Friday, August 14, 2009

နွယ်လိုလူ


ပုံကို ဒီနေရာမှယူပါတယ်။

“နီးစပ်ရာကို မှီတွယ်အမြစ်တွယ်တတ်တဲ့ နွယ်ပင်လေးတွေကို ငါက ချစ်ပေမယ့် နီးစပ်ရာကို စည်းမဲ့ကမ်းမဲ့ မှီတွယ်အမြစ်တွယ်တတ်တဲ့ နွယ်နဲ့ တူတဲ့လူတွေတော့ ငါသိပ်မုန်းတယ်”

**************************
နွေ

ကံ့ကော်တွေ တပွေ့ ကြီးနဲ့  ကားပေါ်က ဆင်းလာတဲ့ လူတယောက်ကို အတွေ့ မှာ နင်ကံမကောင်းဘူးနွေရယ်လို့  ငါတယောက်ထဲ ညည်းမိတယ်နွေ။ ကံ့ကော်တွေကို ငါချစ်ပေမယ့် ငါမမြင်ချင်ယောင်ဆောင်လိုက်တယ်။ တဆက်တည်း နံဘေးက သူသူ့ ကို တားမလို့ လုပ်တော့…။

“ဟယ်… ကံ့ကော်တွေ… ကံ့ကော်တွေ… ရာဇာ အဲဒါဘယ်သူ့ အတွက်လဲဟင်”

ဆောရီးပါနွေ။ ငါ သူသူ့ ကို အချိန်မှီ မတားလိုက်နိုင်တာအတွက်။ ကိုယ့်ရီးစား ကျောင်းမလာမှာ အသေအချာသိပါလျက်နဲ့  ဒီကံ့ကော်ပန်းတွေကို ဘာကြောင့်များ ယူလာရတာလဲဆိုတဲ့ မေးခွန်းကို ငါ ရူးရူးမိုက်မိုက် မမေးသင့်ဘူးနော်။ ပြီးတော့ နင်မနက်က ငါ့ကို ဖုန်းဆက်ပြောတဲ့ စကားတွေ သတိရမိတယ်။

(“ညက ရာဇာ အဆောင်ရှေ့ မှာ သီချင်းလာဆိုတယ်ခိုင်… ထူးထူးခြားခြား တပုဒ်ထဲဆိုပြီး သူပြန်သွားတယ်… ဘာသီချင်းဖြစ်မယ်လို့ နင်ထင်လဲဟင်… အခါလွန်မိုးတဲ့… ဘာမှမဆိုင်ဘူးနော်…ငါ့အတွက်လာဆိုတာလို့ ထင်ရလောက်အောင် ငါကမရူးသေးဘူးဟာ… ခဏကြာတော့ သူသူ့ ဆီက ရှိုက်သံကြားတယ်…တကယ်တော့ရာဇာက နင်ပြောနေကျ နွယ်လိုလူပဲဟ…ဒီနေ့ ငါကျောင်းမလာဘူးလို့ သူ့ ကို ကြိုပြောထားတယ်…ဘာတွေဖြစ်မလဲ… နင်စောင့်ကြည့်ခိုင်…အဲလိုလူမျိုး မလွမ်းတတ်အောင် ကျင့်လိုက်ဦးမယ်ဟာ”)

“နင်တို့ အတွက်ပေါ့ဟ… ခိုင် ဘယ်လိုလဲ နင်က ကျောက်ရုပ်ကြီးကျနေတာပဲ”

“အဲဒီပန်းတွေ အကုန်ငါ့ကိုပေး…မနက်ဖြန်ထိခံအောင် အရိုးလေးတွေ ရေစိမ်ထားလိုက်မယ်…ပြီးတော့မနက်ဖြန်ကျ နွေ့ ကိုပေးလိုက်မယ်”

နှစ်ယောက်လုံး အသံတိတ်သွားတော့ ငါရယ်ချင်သွားတယ်နွေ။ ရာဇာရဲ့ ရီဝေေ၀အကြည့်တွေ အောက်မှာ သူသူက ကြေကြေကွဲကွဲ။ ငါမုန်းလိုက်တာနွယ်ရယ်။ ငါနဲ့ နင် လှည်းတန်းကျူရှင်နောက် တကောက်ကောက်လိုက်ပြီး နင်ကြွေအောင် ငိုပြတတ်တဲ့ ရုပ်ကလေးကို ငါကကြားထဲက သနားပြီး ထောက်ခံမိခဲ့တာတွေ ပြန်တွေးပြီး ယူကျုံးမရဖြစ်မိတယ်။ ငါရယ်၊ နင်ရယ်… ပြီးတော့သူသူရယ်… အဲဒီကတည်းက သူငယ်ချင်းအရင်းကြီးတွေ။ တကယ်ပဲ သူသူ့ ကို စိတ်ဝင်စားခဲ့ရက်နဲ့  နင့်ကို ချဉ်းကပ်ခဲ့တာဆိုရင် သူက သွက်သွက်ခါအောင် ရူးနေပြီဟ။

“ငါဗိုက်ဆာတယ်… ကန်တင်းသွားရအောင်ဟာ”

“အိုကေ… ဘာစားချင်လဲပြော”

“နင်တို့ ပဲသွားတော့… ငါတော့မဆာဘူး”

ပျော်သွားကြတဲ့ မျက်နှာတွေနဲ့  သွက်လက်တဲ့ခြေလှမ်းတွေကို ငါမျက်နှာလွှဲလိုက်တယ်။ ဒီညနင်ဖုန်းဆက်ရင်တော့ နင်ကစလို့  ခပ်ရှုပ်ရှ ပ်နွယ်ပင်တွေ ဖြတ်ပစ်လိုက်တော့လို့  ငါပြောဖြစ်တော့မယ် ထင်ပါရဲ့ဟယ်။

**************************
ဝေ

“နင်ကနွယ်လိုလူလား… သူကနွယ်လိုလူလား… ဒါကတော့ နင်တို့ ၂ယောက်ပဲ သိမပေါ့ဝေ…”
“သူ့ ဘ၀က သနားစရာပါခိုင်ရယ်…ရှင်လျက်နဲ့ သေနေရသလိုပဲ…သူ့ အမျိုးသမီးရဲ့မောက်မာမှုတွေကို သူ့ ခမျာလည်စင်းခံနေရတာပါ”

“အင်း…နင့်ရောဂါက အတော်ကြီးနေပြီဝေ… အရာရှိနဲ့ အတွင်းရေးမှူး နောက်ဆုံးကျ ငြိကြလေသတည်းဆိုတဲ့ အနေနီးစပ်မှုဒဏ်ကို မလွန်ဆန်နိုင်တဲ့ ခပ်ညံ့ညံ့သူတွေထဲ နင်ပါသွားတာ ငါဖြင့် ၀မ်းနည်းလိုက်တာဟာ”

“ငါတို့ ရဲ့ လေးနက်တဲ့အချစ်ကို အနေနီးစပ်မှုလို့ တော့ ခပ်ပေါ့ပေါ့ နာမည်မတပ်လိုက်ပါနဲ့ ခိုင်…တကယ်တော့ အချိန်ပါပဲ…သူနဲ့ ငါနောက်ကျမှတွေ့ ခဲ့ကြလို့ ပါ…ကံကြမ္မာက တကယ်နားလည်နိုင်တဲ့ ချစ်သူ၂ယောက်ကို ရက်ရက်စက်စက် နောက်ကျမှ တွေ့ စေခဲ့တာ”

ဝေရယ်။ ငါနင့်ကို မကယ်နိုင်တော့ဘူးလား။ ဆံပင်ရှည်ရှည်လေးနဲ့ နင့်မျက်နှာနုနုလေး။ ဘာကြောင့်များ သူများမိသားစုကို ဖျက်ဆီးတတ်တဲ့နွယ်တပင်ဖြစ်ချင်ရတာလဲ။ နင့်ကို တစ်ရှူးထုတ်လှမ်းပေးရင်း ပျော်ပျော်ရွှင်ရွှင်နဲ့  ဆိုင်ထဲဝင်လာတဲ့ မိသားစုဆီ အကြည့်ရောက်တော့ ငါ့အသက်ရှုတောင် ခဏရပ်သွားတယ်ဝေ။ အိုကေ… နင်အဲလို ခေါင်းလေးငုံ့  ဆံပင်တွေ အုပ်ပြီး ငိုနေပါဦးနော်။ သူတို့  ငါတို့ နဲ့ မနီးမဝေးနေရာယူတော့ ငါ့ရင်ထဲ ကြိတ်ဆုတောင်းတဲ့အတိုင်း နင့်ဇာတ်လိုက်ကြီးက ငါတို့ စားပွဲကို ကျောခိုင်းလို့ ။

“ကဲ…၀အောင် ငိုလိုက်ဝေ…ဟင်း…ဇာတ်လမ်းကပြီးခါနီးပါပြီ…ငါ့မယ် စိတ်ပူလိုက်ရတာဟယ်…ငါ့သူငယ်ချင်းရေတိမ်များနစ်တော့မလားလို့ ”

“ဘာတွေပြောနေတာလဲခိုင်”

“ရှူး…ဘယ်မှမကြည့်နဲ့ … နင်လုပ်ရမယ့်အလုပ်က နောက်နားလေးက မိသားစု စကားပြောတာ နားထောင်နေရုံပဲ…”

(“သက်လေး… ပါးစပ်ပျက်နေတယ်ဆိုလို့  ဒီခေါ်လာတာ ဘာစားမလဲကြည့်နော်”)

အံ့သြသွားလားဝေ။ အဲဒီအသံကိုတော့ နင်ဘယ်ရောက်ရောက် မှတ်မိနေတယ်မိုလား။ နင်လှည့်ကြည့်မယ်ဆိုတာ ငါသိပြီးသားမို့  နင့်ဆရာ ကြောခိုင်းနေတာပဲ ခပ်ကောင်းကောင်းနော်။

(“သားက ဖါလူဒါ”)

(“မီးမီးက ကိုဖီးလ်”)

(“ဟုတ်ပြီ… မှာပေးမှာပေါ့… မေမေကြီးလဲ ဘာစားချင်လဲ မေးကြဦးလေ”)

(“မောင်ကြိုက်တာသာ မှာပါတော့ မောင်ရယ်…”)

(“သက်ကလဲလေ…လေသံလေးကပျော့လိုက်တာ…ဒါပထမဆုံးကိုယ်ဝန်လဲမဟုတ်ပဲနဲ့ … ကလေး၂ယောက်တောင် မွေးဖူးထားတာကို… အစာတော့ အဟာရပြည့်အောင်စားရမှာပေါ့ မိန်းမရဲ့… အိမ်ထဲမှာနေ… ကလေးတွေ ဝေယျာဝစ္စ၊ ကိုယ့် ဝေယျာဝစ္စနဲ့  ကိုယ့်ဖို့ ကိုယ်လဲ ထည့်စဉ်းစားပါဦး မိန်းမရယ်”)

အိုး.. ဝေရယ်။ နင့်ခေါင်းတွေ ခါယမ်းပြီး နင့်နှုတ်ခမ်းတွေ ပြတ်လုမတတ် ဖိကိုက် နာကျင် ကြေကွဲနေရပြီနော်။ ရိုးရိုးယဉ်ယဉ်လေးနဲ့  ရှိသမျှရောင့်ရဲတင်းတိမ်ပုံရတဲ့ အမျိုးသမီးလေးကိုများ မောက်မာတယ်လို့  သူမို့ ပြောရက်ပလေ။ အဲဒါဟာ အကွက်ချလိမ်လည်မှုတခုပေါ့။

“ပြန်ရအောင်ခိုင်…ငါဆက်မကြားနိုင်တော့ဖူး”

“ခဏဝေ…ဒါက စင်္ကာပူမှာကျောင်းလျှောက်ဖို့ လျှောက်လွှာ…နင်ကစာတော်တာမို့  စကော်လာရဖို့ သေချာတယ်…အလုပ်ထွက်…ကျောင်းတက်ဖို့ အတွက်ပြင်ဆင်တော့”

“ကျေးဇူးပါခိုင်…ဒီနေ့ ကစလို့  ငါဟာနွယ်လိုလူ မဖြစ်စေရတော့ပါဘူး… ကတိပေးတယ်ဟာ”

**************************
ဆွေ

“နီးစပ်ရာကို မှီတွယ်အမြစ်တွယ်တတ်တဲ့ နွယ်ပင်လေးတွေကို ငါက ချစ်ပေမယ့် နီးစပ်ရာကို စည်းမဲ့ကမ်းမဲ့ မှီတွယ်အမြစ်တွယ်တတ်တဲ့ နွယ်နဲ့ တူတဲ့လူတွေတော့ ငါသိပ်မုန်းတယ်”

“ဘယ်လိုဆွေ…နွယ်လိုလူဟုတ်လား…တိုက်ဆိုင်လိုက်တာ သူငယ်ချင်းရယ်…ငါလဲအဲလိုတွေးမိတယ်သိလား”

“တီတီတီ”

“လာပြီခိုင်… ငါစပီကာဖွင့်ထားမယ်…နင်နားထောင်ကြည့်…နွယ်လိုလူတယောက်ကို ငါဘယ်လို ပညာပေးမလဲဆိုတာ”

“အိုး…စိတ်ဝင်စားစရာပါလားဆွေရေ…ကဲ… ဖုန်းကိုင်လိုက်ပါဦး”

“ဟယ်လို”

“ဆွေ”

“အေးပြော…ဘာကိစ္စလဲ”

“နင်နဲ့ ငါက ကိစ္စရှိမှပဲ ဆက်ရတော့မှာလားဆွေရယ်…သတိရလို့ ပါ”

ခွျှဲပျစ်ပျစ် စေးထန်းထန်းအသံကြောင့် နင့်မျက်နှာ တခုလုံး ရှုံ့မဲ့သွားတာ ငါကြိတ်ရယ်မိတယ်။

“ငါကတော့ နင့်လောက်မအားဘူးစည်သူ…အေး နင့်မိန်းမဆက်ခိုင်းတာဆိုရင်တော့ နင်နဲ့ ပြောစရာမလိုဘူး…သူ့ သာဖုန်းပေးလိုက်”

“သူမရှိပါဘူးဆွေရယ်…သူခရီးထွက်သွားတယ်…နင်အဲလို ပွင့်ပွင့်လင်းလင်း ပြောတတ်တာလေးတွေကို ငါက ခင်နေရတာ…ငါ့မိန်းမနင့်သူငယ်ချင်းဟန်နီက မြုံစိစိနဲ့ … ပြီးတော့ အနုပညာလဲမခံစားတတ်…တခါတခါ ငါစက်ရုပ်တယောက်နဲ့ အတူနေရသလိုပဲသိလား”

မြတ်စွာဘုရား။ မိန်းမခရီးသွားနေတုန်း မိန်းမအတင်းပြောပြီး မိန်းမသူငယ်ချင်းကို ဟိုလိုလို ဒီလိုလို နွယ်လိုငြိချင်သူပါလား။

“ဟဲ့…စည်သူ…နင်ချစ်လို့ ယူထားတဲ့ နင့်မိန်းမအရင်းခေါက်ခေါက်ကို နင်မို့ ဒီလိုပြောရက်တယ်…အဲလိုလူမျိုးငါက အထင်သေးတယ်သိလား…နောက်ပြီး တခါထဲ ပြောလိုက်မယ်…ငါနဲ့ နင် ဖုန်းပြောလောက်စရာ ဘာအကြောင်းမှ မရှိဘူး... နောက်တခါနင်ငါ့ကို ဘယ်တော့မှ ဖုန်းမဆက်ပါနဲ့ …ဟန်နီဖုန်းပဲ ငါကိုင်မယ်…နင့်ဖုန်းဆို ငါဘယ်တော့မှ မကိုင်ဖူး…ကိုယ့်သိက္ခာမငဲ့တောင် သူများသိက္ခာတော့ငဲ့သင့်တယ်…နင်ဟာလူလိုသိတဲ့လူဆိုရင်ပေါ့”

ဖုန်းချပြီးတော့ ဆွေပြတဲ့ အမှိုက်ပုံးထဲက နှင်းဆီအဖြူတစီးကို အတွေ့  ဇာတ်လမ်းကို ပိုရေလည်သွားတယ်။

“သူက ရာရာစစ ငါ့မွေးနေ့ ကို ပန်းစည်းပို့ တယ်တဲ့ခိုင်…ပြီးတော့ ကဒ်ပြားပေါ်မှာ ဟိုလိုဒီလို ရေးထားသေးတယ်…သူ့ နာမည်မရေးထားပေမယ့် သူလုပ်တာ ငါသိတယ်…ဒီအကြောင်းကို စကားစ အီချင်လို့ ဖုန်းခေါ်တာလေ…ပထမတော့ ကိုယ့်သူငယ်ချင်းမျက်နှာနဲ့  သည်းခံနေသေးတယ်…နောက်ပိုင်းတော့ သိပ်မဟုတ်တော့ဘူး ထင်တာ…ထင်တဲ့အတိုင်းပဲလေ…ရွံလိုက်တာခိုင်ရယ်”

“ဟုတ်တာပေါ့ဆွေရယ်… နင့်နေရာမှာ စိတ်ခပ်ပျော့ပျော့ အားနာတတ် မနူးမနပ်ကောင်မလေး တယောက်ဆို ဘာတွေဆက်ဖြစ်မလဲ”

“လာခိုင်…ခြံထဲဆင်းရအောင်”

“ဟယ်…ဆွေရယ်… ဟိုတခါက ဆောင်တော်ကူးရုံကြီး အကြီးကြီးပါ…ခုတော့ နင်အကုန်ရှင်းပစ်လိုက်တာလား”

“ဆောင်တော်ကူးပန်းတွေကို ငါကသိပ်ချစ်ပါတယ်…ဒါပေမယ့် နွယ်တွေက အထိန်းအသိမ်း မရှိတက်တော့ ဒီဘက်က သနပ်ခါးပင်လေးခမျာ အားတွေတိတ်တော့တာပေါ့… ဒါကြောင့် သူများအနှောက်အယှက်ပေးတဲ့ သူ့ နွယ်တွေကို ရှင်းပစ်လိုက်တာ…အပင်လေးတွေမှာ သူများကို အနှောက်အယှက်ဖြစ်တာကို ဥယျာဉ်မှူုးက ရှင်းပေးလို့ ရပေမယ့် အသိဥာဏ်ရှိတဲ့လူတွေမှာတော့ ကိုယ့်ကိုယ်ကို ရှင်းမှ ရမှာပေါ့ဟယ်… မဟုတ်ရင် နစ်သထက်နစ် နွယ်ကြားထဲ ရုံးမထွက်နိုင် ဘ၀ဆုံးရမှာပေါ့”

နွယ်ပင်လေးတွေချစ်တတ်ပေမယ့် နွယ်လို နီးစပ်ရာ မတွယ်ငြိတတ်တဲ့၊ စိတ်တည်ငြိမ်လေးနက်ပြီး ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့ ဆွေလိုလူချည်းသာ ဖြစ်လိုက်ပါတော့ ငါဆုတောင်းမိတယ်နွေ၊ဝေ နဲ့  ဆွေတို့ ရယ်။

**************************
တန်ခူး
1:14pm 14-Aug-2009

12 comments:

khin oo may said...

လာဖတ်သွားတယ်။ ကောင်းပါတယ် အခုလိုထိန်းနိုင်တာ။

ရွှေခိုင် said...

အင်းးးး ကြောက်စရာ ယောကျာ်းတွေပါလား . . .

Anonymous said...

အမရေးရင် အမြဲ comparison လေးဆွဲရေးသလားပဲ။ နွယ်လိုလူတွေ မများဖို့ပဲ ဆန္ဒပြုမိပါတယ်

tg.nwai said...

တို့လည်း တွေ့ရာ ကောက်တွယ်တတ်တဲ့ နွယ်တွေဆို မုန်းတယ် တန်ခူးရေ.. ငယ်ငယ်ကတော့ ကိုယ့်နံမယ်မှာ နွယ် ပါနေတာကို မကြိုက်လိုက်တာ.. ကိုယ့်အဖေနံမယ်ဖြစ်နေလို့ မတတ်သာလို့သာ မဖြုတ်ပစ်တာ။

နွယ်လို လူတွေကို သတိထားနိုင်ကြပါစေလို့ပဲ...

Yu Ya said...

ဟုတ်ပါတယ်ဗျာ.. နွယ်လိုလူတွေအများကြီးပါပဲ။

မရွှေခိုင်ရေ... ကြောက်စရာ ယောက်ျားတွေပါလားဆိုတာထက် ကြောက်စရာ နွယ်လိုလူတွေပါလား ဆိုတာက ပိုသင့်တော်မယ်ထင်ပါတယ်။ Obsessed ရုပ်ရှင်ကားကို ကြည့်လိုက်ရင် နွယ်လိုမိန်းမတွေလည်း ရှိပါတယ်ဆိုတာ သိသာသွားပါလိမ့်မယ်။

ကျွန်တော်ကိုယ်တိုင်တောင် နွယ်လိုလူတစ်ယောက်ကို သူငယ်ချင်းတော်ခဲ့မိသေးတယ်ဗျာ။ ကြောက်စရာကောင်းတာထက် ရွံစရာကောင်းတယ်လို့ ပြောရင် ပိုထိရောက်မယ်ထင်ပါတယ်။

yu ya

MDW said...

ဟုတ်တယ် မ-ရေ ..
နွယ်လိုလူတွေ အများကြီးပဲ နေမှာနော်။
နွယ်ပင်လေးတွေကို ထိန်းသိမ်းပေးတတ်ရင် သူ့ဟာနဲ့သူ သက်ဆိုင်ရာနေရာမှာ သပ်သပ်ရပ်ရပ် တွယ်ငြိပြီး တခြားအပင်ကို အနှောက်အယှက် မပေးနိုင်တော့သလိုပဲ နွယ်လို တွယ်ငြိတတ်သူတွေကိုလဲ သက်ဆိုင်သူတွေက ကိုင်တွယ်တတ်ဖို့ လိုမယ် ထင်တယ်နော်။ အကျင့်ဆိုတာလဲ ဖျောက်ခဲတယ် မဟုတ်လား။

ခွန်မြလှိုင် said...

ပေါ်ပြီ... အမတန်ခူး အပေါ်ဆုံး တစ်ပို့စ်ပဲ ဖတ်သွားတယ် ဆိုတာ... အမ မှတ်ချက်ပေးထားတဲ့ ပို့စ်ရဲ့ အောက်မှာ အမ တဂ် ထားတဲ့ ပို့စ်လေ... အမသက်ဝေတောင် တန်ခူးထက် ဦးအောင် အော်သွားတယ်လို့ နောက်ခဲ့သေးတယ်.. ဟွန်းဟွန်း..

ဟုတ်တယ် အမ နွယ်လိုလူတွေကို ရွံကြောက်မုန်းကြီး ပဲ... နွယ်လိုလူ ဆိုတာထက် ခုချိန်ထိ ရှားရှား ပါးပါး ကျန်နေသေးတဲ့ နွယ်လက်တံတွေနဲ့ သတ္တ၀ါတွေကို လှမ်းဖမ်းဆွဲယူ စားသောက် တတ်တဲ့ အသားစား နွယ်ပင်တွေနဲ့ တူတဲ့ လူစားတွေလဲ ရှိသေးတယ် .. အဲလိုလူတွေကို လူ့လောကထဲက ရှင်းကို ထုတ်ပစ်မှ နားအေးမှာ...

အိမ့်ချမ်းမြေ့ said...

အစ်မ... ရေးပြီးကြောင်းနှင့် နွယ်လိုလူကို တစ်လုံးမကျန် ဖတ်ရှုသွားကြောင်းးးး
း)))

ချစ်ခင်စွာဖြင့်

စူး said...

အမ..နွယ်နဲ့ ဒီအကြောင်းလေးက သိပ်မပက်သက်ဘူးလားလို့.. လိုက်မမှီဘူး ညံ့ကြောင်းဝန်ခံသွားပါတယ်..။

ဒါပေမဲ့.. အမ ပြောပြတဲ့ အကြောင်းတွေက အမြဲတမ်းလိုလို မြင်နေကြားနေရတာပါပဲ အမရာ..။
ဘယ်သူ့ကို အပြစ်ပြောရမလဲ...။
ညာတတ်တဲ့သူကိုပဲ အပြစ်ပြောရမယ်ထင်ပါတယ်..။

သက်ဝေ said...

တခါတခါကျတော့လဲ ချစ်ခြင်းမေတ္တာ နဲ့ သံယောဇဉ် ဆိုတဲ့ စကားလုံးတွေက တန်ဖိုးမဲ့ နေသလို ခံစားရပါတယ်...

sonata-cantata said...

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ...
(ပို့စ်ထဲက ဥပမာတခု- ဝေရဲ့ ဆရာက ဝေကို လှည့်ပတ်လိမ်ညာတဲ့ တချိန်ထဲမှာပဲ သူ့ဇနီး၊ သူ့သား၊ သူ့သမီးနဲ့ လူ့အသိုင်းအ၀ိုင်းတခုလုံးကို လိမ်ညာတာပဲ...)

Thant said...

အင်း..ဟုတ်တယ် ။ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ...