Thursday, November 19, 2009
ငယ်ဖော်ကွင်း
အိမ်ပြန်ရောက်လို့  အိမ်ရှေ့ ဘက်ကို လှမ်းကြည့်မိရင် အစီအရီ တွေ့ ရတဲ့ တိုက်ခန်းတွေရယ်... ပြီးတော့ ခေတ်မှီလှပတဲ့ လုံးချင်းအိမ်ယာတွေရယ်ကို တွေ့ ရရင် တခါတလေ မျက်ရည်ဝဲမိတယ်။ ကျွန်မတို့ ငယ်ငယ်က ပြေးလွှားဆော့ကစား ခြေရာချင်း ထပ်ခဲ့တဲ့ ကွင်းပြင်ကျယ်ကျယ်ကြီးကို လွမ်းမိလို့ ပါ။ တကယ်တော့… မြက်ခင်းစိမ်းစိမ်းစိုစိုနဲ့  အဲဒီကွင်းပြင်ကျယ်ကြီးက ကျွန်မရဲ့ ငယ်ဖော်ပဲ မဟုတ်ပါလား။
ခုလို နတ်တော်လဆို အဲဒီကွင်းပြင်ကျယ်ကြီးကို ပိုလွမ်းမိတယ်။ ဒီရာသီရောက်ရင် ကျွန်မအဖေကတော့ သူ့ အဖွဲ့ တွေနဲ့ ရပ်ကွက်စာပေဟောပြောပွဲ အတွက် စလို့ လှုပ်ရှားနေတတ်ပြီ။ မနှစ်ကနဲ့ မတူ တမူထူးခြားအောင် ဒီနှစ် ဘယ်စာရေးဆရာတွေ ဖိတ်မလဲ၊ စာပေဟောပြောပွဲ စင်မြင့်ကို ဘယ်လိုလေး ဆောက်မလဲ၊ စာရေးဆရာတွေအတွက် ဧည့်ခံကြိုဆိုရေး၊ လက်ဆောင်ပြင်ဆင်ရေး… စတဲ့ အစည်းအဝေးတွေနဲ့  အဖေ အလုပ်ရှုပ်နေတတ်ပါပြီ။ ကျွန်မကတော့ ဒီနှစ်ဘယ်စာရေးဆရာတွေ ပါမလဲ ဆိုတဲ့ အဖြေကို ရင်တခုန်ခုန် မျှော်တလင့်လင့်နဲ့ ပေါ့။ ပင်တိုင်ပါတတ်တဲ့ စာရေးဆရာတွေကတော့ အဟောအပြောကောင်းလွန်းလို့  နှစ်တိုင်းပွဲတောင်းတဲ့ ဆရာအောင်သင်း… လူငယ်တွေအတွက် ပညာပေးလေးတွေ ဟောတတ်တဲ့ ဖေဖေ့သူငယ်ချင်း ဆရာလယ်တွင်းသားစောချစ် တို့ ပါ။ မှတ်မိသလောက် ကျွန်မတို့  ရပ်ကွက်စာပေဟောပြောပွဲကို လာဖူးတဲ့ စာရေးဆရာတွေက ဆရာချစ်ဦးညို၊ ဆရာသုမောင်၊ ဆရာမ မိုးမိုး(အင်းလျား)၊ ဆရာမ သာယာဝတီ စမ်းစမ်းနွဲ့ ၊ ဆရာမ ရွှေကူမေနှင်း တို့ ပါပဲ။ စာပေဟောပြောပွဲ မစခင် ကတည်းက ကွင်းထောင့်က အိမ်မှာ ဆရာတွေကို ဧည့်ခံတာမို့  ကျွန်မက အစောကြီး အဲဒီအိမ်ရောက်နေတတ်ပါတယ်။ မြန်မာဝတ်စုံလေးတွေနဲ့  ကျက်သရေရှိရှိလှနေတဲ့ ပေါ်ဦးပေါ်ဖျား သဇင်တွေ ဝေနေအောင် ပန်ထားတတ်တဲ့ ကျက်သရေရှိလွန်းတဲ့ စာရေးဆရာမတွေကို မလှမ်းမကမ်းက ပါးစပ်လေး အဟောင်းသားနဲ့  ငေးရတဲ့ အရသာက ဘာနဲ့ မှ မတူပါဘူး။ စာရေးဆရာတွေများ စာအရေးကောင်းရုံတင်မက စကားပြောကလဲကောင်းဆိုတော့ ဟောပြောပွဲမတိုင်ခင် ကတည်းက သူတို့ အချင်းချင်း စကားပြောကြတာ နားထောင်လို့  မ၀ပါဘူး။ စာပေဟောပြောပွဲ မစခင် အခမ်းအနားမှူး လုပ်တတ်တဲ့ ကျွန်မအဖေက စာရေးဆရာ တဦးချင်းဆီရဲ့ ကိုယ်ရေးရာဇ၀င်၊ သူနာမည်ကြီးခဲ့တဲ့ စာအုပ်တွေ အကြောင်း အနည်းငယ်ပြောပြီး တဦးချင်းဆီ ဖိတ်ခေါ်ပါတယ်။ ဆောင်းတွင်းချမ်းချမ်း စီးစီးထဲမှာ ဟိုးစင်မြင့်ထက်ကို ငေးမောနားထောင်ရင်း အချိန်ကုန်လို့  ကုန်မှန်း မသိနိုင်အောင်ပါပဲ။ စာပေပရိသတ် တစက်ကလေးမှ မငြီးငွေ့ အောင် ပြောတတ် ဟောတတ်လွန်းတဲ့ ဆရာ၊ ဆရာမတွေကို ကြည့်ပြီး စိတ်ထဲကြိတ်ပြီး အားကျမိခဲ့တာပါ။ ဆရာအောင်သင်းကတော့ အမြဲနောက်ဆုံးမှ ပွဲသိမ်းဟောတတ်ပါတယ်။ ခေတ်ကို အမြဲထင်ဟပ်အောင် ဟောတတ်လွန်းတဲ့၊ လူငယ်တွေအတွက် အလေးပေးဟောလေ့ရှိတဲ့ ဆရာ့ အဟောအပြောမှာ နစ်မြုပ်သွားတာများ မနက်လင်းအားကြီး ၂နာရီ ၃နာရီ ထိုးတဲ့အထိပါပဲ။ သားအဖနှစ်ယောက် ပွဲပြီးတော့မှ ချမ်းရကောင်းမှန်းသိပြီး လက်ကလေးတွေဖွက် အိမ်ပြန်ကြတဲ့ ဆောင်းနံနက်တွေ ခုချိန်ထိ လွမ်းမိပါရဲ့။
အဲဒီကွင်းထဲမှာပဲ လွတ်လပ်ရေးပွဲကို နှစ်စဉ်ကျင်းပတတ်ပါတယ်။ မနက် ၅နာရီလောက်ကတည်းက “စောစောအိပ်လို့  စောစောထလို့  စောစောလမ်းလျှောက်ကြပါစို့ ” ဆိုတဲ့ သီချင်းသံကို အိပ်ယာထဲက စကြားနေရပါပြီ။ အရင်က ကွေးနေအောင် အိပ်တတ်သူ ကျွန်မကတော့ ၀ိရိယကောင်းကောင်းနဲ့  အစောကြီးထပြီး မနက်စာတောင် ကောင်းကောင်း မစားဖြစ်ပဲ ကွင်းထဲကို ပြေးတော့တာပါပဲ။ အပြေးပြိုင်ပွဲ၊ မုန့် စားပြိုင်ပွဲ၊ အားလူးကောက်၊ လျှောတိုင်တက်၊ ထုတ်ဆီးတိုး၊ ဘောလုံးပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ… စသဖြင့် သူ့ နေရာနဲ့ သူ ပြိုင်ပွဲတွေ အစီအရီ။ ကိုယ်ပြိုင်ချင်တဲ့ ပြိုင်ပွဲကို စာရင်းဝင်ပေးပြီး ပြိုင်ရုံပါပဲ။ ကျွန်မကတော့ အပြေးနဲ့  ပတ်သက်တဲ့ပြိုင်ပွဲ တော်တော်များများကို ၀င်ပြိုင်တတ်ပါတယ်။ တနေ့ လုံး ကွင်းထဲမှာ ပြိုင်ပွဲတွေ လုပ်လိုက်တာ ညကြီးမိုးချူပ်အထိပါပဲ။ အစီအစဉ်ကြေငြာသူတွေ ခမျာ အသံတွေ နာ။ ရပ်ကွက်ထဲက လူတွေ အကုန်လုံး ကွင်းထဲရောက်နေတယ် ထင်ရအောင် တကွင်းလုံး လူတွေ ဖွေးဖွေးလှုပ်နေတတ်ပါတယ်။
တခါတခါကျတော့ ကွင်းထဲမှာ ဇာတ်ပွဲတွေ ကန်ထရိုက်ယူတတ်ပါသေးတယ်။ မှတ်မှတ်ရရ ရွှေမန်းသဘင် ဇာတ်ပွဲကို ပထမဆုံး ကြည့်ဖူးတာ ကွင်းထဲက ဇာတ်ရုံထဲမှာပါ။ မင်းသားချမ်းသာကို ကောင်မလေးတွေ၊ အန်တီကြီးတွေ သဲသဲလှုပ်ကြတာ အဲဒီကွင်းထဲမှာ စတွေ့ ဖူးခဲ့တာပါ။ ညဘက်ဇာတ်က နေ့ ဘက်ကျတော့ နီးစပ်ရာအိမ်တွေမှာ ရေမိုးချိုးကြတဲ့ မင်းသမီးတွေကို ကလေးဆိုတော့ မြင်ဖူးချင်လို့  သွားသွားချောင်းကြည့်ဖူးပါတယ်။ ဦးမောင်မောင် ဆပ်ကပ် ကိုလဲ ကွင်းထဲမှာပဲ ကြည့်ခဲ့ဘူးတာပါပဲ။ ကမ္ဘာလုံးကြီးထဲ ဆိုင်ကယ်စီးတဲ့အသံကို ညတိုင်းလိုလို အိမ်ကကြားရပါတယ်။ ဘာအထိမ်းအမှတ်မှန်း မမှတ်မိတော့တဲ့ ဘဲလေးစိမ်း အငြိမ့်ပွဲ အလွတ်ပွဲ( ပိုက်ဆံပေးစရာမလို) ကိုလဲ ကျွန်မနဲ့  ကျွန်မကြီးကြီး ရှေ့ ဆုံးက နေရာရအောင် ဦးကြည့်ခဲ့ကြသေးတယ်လေ။ လူရွှင်တော် မိုးကျော်နဲ့  ဆိုနီဆိုတာ ခုထိမှတ်မိနေသေးတယ်လေ။
သင်္ကြန်မတိုင်ခင်မှာ အဲဒီကွင်းထဲမှာ ကုလားဘုရားမီးနင်းပွဲ နှစ်စဉ်ကျင်းပလေ့ ရှိပါတယ်။ ညနေစောင်းမှာ လမ်းထိပ် ဘုရားကျောင်းက အပ်တွေ တကိုယ်လုံး စိုက်ထားတဲ့ မီးနင်းသူတွေ တီးလုံးနဲ့ အတူ ဟိုရမ်းဒီရမ်းကလို့  ကွင်းထဲကို လာကြပါတယ်။ ၀ါသနာကြီးတဲ့ ကျွန်မတို့  တူအရီးက မီးရဲရဲထနေတဲ့ မီးနင်းမယ့် နေရာဘေးက စည်းရိုးမှာ အဆင်သင့်နေရာယူလို့ ပေါ့။ အဖေနဲ့ အမေက ကျွန်မ ထိမိခိုက်မိမှာ ကြောက်လို့  ဘယ်တော့မှ မသွားခိုင်းပါဘူး။ နှစ်တိုင်း အဆူခံထိသလို နှစ်တိုင်းလဲ သွားမြဲပါပဲ။ မီးအိုးပိုက်ပြီး မီးနင်းသူနဲ့ ၊ အပ်စိုက်ပြီးမီးနင်းသူနဲ့  အတော်စိတ်ဝင်စားစရာကောင်းပါတယ်။ တခါတလေ မီးနင်းသူတွေထဲ ရပ်ကွက်ထဲက အသိအဒေါ်ကြီးတွေ၊ အကိုကြီးတွေတောင် ပါလိုက်သေးပါတယ်။ အဲဒီလို မီးနင်းပွဲ အထိမ်းအမှတ်နဲ့  ညကျတော့ ကွင်းထဲမှာ ရုပ်ရှင် မိုးလင်းပေါက် ၃ကား အလကားပြပါတယ်။ ထုံးစံအတိုင်း ကျွန်မတို့  တူအရီးနှစ်ယောက်က ထိပ်ဆုံးမှာ ဖျာအဆင်သင့်ဦးပြီး မော့ကြတာပါပဲ။ တကားပြီးသွားတိုင်း မလှမ်းမကမ်းက မုန့် တန်းမှာ ရေမုန့် ၊ ခေါက်မုန့် ၊ မုန့် လင်မယား၊ အကြော်စုံ၊ သရက်ကင်… သွားရည်စာ အစုံစားရတာလဲ အရသာတမျိုးပါ။ မနက်လင်းအားကြီး ရုပ်ရှင်ပြီးရင် ဖျာလေးလိပ်လို့  အိမ်သော့ကို လူကြီးတွေ မကြားအောင် တိတ်တိတ်လေးဖွင့် ပြန်အိပ်တတ်ကြတာလဲ ကျွန်မတို့  တူအရီးပါပဲ။ သင်္ကြန်ဆိုရင်တော့ ကွင်းထဲမှာ သံချပ်ဆုပေးမဏ္ဍဋ်ကြီးက ခမ်းခမ်းနားနား။ အဲဒီအချိန်ဆို တမိသားစုလုံး ကြည့်နေကျမို့  ခိုးကြောင်ခိုးဝှက် သွားစရာမလိုပါဘူး။ အဖေက သံချပ်ဝါသနာပါသူမိုလား။ ကွင်းတခုလုံး သံချပ်သံ ဆူဆူညံနဲ့  သင်္ကြန်ပီသတဲ့ သင်္ကြန်နေ့ ရက်တွေပါ။ မှတ်မိနေတဲ့ သံချပ်အဖွဲ့ တွေက အင်အား၊ ယဉ်ကျေးမောင်၊ ဒဲ့ဒိုး စတဲ့အဖွဲ့ တွေပါပဲ။
အဲဒီကွင်းကြီးထဲမှာပဲ ငယ်ငယ်က အိုးပုတ်တိုင်း ကစားဖို့  ဟင်းသီးဟင်းရွက် အရှာထွက်ခဲ့တာ။ အဲဒီကွင်းကြီးထဲမှာပဲ အ၀တ်ရုပ်တမ်းဆော့ဖို့  စက်ချူပ်ဆိုင်က ဖြတ်စညှပ်စတွေ သွားကောက်တတ်ခဲ့တာ။ အဲဒီကွင်းကြီးထဲမှာပဲ အမေ့ပန်းပင်တွေအတွက် နောက်ချီး(နွားချီး) အကောက်ထွက်ခဲ့တာ။ အဲဒီကွင်းကြီးထဲမှာပဲ လူရည်ချွန်ဖြေဖို့ အတွက် အားကစားလေ့ကျင့်ခဲ့တာ။ အဲဒီကွင်းကြီးကို လှမ်းမြင်ရတဲ့ ၀ရန်တာမှာ နေ့ စဉ်နေ့ တိုင်း စာကျက်ခဲ့ရတာ။ အဲဒီကွင်းကြီးထဲက ဖြတ်သန်းလာတဲ့ လေနုအေးလေးကြောင့် နွေရက်တွေက နွေနဲ့ မတူ အေးမြခဲ့တာ။ ခုတော့ ကျွန်မငယ်ဖော်ကွင်းကြီးက အစိတ်စိတ် အမွှာမွှာ အပိုင်းပိုင်း အပြတ်ပြတ်။ အဲဒီနေရာမှာ တချိန်က ရပ်ကွက်ရဲ့ အစည်ကားဆုံးနေရာ၊ အထိမ်းအမှတ်ပွဲတွေ ကျင်းပခဲ့တဲ့နေရာ၊ ငယ်ဘ၀ရဲ့ ခြေရာတွေ ထပ်ခဲ့တဲ့နေရာ ကွင်းကြီးတကွင်း ရှိခဲ့တယ်လို့ ဆိုရင် ကျွန်မကို ကလေးတွေက မယုံနိုင်တဲ့ သံသယမျက်ဝန်းတွေနဲ့  ကြည့်ကြဦးမယ် ထင်ပါရဲ့။
တန်ခူး
2:54pm 19-Nov-2009
15 comments:
ရွာသားလေးဝိုင်တီယူ said...
အင်းလေ လွမ်းလေ လွမ်းလေ လွမ်းမပြေ
မြင်ရရင် ပိုလွမ်းပြီး
ပြန်လာတော့ လွမ်းနေဦးမလေ.....
သက်ဝေ said...
တန်ခူး လွမ်းမယ်ဆိုလဲ လွမ်းလောက်စရာ....
တန်ခူးရဲ့ ငယ်ဘဝလေးက အတွေ့အကြုံတွေ တော်တော်စုံစုံလင်လင်နဲ့ တကယ့်ကို ပျော်စရာကောင်းမှာပဲ လို့ တွေးနေမိပါတယ်...
ကိုယ်ကတော့ ဝေးဝေးကသာ လွမ်းပါမည် ပေါ့...
Kay said...
အဲဒီ ခံစားချက်မျိုး.. တကယ့်ကို စိတ်ပျက် ၀မ်းနည်း ဖြစ်ခဲ့ဘူးတယ်။ ဒါပေမဲ့..မ လို..ငယ်ကတည်းက..လည်ပင်းဖက် ကြီးလာခဲ့တဲ့.. အိမ်ရှေ့ကွင်းကြီးတော့ မဟုတ်ပါဘူး။
ဟိုတုန်းက.. ရပ်၇ွာ တည်တယ် ဆိုတာ..လူ နေ အိမ်ခြေ တင်မက..လူတွေ အပန်းဖြေ စုဝေး ဖို့.. ကွင်းပြင်ကြီးတွေ..ပန်းခြံ ကြီးတွေ.. လူတွေ..လွတ်လပ် ကျန်းမာဖို့.. ရေမြောင်းစနစ်.. လေ၀င်လေထွက် ကအစ... တအိမ်နဲ့ တအိမ်ကြား..ဘယ်လောက်ကွာခြားဖို့.. တိုက်တခုနဲ့ တခု ဘယ်လို လှမ်းဖို့ ဆိုတာ.. အားလုံး ထဲ့တွက်ချက် ကြတာပါ.. ။
ဒီတခေါက် အပြန်..ဦးလေးတွေ နေတဲ့..ကြို့ကုန်း အရာရှိ တိုက်ခန်း တွေရဲ့ အလယ်က.. အားကစား ကွှုးကြီးထဲမှာ.. အပြည့်အကျပ် လူသွားဖို့တောင်..အနိုင်နိုင်ချန်ထားတဲ့.. ဖြစ်ကတတ်ဆန်း တိုက်ကြီးတွေ တက်သုတ်ရိုက် ဆောက်နေတာ ကိုမြင်တော့.. အော်.. ဘယ်လို ပေါ်လစီပလန်နာ တွေ.. အိုးအိမ် စီမံ တွေက.. ဘယ်သူ့ ကို ကန်ထရိုက်ပေးပြီး..ဘယ်နှယ်နှစ်လောက် ခံမယ့် ကွလတီကျ တိုက်တွေ ဆောက်နေ လေသလဲ လို့.. ရင်ထု မနာ ဖြစ်ခဲ့မိတယ်။ ရင်ထု ရတာကတော့.. မူလ သဘာဝ တွေ အကုန် ကွယ်ပျေက်ကုန်တာရယ်..ဘယ်သူတေတေ... မာချင်တဲ့ လူတွေ ကို..နေရာတိုင်း တွေ့မိလာရသလိုမို့ပါ။
( မ ပြောချင်တဲ့..စာပေ ဟောပြောပွဲ အရသာလေး တော့...ပျောက်သွားပီ ထင်တယ် )း)
Rita said...
"အိုးပုတ်တိုင်း ကစားဖို့"
ပြုံးပြီး ဖတ်မိတယ်။
တချို့ ဝေါဟာ့ရလေးတွေ မေ့တောင်မေ့နေပြီ။ မပြောရတာ ကြာလို့။
ကျောင်းမပြီးသေးခင်ထိကို နွေရာသီ အိမ်ပြန်ရင် ဝမ်းကွဲတွေထဲမှာ ကလေးအငယ်တွေ ရှိတော့ သူတို့ အိုးပုတ်တိုင်းကို ဆရာကြီးလုပ်သလိုလိုနဲ့ မသိမသာ ဝင်ဝင်ပါတတ်သေးတယ်။
ငယ်ငယ်ကတော့ တယောက်တည်း ကြီးခဲ့ရတော့ ပျင်းခြောက်ခြောက်ပါပဲ။
PAUK said...
ရတန်းနှစ်က စာပေဟောပြောပွဲသွားဖူးပါတယ်..။။
၈တန်းနှစ်လောက်က..လွတ်လပ်ရေးပွဲလုပ်တဲ့
လွတ်လပ်ရေးကွင်းမှာ လာကတဲ့..မြို့တေည် သိန်းအောင် ဆိုတဲ့ ဇာတ်ပွဲ ကြည့်ဖူးပါတယ်။။
အဲ့ဒီကတည်းက ဇာတ်ပွဲ စွဲသွားပါတယ်။။
ဒါပေမယ့်လည်း..အဲ့ဒီတစ်ခါပဲ ကြည့်ဖူးပါတယ်။။
ပုံရိပ် / Pon Yate said...
ပျော်စရာကြီး။ လွမ်းစရာကြီး။ တခါမှ စာပေဟောပြောပွဲ နားမထောင်ဖူးဘူး။ နားထောင်ချင်လိုက်တာ။
Moe Cho Thinn said...
အမရေ
ဖတ်ရတာ မျက်စိထဲ ထင်ထင်ရှားရှား ရှိလိုက်တာ။ ရှိဆို ချိုသင်းတို့လဲ ဒါမျိုးပတ်ဝန်းကျင်နဲ့ ကြီးပြင်းရတာကိုး။ စာပေဟောပြောပွဲတွေ ချမ်းချမ်းစီးစီး လိုက်နားထောင်ရတဲ့ ဘ၀တွေကို အတမ်းတဆုံး ပါပဲ။
နေရာတွေ ဘယ်လိုပြောင်း၊ အချိန်တွေ ဘယ်လို နှောင်းပေမဲ့ အဟောင်းကိုပဲ တလည်လည် ဖြစ်မိရတာပဲနော်။
nu-san said...
မမရေးထားတာ ဖတ်ပြီး ကျနော်တို့ ငယ်ငယ်တုန်းက အကြောင်းသွားသတိရမိတယ်.. မဆလ ခေတ်တုန်းကတော့ ကျနော်တို့နေတဲ့ ရပ်ကွက်မှာ စာပေဟောပြောပွဲ လုပ်တယ်.. ဒါပေမယ့် ကျနော် သေသေချာချာ မှတ်မိနေတာက ဆရာလယ်တွင်းသားစောချစ် ဟောပြောတာကိုပဲ... အဲဒီတုန်းက ၄ တန်းလားပဲ ရှိသေးတာ.. အဲဒီတစ်ခါပဲ စာပေဟောပြောပွဲဆိုတာ နားထောင်ဖူးတယ်.. မမေ့ဘူး အမ... အခုထိ မှတ်မိနေတုန်းပဲ.... ဘုရားပွဲရှိရင်တော့ အမပြောသလို ရုပ်ရှင် ၃ ကားပေါင်းမိုးလင်းတွေ ဘာတွေ လည်း လုပ်တယ်.. ဘုရားပွဲဈေးမှာလည်း မုန့်အစုံစားရတယ်.. ရုပ်ရှင်ကတော့ တစ်ကားလောက်ပဲ ကြည့်ရတာ များတယ်.. အခုတော့လည်း အားလုံးဟာ လွမ်းစရာတွေဖြစ်ကုန်ပြီ အမရေ...
rose of sharon said...
လွမ်းစရာနော်... ဒို့လဲ ငယ်ငယ်တုန်းက ပြေးဆော့ခဲ့ဘူးတဲ့ အိမ်ရှေ့က ဘောလုံးကွင်းကြီးကို လွမ်းတယ်... ရှိလား မရှိလားတောင် မသိတော့ဘူး... စစ်တပ်ကသိမ်းလိုက်ပြီ
မီယာ said...
မတန်ခူး ခုလို ရေးထားတာ ကောင်းလိုက်တာ... ငယ်ငယ်က ဒါမျိုးတွေ ရှိခဲ့ဖူးတယ်ဆိုတဲ့ မှတ်တမ်းလေး တခုလိုပေါ့... ပွဲဈေးတန်းလျှောက်ပြီး မုန့်လေပွေတို့ ပုရစ်ကြော်တို့ ၀ယ်စားရတာလည်း သတိရတယ်... အငြိမ့်ကို မိုးအလင်း ဖျာခင်းပြီး ကြည့်ရတာလည်း သတိရတယ် နေရာတော့ မမှတ်မိတော့ဘူး
အိမ့်ချမ်းမြေ့ said...
မ...
အိမ်နားက ဘောလုံးကွင်းကြီးတစ်ခုကိုတောင် လွမ်းသွားပြီ။ အဲဒီကွင်းထဲမှာ အဲသလိုပဲ ဇာတ်ပွဲတွေ လာလာကတယ်။ ကလေးဘ၀တုန်းကတော့ အရာအားလုံးဟာ အရောင်စုံတောက်ပလို့ ပျော်စရာကောင်းလွန်းပါတယ်။ စားစရာရနံ့တွေကလည်း သင်းလို့၊ မြေအိုးပုတ်လေးတွေရဲ့ အနံ့တွေကတောင် သင်းနေတာ။ တစ်ကွင်းလုံးကလည်း ရောင်စုံမီးတွေ လင်းနေခဲ့တယ်...
နှစ်တွေအရမ်းကြာလို့ တစ်ခေါက်ပြန်ရောက်တုန်းကတော့...
ပက်ကြားအက်နေတဲ့မြေပြင်ပေါ်မှာ ဒနိမိုးထရံကာ ဈေးတဲတွေ... ခြောက်ကပ်ကပ်ဈေးတန်းတွေ..
တစ်ကယ်ကတော့ ဒီကွင်းကြီးဟာ ဟိုးတုန်းကလည်း ဒီလိုပဲ.. ခုလည်း ဒီလိုပဲ.. မပြောင်းလဲပေမယ့်လည်း..
ပြောင်းလဲသွားတာက...
ပြောင်းလဲသွားတာကလေ......
(ရေးချင်ရာတွေ ရေးသွားပါတယ် :P)
ချစ်တဲ့...
ခွန်မြလှိုင် said...
အမစာ ဖတ်မိတော့မှာ လမ်းထဲက မီးလောင်ကွင်း လို့ ခေါ်တဲ့ ဘောလုံး ကွင်း ကြီးကို လွမ်းသွား တယ်။ အစက ရပ်ကွက် အသေးစား လေး။ မီး လောင်လို့ ကုန်သွားတော့ မီးဘေးသမားတွေ ကို တခြားနေရာ အစားပေးပြီး အဲ့ကွင်းက ဘောလုံး ကွင်း ဖြစ်သွားတာ။ ငယ်တုန်း ကတော့ လှိုင်တို့ ကလေး တွေ ညနေတိုင်း ဘောလုံးကွင်းထဲမှာ နည်း မျိုးစုံ ဆော့တာ ပါပဲ။ နောက်တော့ စည်ပင် က ဈေး ဆောက်လိုက် တော့ ရပ်ကွက်ထဲက ကလေးတွေလဲ ဆော့စရာ နေရာပျောက်သွားတယ်။ ခုခေတ်ကလေးတွေ ဆော့ရတဲ့ အရသာနဲ့ ကလေး ဘ၀ လွတ်လပ် ပျော်ရွှင်မှု ဆိုတာတွေ ဆုံးရှုံးသွား တာကို သနား မိတယ်။
Anonymous said...
အမ..အဲလို တခါမှ မဆော့ဘူးဘူး။
ဒါပေမဲ့ ပွဲဈေးတွေ ပွဲတွေတော့ ရန်ကုန်မြို့ နေရာတော်တော်များများမှာ ကြည့်ဖူးရောက်ဖူးပါတယ်။
ဖေဖေက ပွဲကြည့်တာအရမ်းဝါသနာပါတယ်လေ။။
ပျော်စရာကြီးနော်။ အဲလိုဆော့ခဲ့ချင်တာ။ အိမ်ကအတူနေစဉ်ကတော့ ကိုယ့်မှာ ဒဏ်ရာလေးရမှာကိုပဲ စိတ်ပူနေကြတာ။ ကလေးအချင်းချင်းရန်ဖြစ်မှာကိုလဲ စိုးရိမ်နေကြတာနဲ့
ငယ်ဘ၀ကတော့ စာအုပ်တွေနဲ့ပဲ နှပါးသွားခဲ့ရတာ..။
မောင်မျိုး said...
ရွြှေ့ပည်တော်ကတော့
ဒီတိုင်းပါပဲ အစ်မရယ် ခေတ်မီ ဖွံ့ ဖြိုးဖို့ တစ်ချို့၂ တွေကို စတေးရတာကတော့ မမိုက်ဘူးနော့် အမှတ်တရလေးတွေ ရင်ထဲမှာပဲ သိမ်းထားလိုက်ပေါ့ အစ်မရယ် ။
နေကောင်းကြတယ်ဟုတ် အားလုံး ။
木須炒餅Jerry said...
cool!very creative!avdvd,色情遊戲,情色貼圖,女優,偷拍,情色視訊,愛情小說,85cc成人片,成人貼圖站,成人論壇,080聊天室,080苗栗人聊天室,免費a片,視訊美女,視訊做愛,免費視訊,伊莉討論區,sogo論壇,台灣論壇,plus論壇,維克斯論壇,情色論壇,性感影片,正妹,走光,色遊戲,情色自拍,kk俱樂部,好玩遊戲,免費遊戲,貼圖區,好玩遊戲區,中部人聊天室,情色視訊聊天室,聊天室ut,成人遊戲,免費成人影片,成人光碟,情色遊戲,情色a片,情色網,性愛自拍,美女寫真,亂倫,戀愛ING,免費視訊聊天,視訊聊天,成人短片,美女交友,美女遊戲,18禁,三級片,自拍,後宮電影院,85cc,免費影片,線上遊戲,色情遊戲,情色