Thursday, August 27, 2009

ကျွန်တော်ပြောချင်သော ပန်းပွင့်လေးများအကြောင်း



ပုံကို ဒီနေရာမှယူပါတယ်

တွေ့ လိုက်တိုင်း ရင်ထဲကို ဆွတ်ပျံ့ ညွှတ်နူးသွားအောင် တတ်နိုင်လွန်းတဲ့ ပန်းကလေးတွေ ကျွန်တော့်ရင်ထဲမှာ အများကြီး ပွင့်ခဲ့ဖူးတယ်ဆို ပိုလွန်းရာများကျမလား…
တကယ်တော့ အဲဒီပန်းလေးတွေကို မတို့ ရက်..မထိရက်… ဟိုဝေးဝေးကသာ ငေးခဲ့ရတာမို့ … ပန်းလေးတွေတောင် သိပါ့မလားပဲ…
ပန်းလေးတွေကို အိပ်မက်မက်ခဲ့ဖူးတယ်…
ပန်းလေးတွေက ကာရံချိုချိုကဗျာတွေ ဖြစ်ခဲ့ဖူးတယ်…
ပန်းလေးတွေကြောင့်ပဲ စွယ်တော်မြေက ကျွန်တော့်နေ့ ရက်တွေ အရောင်စုံ စိုပြေလှပခဲ့တာ…
ခုချိန်ထိ… တမ်းတမိနေတုန်း… လွမ်းမိနေတုန်း… ရနံ့ သင်းပျံ့ နေတုန်း… ဆွတ်ပျံ့ ညွှတ်နူးနေတုန်း…

*************

စံပယ်တပွင့်  (သို့ ) မနှောင်းခင်ခင်

ပြောလက်စ စကားတွေ ရပ်တန့် သွားအောင်… အသက်ခဏရှုဖို့ မေ့လျော့သွားအောင်… လောကကြီးမှာ သူတယောက်ပဲ ရှိတယ်လို့  ထင်မှတ်မှားလောက်အောင်… စတွေ့ တဲ့နေ့ ကပဲ သူက ကျွန်တော့်ကို ဖမ်းစားခဲ့တာပါ… သူ့ ကိုစတွေ့ တော့ ကျွန်တော့်အခန်းနံရံ နေရာများများမှာ နေရာယူထားတဲ့ ပိုစတာမင်းသမီးလေး ဖိုဘီကိတ် ရန်ကုန်စက်မှုတက္ကသိုလ်မှာ လာများတက်နေတာလားလို့  သံသယဖြစ်လောက်အောင် သူရဲ့ မျက်ဝန်းနက်နက်လေးတွေကအစ မျက်နှာဖြူသွယ်သွယ်လေး အလယ် ဆံပင်ပျော့ပျော့လေးအဆုံး အားလုံးတူနေတော့တာ… လှတယ်ဆိုတာထက် ချစ်စရာကောင်းတယ်… ရင်ကိုအေးမြစေတယ်… အခြယ်အသကင်းတဲ့မျက်နှာလေးက ဘာလို့ များ ဒီလောက်စွဲမက်စရာ ကောင်းနေပါသလဲကွယ်… သူလေးနဲ့ လိုက်ဖက်အောင် သူ့ မိဘတွေပေးတတ်လွန်းတဲ့ နာမည်လေးက မနှောင်းခင်ခင်တဲ့… ချစ်တယ်… နာမည်လေးကအစ… တွေ့ လိုက်တိုင်း ကျွန်တော့်ရင်ကို အေးမြငြိမ်းချမ်းစေလို့  ကျွန်တော် သူ့ ကို တိတ်တိတ်လေးခေါ်တဲ့ နာမည်လေးက စပယ်တဲ့… စပယ့်ကိုတွေ့ ရင် သတိလက်လွတ်ငေးတတ်လွန်းလို့  သူငယ်ချင်းတွေက စ ကြတဲ့အထိ… ဒါပေမယ့် ကံကြမ္မာက ရက်စက်တယ်… ဘာကြောင့်များ စပယ့်ကို ငေးကြည့်ခွင့်လေး တနှစ်သာပေးခဲ့ရသလဲ… စပယ်ကျောင်းပြီးသွားတော့ ကျွန်တော်ရင်ထဲ ဟာတာတာကြီး… အဲဒီဟာတာတာကြီးက ယနေ့ ထက်ထိဆို စပယ် ဘာများမှတ်ချက်ပေးဦးမလဲ… အရောင်လျော့ ဟောင်းနွမ်းနေတဲ့ ပိုစတာတွေက ကျွန်တော့် အခန်းနံရံမှာ ခုထိရှိနေတုန်းပါ… လွမ်းတယ်…မနှောင်းခင်ခင်ရယ်

*************

နှင်းဆီနီနီ (သို့ ) မအေမာမျိုးသိန်း

သူ့ ဆံပင်တွေကတဆင့် သူ့ ကို စ သတိထားမိခဲ့တာ… အဲဒီလောက်လှတဲ့ ဆံပင်တွေ ကျွန်တော့်ဘ၀မှာ တခါပဲတွေ့ ခဲ့ဖူးတယ်… အဲဒီဆံပင်ရှည်ရှည်ထူထူတွေနဲ့ လိုက်ဖက်တဲ့ မျက်နှာလေးကို သူက ပိုင်ဆိုင်ထားတယ်… သူ့ အလှက အနောက်တိုင်းဆန်တယ်… အပြုံးအရယ်နဲတဲ့ သူ့ မျက်နှာလေးက ကျွန်တော့်ကို ယစ်မူးစေတယ်… ကျွန်တော်လေ အိပ်မက်ထဲမှာ သူ့ ဆံပင်တွေ ခိုးနမ်းဖူးတယ်…သူက နှင်းဆီနီနီတပွင့်လို လှသွေးကြွယ်လွန်းသူ…သူမို့ လှမ်းလာရင် ကျွန်တော်ခြေလှမ်းတွေ ဦးတည်ရာမဲ့သလို မတည်မငြိမ်နဲ့ … သူ့ နံဘေး သူ့ ကို ငေးကြတဲ့ မျက်ဝန်းတွေနဲ့  ကျွန်တော်က ခဏခဏ ခလုပ်တိုက်မိတယ်… သတင်းကြီးတဲ့နှင်းဆီနီနီလေးနာမည်က အေမာမျိုးသိန်းတဲ့… မလှမ်းဝံ့တဲ့ ခြေရာတစုံကို နှင်းဆီနီနီလေးကတော့ ရိပ်မိမယ် မထင်ပါဘူး… ကျွန်တော်လေ သူ သုံးနေကျ အဖြူရောင်ဘီးလေးဖြစ်ရရင် တော်ပါပြီ… နှင်းဆီနီနီလေးက နှုတ်မဆက်ပဲ ဟိုးအဝေးကို ထွက်ခွာသွားတယ်… ပျောက်လို့  အရူးအမူးရှာလိုက်ရတာဗျာ… သူငယ်ချင်းတွေကပြောတယ်… သူနိုင်ငံခြားကို ထွက်သွားတာတဲ့… ကျွန်တော် သူ့ အတွက် တိတ်တိတ်ဝယ်ထားတဲ့ အဖြူရောင်ဘီးလေး တစစီကျိုးသွားတယ်… ဆံပင်ရှည်ရှည် ကောင်မလေးတွေ တွေ့ ရင် သူများလားလို့  လိုက်ငေးမိတုန်းပါ မအေမာမျိုးသိန်းရယ်

*************

ကံကော်ပွင့်လေး (သို့ ) မချိုနွယ်ထွန်း

နွေးအေးမှာ ထိုင်နေတုန်း သူငယ်ချင်းတယောက်က အရမ်းလှတဲ့ ကံကော်တပွင့်ကို လှမ်းပြခဲ့တာ… ယောင်ယမ်းပြီး လဘက်ရည်ပူပူတွေ ပါးစပ်ထဲ လောင်းချမိတဲ့အထိ သူ့ အလှက ထူးခြားလွန်းတယ်… လှတယ်… ချောတယ်… ချစ်စရာကောင်းတယ်… ယဉ်တယ်… ခပ်သွက်သွက်လျှောက်တတ်တဲ့ ခြေလှမ်းတွေနောက်မှာ ကျွန်တော့်နှလုံးသား တွယ်ငြိပါသွားတယ်… မျက်နှာလေးက မပြုံးလဲ ချိုနေတယ်… နာမည်နဲ့ လိုက်ပါဘိ မချိုနွယ်ထွန်းရယ်… ဒဏ္ဍာရီလိုလို ပုံပြင်လိုလို ဇာတ်လမ်းတပုဒ် ကြားဖူးတယ်… ကျွန်တော်တို့  ကျောင်းက နာမည်ကြီးအဆိုတော် တယောက်တောင် သူငြင်းပစ်ခဲ့လို့  အသဲကွဲဖူးတယ်တဲ့… လှချင်တိုင်းလှရက်နေတဲ့ ဟိုးထိပ်ဖျားမှာ ပွင့်နေတဲ့ ကံ့ကော်တပွင့်လိုပါပဲ… ကံ့ကော်ပွင့်ဖတ်လေးလို သူ့ ပါးလေးတွေက ဖြူနုနေတယ်… သူ့ ဘေးနားက ဖြတ်သွားရင်တောင် ကံ့ကော်ရနံ့ လေး ရလိုက်သလိုပါပဲ… ညညဂီတာတီးတော့ စိတ်ကူးထဲမှာ အရပ်မြင့်မြင့်နဲ့  သူလေး… ဒီလိုနဲ့  ငေးလိုက်…ဆွေးလိုက်…လွမ်းလိုက်နဲ့  တိတ်တိတ်လေး ကြွေရတဲ့ ဘ၀က ရာထူးမတက်ခင် ကျွန်တော့်ကံ့ကော်လေး ကျောင်းပြီးသွားတယ်… ကျွန်တော့်ဒိုင်ယာရီကြားထဲက ကံ့ကော်တပွင့် ခုထိ မညှိးခြောက်သေးဘူးဆို အံ့သြသွားမလား မချိုနွယ်ထွန်းရယ်

*************

ဇလပ်ဖြူ (သို့ ) မကြည်မြင့်သွင်

သူ့ ကို တွေ့ တိုင်း ယဉ်တကိုယ်မယ် သီချင်းကို တိုးတိုးညည်းမိတယ်… ကောင်းခြင်းငါးဖြာနဲ့  ပြည့်စုံလွန်းတဲ့ အလှပိုင်ရှင်က မြို့ ပြက ကွင်းတဲ့… မေဂျာတောင် ပြောင်းချင်တဲ့အထိ ကျွန်တော် ရူးသွပ်သွားတယ်… ထမီရှည်ရှည်ဝတ်တတ်တဲ့ သူ့ စတိုင်လေးက တမျိုးချစ်ဖို့ ကောင်းတယ်… သူ့ အသားလေးက ဇလပ်ပန်းလေးတွေလို ဖြူစိုဝင်းမွတ်လွန်းလို့  ကျွန်တော့် ကဗျာထဲမှာ ဇလပ်ဖြူလို့  သူ့ ကို နာမည်ပေးခဲ့တယ်… သူထိုင်နေကျ ထိုင်ခုံလေးပေါ်မှာ ကဗျာလေးတွေ တိတ်တိတ်သွားရေးခဲ့ဖူးတယ်…သူသတိထားမိခဲ့သလား…ပြန်တွေ့ ခဲ့ရင် မေးကြည့်ချင်ပါရဲ့ ဇလပ်ဖြူ… သူနဲ့ ပတ်သက်ရင် လှိုင်းတွန့် လေးတွေ အနဲငယ်ပါတဲ့ ဆံပင်ပျော့ပျော့လေးတွေရယ်… ချစ်စရာကောင်းလွန်းတဲ့ နှုတ်ခမ်းပါးပါးလေးတွေရယ်…ခြေဖမိုးဖြူဖြူနုနုလေးတွေကအစ ယနေ့ ထိ မေ့လို့ မရသေးပါ… စက္ကူမြှားပေါ် ကဗျာလေးတွေရေး သူလွယ်နေကျ ကချင်လွယ်အိတ်လေးထဲကို ထည့်ဖို့  အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးပေမယ့် ဘယ်တော့မှ မအောင်မြင်ခဲ့ပါဘူး ဇလပ်ဖြူရယ်…အတန်းမတက်ပဲ မြို့ ပြအတန်းကို လှမ်းမြင်ရမယ့် ကော်ရစ်ဒါမှာ ကျောက်ချထားတဲ့ ကျွန်တော့်ကို သူငယ်ချင်းတွေ ဆဲယူရတဲ့အထိပါပဲ… ထုံးစံအတိုင်း သတ္တိနဲတဲ့ ကျွန်တော့်အတွက် အဖြေကို သူကိုယ်တိုင်ပေးခဲ့တယ်… နေနဲ့ လ… ရွှေနဲ့ မြ ကျွန်တော့် ချစ်သူရဲ့ ချစ်သူကို ကျွန်တော်က အားကျစွာ ငေးနေရုံမှအပ… ဘာများတတ်နိုင်ဦးမလဲလေ… မရှက်တမ်းဝန်ခံရရင် တွေ့ ချင်သေးတယ် မကြည်မြင့်သွင်…

*************

Kiss me Quick (သို့ ) မ၀င်းရွှေသွေး

မိုးပျံတံတားပေါ်မှာ နောက်နားက ကပ်ပါလာတဲ့ ဒေါက်ဖိနပ်သံလေးကြောင့် နောက်လှည့်ကြည့်မိတဲ့ တခဏ ကျွန်တော် အပြင်းအထန်ရောဂါ ရသွားခဲ့တာပါ…သူ့ လောက် ချစ်စရာကောင်းတဲ့သူတောင် သူ့ လိုချစ်စရာကောင်းမယ် မထင်ပါဘူး… နားကြားထဲမှာ ပန်ထားတဲ့ ပန်းသေးသေးလေးကို ကျွန်တော် မနာလိုလိုက်တာ… ကလေးလေး တယောက်လို ဆတ်တောက် ဆတ်တောက် လမ်းလျှောက်ဟန်လေးကိုက သိပ်ချစ်စရာ ကောင်းနေတော့တာ… ကျွန်တော့်ခြေလှမ်းတွေက အားစိုက်စရာမလို သူ့ နောက်ကို အလိုလို လိုက်ပါသွားတာ… ခရေပင်လမ်းကို ရောက်တော့ အရုပ်ကလေးတရုပ်လို ကလေးလေးတယောက်လို ချစ်စရာကောင်းတဲ့ သူ့ လက်ကလေးသာ ကိုင်တွဲ အတူလျှောက်လှမ်းလိုက်ချင်တယ်… သူ့ သူငယ်ချင်းမလေးက သူ့ ကို လှမ်းနှုတ်ဆက်လိုက်တော့ ဘယ်တော့မှ မမေ့နိုင်တဲ့ နာမည်တခု ရင်ထဲမှာ စွဲသွားတယ်… မ၀င်းရွှေသွေးတဲ့… မျက်နှာနုနုလေးနဲ့  လိုက်ဖက်လိုက်တဲ့ နာမည်လေးနော်… ကားပတ်ကင်ရောက်တော့ သူ့ ခြေလှမ်းတွေ ရပ်သွားတယ်… နောက်ကလိုက်လာတဲ့ ကျွန်တော်လဲ ဘာလုပ်ရမှန်းမသိတော့ သူငယ်ချင်းတယောက်ကို စောင့်သလိုလို မယောင်မလည် လုပ်မိတယ်… ကန်တင်းသွားဖို့  သူ့ သူငယ်ချင်း တယောက်ယောက်ကို စောင့်နေတယ် ထင်တယ်… ဘေးစောင်းမြင်နေရတဲ့ မျက်နှာလေးကို ခိုးကြည့်လို့ မှ မ၀သေး ချိုမြသွားတဲ့ သူ့ အပြုံးလေးကြောင့် သူစောင့်နေတဲ့ သူငယ်ချင်းဆီ ကျွန်တော်ပါ အကြည့်ရောက်သွားတယ်… ကျွန်တော် ထင်သလို မိန်းခလေးတယောက် ဟုတ်မနေခဲ့ပါ… ကျွန်တော့်မျှော်လင့်ချက်တွေက ဟိုးမြက်ခင်းပြင်ပေါ်မှာ… လက်ကလေး ယုယုယယ တွဲပြီး ကန်တင်းဘက်ထွက်သွားတဲ့ သူတို့ ကို ကြည့်ပြီး မစခင် ဆုံးသွားတဲ့ ကျွန်တော့်ဇာတ်လမ်းလေး အတွက် ကြေကြေကွဲကွဲ… အိုး… ခုနက သူ့ နားကြားထဲမှာ ပန်ထားတဲ့ ပန်းသေးသေးလေး ကျနေခဲ့ပါရောလား… ပန်းရောင်ပန်းသေးသေးလေးကို တမြတ်တနိး ကောက်ယူမိလိုက်တယ်… ပန်းလေးနာမည်က အမြန်နမ်းပါ… kiss me quick တဲ့… တိုးတိုးသွားတဲ့ ဒေါက်ဖိနပ်သံလေးနဲ့ အတူ… အဲဒီအလွမ်းတွေ ခဏခဏ အသစ်ပြန်ပြန်ဖြစ်တတ်တယ် မ၀င်းရွှေသွေးရေ…

*************

တကယ်တော့ အဲဒီနောက်ပိုင်း ကျွန်တော့်ရင်ထဲ ပန်းတွေ အများကြီး ထပ်ပွင့်ခဲ့သေးတာပါ… နောက်ကြုံမှ ဆက်ပြောတာပေါ့ဗျာ… ခုလောလောဆယ် ဒီပန်း ၅ပွင့်ကို ခဏလွမ်းပါရစေဦးဗျာ…

*************
မောင်လေး ရွာသားလေးက တက်ဂ်တာ ပန်း ၁ ပွင့်ထဲပါ… ကျွန်မက ပန်း၅ပွင့်ရေးလိုက်တာပါ… ကဲ… ရွာသားလေးရေ… အမမှာ ပန်းပွင့်တွေ အများကြီးရှိတယ်ဆိုတာ ယုံပြီလား… ဒါတောင် ရင်းနှီးတဲ့ ပန်းပွင့်တွေ ခေါင်းခေါက်ခံရမှာ စိုးလို့  ချန်ထားတာ…တက်ဂ်ဖို့  သတိတရရှိတဲ့အတွက် ကျေးဇူးပါနော်… RITမှာတုန်းက ကျွန်မငေးမောခဲ့ရတဲ့ အရမ်းလှတဲ့ အမကြီးတွေကို နာမည်အရင်းတွေ ယူပြီး ပန်းပွင့်လေးအဖြစ်ဖန်ဆင်းထားတာပါ… ကျွန်တော်ဆိုတဲ့ ယောင်္ကျားလေးဇာတ်ကောင်က အပြင်မှာ တကယ်မရှိပဲ ကျွန်မ ပူးဝင်ခံစားဖို့  ဖန်တီးထားခြင်းပါ… တော်ကြာ ချစ်မမတွေရဲ့ အကိုကြီးတွေက ကျွန်တော် ဘယ်ကောင်လဲ ဆို သတ်ချင်နေမှာမိုလို့  ကြိုပြောထားတာပါ… ကျွန်မရဲ့ ချစ်သော ပန်း၅ပွင့်လုံးကို ကြိုတင်ခွင့်မတောင်းပဲ (သူတို့ ဘယ်ရောက်နေမှန်းကို မသိတာပါ) နာမည်ရင်းတွေ ယူရေးမိတာကို စိတ်ဆိုးခဲ့ရင် ကိုယ့်ညီမလေးက ချစ်လွန်းလို့  ရေးတာလို့  ခွင့်လွှတ်လိုက်ပါနော်…

တက်ဂ်ဂိမ်းတို့  ထုံးစံ ထပ်တက်နေကျပေမယ့် ကိုယ်တောင် အတော် ဦးနှောက်စားရတဲ့ အကြောင်းအရာရွေးချယ်မှုမှားသွားရင် အိမ်ကလူနဲ့  ပြဿနာတက်ကိန်းရှိတဲ့ ဒီတက်ဂ်ဂိမ်းကို ဘယ်သူ့ မှ ဆက်မတက်ဂ်တော့ပါဘူး… ရွာသားလေးရေ… နောက်တခါ အဲလို ခက်ခက်ကြီှးှဆို တို့ ကို ရှောင်သွားနော်…

တန်ခူး
12:39pm 27-Aug-2009

22 comments:

စူး said...

အမ တူတူပဲ.. ကျနော်လည်း ကျောင်းတက်တုန်းက မိန်းကလေးလှလှလေးတွေ ဆို ငေးနေတာ..
သယ်ချင်းတွေက တောင်ပြောတယ်။ ငါတို့ကြည့်ဖို့လဲ ချန်ဦးတဲ့..။ ဟီးးး

အမ.. ဆရာမ က ချောတယ်..။ ဒါပေမဲ့ ကျနော်နဲ့တွေ့တော့ အတော်လေး ဝ နေတယ်..။ သူနဲ့ ကျနော် survey test မှာ ရန်ဖြစ်တယ်။
ကျနော်ကို့ လာအော်လို့..။ ကျနော်ကလဲ ရွတ်ပီး ဘာမှ ဆက်မလုပ်တော့ဘူး..။ နောက် ကျောင်းပီးမှ ပြန်တည့်သွားတာ ဆရာမနဲ့ ..။ သူက ကျူတိုရီရယ် နဲ့ ပရက်တီကယ်မှာပဲ သင်ခဲ့ရတာကိုး..။
နောက်ဂျပန်သွားတယ်..။ ပြန်လာတော့ တီချယ်က ပိန်သွားတယ်..။ တီချယ့်သမီးလေးကလ ချောလိုက်တာမှ မွှတ်နေတာပဲ..။ အရမ်းထွားတယ်..။ အခြားတီချယ်တယောက်ရဲ့ အလှူမှာ တွေ့တာ..။
အမ ..တီချယ် သနားပါတယ်..။ ယောင်္ကျားတွေ မကောင်းဘူးးး... နောက်မှ အမကို ပြောပြမယ်..။
ဒီမှာ ပြောလို့ မကောင်း။ ဟီးးးး

pandora said...

ဝတ္ထုဇာတ်လမ်းလေး ဆက်လာဦးမလားလို့ဖတ်နေတာ...

ချစ်စရာ ပန်းပွင့်လေးတွေပဲ။

စူး said...

အမ ထခုထပ်လာပြောတာ..ကျနော်လေ ဆရာချောရင်လဲ မလွှတ်ဘူး ငန်းတာ.. အမသိလားး အီးစီကလား အီးပီကလားသိဘူး ဆရာအရမ်းချောတယ်.. ကျနော်က ရဲကိုကို လို့ နာမည်ပေးထားတယ်..အဲ့ဆရာ ဆို လိုက်ချောင်းရတာ အမော..။ ပီးတော့ အတန်းထဲမှာ ဆရာမ ဒေါ်စန္ဒာချိန်ဆို မလွတ်တန်းပဲ ဖြူဖြူ တောင့်တောင့် ဖြောင့်ဖြောင့် ချောလိုက်တာ...။ သူဝတ်တဲ့ နားကပ် လည်ဆွဲ ရင်ထိုးကအစ မလွတ်စေရဘူး ငန်းတာ..။ နောက် ဒေါက်တာနီလာဝင်း ဆိုလဲ .. သူလဲ ဂျပန်ပြန် သူ့စတိုင်ကို ကြိုက်ပေမဲ့ မလှဘူးးး ဟီးး အမ သိချင်မှ သိမှာပါ။ အားလုံးက မြို့ပြ ကကိုးး

Anonymous said...

အစ်ကိုကြီးရေ လွတ်စေလို့သာ ပြောလိုက်ပါ။
သူ့ခမျာ ဖုံးရ ဖိရ
အင်း ခက်ပါတယ် ကလေးများ.....

ဆူးကြားက ဘူးသခွားမို့လား မသိ ဖတ်လို့ကောင်းပါ၏
ကျေးဇူး ပါခင်ဗျာ

i will kill u လူမိုက်ကြီး ဘာများ ပြောဦးမလဲ သိချင်လျက်

rose of sharon said...

နောက်ကြောင်းအပေါ်မခံဘဲ... ဒီလိုလေးရေးတယ်ပေါ့

Rita said...

ဟိ မမလဲ လူလည်ကျပြီး ရေးတယ်။

ကျွန်မကတော့ ၉ တန်းနှစ်က RIT Calendar မှာ စမြင်ဖူးတဲ့ Archi က ချောကလျာ ကို ခုထိ စွဲနေတုန်းပဲ။ နောက် အလုပ်ဝင်တော့ သူ့အမျိုးသား အလုပ်နဲ့ field ချင်းတူတဲ့ partner company မှာ ဆိုတော့ သူ့အကြောင်းတွေ အမြဲနားစွင့်နေမိတယ်။ Cardiff မှာ စကောလားရှစ်ပ် နဲ့ Master သွားတက်တာတို့ ဘာတို့ပေါ့။

MES က လုပ်တဲ့ seminar တွေမှာတောင် ဘာမှ မဆိုင်ဘဲ သူ့ lecture တွေသွားနားထောင်ဖို့ လုပ်သေးတာ။ အကြောင်းကြောင်းနဲ့ မတက်ဖြစ်ခဲ့ဘူး။

ငယ်ငယ်က သူ့ကြည့်ပြီး သူ့လို ချောချောလှလှ အာခီတက် ဖြစ်ချင်ခဲ့ဖူးတယ်။

ရွာသား ပစ်တာတခြား ထိတာတခြားတော့ ဖြစ်ကုန်ပြီ ထင်တယ်။

ငမ်းကြောတွေ ငမ်းကြောတွေ။
အတူတူချင်းတောင် မချန်ဘူး။ :)

tg.nwai said...

ဟားဟား.. တန်ခူးရေးထားတာလေးက ချစ်ဖို့ စွဲလမ်းဖို့ ကောင်းလိုက်တာ.. မနှောင်းခင်ခင်ကိုတော့ မသိဘူးတော့..ကျန်တာ အကုန်သိတယ်.. မအေမာကိုလည်း ငေးဖူးတာကိုး..Leg chain ပျော့ပျော့လေးကိုတောင် မြင်ယောင်မိသေးတော့..။ တို့တွေ အဆောင်မှာ ရိုးကောလ်ခေါ်တဲ့ ဟောကျုတာ မမီမီချန်းကိုလည်း သိပ်ချစ်... ဟုတ်တယ်.. ပန်းလေးတွေ အများကြီးကို ငေးမောရင်း သဘောကျဖူးတယ်..နံမယ်ရင်းတွေနဲ့ ရေးထားလို့ သဘောတွေကျသွားတယ် တန်ခူးရေ.. ရွှေသွေးဆီ ဒီပို့စ်လေး မေးလ်ပို့လိုက်မယ်နော်..:)

မေဓာဝီ said...

တူတူပဲ မ-ရေ ..
မ-နဲ့ မြတ်နိုးလိုပဲ မေလဲ မိန်းမချောလေးတွေဆို ငမ်းရတာ အမောပဲ။ တခါတလေ ကျောင်းသွားရင်း ဘတ်စ်ပေါ်မှာ ကောင်မလေးချောချောလေးတွေတွေ့ရင် ရုပ်ကလေးက ချောချောလေးနဲ့ ဘတ်စ်ကားတိုးစီးနေရတာကို သနားတောင် သနားမိသေး။
မ-လိုတော့ မှတ်မထားမိဘူး။ မေ့မေ့ပျောက်ပျောက် ဖြစ်သွားပြီ။ မိန်းမချောလေးတွေကို ပန်းပွင့်လေးတွေနဲ့ တင်စားတာ အမှန်ဆုံးပဲ။ ပန်းဆိုတာ အချိန်တန်ရင် နွမ်းရသလို ... အလှဆိုတာလဲ တည်မြဲတဲ့အရာ မဟုတ်ဘူးနော်။ မင်းသမီးတွေ ဘယ်လောက်လှလှ အသက်ကြီးသွားတော့လဲ အလှတွေပျက်ကုန်တာပဲ။ တရားကျစရာ။

စန္ဒကူး said...

ဘုတ်ဒေါရေ...များကြီးပါလား..းO

ရွှေခိုင် said...

မသက်သက်ဆွေလဲ မိုက်တယ်လေ . . .

kay said...

မ- အဲလို မလုပ်နဲ့လေ.. ကိုယ်ပိုင် ပန်းပွင့် လည်း မပါဘူး။ ရေးလို့ရပါတယ်။း)

ခင်မြို့ ပြ said...

Dr. နီလာဝင်းက ဂျပန်ပြန် မဟုတ်ပါဘူး ဒေါ်မြတ်နိုးရေ may be from Belgium . . . ဒေါ်စန္ဒာက ဝတ်ထားတာတွေက ပိုလှတာ မဟုတ်ဘူးလားဟင် . . .

Anonymous said...

ဟုတ်လား ဒေါက်တာနီလာဝင်းက သိပ်မလှသလို သူစာသင်တာမကြိုက်လို့
စိတ်မ၀င်စားတော့ သေချာမသိပါ။

ဒေါ်ခင်မြို့ပြ...

နာမည်က လှဘူးတော့..

မြို့ပြခင်လေး ဆို လှမယ်။။
ဟီးး

မြတ်နိုး

Unknown said...

မုကည်မြင့်သွင်ကျောင်းမှာရှိတုန်းဘဲ... ဂျပန်ကပြန်လာပြီးပိန်သွားလို့တို့တွေအားလုံးအံ့သြခဲ့ရတယ်..
မ၀င်းရွှေသွေးရန်ကုန်မှာရှိတုန်းဘဲ..မအတာရဲ့photo ထဲမှာတွေ့ခဲ့တယ်...

P.Ti said...

ကျွန်တော်လည်း အမနဲ့တူတယ်.. ပန်းတွေမြင်ရင်ချစ်တတ်လို့... အရင်တုန်းကပါ။

အာစီတူးမှာတက်တုန်းက ပန်းတွေများလွန်းလို့ အမလို နာမည်တွေတောင် မမှတ်မိတော့ဘူး :P

Moe Cho Thinn said...

မတန်ခူးဆိုတဲ့ ပန်းကလေးအကြောင်းရော ပါဘူးလား အမ။ :))

သက်ဝေ said...

တန်ခူးရေ...
တန်ခူးရေးထားတာလေး ဖတ်ပြီး အဲဒီ မမတွေနဲ့အတူ ကျောင်းတက်ချိန်တွေရယ် LCR ရယ်ကို လွမ်းသွားတယ်...
(ကိုယ့်ကို တချိန်လုံး လူမိုက်လို့ခေါ် ခေါ်နေတဲ့ အကောင်ကလေးကို ထုသတ်လိုက်ပါ...)

ခင်မြို့ ပြ said...

ဒေါ်မြတ်နိုးက အလှကြိုက်တော့ ကိုယ်တိုင်ရော မတန်ခူးရေးသလို ပန်းတပွင့်ပဲလား ဟင် ??

စူး said...

အလှကြိုက်မှတော့
ကိုယ်မလှလို့ပေါ့ကွယ်

မယ်ကုဝဏ်က အဘခေါ်ရတဲ့ ရုပ်လေးပါကွယ်..။

တန်ခူး said...

မြတ်နိုးရေ… တူတယ်နော်… တို့ ညီမတွေ… အမကြီးကျောင်းမှာ ပြန်လုပ်နေတာ မြတ်နိုးပြောမှ သိတော့တယ်… ဒီတခါပြန်ရင် သွားငမ်းဦးမှ…

ပန်ရေ… အပြင်မှာ ဒီထက် ပိုချစ်ဖို့ ကောင်းတဲ့ ပန်းလေးတွေပါ…

ဟယ်… မြတ်နိုးရယ်… အဲဒါဆရာဦးဇော်မင်းအောင်များ ဖြစ်နေပါဦးမယ်… မြတ်နိုးပြောတဲ့ ဆရာမတွေ မသိဘူးတော့…

ရွာသားလေးရေ… မဖုံးရ မဖိရပါလားကွယ်… ဒါအမှန်တွေပါပဲ…

ညီမရေ… နောက်ကြောင်းမရှိပါဘူး ညီမရယ်… ဒီက ရိုးရိုးလေးပါနော်…

ညီမရီတာရေ… ချောကလျာကို အမမှီလိုက်တယ်… အမတို့ ဖိုင်နယ်မှာ သူက ပထမနှစ်လေ…
သူတို့ က လိုက်ငေးရတဲ့ ညီမငယ်လေးတွေပေါ့….

မ ရေ… မနှောင်းက ကျွန်မတို့  ပထမနှစ်မှာ နောက်ဆုံးနှစ်… မမီမီချန်းကို မမှတ်မိဘူး…လူတွေ့ ရင်တော့ မှတ်မိမယ်ထင်တယ်… မ၀င်းရွှေသွေးနဲ့  အဆက်အသွယ်ရှိတယ်လား… ရတယ်မ… ပို့ လိုက်နော်…သူက တန်ခူးဘယ်သူလဲလို့  တွေးနေလိမ့်မယ်… တွေ့ ရင် အမြဲရယ်ပြတဲ့ကောင်မလေးပါလို့ ပြောပြလိုက်နော်…

မေရေ… အမက အဲဒီအကျင့်မပျောက်သေးလို့  ခုချိန်ထိ အမျိုးသားက သတိပေးနေရတုန်း…ဟိဟိ… ဟုတ်ပါ့မေရေ… အမတို့ ခေတ်က မေသန်းနုဆို အခု အမေခန်းဖြစ်နေပြီလေ…

ကူးရေ… ဒါတောင်လိုသေးတယ်ညီမရဲ့…ဟိဟိ

ညီမရွှေခိုင်ရေ… ဟုတ်တာပေါ့… မသက်သက်ဆွေလဲ အရမ်းချော….

ကေရေ… ကြောက်ကြောက်… ကိုယ်ပိုင်ပန်းပွင့်လား… တပွင့်ထဲပန်သူပါကွယ်…

ညီမခင်မြို့ ပြရေ… အမကတော့ ၂ယောက်လုံးမသိဘူးလေ…

သယ်ရင်းမိုးနီလာရေ… သတင်းလေးတွေအတွက် ကျေးဇူးနော်… မြန်မာပြည်ပြန်ရောက်ရင် ကျောင်းထဲသွားငမ်းဦးမယ်…

ကိုပီတိရေ… အာစီတူးကတော့ မိန်းမလှကျွန်းလေ… မြင်မြင်သမျှအကုန်လှလှလေးတွေပဲနော်…

မတန်ခူးက ပန်းလိုမှ မလှတာ ချိုသင်းရေ… နေ့ လည်ကတောင် သတိရနေသေးတာ….

သက်ဝေရေ… ဟုတ်ပါ့… တို့ တွေက ကောင်လေးတွေလို လိုက်ရှာနေစရာမလိုဘူး…. LCRထဲဝင်လာတဲ့ အမကြီးတွေကို အလှည့်ကျ ထိုင်ငမ်းနေရုံပဲ… မိုက်တယ်နော်… အဲဒီကောင်လေးကို ထုသတ်ဖို့ ရာ အရင်မြင်ဖူးဦးမှလေ… နို့ မို့ လူမှားသတ်မိနေဦးမယ်…

မခင်မြို့ ပြနဲ့ မြတ်နိုးရေ… တတန်းထဲသူငယ်ချင်းအရင်းတွေထင်ပါ့….

T T Sweet said...

တန်ခူးကိုလဲ ပန်းတစ်ပွင့်အဖြစ် သတ်မှတ်ထားသူတွေ ရှိမယ်ထင်ရဲ့နော် ...
တန်ခူးရဲ့ ပန်းတွေအကြောင်းကိုယ့်အိမ်ကလူကိုပြောပြတော့ ... အမယ် ... သူက တန်ခူးပြောတာ မှန်သတဲ့ ... ဆိုပြီး ထပ်ဆက်နေသေးတယ် ...နောက်တော့ သူလဲ ဗိုက်ခေါက်နာသွားတယ် ...
အော် ... မိန်းမတွေ ... မိန်းမတွေ ...

said...

မယ်တော်ကြီး လေးပါးလို့ နာမည်ကြီး ပန်းလေးပွင့်ကိုဘာလို့ချန်ထားတာလဲ။ သိင်္ဂီမင်းညို၊ မကေသီနှင်း၊ ...........