Saturday, August 3, 2013

စွယ်တော်ရိပ်နဲ့  ပွဲကြိုက်ခင်



“ပွဲဦးကရန်… ခုနှစ်သံချီဆွယ်… အို... သွားလိုက်ကြတာ… လူတွေမနဲတယ်… လာလေ စောစောသွားမှ… တို့ နေရာရမယ်”

အလင်္ကာကျော်စွာစောင်းဦးဘသန်းရဲ့ အနုပညာ လက်ရာမြောက် ကျော်ကြားတဲ့ အဲဒီ ပွဲကြိုက်ခင် သီချင်းလေးများ ကြားရရင် ကိုယ့်များ စောင်းဆိုထားသလား ထင်ရလို့  အမြဲပြုံးမိပါတယ်။ ငယ်တုန်းက ရပ်ကွက်ထဲ ပွဲဆိုတဲ့ အသံကြားလိုက်တာနဲ့  ရင်တွေခုန်လို့  ရှေ့ ဆုံးကနေ အားရပါးရ မော့ကြည့်နိုင်ဖို့  ကြိုးစားရတာ အမောပါ။ ခုခေတ်နဲ့ ယှဉ်ရင် ကျွန်မတို့ ငယ်ငယ်က ပေါလိုက်တဲ့ ပွဲတွေ။ သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ ပြာသို၊ တပေါင်း၊ လွတ်လပ်ရေးနေ့ ၊ ပြည်ထောင်စုနေ့ ၊ အမျိုးသားနေ့ … သင်္ကြန်… စုံလို့ ။ ပွဲကြိုက်တဲ့ကျွန်မ အကဲပိုပုံ ပေပုံတေပုံက ပွဲဟေ့ဆို နတ်ကနားပွဲ၊ ကုလားမီးနင်းပွဲကအစ အလွတ်မပေးပဲ ကြည့်ခဲ့တာ။ ဒါကြောင့်လဲ ပွဲဦးကရန် ခုနှစ်သံချီတာနဲ့  အဖေ့ကြိမ်းသံနဲ့  အမေ့မျက်လုံးတို့ က ကျွန်မကို သတိပေးတဲ့ အနေနဲ့  ရောက်လာမြဲပါ။



ရွာရိုးကိုးပေါက် ရပ်ကွက်ထဲမှာ ဟိုပွဲပြေးကြည့် ဒီပွဲပြေးကြည့် စိတ်ထင်တိုင်းကျဲခဲ့တာ အသက်၁၃နှစ်လဲ ပြည့်ရော အဖေက ခွင့်မပြုတော့ပါဘူး။ အဲဒီကစ ပွဲကြိုက်တဲ့ကျွန်မ ပွဲသံကြားရင် အတော်ခံစားခဲ့ရတာပါ။ အဖေတို့ အမေတို့ တုန်းကတော့ မန်းလေးတက္ကသိုလ် ကျောင်းသား ကျောင်းသူ ဘ၀မယ် ဆောင်းတွင်းအငြိမ့်ညတွေကို တ၀ကြီးကြည့်ခဲ့ရပြီး ကိုယ့်မှ ပွဲတွေနဲ့ ဝေးရလေခြင်းလို့  တယောက်ထဲ မကျေမနပ် တွေးမိခဲ့သေးတာ။ ဒါပေမယ့် ပြည်ထောင်စုပွဲရောက်ရင်တော့ အဖေက ကျိုက္ကဆံကွင်းထဲမှာ မြို့ တော်သိန်းအောင် သို့ မဟုတ် ဂီတပဒေသာ၊ ရုပ်ရှင်ပဒေသာလို ပွဲမျိုးတွေ သူနဲ့ အတူ လိုက်ပြတတ်သလို သင်္ကြန်ဆိုလဲ သံချပ်ပွဲတွေ သူနဲ့ အတူ လိုက်ပြတတ်တာမို့  ပွဲနဲ့  သူစိမ်းပြင်ပြင်တော့ မဟုတ်လှဘူးပေါ့လေ။



ဒီနိုင်ငံရောက် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တော့ ပွဲကြိုက်ပိုးလေးက ပြန်ထလာပါတယ်။ ဟိုပွဲလေးလဲ ကြည့်လိုက်ချင် ဒီပွဲလေးလဲ ကြည့်လိုက်ချင်ပါ။ ကြည့်လဲပြန်ကြည့်ဖြစ်ခဲ့ပါတယ်။ အိမ်ထောင်ကျတော့ အမျိုးသားက ဂီတအနုပညာ ကိုယ့်ထက်တောင် ၀ါသနာပါပေမယ့် လူရှုပ်ရှုပ်ဆို သိပ်မနေတတ်သူမို့  ပွဲကြည့်ချင်ရင် အတော်ပူဆာရပါတယ်။

“အရပ်ထဲ ဇာတ်ပွဲကနေတယ်… အော်… ဆိုင်းသံဗုံသံဆူညံ… မသွားနဲ့ ချစ်တဲ့သူရယ်… ဇာတ်သီချင်း.. လက်ငင်းဖွင့်ပြမယ်ကွယ်”

သူက ဂီတာလေးတီးလိုက် သီချင်းလေးညည်းလိုက်နဲ့  အေးအေးဆေးဆေးနေသူ။ ကျွန်မကြိုက်တဲ့ မြန်မာသံစဉ်တွေကိုလဲ အသေအချာဆိုနိုင်သူ။ ခက်တာက ပွဲကြိုက်ခင်ကျွန်မ။ ပွဲသွားရမှလေ။ ပွဲဆိုတဲ့ ဆွဲဆောင်နိုင်မှုကလဲ မသေးနော်။ လှူရှုပ်ရှုပ်မို့  စိတ်မပါလက်မပါနဲ့  လိုက်ခဲ့ရတဲ့သူ သူတောင် ဆိုင်းသံလေးပျိုးလိုက်တာနဲ့  နဂိုဂီတမြတ်နိုးမှုအခံစိတ်လေးပေါ်လာပြီး ပွဲခေါ်ရာနောက်ပါသွားတော့တာပါပဲ။



အသက်လေးနဲနဲရလာတော့ အရင်ကလို ပွဲဆို မရိုးမရွဖြစ်တတ်တဲ့ အကျင့်လေးက သိပ်အခြေအနေ မဆိုးတော့ပါဘူး။ ပွဲတိုင်းမသွားဖြစ်အောင် နေနိုင်ပေမယ့် မနေနိုင်တဲ့ပွဲ တခုကတော့ စွယ်တော်ရိပ်အငြိမ့်ပွဲပါ။ ကျွန်မတို့  စက်မှုတက္ကသိုလ် ၀ါသနာရှင် ကျောင်းသားဟောင်းတွေ ဦးဆောင် ဖျော်ဖြေတဲ့ပွဲလေးပါ။ အနုပညာဝမ်းစာ ပြည့်ဝတဲ့အပြင် ပါရမီပါတယ်လို့ တောင် ဆိုရမလိုပါပဲ။ မင်းသမီး အစ လူရွှင်တော်အလယ် ယိမ်း၊ ပြဇာတ်အဆုံး ဘယ်နေရမှ ဟာကွက် လွတ်ကွက်မရှိအောင် ကောင်းနိုင်လွန်းတာပါ။ ပျက်လုံးတွေကလဲ အဆင့်ရှိ ထိမိလှပါတယ်။ မြန်မာ့ ရိုးရာယဉ်ကျေးမှုလေးတွေကို အသားပေးထားတာမို့  ကိုယ့်တိုင်းပြည်နဲ့  ဝေးနေတဲ့ ကျွန်မသားလေးအတွက် အံ့သြစရာတွေ ပြည့်လို့ ပါ။ စွယ်တော်ရိပ်လို့ ဆိုတာနဲ့  အဖေရောသားပါ သိပ်အဖော်စပ်နေစရာမလို အပြေးလိုက်ကြတာမို့  ပွဲကြိုက်ခင် ကျွန်မကတော့ ဟန်အတော်ကျနေတာပေါ့လေ။



“အပျော်ဆိုတာရယ်… ငွေကုန်ခံနိုင်ရင်… အကောင်းဆုံးပဲ.. ပွဲကြိုက်တဲ့ခင်နှမရယ်… အအိပ်ပျက်တယ်… အစားပျက်တယ်… ဓာတ်ပြားတပြားလောက် ဖွင့်ကာနေတော့ကွယ်”

စွယ်တော်ရိပ်သုခုမည 2013မှာ ပြန်လာတော့မယ် လက်မှတ်တွေ ရောင်းနေလဲဆိုတော သိပ်စဉ်းစားမနေ ငယ်တုန်းက ဇာတ်ခုံရှေ့ မှာ ဖျာခင်းနေရာဦးသလို ရှေ့ ဆုံးတန်းက လက်မှတ်အပြေးလေးဝယ်တဲ့ ကျွန်မကို အိမ်ကလူက ငွေကုန်တယ်ပြောလဲ ထိန်းမရတော့ပါဘူး။ ပွဲရူးမလို့  အရပ်ထဲကပြောကြပါစေ ကျွန်မကတော့ စွယ်တော်ရိပ်ဆိုတာနဲ့  စိတ်မလျော့ပါဘူး။ ပွဲမကြိုက်တတ်သူတွေတောင် စွယ်တော်ရိပ်အစွမ်းကြောင့် ဘ၀အမောတွေ အဝေးပြေး လန်းဆန်းသွားရမှာ သေချာသမို့  အတူကြည့်ရအောင် လက်မှတ်ဝယ်ဖို့  တိုက်တွန်းလိုက်ပါရစေ။

“အရပ်ထဲကပြောလှပါပြီ… ဒီပွဲရူးကြောင့်ခက်လှချည်ရဲ့… ရှက်လှပေါ့ခင်ရယ်… ပြောပေမယ့်လို့ … ဘယ်ခါမလျော့တယ်”

(စွယ်တော်ရိပ်အဖွဲ့ ရဲ့ ဓာတ်ပုံလေးများကို သုံးခွင့်ပေးသော မရွှေစင်မကို ကျေးဇူးပါ)

တန်ခူး

4:05pm 3-Aug-2013

3 comments:

Anonymous said...

မမတန်းခူးရေ.. ကျတော်လဲ သွားကြည့်မှာဗျ.. မတွေ့ရတောင် အတော်ကြာပီဗျာ.. အစ်ကိုနဲ့အမကို အာစရိယ ပူဇော်ပွဲမှာ နောက်ဆုံးတွေ့တာထင်တယ်..

ကြားတာကတော့ ပွဲက ၅နာရီစမယ်ကြေငြာထားတယ်ဗျ.. ပွဲစကတည်းက အစီအစဉ်ကောင်းတွေ ကို တင်ဆက်မှာမို့ ၅နာရီ အမှီ သွားစေချင်တယ်ဗျာ..

ခင်မင်လျက်
ပေတူး

Anonymous said...

လက်မှတ်ဝယ်ပြီးပြီ မတန်ခူးရေ...


စင်စင်

Anonymous said...

ကြည့်ချင်လိုက်တာ အမရာ...
ကျနော်လဲ ပွဲကြိုက်တယ်အမရဲ့... ငယ်ငယ်ကဆို ဖေဖေလိုက်ပြတာ ပြဇာတ်ဆို သိပ်ကြိုက်တယ်။ အကဆို ချမ်းသာပဲ ကြည့်တယ်။
မိုးဝင်းမိုမင်း စိန်အောင်မင်း ရဲစိန် ညီဝင်းစိန် နိုင်ဝင်းစိန် မြို့တော်သိန်းအောင် ခင်မောင်ချင်း စန်းစန်းအေး ရွှေမန်း နန်းဝင်း ရှိသမျှပွဲ အကုန်ပါတယ်။ ကိုယ်ကြိုက်ရင် ကြည့်တယ်။ မကြည့်ရင် ပွဲခင်းထဲက ဖျာပေါ်မှာ အိပ်တယ်။ ဟီး.. နောက်ပိုင်းတွေဆိုလဲ သိပ်ကြိုက်တယ်။ ဇာတ်တော်တွေကိုပေါ့။ ပြည်ထောင်စုပွဲဆိုလဲ ပဒေသာကပွဲတို့ ရွှေမန်းတို့က အမြဲ ဆင်နွဲနေကြ။ ကြည့်တာသတ်သတ် အိပ်တာသတ်သတ်နော်။
ဖေဖေက ဦးမောင်မောင်ဆပ်ကပ်က အစလိုက်ပြပေးတယ်။ ဆိုဗီယက်ပြန် စန်းစန်းအေးတို့ ရော မလွှတ်စေရဘူး။ နောက်ပီး ဇာတ်ရုံမှာ ရုပ်ရှင်ဟောင်းတွေ ဆိုလည်း လိုက်ပြပေးတယ်။ ငယ်ငယ်က မှတ်မိနေတယ်။ ဆရာမနိုင်နှစ်ဆောင်ပြိုင်တို့ စက္ကောမတို့ ရှင်ဥပဂုထ္ထတို့ အဲလိုရှားပါးကားတွေလေ... ဒီတော့ ပွဲမြင်လို့ ဆိုင်းသံကြားရင်ကို ကြည့်ချင်တာ ။ ဒီကြားထဲ ရုပ်ရှင်ရုံဆိုလဲ ဖေဖေက ကုလားကား တရုပ်ကား ဂျပန်ကား အင်္ဂလိပ်ကား မြန်မာကား အကုန်လိုက်ပြတာ မှတ်မိသေးတယ်။ ဖေဖေက ခုချိန်ထိ ပွဲပိုးမသေသေးဘူး။ မနည်းတားနေရတယ်။ ညီမတို့ဆို ရန်ကုန်တမြို့လုံးနီးပါး ဖေဖေ့ကျေးဇူး မမကျေးဇူးနဲ့ ပွဲ လိုက်ကြည့်ဖူးတယ်။ မမကတော့ အထူးသဖြင့်ရွှေမန်းဆို နေရာအနှံလိုက်ကြည့်တယ်။ ဖေဖေကတော့ သန်လျှင်တောင် မချန်ဘူး။ ဘာပွဲလာလာ။ များသောအားဖြင့်တော့ ကလေးဆိုတော့ အိပ်တာကများပါတယ်။ ဒါပေမဲ့ ပွဲကို ကြိုက်တယ်။ အငြိမ့်တွေဆိုလဲ တအားကြိုက်ပဲ။

စွယ်တော်ရိပ်ကို တခါမှ မကြည့်ဖူးသေးဘူး။ ကြည့်ချင်လိုက်တာ။ အာအိုင်တီမှာ မကြည့်ခဲ့ရဘူး။ သဇင်ဆောင် ဒင်နာအငြိမ့်တို့ ကျောင်းဒင်နာအငြိမ့်တို့လောက်ပဲ ကြည့်ခဲ့ရတယ်။ ... ဗီဒီယို ထွက်ရင် သိပ်ကောင်းမှာပဲနော်...

မြတ်နိုး