Sunday, August 9, 2009

ကျွန်မရဲ့ အိမ်နီးချင်းကလေး

ပုံကို ဒီနေရာမှ ယူပါတယ်။

သူ့ အကြောင်းရေးချင်နေတာ ကျွန်မဆီမှာ ဘလော့ဂ်တခုမရှိသေးခင် ကတည်းကပါ။ ဒီနိုင်ငံမှာ တချို့ တွေ အိမ်နီးချင်း ဒုက္ခတွေ ခံကြရတာ ကြားဖူးတာမို့  ကျွန်မကို ဘယ်တော့မှ စိတ်အနှောက်အယှက် မပေးတဲ့ ကျွန်မရဲ့ အိမ်နီးချင်းတွေကို ကျေးဇူးတင်မိပါတယ်။ ကျွန်မအိမ်ရဲ့ ဘယ်ဘက်အခြမ်းက အိမ်နီးချင်းက မလေးမိသားစုဖြစ်ပါတယ်။ မလေးမိသားစုတွေဆို မလေးတွေ တရုံးရုံး ကလေးတွေက ၀ရန်တာပေါ် ဆူဆူညံညံဆော့၊ ကာရာအိုကေတွေ အကျယ်ကြီးဆိုကြ ဒါမျိုးတွေကြားဖူးပေမယ့် ကျွန်မ အိမ်နီးချင်းတွေကတော့ အတော်ကို အနေအေးတဲ့ မလေးမိသားစုပါ။ ယောင်္ကျားက ဆောက်လုပ်ရေးဘက်မှာ လုပ်ပုံရပြီး မိန်းမကတော့ မူကြိုကျောင်းဆရာမပါ။ သားသမီး ၃ယောက်ရှိပေမယ့် အားလုံး စည်းကမ်းရှိရှိလေးတွေပါ။

ကျွန်မ ညာဘက်အခြမ်းက အိမ်နီးချင်းမိသားစုက စင်္ကာပူ တရုတ်မိသားစု ဖြစ်ပါတယ်။ အန်ကယ်ရော အန်တီပါအလုပ်လုပ်ကြပြီး အမြဲတပြုံးပြုံးနဲ့  အလွန်အေးဆေးကြပါတယ်။ သူ့ တို့ မှာ သားသမီး ၂ယောက်ပဲ ရှိပါတယ်။ တယောက်က NUS မှာ တက်နေတဲ့ ပါးချိုင့်လေးနဲ့  ခပ်ချောချော ကောင်မလေးဖြစ်ပြီး တယောက်ကတော့ အခု ကျွန်မရဲ့ ဒီပို့ စ် ဇာတ်လိုက်လေးပေါ့။ သူ့  အဲဒီအိမ်မှာ နေတယ်လို့  စ သတိထားမိတာ ကျွန်မ အမျိုးသားပါ။ လမ်းသွားရင် ကျောပိုးအိတ်ကလေးလွယ် ဒုတ်ကလေး တချောင်းနဲ့  ပေါ့ပေါ့ပါးပါး သွားတတ်တဲ့ သူ့ ကို ကျွန်မက ငယ်ငယ်ရွယ်ရွယ်နဲ့  မျက်စိမမြင်ရှာတဲ့ ကောင်လေး တယောက်အဖြစ်သာ သိထားခဲ့တာပါ။ တနေ့  ကျွန်မ အမျိုးသားက ကျွန်မတို့ အိမ်နားက ဘူတာရုံမှာ သူသီချင်းဆိုတာကို ၃ပုဒ်တိတိ နားထောင်ခဲ့ရတယ်ပြောမှ ကျွန်မလဲ အံ့သြခဲ့ရပါတယ်။ တကယ်တော့ သူက တရုတ်လို ဆိုတာပါ။ ဂီတ၀ါသနာပါတဲ့  ကျွန်မအမျိုးသားက တရုတ်လို နားမလည်ပေမယ့် နားထောင်ကောင်းလွန်းတဲ့ သူ့ အသံကြောင့် အကြာကြီးနားထောင်ပြီး ပိုက်ဆံတွေ အများကြီး လှူုခဲ့တယ်ဆိုပါတယ်။ သူက သူ့ အနုပညာနဲ့  ဖျော်ဖြေ စီးပွားရှာသူတဦးပါ။ တခါတခါ သူ့ ညီမ၀မ်းကွဲကောင်မလေးက ဘောက်စ်လေးသယ် သူတို့ မောင်နှမနှစ်ယောက် ဘူတာရုံတွေမှာ ဖျော်ဖြေဖို့  သွားတာမျိုးကို ဖြတ်ကနဲ လှမ်းတွေ့ တတ်ပေမယ့် ကျွန်မ သူ့ အသံကို တခါမှ နားမထောင်ဖူးခဲ့ပါဘူး။

အဲဒီနေ့ ကတော့ ရုံးမှာ လူပြောများတဲ့ တီဗွီအစီအစဉ်တခုကို ကျွန်မရော၊ ကျွန်မအမျိုးသားပါ ကြည့်မိကြပါတယ်။ Project Super Star Final ရွေးပွဲပါ။ တရုတ်အစီအစဉ်က အဆိုတော် ပြိုင်ပွဲပေါ့။ နောက်ဆုံး ဖိုင်နယ်တက်သွားတဲ့ ၂ယောက်ထဲမှာ တယောက်က ချစ်စရာလေယာဉ်မယ်လေးဖြစ်ပြီး နောက်တယောက်ကတော့ တခြားမဟုတ်ပါဘူး။ ကျွန်မရဲ့ အိမ်နီးချင်း မျက်မမြင်ကောင်လေးပါ။ ကျွန်မတို့  ၂ယောက်လုံး အံ့သြ၀မ်းသာဖြစ်သွားကြပြီး ဒီရှိုးကို အစက မကြည့်မိလေခဲ့ခြင်းလို့  နောင်တရမိပါတယ်။ အဲဒီနေ့ ကမှ သူ့ အဆို သူ့ အနုပညာကို ကျွန်မ ခံစားမိခဲ့ရပါတယ်။ ဘာတလုံးမှ နားမလည်ပေမယ့် သူ့ အသံနဲ့  သူ့ soul ဆွဲခေါ်ရာနောက်ကို ကျွန်မတို့  ၂ယောက်လုံး လိုက်ပါနစ်မျောသွားကြပါတယ်။ ပြီးတော့ အိမ်နီးချင်းဆိုတဲ့ သံယောဇဉ်ကလဲ မသေးဘူးမိုလား။ အဲဒီနေ့ က project super star ဘွဲ့ ကို သူမျက်ရည်တွေကြားထဲက ဆွတ်ခူးရသွားပါတယ်။ အားနည်းချက်နဲ့  သူ့ ဘ၀လေး နေ့ ချင်းညချင်း ပြောင်းလဲသွားတာကို ကျွန်မ အရမ်းဝမ်းသာသွားပြီး သူမျက်စိမမြင်တာ သိပေမယ့်လဲ အဲဒီညတွင်းချင်း စာရွက်ပေါ်မှာ မင်းရဲ့အိမ်နီးချင်းတယောက်ဖြစ်ရတာ ဂုဏ်ယူလို့ မဆုံးပါဘူးလို့  ရေးပြီး သူ့ အိမ်ရှေ့ တံခါးမှာ သွားကပ်ခဲ့ပါတယ်။

နောက်နေ့ ရုံးမှာ သူ့ အကြောင်းပဲ တပြောပြော။ ကျွန်မက ကျွန်မရဲ့အိမ်နီးချင်းပါလို့ ပြောတော့ ကျွန်မအရာရှိကအစ ကျွန်မအိမ်လိုက်လည်ချင်တယ် ချက်ချင်းဖြစ်ပါရော။ သူတို့ အိမ်လာလည်ကြရင် အိမ်ဘေးအိမ်ပဲ တကြည့်ကြည့်ပါ။ အဲဒီကစလို့  သာမာန် ဘူတာရုံက ဖျော်ဖြေသူလေးတယောက်က နေရာတိုင်းမှာ သူ့ ဓာတ်ပုံ၊ တီဗီ်ွိမှာလဲ သူ့ ပုံရိပ်တွေနဲ့  အရမ်းကို နာမည်ကြီးခဲ့ပါတယ်။ သူ project super star ဖြစ်ခါစမှာ သူ့ အိမ်ကို ကောင်မလေး ချောချော ၃ယောက်လောက် လာလာစောင့် သူသွားရာနောက် တကောက်ကောက် လိုက်တာတွေ့ ရပါတယ်။ နောက်ပိုင်းမှာ သူ့ အခွေတွေက ထိုင်ဝမ်အထိ အောင်မြင်တယ် ကြားရပါတယ်။ သူတို့ အိမ်ရဲ့ နံရံမှာ သူ့ အခွေ တခုအသစ်ထွက်တိုင်း ပိုစတာ တခုကပ်ထားတာ တွေ့ ရတာမို့  ပိုစတာ ၃ ခုဆိုတော့ အခွေ ၃ ခွေထုတ်ပြီးပြီလို့  ခန့် မှန်းရပါတယ်။ ကျွန်မတို့ ကလဲ တရုတ်သီချင်းလောကနဲ့  အလှမ်းဝေးသူမို့  သူ ဘယ်လောက် အောင်မြင်တယ်ဆိုတာ မသိပါဘူး။ သူက နာမည်ကြီး တယောက်ဖြစ်လာပြီမို့  သူ့ သွားတွေ၊ သူ့ အရေပြားတွေကို ပိုမို ချောမွေ့ ညီညာအောင် ပြုပြင်ပေးထားတာတွေ့ ရတော့ သူ့ ပုံစံလေးက ခေတ်မှီမှီလူချောလေးဖြစ်သွားပါတယ်။ ကျွန်မဒီအလုပ်ပြောင်းပြီး အတော်ကြာမှ ကျွန်မဘော့စ်က သူ့ ကို အတော်ကို ကြိုက်နှစ်သက်တာ သိခဲ့ရပါတယ်။ သူ့ အခွေအားလုံး ၀ယ်ယူထားတယ်ဆိုပဲ။

ဘ၀ကို အားငယ်အရှုံးမပေးပဲ သူ့ မှာရှိတဲ့ အရည်အချင်းနဲ့ အနုပညာကို ဇွဲမလျော့ပဲ ကြိုးစားခဲ့လို့  အောင်မြင်တဲ့ အနုပညာသမား တယောက်ဘ၀ ရခဲ့သည်မဟုတ်ပါလား။ သူက တခါတလေ အဆင်မပြေမှုတွေတွေ့ ရင် စိတ်ပျက်အားငယ်တတ်တဲ့ ကျွန်မကို အားပေးနေသလိုပါပဲ။ ကိုယ့်မှာရှိတဲ့ အရည်အချင်းကို အကျိုးရှိစွာ အသုံးချတတ်ရင် အားနည်းချက်တွေရှိနေတောင် အောင်မြင်မှုက လက်တကမ်းမှာပါ။ သူကတော့ တခြားမဟုတ်ပါဘူး။ ဒီနေ့  ကျွန်မထက် ငါးနှစ်ကြီးတဲ့ နောင်တောင် စင်္ကာပူနိုင်ငံရဲ့ အမျိုးသားနေ့  အခမ်းအနားမှာ အနုပညာဝမ်းစာ ပြည့်ဝစွာ ဖျော်ဖြေခဲ့တဲ့ အဖြူရောင် ၀တ်စုံလေးနဲ့ project super star Kelvin Tan Wei Lian ပါပဲ။ ဂုဏ်ယူပါတယ် အိမ်နီးချင်းလေးရေ။

တန်ခူး
10:14pm 9-Jul-2009

19 comments:

pandora said...

သြော်.. သူက မတန်ခူးရဲ့ အိမ်နီးချင်းကလေး ကိုး..
တကယ်ကို talented ပါပဲ.. သူ့သီချင်းဆိုသံကို ကြိုက်တယ်။

လူတွေရဲ့ ချစ်ခင်အားပေးမှုကို ခံရတဲ့ စူပါစတားလေးပါ။

Yu Ya said...

မတန်ခူးရေ... လာရောက်လည်ပတ်သွားပါတယ်။ ကျေးဇူးပြုပြီး လင့်ခ် ချိတ်ခွင့်ပြုပါ။ နောင်ကို အမြဲလာရောက်လည်ပတ်လို့ ရအောင်ပါ။

ကျေးဇူးတင်စွာဖြင့်
yu ya

Moe Cho Thinn said...

ကိုယ်က ကိုယ်လက်အင်္ဂါ စုံလင် ကောင်းမွန်တာမို့ ဒီပို့စ်ဖတ်ပြီး အားတက်သွားပါတယ်။
မအောင်မြင်ချင်နေ စိတ်ဓာတ်တော့ ကျလို့ မဖြစ်ဘူးလို့ ကိုယ့်ဖာသာကိုယ် အားပေးမိတယ် အမရေ..

ခင်မင်းဇော် said...

ချိုသင်းလိုပဲ.....

Anonymous said...

အခုတော့မသိဘူး။ သူအရင်က Jurong Eastမှာ နေတာမဟုတ်လား။ MRTမှာ ဆိုတာနားမထောင်ဖူးဘူး။ တီဗီမှာပြမှ သိတာ။ သူ့လို အမျိုးသမီးတစ်ယောက်လဲ အဆိုကောင်းတယ်နော်။ ဟိုအမျိုးသမီးက ဘွန်လေးမှာတစ်ခါတစ်လေ ဆိုတယ်။
mm

rose of sharon said...

ဖတ်သွားပါတယ်.. တအံ့တအောနဲ့... ပြီးတော့ ကောင်လေးအတွက်ဝမ်းသာမိတယ်....

Anonymous said...

သူ့ အသံတော်တော် ကောင်းတယ်..
ဒီက တီဗွီ အစီအစဉ်တစ်ခုမှာ လာဆိုဖူးတယ်..

ပေါက်

မီယာ said...

တော်လိုက်တာ... ရှိသမျှ ခွန်အား စွမ်းအားနဲ့ ရိုးရိုးသားသား ကြိုးစားပြီး အောင်မြင်ရတာ အားကျစရာပါ မတန်ခူးရေ

စန္ဒကူး said...

နားထောင်ကြည့်လိုက်အုံးမယ်.. ကျေးဇူးမရေ..
ဘ၀ကိုအရှုံးမပေးကြိုးစားပီး အောင်မြင်သွားတဲ့ အကြောင်းတွေဖတ်ရတာ ခွန်အားအရှိဆုံးဘဲ..

nu-san said...

သီချင်းတော့ နားမထောင်ဖူးပါဘူး အမရယ်.. ဒါပေမယ့် အမ ရေးထားတဲ့ သူ့အကြောင်းဖတ်ရတော့ အောင်မြင်မှုအတွက် ၀မ်းသာမိတယ်.. စင်ကာပူရောက်ဖြစ်ရင်တော့ အမ အိမ် လာကို လည်ဦးမယ်.. (အမရေ.. ဘာမှလည်း မဆိုင်ဘူးနော်.. စကားကြိုခေါ်ထားတာ.. :P)

Thant said...

အော...သူကအစ်မရဲ့အိမ်နီးနားချင်းလား ။ တရုတ်စကားနားမလည်တော့ သူ့ကို မျက်စိမမြင်တဲ့သူမှန်းမသိဘူး ။ စိတ်ထဲမှာတစ်ခုခုထူးခြားနေတယ်လို့ပဲထင်ခဲ့တာ ။ ဂုဏ်ယူပါတယ် Kelvin Tan Wei Lian ...။

Anonymous said...

အစ်မရေးတဲ့postကိုဖတ်ပြီးနေ့လည်ကပြန်လွှင့်တဲ့NDP2009 ကိုပြန်ကြည့်ဖြစ်တယ်။အားပေးရင်းဖြင့်အားအင်များရရှိခဲ့တာကြောင့် postရေးပေးတာကျေးဇူး
အထူးတင်ပါတယ်။

Anonymous said...

links
Kelvin Tan Wei Lian's Home page
Kelvin Tan Wei Lian's FcaeBook
KelWL's Twitter

ပုံရိပ် / Pon Yate said...

အားကျစရာပဲ အစ်မရေ။

sonata-cantata said...

ပြိုင်ပွဲလုပ်နေတုန်းကတော့ အိမ်မှာ သားကြီးနဲ့ သူ့အဖွား ဘယ်သူနိုင်မယ် ပြိုင်ကြတာ သူ့အဖွားဆီက ကောင်လေးက အဆိုပိုင်တယ်လို့ ပြောသံကြားလိုက်တယ်။

သက်ဝေ said...

အမှန်အတိုင်း ပြောရရင်တော့ Project Super Star ဆိုတာ ကိုယ် မကြည့်ဖူးလို့ မသိပါဘူး...
အခု တန်ခူးပြောပြတော့မှပဲ သိတာပါ။

ဘဝကို လွယ်လွယ် အရှုံးမပေးတတ်တဲ့၊ ကိုယ့်မှာရှိတဲ့ အရည်အချင်းကို အကျိုးရှိစွာ အသုံးချတတ်တဲ့၊ ဇွဲရှိတဲ့ သူတယောက်ရဲ့ ထိုက်တန်တဲ့ အောင်မြင်မှု လို့ မြင်ပါတယ်...။
အသိအမှတ်ပြုပေးတဲ့ တန်ခူးရဲ့ စေတနာကိုလဲ လေးစားပါတယ်...။

T T Sweet said...

အော် ... သူက သယ်ရင်းတန်ခူးရဲ့ အိမ်နီးချင်းကိုး။ project super star မှာကထဲက သူ့ကိုသိပါတယ်။ မျက်မမြင်ပေမဲ့ သူ့ရဲ့ ပါရမီကတော့ အံ့သြစရာပါ။

စူး said...

အားကျစရာပဲနော်..အမ

တော်လိုက်တာ.. အဆိုပါရမီလေးလဲ ပါလာတာကိုးး

သူ မျက်စိ ပြန်မကုဘူးတဲ့လား အမရာ..

စူး said...

အမရေ..ရေလည်မိုက်တယ်..နားမလည်ပေမဲ့ နားထောင်လို့ အတော်ကောင်းတယ်..

ကျေးဇူး