Saturday, May 18, 2013

Happy Call မုန့် ပြားသလက် နဲ့ လမ်းသရဲမုန့် 

အမြဲလွမ်းတတ်တဲ့ မြန်မာမုန့် ထဲမှာ မုန့် ပြားသလက်က ရှေ့ ဆုံးကပါ…။ ကျွန်မတို့ မြင်းခြံဘဘကြီးတို့  လမ်းထိပ်က မြေအိုးကင်းပူလေးတွေစီပြီး လက်မလည်အောင် လုပ်ရသည့် မုန့် ပြားသလက်ဆိုင်လေးကို ခဏခဏလွမ်းတတ်တယ်…။ မြေအိုးလေးတွေ ၄အိုးကို လက်မလည်အောင် မုန့် ရည်ထည့်… ပဲပြုတ်ထည့်.. ဆီလေးပုတ်…။ နောက်အိုးလေးတလုံးဖွင့်…ဆီပုတ်…ပြန်ဖုံး… ထင်းမီးလေးတွေ မီးညီအောင် ညှိနဲ့  လက်မလည်အောင် လုပ်နေတဲ့ အဒေါ်ကြီးရဲ့ လှုပ်ရှားမှုကိုက အတော်ကြည့်လို့ ကောင်းပြီး နှမ်းထောင်းနှမ်းမွှေးမွှေးလေးနဲ့  မုန့် ပြားသလက်လေး ကိုယ့်အလှည့်ရောက်ပြီဆို အိမ်ထိတောင် မစောင့်နိုင်။ ဆိုင်မှာစားမယ်ဆိုတော့ မုန့် ပြားသလက်လေးကို ကတ်ကြေးနဲ့ ကိုက်… ပူစီနံလေးထည့်… မတ်ပဲကြော်တခု.. ဘယာကြော်တခု ခြေထည့်… ပြီးတော့ မြင်းခြံပဲဆီမွှေးမွှေးလေးဆမ်းပေးလိုက်တာပါပဲ…။ အသင့်ချပေးထားတဲ့ ရေနွေးကြမ်းလေးနဲ့  မုန့် ပြားသလက်လေးကို ထိုင်စားရင်း လမ်းပေါ်က စက်ဘီးရောင်စုံကို ငေးရတဲ့ အရသာလေး ခုပြန်လိုချင်သေးတော့…။

အဲဒီမုန့် ပြားသလက်လွမ်းတိုင်း အကြိမ်ကြိမ်ကြိုးစားလုပ်ဖူးခဲ့ပေမယ့်… သိပ်ကြီးမအောင်မြင်လှပါ…။ အဖြစ်တော့ ရသည်ပေါ့…။ အခက်အခဲ ၂ခုက မုန့် စပ်တာနဲ့  ဒယ်အိုးပါ…။ မကြေပွဲတွေ အကြိမ်ကြိမ်နွှဲခဲ့တာ ဒီတခါတော့ အောင်မြင်သွားပြီလို့ ပြောလို့ ရလို့  ကိုယ့်လို လွမ်းသူတွေ မခံစားရအောင် မျှဝေပေးလိုက်တာပါ…။ မေမေ့သမီး cooking facebookပေါ်က မုန့် စပ်တဲ့အတိုင်းအဆကြောင့်ပါ…။ ဟင်းလေးတွေ မြန်မာမုန့် လေးတွေ တင်ပေးတတ်တဲ့ မေမေ့သမီး facebookကို ကျေးဇူးပါ…။ ဒယ်အိုး ပြဿနာပြေလည်အောင် ဖြေရှင်းပေးသူကတော့ ညီမလေးအရင်းလိုချစ်ရတဲ့ ညီမအော်နီးပါ…။ ဟိုဘက်ဒီဘက်လှည့်လို့ ရတဲ့ ဒယ်အိုး Happy Callကို သုံးပါ့လားဆိုတော့ အကင်သာအသုံးများတဲ့ အိမ်က Happy Callအိုးလေးက မုန့် ပြားသလက် အိုးကင်းဖြစ်သွားပြီး အဖုံးအုပ်သလို သုံးလို့ ရတာမို့  အတော်အဆင်ပြေပါတယ်…။

မုန့် ပြားသလက်နဲ့ တပါတည်း ကျွန်မတို့ လမ်းထိပ်က ညနေဆို လူကြိတ်ကြိတ်တိုးနေတဲ့ လမ်းသရဲမုန့် လေးပါ အလွမ်းပြေလုပ်လိုက်ပါတယ်…။ အထူးတလည် မုန့် စပ်နေစရာမလိုတာကြောင့် အတူလုပ်စားလို့ ရပါတယ်…။ professional ကြီးမဟုတ်ပေမယ့် စားလို့ ကောင်း အလွမ်းလေးလဲ ပြေသား…။

မုန့် ပြားသလက်လုပ်ဖို့  လိုအပ်တဲ့ ပစ္စည်းတွေကတော့

၁) ဆန် မှုန့် ၊ ၂) ပဲပြုတ်၊ ၃)နှမ်းထောင်း၊ ၄) ကြက်သွန်မြိတ် ၅)မဆလာ၊ ၆) ဂျင်း တို့ ပါ…။ ဘယ်နိုင်ငံမဆို ၀ယ်လို့ ရတဲ့အရာတွေပါ…။

လုပ်နည်းကတော့ လွယ်ပါတယ်…။ မုန့် စပ်တာကတော့ rice cooker ချင်ခွက်လေးနဲ့ ဆန်မှုန့် ၂လုံးကို ရေသုံးလုံးထည့်ပါတယ်… ။ ဆီပါလေကာလေးရယ် ဆားလိုသလောက်ရယ် ပြီးတော့ ဂျင်းလေးနဲနဲထောင်းထားတာရယ်နဲ့  မုန့် နှစ်စပ်လိုက်ပါတယ်…။



Happy Callအိုးလေးကို မီးဖိုပေါ်တင် ဆီပုတ် ပြီးရင် မုန့် နှစ်လေး ယောက်ချိုနဲ့ တစွန်းခွဲလောက်ထည့်လိုက်ပါ…။ ပြီးတော့ ပဲပြုတ်လေးဖြူး… ကြက်သွန်မြိတ်လေးဖြူးပြီး ခဏအုပ်ထားပါ…။ မုန့် လေးဖွေးလာတော့ မုန့် နှုတ်ခမ်းသားလေးတွေ ဆီများများပုတ်… မုန့် အလည်လေးတွေလဲ ဆီပုတ်ပါ…။ ပြီးမှာ နှမ်းထောင်းလေးနဲ့  မဆလာလေးနဲ့ အုပ်ပြီး ခဏအုပ်ထားပါ…။ မုန့် အောက်ခြေလေးကြွတ်လာပြီး မုန့် နံ့ လေးမွှေးလာရင် အသာဆယ်ပြီး အသင့်စားလို့ ရပါပြီ…။ တွဲဖက်စားလို့ ရတာတွေက အကြော်စုံရယ် ရေနွေးကြမ်းလေးရယ်ပေါ့…။ Happy Callနဲ့ လုပ်တာမို့  မြန်မာပြည်ကလို ခပ်ဝိုင်းဝိုင်းလေးမဟုတ်ပဲ လေးထောင့်လေးဖြစ်နေတာ ဒီဇိုင်းတမျိုးပေါ့နော်…။



လမ်းသရဲမုန့် အတွက် ထပ်လိုအပ်ထာတော့ ဂေါ်ဖီရယ်.. ခရမ်းချဉ်သီးရယ်… ပူစီနံရယ်… နံနံပင်ရယ်… ငရုတ်သီးစိမ်းရယ်… အားလုံးတခုစီပါးပါးလှီး ဆားအနေတော်နဲ့ နယ်ထားတာပါပဲ…။

လုပ်နည်းကတော့ မုန့် ပြားသလက်နဲ့ အခြေခံတူပြီး မုန့် ရည်ထည့်ပြီးတဲ့အခါ အပေါ်ကစပ်ထားတဲ့ အရွက်စုံနယ်ထားကို ဖြူးလိုက်ရုံပါပဲ…။ မုန့် လေးနဲနဲကျက်လာရင် ဘေးသားလေးတွေဆီပုတ်ပြီး မဆလာလေးဖြူး… ပြန်အုပ်ထားပါ…။ မုန့် အောက်ခြေလေးမွှေးကြွတ်လာမှ မုန့် လေးကို တ၀က်ခေါက်လိုက်ပြီး ခဏပြန်အုပ်ပြီးရင် စားလို့ ရပါပြီ…။



လုပ်ရတာ သိပ်လက်ပေါက်သိပ်မကပ်ပဲ လွယ်လွယ်ကူကူ လျင်လျင်မြန်မြန်နဲ့ စားလို့ လဲကောင်း ကျန်းမာရေးနဲ့ လဲညီညွတ်တာမို့  ပိတ်ရက်အိမ်မှာ လုပ်စားကြည့်ဖို့ တိုက်တွန်းပါရစေ…။ ။

တန်ခူး

18-Apr-2013 8:00pm

11 comments:

Anonymous said...

တိုက်တွန်းရုံနဲ့ဖြစ်မလား ဟက်ပီးကောအိုးလေးပါဝယ်ပေးမှပေါ့

မေဓာဝီ said...

စားချင်စရာလေးပဲ အမတန်ခူးရေ ...
ကိုယ်တိုင်လုပ်တော့ သန့်သန့်ရှင်းရှင်း စားရတာပေါ့နော် ...
အားမှ လုပ်စားကြည့်အုံးမယ် ... ဆန်မှုန့်တွေ ၀ယ်ပြီးသား ရှိနေတာ အတော်ပဲ

Sonata Cantata said...

သူငယ်ငယ်တုန်းကတဲ့ မုန့်ပြားသလက်ဆိုင်ကို ခရမ်းချဉ်သီးတွေ ငြုပ်သီးစိမ်းတွေ ယူသွားပြီး
မုန့်လုပ်ခိုင်းတယ်တဲ့...
မုန့်သည် အဒေါ်ကြီးက ပေါက်ပေါက်ရှာရှာ ဒီကောင်လေးဆိုပြီး နောင်တွင် လမ်းသရဲမုန့်ဟု အမည်တွင်မည့် မုန့်ကို လုပ်ပေးလိုက်ပါတယ်တဲ့...
နောက်တော့ အဲ့ဒီမုန့်ဟာ ဘယ်လောက်ထိ နာမည်ကြီးသွားသလဲဆိုရင်
နိုင်ငံတော်အကြီးအကဲက ခေါ်ခိုင်းလို့ အဒေါ်ကြီးမှာ နန်းတွင်းထဲထိ ထိုမုန့်ကိုသွားလုပ်ပေးရပါသတဲ့...
လမ်းသရဲမုန့်၏ စဦးတည်ထွင်သူမှာ သူသာလျှင် ဧကန်စင်စစ်ဖြစ်ကြောင်း ကိုဧရာမှ အယင်ကလည်းပြော...
အခုလည်းပြော...
ခဏခဏပြော...
အပ်ကြောင်းထပ်အောင် ပြောနေပါသဖြင့်
မနက်ဖန် လုပ်ကျွေးပါ့မယ်လို့ ဂတိတွေပေးလိုက်ရပါပြီ...
းD



သက်ဝေ said...

အေးလေ... အေးလေ... တိုက်တွန်းရုံနဲ့ ဖြစ်မလား ဟက်ပီးကောအိုးလေးပါ ဝယ်ပေးမှပေါ့... ခိခိခိ...
(((မောင်နှမ ဆိုတော့ တသံထဲ ထွက်တယ်...)))

စုချစ် said...

မိုက်တယ်...သယ်ရင်းရေ...
သွားရည်တောင် ကျတယ်...

နင်တို့ အိမ်နားမှာ ရောင်းတဲ့ဟာလဲ ကောင်းတယ်လေ...
ငါတို့ ကို ကြီးကြီးလား မသိ...ဝယ်ကျွေးဖူးတယ်လေ...

Tin Lay Nwe said...

Thank you very much for the recipe...I like it very much and tried it several times. But, I can't get crispy one. The one you made looks crispy at the edges...I will have to try your recipe....

Lorem Ipsum said...

အဲမုန့်တွေကိုမစားဖူးဘူးအမရဲ့...တောကျပုံများပြောပါတယ် မုန့်ဆိုချိုမှပဲကြိုက်တယ် ။ တခြားအစပ်တွေ အရသာမှုန့်တွေ ပဲပြုတ်တွေပါတဲ့ဟာဆိုမုန့်လို့မှတ်တာမှုတ်ဖူး:D
ဒါပေမယ့် အမတန်ခူးလုပ်ထားတာ စားချင်စရာလေးး)

Adora said...

အမရေ မုန့်ပျားသလက် ဆိုတာ ရေမုန့်နဲ့တူတူပဲလားဟင်

Adora said...

အမရေ မုန့်ပျားသလက် ဆိုတာ ရေမုန့်နဲ့တူတူပဲလားဟင်

Anonymous said...

မုန့်ပျားသလက်က အပြား
ရေမုန့်ကလည်း အပြား
ထပ်တူယူရင်တော့ တူတယ်
ဒါပေမယ့် မတူဘူး
ရေမုန့်ကပါးပြီး မုန့်ပျားသလက်က ထူတယ်

တန်ခူး said...

Happy call အိုးလေးတွေ ခုတော်တော်ဈေးသက်သာနေပါပြီ ကိုအမည်မသိရေ. ဝယ်ပေးဖို့ နာမည်လေးတော့ပြောဦးလေ

ဟုတ်တယ် မေရေ. ကိုယ်တိုင်လုပ်စားတော့ အန္တရာယ်လဲကင်းတယ်နော်. လုပ်ရတာ သိပ်မခက်ပဖဲစားလို့ လဲကောင်းတယ်

မ ရေ. ဖြစ်နိုင်တယ်နော်. လမ်းသရဲမုန့် တီထွင်သူဆရာကိုဧရာဆိုတာလေ. လမ်းသဲမုန့်သက်တမ်းက သိပ်မှမကြာသေးတာ

သက်ဝေ ရေ. ဝယ်ပေးမှာပေါ့. ဘာအရွယ်လဲသာပြော

သူငယ်ချင်းစုချစ်ရေ. ဟုတ်တယ် အဲဒီဆိုင်ပဲလေ. မှတ်မိသေးတယ်နော်

ချစ်မကြီးရေ. ကြွတ်ဖို့ ဆီနာနာလေးပုတ်ပေးရတယ်

ညီမဆုမြတ်မိုး ရေ. အိမ်လာလည်လေ. လုပ်ကျွေးမယ်

ညီမလေးAdoraရေ. မတူဘူးညီမရေ မုန့် ကတခုလုံးကြွတ်နေတာလေ. ရေမုန့် သူများလုပ်တာ မြင်ဖူးတာတော့ အရင်နဲနဲထူထူလေးလုပ်ပြီး ပါးနေအောင် ခြစ်ထုတ်ပလိုက်တာ.

ရှင်းပြပေးတာကျေးဇူးပါ