Tuesday, July 14, 2009

ဘလော့ပေါ်က ထူးခြားသော တိုက်ဆိုင်မှုများ

ပြန်လာပါပြီ…။
ဒီသံယောဇဉ်ရပ်ဝန်းလေးထဲကိုပေါ့…။ ခဏခဏပျောက်တတ်ပေမယ့် ကိုယ့်အိမ်လေးလို နွေးထွေးမှုပေးနိုင်တဲ့ ဒီနေရာလေးမှာ ကိုယ်က နေထိုင်သူမို့  ပြန်ရောက်လာတတ်မြဲပါ။ စကားလုံးတွေက တဆင့် စီးမျောလာတဲ့ သံယောဇဉ်တွေနဲ့  ဒီအိမ်လေးထဲက မောင်နှမတွေက အိမ်သားတယောက် ပျောက်ရင် လွမ်းမိသလို ကိုယ့်ကိုလာရှာဖွေ နှုတ်ဆက် သတင်းမေးကြတာတွေ ကြားရမြင်ရတဲ့အခါ ရင်ထဲက ကြည်နူးခြင်းတွေက စကားလုံးတွေနဲ
့ ဖွဲ့ နွဲ့ လို့ မရအောင်ကို ထုထည်ကြီးမားပြည့်လျှံနေတယ်ဆို ပိုတယ်လို့ ဆိုမလား…။ နဂိုက အစွဲအလန်းကြီးတတ်တဲ့ အပေါ် အပိုဆင့် သံယောဇဉ်တွေ လောင်းချလိုက်တော့ ကိုယ်လေ… ဘလော့ကိုမှ ချစ်မိလေပြီပေါ့။

ဒီထက်ပိုပြီး သိပ်အံ့သြစရာကောင်းတဲ့ ထူးခြားတဲ့ တိုက်ဆိုင်မှုတွေ… ကိုယ်ပြောပြချင်တယ်။ ရှေးရေစက်ကြောင့်ပဲလား။ ပင်လယ်တွေခြားချင်ခြား… ကမ္ဘာတဘက်ခြမ်းမှာ ရှိချင်ရှိ… နွေးထွေးမှုတွေက အကွာအဝေးပိုင်းခြားမှုတွေကို လျစ်လျူရှူလို့  ရင်ထဲကို တိုက်ရိုက်ကို ၀င်လာတတ်တာ။

ကိုယ့်ဘ၀မှာ ကိုယ်နဲ့ မွေးနေ့ တူသူနောက်တယောက်ကို သိခွင့် ရင်းနှီးခွင့်ရတာ ဒီဘလော့လေးကြောင့်ပါ။ ပထမတကြိမ်က ဆယ်တန်းတုန်းက ၀ိုင်းကျူရှင်က့ (ကိုယ်နဲ့ မွေးနေ့ ၊မွေးရက်၊ မွေးနှစ်ပါတူသူမို )့ လောကကြီးထဲကို အတူဝင်ရောက်လာတဲ့ သူငယ်ချင်း ကောင်လေးပေါ့။ သူကို ဘလော့ဂါ တယောက် အနေနဲ့  ပြန်တွေ့ ရလိမ့်မယ်လို့  ကိုယ်မထင်ခဲ့ပေမယ့် တကယ်ကို တွေ့ မယ့်တွေ့ တော့ ဘလော့ပေါ်မှာ ပြန်တွေ့ ခဲ့ရတာပါ။ သူငယ်ချင်းရေ… ဒီစာဖတ်မိရင် နွေရက် တရက်မှာ လောကကြီးထဲကို အတူရောက်ခဲ့ကြတဲ့ ဆယ်တန်းတုန်းက နင့်သူငယ်ချင်းက ဘလော့ပေါ်က တန်ခူးဆိုတာ ပြန်မှတ်မိနိုင်ပါစေ။

နောက်တယောက်ကတော့ မွေးနေ့ တူ၊ မွေးနှစ်မတူတဲ့ အပြုံးချိုချိုလေးနဲ့  လေးနက်တည်ငြိမ်တဲ့ စာလေးတွေ ရေးတတ်တဲ့ ဘလော့ဂါညီမငယ်ငယ်လေး။ သူ့ စာလေးတွေဖတ်ရင်း သူ့ ကို ပုံဖော်ကြည့်နေမိတယ်။ သူနဲ့ စကားတွေ ပြောနေကြည့်မိတယ်။ ပြီးရင်… သူနဲ့ ကိုယ်နဲ့ က ဒီကျွန်းသေးသေးလေးပေါ်မှာ အတူရှိနေခဲ့ကြတာတဲ့။ တနေ့ နေ့ မှာ ကလေးလေးတွေကို စိတ်ဝင်တစားရှိတတ်တဲ့ ချစ်ခင်တွယ်တာတတ်တဲ့ သူ့ ကို သားလေးနဲ့  စကားတွေ ဖောင်ဖွဲ့ ဆုံကြဖို့  စိတ်ကူးထားမိတယ်။ ဘယ်လိုလဲ ညီမလေးရီတာရေ… လာခဲ့မှာလား… အတူဆုံကြဖို့ လေ။

သူ့ ချစ်သူက ကြောင်လေးတွေကို သားသမီးရင်းလို ချစ်ခင်ကြင်နာတတ်တယ်ဆိုတော့ တိုက်ဆိုင်လိုက်တာလို့ တော့ ထင်မိသား။ ပြီးတော့ တရုတ်လူမျိုးနဲ့ တူတဲ့ ရုပ်ရည်ဆိုတော့… ထပ်တိုက်ဆိုင်ပြန်ပြီပေါ့။ ကိုယ့်ချစ်သူကလဲ ကြောင်လေးတွေကို သိပ်ချစ်တတ်တဲ့ တရုတ်လူမျိုးနဲ့ တူသူ။ ချစ်သူအတွက် မွေးနေ့ ပို့ စ်ရေးတော့မှ… အဆုံးစွန်တိုက်ဆိုက်မှုကို သိရပြီး ပြုံးမိ၊ကြည်နူးမိတော့တာပဲ။ သူ့ ချစ်သူနဲ့ ကိုယ့်ချစ်သူ မွေးနေ့ ပါတူနေပါရောလား။ ချိုသင်းရေ… ဆုံဖြစ်ကြရင် ကြောင်လေးတွေ အကြောင်းကို သူတို့ က စကားတွေ ဖောင်ဖွဲ့ … ကိုယ်တို့ က ဘလော့အကြောင်းဖောင်ဖွဲ့ နဲ့  အတော်ကို ပျော်စရာကောင်းမှာပဲ။ ဆုံမယ့်နေ့ က အောက်တိုဘာ ၂၅ ဆို ပိုမကောင်းဘူးလားနော်။

တိုက်ဆိုင်မှုတွေကလဲ များ များလှချည့်လားလို့ ဆိုရင်… ဟုတ်ပါရဲ့။ များလွန်းလို့  ကိုယ်ကိုယ်တိုင်တောင် အံ့သြမိပါရဲ့ဆို။ ကလောင်သွားထက်လွန်းတဲ့ ညီမလေးချိုသင်းရဲ့ စာထမင်း စာဟင်း ဆိုတဲ့ ပို့ စ်လေးကို တိုက်တိုက်ဆိုင်ဆိုင် အမေ့ရဲ့ မြန်မာလို မွေးနေ့ မှာ ဖတ်မိတော့ ချိုသင်းကို ကျေးဇူးတင်လွန်းလို့  ကော်မန့် ရေးခဲ့တယ်။ ချိုသင်းက ကော်မန့် ပြန်လာရေးတယ်။ အဲဒီနေ့ က သူ့ မေမေမွေးနေ့ တဲ့လေ။ အဲဒီကစလို့  တိုက်ဆိုင်မှုတွေက တကယ့်ကို ထူးခြားဆန်းကျယ် ရင်ခုန်စရာဖြစ်လာတယ်။ အမှတ်တရ နေ့ ရက်တခုခုကို ချရေးပြီးတဲ့ အခါ ဘလော့ပေါ်က မောင်နှမတွေနဲ့  ဘယ်သူနဲ့ များ တိုက်ဆိုင်နေဦးမလဲလို့  ရင်ခုန်စွာ စောင့်မျှော်တတ်လာတယ်။

ကိုယ့်မေမေရဲ့ မွေးနေ့ ပို့ စ်လေးတင်တဲ့အခါ ကိုယ်မျှော်လင့်ထားသလို ကိုယ့်ရင်ကို ညွှတ်နူးစေတဲ့ တိုက်ဆိုင်မှုလေးရောက်လာခဲ့တယ်။ မမမေငြိမ်းရဲ့မေမေကလဲ ကိုယ့်မေမေလို ဆရာမ… ဒီထက်ထူးခြားတာက ကိုယ့်မေမေက ကိုယ်ရဲ့ဆရာမ ဖြစ်ခဲ့ဘူးသလို မမမေငြိမ်းရဲ့ မေမေကလဲ မမရဲ့ဆရာမဖြစ်ခဲ့ဘူးတယ်တဲ့… ဒီထက်ထူးခြားတာက မမမေငြိမ်းမေမေနဲ့ ကိုယ့်မေမေ တလထဲမှာမွေးကြပြီး မွေးနေ့ ချင်း ရက်ပိုင်းသာကွာတာပါပဲ။ ဒီပို့ စ်လေးမတင်ခင် ကိုပီတိမေမေရဲ့မွေးနေ့ နဲ့  မေမေ့မွေးနေ့  ရက်ပိုင်းလေးသာကွာလို့  အံ့သြလို့ မဆုံးသေးခင်ပေါ့။

ဖေဖေ့မွေးနေ့ တုန်းက အရမ်းအလုပ်ရှုပ်နေလို့  အမှတ်တရပို့ စ်မရေးလိုက်ရတော့ တိုက်ဆိုင်မှုတွေမသိလောက်တော့ဘူးထင်တာ… ညီမလေးနိနိရဲ့ မွေးနေ့ ပို့ စ်လေးကို ဖေဖေ့မွေးနေ့ မှာ ဖတ်လိုက်ရတော့… ဘလော့မောင်နှမတွေနဲ့  ကိုယ့်ရဲ့ ရေစက်ကို သံသယကင်းစွာ ယုံကြည်မိပါတော့တယ်။ အညာဇာတိချင်းတူတဲ့၊ ဇာတိမြို့ ချင်းကလဲ နီးနီးလေးဖြစ်တဲ့ အညာသူညီမလေး နိနိရေ… တို့ တတွေ ဟိုးရှေးရှေးဘ၀က ညီအမတွေများလားကွယ်။

မမခင်မင်းဇော်ရဲ့ မင်္ဂလာနှစ်ပတ်လည်ပို့ စ်နဲ့  ကိုယ်ရဲ့ မင်္ဂလာနှစ်ပတ်လည်ပို့ စ်လေး တရက်ထဲ ဖြစ်နေခဲ့တာကရော။ တင်္နလာနေ့ မွေးတာခြင်းတူတဲ့အပြင် ချစ်သူနဲ့ ပေါင်းဆုံခွင့်ရတဲ့ နေ့ လေးပါ ထပ်တူကျနေတာသိရတော့… တိုက်ဆိုင်မှုထက် ပိုလေးနက်တဲ့ ပတ်သက်ဆက်နွယ်မှုတွေ ပါဝင်နေတယ်ဆိုတာ ကိုယ် ကြည်နူးစွာ လက်ခံလိုက်ပြီ။ အပေါ်က တိုက်ဆိုင်မှုတွေမှာ ကိုယ်သုံးနှုန်းခဲ့တဲ့ တိုက်ဆိုင်မှုဆိုတဲ့ စကားလုံးကို ဒီမှာပြင်ပါရစေလား။ သူငယ်ချင်းဘလော့ဂါရေ… ညီမလေးရီတာရေ…. ညီမလေးချိုသင်းရေ… မမမေငြိမ်းရေ… ကိုပီတိရေ… နိနိရေ… မမခင်မင်းဇော်ရေ…. နောက်တွေ့ ဦးမယ့်… တိုက်ဆိုင်နေဦးမယ့် ဘလော့မောင်နှမတွေရေ… ကိုယ့်တို့ တွေ ဟိုးရှေးရှေးဘ၀တွေက သွေးရင်းသားရင်း မောင်နှမအရင်းကြီးတွေများ ဖြစ်နေရော့မလားလို့  ကြက်သီးမွှေးညှင်းထတဲ့ ကြည်နူးခြင်းတွေနဲ့  ဒီပို့ စ်လေးနဲ့  ဆွေမျိုးစပ်ပရစေလားနော်။

(စာကြွင်း။ ဘလော့ပေါ်မှာ မဟုတ်တဲ့ အပြင်က တိုက်ဆိုင်မှုတခုကို ကြုံတုန်းပြောပြချင်လို့ ပါ… ကျွန်မဘ၀ရဲ့ အမေနှစ်ယောက်ကလဲ နှစ်တနှစ်ထဲမှာ မွေးခဲ့ကြတယ်ဆိုတာကိုပါ… အမေတယောက်က ကျွန်မ အမေအရင်းနဲ့  နောက်တယောက်က ကျွန်မတို့ တိုင်းပြည်ရဲ့ အမေအရင်း ဒေါ်အောင်ဆန်းစုကြည်ပါ)

တန်ခူး
11:37am 14-July-2009

21 comments:

မေဓာဝီ said...

ပြန်လာတာ ၀မ်းသာတယ် မ-ရေ ...
တိတ်တိတ်ကလေး မျှော်နေတာ။
တိုက်တိုက်ဆိုင်ဆိုင် ခုပဲ မ-ဆီ မေးလ်ပို့ပြီး ဘလော့ကိုလာကြည့်တော့ ပို့စ်အသစ်တွေ့လို့ ၀မ်းသာသွားတယ်။

မေငြိမ်း said...

တန်ခူးရေ..
ကိုယ်တိုင်လည်း အလုပ်တွေပိနေလေတော့ ဘလော့ကနေ ပျောက် ပျောက်နေတဲ့သူတွေကို သတင်းတောင် မမေးရဲတော့ပါဘူး။
ဘာမှမဟုတ်ဘူး.. နောက်ထပ် တိုက်ဆိုင်တာတွေ ပြောပြမလို့။ အမလည်း တနင်္လာသမီး..ပြီးတော့ ရာဇဘွား(ခေသူမဟုတ်):P ။ နောက် အမအဖေလည်း အန်တီစုနဲ့ တနှစ်တည်းမွေး။ ဆိုတော့ တန်ခူးမေမေနဲ့ တနှစ်တည်းမွေးပေါ့။ နောက်တခု အမတို့ Anniversary က အောက်တိုဘာ ၁၄ဗျ..။ :)

Rita said...

ကြည်နူးစရာကောင်းလိုက်တာ မမ။
သားသားကိုလဲ တကယ်ပဲ တွေ့ချင်မိပါတယ်။
တလတည်းမွေးတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ တော်တော်များများ ရှိပေမဲ့ မွေးရက်တူတာ တစ်ယောက်မှ မရှိဘူး။ မမ blog ကို စဖတ်ဖူးတော့တောင် April Born လား မသိဘူးလို့ စိတ်ထဲထင်မိတာ။ နောက်တော့ တကယ်ဟုတ်နေတဲ့ပြင် မွေးနေ့ပါ တူနေသေးတယ်။

သက်ဝေ said...

တန်ခူးရဲ့ တိုက်ဆိုင်မှုတွေက ထူးထူးခြားခြားတွေနော်...
သံယောဇဉ်ရှိသောသူတွေဟာ တနေရာရာမှာ တနည်းနည်းနဲ့ အံ့သြစရာ တိုက်ဆိုင်မှုတွေ ရှိတတ်ကြတယ်နော်...။ ကြည်နူးစရာ... ဝမ်းသာစရာ... ချစ်စရာကောင်းသော တိုက်ဆိုင်မှုတွေပေါ့...။

သတိရနေတုန်း ပြန်ရောက်လာတာ အရမ်း ဝမ်းသာတယ်... တန်ခူးဆီကို နေ့တိုင်း နေ့တိုင်း လာလာချောင်းနေတာ... လေနုအေးလဲ ချောင်းတောင်ပေါက်နေလောက်ပြီ...
သိလား.. သိလား...

ပြီးတော့ ဟို ဒေါ်ဆွိတီ တစ်ယောက်ကလဲ ဘလော့ဂ်ကို ပစ်ပြီး ဘယ်တွေ သဝေထိုးနေတယ် မသိ။ ပျောက်နေလိုက်တာ မပြောပါနဲ့တော့...။ အဖေါ်တွေမရှိတော့ ပျင်းလဲ ပျင်း၊ လွမ်းလဲလွမ်းပေါ့...

သီဟသစ် said...

ဟုတ်တယ် မမတန်ခူးရေ

ကျွန်တော်လဲ ဘလော့စရေးမှ မွေးနေ့တူ နှစ်မတူတဲ့ ညီမဘလော့ဂါကို ဆုံမိတာ

ခင်မင်စွာဖြင့်
သီဟသစ်

Moe Cho Thinn said...

မမရေ
စာပြန်ရေးလာတာ ၀မ်းသာလိုက်တာ။ ဘလော့ကို တကယ်ပဲ ဖြတ်မရနိုင်အောင် အစွဲကြီးစွဲနေမိတာလဲ တူတဲ့ အချက်တခုပါပဲနော်။

ချိုသင်း စာဟင်း စာထမင်း ရေးတဲ့နေ့က ချိုသင်း အမေ မွေးနေ့ မဟုတ်ပါဘူး မမရေ။ ချိုသင်း မွေးနေ့ပါ။ ကိုယ့် မွေးနေ့မှာ မွေးတဲ့ အမေကို ကျေးဇူးတင်သတိရတာမို့ ရေးဖြစ်တာပါ။ အိမ်က မောင်ကြီးနဲ့ မမ မောင်ကြီးတို့ မွေးနေ့တူတာတော့ တကယ် တိုက်ဆိုင်မှုပဲ။ ဆုံချင်ပါတယ် အဲဒီနေ့မှာ။

ခင်မင်းဇော် said...

ဘလော့ပြန်ရေးတာ ၀မ်းသာတယ် ပျောက်နေလို့ ဘာများဖြစ်နေလဲလို့လေ။ တိုက်ဆိုင်တာရှိပါသေးတယ် တန်ခူးတို့ တမိသားစုလုံး တုပ်ကွေးဖြစ်ကြပြီးတော့ အမတို့ တမိသားစုလုံးလဲ တုပ်ကွေးဖြစ်ကြသေးတယ်။ ပြီးတော့ ဇွန်လ ၁၄ က မေငြိမ်းမွေးနေ့ ဖြစ်သလို အမက ဇွန် ၂၁ ရက်မွေးတယ်လေ။ တနင်္လာသမီးတွေပေါ့။ ရာဇဖွားချည်းပဲလေ.... အမလဲ ခုရက် ဘလော့တောင်မ၀င်ဖြစ်ဘူး။ ရေးပြီးသားပို့စ်တွေ ရှိတာတောင် မတင်ဖြစ်ဘူးလေ... အဲလိုပါပဲ...

မီယာ said...

မတန်ခူးရေ တိုက်ဆိုင်တာ ၃ ခုလောက်ရှိနေတယ်ဆို အံ့သြစရာကြီးနော်.. ရှေးရေစက်လို့ထင်တာပဲ
အပြင်မှာလည်း မတွေ့ဖူးဘဲနဲ့ သံယောဇဉ်ဖြစ်နေကြရတာ။

မီယာ said...

မေးလ်ပို့လိုက်မယ် အမနဲ့ တိုက်ဆိုင်တာတွေကိုလေ

အိမ့်ချမ်းမြေ့ said...

မလေး ဖေဖေလဲ တနင်္လာသားပဲ...
တနင်္လာတွေကို လူတွေက ချစ်ကြတယ်လို့ ပြောကြတာ ကြားဖူးတယ်။

ပုံရိပ် said...

တိုက်ဆိုင်မှုတွေ များလိုက်တာ မတန်ခူးရေ။ ရှေးဘ၀က ညီအစ်မ မောင်နှမတွေ ဖြစ်ချင်ပါတယ်။

PAUK said...

မတန်ခူး..
မတွေ့တာကြာ...
တစ်အိမ်လုံး နေကောင်းပါတယ်နော်..

(တိုက်ဆိုင်တာ ဘာမှ မရှိလို့ အားငယ်စွာဖြင့်)
ပေါက်

P.Ti said...

ဟုတ်တယ်အမရေ... တိုင်ဆိုက်မှုတွေများလို့ တခါတလေ အံ့သြမိတယ်။
သူငယ်ချင်း ဘလော့ကာ တစ်ယောက်ရဲ့ အဖေနဲ့ ကျွန်တော့်မွေးနေ့နဲ့က တစ်ရက်ထဲ...

လိပ်စာမေးရင်း နာမည်ကြီး ဘလော့ကာတစ်ယောက်နဲ့လည်း တစ်တိုက်ထဲ နေနေကြတာလေ။

နောက်တစ်ယောက်ဆို သူ့မောင်လေးနဲ့ ကျွန်တော်က အတန်းအတူတူတက်ခဲ့ဖူးတဲ့ အတန်းဖော်သူငယ်ချင်း။

အမကိုလည်း အပြင်မှာဘယ်သူလဲလို့ မမေးရဲဖူး.. တော်ကြာ တိုက်ဆိုင်လွန်းပြီး အကြောင်းတွေသိကုန်မှ ရေးချင်တာ ရေးမရပဲဖြစ် နေဦးမယ်... :P

အခုတလော ဘလော့မရေး မလည်ဖြစ်ဖြစ်နေတာ.. အမစာဖတ်ပြီး ပြန်ဖတ်ချင်စိတ်၊ ရေးချင်စိတ်ပေါ်သွားတယ်။

nu-san said...

အမ အလုပ်များနေလား နေမကောင်းများဖြစ်နေလား ဆိုပြီး တွေးနေတာ.. :)

ပေါက်ပြောသလိုပဲ.. တိုက်ဆိုင်တာ ဘာမှ မရှိတော့ အားငယ်စွာပဲ ပြန်သွားပါပြီ.. :(

သက်ဝေ said...

ပေါက်နဲ့ နုစံနဲ့ ပြောသွားကြတော့မှ ကိုယ်လဲ အားတွေဘာတွေ ငယ်ဖို့ သတိရသွားတယ်...
ဟုတ်တယ်.. တန်ခူးနဲ့ ကိုယ်နဲ့ ဘာနေ့ ဘာရက်မှ တိုင်ဆိုင်တာ မရှိလို့ အားငယ်စွာနဲ့ နောက်တခေါက် လာလည်သွားပါတယ်။
(တော်တော်လေးကို အားငယ်နေတဲ့ ရုပ်လေးနဲ့လာလည်တာနော်... )

စူး said...

မီးမီးလည်း အားငယ်သွားပါ၏။

အနည်းဆုံးတော့ ခင်မိတဲ့သူတွေနဲ့ တိုက်ဆိုင်ချင်တာပေါ့..

ခွန်မြလှိုင် said...

ဘာ တိုက်ဆိုင်တာလေးတွေ ရှိလဲ စဉ်းစားဦးမှ.. :P

sonata-cantata said...

တိုက်ဆိုင်ချင်ပါဘူးတော်...
တခုတည်းသော တိုက်ဆိုင်မှုနဲ့တောင် ဒီလောက် စွဲလန်းနေရတာ...
မြန်မာပြည်မှာ မွေးသည်။ ...လေ

(ကြီးကောင်ကြီးမားနဲ့ ကိုးရိုးကားရား လုပ်သွားသည် မှတ်)

Anonymous said...

ဟယ်..ဟုတ်ပ..အားမငယ်ပါဘူးလေ။
ပေါက်နဲ့တိုက်ဆိုင်တယ်။ မခင်မင်းဇော်နဲ့တိုင်ဆိုင်တာရှိတယ်။
မတီဂျီနဲ့တိုက်ဆိုင်တာရှိတယ်။
ကဲ.. အားမငယ်ဘူး။
mm

Anonymous said...

တိုက်ဆိုင်တာတွေလာဖတ်သွားပါတယ်။
အားလုံးက ခင်ခင်မင်မင်တွေပဲနော်။
ပျော်ရွှင်စရာ၊ ကြည်နူးစရာပဲ။

thapyaynyo said...

အစ်မ sonata-cantata ၏ မြန်မာပြည်မှာမွေးသည် ဆိုသည့်တိုက်ဆိုင်မှူကိုသဘောကျအရမ်းကျပါသည်။ blogအရမ်းရေးချင်ပေမဲ့ ဘယ်လိုလုပ်ရမှန်းမသိတာရယ် ခံစားရင်းဝမ်းနည်းတာရယ် postpone လုပ်ထားရတာကြာပြီ၊ ခုမှ blog တွေနဲ့စတင်သိရှိပြီး၊ လိုက်လံဖတ်ရူနေတုန်း၊အစ်မ blog လေးကိုကြိုက်မိတယ်၊ma moe cho thin, ma sonata-cantata, blog တွေကိုလည်းကြိုက်တယ်။ အစ်မတို့တွေရေးထားတာ အရမ်းအားကျ၊ ဗဟုသုတလည်းရ၊ လွမ်းလည်းလွမ်းရ။