Monday, February 18, 2008

မိုးခါးရေ



ဒီပန်းချီကားရှေ့မှာ ကျုပ်ရပ်နေတာ တော်တော်ကြာခဲ့ပြီ။ ပိန်းပိတ်အောင်မှောင်နေတဲ့ ဒီပန်းချီကားထဲမှာ တစုံတရာကို တွေ့နိုးနိုးနဲ့ ရှာဖွေနေမိဆဲ။ တခုခုကတော့ သေချာစွာမှားယွင်း နေခဲ့ပြီ။ နံဘေးမှာကျုပ်နဲ့အတူ ဒီပန်းချီကားကိုကြည့်နေတဲ့သူဆီ မေးခွန်းတွေပြိုကျမယ့်ဆဲဆဲ။
"အခုလာနေတာ ဒီပန်းချီကားရဲ့ ပန်းချီဆရာပေါ့"
ဟန်ကျလိုက်တာ။ ကျုပ်ရင်ထဲ အတော်ကသိကအောက်နိုင်လှလွန်းလို့ အန်ချချင်တဲ့ မေးခွန်းတွေကို အတိအကျဆုံးဖြေနိုင်မယ့်သူက အခုလာနေတဲ့ ပန်းချီဆရာကလွဲလို့ ဘယ်သူများဖြစ်နိုင်ဦးမလဲ။ သူအနားရောက်လာတဲ့အခါ ကျုပ်ရှေ့အရင် နံဘေးကလူရဲ့စကားကြောင့် ကျုပ်နှုတ်တွေဆွံ့အသွားတယ်။
"ကွန်ကရက်ကျုလေးရှင်းဆရာ...အတော်ကိုလက်ရာမြောက်ပါတယ်...ပန်းချီကားနာမည်နဲ့လဲ အလွန်လိုက်ဘက်ပါတယ်"
ကျုပ်ကပဲ လွဲချော်နေခဲ့တာလား။ ကျုပ်အစာမကြေတာက အဲဒီပန်းချီကားနာမည်ပါ။ မဲမဲမှောင်မှောင်နဲ့ အဖြူရောင်ဆေးတစက်တောင် စွန်းထင်းမနေတဲ့ ဒီပန်းချီကားနာမည်က "အဖြူရောင်" တဲ့။ ကျုပ်မမှားဘူးဆိုရင် ဒါပန်းချီဆရာရဲ့ လွဲချော်မှုပဲ။ ကျုပ်ဘာမှပြင်ဆင်ချိန် မရခင် လူတော်တော်များများ ဒီပန်းချီကားနား ရောက်လာကြတယ်။ ထူးဆန်းတာက ကျုပ်နံဘေးကလူရဲ့စကားနဲ့ ခပ်ဆင်ဆင်တူတဲ့ ချီးမွမ်းစကားတွေ။ ပန်းချီဆရာကတော့ ချီးမွမ်းသံတွေကြားက သံသယမျက်လုံးတွေနဲ့ ကျုပ်ကို သတိမထားမိရှာဘူး။ ကျုပ်ဘယ်လိုမှ နေမရတဲ့အဆုံး ချောင်းတချက်ဟန့်လိုက်တော့ အားလုံးရဲ့မျက်လုံးတွေ ကျုပ်အပေါ်ပုံကျလာတယ်။ ကျုပ်က ပန်းချီဆရာကိုပဲ တည့်တည့်ကြည့်ပြီး အသိချင်ဆုံးမေးခွန်းကို မေးလိုက်တယ်။
"ပိန်းပိတ်အောင်မှောင်နေတဲ့ ဒီပန်းချီကားကို ဒီနာမည်ပေးထားတာ ရည်ရွယ်ချက်နဲ့လား ဒါမှမဟုတ် မှားယွင်းမှုတခုလား"
မေးခွန်းအဆုံးမှာ ပန်းချီဆရာခဏငြီမ်သက်သွားတယ်။ ပြီးတော့ ကျုပ်ကိုကြည့်ပြီး ရယ်တယ်။ အနားမှာရှိတဲ့ လူတွေအားလုံးကလဲ ဝိုင်းရယ်ကြတာ ရယ်သံတွေက ပန်းချီပြခန်းတခုလုံး ဖုံးလွှမ်းသွားတယ်။ ကြည့်စမ်း။ ဒါဟာ ဘယ်လောက် ခံပြင်းစရာကောင်းတဲ့ အပြုအမူလဲ။ ပန်းချီဆရာဟာ ကျုပ်လုံးဝမျှော်လင့်မထားတဲ့ အဖြေစကားနဲ့ ကျုပ်ကို မတရား အနိုင်ယူဖို့ ကြိုးစားခဲ့တယ်။
"ဒီလောက် ဖြူဖွေးသန့်စင်နေတဲ့ ပန်းချီကားကို မဲမှောင်နေတယ်လို့ မြင်ရတာ ခင်ဗျားရဲ့ ခပ်စုတ်စုတ်နေကာမျက်မှန်တလက်ကြောင့် ဖြစ်မှာပေါ့"
ကျုပ်မျက်လုံးတွေကို ယောင်ယမ်းပြီး စမ်းကြည့်မိတယ်။ မွေးကတည်းက နေကာမျက်မှန်တွေမုန်းတတ်တဲ့ ကျုပ်အကြောင်းကိုတော့ ပန်းချီဆရာကို ပြန်ပြောချင်စိတ်မရှိတော့တာကြောင့် အဲဒီခန်းမထဲက ခပ်သွက်သွက် ထွက်ခဲ့တော့တယ်။




တန်ခူး
3:44PM 18-Feb-2008

9 comments:

ကိုပေါ said...

ဒီပို့စ်က တကယ်အနုပညာမြောက်ပြီး နောက်ဆက်တွဲ တွေးစရာတွေ ပေးပါတယ်။

ဒီပို့စ်ကို ဖတ်ရင်း ကျနော် အင်မတန် ဆွဲချင်နေတဲ့ ကာတွန်း အိုင်ဒီယာတခုကို ပြန်ပြီး သတိမရဘဲမနေနိုင်ဘူး။ (အခုထိမဆွဲရသေးဘူး။ ကိုယ့်လက်ရာကိုယ်မကြိုက်လို့)။ ကျနော့် အိုင်ဒီယာက တန်ခူးအတွေးနဲ့ ခပ်ဆင်ဆင်ဘဲ။ ပန်းချီကားတချပ်ရှိမယ်။ ပန်းချီကားရဲ့ တခြမ်းက ဆွတ်ဆွတ်ဖွေးဖြူတဲ့ အဖြူရောင်။ နောက်တခြမ်းက ပိန်းပိတ်အောင်နက်မှောင်တဲ့အမဲရောင် တခြမ်းစီ တိတိကျကျခြယ်ထားတယ်။ အဲဒါကို ပန်းချီကားရဲ့ ရှေ့တည့်တည့်မှာ ရပ်နေတဲ့ နေကာမျက်မှန်နဲ့ လူတယောက်က ကြည့်ပြီး မှတ်ချက်ချနေတဲ့ကာတွန်း။ သူ့မှတ်ချက်ကတော့ “ဒီပန်းချီကားမှာ Grey Area တွေ များနေတယ်” တဲ့။

အခု တန်ခူးရဲ့ ပို့စ်မှာတော့ အမှန်ကို အမှန်အတိုင်း မြင်သူက တယောက်။ အမှန်အတိုင်း မမြင်နိုင်တဲ့ လူက အများ။ တချိန်ကလည်း ကမ္ဘာကြီးကို ပြားတယ်လို့ လူအများစု လက်ခံခဲ့တဲ့ ခေတ်တခေတ်တော့ ရှိခဲ့ဘူးတယ်။ သို့သော် သူတို့တွေရဲ့ အမှားက မသိနားမလည်လို့ ရိုးရိုးသားသား မှားတဲ့ အမှား လို့ ပြောရင် ပြောလို့ရသေးတယ်။

အခု “မိုးခါးရေ” မှာ မှားနေကြသူတွေကရော…….အဖြူ နဲ့ အမဲ (သို့) အမှန် နဲ့ အမှားကို တကယ်ဘဲ မခွဲခြမ်း မစိတ်ဖြာတတ်ကြလို့ ရိုးရိုးသားသား မှားနေကြတာလား…. ဒါမှမဟုတ် သူတို့အားလုံး အတ္တမျက်မှန်ကိုယ်စီကိုယ်ငှ စွပ်ထားကြလို့လား…… ကာယကံရှင်တွေ ကိုယ်တိုင်ဘဲ သိကြမယ် ထင်ပါရဲ့။

ဒါထက်ဲ….လာမယ့်မေလထဲမှာ အဲသည် ပန်းချီကား ပြပွဲတင်လိမ့်မယ်ဗျို့……

Anonymous said...

ပန်းချီကား နဲ့ သူ့နာမည် တွဲဖက်မရပေမယ့် တန်ခူးရဲ့ ပို့စ်ခေါင်းစဉ် နဲ့ ဝတ္ထုထဲက လူတွေရဲ့ စရိုက်ကတော့ တထပ်တည်းကျလေရဲ့။
တကယ်တော့ ဝတ္တုထဲတင်မကပါဘူးလေ..ပတ်ဝန်းကျင်မှာထပ်တလဲလဲမြင်တွေ့နေရတဲ့ 'သူတို့'...'သူတို့' တွေရဲ့ နေသားကျနေတဲ့ စရိုက်တွေနဲ့လဲထပ်တူပါဘဲ။
တန်ဖိုးရှိတဲ့ပို့စ်တခုပါဘဲ။

Anonymous said...

သူတို့ရဲ့ အဖြူရောင် သတ်မှတ်ချက်က
အနက်ထက် ပိုမှောင်နေလို့ များလေလား။

Kaung Kin Ko said...

မိုးခါးရေ လာသောက် အဲ လာဖတ်သါားတယ်။ လာဖတ်ပြီး တွေးသွားတယ်။

pandora said...

မေလထဲမှာ တင်မယ့် ပန်းချီပြပွဲ ကျရင်တော့ ... အင်း..

Anonymous said...

လက်ရာအတော်ပြောင်မြောက်တာဘဲ....တန်ခူးရေ,,,အမြဲအားပေးနေတယ်..

ကလိုစေးထူး said...

ကောင်းလိုက်တဲ့ အတွေးဗျာ။ ခေါင်းစဉ်ပေးထားတာရော၊ အထဲကရေးထားတာရော ဆက်စပ်ပြီး တွေးရတာက ပိုအရသာ ရှိတဲ့ ပို့စ်။ မျက်မှန်တပ်ထားတဲ့လူ…ဒါမှမဟုတ်…လူတွေ။ မျက်မှန် တပ်သင့်လား၊ ချွတ်သင့်လား။ မိုးခါးရေ။ ဘယ်ဟာက အမှန်လဲ။ မက်ဆေ့တွေ တော်တော်ပေးတယ်။ :)

တန်ခူး said...

ကျေးဇူးပါကိုပေါရေ။ ကာတွန်းလေးဖတ်ချင်တယ်။

အားပေးတာကျေးဇူးပါထနောင်းရယ်။

Anonymousရေ...လွတ်လွတ်လပ်လပ်တွေးလို့ရပါတယ်။

မိုးခါးရေတော့ မသောက်ပါနဲ့ ကောင်းကင်ကိုရယ်။

ပန်ရေ...ကျေးဇူးပါ။

အမြဲအားပေးနေတဲ့နှင်းပန်းကို ကျေးဇူးပါ။

အားပေးတာကျေးဇူးပါကိုစေးထူးရယ်။

မိုးခါး said...

ပေးတဲ့ message ကို အရမ်းသဘောကျမိပါတယ် ..း)