Thursday, December 27, 2007

တာဝန်ကျေတဲ့ မြန်မာလေး


ဒီနိုင်ငံကကျောင်းတွေမှာ မိဘ၊ဆရာ၊ကလေး တွေ့ဆုံဆွေးနွေးပွဲတွေကို ပုံမှန်မကြာခဏလုပ်ပေးလေ့ရှိတယ်။အဓိကရည်ရွယ်ချက်က ကလေးရဲ့အားနည်းချက်၊အားသာချက်တွေကို မိဘနဲ့ဆရာဆွေးနွေးပြီး ဒီထက်တိုးတက်အောင်ဘယ်လိုလုပ်ကြမလဲလို့ တိုင်ပင်ကြတာပါ။ ကျောင်းသားအသစ်စက်စက်သားရဲ့ကျောင်းက ဖိတ်ခေါ်လို့ ကျွန်မတို့ဇနီးမောင်နှံလဲ ပထမဆုံးအတွေ့အကြူံအဖြစ် သွားခဲ့ကြတယ်။ ကျောင်းနေသက်တမ်း ၃လအတွင်း သားရဲ့တိုးတက်မှူတွေဘယ်လောက်ရှိလဲ၊အဆင်ပြေရဲ့လား၊အရမ်းဆော့တဲ့သားမို့ ဘာတွေများအတိုင်ခံရမလဲလို့ ရင်တထိတ်ထတ်နဲ့။
ဆရာမက တွေ့တွေ့ချင်း သားကအရမ်းလိမ္မာယဉ်ကျေးကြောင်း၊ကျောင်းဆင်းချိန်ဆို ဆရာမအားလုံးကိုနှူတ်ဆက်ပြီး ဆရာမတွေကပြန်နှူတ်မဆက်ချင်း စိတ်ရှည်ရှည်နဲ့စောင့်ပြီးမှပြန်တတ်ကြောင်း တွေကိုပြောတော့ ကျွန်မရောခင်ပွန်းပါ ပီတိအပြုံးတွေနဲ့။မြန်မာလူမျိုးတယောက်ပီသစွာ ယဉ်ကျေးလိမ္မာအောင် အသက် ၃နှစ်နဲ့နားလည်အောင် ကျွန်မတို့ကြိုးပမ်းရကျိုး အနည်းငယ်တော့နပ်ပြီ။
ဆရာမက အားသာချက်တွေဆွေးနွေးပြီး ဒါပေမယ့်လေးခံလာတော့ ရင်တထိတ်ထိတ်နှင့်။ သားကဆက်ဆံရေး အားနည်းတယ်၊အဓိကဘာသာစကားပြဿနာ လို့ဆိုတယ်။အိမ်မှာဘာ ဘာသာစကားနဲ့ပြောသလဲလို့မေးတော့ မြန်မာစကားလို့ မဆိုင်းမတွဖြေမိတယ်။ဆရာမက ဘာသာစကားကျွမ်းကျင်အောင် အိမ်မှာပါ အင်္ဂလိပ်လိုပြောဖို့တောင်းဆိုတယ်။ကျွန်မနဲ့ခင်ပွန်း တယောက်မျက်နှာတယောက်ကြည့်မိကြတယ်။ ဆရာမကို ဟုတ်ကဲ့လို့ကတိပေးခဲ့တဲ့ ခင်ပွန်းကို အပြန်လမ်းမှာမေးကြည့်မိတယ်။ ကျွန်မကတော့ သားကိုမြန်မာလိုပဲ ပြောမှာပဲ၊မောင်ရောလို့်ဆိုတော့ မောင်လဲသားကိုမြန်မာလိုပဲ ပြောမှာပဲဆိုပြီး ပြုံးမိကြတယ်။
သားလေးစကားပြောတတ်တဲ့အရွယ်မရောက်ခင်ကတည်းက ကျွန်မတို့ကြိုတင်စီမံကိန်းချထားခဲ့ကြတာပါ။အခြေအနေအရ နိုင်ငံရပ်ခြားမှာနေရပေမယ့် သားလေးကမြန်မာလူမျိုးပါ။သားလေးလက်ထက်မှာ မြန်မာစကားမပျောက်ပျက်အောင်
ထိန်းသိမ်းဖို့ ကျွန်မတို့မိဘတွေမှာ တာဝန်ရှိပါတယ်။အချိန်တန်ရင် အင်္ဂလိပ်စကားက ကျွမ်းကျင်သွားမှာပါ။ကျွန်မတို့တောင် ၅တန်းမှ အင်္ဂလိပ်သင်ရပြီး လေ့လာရင်းနဲ့တတ်သွားသေးတာပဲ။
နိုင်ငံခြားမှာမွေးတဲ့ မြန်မာကလေးတချို့က မြန်မာလိုပြောတာကို နားသာလည်ပြီး ပြန်မပြောတတ်ကြပါဘူး။တချို့ကလေးတွေဆို မြန်မာလိုပြောရတာကိုပဲ ရှက်နေတတ်ကြပါတယ်။အဲဒီလို ကလေးတွေတွေ့တိုင်း ကျွန်မတော်တော်စိတ်မကောင်းဖြစ်ရပါတယ်။အဲဒီလို ကလေးတွေများလေလေ ကျွန်မတို့ဘာသာစကားပျောက်ကွယ်ဖို့များလေလေပါပဲ။တရုတ်လူမျိုးနဲ့ကုလားလူမျိုးတွေက ဘာသာစကားထိန်းသိမ်းတဲ့နေရာမှာ အတုယူဖို့တော်တော်ကောင်းပါတယ်။ဘယ်နိုင်ငံဘယ်ဒေသရောက်ရောက် သူတို့ဘာသာစကားကို မပျောက်ပျက်စေပါဘူး။
ကျွန်မအတွက်တော့ သားလေးနာမည်ကိုခေါ်လို့ ခင်ဗျာလို့ထူးသံလေးဟာ ဘ၀အမောတွေကိုပြေစေပါတယ်။ဆွမ်းအုပ်နီနီအမေရွက်လို့အစချီတဲ့ မြန်မာကဗျာလေးကို မက်မက်မောမောဆိုတတ်တဲ့ သားလေးဟာ
တာဝန်ကျေတြဲ့မန်မာကလေးတယောက်ပါပဲ။

တန်ခူး

5:00PM 27-Dec-2007

11 comments:

ထနောင်း said...

ဝါသနာအရ စာရေးတယ်ဆိုပေမယ့် မိသားစုကိုလည်း မြတ်မြတ်နိုးနိုးနဲ့ အလေးထားတဲ့ ဘလောက်လေးမို့ ကြည်နူး ပီတိဖြစ်မိပါတယ်။ချစ်တတ်သောတန်ခူး..မိသားစုလေးနဲ့ အမြဲပျော်ရွင်ပါစေလို့ ဆုမွန်ကောင်းတောင်းလျက်....

တန်ခူး said...

ပေးတဲ့ဆုနဲ့ပြည့်ပါစေ ထနောင်းရေ

Maydarwii said...

မခိုင်ရေ ... ဒီစာလေးကို ဖတ်ပြီး မခိုင်ကို လေးစားမိပါတယ်။
တဆက်တည်း အမေရိကားရောက်နေတဲ့ အကိုဝမ်းကွဲလင်မယား အကြောင်းလဲ တွေးမိတယ်။ သူတို့ သမီးလေးက ၃ နှစ်ကျော် ၄ နှစ်ထဲမှာ ရောက်နေပြီ။ မိဘ နှစ်ယောက်လုံးက ကလေးကို ဗမာလို သိပ်မပြောတော့ ကလေး ဗမာစကား သိပ်နားမလည်ပါဘူး။ ဖေဖေ မေမေ မခေါ်ပဲ ဒက်ဒီ မာမီ ပဲခေါ်သတဲ့။ ဗမာစာလည်း သင်မပေးကြဘူးတဲ့။ ကြာရင် ကလေးက ဗမာစာ နဲ့ ဗမာစကား လုံးလုံး သိတော့မှာ မဟုတ်လို့ ကလေးအတွက် အဝေးကနေပြီး စိတ်မောနေမိပါတယ်။ တကယ်တော့ ကလေးမှာ အပြစ်မရှိပါဘူး။ ဒါဟာ မိဘတွေရဲ့ တာဝန်နဲ့ လိုအပ်ချက်ပါပဲ။ မခိုင်ရဲ့ သားလေးဟာ တာဝန်ကျေတဲ့ မိဘနှစ်ပါးရဲ့ သွန်သင်ဆုံးမမှု ကြောင့် တာဝန်ကျေတဲ့ မြန်မာ့သားကောင်းကလေး ဖြစ်လာရတာပါ။ မခိုင်နဲ့တကွ မခိုင် ခင်ပွန်းကိုပါ လေးစားကြောင်း ပြောပါရစေရှင်။

တန်ခူး said...

ကျေးဇူးပါမေ...မေ့တူမလေးကငယ်သေးတော့ ခုချိန်သူ့မိဘတွေဗမာစကားပြောရင်pick upလုပ်နိုင်မှာပါ...ပြောကြည့်ပါလားဟင်...
ကိုယ်လေးစားရတဲ့ မြန်မာစာပေဗဟုသုတ ကြွယ်ဝပြီး၊ အရေးအသားကျွမ်းကျင်တဲ့'မေ'လာလည်တဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်...နောက်လဲအမြဲလာလည်ဖို့ဖိတ်ခေါ်ပါတယ်

တပြည်သူ အိမ့်ချမ်းမြေ့ said...

အမက ကော့မန့်ရေးသွားသော်လည်း လင့်ခ်မထားခဲ့လို့ စင်ဒရဲလားကို ဖိနပ်တစ်ဖက်ကိုင်လို့ ရှာရသလို ရှာလိုက်ရတာ ခုတော့ တွေ့ပါပြီး)
ကျွန်မ ကိုလင့်ခ်လုပ်ထားလို့လဲ ကျေးဇူးနော်..
နောင်လဲအမြဲလာနေမှာပါ
မင်္ဂလာနှစ်သစ်ပါနော်။

Maydarwii said...

မခိုင်ပြောမှ ကိုယ့်ကိုယ်ကိုယ် မြောက်သွားပြီ ... ဟဲဟဲ ... ။
အားတဲ့အခါ အမြဲ လာလည်မှာပါ မခိုင် ... ။ အသစ်လေးတွေလည်း ရေးဦးနော် ... ။
နှစ်သစ် မင်္ဂလာ ဖြစ်ပါစေ ... ။

Ko Paw said...

Happy New Year!
Wishing good health, peace and prosperity to you and your family.

Yours,
KP & HT

နှင်းခါးမိုး said...

အခုမှရောက်ဖြစ်တယ်။ အတွေးကော အရေးပါ လေနုအေးပါပဲ။ မိသားစုရိပ်ကလေး ဖြာနေတော့ ဘလော့က ပိုလှသွားတယ်။
လင့်ထားတဲ့အတွက် ကျေးဇူး..။
မင်္ဂလာနှစ်သစ်ပါ။

တန်ခူး said...

အရမ်းအလုပ်ရှူပ်နေ၍Blogထဲမရောက်ဖြစ်ပဲ ဒီနေ့မှရောက်ဖြစ်ရာ မမျှော်လင့်ပဲ ကျွန်မလေးစားသော ဧည့်သည်တွေလာလည်သွားလို့ အတိုင်းမသိ ဝမ်းသာမိပါတယ်...။

အိမ့်ရေ...လာလည်တဲ့အတွက်ကျေးဇူးပါနော်...ချစ်စရာကောင်းတဲ့ ခံစားမှူနုနုလေးတွေကို ရသမြောက်အောင် ရေးနိင်တဲ့ အိမ့်ရဲ့Blogလေးက မလာရမနေနိုင်အောင် အမြဲဆွဲဆောင်ထားတယ်...။မကြာမကြာလာလည်နော်...။

မေရေ...အမြဲလာလည်မယ်ဆိုလို့အရမ်းကျေးဇူးတင်ပါတယ်။ ပေးတဲ့ဆုနဲ့ပြည့်ပါစေ...။

ကိုပေါနဲ့ညီမလေးရေ...Same to you

လေးစားရတဲ့ကိုဝေလင်း...နှင်းခါးမိုးနဲ့တိတ်တိတ်ကလေးရင်းနှီးနေတာ ကြာပါပြီ...။လက်ဖျားခါလောက်အောင် ပြောင်မြောက်တဲ့ကဗျာတွေရေးတတ်တဲ့ အနုပညာသမားတယောက်က ကျွန်မBlogကို လာလည်တဲ့အတွက် အရမ်းဝမ်းသာမိပါတယ်...။နောက်လဲလာလည်ဖို့ဖိတ်ခေါ်ပါတယ်...။

အားလုံး နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...။

လင်း said...

မြန်မာပြည်ရဲ့ အဝေးမှာရှိနေပေမဲ့ ကိုယ့်ရင်သွေးကို မြန်မာ
အငွေ့ အသက်တွေကြားမှာ ကြီးပြင်းစေချင်တဲ့စိတ်ကို
တကယ်ဘဲလေးစားပါတယ်။

တန်ခူး said...

comment လေး အတွက် ကျေးဇူးပါလင်းရယ်။ ချစ်စရာ အမှတ်တရများစွာရဲ့ Blogပိုင်ရှင်လေး လာလည်တဲ့ အတွက် ဝမ်းသာမိပါတယ်။ နောင်လဲ လာလည်နော်။