Tuesday, May 26, 2009

သဇင်နဲ့ ပြန်လည်ဆုံတွေ့ ခြင်း




မြက်ရိုင်းတွေကြား
ငါချစ်တဲ့သဇင့်အား
အရှင်လတ်လတ် မြှပ်နှံထားတယ်။

သဇင်ကတော့
ငါ့ကိုပွေ့ ဖက်
ငိုကြွေးရင်း
နှုတ်ဆက်တယ်။

သဇင့်ရင်ခွင်ကိုဖွင့်အပြ
ငါ့နှလုံးသားတွေ
တစစီကျိုးကျကုန်တယ်။

သင်းပျံ့ ထုံမွှေး
သနပ်ခါးနံ့ လေးတွေရယ်…
ဖွေးဆွတ်ဖြူစင်
ရယ်သံလွင်လွင်လေးတွေရယ်…
ရင်ခုန်လှိုက်ဖို
ဂီတာသံချိုချိုလေးတွေရယ်…
မပြတ်မသား
မှုန်ဝါးဝါးခြေရာလေးတွေရယ်…
အအေးမြဆုံး
သဇင်သူအပြုံးလေးတွေရယ်…
……..
……..တွေရယ်….
……..
……..တွေရယ်….
……..
……..တွေရယ်….
မြက်ရိုင်းတွေကြား
အရှင်လတ်လတ် မြှပ်ခံထားတဲ့
သဇင့်ရင်ထဲ
ကြေကြေကွဲကွဲ
ယနေ့ ထက်တိုင်
သိမ်းထားတယ်။

တန်ခူး
3:47pm 26-May-2009
(ဒီတခေါက်ပြန်တုန်းက မြက်ရိုင်းတွေကြားတွေ့ ခဲ့ရတဲ့ သဇင်ဆောင်လေးရဲ့ ပုံရိပ်ကို အမှတ်တရ ဓာတ်ပုံလေးရိုက်ရင်း ဖြစ်ပေါ်ခဲ့ရတဲ့ ကြေကွဲမှုကို ချရေးမိခြင်းပါ)

Thursday, May 21, 2009

သားရှင်

သားရှင် ဆိုလို့  တမျိုးမထင်လိုက်ပါနဲ့ နော်။ ခေါင်းစဉ်မြင်လိုက်တာနဲ့  သမီးရှင်တွေက မျက်ခုံးပင့်သွားမှာမို့  ကြိုတင်ပြောထားရတာပါ။ သားတယောက်ပြပြီး သမီးရှင်တွေကို အနိုင်နဲ့ ပိုင်းမလို့  မဟုတ်ပါဘူး။ ဥသျှစ်တတင်း၊ နှမ်းတတင်းဆိုတဲ့ ဥပမာကို ကျွန်မကိုယ်တိုင် ငယ်ငယ်လေးကတည်းက သိပ်မုန်းခဲ့တာ။ ယောင်္ကျားတွေရှား မိန်းမတွေပေါလို့  သိပ်မူမနေနဲ့  ဆိုတာမျိုးတွေပေါ့။ ဒါကြောင့် ကျွန်မက သမီးရှင်တွေနဲ့ ဆို အမြဲ စကားကို ထိန်းထိန်းသိမ်းသိမ်း ပြောပါတယ်။

သားလေးက ပုစိလေးရှိသေး ဘာကြောင့် သားရှင်တွေ ဘာတွေ ဖြစ်လာရသလဲဆိုတဲ့ အကြောင်းရင်းက ဒီလိုပါ။ သားရဲ့ တိုးတက်မှုကို ဂရပ်ဆွဲရရင် လွန်ခဲ့တဲ့ ၃ လက စပြီး ဂရပ်က သိသိသာသာ ထောင်တက်လာတာတွေ့ ရပါတယ်။ အရင်က သူ့ ဂရပ်က ဖြေးဖြေးချင်းတက်ပြီး တဆင့်နဲ့ တဆင့် သိပ်ကို သိသာထင်ရှားပါတယ်။ နှေးလွန်းလို့ လေ။ ခုတော့ နေကုန်ကျောင်းကြောင့်လား၊ အသက်ကြောင့်လား မသိပါဘူး… လူတွေနဲ့ ဆက်ဆံရေး၊ စကားအပြောအဆို အတော်ကို တိုးတက်လာတာပါ။ တိုးတက်လာတဲ့ အထဲမှာ အတုမြင်၊အတတ်သင် ဆိုသလို ကောင်းတာတွေရော၊ မကောင်းတာတွေရော ပေါ့။ သားက ရယ်စရာတွေကို သိပ်သဘောကျတတ်သလို သူက သူများကို ရယ်စရာပြောလို့  သူများတွေ သဘောကျတာကိုလဲ သိပ်ကြိုက်ပါတယ်။ သူ့ အကြိုက်ကာတွန်း ဇာတ်ကောင်တွေက ရယ်စရာဇာတ်ကောင် (သို့ ) စွန့် စားတဲ့ဇာတ်ကောင်တွေ ဖြစ်နေတတ်ပါတယ်။ ဥပမာ. Micky Mouse ထဲက Goofy ကြီးကို သူက သိပ်ကြိုက်ပါတယ်။ ဟိုတလောက Micky Mouse Show လိုက်ပြတော့ Goofy ထွက်လာရင် သူက ရင်တွေခုန်နေရော။ cartoon network က pink panther ဆိုတဲ့ အူကြောင်ကြောင် ပန်းရောင်ခြင်္သေ့ဆို သိပ်သဘောကျ။ Mr Bean ကတော့ ဘယ်တော့ ကြည့်ကြည့် အမြဲတမ်း ပါးစပ်မပိတ်ပါဘူး။

အဲဒီလို ရယ်စရာကြိုက်တာက ဇာတ်လမ်း စ တာပါ။ သူ့ ကျောင်းမှာ ဆရာမက ကျောင်းသား၊ကျောင်းသူ တယောက်ကို သူငယ်ချင်းတယောက် တွဲပေးပါတယ်။ ရည်ရွယ်ချက်က သူငယ်ချင်းနဲ့ မျှဝေခံစားတတ်အောင်ပါ။ သူငယ်ချင်းဆိုတာကို ပိုသိအောင်လို့ ပေါ့။ သားသူငယ်ချင်းက စလုံးတရုတ်မလေး Valarie တဲ့။ ဆံပင်ဂုတ်ဝဲလေးနဲ့  ချစ်စရာလေးပါ။ သားတို့ တတန်းလုံးမှာ Queen လို့ ပြောလို့  ရတဲ့ ဆံပင်ရှည်ရှည်လေးနဲ့  အရမ်းချောတဲ့ ကောင်မလေး တယောက်လဲရှိပါတယ်။ သူ့ နာမည်က angel တဲ့။ လွန်ခဲ့တဲ့ တလက သားအိမ်ပြန်ရောက်ရင် “I want to marry Valarie” လို့ ပြောလိုက် “I want to marry Angel” လို့ ပြောလိုက် ပြောင်စပ်စပ်နဲ့  ကျွန်မနဲ့ သူ့ အဖေမျက်နှာကို ကြည့်လိုက်လုပ်လာပါတယ်။ သူ့ ဆီက အဲဒီစကားလုံးထွက်လာတော့ ကျွန်မရော သူ့ အဖေပါ မျက်လုံးပြူးသွားပါတယ်။ ဘယ်ကများ သိလာပါလိမ့်ပေါ့။ အိမ်ကတော့ ဘယ်နည်းနဲ့ မှ မဖြစ်နိုင်။ ကျောင်းက တယောက်ယောက်ဆီက ရလာတာဖြစ်မယ်လို့  ကြိတ်ပြောမိကြပါတယ်။ ပြီးတော့ သားအဲဒီလိုပြောရင် မကြားချင်ယောင်ဆောင် နေလိုက်ပါတယ်။ သူ့ အလိုလိုများ ပျောက်သွားမလားလို့ ပါ။ မရပါဘူး။ တခါတလေ ကျွန်မမျက်နှာကို တည့်တည့်ကြည့်ပြီး အဲဒီစကားပြောလာတော့ ကျွန်မတခုခု တုန့် ပြန်မှ ဖြစ်တော့မယ်ဆိုတာ သဘောပေါက်မိပါတယ်။ ကျွန်မက သားကို marry ဆိုတာ ဘာလဲသားလို့  ပြန်မေးကြည့်ပါတယ်။ သူက marry ဆိုတာ love တဲ့။ အဲဒီကျမှ တော်ပါသေးရဲ့လို့  ဟင်းချ နိုင်ပါတယ်။ အနက်ကို မသိပဲ သူများပြောလို့  လိုက်ပြောတယ်ဆိုတာ သေချာသွားတာပေါ့။ အဲဒီတော့မှ ကျွန်မရှင်းပြရပါတယ်။ သားသူငယ်ချင်းအားလုံးကို ချစ်တယ်လို့ ပြောချင်ရင် Love လို့ သုံးရတယ်။ marry ဆိုတာ သားအရွယ်နဲ့  မပြောသင့်တဲ့၊ မယဉ်ကျေးတဲ့ စကားလုံးလို့ ။ ပြီးတော့ သူ့ ကို ပြောခိုင်းကြည့်ပါတယ်။ “I love Valarie” မိန်းခလေးတွေတင်မကပဲ “I love Abel” ယောင်္ကျားလေးတွေကိုပါ ပြောခိုင်းရပါတယ်။ သူက လွယ်လွယ်ကူကူ လက်ခံသွားလို့  ကျေးဇူးတင်ရပါတယ်။ နောက် သူ့ ဆရာမနဲ့  တွေ့ တော့မှ ဇာတ်လမ်းကို ရေလည်ပါတော့တယ်။ သူတို့ အတန်းထဲက ကောင်လေးတယောက်က အဲဒီစကားလုံးကို သယ်လာတာတဲ့။ အဲဒီကောင်လေးက အဲဒီလို ပြောရင် ကျန်တဲ့ကလေးတွေက ရယ်ကြရော။ အဲဒါကို သားက ရယ်စရာအနေနဲ့  သဘောကျပြီး အတုချက်ချင်းခိုးတာတဲ့။ သူပါအဲဒီလို လိုက်ပြော တခြားသူတွေ ရယ်ရင် သဘောတွေကျနေရောတော့။ သူ့ ဆရာမကလဲ အပျိုလေးဆိုတော့ ဘယ်လိုရှင်းပြရမှန်း အခက်တွေ့ နေတာဆိုပဲ။ ကျွန်မကလဲ အိမ်မှာ ကျွန်မရှင်းပြတာကို သူ့ ဆရာမကို ပြန်ပြောပြရပါတယ်။ ကျွန်မအတွေးတွေက အဲဒီကဆန့် သွားတာပါ။

ဒီနိုင်ငံမှာ တချို့ ကလေးတွေ အလယ်တန်းကျောင်းသား၊ ကျောင်းသူ ဘ၀ထဲက အတွဲလေးတွေနဲ့ ။ ကျောင်းဝတ်စုံလေးနဲ့ အတွဲလေးတွေ တွေ့ ရင် ကျွန်မ ကြိတ်ကြိတ် သက်ပြင်းချမိပါတယ်။ ငါ့သားလေးများဖြစ်နေရင်ဆိုတဲ့ အတွေးနဲ့ ပါ။ သားကို အချိန်တန် ချစ်သူရှာ အချိန်တန် အိမ်ထောင်ပြုတာ နားလည်ပေးဖို့  ကြိုတင်ပြင်ဆင်ထားပေမယ့် အချိန်မတန်ပဲ စိတ်ကစားပြီး လျှောက်လုပ်မှာ အလွန်စိုးရိမ်မိပါတယ်။ ဘယ်လိုများ နားလည်အောင် ပြောပြဆုံးမရမလဲဆိုတာလဲ အမြဲစဉ်းစားမိတယ်။ နောက်ပြီး… သားရဲ့ချစ်သူ အိမ်ထောင်ဘက် မိန်းခလေးလေး ကျွန်မချွေးမလေးကို မြန်မာမိန်းခလေးတယောက်ပဲ ဖြစ်စေချင်မိတယ်။ ကျွန်မအမျိုးသားကတော့ ဖြစ်နိုင်ဖို့  အလားအလာနည်းလို့  ခုကတည်းက စိတ်လျော့ထားဖို့  သတိပေးပါတယ်။ ဘာသာတူလောက်ဆို တော်ရောပေါ့တဲ့။ ကျွန်မကတော့ (လောဘကြီးတယ်ပဲဆိုဆို) ကျွန်မပတ်ဝန်းကျင်က ကျွန်မသူငယ်ချင်းသမီး မြန်မာမလေးတွေနဲ့  ခုကတည်းက ရင်းရင်းနှီးနှီးနေစေပါတယ်။ (သမီးရှင်တွေကတော့… သြော်… တန်ခူးတယောက် ငါ့တို့ အိမ် ခဏခဏလာနေတာ ဒါကြောင့်ကိုးလို့  ခုမှ သဘောပေါက်သွားကြမယ် ထင်ပါရဲ့… အဲဒါတခုထဲတော့ မဟုတ်ပါဘူး…ညည်းတို့ ကိုလဲ ခင်လို့ ပါအေ) မြန်မာကလေး အများစုရှိမယ့်နေရာကိုလဲ မရောက်ရောက်အောင် ခေါ်သွားတတ်ပါတယ်။ အရွယ်လေးနဲနဲရလာရင် သူတို့ အချင်းချင်းတွေ ခဏခဏဆုံစေဖို့  ဘာပွဲညာပွဲလေးတွေ လုပ်ပေးမယ်လို့  စဉ်းစားထားပါတယ်။

တကယ်တော့ အချစ်ဆိုတာ အဲဒီလို ဖန်တီးယူလို့ မှ မရတာပဲနော်။ သားဖူးစာရှင်ဟာ သားကိုယ်တိုင် နှစ်သက်မြတ်နိုးတဲ့သူပဲ ဖြစ်သင့်တာပေါ့။ အဲဒါမှ သားစိတ်ချမ်းသာရမယ် မဟုတ်လား။ အိမ်ထောင်ရေးမှာ ဘာသာတူမှ၊ လူမျိုးတူမှ ဆိုတဲ့ စည်းမျဉ်းဘောင်တွေထက် အချစ်နဲ့ နားလည်မှု ပြီးတော့ သစ္စာတရားက ပိုအရေးကြီးတာ မဟုတ်လား။ ကျွန်မကိုယ်တိုင်လဲ ကျွန်မချစ်တဲ့သူကို လွတ်လွတ်လပ်လပ် ရွေးချယ်ခဲ့တာပဲ မဟုတ်လား။ သားရဲ့ နှလုံးသားကို ကျွန်မလိုသလို ပုံသွင်းမယ်လို့  မတရားသဖြင့် မစဉ်းစားပါဘူး။ တခုပါပဲလေ။ ကျွန်မရဲ့ ရှေးကျတဲ့၊ သိပ်ခေတ်မမှီတဲ့၊ အစွဲအလန်းကြီးတဲ့ လမ်းလေးတခု သားကို ညွှန်ပေးတာပါ။ သားကလဲ အဲဒီလမ်းပေါ် ကြည်ကြည်ဖြူဖြူ လျှောက်ချင်ရင် ကျွန်မ၀မ်းသာရမှာပေါ့။ သားက တခြားလမ်းကို ရွေးချယ်ခဲ့ရင်လဲ နားလည်ပေးဖို့  ခုကတည်းက အားမွေးနေမိပါတယ်။

တန်ခူး
10:00am 21-May-2009

Tuesday, May 19, 2009

အဖြေ

ခုတလော စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေလို့  ဘာစာမှ မရေးချင်ပါဘူး။ ရေးဖို့ ကြိုးစားပါတယ်။ တပိုဒ်လောက်ရေးလိုက် ပြန်ဖျက်လိုက်နဲ့  စာရွက်တွေသာဆို စာရွက်ခြင်းကြီးပြည့်သွားမလားပဲ။ ထိုင်ထိုင်တွေးလိုက်… ငေးလိုက် အဲဒီလိုလေး နေနေချင်တယ်။ ပြီးတော့… မှန်လဲမကြည့်ချင်ဘူး။ အတ္တအခိုးအငွေ့ တွေအောက်က ကိုယ့်ကိုယ်ကို ထွက်ပေါက်ရှာနေတတ်တဲ့ ကိုယ့်မျက်လုံးတွေ ကိုယ်မုန်းလွန်းလို့ ။ ဘယ်သူနဲ့ မှ သိပ်စကားမပြောဖြစ်အောင်နေတယ်။ စကား… စကားတွေပဲ ထိုင်ထိုင်ပြောနေတတ်တဲ့ ကိုယ့်ကိုယ်ကို ဒဏ်ခတ်ကြည့်တာပါ။ ငယ်ငယ်က သင်္ချာတပုဒ် စဉ်းစားရင် နောက်ဘက်က ပြန်စဉ်းစားသလို စဉ်းစားကြည့်တော့ နောက်ဆုံးကိုယ်က အရင်းအမြစ်ဖြစ်နေတယ်။ တကယ်တော့ စဉ်းစားစရာ သိပ်မလိုပါဘူး။ ကိုယ့်ကိုယ်ကို မညှာမတာ ဝေဖန်ရရင် စဉ်းစားနေတာကိုက ကိုယ့်ထွက်ပေါက်ကိုယ်ရှာနေတာပဲမိုလား။ ဟုတ်ကဲ့။ ခုတလော… စာမရေးဖြစ်တဲ့ အဓိကအကြောင်းရင်းကတော့ ကိုယ့်ကိုယ်ကို သိပ်ကြည့်မရဖြစ်နေလို့ ပါရှင်။

အဲဒီလို ဘာမှ သိပ်အဖြစ်မရှိလှတဲ့ ကိုယ်က အရေမရ၊ အဖတ်မရတွေ စဉ်းစားရင်း ဟိုတလောက သားကို အင်္ဂလိပ်စာ အဖတ်သွက်အောင် ငှားပေးတဲ့ စာကြည့်တိုက်က စာအုပ်ပါးပါးလေးတခုကို သွားသတိရမိလို့ ပါ။ ရှင်းရှင်းလေးပါပဲ။ တခါတလေကျတော့ ရှုပ်တာတွေ စဉ်းစားရင်း ရှင်းတာလေးက ကိုယ့်အဖြေဖြစ်နေတတ်တယ်မိုလား။ စာအုပ်လေးက…

“တပည့်တို့ ရေ… ၁ ကနေ ၁၀ ထိကို ၁စက္ကန့် အတွင်း ရေတွက်နိုင်တဲ့သူ ဒီအတန်းထဲမှာ ရှိသလား” လို့ ဆရာမက မေးတယ်။

“ကျွန်တော် ရေတွက်နိုင်ပါတယ် ဆရာမ”

“ကောင်းပါပြီကွယ်… ကဲ…ဆရာမက နာရီလေးကြည့်ထားမယ်… စတော့”

“ ၁ ၂ ၃ ၄ ၅”

“အချိန်ပြည့်ပြီကွဲ့ ”

အဲဒီလိုပဲ တယောက်ပြီးတယောက်ကြိုးစားကြပေမယ့် အချိန်သာပြည့်သွားတယ်။ မအောင်မြင်ကြပါဘူး။

“ကဲ… အရှုံးပေးကြပြီလား… ကြိုးစားကြည့်ဦးမလား”

“ကျွန်တော်တို့ အားလုံးပေါင်းပြီး ကြိုးစားကြည့်ဦးမယ် ဆရာမ”

“သိပ်ကောင်းတဲ့အစီအစဉ်ပါကွယ်” ဆရာမ မျက်နှာက ပြုံးရွှင်သွားပါတယ်။

ခဏကြာတော့…

“ဆရာမရေ… ကျွန်တော်တို့ အားလုံး တကြိမ်ကြိုးစားကြည့်ပါမယ်”

“ဟုတ်ပါပြီကွယ်… ကဲ… ဆရာမ အချိန်လေးကြည့်မယ်.. စတော့”

“၂ ၄ ၆ ၈ ၁၀” အားလုံးပြိုင်တူ ခပ်သွက်သွက် အချိန်အတိုင်းအတာအတွင်းမှာ အောင်မြင်အောင် ပြောနိုင်သွားသည်။

“အိုး… သိပ်တော်တဲ့ ငါ့တပည့်တွေပဲ… ဒါဆရာမလိုချင်တဲ့ အသင်းအဖွဲ့ နဲ့ စုပေါင်း လုပ်ကိုင်ခြင်း ရလာဒ်ပေါ့… ”

စာအုပ်လေးက ဒီလောက်ပါပဲ။ အဲဒီစာအုပ်လေးကို ရှင်းပြတုန်းက သားက မျက်လုံးလေး ကလည်ကလည်နဲ့  သိပ်နားမလည်ပါဘူး။ ခု ပြန်တွေးကြည့်မှ…သားက ဘယ်နားလည်ပါ့မလဲလေ။ ရှင်းပြတဲ့ ကျွန်မကိုယ်တိုင်က သိပ်မှ နားမလည်တာဆိုတာ သိလိုက်ရပါတယ်။

တန်ခူး
10:10am 19-May-2009

Monday, May 11, 2009

ကျွန်မမုန်းတဲ့ထိုဧည့်သည်

ကျွန်မ ပို့ စ်အသစ်မတင်ဖြစ်တာ တပတ်ကျော်သွားခဲ့ပါပြီ။ စိတ်ပူနေကြမှာ စိုးလို့  သတင်းစကားလေး ကဗျာကရာချန်ပေးခဲ့ပါတယ်။ ကျွန်မ ဆီိကို အီးမေးလ်လေးတွေပို့  သတင်းမေးကြသူတွေရော ကော်မန့် လေးချန် သတင်းမေးကြသူတွေရော ပို့ စ်အသစ်မတင်ဖြစ်ပေမယ့် လာလည်ကြသူများအားလုံးကို အရမ်းကို ကျေးဇူးတင်ပါတယ်။ အားလုံးရဲ့ နွေးထွေးတဲ့ မေတ္တာနဲ့  ကြီးမားတဲ့ သံယောဇဉ်တွေအတွက်လဲ ကြည်နူးမိပါတယ်။

ကျွန်မ ပို့ စ်အသစ်မတင်ဖြစ်တဲ့ အကြောင်းကတော့ ကျွန်မတို့ အိမ်ကို ကျွန်မမုန်းတဲ့ ဧည့်သည် လာရောက်မွှေနှောက်သွားလို့ ပါ။ ခုအဲဒီ ဧည့်သည်က ပြန်တော့မယ့် အရိပ်အယောင်ပြနေလို့  ဟင်းချနိုင်ပါတယ်။ သူကတော့ တခြားမဟုတ်ပါဘူး ကျွန်မတို့  မိသားစု ၃ ယောက်လုံးဆီကို မဖိတ်ခေါ်ပဲ ၀င်လာတဲ့ virus တမျိုးပေါ့။ ပထမဆုံး သားလေးဆီကို လာပြီး သားလေးဆီကတဆင့် ကျွန်မ၊ ကျွန်မဆီက တဆင့် သူ့ အဖေဆီ ပြန့် နှံ့ သွားခဲ့တာပါ။ အချိန်ကလဲ တကမ္ဘာလုံးမှာ H1N1 virus ကြောင့် တုန်လှုပ်နေချိန်ဆိုတော့ ကျွန်မလဲ သားအတွက် အတော် စိုးရိမ်မိတာပါ။

ကျွန်းသေးသေးလေးမှာ နေရတာ ပျင်းလှချည်ရဲ့ဆို မလေးရှားသွားဖို့  လက်မှတ်ဝယ်ပြီးမှ H1N1 သတင်းက စကြားတော့ ချီတုန်ချတုန်နဲ့  နောက်ဆုံး ပိုက်ဆံလေးနှမျောပြီး risk ယူသွားလိုက်မိတာပါ။ ပြန်ရောက်ပြီး နောက်တရက်ည သားကိုယ်တွေပူတော့ ကိုယ့်အပူတွေကလဲ ငယ်ထိပ်ရောက်သွားပါတယ်။ မလေးရှား ဘက်က ကုန်းလမ်းအ၀င်ကို ကိုယ်အပူချိန်တိုင်း စစ်ဆေးတာ ဘာမှလဲ မလုပ်တော့ ပိုကြောက်တာပေါ့။ နောက်တနေ့  ဆရာဝန်ဆီသွားတော့ virus ကြောင့် လည်ပင်းနာ အဖျားကြီးတယ်တဲ့။ သားခမျာ တနေ့ ကုန် ဆေးတွေ လှည့်သောက်နေရရှာပါတယ်။ အဖျားကလဲ ပုံမှန် ပြန်ပြန်လာပြီး ၂ရက်မြောက်တော့ အဲဒီဧည့်သည်က ကျွန်မဆီ နယ်ချဲ့ လာပါတယ်။ သားအဖျားမကျတော့ စိတ်ပူပြီး ဆရာဝန်ဆီ ထပ်သွား သွေးစစ်၊ ဓာတ်မှန်ရိုက်လုပ်ရပါသေးတယ်။ ဓာတ်မှန်ရိုက်ပြီးမှ သိရတဲ့ အသစ်တခုက အဆုတ်လေပြွန်ရောင်တာပါ ဖြစ်သေးတယ်တဲ့။ ဆေးခန်းက စက်ငှားပြီး အဆုတ်ထဲကို ဆေးတွေ စက်နဲ့ ရှူသွင်းရပါတယ်။ နောက်ထပ် ၂ ရက်ကြာတော့ သားအဖေဆီ ထပ်နယ်ချဲ့ ပြန်ပါရော။ ကျွန်မတို့ က လူကြီးတွေမို့  အဖျားမရှိပေမယ့် ချောင်းဆိုး၊ လည်ချောင်းနာ၊ တကိုယ်လုံး ကိုက်ခဲနဲ့  အတော် နေရခက်ပါတယ်။ သားအဖျားက ညဖက်တွေ တက်တတ်တာမို့  ညကို ဂျူတီခွဲပြီး သားကို စောင့်ရပါတယ်။

Antibiotic သောက်နေတဲ့ ကြားထဲက အဖျားက ပြန်ပြန်ကြီးတော့ အနာတခြား ဆေးတခြားဖြစ်နေမလားလို့  စိတ်ပူမိသေးတယ်။ ဆရာဝန်ကို H1N1 ဖြစ်မှာ ကြောက်တယ်ပြောတော့ သွေးနောက်တခါ စစ်ခိုင်းပြန်တယ်။ ဒီတခါသွေးရလာဒ်က အကုန်ကောင်းသွားတယ်။ H1N1မဟုတ်ပါတဲ့။ တော်သေးရဲ့။ အဲဒီvirus ရဲ့ သဘာဝကိုက အနေကြာတတ်တယ်ဆိုပဲ။ ဒုက္ခ။ အိမ်ရှင်တွေ မလိုချင်ပဲ အလိုက်မသိ အတင်းကုတ်ကပ်နေတဲ့ သူ့ ကို ကျွန်မမုန်းလိုက်တာ။ သားလေးမျက်နှာ ချောင်ကျသွားတာတွေ့ တော့ ငိုတောင်ငိုချင်တယ်။ ကျွန်မရော သူ့ အဖေပါ တပတ်လောက် အိပ်ရေးတွေ ဆက်တိုက်ပျက် စိတ်ပန်း၊ လူပန်းဆိုတော့ လမ်းတောင် မတ်မတ် မလျှောက်နိုင်။ ဂေါက်တောက်တောက်ဖြစ်။ သားအဖေဆို ကားမောင်းနေရင်း သီချင်းတွေ အော်အော်ဆိုနေရပါတယ်။ အိပ်ငိုက်ငိုက်သွားလို့ တဲ့။ ကျွန်မတို့  လူကြီးတွေတောင် ပါးစပ်ပျက်ပြီး ဘာမှ မစားချင်တာ သားဆို ပိုဆိုးပါတယ်။ သူ့ ခမျာ ဆေးတွေ တမျိုးပြီးတမျိုး မငြီးမညူ သောက်ရှာပါတယ်။ သူမစားချင်ရင် သားလေးသေးသေးလေးဖြစ်သွားမယ်၊ ပါဝါတွေမရှိတော့ဘူးဖြစ်သွားမယ် ဆိုပြီး ချော့ကျွေးရပါတယ်။

ခုတော့ ထိုဧည့်သည် ပြန်တော့မယ်ထင်ပါတယ်။ မနေ့ ကညနေကတည်းက သားအဖျား ပြန်မလာတော့ပါဘူး။ သူ့ ခြေရာလေးတွေတော့ ချန်ခဲ့ပါသေးတယ်။ ကျွန်မတို့ ၃ယောက်လုံး ချောင်းတဟွတ်ဟွတ်နဲ့ ပေါ့။ အဲဒီဧည့်သည် သူများတွေဆီ အလည်သွားနေမှာ စိုးလို့  ကျွန်မတို့  သားမိသားဖ ၃ယောက် ဘယ်မှမသွား အိမ်ထဲမှာ နေကြပါတယ်။ ဈေးတောင် မသွားပါဘူး။ အိမ်နားက ညီအမအရင်းလို အားကိုးရတဲ့ တကျောင်းထဲထွက် ညီမလေးတို့  မိသားစု ကျေးဇူးကြောင့် သားကို ကြက်စွပ်ပြုတ်လေးတိုက်နိုင်ပါတယ်။ ဘုရားပန်းလေးတွေလဲ မညှိးတော့ပါဘူး။ ခင်ရာဆွေမျိုးပါပဲ။ ဆွေမျိုးမရှိတဲ့ ဒီနိုင်ငံမှာ အဲဒီလို အားကိုးစရာ သူငယ်ချင်းတွေရှိနေလို့  နေပျော်တာပါ။ သားကို စိတ်ပူလို့  တပူပူဖြစ်သမျှကို တိုင်ပင်ဖော်ရတဲ့ ဆရာဝန်သူငယ်ချင်းညီမလေး၊ အလုပ်တွေ ရှုပ်နေတဲ့ကြားထဲက လာကြည့်ပေးတဲ့ သူငယ်ချင်းအမျိုးသားဆရာဝန်တို့ ကိုလဲ အရမ်းကို ကျေးဇူးတင်မိပါတယ်။ ကျန်းမာရေးနဲ့  ပတ်သက်ရင် ကိုယ်က ဘာမှ နားမလည်တော့ သူတို့  အားကိုးစရာရှိလို့  တော်ပါသေးတယ်။ နောက် လူချင်းမတွေ့ ရပေမယ့် အဝေးကနေ စိုးရိမ်ပူပန်ပေး အကြံပေး ဆုတောင်းပေးကြတဲ့ ကျွန်မရဲ့ ဘလော့ရောင်းရင်းတွေကိုလဲ အရမ်းကို ကျေးဇူးတင်မိပါတယ်။ ခု အားလုံးပို့ သတဲ့ မေတ္တာကြောင့် ကျွန်မတို့  မိသားစုပြန်နေကောင်းစပြုလာပါပြီ။ ပို့ စ်အသစ်လေးတွေ ပြန်ရေးပါတော့မယ်။ ပြီးတော့ အိမ်တံခါးလေးတွေလဲ ဖွင့်ထားကြနော်။ အလွမ်းတွေ အတိုးချ လာလည်မလို့ ပါ။

တန်ခူး
10:20am 11-May-2009