Tuesday, July 16, 2013

သားမေမေက ရုပ်ဆိုးမ



ဝိုင်းစုရဲ့သီချင်း ရုပ်ဆိုးမကို ကျွန်မက “ငါ အရမ်းပဲဝနေလား…သားမေမေက ရုပ်ဆိုးမ… ၀ိတ်လျော့တော့မယ်… ၀ိတ်လျော့တော့မယ်…ပေါင်ချိန်၁၅၀ ” လို့ ဖျက်ဆိုရင် သားက သူ့ အသံဝဲ၀ဲလေးနဲ့ ကျွန်မကို အားပေးရှာတယ်။ “မေမေက တခါတလေမှ ရုပ်ဆိုးတာပါ… တခါတလေလှပါတယ်” တဲ့။ အဲဒီလိုဆို ကျွန်မက သားကို မေးပါတယ်။ “သားရေ… မေမေဘယ်အချိန်ရုပ်ဆိုးတာလဲ” ဆိုရင် “အန်တီမိုမို့ ဆီဓာတ်ပုံတွေရိုက်ရင် ရုပ်ဆိုးတယ်” တဲ့။ ကျွန်မချစ်သူငယ်ချင်းမိုက ချစ်စရာဓာတ်ပုံလေးတွေ ကျွန်မဆီပို့ ရင် ကျွန်မကမို့ ကို နောက်ချင်တာနဲ့  ရုပ်ပြောင်ပုံတွေ ရုပ်ဆိုးဆိုးပုံတွေ ရိုက်ပြီး ပို့ တာကို သားက ဆိုလိုတာပါ။

သားမွေးပြီးကတည်းက သားကိုနို့ များများတိုက်လို့ ရအောင် ကိုယ်လှဖို့ ပဖို့  သိပ်ဂရုမစိုက်ပဲ စားကောင်းသောက်ကောင်း ကျန်းမာရေးကောင်းအောင် ပိုဂရုစိုက်မိတော့ တရိပ်တရိပ်တက်လာတဲ့ ကိုယ်အလေးချိန်ကို သိပ်အလေးမထားမိပါဘူး။ အကျီအဟောင်းတွေမတော်တော့မှ လျော့စားဦးမှ လေ့ကျင့်ခန်းလေး လုပ်ဦးမှဆိုတဲ့ အကောင်အထည်မဖော်ဖြစ်တဲ့ အတွေးတွေ ဟိုက၀င် ဒီက၀င်။ ကိုယ်အလေးချိန်ချလိုက်နိုင်လားဆိုတော့ မချနိုင်သေးပါဘူး။ သားနားလည်လာတော့ တခါတခါ သားက ပြောတော့တာပါပဲ။ မေမေ လေ့ကျင့်ခန်းလုပ်ပါလား။ တီဗွီမှာ လာတဲ့ slimming program တွေတွေ့ ရင် သေချာမှတ်ထားပြီး မေမေ အဲဒီနေရာတွေ သွားပါလားလို့  သူကညွှန်းတတ်ပါသေးတယ်။ တခါ သားတို့ ကျောင်းက မိသားစုပုံပန်းချီဆွဲခိုင်းတော့ သားဆွဲထားတဲ့ ကျွန်မပုံလေးက ဆံပင်ရော မျက်နှာလေးပါ ချောလို့ … အောက်ပိုင်းရောက်မှ ဗိုက်နေရာမှ အရစ်လေးနှစ်ရစ်နဲ့  ဗိုက်ပူပူလေးဆွဲထားပါတယ်။ သားဆွဲတဲ့ပုံကြည့်ပြီး ငိုအားထက်ရယ်အားသန်ပါ။ သားရယ် သားဆရာမကတော့ မေမေ့ကို ကိုယ်ဝန်ဆောင်ထားတယ် ထင်တော့မှာပဲလို့ ပြောယူရတဲ့အထိပါ။

သားက ကျွန်မအင်္ကျီဘာဝတ်လဲ ဘာနားဆွဲလေးဝတ်လဲ စိတ်ဝင်စားတတ်ပြီး အမေ့ကို အကြံပေးတတ်ပါသေးတယ်။ ကားပေါ်နှုတ်ခမ်းနီသူ့ ရှေ့ ဆိုးရင် သူမကြိုက်တဲ့ အရောင်ဆို ဖျက်ခိုင်းပြီး သူကြိုက်တဲ့အရောင်ဆိုးခိုင်းပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်လောက်က ကျွန်မဆံပင်တွေ အောက်ပိုင်းနဲနဲပါးသွားလို့  အောက်ပိုင်းလေးပဲ ကောက်ကြည့်လိုက်တာ မေမေ့ဆံပင်အဖြောင့်လေးတွေပဲကောင်းတယ် ဆို နေတိုင်းမကျေမနပ်ပြောတတ်ပါတယ်။ ဆံပင်အကောက်ကို ထိန်းသိမ်းရတာ အရမ်းလဲအလုပ်ရှုပ် သားလဲမကြိုက်တော့ ကောက်ပြီး တလကြာ သွားညှပ်လိုက်ပါတယ်။ အဲဒီမှ သားလဲ ပျော်တော့တယ်။

ဟိုတနေ့ က သူ့ အဖေနဲ့ ကားပေါ်မှာ စကားပြောရင်း “တို့ က နုနုရွရွမနေတတ်တဲ့ ဘ၀သမား… နေပူထဲလဲ ထီးမပါပဲလျှောက်ရဲတယ်” လို့  ကျွန်မပြောတော့ တိတ်တိတ်လေးနားထောင်နေတဲ့သားက ထပြောပါတယ်။ “မေမေ အဲဒီလိုနေတာကြိုက်တယ်” တဲ့။ “တကယ်လို့  မေမေက နုနုရွရွ လက်သည်းနီ ခြေသည်းနီနဲ့ ဆို သားကို ခုလိုဂရုစိုက်နိုင်မှာ မဟုတ်ဘူး… ပြီးတော့ ကိုယ့်ကိုကိုယ် အရမ်းဂရုစိုက်တဲ့ မိန်းမတွေက အတ္တကြီးတယ်… ကိုယ်လှဖို့ ပဲစဉ်းစားပြီး အထိမခံရွှေပန်းကန်တွေ… ဘာမှမဟုတ်တာလေးကိုလဲ စိတ်ဆိုးတတ်သေးတယ်… မေမေဒီလိုပဲနေနော်… မပြောင်းနဲ့ တဲ့” တဲ့။ သားက အဲဒီအကြောင်းကို အင်္ဂလိပ်လို ပြောတာပါ။ ကျွန်မဆီလျော်အောင် ဘာသာပြန်ထားတာပါ။ သားဆီမှာ အဲလိုအတွေးလေးတွေ ဘယ်လိုများရသလဲလို့  ကျွန်မဖြင့်အံ့သြမဆုံးပါပဲ။ သားဒါတွေ ဘယ်လိုသိလဲလို့ မေးမိတော့ စကားပြောတဲ့သူ့ virtual သူငယ်ချင်း ကြောင်မလေးကို ကြည့်ပြီး ပြောတာတဲ့။ ကျွန်မရော သူ့ အဖေပါ ရယ်မိပါတော့တယ်။ သားက မပြောင်းနဲ့ ဆိုတဲ့ စကားလေး နားထောင်ပြီး သားအတွက် စားကောင်းသောက်ဖွယ်တွေ ချက်ရင်းပြုတ်ရင်း စားရင်းသောက်ရင်းနဲ့  သားမေမေရုပ်ဆိုးမလဲ လေ့ကျင့်ခန်းလုပ်ဖို့ ရက်တွေ ရွှေ့ ရွှေ့ လာလိုက်တာ ခုထိပါပဲ။

တန်ခူး

11:34 pm 16-Jul-2013

10 comments:

Unknown said...

ဒီက life style က ပိုဝစေတယ်ထင်ပါတယ် မတန်ခူးရယ်..ဆုမြတ်လည်းဝစာရင်းဝင်..ဟီ.းး.... ခုတော့ ညဘက်လေးအချိန်ပေးပြီးလေ့ကျင့်ခန်းလေးလုပ်နေရတယ်..မဟုတ်ရင် အသက်သုံးလေးဆယ်ဆိုရင် ဟဲဗီးကြီးဖြစ်နေမှာစိုးလို့..။ သုတလေးနဲ့တော့ အဲဒီနေရာမှာတူတယ်...ကိုယ့်ကိုကိုယ်ဂရုစိုက်လွန်းတဲ့မိန်းမတွေက တကယ်ပဲအတ္တကြီးတယ်ကြတယ်.... မေမေ..ဒီအတိုင်းပဲနေပါး) :P

မောင်မျိုး said...

ဟုတ်ပါ့...သားအရွယ်လေးနဲ့ အဲ့အတွေးလေးဝင်နေတာ အံ့သြစရား)

အမေတွေဟာ ဘယ်လောက်၀၀ ဘယ်လောက်မဲမဲ (မောင်မျိုးအမေ ) ... သားတွေမျက်စိထဲမှာတော့ လောကကြီးမှာ အလှဆုံးသော အမျိုးသမီးတွေပါပဲ ။

သက်ဝေ said...

ကလေးအတွေးလေးတွေက သိပ်ချစ်ဖို့ကောင်းတာနော်... ကိုယ်တွေ စိတ်ထဲ သူတို့ အဲလိုလေးတွေ တွေးတတ်လိမ့်မယ်လို့ မထင်မိဘူး... သားလည်း တခါတခါ အဲလိုပဲ... သူ ငယ်ငယ်က အမကိုလည်း slimming section သွားဖို့ အကြံပြုဖူးတယ်... :D :D :D

pandora said...

ဒီလောက်လည်း မဟုတ်ပါဘူးလေ.. လှနေတာကို

Anonymous said...

ဟားဟား သားသားမေမေက ရုပ်ဆိုးမ..
ရုပ်ဆိုးမပြောလည်း မုန့်ဝယ်ကျွေးမယ့်သူ ဟုတ်တယ်မဟုတ်လား

မိစံ said...

စကားတတ်လိုက်တဲ့ သားသား..း)

အိမ့်ချမ်းမြေ့ said...

အမေချစ်တဲ့သား..
အမေကို ကြည်နူးစိတ်ချမ်းသာအောင်လည်း ပြောတတ်လိုက်တာနော်...း))

ponyate said...

သားလေးက တော်တော်တွေးတတ်တာပဲ။ အမေ့ အချစ်တော်လေး ဖြစ်မှာပဲ။

မြတ်ပန်းနွယ် (Myat Pan Nwe) said...

သားကလေးက ချစ်စရာလေး။
မေမေတွေက နှလုံးသားတွေ သိပ်ကို လှကြမှန်း သားက သိမှာပါ။ သူ့အတွက် ရုပ်လှတဲ့ မေမေထက် စိတ်လှတဲ့မေမေက ပိုအရေးကြီး သိလို့ အဲသည်လို ချစ်စဖွယ် စကားကြီး စကားကျယ်လေးတွေ သားက ပြောတာပေါ့နော။

Anonymous said...

အမက ရုပ်မဆိုးပါဘူး။ သိပ်လဲမဝပါဘူး။
ဟုတ်တယ်အမရေ..ဒီက ကလေးတွေလဲ သူတို့အမေတွေကို မဝစေချင်ကြဘူး။ တွေ့ဘူးတယ်..။

အမသားက စကားတတ်တယ်တော့..ညာစားနေတယ်..ဟီး..


မြတ်နိုး