"ဘောက်ထော်" ဘူတာ။
အမေပြောပြသည့် မိသားစုကျော်ဖြတ်ခဲ့ရတဲ့နေ့ ရက်တွေမှာ အလွန်အရေးပါသည့် ဘူတာလေးတခု။ အဖေနဲ့ အမေ အိမ်ထောင်ကျတော့ အဖေက ဆင်းရဲလို့  ချမ်းသာသည့်အမေ့ဘက်က သဘောမတူတာကြောင့် အိမ်ထောင်ဦးမှာ လှည့်မကြည့်ခဲ့။ သုညကစခဲ့ပေမယ့် မေတ္တာခင်းတဲ့လမ်းဆိုတော့ သူတို့ မောရမှန်းပင်မသိ။ သူများအိမ်မှာငှားနေရသည်။ အဲဒီအချိန်က အဖေရော၊ အမေပါ ကျောင်းဆရာ၊ဆရာမတွေ။ သူတို့ နေ့ တိုင်း မြို့ ပတ်ရထားစီးပြီး ကျောင်းသွားကျောင်းပြန်လုပ်သည်။ ဘောက်ထော်ဘူတာမှာတက်၊ ဘောက်ထော်ဘူတာမှာဆင်း။ ဘောက်ထော်ဘူတာက အဖေတို့ အမေတို့ နဲ့ အတော်သံယောဇဉ်ဖြစ်ခဲ့သည့် ဘူတာ။ ဘယ်လောက်တောင်ဖြစ်ခဲ့သလဲဆို အမေကျွန်မကိုယ်ဝန်လွယ်ထားရစဉ် နေ့စေ့လစေ့မွေးခါနီးအထိ ရထားစီးပြီးကျောင်းသွားတဲ့အခါ ရထားလွတ်မစိုးလို့  ပြေးရတဲ့အခါမျိုးမှာ ရထားမောင်းသည့်ဦးလေးကြီးက အမေ့ကို မှတ်မိနေပြီး နေ့တိုင်းစောင့်ခေါ်တတ်သည်တဲ့။ ဘာရယ်မဟုတ် အဲဒီနေ့ ရက်တွေ အမေပြန်ပြောတိုင်း မျက်ရည်ဝဲတတ်သည်။
ငယ်ငယ်က ကြီးကြီးနဲ့ အတူ အဲဒီဘောက်ထော်ဘူတာမှ ရထားစီးပြီး ဟိုသွား၊ ဒီသွားလျှောက်လည်ခဲ့ဘူးသည်မို့  သည်ဘောက်ထော်ဘူတာလေးက ငယ်ချစ်လို့ ဆိုနိုင်သည်။ အကျွမ်းတဝင် ဘောက်ထော်ဘူတာလေးနဲ့ ဝေးခဲ့တာ နှစ်ပေါင်း၄၀နီးပါး။ ဒီက MRT နေ့ တိုင်းစီးပြီး ကျောင်းသွားတဲ့သားက မြန်မာပြည် transportation system ကိုအလွန်စပ်စပ်စုစု သိချင်လှသည်။ သူလူမှန်းသိကာစကနေ ဒီနေ့ အထိ သူ့ အဖိုးကား၊ သူ့အဒေါ်ကားနဲ့ သွားနေရတော့ တခါတလေ ဆိုက်ကားစီးဖို့  ပူဆာတတ်သည်။ သားနဲ့  တက်စီ စီးလျင် ဈေးဆစ်လို့ မရ။ စင်္ကာပူဒေါ်လာနဲ့ ပြန်တွက်ပြီး သူက တက်စီမောင်းသူကို ပြန်အားနာနေတတ်သူ။ သားစိတ်ဝင်တစားပူဆာသည့် မြို့ ပတ်ရထားကို ပြီးခဲ့တဲ့အခေါက်က ဆွေမျိုးတွေတလှေကြီးနဲ့ စီးခဲ့ကြသည်။
ဘောက်ထော်ဘူတာကိုရောက်တော့ ဆံပင်ဖြူဖြူ၊ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးတွေနှင့် အိုမင်းရင့်ရော်လာသည့် အဖိုးအိုကြီးတယောက်နှင့် ပြန်ဆုံသလိုခံစားရသည်။ ဒီအဆောက်အဦး၊ ဒီလှေခါး၊ ဒီသံလမ်းတွေက ကျွန်မငယ်ငယ်ကအတိုင်းပါပဲလား။ ဘာမှမပြုပြင်တော့ နေရာတကာမှာ ဟောင်းနွမ်းအိုမင်းယိုယွင်းခြင်းတွေနဲ့ ။ ရထားလမ်းပေါ်က ပေါင်းပင်တွေက နေ့ တိုင်းသွားလာနေသည့် ရထားလမ်းတခုမဟုတ်သလို။ ရင်ထဲဘာကိုဝမ်းနည်းမိမှန်းမသိ။
ရထားလက်မှတ်ဝယ်တော့ တစောင်၂၀၀။ အခြေခံလူတန်းစားတတ်နိုင်သည့် ပမာဏမို့  ကျေနပ်မိသည်။ ရန်ကုန်မှာမွေးသည့် တူတွေကလဲ ရထားတခါမှမစီးဘူးတော့ သားနဲ့ မထူး၊ သူတို့ အတွက် အကုန်အထူးအဆန်းချည်း။ လက်မှတ်ရောင်းတဲ့သူက နောက်၁၀မိနစ်ကြာရင် ရထားလာမည်လို့ ပြောလိုက်သည်။ ၅မိနစ်အတွင်း ရောက်လာတော့ မမေးမမြန်းနဲ့ ဝမ်းသာအားရတက်သွားသည်။
ကလေးတွေအများကြီးနဲ့ တက်လာသည့် ကျွန်မတို့ ကို ရထားစီးနေကြသူတွေက အံ့သြတကြီးဝိုင်းကြည့်ကြသည်။ ဟိုစူးစမ်း၊ ဒီစူးစမ်းဆိုတော့ သူတို့ အမြင်ဆန်းနေတာဖြစ်မည်။ ရထားကို သားကဓာတ်ပုံရိုက်၊ ကျွန်မက ဓာတ်ပုံရိုက်၊ ရထားစီးနေတုန်း ကျွန်မဦးလေးအငယ်က Facebook ပေါ် Live လွှင့်ဆိုတော့ မြန်မာတွေဖြစ်ပြီး ရထားကိုဘာအထူးအဆန်းဖြစ်နေကြတာလဲ ထင်ကြမည်။
စိတ်ကျေနပ်စရာကောင်းတာက ရထားပေါ်မှာ ကြိတ်ကြိတ်တိုးလူမကျပ်။မတ်တပ်ရပ်သူတချို့ ရှိပေမယ့် အသက်ရှုချောင်လှသည်။ ပြီးတော့ သန့် သန့် ရှင်းရှင်းရှိလှသည်။ ကျွန်မထုံးစံ ရထားစီးသူတွေကို အနည်းငယ်လေ့လာ စကားစမြည်စပြောသည်။ ဒါကိုယ့်တိုင်းပြည်ဆိုတော့ သိသိမသိသိ၊ ဘယ်သူနဲ့ ဖြစ်ဖြစ် မိတ်ဆက်စကားဆို စကားပြောလို့ ရသည်မဟုတ်လား။ ကျွန်မ မတ်တပ်ရပ်သည့်နားမှာ ထိုင်နေသည့်ဦးလေးကြီးက အသက်၆၀နီးပါးရှိမည်။ဆံပင်တွေဖြူ၊ အဝတ်အစားနွမ်းပါးပြီး ဒီအသက်အရွယ်အထိ အလုပ်လုပ်နေပုံရသည်။ YBS နဲ့ ရထားဈေးချင်းတူတူပဲနော်လို့  ကျွန်မကမေးတော့ ဦးလေးကြီးက “မတူဘူးလေသမီးရဲ့၊ ရထားက ၁၀၀ ၊ YBS က ၂၀၀၊ တဝက်သက်သာတယ်၊ လမ်းမပိတ်ဘူး၊ ကားလောက် အန္တရာယ်မများဘူး၊ စီးရတာစိတ်ချမ်းသာတယ်" တဲ့။ မြို့ ပတ်ရထားရဲ့ ကောင်းတဲ့အချက်လေးတွေကို နေ့ တိုင်းစီးနေပုံရတဲ့ဦးလေးကြီးဆီက ကြားရတော့ စိတ်ထဲကျေနပ်ပျော်ရွင်မိသည်။
ဒီမှာ အဒေါ်ကမေးတော့သည်။ အမတို့ ဝယ်လာတဲ့လက်မှတ်ဘာကြောင့် ၂၀၀ ဖြစ်နေပါလိမ့်တဲ့။ ညီမဝမ်းကွဲက အထက်တန်းတွဲသပ်သပ်ရှိနေလားမသိလို့ စဉ်းစားသည်။ အဲဒီမှာပဲ မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့် ရုံးဝန်ထမ်းဖြစ်ပုံရတဲ့အမျိုးသမီးလေးက ခပ်သွက်သွက်ဝင်ပြောသည်။၂၀၀ ဆိုတာ Aircon ရထားတဲ့။ သူပြောမှ စောလာသည့်ရထားကို မှားစီးခဲ့ကြတာ သဘောပေါက်သည်။
မကြာခင် ရထားတစီးရဲ့ဆည်းလည်းတွေ ဟိုကဒီက ပေါ်လာသည်။ မြန်မာမုန့် မျိုးစုံအသည်၊ ပဲပြားသုပ်ရောင်းတဲ့အသည်၊ ဒဏ်ကြေဆေးရောင်းတဲ့အသည်၊ ပန်းသီးသည်၊ လိမ္မော်သီးသည်၊ သံပုရာသီးသည်၊ ကွမ်းယာသည်စုံလို့  ထုံးစံအတိုင်း ဝေဝေဆာဆာ၊ ကဗျာတပုဒ်လို ကာရံနဲ့ ရောင်းကြသည်။ သားကို ကြိုပြောပြမထားတော့ သားကတအံ့တသြနဲ့ အသည်တသည်ချင်းစီကို စိတ်ဝင်တစားကြည့်သည်။ ဘေးနားက ကောင်မလေးက အသုပ်ဝယ်စားတော့ စုံစီနဖာအကုန်ပါသည့်ဗန်းထဲမှ ပစ္စည်းတွေ တခုပြီးတခုထည့် ရထားပေါ်တင် အသုပ်အပြီးအစီးသုပ်ပေးနေတာ သူ့ အတွက်အတော်ထူးဆန်းနေသည်။
ခဏနေတော့ အကြောဆေးရောင်းတဲ့အသည်က ဒီတွဲမှာကျောက်ချနေလို့ ဆို သံပုရာသီးသည်အမျိုးသမီးက စောင်းပါးရိပ်ခြေပြောသည်။ တီဗွီမှာကြော်ငြာရင်တောင် အချိန်နဲ့ သူ့ အလှည့်ကိုယ့်အလှည့်ရှိသည်တဲ့။ ပညာသားပါပါပြောလိုက်တော့ ဆေးရောင်းတဲ့သူ တွဲကူးသွားသည်။ ခဏနေတော့ သူ့ သံပုရာသီးတွေကို ညှစ်ပြပြီး ဘယ်လောက်အရည်ရွှမ်းလဲဆို ဆင်ကြီးကြီးလဲရေချိုးပေးလို့  ရတယ်၊ ဆင်သေးသေးလဲရေချိုးပေးလို့ရတယ်ဆိုပဲ။ သားကကြော်ငြာတတ်ပုံကိုသဘောကျလို့ နေပြီး ကျွန်မကိုတိုးတိုးလာပြောသည်။ “very creative” တဲ့။
လမ်းဘေးမြင်ကွင်းတွေကတော့ မသာယာလှ။ တချို့ နေရာတွေ နောက်ဖေးလမ်းကြားနဲ့ တူသည်။ ကန်စွန်းခင်းကြီးတွေတွေ့ တော့ သားကသူကြိုက်တဲ့အရွက်တွေ အခင်းလိုက် အများကြီးတွေ့ 
ရလို့ ခူးလို့ ရလားမေမေလို့ မေးသေးသည်။ ဆင်းရမယ့်ဘူတာရောက်တော့ ကလေးတွေ မရပ်ခင်မဆင်းကြဖို့ လက်တွေတွဲ၊ သတိတွေပေးရင်း ရှူပ်ရှက်ခပ်နေတဲ့ ကျွန်မတို့ ဆွေမျိုးတသိုက်ကို ရထားပေါ်ကလူတွေက ပြုံးကြသည်။ ဘယ်လောက်ချစ်စရာကောင်းတဲ့၊ ဘယ်လောက်ဖော်ရွေတဲ့တိုင်းပြည်လဲနော်။ ဒီနိုင်ငံက MRTပေါ်မှာဆို နိုင်ငံကြီးသားတွေရဲ့ မျက်စောင်းဒဏ်နဲ့ တင် ကျွန်မတို့ လဲကျနိုင်သည်။
မယ်လမုဘုရားကို ဘူတာကနေခြေလျင်သွားတော့ ငယ်ငယ်မူလတန်းမတက်ခင် အရွယ်က ကြီးကြီးလက်လေးဆွဲပြီး ဒီခရီးကို အတူသွားခဲ့သည့် ကိုယ်ပုံရိပ်ကို မြင်ယောင်မိသည်။ ဆွေမျိုး ၉ယောက်၊ ကုန်ကျစရိတ် ၁၈၀၀ကျပ်နဲ့ မယ်လမုဘုရားဖူးသွားသည့် ဒီခရီးက ပျော်လဲပျော်၊ တန်လဲတန်၊ ကုသိုလ်လဲရမို့ အမှတ်တရပင်။ သားက ရထားစီးရတာ အရမ်းသဘောကျပြီး မှတ်ချက်ပေးသည်။
မေမေ ရထားစီးရင်း wet market သွားသလို၊ food court သွားသလိုပဲနော်တဲ့၊ သူတို့ က ကိုယ်ရှိရာလာရောင်းတော့ အချိန်ကုန်လဲသက်သာ၊ လူလဲသက်သာတယ်နော် ပြီးတော့ ဘယ်စီးစီး စင်္ကာပူဒေါ်လာ ၅ပြားနဲ့ညီတဲ့မြန်မာငွေပဲပေးရတာလို့  အင်္ဂလိပ်လိုမှတ်ချက်ချသည်။ ဟုတ်ပါရဲ့။ သားပြောမှ ကိုယ့်တိုင်းပြည်က မြို့ ပတ်ရထားရဲ့အားသာချက်ကို ကွင်းကွင်းကွက်ကွက်မြင်တော့သည်။
တကယ်တော့ အသစ်တွေဆီလှမ်းစရာမလိုသေးပါ။ လက်ရှိအဆင်ပြေနေတာလေးကို ပိုလို့ ကောင်းအောင် မွမ်းမံပြီး ရထားစီးရေ ခပ်စိပ်စိပ်လေးသာ စီစဉ်လိုက်ရင် ရထားစီးသူတွေ ဒီထက်ပိုများပြီး လမ်းပိတ်ဆို့ မှုပြဿနာလဲ အနည်းနဲ့ အများပြေလည်လာနိုင်လိမ့်မည်လို့ မျှော်လင့်မိသည်။
တန်ခူး
10:36am
19 Jan 2018
( ဒီ post ကို ဘာလို့ ရထားစီးကြသူများ၂ လို့ ပေးခဲ့လဲဆိုတော့ ဒီခေါင်းစဉ်နဲ့ ပဲ အရင်က ကျွန်မblog မှာစာတပုဒ်ရေးခဲ့ဖူးလို့ပါ)
No comments:
Post a Comment