစ်မရေးထား တာလေး က မထင်မှတ်ထားတာလေးမို.ပါ ၊၊ ကျေးဇူးတင်ပါတယ်၊၊

Moe Cho Thinn said...

အချိန်က တစက္ကန့်ဆိုတော့ ပေးထားတာ နည်းလွန်းလို့ ရအောင်မှ ဆိုနိုင်ပါ့မလား ထင်မိတာ။ အားလုံးပေါင်းပြီး ဆိုတော့ ရသွားတယ်ဆိုလို့ ၀မ်းသာမိပါတယ်။ စာထဲမှာတော့ ရအုံးမှပဲ မမရေ။
အပြင်မှာလဲ အတူဆိုကြည့်ချင်ပါတယ်။

khin oo may said...

လာဖတ်တယ်။ဖြည်းဖြည်းပေါ့

sonata-cantata said...

မီးမီးလည်း သားသားနဲ့တူတူ သွက်သွက်ကြီး ဆိုချလိုက်မယ်...

တန်ခူး said...

ညီမဝေရေ… နောက်မကျသေးလောက်ပါဘူးကွယ်… အကောင်းဆုံးအဖြေတခုကို အတူတူဖော်ထုတ်လို့ မရနိုင်ဘူးလို့  ဘယ်သူငြင်းမလဲနော်…

မောင်မျိုးရေ… ပူလိုက်တာ မပြောပါနဲ့ တော့… ရင်တွေပူတယ်… နှလုံးသားတွေပူတယ်… ဒီအပူတွေ ဘယ်တော့ ငြိမ်းမလဲနော်…

ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ညီမနွေးရေ…

နည်းလမ်းမှန်မှန်ကန်ကန်နဲ့  ပြိုင်တူတွန်းကြည့်ရအောင်လား ရွာသားလေးရေ…

ကိုပေါရေ… အမှန်ပါပဲ… လှပတဲ့အနာဂတ်တခုအတွက် လားရာလေးတွေ ညှိကြဖို့ လိုပြီထင်တယ်နော်…

မောင်လေး Anonymous ရေ… အမ ကော်မန့် ထဲမှာ လူရည်ချွန်တိုင်းကို ပြောတာ မဟုတ်ဘူးလို့  ရေးခဲ့ပါတယ်… အမနဲ့ ခင်တဲ့ အကိုကြီးတွေ၊ အမကြီးတွေ၊ အမသူငယ်ချင်းအရင်းခေါက်ခေါက်တွေ တကယ့်အရည်အချင်း အစစ်အမှန်နဲ့ ရတဲ့ လူရည်ချွန်တွေ အများကြီးပါ… ဟုတ်ပါတယ်… လူရည်ချွန်ဆိုတာ မတော်ရင် မရပါဘူး… ထပ်ဖြည့်ပြောရရင် စာတခုထဲတော်ရုံနဲ့ မရပါဘူး… ဘက်စုံတော်မှပါ…ဒါကြောင့်လဲ စာသာတော်ပြီး တခြားဘက်တွေ မတော်လို့  လူရည်ချွန်နဲ့ လွဲခဲ့ရသူတွေရှိပါတယ်… အမအသိအမကြီးတယောက်ဆို တနိုင်ငံလုံးမှာ ဒုတိယရခဲ့ပေမယ့် လူရည်ချွန်တခါမှ မရခဲ့ပါဘူး… အားကစားအားနည်းလို့ ပါ… အမလဲအဲဒီလို ခါးသက်တဲ့အတွေ့ အကြုံမတွေ သေးခင်အထိ ကိုယ်အရည်အချင်းပြည့်ဝရင် တကယ်တော်ရင် လူရည်ချွန်ရတယ်လို့  ဖြူစင်စွာ ယုံကြည်ခဲ့ဘူးတယ်… တရားမပျက်ပဲ မှန်ကန်တဲ့သူတွေရှိသလို တရားပျက်မမှန်ကန်တဲ့သူတွေလဲ တချိန်တည်းမှာ ရှိနေတယ်ဆိုတာကို ကိုယ်တွေ့ အရ သိခဲ့ရတာပါ… အမက ၁၉၇၀က မွေးတာပါ… မောင်လေး အကိုတွေ အမတွေနဲ့ ခေတ်ချင်းတူသလားတော့ မသိဘူး… အမက မောင်လေးနဲ့ အသက်မွေးဝမ်းကျောင်း အတူတူပဲပေါ့… အင်ဂျင်နီယာပါ… အလုပ်ကတော့ ကွန်ပြူတာနဲ့ ပတ်သက်တဲ့အလုပ်ပေါ့… ဒီအကြောင်းတွေ အသေးစိတ်သိချင်သေးရင် cmyayt@gmail.comကို အီးမေးလ်ပို့ လို့ ရပါတယ်… ခုလို ပွင့်ပွင့်လင်းလင်းကော်မန့် ပေးတာ ကျေးဇူးပါနော်…

ချိုသင်းရေ… ဆရာမက ၁ ကနေ ၁၀ ဆိုပေမယ့် ဘယ်လို ရေရမယ်လို့  စည်းကမ်း မသတ်မှတ်ထားဘူးလေ… ဒါကြောင့် ဖြတ်ထိုးဥာဏ်ကောင်းတဲ့ သူတို့ က ၂ ၄ ၆ ၈ ၁၀ ဆို ရေလိုက်ကြတာပေါ့… နို့ မို့  ဘယ်လိုမှ အချိန်မှီမပြီးနိုင်ဘူး… အပြင်မှာ အတူတူဆိုချင်တဲ့ ရည်ရွယ်ချက်နဲ့  ဒီပို့ စ်ကို ရေးမိတာပါ…

မမရေ….. စိတ်တွေလောမိနေတာလား… စိုးရိမ်မိတယ်….

အတူတူဆိုကြပါစို့ လား မ ရေ…

Anonymous said...

အစ်မဆိုလိုတာကို နားလည်ပါတယ်။ သို့သော်လည်း....
စကားမစပ်။၁နဲ့ ၁၀ဆို..ဘန်လတ်ပေါ့နော်။ ၁၀ဘန်ဆို ကုလားဘန်ကိုနိုင်တယ်။ သန်ရာသန်ရာ..
mm

tg.nwai said...

အင်း..ဖတ်ပြီးတွေးသွားပါတယ်..တို့တွေးလိုက်မိတာကတော့ တမျိုး..။ အုပ်စုခွဲပြီး တအုပ်စုက (၁ ၃ ၅ ၇ ၉) လို့ ဆိုတဲ့ တချိန်တည်း နောက် တအုပ်စုကတော့ (၂ ၄ ၆ ၈ ၁၀) ဆိုလိုက်ရင်ရော..။ ခွဲခြားလုပ်ကိုင်ခြင်းပေါ့.. လူများပြီး ပွဲမစည်တာထက်စာရင် ဦးတည်ချက်ခြင်းတူပြီး ကိုယ့်အလုပ် ကိုယ်ပီပြင်အောင် အကောင်းဆုံးလုပ်ကြရင် နောက်ဆုံးရလဒ်ကောင်းမယ် ထင်တာပဲ..။

သက်ဝေ said...

အသင်းအဖွဲ့ နဲ့ စုပေါင်း လုပ်ကိုင်ခြင်း ရလာဒ် တဲ့...
အဲဒီစကားရဲ့ နောက်ကွယ်က အကြောင်းကိုပဲ စဉ်းစားနေမိတာပါ...
မောတယ် တန်ခူးရယ်...
ဘာပြောရမှန်းတောင် မသိတော့ပါဘူး...