Sunday, April 7, 2013

ထုံဇင်နဲ့ အလွဲများ



“ ကြက်သွန်နီပါးပါးလှီးရင် အသားခုတ်တဲ့ ဒီဓားမကြီးနဲ့ မလှီးသင့်ဘူး… ဒီဓားလေးဆိုအတော်ပဲ… ဓားရွေးချယ်မှုကလဲ ဟင်းချက်ရာမှာ အတော်အရေးကြီးတယ်… ကြက်သွန်နီကို ခုလို နှစ်ခြမ်းခြမ်း ပြီးတော့ ဟိုဘက်လက်ကလေးနဲ့ အသာကိုင်ပြီး ဒီဘက်ကနေ အထူအပါးကို ကိုယ်လိုသလောက်ညီညီလှီးရတယ်… အထူအပါးမညီရင် အကျက်လဲမညီဘူး… ဘဘောပေါက်တယ်နော်”

ဘေးလူကြားရင် ကျွန်မအသံက ဟင်းချက်တဲ့ တီဗွီအစီအစဉ်တခုခု အတွက်ပဲ လေ့ကျင့်နေသလိုလို… ဒါမှမဟုတ် ကိုရီးယားကားတွေ အကြည့်များပြီး ဟင်းချက်တာတောင် ဇာတ်ကားထဲက စတိုင်အတိုင်း လုပ်နေသလိုလို ထင်ပါလိမ့်မယ်…။ တကယ်တော့ အဲဒါတွေ တခုမှ မဟုတ်ပါဘူး…။ ကျွန်မနဲ့  အတူနေ ကျွန်မ၀မ်းကွဲညီမလေးကို ချက်နည်းပြုတ်နည်းသင်နေတာပါ။ ကျွန်မနဲ့ နေတာ နှစ်နှစ်လောက်ရှိပြီး စ နေကတည်းက ယနေ့ ထက်ထိ သင်နေရတုန်းပါ။ တချို့ ဟင်းတွေတော့ လက်လွှတ်လို့ ရပေမယ့် တခါတခါ ကြောင်ကြောင်ပြီး တလွဲတွေ လုပ်တတ်လွန်းလို့  အဲဒီလို အသေးစိတ်ကို နေ့ တိုင်းနီးပါး ရှင်းပြရပါတယ်။

ကျွန်မဦးလေးနဲ့ အဒေါ်က သမီးလေးတယောက်ထဲပါတယ်ဆို ဖူးဖူးမှုတ်ထားတော့ မီးဖိုချောင်ဆိုတာ အဖေနဲ့ အမေနေရာလို့  သတ်မှတ်ခဲ့တဲ့ ကျွန်မညီမ ခုမှ ဘွဲ့ လွန်သင်တန်းပဲ တက်နေသလိုလို အတော်ကို ခက်ခက်ခဲခဲ သင်ယူရပါတယ်။ တခါတလေ သူ့ အတွေးလေးနဲ့ များ လုပ်တတ်မလားလို့  လွှတ်ထားပေးကြည့် အသေအချာကို လွဲတော့တာပါပဲ။ လွဲလွန်းလို့  အမေပေးတဲ့ နာမည်လှလှလေးကနေ “ထုံဇင်” လို့ ပြောင်းရမလိုပါ။ သူလွဲတဲ့ အလွဲလေးတွေ နဲနဲပြောရရင်တော့….

လွဲလွဲလေး(၁)

ထုံဇင် >> “မမ… မနေ့ က ၀ယ်လာတဲ့ ပေါက်စီကြီးက ရေခဲသေတ္တာထဲ ဘာလုပ်မလို့ ထည့်ထားတာလဲ”

ကျွန်မ >> “မနေ့ က ဘာပေါက်စီမှ မ၀ယ်ခဲ့ပါလားဟယ်”

ထုံဇင် >> “ဒီမယ်လေ ဒါကြီးပြောတာ”

သူ့ လက်ထဲက ပေါက်စီဆိုတာ ကြည့်မိတော့ ငိုအားထက် ရယ်အားသန်မိပါတယ်…။ ပင်နင်းဆိုးလားမှာ နွားနို့ ခဲတွေ့ လို့  ချက်စားရအောင် ၀ယ်လာခဲ့တာ အညာသူထုံဇင်လက်ထဲရောက်မှ နွားနို့ ခဲက ပေါက်စီဘ၀ပြောင်းတော့တာပါပဲ။

**********************

လွဲလွဲလေး (၂)

ထုံဇင် >> “မမ၀ယ်လာတဲ့ ဒန့် ဒလွန်သီးကြီးက ရင့်လိုက်တာ ဘယ်လိုမှ သင်လို့ မရဘူး”

ကျွန်မ >> “ဟုတ်လို့ လား… သေသေချာချာ မရင့်တာလေးတွေ ရွေးဝယ်လာတာပါ”

ထုံဇင် >> “ဒီမယ်လေ… ချိုးလို့ မှမရတာ… ကြည့်ပါဦး”

ဒန့် သလွန်သီးကို အခွံမခြစ် ဓားမသုံးပဲ ကန်စွန်းရွက်သင်သလို ချိုးပြီး ကျွန်မကို ရင့်တာကြီး ၀ယ်လာရလားလို့  အပြစ်တင်နေတဲ့ ညီမကို ကြည့်ပြီး မပြုံးပဲ ၀ါးလုံးကွဲ ရယ်မိပါတော့တယ်။

**********************

လွဲလွဲလေး (၃)

ကျွန်မ >> “အိုး… ဘယ်လိုဖြစ်လို့  ဒီဗူးကြီးက ရေခဲသေတ္တာထဲရောက်နေတာလဲ”

ထုံဇင် >> “မနေ့ က မမအမျိုးသားဝယ်လာတဲ့ အအေးဗူးလေ… ဘာဖြစ်လို့ လဲ”

လက်ဆေးဆပ်ပြာကို လိမ္မော်ရောင် ၀ယ်လာသည့် ကျွန်မ အမျိုးသားကိုပဲ အပြစ်တင်ရမလား… ဆပ်ပြာရည်နဲ့ အအေး မကွဲပြားသည့် ညီမကိုပဲ အပြစ်တင်ရမလား… ဘာပဲဖြစ်ဖြစ် မဖောက်ရသေးတာကိုပဲ ကျေးဇူးတင်မိပါသေးတယ်။

**********************

လွဲလွဲလေး (၄)

ကျွန်မ >> “ဒီနေ့ ကြက်မြစ်ကြက်သဲဟင်းချက်မယ်… မချက်ခင် အိုင်ဒီယာလေးရအောင် မေးပါရစေဦး.. အသဲနဲ့ အမြစ် ဘယ်ဟာက ပိုမာသလဲ”

ကျွန်မက ကြက်မြစ်ကြက်သဲချက်ရင် အမြစ်လေးကို အရင်ပျော့အောင် ပြုတ်ပြီးမှ အသဲနဲ့ အတူရောချက်တာပါ။ ဒါမှအကျက်လေးညီအောင်လို့ ပါ။ အသဲနောက်မှထည့်ရင် သိပ်မမွှေးဘူးထင်လို့ ။ အဲဒါရှင်းပြဖို့ ညီမကို အပေါ်ကလို မေးခွန်းထုတ်တာပါ။

ထုံဇင် >> “အသဲမာတယ်”

ကျွန်မ >> “ဘယ်လို… ၀တ္ထုထဲသီချင်းထဲက စာသားလား… အသဲနဲ့ အမြစ်နဲ့ မကွဲတာလားဟယ်”

တကယ်တော့ အသဲကို အမြစ်လို့ မှတ်… အမြစ်ကို အသဲလို့ မှတ်… လွဲချင်တိုင်းလွဲနေတာမို့  အဲဒီလို အဖြေလွဲလေးကို ကျွန်မကြားတာပါ။

**********************

ဒါက မီးဖိုချောင်နဲ့ ပတ်သက်တဲ့ အလွဲဥပမာပါ…။ ယနေ့ ထက်ထိ အသီးအရွက်နာမည်တွေ အပေါက်မတည့်သေးသလို ငါးခြောက်တွေလဲ ရောနှောနေတုန်းပါ။ ငါးရံ့ခြောက်လေး ထုတ်ခဲ့ပါဆို ငါးပုတ်ခြောက်ထုတ်လာတတ်ပြီး အာဗြဲခြောက်ဆို ငါးနီတူးယူလာတုန်းပါ။ ဒီပို့ စ်မှာ တင်ထားတဲ့ ပုံလေးကတော့ အိမ်မှာရှိတဲ့ အသီးအရွက်နဲ့  အသားစာရင်းကို သူပြုစုထားတာပါ။ မှင်နီလေးတွေ ၀ိုင်းထားတာကတော့ လွဲနေတာတွေပေါ့။ တို့ စားတဲ့ ခရမ်းကစော့သီးက ခရမ်းဆော့သီးဆိုတဲ့ နာမည်အသစ်ပေးခံရသို ခ၀ဲသီးကို သပွတ်သီးဘ၀ပြောင်းလိုက်တာလဲ သူပါပဲ။ စားတော်ပဲပြုတ်ကို ပဲပြုတ်ဖြူလို့ ခေါ်တာ သူတယောက်ပဲ ရှိမယ်ထင်ရဲ့နော်။ မီးဖိုချောင်တင်မက တခြားနေရာတွေမှာလဲ ထိုနည်းတူလွဲတတ်ပါသေးတယ်။

လွဲလွဲလေး (၅)

သားနေမကောင်းတာ ဆေးတိုက်ဖို့ ဆေးတွေကို သူ့ ကိုပြောပြထားပြီးသားပါ။ ဆေးတမျိုးက တနေ့ ၂ကြိမ်၊ ကျန်တဲ့ဆေးတွေက တနေ့ ၃ကြိမ်။ ခုနေ့ လည်ဆေးကို တနေ့ ၂ကြိမ်ဆေးပါတိုက်မယ်လုပ်နေတော့ ကျွန်မမေးရပါပြီ။

ကျွန်မ >> “အဲဒီဆေးက တနေ့ ၂ကြိမ်လေ… ဘာလို့ နေ့ လည်ကြီးတိုက်နေတာလဲ”

ထုံဇင် >> “ဟုတ်တယ်လေ မမရဲ့… တနေ့ ၂ကြိမ်ဆိုတော့ မနက်တကြိမ် နေ့ လည်တကြိမ်တိုက်… ညကျတိုက်စရာမလိုတော့ဘူးပေါ့”

သူ့ အဖြေကြောင့် ဘာစကားမှပြန်မပြောနိုင်လောက်အောင် ဖြစ်သွားရပါတယ်။ အတွေးတွေလွဲချက်ကတော့ ကမ်းကုန်ပါပဲ။ မနက်ကို တပြိုင်တည်း ၂ကြိမ် မတိုက်တာပဲ တော်ရဲ့လို့  ပြောရမလိုပါပဲ။

**********************

လွဲလွဲလေး (၆)

ထုံဇင် >> “မမ ဟိုဘက်အိမ်က အကူမိန်းမကြီး သူတို့ အိမ်ထဲ ယောင်္ကျားကြီးတယောက် ၀င်လာလို့  ပြူတင်းပေါက်နေ ဒီဘက်ခုန်တာ ကံကောင်းလို့ ပြုတ်မကျတယ်… ခြေထောက်တွေ ဒဏ်ရာတွေ ရကုန်တာ”

အဲဒီလို သဲထိတ်ရင်ဖို ဇာတ်လမ်းကြားလိုက်ရတော့ ကျွန်မအတော်ပူသွားရပါတယ်။ ဘယ်နှယ့် အိမ်ထဲသူစိမ်းယောင်္ကျားဝင်ရသတဲ့လား။ ကျွန်မပူသွားရတာ သူ့ အတွက်ပါ။ သူကရိုးရိုးနုံနုံနဲ့ ဟိုဘက်အိမ်လူဝင်သလို ကိုယ့်အိမ်များဝင်ရင်တော့ ဒုက္ခပေါ့။

ကျွန်မ >> “ဟုတ်လို့ လားဟယ်… သူပြောတာရော သေချာနားလည်လို့ လား”

ထုံဇင် >> “အော်…ဟုတ်ပါတယ်ဆို… အိမ်ရှေ့ အိမ်က အန်တီကြီးကိုပြောနေတာ”

ကျွန်မလဲ စိတ်ပူပြီး အိမ်ရှေ့ အိမ်က အန်တီကို မေးမိတော့ ဇာတ်လမ်းအမှန်က တမျိုးပါ။ အိမ်ဘေးအိမ်က ဖီလစ်ပိုင်မိန်းမက ကလေးကို တံခါးပိတ်ထားခဲ့ပြီး အောက်မှ သူ့ ဖဦးထုတ်အဖော်တွေနဲ့  ပျော်ပွဲစားနေတုန်း aircon maintenance လုပ်ဖို့  သူ့ အိမ်ရှင်ချိန်းထားတဲ့သူက ရောက်လာတာပါ။ အိမ်တံခါးက ပိတ်ထားတော့ အိမ်ရှင်လှမ်းဖုန်းဆက် အိမ်ရှင်က ဖီလစ်ပိုင်မကိုဆက် သူက အပြေးပြန်လာ အိမ်ရောက်တော့ သော့ကြီး အိမ်ထဲထည့်ပြီး သော့ခတ်မိနေလို့  ပြူတင်းပေါက်က ကျော်ဖွင့်ရတာပါ။ ကဲ… ဖီလစ်ပိုင်မက အိမ်ရှေ့ က ကုလားလူမျိုးအန်တီကို အင်္ဂလိပ်လိုပြောတာကို ကျွန်မတို့ မြန်မာမလေးထုံဇင်က မြန်မာမှုပြုလိုက်တာ ဘယ်လောက်နီးစပ်သလဲနော်…

**********************

လွဲလွဲလေး (ရ)

ထုံဇင် >> “မမပြောတော့ Lake Side နဲ့  Bukit Batok ” ကြားထဲ ရထား ၃မှတ်တိုင်ဆို… ခုတကယ်သွားတော့ တမှတ်တိုင်တိုးလာတယ်”

ကျွန်မ >> “ဟဲ့… ရထားဘူတာက ဘယ်နှယ့်နေရင်းထိုင်ရင်း တမှတ်တိုင်တိုးပါ့မလဲ… ၃မှတ်တိုင်ပါ”

သားကျောင်းက ရေကူးသင်တန်းရှိတဲ့နေရာကို သွားခိုင်းရာမှ ကျွန်မရဲ့လမ်းညွန်မှုကို ဒေါ်ထုံဇင်တို့  complaint တက်နေပါပြီ။ ဘယ်လိုရေရေ ၃မှတ်တိုင်ပဲမို့  သူ့ ဘယ်လိုများရေဘာလိမ့်လို့  စိတ်ဝင်တစားမေးကြည့်တော့…

ထုံဇင် >> ”မမတွက်ကြည့်လေ… lake side က Chinese garden ၁မှတ်တိုင်… Chinese gardenကနေ Jurong East ၁ မှတ်တိုင်… Jurong East အစိမ်းလိုင်းက အနီလိုင်း ၁ မှတ်တိုင်…”

ဘာကြောင့် တဘူတာပိုလဲ သိလိုက်ရပါပြီ။ ဒီလောက်မြေပုံဆွဲရှင်းပြလိုက်ရက်နဲ့  Jurong East အစိမ်းနဲ့ အနီလေး ကူးလိုက်တာကို တမှတ်တိုင်စာတွက်ပလိုက်တာလေ။

**********************

လွဲလွဲလေး (၈)

ကျွန်မ >> “ကြာလိုက်တာဟယ်… ဘာများဖြစ်နေသလဲလို့ ”

သားကျူရှင်သွားပို့ ပြီး တော်တော်နဲ့ ပြန်မရောက်တော့ စိတ်ပူလိုက်ရတာ…။ ဖုန်းဆက်တာလဲမကြား။ ကျွန်မမေးတာကို ပြုံးစိစိဖြစ်နေတာကြည့်ရင်း တခုခုလွဲပြီဆိုတာ စိတ်ထဲက သိလိုက်ပါတယ်။

ထုံဇင် >> “Boonlay Interchange မှာ ဘတ်စ်ကားစီးတာ လမ်းကြောင်းမှား စီမိလို့ ”

ကျွန်မ >> “လမ်းကြောင်းမှားလဲ လမ်းကြောင်းပြန်ပြောင်းလို့ ရတာပဲ”

ထုံဇင် >> “မဟုတ်ဘူးလေ… လမ်းကြောင်းမှားတာ ကားပေါ်ရောက်ပြီး တခြားလမ်းထဲကွေ့ သွားမှ သတိထားမိတယ်… နံပါတ်မကြည့်ပဲ လိုက်စီးသွားတာ… ဟဲဟဲ…”

ကျွန်မ >> “အိုး.. ဖြစ်ရမယ်… အဲဒါအိမ်ကို ဘယ်လိုပြန်လာလဲ”

ထုံဇင် >> “လမ်းလျှောက်လာတာလေ”

လမ်းလျှောက်တာမလွဲတာကိုပဲ တော်သေးရဲ့လို့ ဆိုရမလိုပါပဲ။

**********************

ကျွန်မနဲ့ မနေခင်က မြန်မာပြည်က စတိုးဆိုင်တခုမှ ငွေကိုင်လုပ်ခဲ့ပါတယ်။ စတိုးဆိုင်က အိမ်နဲ့ ဘတ်စကား ၂မှတ်တိုင်လောက်ပဲ ဝေးတာမို့  သူ့ အကိုက စက်ဘီးနဲ့ အမြဲလိုက်ပို့ ပါတယ်။ တရက်သားမှာ သူ့ အကို မအားတာနဲ့ ဘတ်စ်ကားနဲ့ သွားမယ်ဆို ဘတ်စ်ကားဂိတ်မှာ ကားစောင့်ပါတယ်။ ဘတ်စ်ကားတစီးလာတာနဲ့  တက်စီးသွားတာ သူ့ စတိုးဆိုင်ကျော်မှ သတိထားမိပါတယ်။ ကားမောင်းတဲ့ အဖိုးကြီးက သမီးဝန်ထမ်းအသစ်လားလို့ မေးမှ သူစီးသွားတာ လိုင်းကားမဟုတ်ပဲ ရုံးဖယ်ရီကြီးဖြစ်နေပါသတဲ့။

တကယ်တော့ လွဲတဲ့ဇာတ်လမ်းတွေသာ ထိုင်ရေးရရင် လုံးချင်းတအုပ်ထွက်နိုင်ပါတယ်။ ဘယ်လောက်လွဲသလဲဆို မလွဲတဲ့နေ့ မရှိသလောက်ပါပဲ။ ထူးအိမ်သင်သီချင်းလေးထဲကအတိုင်း လွဲလွဲလေးပဲကောင်းပါတယ်ဆိုတာ သူ့ အတွက်များ စပ်ထားသလား ထင်ရပါတယ်။ ဆရာမင်းလူသာ သူနဲ့ နေရရင် လှထုံလို ဇာတ်ကောင်တယောက်တွေ့ ပဟဆို ကုန်ကြမ်းတွေ မနဲမနောရမှာ အမှန်ပဲ။ စိတ်ထားလေးကဖြူစင်ပြီး သဘောလေးကောင်းတာမို့  မိန်းခလေးလဲဖြစ်နေတော့ အလွဲကြီးတွေ မလွဲရအောင် အလွဲသေးလေးတွေက တဆင့် သင်ခန်းစာယူတတ်အောင် သင်ပေးရပါတယ်။ ကျွန်မတို့  အိမ်မှာတော့ တနေ့ တနေ့ အလွဲတွေ ထပ်မလွဲရအောင် ကျွန်မက သင်လိုက် ထုံဇင်က လွဲပြီးရင်းလွဲလိုက်နဲ့  ဆူညံမြိုင်ဆိုင်လို့ နေပါတော့တယ်။

တန်ခူး 6:50pm 5-Apr-2013

10 comments:

Anonymous said...

ဖတ်ပြီး ပြုံးနေရတယ်..။
ထပ်ရေးပါအုန်း...
ထုံအဖွေဲ့ဝင်သစ်အကြောငိး



ပေါက်
.
.
.
.
.
.
ထုံ

Anonymous said...

အပေါ်ကတယောက် စာလုံးပေါင်းတွေမှားချက်

JuneOne said...

ဖတ်လို့ကောင်းတယ်မမ...ဆက်ပါအုံး

Anonymous said...

Lovely :)

သက်ဝေ said...

:D :D :D

NSA said...

ထုံသူ တစ်ယောက်တိုးတော့ အဖော်ရပဟေးလို့ ဝမ်းသာသွားသူ ပေါက်ထုံ .
.
.
. အလဲ့..အခုရေးနေတဲ့သူက မထုံရှာဘူး ဆိုတော့ကာ

:P

စင်စင်

Anonymous said...

It's really love to read it, A Ma!!!
looking forword to next next posts :-) :-):-)

Anonymous said...

ဖတ်ပြီးတော့ ရယ်လိုက်ရတာ အမတန်ခူးရယ် ... ။
ရယ်ပြီးတော့မှ သနားသွားတယ်။
အမတန်ခူးရဲ့ လေနုအေးလေးက တန်ခူးလေနဲ့အတူ ပြန်အသက်ဝင်လာတာ ၀မ်းသာပါတယ်။
ချစ်စရာ စာလေးတွေ ဆက်ရေးပါနော် ... ။

ချစ်တဲ့
မေ

(မေဓာဝီ)

ဆုမြတ်မိုး said...

အမတန်ခူးဘလော့ကိုခုမှ ရောက်ဖူးတယ်... ဖတ်ရတာ တကယ်ဝမ်းသာကြည်နူးမိတယ်..။ အစအဆုံးပြန်ဖတ်နေတာ သုံးရက်ရှိပြီ... အရမ်းကိုကောင်းတဲ့စာတွေရေးပေးတဲ့အတွက် ကျေးဇူးပါ အမး)

တန်ခူး said...

ပေါက်ရေ. ထုံဇင်ကတော့ ပေါက်တို့ စံချိန်ချိုးသွားပြီထင်တယ်

ကျေးဇူးပါညီမကျော့ရေ. ထုံသစ်လေးတွေများလာရင် ထပ်တင်လိုက်မယ်နော်

ကျေးဇူးပါ.

သက်ဝေပြုံးနေသည်

စင်စင်ရေ. ထုံသောသူသည်ချစ်စရာကောင်းသည်

ခုလိုအားပေးတာကျေးဇူးပါ အမည်မဖော်လိုသူညီမလေး/မောင်လေးရေ

မေရေ. အမှန်ပဲ. တခါတလေလဲ အတော်သနားမိတယ်. တန်ခူးလေက လာနှိုးသွားတာမေရဲ့

ကျေးဇူးပါညီမဆုရေ. အမကလဲ ညီမလေးတယောက်တိုးလာတာ ဝမ်းသာမိပါတယ်