Saturday, February 3, 2018

ပွဲဈေးတန်းချစ်သူ

ပွဲဈေးတန်းတွေ့ လိုက်တာနဲ့  ရင်ခုန်လှုပ်ရှား ပျော်မြူးသွားတတ်တာ ဟိုးငယ်ငယ်လေးကတည်းကနေ ဒီနေ့ ထက်ထိပါ။ ကျွန်မတို့ ငယ်ငယ်က ပွဲဈေးတန်းတွေက အများသား။ သင်္ကြန်, သီတင်းကျွတ်, တန်ဆောင်တိုင် စသဖြင့် ရာသီအလိုက်ပွဲတွေရှိသလို လွတ်လပ်ရေးပွဲ, စာပေဟောပြောပွဲ တွေကအစ ရပ်ကွက်ထဲက ကုလားဘုရားမီးနင်းပွဲအထိ ပွဲဈေးတန်းတွေရှိတတ်တယ်။ ရပ်ကွက်သူကျွန်မက ညနေစောင်း ပွဲဈေးတန်းလေး စအသက်ဝင်တာနဲ့  စုဗူးလေးတောင် ဖောက်ပြီး ဈေးတန်းထဲရောက်တတ်သူ။

ပွဲဈေးတန်းဆိုတာကလဲ အမျိုးအမည်က အစုံသား။ ဈေးလေးတွေက အပေါသား။ စားစရာတွေကလဲ အများသားမိုလား။ ပွဲဈေးတန်းအစက ဝယ်စားသွားတဲ့ အုန်းသီးနိုင်နိုင်နဲ့ ကောက်ညှင်းကျည်ထောက်ကလေးက ပွဲဈေးတန်းအလယ်တောင် မရောက်သေး ဟိုငေးဒီငေးရင်း စားတော့ ကုန်သွားတတ်တယ်။ ကလေးအရွယ်က ပွဲဈေးတန်းပတ်ရင် ကိုယ်စိတ်ဝင်စားတဲ့ဆိုင်ဆို ထိုင်တောင်ငေးနေတတ်တာမျိုး။ ဂျူံလေးတွေနဲ့  အရုပ်မျိုးစုံလုပ်ရောင်းတဲ့ဦးလေးကြီးနားဆို ကျွန်မတို့ ကလေးတွေ အုံငေးနေတတ်တယ်။ မျောက်ကလေး, ဆင်ကလေး, ကြောင်ကလေး, နဂါးကလေးစသဖြင့် ဦးလေးကြီးလက်နဲ့ ကျွမ်းကျင်စွာ လုပ်တဲ့အရုပ်ကလေးတွေကြည့်ုပြီးမှ ကိုယ်လိုချင်တဲ့အရုပ်ကလေးဝယ်တတ်တာ။ ကျွန်မကတော့ မင်းသမီးအရုပ်ကလေးဝယ်လေ့ရှိတယ်။

လက်ထဲကမုန့် ပြတ်တော့ မုန့် လင်မယားထပ်ဝယ်စားရင်း ရဟတ်စီးဖို့ တန်းစီ။ အမြင့်ကြောက်တဲ့ကျွန်မအတွက် ပွဲဈေးတန်းက ရဟတ်လောက်သာ စီးရဲတော့အတော်ပေါ့။ ပြီးတော့ ဒန်အိုးဒယ်ခွက်ကစားစရာလေးတွေရောင်းတဲ့ဆိုင်မှာ စိတ်ကြိုက်ရွေးဝယ်ပြီး လက်နဲ့ လှည့်တဲ့ကူဖီးလ်ကို ဘာဘူကြီးဆီကဝယ်စားတယ်။ မိုးပျံဗူပေါင်းလှလှလေးတလုံးဝယ်ပြီးတဲ့အခါ ပါလာတဲ့ပိုက်ဆံလဲကုန်ပြီမို့  ကျေနပ်ပျော်ရွှင်စွာနဲ့ အိမ်ပြန်။ ခုပြန်စဉ်းစားတော့ ငယ်ဘဝကတည်းက ပွဲဈေးတန်းလေးနဲ့ က အတော့်ကိုနေသားကျလာခဲ့တာ။

ဒီနိုင်ငံရောက်လာတော့ အိမ်ပြန်ရောက်တိုင်း ပွဲဈေးတန်းတွေ့ ရင် မနေနိုင် ပတ်ဆဲ, ပတ်မြဲ။ ဖေကတော့ အပျိုဖြစ်တဲ့အရွယ်ကစလို့  ဒီနေ့ ထက်ထိ ပွဲဈေးတန်းပတ်တာမကြိုက်။ ညီမ၂ယောက် ပွဲဈေးတန်းသွားရင် ဖေကဆူပြီ။ ပြီးခဲ့တဲ့အခေါက်က တိုက်တိုက်ဆိုင်ဆိုင် ရပ်ကွက်ထဲက လွတ်လပ်ရေးနေ့ ပွဲဈေးတန်းနဲ့ ကြုံတော့ ပွဲဈေးတန်းပတ်ရင်း ရပ်ကွက်စတိတ်ရှိုးလဲငေးခဲ့သေးတယ်။ ရပ်ကွက်ဥက္ကဌက အိမ်ချင်းကပ်ရက်မို့  စင်နံဘေးမှာ မတ်တပ်လေးငေးနေတဲ့ ကျွန်မတို့ ၂ယောက်တွေ့ တော့ ရှေ့ ဆုံးတန်းမှာနေရာပေးတယ်။ ကျွန်မလောက် ရပ်ကွက်အရေမထူတဲ့ ကျွန်မညီမက သူထိုင်နေကျ ဆေးခန်းက လူနာတွေ တွေ့ သွားမှဖြင့်ဆို ရှက်နေတဲ့အချိန် ကျွန်မကတော့ မခံစားရတာကြာတဲ့ လွတ်လပ်တဲ့အရသာကို ခံစားရင်း အရမ်းနှစ်သက်တဲ့ မျိုးကြီးရဲ့ "သူစိမ်းတယောက်ပါ" သီချင်းကို ပီပီပြင်ပြင်ဆိုသွားနိုင်တဲ့ ရပ်ကွက်ထဲက ရွက်ပုန်းသီးလေးကို ဥက္ကဌက တဆင့်ဆုချလိုက်သေးတာ။ အိမ်ပြန်ရောက်တော့ မအိပ်ပဲစောင့်နေတဲ့ဖေ့ကို သူကြိုက်တဲ့ ထန်းသီးဆံပေးရင်းချော့ရတယ်။

ဒီတခေါက်ပြန်တော့ ဘုရားပွဲ၂ပွဲနဲ့ တိုးတော့ အလုပ်တွေမအားတဲ့ကြားထဲက ပွဲဈေးတန်းတွေ့ ရင် မနေနိုင်လို့ သွားခဲ့သေးတယ်။ ဥက္ကလာပ ဘုရားပွဲနဲ့ ကျိုက္ကဆံဘုရားပွဲပါ။ ကျိုက္ကဆံဘုရားပွဲက ပိုလို့ စည်ကားလွန်းလှတယ်။ မုန့် မျိုးစုံကအစ အဝတ်အစားအလယ် တက်တူးဆိုင်အဆုံး အကုန်ရှိတယ်။ လူတွေက ကြိတ်ကြိတ်တိုး။ ရွှေမန်းသဘင်ကလဲ ခြိမ့်ခြိမ့်သဲ။ ကလစ်တွေ, နားကပ်တွေစုံစီနဖာရောင်းတဲ့ဆိုင်မှာ ကျွန်မညီမကငေးတတ်သလို စာအုပ်ဟောင်းတွေရောင်းတဲ့ဆိုင်မှာ ကျွန်မငေးတတ်တယ်။ ငယ်က အရမ်းနှစ်သက်တဲ့ ကပ်စေးနှဲဒုတ်ထိုးရောင်းတဲ့ဆိုင်တွေ့ တော့ အားရပါးရသွားတုန်း ဗြုန်းကနဲဆို တုတ်တုတ်ကြီးခွေနေတဲ့ မြွေကြီး၂ကောင်တွေ့ တော့ ညီမ၂ယောက် အလန့် တကြားအော်မိကြတယ်။ ကျွန်မတို့ ငယ်ငယ်ကလို မြွေကြီးတွေပြတဲ့ဆိုင်တွေရှိတုန်းလေ။ ကပ်စေးနဲစားရင်း ခပ်လှမ်းလှမ်းလာတော့ ပင်နီတွေနဲ့ ကျွန်မတို့ သင်္ကန်းကျွန်း NLDရဲ့ဈေးရောင်းပွဲကိုတွေ့ ရတယ်။ ကျွန်မညီမက ချင်းပုတီးလေးတွေငေးတုန်း ကျွန်မက စာအုပ်လေးတွေ ဝယ်ဖြစ်တယ်။ 2015 ရွေးကောက်ပွဲက ကိုယ့်နယ်မြေအတွက် လော်ဘီလုပ်ခဲ့တဲ့ လူငယ်အမတ်လေးနေဘုန်းလတ်က သူ့ စာအုပ်လေးမှာ အမှတ်တရလက်မှတ်ထိုးပေးတယ်။ စာအုပ်လေးတွေရပြီး ကြွက်အစစ်နဲ့ တူတဲ့ကြွက်ရုပ်ဆိုင်လေးတွေ့ တော့ သားသုတအတွက် ကြွက်မဲလေးဝယ်။ ခပ်လှမ်းလှမ်းရောက်တော့ တူမလေးခင်ခေတ်သာအတွက် ဒန်အိုးပုတ်လေးတွေဝယ်နဲ့  လက်မလည်ဘူး။ ညီမ၂ယောက်မောလာတော့ ကြံရည်ထိုင်သောက်ရင်း ပန်းအတုဆိုင်လေးငေးကြတယ်။ ပွဲဈေးတန်းက ဗေဒင်ဆရာဆီမှာ နှလုံးသားရေးရာမေးနေပုံရတဲ့ဆယ်ကျော်သက်ကောင်မလေး။ တကယ့် ရသစုံတဲ့ပွဲဈေးတန်းမြင်ကွင်းကို ကျွန်မနှစ်သက်မိတာ ဆန်းသလားနော်။ ထုံးစံအတိုင်းဖေ့ကိုချော့ဖို့ ထန်းသီးဆံနုနုလေးတွေဝယ်ပြီး ညီအမ၂ယောက် အိမ်ပြန်ခဲ့ကြတယ်။

Branded တွေရောင်းတဲ့ shopping center ကြီးတွေပတ်ရတာထက် ပွဲဈေးတန်းလေးတွေပတ်ရတာ ပိုလို့ ရင်ခုန်နွေးထွေးစေတယ်ဆိုရင် ကျွန်မကို ပိုတယ်ထင်ကြမလား။ ဟုတ်ကဲ့။ ကျွန်မက ရပ်ကွက်သဘာဝကို ချစ်တတ်တဲ့ ရပ်ကွက်သူစစ်စစ်ပါ။

တန်ခူး
7:49pm
3-Feb-2018

No comments: