Tuesday, August 4, 2009

မြှောင်မြှောင်တို့ မိသားစု


ပုံကို ဒီနေရာမှ ယူပါသည်။
ရုံးမှာလဲ အလုပ်အတော်များ၊ အိမ်မှာလဲ ဧည့်ကမပြတ်၊ ဒီကြားထဲ နေမကောင်းက ဖြစ်လိုက်သေးတော့ ဘလော့လေးပစ်ထားမိတာ အတော်ကြာသွားပါတယ်။ မရေးတာ ကြာတော့ moodကလဲ ပျက်နေပါတယ်။ ဒီတော့ အာသန်ရာ သားအကြောင်းလေးနဲ့  အင်ဂျင်ပြန်နှိုးလိုက်ပါတယ်။ လာလည်သူများ အားလုံးကျေးဇူးပါ။

****************

ကျွန်မနဲ့ ကျွန်မမောင်လေး ၅နှစ်ကွာတာမို့  မောင်လေးမမွေးခင် အိမ်မှာ တယောက်ထဲ ဆော့ကစားခဲ့ရပါတယ်။ အဲဒီအခါ အမေစိုက်ထားတဲ့ ပန်းပင်လေးတွေကို လူလို သဘောထား ကြိမ်လုံးတလုံးနဲ့  စာသင်တိုင်း ကစားခဲ့ပါတယ်။ စာမရဘူးဆို အပင်တွေကို ရိုက်တော့ အရွက်နုတွေ ကြွေရင် အမေ့ အဆူခံရပါတယ်။ တယောက်ထဲ နေရတဲ့အခါ အဲဒီလို သက်မဲ့ ပစ္စည်းတွေကို စိတ်ကူးနဲ့ အဖော်လုပ်တတ်တဲ့ အကျင့်ရခဲ့တာပါ။

သားလေးကျတော့ ကျွန်မတို့ ငယ်ကလို အိမ်ဘေးက အဖော်တွေလဲ မရှိ။ ဒီတော့ သူက သူ့ ခွခေါင်းလေးကို သူ့ ညီလေးလို့  စိတ်ကူးယဉ် အဖော်လုပ်ပါတယ်။ သူ့ အဖေကလဲ သူနဲ့ ဆင်တူရိုးမှား နာမည်လေး တခုတောင် ပေးထားလိုက်သေး။ ဟိုတလောက သမီးလေး တယောက်ထဲ ရှိတဲ့ ကျွန်မသူငယ်ချင်းနဲ့  ခရီးအတူသွားတော့ သူ့ သမီးလေးမှာလဲ စိတ်ကူးဖော်လေးရှိသတဲ့လေ။ နာမည်က ဂျေဆင်တဲ့။ သူ့ မောင်လေးဆိုပဲ။ သားက သူ့ ညီလေး အကြောင်းပြော သူကလေး သူ့ မောင်လေးအကြောင်းပြောနဲ့  သူတို့ ကို ကြည့်ပြီး ကျွန်မအတော် စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်မသူငယ်ချင်းဆို သူ့ သမီးရဲ့ စိတ်ကူးဖော်လေး အကြောင်းသိပြီး စိတ်ပူလို့  အင်တာနက်ပေါ်မှာ တဦးတည်းသောကလေးတွေ အဲဒီလို ဖြစ်တတ်တာ ပုံမှန်လားဆိုတာ လိုက်ဖတ်ကြည့်ရတယ်တဲ့။ ဖြစ်တတ်တဲ့ သဘာဝတရားဆိုမှ စိတ်မပူပဲ သူ့ တို့ စိတ်ကူးဖော်လေးကို ကိုယ်ပါ အသိအမှတ်ပြုရပါတယ်။

သားက အခုစိတ်ကူးဖော်က တဆင့်တက်လို့  တကယ်ရှိတဲ့ အဖော်လေးတွေ ရနေပါတယ်။ တခြားမဟုတ်ပါဘူး။ ကျွန်မတို့  အိမ်က အိမ်မြှောင်လေးတွေပါ။ ကျွန်မတို့  အိမ်မှာ အိမ်မြှောင်ကြီးကြီး ၂ကောင်နဲ့  အိမ်မြှောင်သေးသေးလေး ၂ ကောင်ရှိပါတယ်။ အဲဒါဆွေမျိုးတွေ စပ်ပြီး သူတို့ ကို မိသားစုကလေးအဖြစ် သားကို ပြောပြတော့ သားက သိပ်စိတ်ဝင်စားပါတယ်။ အိမ်မြှောင်ဖေဖေ၊ မေမေ နဲ့  ညီအကို ၂ ယောက်ပေါ့။ သူတို့ ကို များသောအားဖြင့် ကျွန်မတို့  ရေချိုးခန်းထဲမှာ တွေ့ ရတော့ သားက သူတို့ အိမ်က ရေချိုးခန်းထဲမှာလို့  မှတ်ထားပါတယ်။ သားအတွက် အဖော်သဘောမျိုးနဲ့  အိမ်မြှောင်မိသားစုကို ကျွန်မနဲ့  သူ့ အဖေ နာမည်လေးတွေ ပေးထားကြတယ်။ အိမ်မြှောင်ဖေဖေနာမည်ကလဲ သားဖေဖေနာမည်နဲ့  ခပ်ဆင်ဆင်။ ဥပမာ… သားဖေဖေ နာမည်က ဦးအောင်XXXXXX ဆို အိမ်မြှောင်ဖေဖေနာမည်က ဦးမြှောင်XXXXXX ပါ။ အိမ်မြှောင် ညီအကို ၂ယောက်က မြှောင်မြှောင်နဲ့ ကောင်ကောင်တဲ့။ သားက အဲဒီနာမည်လေးတွေ သိပ်သဘောကျတာ။

မြှောင်မြှောင်နဲ့ ကောင်ကောင်ကို သားက သူ့ အဖော်တွေလို သဘောထားပါတယ်။ သူအရုပ်အသစ်ဝယ်လာလဲ ကြွားတတ်ပါသေးတယ်။ တခါတခါ သူ့ ပြိုင်ဘက်တွေ ပေါ့။ မနက်မိုးလင်း အိပ်ရာထ ပျင်းရင် ကျွန်မက ဟယ် မြှောင်မြှောင်က ပထမ အိပ်ရာအရင်ထနေပြီလို့  ပြောလိုက် သားက မခံချင်ဖြစ်ပြီး အိပ်ရာက အသဲအသန် ထတော့တာပါပဲ။ သူက အမြဲပထမရချင်သူကို။ ကျွန်မက အသံတုလုပ်ပြီး အိမ်မြှောင်လေးတွေ အနေနဲ့  စကားပြောရင် သားက စကားအပြန်အလှန်ပြောတတ်ပါတယ်။ တခါတခါ ကျွန်မ အလုပ်ရှုပ်နေရင် သူ့ ဘာသာတောင် အသံတုလုပ်ပြီး အိမ်မြှောင်ဖြစ်လိုက် လူဖြစ်လိုက် စကားအပြန်အလှန်ပြောရော။ အိမ်မြှောင်အငယ်ကောင်လေးကို သူက အရုပ်တွေ ဘာတွေ ၀ယ်ပေးမယ်တောင် ချော့တတ်သေးတယ်။ အိမ်မြှောင်လေးတွေ ဆိုးလို့ ဆို သူ့ အဖေနဲ့ တောင် သွားတိုင်တတ်ပါတယ်။ တကယ်တော့ သားက အိမ်မြှောင်တွေ တကယ် စကားမပြောတတ်တာလဲ သူသိပါတယ်။ ဒါပေမယ့် သူ့ မှာ အိမ်မြှောင်မိသားစု အဖော်ရှိနေတာကို ကစားနည်းတခုအနေနဲ့  ပျော်နေတာပါ။

သားနဲနဲ အရွယ်ရလာရင် တိရိစ္ဆာန်လေးတွေ ချစ်တတ်တဲ့ သူ့ အတွက် petလေး မွေးပေးမယ်လို့  စိတ်ကူးထားပါတယ်။ အရင်က သားက အဖော်တယောက် အိမ်လာလည်ရင် ပြန်တဲ့အခါ ငိုနေတတ်လို့  ကျွန်မ အတော်စိတ်မကောင်းဖြစ်ရပါတယ်။ ခုတော့ သားက နဲနဲနားလည်လာပါပြီ။ သူ့ တို့ အိမ်သူတို့ ပြန်ရမယ်ဆိုတာ သဘောပေါက်လာပါပြီ။ ဆော့လိုက်တယ်… ပြန်တော့လဲ နှုတ်ဆက်လိုက်တာပါပဲ။ ခုတလော ကျွန်မ အိမ်မှာ ဧည့်သည်တွေ အတော်များတော့ သားက ပျော်နေပါတယ်။ တယောက်ပြန်သွားရင် သူက They are not Singapore people လို့  ပြောတတ်ပါတယ်။ သဘောက ဧည့်သည်တွေပေါ့။ မြန်မာပြည်က သူ့ အမျိုး ၀မ်းကွဲမောင်နှမ နာမည်တွေ သူက အမြဲမှတ်မိတတ်ပါတယ်။ သူ့ အကျီင်္လေးငယ်သွားရင် သူ့ ညီဝမ်းကွဲလေးကို ပေးမယ်လို့  ပြောတတ်ပါတယ်။ သူ့ ကစားဖော်က အမြဲတမ်း ၂ ယောက်ပါပဲ။ ကျွန်မနဲ့  သူ့ အဖေလေ။ အသက်အရွယ်ကြောင့် သားအတွက် မောင်နှမဖော် မွေးဖို့  သတ္တိမရှိတဲ့ ကိုယ့်ကိုယ်ကို အမြဲ အားမရဖြစ်မိပြီး တာဝန်တခု လစ်ဟင်းနေသလို ခံစားရပါတယ်။ ဘာပဲဖြစ်ဖြစ် သားက သူ့ ဘ၀လေးကို ပျော်အောင်နေတတ်တော့ ကျွန်မ နဲနဲစိတ်ချမ်းသာရသလို သားလေးကိုလဲ အရမ်း ကျေးဇူးတင်မိပါတယ်။

တန်ခူး
9:07 pm 4-Aug-2009

20 comments:

PAUK said...

မတန်ခူးရေ..
အိမ်ကတစ်ယောက်လဲ သူ့မှာ စိတ်ကူးအဖော် အမြဲရှိတယ်..
ခွခေါင်းအုန်းနဲ့ အရုပ်လေးတစ်ရုပ်ကို
သူ့သူငယ်ချင်းအနေနဲ့ အမြဲတတွတ်တွတ်ပြောနေတတ်တယ်..
အဲ့ဒါကို ကျနော်က နားမလည်ဘူးး
အမြဲ သူ့ကို ဆူတယ်..
သူတို့က သက်မဲ့တွေ ဘာလို့ တတွတ်တွတ်ပြောနေရတာလဲ လို့..
နောက်ပြီး ကျနော်က ကလေးနဲ့ မကစားတတ်ဘူး..ဆိုတော့..ကျနော့်သူငယ်ချင်းတွေထဲက
ကလေးချစ်တတ်သူ ၂ယောက်နဲ့ သူရင်းနှီးပါတယ်..
အခုတော့..စိတ်ကူးအဖော်ဆိုတာ တဖြည်းဖြည်း နားလည်လာသလိုပဲ..
တစ်ဦးတည်းသော သား..သမီးတွေ သနားစရာပဲနော်..
အခုလို မြန်မာမဟုတ်တဲ့ တခြားနိုင်ငံမှာ ပိုဆိုးး..။။

မေဓာဝီ said...

မ-ရေ ..
သားသားအဖော်ရအောင် ညီမလေးဖြစ်ဖြစ် ညီလေးဖြစ်ဖြစ် တယောက်လောက် မွေးပေးလိုက်ပါလားဟင်။ တယောက်ထဲ ကလေးတွေဆို အဲဒီလိုပဲ ဖြစ်တတ်တယ် ထင်ပါရဲ့နော်။ သားသား သနားပါတယ်။
အိမ်မွေးတိရစ္ဆာန်တွေကျတော့လဲ သက်တမ်းက တိုတော့ ကိုယ်က သံယောဇဉ် တအားတွယ်မိတဲ့ အချိန် သူတို့လေးတွေ တခုခုဖြစ်သွားရင် စိတ်ထိခိုက်ရအုံးမှာ။
မ-လဲ ငယ်သေးတာပဲ ... စဉ်းစားပါနော် .. ။

Anonymous said...

ငယ်ငယ်က အမေ့ကို ညီငယ်ညီမငယ်တစ်ယောက် အတင်းမွေးခိုင်းတာ သတိရမိတယ်။
အမရေ တစ်ယောက်တည်းဖြစ်ရတာ မကောင်းဘူးဗျာ

စူး said...

သားလေးနဲ့တောင်တွေ့ချင်လာပီ..ချစ်စရာကောင်းမှာ..

အမရေ... ချစ်စရာ သမီးလေးတယောက်လည်း တွေ့ထားတယ်နော်..

တိုးတိုးတိတ်တိတ် လာမေး..ဟီးးး

ကလေးတွေကို ချစ်တဲ့ ..ကျနော်.. အခုတော့ ကလေးတွေနဲ့ မဆော့ရတဲ့ နေရာမှာ..တယောက်တည်းး အထီးကျန်နေတယ်..

ဒီကိုပြောင်းလာကြပါလားး ကျနော်လည်း သားလေးနဲ့ အဖော်လုပ်ပေးမယ်..လေ..

rose of sharon said...

မိခင်တယောက်ရဲ့ခံစားချက်ကိုကိုယ်ချင်းစာခံစား မိပါတယ်... ဒါပေမဲ့ဒီခေတ်မှာခလေးတယောက်၊ နှစ်ယောက်ဘဲယူကြတော့တာဆိုတော့... သူများတွေလဲဒီလိုပါဘဲလို့ဖြေတွေးကြည့်ပါလား...

Moe Cho Thinn said...

မမရေ
စာမရေးတာကြာလို့ အခုပြန်ရေးတော့လဲ ဖတ်လို့ ကောင်းလိုက်တာ။ သားသားရဲ့ မြှောင်မြှောင်လေးနဲ့ သူပျော်နေတာဖတ်ရတော့ ၀မ်းသာ ၀မ်းနည်းကြီး။

ချိုသင်းတို့မှာတော့ မောင်နှမတွေ တပုံကြီး ရှိတာတောင် အဲဒီလို စိတ်ကူးအဖော်လေးတွေ ရှိခဲ့ဖူးတာ။ သူတို့က အားလုံးကိုယ့်သဘော ကိုယ့်ဆန္ဒ ကိုး။ ငယ်ငယ်က မိနီ တဲ့၊ အရုပ်မလေး တရုပ်။ ၈တန်းလောက်ရောက်မှ ပေါင်တွေကျိုး ပျက်စီးနေလို့ ပစ်လိုက်ရတာ။ ကြောင်လေးတွေလဲ ကိုယ့်အဖော် ဖြစ်ခဲ့တာပါပဲ။ ကလေးဘ၀က အပြစ်ကင်းပါတယ်နော်။

Anonymous said...

ညီအစ်မနှစ်ယောက်ရှိတယ်။အသက်လဲမကွာဘူး။ ၀မ်းကွဲတွေလဲ တပုံကြီးပဲ။ ဒါပေမယ့်စိတ်ကူးအဖော်တွေအများကြီးရှိတယ်။ အရုပ်တွေ၊ ပန်းပင်လေးတွေ။ အဲဒီထဲမှာ အချစ်ဆုံး၊ တိုင်ပင်ဖော်က ဖက်အုံးလေး။ ဖက်အုံးလေးကို မဲမဲလို့နာမည်ပေးထားတယ်။ ကိုယ်အ၀တ်တွေ ပေးဝတ်တယ်။
စုတ်ပြတ်ပြီးနောက်ဆုံး ဖက်မရတော့မြှ ပစ်လိုက်ရတယ်။
အခုထိ သတိရတုန်း။
mm

T T Sweet said...

တန်ခူးရေ ... သမီးကတော့ ညအိပ်ရင် မွှေးပွရုပ် ခွေးလေးရယ် ကျားလေးရယ်နဲ့ အိပ်တယ်။ သူ့အဖော်တွေလေ။ ခွေးလေးနာမည်က ပုံဆိုး ရုပ်ဆိုးလို့၊ ကျားလေးနာမည်က တိုက်ဂါးတဲ့။ ညညကျ တရေးနိုးရင် အဲဒီ၂ကောင်ပျောက်လို့ ရှာရတာအမော။ ခရီးသွားရင်လဲ သူ့အကောင်တွေ တပွေ့ပွေ့နဲ။ ရယ်လဲရယ်ရတယ်။ သားသားရဲ့ မြောင်မြောင်တွေတော့ သမီးက ကြောက်တယ်တော့။ မိန်းခလေးမို့နဲ့တူတယ်။

ပုံရိပ် / Pon Yate said...

သားက ချစ်စရာလေး။ အိမ်မြှောင်လေးတွေနဲ့ စကားပြောပြီး ဆော့တာကို သဘောကျသွားတယ်။ စိတ်ကူးယဉ် အဖော်ဆိုတာ ကလေးတွေမှာ ရှိတတ်ပါတယ် မတန်ခူးရေ။ စိတ်မပူပါနဲ့။ ပုံရိပ်တို့လည်း ငယ်ငယ်က သက်မဲ့ အရုပ်လေးတွေကို စကားပြောဖူးပါတယ်။ :D

သက်ဝေ said...

တန်ခူးရေ...
အပေါ်က အကောင်လေးကို ကြောက်လို့ ပုံကို ကွယ်ပြီး စာတွေလာဖတ်ပါတယ်...
သားက ချစ်စရာ...
သူ့ စိတ်နှလုံးလေး နူးညံ့တာ ပေါ်လွင်နေတယ်နော်...။

ဒါပေမယ့် စာဖတ်ပြီး တွေးရင်း တွေးရင်း ဘယ်သူ့ကိုမှန်းမသိ... ပြီးတော့ ဘာကိုမှန်းမသိ နဲနဲတော့ နာကျည်းသွားတယ်။ ဒီလိုပဲပေါ့.. ဘယ်တတ်နိုင်ပါ့မလဲလေ လို့ ကိုယ့်ဟာကိုယ်လဲ ဖြေတွေးသွားပါတယ်...။

တခါတခါကြတော့ ကိုယ်တွေက အတ္တတွေ သိပ်ကြီးလို့ ကိုယ့်အတွက်ပဲ ကိုယ်စဉ်းစားမိနေလို့ ဆုံးဖြတ်ချက်တွေ နှေးကွေးပြီး အချိန်တွေ လွန်သွားခဲ့သလားလို့လဲ တရှည်တလျား တွေးနေမိသေး......
အတွေး အင်္ဆုးမှာတော့ အို.... ဒါတွေဟာ သူတို့တွေ အတွက်ပါပဲ ရယ်လို့ မလုံမလဲ ဆင်ခြေတွေ ပေးနေမိပြန်တယ်ပေါ့...။

:P said...
This comment has been removed by the author.
Anonymous said...

မြန်မာပြည်က တူလေးမှာလည်းအဖော်အိမ်မြှောင်၇ှိတယ်.. သူ့ကိုနာမည်ပေးထားတာ အောင်မြှိန်တဲ့...။

သူငိုရင်အောင်မြှိန်တို့အိမ်အလည်သွားကြမယ်ဟေ့လို့ပြောပြီး TV နောက်နံရံက အိမ်မြှောင်တွေကိုသွားပြရတယ်...။

SD

သက်ဝေ said...

တန်ခူးရေ...
Tag ထားတယ်...
ရေးပေးနော်...
ပေါ့ပေါ့ပါးပါးလေးပါ...
ဒါက Officially လာပြောတာပါ.. ဟီဟိ

မီယာ said...

စိတ်ကူး အဖော် အခုအရွယ်မှာတောင် ရှိတယ် အမရေ
အဖော်လိုတာလေ။ တဦးတည်းသောသား ကို အမြဲဖတ်ဖြစ်လား

စန္ဒကူး said...

အသဲယားလိုက်တာ.. အိမ်မြောင်ဆိုအရမ်းကြောက်.. ဒါပေမယ့် ရေးထားတာလေးစိတ်ဝင်စားတယ်.. ကျွန်မလဲ အရုပ်လေးတွေနာမည်ပေးရတာဝါသနာပါတယ်.. အကောင်လေးတွေရောပေါ့..း)

sonata-cantata said...

သားသားအကြောင်းကတော့ စိတ်ဝင်စားစရာတွေချည်း...မှန်းကြည့်ရတာတော့ ကြီးလာရင် သူ့မေမေလို စာတွေရေးဦးမယ် ထင်တယ်...

Rita said...

မမရေ အိမ်မှာ အင်တာနက် ပြတ်နေလို့ ခုမှ ဖတ်ဖြစ်တယ်။

ဒီအကြောင်းဖတ်ရတာ တကယ်ပဲ စိတ်ဝင်တစား ၀မ်းနဲ...
ကျွန်မလဲ ငယ်ငယ်က မိသားစုနဲ့ မကြီးရဘဲ (ဖေဖေ့ဘက်က အဘိုးအဘွားတွေနဲ့) တယောက်တည်း ကြီးလာရတာ.. lonely ပဲပေါ့။
ကိုယ့်ဘာသာ ပုံမှန်ကြီးလာရတယ်လို့ မထင်ခဲ့ဘူး။

ဒီပို့စ်ကို ဖတ်မိတော့ ငယ်ငယ်က ဗမာကော်ပတ်ရုပ်နဲ့ ဘိုမရုပ် နှစ်ရုပ်ကို သတိရမိတယ်။
သူတို့မှာလဲ နာမည်ရှိတယ်။ ဗမာရုပ်က မိုကိ တဲ့။ ဘိုမရုပ်က လာလာ လို့ခေါ်တယ်။
ကိုယ့်ဘာသာပေးတာ မဟုတ်ဘူး။ ဘွားဘွားပေးထားတာ။ မိုကိ ဆိုတာ မိကို လေ။ ကျွန်မရဲ့ Sir Name ကို ပြောင်ခေါ်ထားတာ။

ဆက်မရေးချင်တော့ဘူး။

kay said...

မတန်ခူးရယ်..စိတ်မကောင်းမဖြစ်ပါနဲ့..
သားသားကြီးလာရင်..သေချာပေါက် စိတ်ကူးဖော်လေး ရမှာပါ။း)
စာတွေ ပြန်ရေးအုံး..

ရွှေခိုင် said...

အိမ်က သားလဲ သူ့ အဖော်တွေက အရုပ်တွေပဲပေါ့ . . . သူ့ ကိုတိရစ္ဆာန်အကောင်သိအောင် ကျား၊ င်္ခြသေ့၊ ကျားသစ်၊ မြင်း၊ နွား၊ သမင် စတာတွေ ဝယ်ပေးထားတယ် . . . သေးသေးလေးတွေပေါ့ . . . အဲဒီမှာမိကျောင်းသေးသေးလေးလဲပါတယ် . . . အဲဒါ crocodile လို့ သင်ထားတယ် . . . တနေ့ အိမ်ပြန် တံခါးဖွင့်လိုက်တော့ ရုတ်တရက် အိမ်မြှောင်ကပြုတ်ကျပါလေရော . . . သားက crocodile ပြုတ်ကျတယ်ဆိုလို့  ရီရသေးတယ် . . . သူ့  crocodile ရုပ်က အိမ်မြှောင်အရွယ်ပဲလေ . . .

nu-san said...

သားသားအကြောင်းဖတ်ရတော့ စိတ်မကောင်းဘူး.. သနားလည်း သနား ချစ်ဖို့လည်း ကောင်းတယ်နော်... ဒါတောင် အမတို့က သားကို သူငယ်ချင်းလို လည်း အဖော်လုပ်ပေးတယ်.. အတူလည်းကစားပေးပြီး ကလေးအတွက် အချိန်ပေးနိုင်တဲ့ မိဘတွေပါ.. ဖြစ်နိုင်ရင်တော့ ကလေးတွေအတွက် ညီအကို မောင်နှမ ရှိရင် အကောင်းဆုံးပါပဲ..အမရယ်..နိုင်ငံခြားရောက်နေတဲ့ မြန်မာကလေးတွေက ပိုဆိုသေးတယ်.. ကံလည်း ပါသေးတာကိုး.. အဲဒီအတွက်တော့ စိတ်မကောင်း မဖြစ်ပါနဲ့နော်.. :(