Sunday, July 31, 2011

Midlife Crisis နဲ့  ဘ၀လက်တွဲဖော်

ဒီပို့ စ်ကို ရေးချင်နေတာ ကြာပါပြီ။ ရင်ထဲမှာ ချရေးနေတာလဲ ကြာပါပြီ။ ဒီပို့ စ်ရဲ့ အကြောင်းအရာက sensitive ဖြစ်ပါတယ်။ သိလို့ တတ်လို့  ရေးတာ မဟုတ်ပါဘူး။ ရင်ထဲက ခံစားရတာလေးတွေ ပြီးတော့ မိသားစုတွေ မပြိုကွဲချင်တဲ့ စေတနာက အခြေခံလာတဲ့ ကျွန်မရဲ့ ကိုယ်ပိုင် အမြင်လေးကိုသာ ချရေးခြင်းပါ။ အမှားပါရင် နားလည်ပေးပါလို့  ကြိုပြောပါရစေ။ ပို့ စ်ခေါင်းစဉ်ကို Midlife Crisis နဲ့  ဘ၀လက်တွဲဖော်လို့  ပေးထားရတာက ကျွန်မ ပြောချင်တဲ့  Midlife Crisis က အိမ်ထောင်ရေးနဲ့  ဆက်စပ်နေတာမို့ ပါ။ တခြား အခြေခံ အကြောင်းအရာတွေက မြစ်ဖျားခံလာတဲ့ Midlife Crisis မဟုတ်ပါဘူး။

“ကြားလား… ဟိုတယောက်သတင်းလေ… ဖြစ်မှာပေါ့ဟယ်… ဒီအရွယ်ရောက်တော့ တနေ့ တနေ့  ဖြတ်သန်းနေရတဲ့ ခေါက်ရိုးကျိုးဘ၀ကြီး ငြီးငွေ့ ပြီး သူလဲ Midlife Crisis ရောဂါ ရသွားတာပေါ့… ခုတော့ အငယ်လေးရယ် အငယ်လေးနဲ့ ရတဲ့ ကလေးငယ်ငယ်လေးရယ်နဲ့  ဘ၀ကို တစ်ကပြန်စနေလေရဲ့”

“ သူမိန်းမက ဘုရားတရားဘက်လိုက်တာကြာပြီလေ… မောင်နှမလို နေကြတာလဲကြာပြီတဲ့… ဒီတော့ ဒီကောင်ကြီးလဲ Midlife Crisisဖြစ်ပြီး စပွန်ဆာလေးနဲ့ တဲ့”

“တို့ သူငယ်ချင်းရဲ့ ယောင်္ကျားလေ… သူချစ်လို့ ယူထားတဲ့ မိန်းမကို ကလေး၂ယောက်ရမှ အချစ်စစ်မဟုတ်ဘူး… ဟာမိုနစ်မဖြစ်ဘူးဆိုပြီး… ဖေ့စ်ဘွတ်ပေါ်တွေ့ တဲ့ကောင်မလေး တယောက်နဲ့  အတည်ယူတော့မလို့ တဲ့… အဲဒီ Midlife Crisisကြောက်လို့  တို့ ကအပျိုကြီးလုပ်နေတာ”

အဲဒီအသံတွေထဲမှာ အိမ်ထောင်ရေး ဖောက်ပြန်မှုနဲ့ Midlife Crisis ဆိုတာကြီးက ရောနှောနေတယ်။ ဖောက်ပြန်တတ်သူတို့ ရဲ့ ဆင်ခြေပေးစရာ စကားလုံးလှလှတခုလို ဖြစ်နေတယ်။ တကယ်ပဲ Midlife Crisis ကြောင့်များ သူတို့ အိမ်ထောင်ရေးတွေ ပြိုကွဲသွားကြတာလားလို့  တတ်နိုင်သလောက် ထဲထဲဝင်ဝင် လေ့လာကြည့်တော့…. အင်းးးးး…. ကျွန်မအမြင်အရတော့ ဘာမှအစရှာမရတာ အမှန်ပဲ။ ကာယကံရှင်တွေက တော့ ပိုသိပေလိမ့်ပေမယ့်… ကာယကံရှင်တချို့ နဲ့  ပြောဆိုကြည့်တော့ သူကိုယ်တိုင်တောင် သူ့ အိမ်ထောင်ဘက် ဘာကြောင့် အဲလိုလုပ်သွားပါလိမ့်ဆိုတာ ခုထိ နားမလည်နိုင်သေး။


Midlife Crisis ဆိုတာကြီးကို အခွင့်အရေးတခုလို အသုံးချပြီး ရောဂါကျွမ်းပြီး ရလာတဲ့  နောက်ဆက်ဆိုးကျိုးတွေက ကြောက်စရာပါ။ ကျွန်မ ပတ်ဝန်းကျင်က အသိမိတ်ဆွေတချို့ ရဲ့ ဖြစ်ရပ်မှန် ဥပမာတွေကို ကြည့်ပါဦး။

“အရင်ကတော့ လူတိုင်းက ရိုသေလေးစားရတဲ့ ရာထူးကြီးကြီး လူကြီးပေါ့… သားသမီးတွေနဲ့ မိန်းမက လက်မခံတော့ အငယ်အိမ်ဆင်း…. ခုတော့ ရာထူးကလဲပြုတ်… အငယ်ကလဲ သူ့ ကို လယ်စိုက်လုပ်ကျွေးရမယ်ဆိုလို့  အသက် ၆၀ကျော်မှ လယ်စိုက်နေရတယ်တဲ့”

“ သူ့ ညာဘက်လက်က အလုပ်လုပ်လို့ မရတော့ဘူးလေ… အငယ်မိန်းမက သူ့ လိုချင်တဲ့  ပိုက်ဆံရှာမပေးလို့ ဆို ညာလက်ကို ဓားနဲ့ မွှေထားတာတဲ့”

“ဆရာနောက်ဆုံးရက်တွေက ရင်နာစရာပါ… မိန်းမငယ်ငယ်လေးနဲ့  ဆင်းရဲပြီး နောက်ဆုံး ဆေးမကုနိုင်လို့ ဆုံးရရှာတာတဲ့”

အသစ်အဆန်း အတွေ့ အကြုံတခုကို သစ်နေဆန်းနေတုန်းမှာတော့ မိုးမမြင်လေမမြင် ဒုက္ခကို ဟားတိုက်လို့  ရပေမယ့်… မသစ်မဆန်းတော့တဲ့ အခါကျတော့ အေးအတူ အပူကျတော့ မမျှနိုင်တဲ့ ဘ၀လက်တွဲဖော်မဟုတ်တဲ့ သူတွေနဲ့ အနေကြာလာမှ ကြာကြာဝါးခါးမှန်းသိကြတဲ့ ဥပမာတွေက သင်ခန်းစာ ရစရာပါ။

တကယ်တော့… အိမ်ထောင်ဘက်ဆိုတာ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ချစ်နေသူဆိုတာထက် အေးအတူ၊ ပူအမျှ ဘ၀သုခနဲ့  ဒုက္ခတွေကို အတူလက်တွဲခံစားတဲ့ လက်တွဲဖော်ဆိုတာ ပိုမှန်ပါလိမ့်မယ်။ အိမ်ထောင်ပြုကြတယ်ဆိုတာလဲ ကိုယ့်နံဘေးမှာ ကိုယ်နဲ့ အတူ ကောင်းဆိုးမှန်သမျှ ဝေမျှခံစားဖို့  အသင့်တော်ဆုံး အဖော်နဲ့  လက်တွဲခြင်းပါ။ အသက် လေးဆယ်ကျော်မှ အိမ်ထောင်ပြုတဲ့ သူတယောက်ကို ဒီအသက်အရွယ်မှများ… ဆိုတဲ့ အဆိုးမြင်ဘက်ကနေ ကြည့် ကဲ့ရဲ့တင်းဆိုမယ့်အစား သူ့ အိမ်ထောင်ဘက်က သူ့ အတွက် ဒီအရာတွေ ပါရမီဖြည့်ပေးနိုင်တာကိုဆိုတဲ့ အကောင်းမြင်ဘက်က ကြည့်သင့်ပါတယ်။


ကိုယ့်အိမ်ထောင်ဘက်ကို ဘ၀လက်တွဲဖော် အဖြစ်မြင်ရင် … အဲလိုရဲဘော်ရဲဘက်စိတ်ရှိရင် Midlife Crisis ဆိုတဲ့စကားလုံးက ဟိုးအဝေးကြီးမှာပါ။ တနေ့ တနေ့  ကိုယ့်မိသားစု စားဝတ်နေရေး… ကိုယ့်သားသမီးတွေရဲ့ ဘ၀ရှေ့ ရေး… ကိုယ့်နှစ်ဘက်မိဘတွေကို ပြုစုစောင့်ရှောက်ရေး… ဘာသာသာသနာရေးနဲ့  စိတ်လေစရာ အချိန်ကို မရှိပါဘူး။ နီးခြင်းဝေးခြင်းကလဲ အကြောင်းပြစရာ အခွင့်ကောင်းတခုမဟုတ်ပါဘူး။ သားသမီးတွေ အရွယ်ရောက်လို့  သိပ်အားလပ်နေတယ် ပိုက်ဆံတွေထားစရာမရှိအောင် ပိုလျှံနေတယ်ဆိုရင်လဲ ဘုရားသွားကျောင်းတက်.. ဘာသာ၊သာသနာအကျိုးထမ်းနေတာနဲ့  မအားလပ်ပါဘူး။

Midlife Crisisဆိုတာကြီးက formula တခုမဟုတ်သလို၊ လူတိုင်းကြုံတွေ့ နိုင်တဲ့ ကူးစက်ရောဂါတခုလဲ မဟုတ်ပါဘူး။ ကျွန်မတို့  ပတ်ဝန်းကျင်က Midlife တွေရဲ့  ချစ်စရာမိသားစု ဥပမာလေးတွေက အများကြီးပါ။ စနေ၊ တနင်္ဂနွေဆို သားသမီးတွေကို ဘုန်းကြီးကျောင်းလိုက်ပို့ … အလှူအတန်းသွား… အားကစားအတူလုပ်… ဂီတသင်တန်းအတူတက်နဲ့ … ဘ၀ကို ဘ၀လက်တွဲဖော် မိသားစုတွေနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနေကြတဲ့ သူတွေကို ခုန Midlife Crisisလို့  တတွင်တွင် အော်ပြီး အမှောင်ထဲမှာ ပျော်တတ်သူတွေကို လက်တို့ ပြချင်ပါတယ်။ တကယ်လို့ များ ရောဂါမရင့် သေးရင်… အချိန်မှီ အလင်းဝင်နိုင်အောင်ပါ။

ကျွန်မ ပတ်ဝန်းကျင်က Midlife အရွယ်လို့  ပြောလို့ ရတဲ့ ကျွန်မသူငယ်ချင်းတို့  မိသားစု သတင်းလေးတွေ facebook ပေါ်တွေ့ ရရင် အရမ်းကြည်နူးရပါတယ်။ အဖေရော... အမေပါ... ချစ်စရာသမီးလေး ၂ယောက်နဲ့  အမြဲပျော်ရွှင်ကြည်နူးနေကြတဲ့ အတုယူစရာ မိသားစုလေးပါ။ အောက်ကပုံလေးကတော့ အကောင်းဆုံး ဥပမာလေးပေါ့။ သမီးလေးရဲ့ ကျောင်းက အဖေနဲ့ သမီး လုပ်ရတဲ့ Project လေး။ အဖေနဲ့ သမီး နှစ်ယောက်ပေါင်းဆွဲတဲ့ တီရှပ်ပန်းချီလေး။ တီရှပ်လေး ၂ခုပေါင်းမှ ပြီးပြည့်စုံတဲ့  ပန်းချီကားလေးဖြစ်တာ။ ဘယ်လောက်လှတဲ့  themeလေးလဲနော်။ မိသားစုတွေမှာလဲ အဲလိုပါပဲ။ အဖေက ကောင်းကင်ကြီး အမေက သက်တန့် ကြီး သားက သစ်ပင် သမီးလေးက ပန်းပွင့်လေး… ပေါင်းစုံလိုက်တော့ ကြည်နူးစရာ ပန်းချီကားချပ်လေး မဖြစ်လား။










ဘ၀လက်တွဲဖော်လက်များ ပိုလို့ ခိုင်မြဲပြီး မိသားစုများ ပြိုကွဲခြင်း ဒုက္ခမှ ဝေးကြပါစေ။
(ဓာတ်ပုံလေးတွေ သုံးခွင့်ပေးသော ချစ်သူငယ်ချင်းအား ကျေးဇူးအထူးပါ)

တန်ခူး
2:00pm 31-July-2011

13 comments:

Anonymous said...

း) မှန်လိုက်လေ အစ်မရယ်
အဲလို ပြောပြလိုက်ပါ..။
mm

T T Sweet said...

ဟုတ်တယ် ... အသိတွေထဲမှာကို သတင်းတွေ ကြားနေရတယ် တန်ခူးရေ။ ကျောင်းတုံးက ခင်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက် ကွန်ဒိုဝယ်ပြီး အငယ်လေးနဲ့ပဲနေတယ်ဆိုတာတွေလဲကြားရဲ့။ အံ့သြတကြီးဖြစ်ရပါတယ်။ တန်ခူးရဲ့စာလေးဖတ်ပြီး အမြင်မှန်ရကြပါစေလို့ ဆုတောင်းရင်း ....

မေဓာဝီ said...

နောက်ဆုံးအရင်းစစ်လိုက်ရင်တော့ ကိုယ်ရဲ့ စိတ်ပါပဲ အမရယ်။
စိတ်အလိုကို လိုက်မိကြလို့ မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြတာနေမှာနော်။
ကိုယ့်စိတ်ကပဲ ကိုယ့်ဘ၀ကို ပြန်ဖျက်နေတာပဲ။
ဖောက်ပြန်တဲ့သူတိုင်းမှာ အကြောင်းပြချက်တွေကလဲ အသင့်ရှိနေတတ်ကြတယ်။

ဒီနိုင်ငံတွေမှာ အဲဒီလိုကိစ္စတွေက မဆန်းသလို ဖြစ်နေပေမဲ့ အဖိုးကြီးအဖွားကြီးတွေ ကြင်ကြင်နာနာ တယောက်ကိုတယောက် ဖေးမပြီး သွားလာနေကြတာ မြင်ရင် သိပ်ကြည်နူးတာပဲ။
လက်တွဲဖော် ပါရမီဖြည့်ဘက်ဆိုတာ ဒီဘ၀အတွက်တွင် မဟုတ်ဖူးနော် ... ဘ၀အဆက်ဆက် သံသရာအဆက်ဆက် ... နိဗ္ဗာန်မရောက်မချင်းပေါ့။

မြတ်စွာဘုရားလက်ထက်တော်က နကုလမာတာနဲ့ နကုလပိတာတို့ ဇနီးမောင်နှံကိုတော့ အားကျတယ် အမရေ ... ။ :)

Anonymous said...

လူကြီးတွေကြောင့် လောကထဲ မအူမလည် ရောက်လာတဲ့ ကလေးတွေ လူကြီးတွေကြောင့်ပဲ သိမ်သိမ်ငယ်ငယ် ဖြစ်သွားရတဲ့ကလေးတွေ သူတို့တွေကိုပဲ သနားပါတယ်။

မအယ်

Moe Cho Thinn said...

အိမ်ထောင်ရေးမှာတင် မဟုတ်၊ ဘယ်နေရာမဆို နှစ်ဦးနှစ်ဖက် မျှမျှတတ ဖြစ်ပါမှ..။ တဦးတယောက်က အလွန်အကျွံဆိုရင် balance out သွားတာပဲ မဟုတ်လား။ ဒါကလဲ ကိုယ်တယောက်တည်း လုပ်လို့ရတဲ့အရာ မဟုတ်သေးဘူး။ နှစ်ဘက်စလုံး ညီဖို့ လိုသေးတယ်။ ဒီ midlife ရောက်လို့ တည်ငြိမ်သင့်တဲ့အချိန် ရောက်တာတောင်မှ ကိုယ့်ဘ၀၊ ကိုယ့်မိသားစုဘ၀လေးကို balance မလုပ်နိုင်ရင်တော့ မဟုတ်သေးဘူး လို့ ထင်မိတယ်။ ဒီစာဖတ်ရင်း တွေးမိတာတွေပါ ချစ်တဲ့အမရေ..၊ ဘ၀တွေ အဆင်ပြေကြပါစေ။

Mon Petit Avatar said...

I love reading this post which makes me thinking about some of my acquaintance. Thank you and please let me add your blog in my blogroll.

အင်ကြင်းသန့် said...

အလားတူဖြစ်ရပ်တွေကို စိတ်မသက်သာစွာနဲ့ကြားနေရပါတယ်....(အဲဒါနဲ့ပတ်သက်လို့ပိုစ့်တစ်ပုဒ်တောင်
ရေးလိုက်မိသေးတယ်)။ မှားယွင်းတာကိုမှားယွင်းမှန်းသိသိနဲ့
ဖောက်ပြန်တတ်ကြတဲ့သူတွေရှိနေသရွေ့တော့ ဒါမျိုးတွေဖြစ်နေဦးမှာပါပဲ....
ကြီးမှမိုက်ကြတဲ့သူတွေကို
ဆုံးမပဲ့ပြင်လမ်းကြောင်းမှန်ပေါ်တင်ပေးဖို့ရာလည်း
တော်တော်တော့ခက်မယ်ထင်ပါတယ်။ ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ်
ထိန်းသိမ်းနိုင်ကြရင်တော့လောကကြီးက သိပ်ကိုလှပသွားမှာ.....။

Su said...

Midlife crisis ဆိုတာအသက်ကြီးမှ ferrari ဝယ်စီးချင်တာမှတ်လို့

Anonymous said...

စိတ်ပျက်စရာ အမရေ .. ပိုက်ဆံရှိလာရင် ပိုဆိုးလာသလိုပဲ .. အဓိက ကိုယ့်ရဲ့ ပင်ကိုယ်စိတ်ဓါတ်နဲ့လဲ ဆိုင်ပါတယ် ..

nu-san said...

မရေ.. တီရှပ်ပန်းချီနဲ့ idea လေးကို သဘောကျလိုက်တာ.. မိသားစုဘ၀လေးကို ပြည့်ပြည့်စုံစုံနဲ့ ပုံဖော်ထားလို့ အမရေးထားတဲ့ စာကို ဖတ်ရင်း ဓာတ်ပုံတွေကို ကြည့်ရတာ ကြည့်မ၀ဘူးရယ်.. :)

kay said...

ရေးသင့်တဲ့ စာလေးပဲ..မတန်ခူးရေ..

Shinlay said...

စာကောင်းလေးဖတ်လိုက်ရလို့ ကျေးဇူးတင်ပါတယ်ရှင်။

Sonata Cantata said...

ဒီ article လေး နဲ့ တွဲထားချင်လို့ပါ တန်ခူးရေ