Friday, July 11, 2014

ကျွန်မနဲ့ မော်တော်ကား





ရောင်စုံကားလှလှ မော်ဒယ်လှလှတွေ များပြားလာတဲ့ ဒီခေတ်ကြီးထဲမှာ အဲဒီကားတွေနဲ့  ပတ်သက်ရင် ကျွန်မသိပ်ရင်မခုန်တတ်တာ အတော်တော့ ထူးဆန်းတာ အမှန်ပါပဲ…။ လက်ရှိကျွန်မအလုပ်က ကားပြခန်းတွေ ကားအရောင်းခန်းမတွေနဲ့  နီးတဲ့နေရာမို့  ကားလှလှလေးများ… အထူးသဖြင့် ပြိုင်ကားလှလှလေးများတွေ့ ရင် ကောင်မလေးချောချောလေးတွေ့ လိုက်သလို ကျွန်မလုပ်ဖော်ကိုင်ဖက်တွေက လေကလေးတောင်ချွန်မိတဲ့ အထိ သဘောကျကြတာ တွေ့ တော့ ငါ့မယ် ဘာကြောင့်များ ဒီလိုစိတ်မရှိရတာလဲလို့  တွေးမိတဲ့အထိပါပဲ…။

ကျွန်မအမျိုးသားနဲ့  အတူသွားနေတဲ့အချိန် သူက ကားလှလှကောင်းကောင်းလေးများ လှမ်းပြရင် ကျွန်မရဲ့ မထူးခြားတဲ့ရုပ်ကို ကြည့်ပြီး အဲဒီ sensor တခုပျက်နေတယ်လို့  ကျွန်မကို အမြဲ နောက်တတ်ပါတယ်…။ ကျွန်မကလဲ ကျွန်မပါပဲလေ…။ ကျွန်မအရင် အလုပ်က လုပ်ဖော်ကိုင်ဖက်တယောက်က ဘယ်လောက်များ ပိုက်ဆံချမ်းသာ သလဲဆို ကားအကောင်း နာမည်တခုသာ ပြောလိုက် သူ့ မှာ ရှိပြီးသားပါပဲ…။ ကားပေါင်းမြောက်မြားစွာ ပိုင်တဲ့ သူနဲ့  အရမ်းရင်းနှီးတာမို့  တခါတလေ အပြင်မှာ နေ့ လည်စာထွက်စားတဲ့အခါ သူ့ ကားနဲ့ ကားကြုံလိုက်စီးပါတယ်…။ Audi, BMW, Lexus ကားတွေသာ ပြောင်းသွားတယ် ကျွန်မအတွက်က ဘာမှ မထူးသလိုပါပဲ…။ ဟိုနေ့ ကကားနဲ့  ဒီနေ့ ကား စီးရတာ ဘာကွာသလဲမေးရင် ကျွန်မက တို့ အတွက်တော့ comfort taxi စီးရတာနဲ့  ဖီလင်ချင်းတူတူပါပဲ… မခွဲခြားတတ်ဘူးလို့  အမှန်အတိုင်းပြောတော့ သူ့ ခမျာ ငိုမလိုရယ်မလို မျက်နှာနဲ့  ခံရခက်တာတွေ့ တော့ အားနာမိသလိုလိုတော့ ဖြစ်မိသား…။

ကျွန်မငယ်ငယ် သူငယ်တန်းအရွယ်က အဖေက ဂေါက်လှည့်လှည့်ပြီး နှိုးရတဲ့ မောဒစ်အိတ် ကားစုတ်စုတ်လေး ၀ယ်လာတော့ ကျွန်မအရမ်းပျော်ပါတယ်…။ ဘတ်စ်ကားစီးရတဲ့ ဒုက္ခ၊ မြို့ ပတ်ရထားစီးရတဲ့ ဒုက္ခကို ကျွန်မက ငယ်ငယ်လေးနဲ့ ခံစားခဲ့ရသူမိုလား…။ ကျွန်မကို ထားတဲ့ မူကြိုက မြို့ လယ်ခေါင်မှာ မို့ လေ…။ မောဒစ်အိတ်၊ မော်စကိုဗစ်၊ အိုပယ်၊ ဗောက်စဂွန်၊ ဒတ်ဆန်း၊ ပတ်ပလစ်ကာ… စူပါရုပ်ဖ်… အဲဒီလို ကျွန်မတို့  အိမ်မှာ ကားအမျိုးမျိုးသာ ပြောင်းသွားတယ်… ကျွန်မစိတ်ထဲကတော့ အတူတူပါပဲ…။ လိုရာခရီးကို သက်တောင့်သက်သာ သွားနိုင်ရင် ပြီးတာပဲလေ…။ ကားတစီးပြောင်းခါနီးတိုင်း ဘယ်ကားလဲရမလဲဆို ရင်ခုန်နေတတ်တဲ့ ကျွန်မတို့  တအိမ်လုံးနဲ့  ဆန့် ကျင်ဘက်ပါ…။ ကားနဲ့ ပတ်သက်လို့  အဖေ့ကို ကျွန်မပူဆာမိတာဆိုလို့  နှစ်ခါလားပါပဲ…။ ကျွန်မဆယ်တန်းတုန်းက အိုပယ်ကားနဲ့ လာတိုင်း ကားနာမည်ကြောင့် ကောင်လေးတွေ နောက်ကြတာကို ရှက်လို့  အဖေ့ကားလဲခိုင်းတဲ့အခါရယ်… ဗောက်စဂွန်ကားလုံးလုံးနဲ့ တုန်းက သင်္ကြန်ရေပက်ခံထွက်လို့  မရတာကြောင့် အမိုးဖွင့်လို့ ရတဲ့ကားလေး ပူဆာတာရယ်ပါပဲ…။ သိပ်ဆန္ဒလဲ ပြင်းပြင်းပြပြမဟုတ်တော့ အဖေ၀ယ်တဲ့ကားနဲ့  အဖေလိုက်ပို့ တာ ငြိမ်ငြိမ်လေး လိုက်တတ်တဲ့ ကျွန်မပါ…။

ဒီနိုင်ငံရောက်တော့ public transport တွေ အဆင်ပြေတာမို့  သားလေးမမွေးခင်အထိ ကျွန်မအတွက် ကားဆိုတာ မေ့မေ့လျော့လျော့ပါပဲ…။ သားလေးမွေးလာတော့ သားလေးသက်တောင့်သက်သာ သွားလာလို့ ရအောင် ကားလေးတစီးလိုချင်မိပါတယ်…။ အဲဒီအခါ ကျွန်မနဲ့  ကျွန်မခင်ပွန်း ဈေးလဲသက်သာ ဆီစားလဲနဲမယ့်ကားကို စဉ်းစားရပါတယ်…။ ပြီးတော့ တချက်ခုတ်နှစ်ချက်ပြတ် ကျွန်မတို့ အဲဒီအချိန်က လုပ်နေတဲ့ အလုပ်ကလေးအတွက်လဲ အသုံးဝင်မယ့်ကားမျိုးပေါ့…။ ခဏခဏလဲ မပျက်တဲ့ ခိုင်ခန့် မယ့် ပြင်သစ်ထုတ် ရိန်းနော့ကားလေးကို ကျွန်မတို့  ၀ယ်ဖြစ်ခဲ့ကြတယ်…။ ကျွန်မခင်ပွန်းမောင်းမှာဆိုတော့ သူနှစ်သက်တဲ့ အ၀ါရောင်လေးရွေးဖြစ်ခဲ့တယ်…။ ကားလေးနာမည်က Kangoo တဲ့…။ ဘယ်လောက်ချစ်စရာကောင်းလိုက်တဲ့ နာမည်လေးလဲနော်..။ ဒီနိုင်ငံမှာ ကားလှလှတွေ အရမ်းပေါတာ သိပ်စိတ်မ၀င်စားမိပေမယ့် ကားနာမည်လေးတွေတော့ ကျွန်မက စိတ်ဝင်တစား မှတ်တတ်ပါတယ်…။ ပြီးရင် ကားအထီးလေးလား အမလေးလားဆို ကားရဲ့ရုပ်ရည်ကြည့်ပြီး ကျွန်မဘာသာ ပေါက်ပေါက်ရှာရှာ ခွဲမှတ်ထားတတ်ပါတယ်…။ ကျွန်မတို့ ကားလေးကတော့ boy လေးနဲ့ တူတဲ့ ကားအထီးလေးပေါ့…။ Transformer ကြိုက်တဲ့ ကျွန်မသားကတော့ အ၀ါရောင် ကျွန်မတို့ ကားလေးကို bumblebee လို့  သူ့ ဘာသာ နာမည်ပေးထားလေရဲ့…။

ကျွန်မတို့ ကားလေးက ဈေးသက်သာ… ဆီစားသက်သာတဲ့အပြင်… ပျက်ခဲပါတယ်…။ တနေ့ တနေ့ ကျွန်မနေတဲ့ အနောက်ဘက်ကနေ ကျွန်မအလုပ်ရှိတဲ့ အရှေ့ ဘက်သွား… တခါ ကျွန်မအမျိုးသား အလုပ်နေရာတွေသွားနဲ့  သူ့ ခမျာ နားရတယ်လို့ မရှိပါဘူး…။ ကျွန်မတို့  မိသားစုဝင်တယောက်လို ကားလေးနဲ့ ကျွန်မတို့  တသားထဲကျနေပါတယ်…။ ဇိမ်ခံကားပြောင်းစီးရင်ကောင်းမလား… ဒီထက်ကောင်းတဲ့ကား ပြောင်းစီးရင်ကောင်းမလားဆိုတဲ့ အတွေးတွေ မရှိလောက်အောင် ကားလေးနဲ့ ကျွန်မတို့ ကြား သစ္စာတရားက ကြီးလှပါတယ်…။ ကားလေး တခါတလေ စက်ချို့ ယွင်းလို့  ပျက်တာများရှိရင် မိသားစုဝင်တဦးနေမကောင်းသလို ကျွန်မစိတ်အတော်မကောင်းပါဘူး…။ သူ့ ခမျာ ပစ္စည်းတွေလဲ အများကြီးသယ်ရ… လူတွေကိုလဲ မရပ်မနားပို့ ရရှာတာဆို စက်ပစ္စည်းဆိုတာ မေ့လျော့စွာ သနားမိတဲ့အထိပါပဲ…။

ဒီနိုင်ငံမှာ ကားတွေကို ၁၀နှစ်အထိပဲ ထားပါတယ်…။ ဆယ်နှစ်ပြည့်လို့  ကားက ကောင်းနေသေးတယ်ဆို ထပ်ထပ် တိုးခွင့်ပေးပါတယ်…။ ကားက အခြေအနေမကောင်းဘူးဆို တိုးခွင့်မပေးပဲ ဖျက်ပြစ်ပါတယ်…။ မနက်က ရုံးသွားတဲ့လမ်းမှာ ကားနဲ့ ပတ်သက်လို့  ပြောဖို့ အကြောင်းဖန်လာတာကြောင့် ကားလေးသက်တမ်းကို အမျိုးသားနဲ့ ပြောဖြစ်ပါတယ်…။ ကျွန်မတို့ ကားလေး ရနှစ်ရှိပြီတဲ့…။ ဒါဆို နောက်၃နှစ်ကြာရင် ကားလေး သက်တမ်းကုန်တော့မှာပေါ့နော်…။ ကားလေးဖျက်ပစ်ခံရမှာတွေးမိတော့ ကျွန်မနှလုံးသားတခုလုံး နာကျင်လာမိပါတယ်…။ သက်တမ်းကုန်ရင် မြန်မာပြည်ပို့ လို့  မရဘူးလားလို့  အမျိုးသားကို မေးတော့ သူက ကုန်ကျစရိတ်နဲ့  လက်တွေ့ မကျဘူးတဲ့…။ ကျွန်မမျက်ရည်တွေဝဲလာတာ ကျွန်မအမျိုးသားက သတိထားမိမယ်မထင်ပါဘူး…။ ပစ္စည်းသင်္ခါရ… လူသင်္ခါရဆိုတဲ့ တရားသဘောကို နှလုံးသွင်းဖို့  မေ့လျော့တဲ့အထိ ကျွန်မကားလေးကို သံယောဇဉ်တွယ်မိတာ မကောင်းဘူးဆိုတာ သိပေမယ့်လဲ သံယောဇဉ်ဆိုတာ အလွယ်တကူဖြတ်တောက်လို့  ရတဲ့ အရာမှမဟုတ်တာပဲလေ…။ ခုချိန်မှာ အဖိုးတန်ကားကြီးတစီးနဲ့  လဲခွင့်ရမယ်ဆိုတောင် ကျွန်မလဲဖို့  မစဉ်းစားမိပါဘူး…။ အကြောင်းကြောင်းကြောင့် ကားလေးနဲ့ ခွဲရမယ်ဆိုရင်ဖြင့်….။

တန်ခူး

2:35pm 11-Jul-2014

2 comments:

Anonymous said...

အမ ကားတောင် သံယောဇဉ် အဲ့ဒီလောက်နက်နေပြီ။ ခက်မယ်နော်။
ရုံးက ကားလည်း သက်တမ်းပြည့်သွားလို့ တိုးထားရပြီ ၀ယ်တုန်းက ဈေးထက်ပိုများသွားတဲ့အပြင် စစ်တာဆေးတာတွေရောဆိုတော့ အကုန်အကျတွေအများကြီး။ မြန်မာပြည်ပြန်ပို့မလားဆိုပြီးလုပ်ကြသေးတယ် ချွန်းဖိုးထက်လက်ခက ကြီးနေပြန်ရော. ဒါမှ မဟုတ် မလေးရှား ယိုးဒယားကနေ မောင်းဝင်သွားပါလား။ လူကြုံတယောက်တော့ လိုက်ဖို့ရှိပါတယ်.:P

Anonymous said...

Anonymous
Ma , nothing can be stable . Same feeling like me . My son also like his car. But some are out of our control. Seit pin pann par tae. Try to less " than yaw Zin"
I can't write myanmar font . Sorry.