Thursday, April 9, 2009

ချစ်သူသို့ ပေးစာ

သင်္ကြန်ဆိုတာ လူတွေရဲ့ စိတ်ကို ဆွတ်ပျံ့ ညွတ်နူးအောင် ဆွဲဆောင်နိုင်လွန်းတဲ့ အချိန်အခါမိုလား…။ သင်္ကြန်နားနီးတာနဲ့  သင်္ကြန်အငွေ့ အသက်တို့ နဲ စပြီး
ရင်ခုန်လှုပ်ရှားနေရပြီလေ။ တူးပို့ တူးပို့ တေးသံလေးကြားရတာနဲ့  နှလုံးသားကို ရေစင်နဲ့  ပက်ဖျန်းခံရသလို အေးမြငြိမ်းချမ်းသွားတတ်တာကလဲ သင်္ကြန်ရဲ့ ထူးခြားမှုတမျိုးပဲပေါ့။ သင်္ကြန်ကို ချစ်တတ်သူကျွန်မ ငယ်ငယ်တုန်းက သင်္ကြန်အမှတ်တရ စာလေးတစောင် ရေးခဲ့မိတယ်။ အဲဒီစာလေးကို လွန်ခဲ့တဲ့ ၁ရနှစ် ဒီလိုအချိန်မျိုးမှာ ရင်ခုန်ပွင့်စာမျက်နှာမှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။ ကျွန်မရဲ့ သင်္ကြန်အမှတ်တရထဲက တခုဖြစ်တဲ့ အဲဒီစာလေးကို ခံစားကြည့်ပါဦး။

*********************

မောင်…

စိုးရိမ် ထိတ်လန့် မှုနဲ့ အတူ သေချာတိကျတဲ့ ဆုံးဖြတ်ချက်တခုနဲ့  ဒီစာကို တုန်လှုပ်စွာ ရေးနေမိတယ် ဆိုရင် မောင်နားလည်နိုင်မလား….

မောင်ရယ်… ဒီစာဟာ မောင်နဲ့ ကျွန်မ အတွက် အဓိက အကျဆုံး စာတစောင် ဖြစ်သလို ကျွန်မနှလုံးသားရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် စာတစောင်ဆိုလဲ မမှားနိုင်ဘူးပေါ့…။ ကျွန်မနဲ့ မောင့်ကို အထိရောက်ဆုံး ဆက်သွယ်ပေးနိုင်မယ့် ကျွန်မလက်တွေကို အသုံးချပြီး ရေးလိုက်မိတာပါ…။

အလွန်မတန် ထူထဲပြီး ယောင်္ကျားပီသမှုကို အထင်အရှားပြနေတဲ့ မောင့်မျက်ခုံးနှစ်ဖက်ဟာ ကျွန်မစာကို စဖတ်ကတည်းက အစွမ်းကုန် နီးစပ်နေမှာ မြင်ယောင်မိပါတယ်…။ စတင် ဆုံဆည်းခဲ့ကတည်းက စလို့  ချစ်သူတွေ ဖြစ်ခဲ့ချိန်အထိ မောင့်ရင်ထဲမှာ မချင့်မရဲနဲ့  နားမလည်မှုများစွာ ဖြစ်ထွန်းနေခဲ့တယ်မိုလား မောင်…။

မောင်ပြောတဲ့ စကားတွေကို ခေါင်းညိတ်၊ ခေါင်းခါလုပ် တခါတလေကျတော့ မြေကြီးပေါ်မှာ တုတ်ကလေးနဲ့  ရေးခြစ်တုံ့ ပြန်တတ်တဲ့ အသည်းယားစရာ ကောင်းအောင် အေးစက်
နှုတ်ဆိတ်နိုင်လွန်းတဲ့ မောင့်ချစ်သူက မောင့်ဆီကို ပေးတဲ့ ပထမဆုံး ရည်းစားစာ တစောင်ပေါ့မောင်…။

ကျွန်မဆီမှာ ရှိသမျှ အားအင်တွေကို သုံးစွဲပြီး မောင်နဲ့  ကျွန်မရဲ့ ချစ်သူဘ၀လေးကို အနားသတ် ရပ်တန့် သွားစေနိုင်မယ့် ဒီစာလေးကို ကျွန်မရေးလိုက်ရတာပါမောင်…။ စိတ်ထားနူးညံ့ပြီး သည်းခံနိုင်စွမ်းရှိတဲ့မောင် ကျွန်မစာကို အတတ်နိုင်ဆုံး စိတ်ရှည်ရှည် ထားပြီး ဖတ်နေမှာပါဆိုတာ ကျွန်မ သံသယကင်းမဲ့စွာ ယုံကြည်နေပါတယ်…။

မောင်… မနက်ဖြန်ဆို သင်္ကြန်အကြိုနေ့ နော်…။ မောင်နဲ့ ကျွန်မကို ကံကြမ္မာက အလိုက် မသိတတ်စွာ ဆုံစည်းပေးခဲ့တာ မနက်ဖြန်ဆို တနှစ်ပြည့်ပြီလေ။

တကယ်ဆို မနှစ်က သင်္ကြန်တုန်းက ခါတိုင်းနှစ်တွေကလို ကျွန်မ အိမ်ထဲမှာသာ ခပ်ဆိတ်ဆိတ်နဲ့  တယောက်ထဲ အချိန်တွေ ကုန်ပစ်ဖို့ ကောင်းမှာ မောင်။ ကျွန်မညီမတွေရဲ့ ပျော်ရွှင်မှုတွေဟာ ကျွန်မဆီ ကူးစက်ပြီး ကျွန်မလဲ မနေနိုင်စွာ Virgin လို့ ခေါ်တဲ့ ရေကစား မဏ္ဍပ်လေးထဲကို ရောက်လာခဲ့ခြင်းက မောင်နဲ့  တွေ့ ဆုံဖို့  အကြောင်းဖန်လာခြင်းပဲနော်။ ကျွန်မဆီကို အလွန်မတန် အေးမြမွှေးကြိုင်တဲ့ ရေအေးအေး တခွက်နဲ့  မောင်ရောက်ရှိလာမှပဲ ကျွန်မ ရင်ခုန် လှိုက်မောစွာနဲ့  နောင်တရနေခဲ့တယ် မောင်။ မောင်နာမည်မေးတာကို ဖြေဆိုနိုင်စွမ်း မရှိတဲ့ ကျွန်မကို မောင်က အရှက်ကြီးလွန်းတဲ့ မိန်းခလေး တယောက်လို့  စတင် သတ်မှတ်ခဲ့တယ် မိုလား။ နောက်တနေ့ မှာ မောင်နာမည်မေးတာကို လျို့ ဝှက်မနေနိုင်ပဲ မြေကြီးပေါ်ကို တုတ်နဲ့ ရေးခြစ် ပြခဲ့တော့ မောင်က ကျွန်မလုပ်ရပ်ကလေးကို သိပ်ကို သဘောကျသွားခဲ့တယ်နော်…။ ဒါပေမယ့် မောင်နဲ့ ကျွန်မ ချစ်သူဖြစ်ပြီးနောက်ပိုင်းမှာ မောင့်စကားတွေကို အဲဒီလို အပြုအမူနဲ့ တုံ့ ပြန်တိုင်း မောင် စိတ်ပျက်စွာ ညည်းညူနေခဲ့တယ်လေ…။

သင်္ကြန်ကစတဲ့ အဖြစ်အပျက်လေးကို အစပြုပြီး မောင် ကျွန်မအပေါ် တစတစ တွယ်တာ လာခဲ့တာကို သိသိချင်း ကျွန်မနောက်ဆုတ်ဖို့  ကြိုးစားခဲ့ပါတယ်။ ကျွန်မတို့ အိမ်ရှေ့ က အုတ်ခုံလေးမှာ နေ့ စဉ်ရက်ဆက် ဇွဲကြီးစွာနဲ့  ကျွန်မကို တွေ့ ဆုံနိုင်ဖို့  စောင့်နေတတ်တဲ့ မောင့်ကို ရှောင်ပုန်းဖို့  ကြိုးစားတိုင်း မအောင်မြင်ခဲ့ပါဘူးလေ…။ မောင့်ကို ကျွန်မဆီ လာဖို့  မဖိတ်ခေါ်နိုင်သလို မောင် ကျွန်မဆီက ထွက်သွားဖို့ လဲ မနှင်ထုတ်နိုင်ခဲ့ပါဘူး။ ကျွန်မဆီမှာ အဲဒီလို စွမ်းဆောင်နိုင်တဲ့ စွမ်းအားတွေ ချို့ တဲ့ ပျက်စီးနေခဲ့တယ်လေ…။

မောင့်ကို သိပ်ကို သနားမိတဲ့ အဆုံး မောင်ထိုင်နေရာ အုတ်ခုံရှေ့ မှာ လက်လေးနောက်ပစ်ပြီး ခြေစုံရပ်မိခဲ့တယ်နော်။ မောင် ကျွန်မကို တွေ့ ခွင့်တောင်းတာကိုလည်း ကျွန်မ မငြင်းဆန်နိုင်ခဲ့ဘူး။ ကျွန်မရဲ့ အားနည်းချက်ကြောင့် တည်ငြိမ်နေမှုဟာ မောင့်ကို ဖိတ်ခေါ်သလိုများ ဖြစ်သွားခဲ့လားဟင်…။ ကျွန်မနှလုံးသားထဲက ဆန္ဒတွေကို မျက်လုံးတွေက အလိုက်မသိတတ်စွာ ဖွင့်လှစ်ပြနေခဲ့တာပဲလေ။

မောင်… တနှစ်ဆိုတဲ့ အချိန်ကာလတခုထိ လျို့ ဝှက်ချက်တခုကို သိုသိပ်စွာ ဖုံးကွယ်ထားနိုင်တဲ့ ကျွန်မကို မိုက်မဲတယ်လို့ ပဲ သဘောထားလိုက်ပါလေ။ ချစ်သူကို စကားတခွန်းပြောဖို့ … ယုတ်စွအဆုံး “မောင်” လို့  နင့်နင့်သီးသီး ခေါ်ဖို့ တောင် တွန့် တိုနေတတ်တဲ့ မိန်းခလေး တယောက်ကို ဘာကြောင့်များ စောစီးစွာ ကျောခိုင်း မသွားနိုင်တာလဲဟင်။ ဆုံတွေ့ နိုင်ဖို့ ကို မငြင်းပဲ ဆုံတွေ့ ချိန်မှာ မောင်ပြောသမျှစကားတွေကို ခေါင်းငုံ့  နားထောင် အချိန်ကုန်စေခဲ့တဲ့ မိန်းခလေး တယောက်ကို မောင်စွန့် ပစ်ခဲ့ဖို့  ကောင်းပါတယ်။ မောင် ကျွန်မအပေါ်မှာ အလွန်မတန် မြတ်နိုးလွန်း နေတယ်ဆိုတာ ကျွန်မရဲ့ အေးစက်မှုတွေကို နာနာကျင်ကျင် သည်းခံပေးနေတာကို ကြည့်ပြီး ကျွန်မနားလည်နိုင်ပါတယ်…။

တကယ်ဆို မောင်က ချစ်လားလို့  မေးခဲ့ချိန်မှာ ကျွန်မ ခေါင်းခါပစ်လိုက်ဖို့  ကောင်းတယ်နော်။ ဘာကြောင့်များ ကျွန်မခေါင်းတွေဟာ အဆင်အခြင်မဲ့စွာ တွင်တွင်ညိတ်နေမိခဲ့လဲ။ နောက်ပြီး… ကျွန်မလက်တွေဟာလဲ “မောင့်ကို ချစ်တယ်” ဆိုတဲ့ စကားလုံးလေးတွေကို မြေကြီးပေါ်မှာ စီချရေးနေမိခဲ့လဲ…။ မောင့်ကို ငြင်းဆန်ပစ်ဖို့  အားမွေးရင်း မောင့်ထံပါးမှာ နစ်သထက်နစ်မြုပ် နေခဲ့တာပါလေ။ ချစ်လားလို့ မေးတော့ ခေါင်းညိတ်နေတတ်ပြီး ချစ်တယ်လို့ ပြောဖို့ တွန့် တို နေတတ်တဲ့ ကျွန်မကြောင့် မောင့်မှာ အိပ်မရတဲ့ညတွေ များစွာ ပိုင်ဆိုင်နေရတယ် မိုလားဟင်…။

“မင်းဆီက ချစ်တယ်ဆိုတဲ့ စကားသံလေးသာ ငါကြားခဲ့ရင် အဲဒီလို ပျော်ရွှင်တဲ့ ခံစားမှုမျိုး ငါ့ဆီမှာ ဘယ်တော့မှ ရှိလာနိုင်မှာ မဟုတ်ဘူး” လို့  မောင်ပြောခဲ့ဖူးတယ်နော်။ အဲဒီအချိန်တုန်းကလေ ကျွန်မနှုတ်ခမ်းတွေဟာ အဲဒီစကားတခွန်းကိုပြောဖို့  အားယူ ကြိုးစားနေခဲ့တယ် ဆိုတာတော့ မောင်ဘယ်သိနိုင်မလဲ မောင်ရယ်…။ မောင် သိပ်ကို တောင့်တနေတဲ့ ချစ်တယ်ဆိုတဲ့ စကားသံလေးဟာ ကျွန်မဘ၀ရဲ့ နောက်ဆုံး နေ့ ရက်တွေထိ ပြောလို့ ထွက်မှာ မဟုတ်တော့ပါဘူး…။ တခါတခါ မောင်ရဲ့ သံသယတွေ၊ ထိုးနှက်ချက်စကားတွေကြားမှာ မရုန်းနိုင်အောင် နစ်မြုပ်ပြီး ပြန်ချေပဖို့  မစွမ်းဆောင်နိုင်တဲ့ ကျွန်မကို မောင်ကတော့ သွေးအေးလွန်းတဲ့ မိန်းခလေးတဲ့…။

မောင်… သင်္ကြန်ရေအေးအေးနဲ့ အတူ ကျွန်မအပါးကို ရောက်ရှိလာတဲ့ မောင်နဲ့ ကျွန်မရဲ့ နိဒါန်းက ငြိမ်းချမ်းသလောက် နိဂုံးကတော့ အဆမတန် ပူလောင်နေဦးမှာလားဟင်…။ တကယ်တော့… ကျွန်မဟာ ဘာစကားတခွန်းကိုမှ မပြောနိုင်တဲ့ မွေးရာပါ ဆွံ့ အနေတဲ့ မိန်းခလေးတဦးပါမောင်။ ကျွန်မနှလုံးသားရဲ့ အနက်ရှိုင်းဆုံး နေရာက ထွက်ပေါ်လာတဲ့ “မောင့်ကိုချစ်တယ်” ဆိုတဲ့ စကားသံကိုသာ မောင်ကြားလိုက်နိုင်ပါစေ။
ကျွန်မနှုတ်ကတော့…..။

မောင် သိပ်အံ့သြသွားလားဟင်။ လူတကာငေးလောက်တဲ့ ရုပ်ရည်ချောချောကို ပိုင်ဆိုင်ထားတဲ့ မိန်းခလေးတဦးရဲ့ ချွတ်ယွင်းချက်ဟာ မောင့်အတွက် အတော်တုန်လှုပ်သွားစေမှာပါ။ မောင် သိပ်ကို နှစ်သက်ပါတယ်လို့  ပြောခဲ့ဖူးတဲ့ ကျွန်မနှုတ်ခမ်း ထူအာအာကို ကျွန်မကတော့ အလွန်မုန်းတီးမိတယ်။ မောင်ဖုန်းဆက်တိုင်း ကျွန်မနှုတ်ခမ်းတွေကို နာကျင်စွာ ဖိကိုက်ပြီး တိတ်တဆိတ် မျက်ရည်ကျနေတတ်ပါတယ်။

သူများ ချစ်သူတွေ ချိုချိုသာသာ စကားတွေနဲ့  ချွဲနွဲ့ နေချိန်မှာ မောင်ပြောသမျှ စကားတွေကို ခေါင်းငုံ့ နားထောင်ရုံသာ တတ်နိုင်တဲ့ ကျွန်မ ဘ၀ဟာ ဘာများ မက်မောစရာ ကောင်းလိုက်ပါသလဲ…။ မောင်ပြောတဲ့ ကြည်နူးစရာ စကားတွေကို ရင်ထဲက အထပ်ထပ် အခါခါ ကြည်နူး… မောင်နာကျည်းစွာ စွပ်စွဲနေတဲ့အခါ ကျပြန်တော့ စိတ်ထဲက တိတ်တဆိတ် ဖြေရှင်းနဲ့  အနေရ သိပ်ခက်လှစွာနဲ့ ပဲ မောင့်အနားမှာ ကျွန်မအမြဲနေချင် နေခဲ့ပါတယ်။

မောင်နဲ့  ကျွန်မကြားက ကွာဟချက်ကြီးကို ဘယ်အရာနဲ့များ ဖျောက်ဖျက်ပစ်လို့  ရနိုင်မှာလဲဟင်။ အစစအရာရာ ပြည့်စုံနေတဲ့ ဆရာဝန်တယောက်ဖြစ်တဲ့ မောင်ကရော ကျွန်မလို ချို့ ယွင်းချက် ခပ်ကြီးကြီးနဲ့  မိန်းခလေးကို ဘ၀ တသက်တာလုံးအတွက် ရည်ရွယ် လက်တွဲနိုင်ပါ့မလား…။

မောင် ကျွန်မဆီက ကျောခိုင်း သွားမှာလား…။ အဲဒီအခြေအနေဆိုးကြီးကို ကြိုတင် ခံနိုင်ရည်ရှိအောင် ရက်အတော်ကြာကြာ မွေးမြူထားပေမယ့်လဲ စိုးရိမ် နေမိပြန်တယ်။ မောင် ကျွန်မအပေါ် သဘောထား မပြောင်းပဲ ဆက်ချစ်သွားနိုင်မယ်ဆိုတဲ့ အတွေးမျိုးကိုတော့ မောင့်အတွက် မတွေးရက်ပြန်ဘူးလေ…။

မောင့်နှုတ်ခမ်းဖျားက ထွက်လာမယ့် အဖြေကို ကျွန်မကြားနိုင်ဖို့  သတ္တိမရှိလှဘူးမောင်…။ ဒါကြောင့် မနှစ်ကလို ကျွန်မညီမတွေ ရေကစားတာကို ထိုင်ပြီးငေးမောရင်းနဲ့  Virgin မဏ္ဍပ်က စောင့်နေမယ်မောင်…။ မောင် ကျွန်မနားကို ရေအေးအေး တခွက်နဲ့ အတူ ရောက်လာခဲ့ဦးမယ် ဆိုရင်တော့ ကျွန်မတို့ နိဂုံးကို အေးမြသွားပြီလို့  ယူဆလိုက်တော့မယ်မောင်။ မောင် မရောက်လာခဲ့ဘူး ဆိုရင်တော့…။

မောင့်ရဲ့
ကျွန်မ

*********************
(စာကြွင်း။ အဲဒီတုန်းက ဒီစာလေးကို ရေးဖို့ စိတ်ကူးရသွားခဲ့တာကတော့ ကျွန်မမေမေ ဆံပင်သွားညှပ်နေကျ ဆံပင်ညှပ်ဆိုင်လေးကနေပါ။ အရမ်းကိုလှပပြီး ဆံပင်ညှပ်ရာမှာလဲ အရမ်းကျွမ်းကျင်တဲ့ အဲဒီအမကြီးက စကားမပြောတတ်ရှာပါဘူး။ သူ့ ကိုတွေ့ ပြီး စိတ်ကူးရသွားခဲ့တာပါ။)

တန်ခူး
11:48am 9-Apr-2009

18 comments:

သက်ဝေ said...

တန်ခူးရေ...

ကိုယ်တစ်ခါမှ တွေးမကြည့်ထားဘူးတဲ့ ဇာတ်လမ်းကလေးပါလား...။ ဖတ်ပြီးတော့ ဒီလိုအဖြစ်အပျက်မျိုးတွေလဲ လူတွေကြားထဲမှာ တကယ် ရှိနေနိုင်တာပါလားလို့ သတိရသွားတယ်...။

အရွယ်ငယ်ငယ်က တန်ခူးရဲ့ အရေးနဲ့ အတွေးလေးကလဲ ချစ်စရာ...

tg.nwai said...

နောက်တော့ ဘာဖြစ်သွားသလဲ ဆရာမရယ်.. ကောင်လေးက မလာတော့ဘူးလားဟင်။

စဉ်းစားနေမိတာ တန်ခူးရေ.. အခုတလောပေါ့...အဲဒီလို အားနည်းချက်ရှိနေတဲ့သူတွေအဖို့ သာမန်လူတွေနဲ့ တန်းတူ မပျော်ကြရတော့ဘူးလား..အထူးသဖြင့် တန်ဖိုးကြီးတဲ့ အဲဒီအချစ်ဆိုတာကိုရော...။

မေဓာဝီ said...

မ-ရေ ...
အိပ်ရာကနိုးနိုးချင်း ညီမသို့ပေးစာနဲ့ ချစ်သူသို့ပေးစာကို ဖတ်လိုက်ရလို့ .. ဒီနေ့အဖို့တော့ ကျေနပ်သွားပြီ။ :)
မ-ရဲ့ ချစ်သူသို့ ပေးစာကလေးက ရင်ထဲကို ရောက်သွားတယ်။ ချစ်စရာ သနားစရာ မိန်းကလေးပဲ နော်။ သူတို့ဘ၀ကို နားလည်ပေးနိုင်မယ့် ယောက်ျားမျိုး ရှိရင်တော့ ၀မ်းသာစရာပါပဲ။

မေ သာ ယောက်ျားလေးဆိုရင်တော့ အဲဒီလို စကားမပြောတတ်တာ ပိုတောင် သဘောကျဦးမယ်။ ယောက်ျားတွေက (အိမ်ထောင်ကျပြီးတဲ့အခါ) မိန်းမတွေ စကားများရင် အားကြီး အမြင်ကပ်တာဆိုပဲ။ စကားမပြောတတ်တော့ နားအေးရောလေ ... ဟီး။ အကောင်းရေးနေရင်း ပေါက်ကရအတွေးက ၀င်လာလို့ ... ဆောရီး မ-ရေ ... ။ ခဏနေ သွားရတော့မယ် ... မသွားခင် ၀င်ရေးသွားတာ ... ။
ပြန်လာရင် မုန့်ဝယ်ခဲ့မယ်နော် ... တာ့တာ ... :P

Anonymous said...

အမရေ စာဟောင်းလေး ဝေမျှပေးတာ ကျေးဇူးပါဗျာ

Moe Cho Thinn said...

ပေးစာလေးကို ဖတ်သွားပါတယ်။ မေတ္တာစစ် မေတ္တာမှန် နဲ့ ချစ်တဲ့သူ တွေ့ရင် သိပ်ကောင်းမှာပဲနော်။ နောက်ပြီး အဲဒီ အပြင်က မမ အကြောင်းလဲ ကြားဖူးသလိုပဲ။ အငှားခံစားမှုဆိုပေမဲ့ စိတ်ထဲမှာ မကောင်းလိုက်တာ။

မီယာ said...

မတန်ခူးရေ... ချစ်သူသို့ပေးစာ က အရမ်း ကောင်းတာပဲ... မိန်းကလေးက စကားမပြောတတ်ဘူးလို့ မမျှော်လင့်ထားဘူး... အပြင်မှာ တကယ် ဖြစ်နိုင်တာပဲနော်

မဇနိ said...

အမတန်ခူးရေ သင်္ကြန်နဲ့အတူခံစားသွားတယ်။ အရင်နေ့ကလည်း လာဖတ်ပြီးပီ။ အပြင်မှာလည်း ရှိနိုင်ပါတယ်နော်။ ဘဝကံအကြောင်းတွေကြောင့် လူအမျိုးမျိုးဖြစ်လာတာ စိတ်မကောင်းပါဘူး။ အခုပေးစာလေးထဲမှာလည်း Virgin ဆီကို သူလာမှာလား မလာဘူးလား သိချင်နေမိတယ်။ ခံစားမှုကို ထိထိရောက်ရောက်ပေါ်လွင်စေပါတယ် အမတန်ခူးရေ။ အင်း တကယ်ချစ်တယ်ဆိုရင် တကယ်လက်တွဲမယ်ဆိုရင် သူလာမှာပါ။

ရွှေခိုင် said...

တကယ့်လက်တွေ့ မှာ ဘယ်လိုဆက်လုပ်မှာလဲ အသင်ယောက်ျားတို့ . . .

Anonymous said...

တကယ့်တကယ့် ချစ်စရာ အလှပဂေး (၁၇)နှစ်သမီးလေးပါပဲ။ နောင် (၇၁)နှစ်ကြာတဲ့ သင်္ကြန်တိုင်အောင် အမှတ်တရဖြစ်နေပါ မလွဲဧကန်ပါ။

T T Sweet said...

တန်ခူးရေ ... လာဖတ်သွားပြီ။ ကျောင်းမှာကထဲက တန်ခူးစာလေးတွေ ဟိုတွေ့ဒီတွေ့နဲ့ မြည်းနေကျဆိုတော့ တန်ခူးလက်ရာကို ကြိုက်ပြီးသား။ ဇာတ်လမ်းထဲက ကောင်မလေးကို အရမ်းသနားတယ်။ နောက်ဘာဖြစ်သွားလဲဟင် ....

Nyein Chan Aung said...

လွန်ခဲ့တဲ့ ၁၇နှစ်ကတည်းက မတန်ခူးက ကလောင်စွမ်းထက်ခဲ့တာကိုး။ ရင်ခုန်ပွင့်မဂ္ဂဇင်း ကိုလွမ်းဆွတ်နေမိပါတယ်။ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ..

khin oo may said...

ဘာဖြစ်သွားသလဲသိချင်လိုက်တာ။

စူး said...

ှဗွမ်းးးးးးးးးးးးးးးးးးးးးးးး

mysterysnow said...

တန်ခူးရေ
စာတွေလာဖတ်ရင်း
ဒီသင်္ကြန်မှာ လင့်သွားပါတယ်။
စာလေးတွေ ဖတ်လို့ကောင်းတယ်။

mysterysnow said...

တန်ခူးရေ
စာတွေလာဖတ်ရင်း
ဒီသင်္ကြန်မှာ လင့်သွားပါတယ်။
စာလေးတွေ ဖတ်လို့ကောင်းတယ်။

pandora said...

ချစ်စရာကောင်းတဲ့ ၀တ္ထုလေးကို ဟိုရက်က လာဖတ်ပေမယ့် မှတ်ချက်မရေးဖြစ်ဘူး

အခု နောက်တခေါက် လာဖတ်ပါတယ်။ မတန်ခူးက ငယ်ငယ်ကတည်းက အရေးကောင်းတာကိုး။

ဒါနဲ့ ရည်းစားစာအစစ် ဆိုရင်လည်း ဖတ်လို့ကောင်းမှာပဲနော်။ သိမ်းထားတာတွေရှိသေးလားဟင်။

puluque said...

မမရေ မင်္ဂလာနှစ်သစ်ပါခင်ဗျာ..မရောက်တာကြာလို့ စာကြွေးတယ် အများကြီး ဖတ်စရာရှိနေပါလား။ နှစ်သစ်မှာပျော်ရွှင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

P.Ti said...

အမက စာရေးတာကို ခံစားချက်အပြည့်ထည့်ရေးနိုင်ပြီး အဲဒီခံစားချက်ကိုပါ ပြန်မျှဝေနိုင်တယ်။

မရောက်တာကြာနေပြီ။ နှစ်သစ် ဆုတောင်းရင်း စာလည်းဖတ်သွားတာ။

အမတို့ မိသားစုလေး ရွှင်လန်းချမ်းမြေ့ပါစေ။