ရွှေလမှာ ယုန်ဝပ်လို့
ဆန်ဖွပ်သည့် အဖိုးအို...
မိတ္ထီလာကန်တော်အောက်က
ဖားကောက်ခဲ့ပါဆို...
ကြောင်ကြီးရဲ့ မြီးတံတို
အဆီကို စားလို့ အသားကိုမြို...
အမေဆိုသာဆို။ ငိုသာငိုမြဲ။ တိတ်ပါတော့သားရယ်။ မင်းလိုချင်တာ တေးတပုဒ်မဟုတ်။ ထမင်းတလုပ်ဆိုတာ အမေသာ အသိဆုံးပေမယ့်...။ သားကလေးလဲ ထမင်းကဆာ၊ အမေကိုယ်တိုင် ဝမ်းကဟာ။ မင်းအဖေလဲ နပ်မမှန်မှာ သေချာ။ ဒါဟာ တို့ဘဝတွေမို့...။ အငိုတိတ် အိပ်လိုက်ပါတော့သားရယ်။ အမေ့ပခုံး ခေါင်းအုံးလို့ပေါ့။ ဒီအဝတ်တွေလျှော်ပြီးတဲ့အခါ ရလာမယ့် အသပြာနဲ့ သားဗိုက်ကလေးဖြည့်လို့ အိပ်စက်နားဖို့ ခဏလေး အငိုတိတ်လို့ စောင့်လိုက်ပါသားရယ်။ အမေဆိုသာဆို။ ငိုသာငိုမြဲ။ ထမင်းမဝတဲ့ကလေးတွေအတွက် သားချော့တေးဆိုတာ...။ အခြေအနေမပေးသေးတဲ့အခါ အမေ့မေတ္တာတွေ ခဏစားသုံး...ဒီသားချော့တေးလေးဆုံးအောင် နားထောင်လိုက်ပါသားရယ်။
ရွှေလမှာ ယုန်ဝပ်လို့
ဆန်ဖွပ်သည့် အဖိုးအို...
မိတ္ထီလာကန်တော်အောက်က
ဖားကောက်ခဲ့ပါဆို...
ကြောင်ကြီးရဲ့ မြီးတံတို
အဆီကို စားလို့ အသားကိုမြို...
(ကျွန်မဆိုသည့် သားချော့တေးအောက်မှာ အပူအပင်ကင်းစွာ အိပ်ပျော်နေသော သားလေးကိုကြည့်ရင်း သားချော့တေးအောက်မှာ အိပ်မပျော်နိုင်ရှာသော ကလေးတချို့ဘဝကို စာနာစွာဖြင့် ဒီpostလေးဖန်တီးမိခြင်း ဖြစ်ပါသည်)
တန်ခူး
10:44AM 04-Feb-2008
4 comments:
လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ခေါင်းဆောင် မြန်မာပြည်က အပြန်မှာ ပြောသွားတာလေ။ မြန်မာပြည်က ကလေးသူငယ်တွေရဲ့ သုံးပုံတပုံခန့်ဟာ နှစ်ရှည် အာဟာရ ချို့တဲ့မှု (Chronic Malnutrition ?) နဲ့ ကြုံတွေ့နေရတယ်ဆိုတာ။
ကြောင်ကြီးရဲ့ မြီးတံတိုကလည်း အဆီကိုစားလို့ အသားကို အ၀ါးမပျက်သေး။
မစန္ဒာရဲ့ တိမ်ဖုံးပါလို့ လမသာ (ပန်းသီတဲ့ကြိုး) ၀တ္ထုထဲကလို…….
မိုးပေါ်မှာ ကြယ်တလုံး
တိမ်ဖုံးပါလို့ လမသာ………ဆိုတော့။
ဝတ္ထုထဲက မခင်ဦးလိုဘဲ
…..သာတဲ့အခါ သာပါလိမ့်မယ်ကွယ်…… လို့….မြန်မာပြည်က ကလေးတွေကို ချော့သိပ်ရမလို ဖြစ်နေပြီ။ မိုးဒေ၀ါကို အားမကိုးရလဲ ကျနော်တို့ လူကြီးတွေပါ အငိုတိတ်ရအောင် လရောင်ကို ကိုယ်ထူကိုယ်ထ ဖန်ဆင်းဘို့ ကြိုးစားကြသေးတာပေါ့။
အပူအပင်ကင်းစွာ အိပ်ပျော်နေတဲ့ သားလေးလိုဘဲ ကလေးတွေအားလုံး မိဘရင်ခွင်မှာ ငြိမ်းချမ်းစွာ အိပ်ပျော်နိုင်ပါစေ...
အဲဒီ သီချင်းအပိုဒ်လေးကတော့ မြန်မာမိခင်တိုင်းလိုလို ရကြတယ်နော်။ ကျနော့် ညီမလေးကိုလဲ မေမေက အဲလိုပဲ ဆိုပြီး ချော့သိပ်တာ ကြားဖူးတယ်။ ကျနော်တို့တုန်းကလဲ အဲလိုပဲ နေမှာပါ။
ကိုပေါရေ...လရောင်အောက်မှာ ကလေးတွေအားလုံး အပူအပင်ကင်းစွာ အိပ်စက်နိုင်ဖို့ ကြိုးစားကြပါစို့။
နှင်းပန်းရေ...အားလုံးကိုယ်စားပေးတဲ့ဆုနဲ့ပြည့်ပါစေလို့။
ကိုစေးထူးရေ...ကျွန်မတို့အငိုတိတ်အောင်ချော့သိပ်နိုင်ခဲ့တဲ့ မိဘကျေးဇူးဟာအနှိုင်းမဲ့ပါ။
Post a Comment