Friday, December 31, 2010

နေရစ်ခဲ့တော့ နှစ်ထောင့်တဆယ်…

နေရစ်ခဲ့တော့ ၂၀၁၀..

မှတ်တမ်းတခုအနေနဲ့ 
ပြန်လွမ်းကြည့်ရင်တော့
နာမည်ကြီးလေးဂဏန်းနဲ့ 
ဘ၀ကို ခြေလှမ်းစခဲ့တာ
အဲဒီ၂၀၁၀…
မြန်မာဆန်ဆန်ပြောရရင်
ဇရာဆိုတာစမိတ်ဆက်
သိပ်တောင်တက်တက်ကြွကြွမရှိတော့သလိုမို့ …
အနောက်ဆန်ဆန်ခြေလှမ်းတွေနဲ့ 
မေ့ချင်ယောင်ဆောင်နေခဲ့တဲ့ ၂၀၁၀…

သည်းထိတ်ရင်ဖို
Project deadlineတွေကြား
Stressတွေများလို့ 
Snackတွေစားရင်း
အိပ်ချိန်တွေရှားပါးတဲ့အထဲက
ကိုယ်အလေးချိန်တွေတက်
မှန်သိပ်မကြည့်ဖြစ်ခဲ့တဲ့ ၂၀၁၀…

အတ္တမပါပဲ
တောင်းခဲ့ဖူးတဲ့ဆုတခု
မမျှော်လင့်ပဲပြည့်သွားတဲ့အခါ
ဘ၀မှာ
ဝမ်းသာလွန်းလို့ မျက်ရည်ကျဖူးတဲ့နေ့ လို့ 
မှတ်မှတ်ရရထင်ကျန်ရစ်တဲ့
အမေလွတ်မြောက်ခဲ့တဲ့ ၂၀၁၀…

ဦးနှောက်တွေဖောက်ဖောက်စားဖို့ 
ရေကြည်တွေကိုလဲနှောက်
မြက်စိမ်းစိမ်းတွေခြောက်ခြောက်လာစေတဲ့
ဒီကျွန်းနိုင်ငံမှာ
မြန်မာတွေခြေရာထပ်လာတော့
ကျောင်းဇရပ်တွေများ
သိသိသာသာ
သာသနာပိုပိုထွန်းကားလာတဲ့ ၂၀၁၀…

မျက်နှာစိမ်းတွေကြားအားတင်းထားရဆဲ၂၀၁၀
ဘယ်တော့မှနေသားမကျတဲ့မြေသားတွေပေါ်ခြေချနေရဆဲ၂၀၁၀
အိုမင်းဟောင်းနွမ်းတဲ့မျှော်လင့်ချက်တွေထမ်းပိုးထားရဆဲ၂၀၁၀
ကျောင်းဆရာဟောင်းကြီးတယောက်ဂျာနယ်ရောင်းနေရဆဲ ၂၀၁၀
ကိုယ့်ကျင့်တရားနဲ့ စပွန်ဆာကြားဗျာများနေရဆဲ ၂၀၁၀
ဟစ်ဟော့မြူးဇစ်နဲ့ ဘ၀ကိုရောင့်ရဲတတ်တဲ့လူငယ်တွေရဲ့ ၂၀၁၀
ကမ္ဘာကြီးသိသိသာသာပူနွေးလာတဲ့ ၂၀၁၀
မျက်နှာလွှဲပြီး ခဲပစ်တတ်သူတို့ များများလာတဲ့ ၂၀၁၀
.....
.....
.....
ကဲ… နေရစ်ခဲ့တော့ နှစ်ထောင့်တဆယ်။

တန်ခူး
11:57pm 31-Dec-2010

Saturday, December 25, 2010

သုံးနှစ်သမီးလေး လေနုအေး



(ပုံကို အင်တာနက်မှ ယူပါသည်)

လေနုအေးလေး ၃နှစ်မြောက်မွေးနေ့ မှာ ပို့ စ်အမှီတင်ဖို့ ရာ ည၁၂၊၀၁မိနစ်ဆိုတော့ နဲနဲနောက်ကျသွားပါတယ်...
မွေးနေ့ လက်ဆောင် အဖြစ် စာတွေပြန်ရေးဖို့  လေနုအေးကို တိတ်တိတ်လေးကတိပေးဖြစ်တယ်...
လေနုအေးလေး စတင်မွေးဖွားရာကနေ ယနေ့ အထိ သံယောဇဉ်ကြိုးတွေ တိုးတိုးချည်နှောင်မိသော လေနုအေး စာဖတ်ပရိသတ်၊ စာရေးဖော်၊စာရေးဖက် ဘလော့ဂါများက လေနုအေး ကျန်းမာအသက်ရှင်နေအောင် ရေလောင်းပေါင်းသင်တဲ့ ကျေးဇူးရှင်တွေဖြစ်နေတာမို့  လေနုအေးကိုယ်စား ကျေးဇူးတင်မိပါကြောင်း ပြောပါရစေ... မနှစ်က ၂၀၁၀မှာ ၁၆ပုဒ်ထဲ ရေးဖြစ်ခဲ့ပေမယ့် သံယောဖဉ်တွေနဲ့  နွေးထွေးနေဆဲ ဒီသံယောဇဉ်ရပ်ဝန်းက မေတ္တာတရားတွေကို ဘယ်လို စကားလုံးနဲ့ ဖော်ပြလို့ လုံလောက်မှာ မဟုတ်ပါဘူးလို့ ... ကောင်းသောခရစ္စမတ်ပါ...

တန်ခူး
12:06pm 25-Dec-2010
(လေနုအေး ၃နှစ်မြောက် မွေးနေ့ အမှတ်တရ)

Wednesday, December 22, 2010

အချိန်အလှူပေးကြသူများ

အားလုံးသိကြတဲ့အတိုင်း ကျွန်မစာမရေးဖြစ်တာ အတော်ကို ကြာသွားခဲ့ပါပြီ။ ကိုယ့်ကိုယ်ကို ပြန်စမ်းစစ်ကြည့်တော့ မအားလို့ မရေးဖြစ်ရာကနေ… မရေးတာကြာလို့  မရေးဖြစ်တာလဲ ပါတယ်ဆိုတာ ၀န်ခံမိပါတယ်။ စိတ်ထဲမှာ ချချရေးတာတွေ များလာတော့ ခုဆို ကျွန်မစိတ်ကြီးက အတော်ကို လေးလံနေသလိုကြီးလဲ ခံစားလာရပါတယ်။ အီးမေးလ်ပို့ ကြ၊ ကော်မန့် ထဲမှာမေးကြ၊ ပြီးတော့ ကျွန်မနဲ့ ခင်တဲ့ ဘလော့ဂါတွေက တဆင့် မေးကြ… လူချင်းတွေ့ ရင်မေးကြတာ များလာတော့…ငါ့မယ် ဘလော့တခုကြီးရှိပြီး အတော်တာဝန်မကျေပါလားလို့  အားနာဝမ်းနည်းကြီး ခံစားရပါတယ်။ ပထမတော့ ဘလော့လေးရဲ့ မွေးနေ့ မှာ ပြန်ရေးမယ်လို့  အားခဲထားတာပါ။ ခုတော့ ကြားဖြတ်အစီအစဉ်နဲ့  ပို့ စ်တခု ကောက်တင်လိုက်ရပါတယ်။

ကိုယ်ပြောချင်တာလေးကို ဘယ်လို တစုတစည်းထဲသိအောင် ပြောခွင့်ရမလဲဆို စဉ်းစားနေတာ ၂ရက်လောက် ကြာသွားပါတယ်။ နောက်မှ… မေ့နေလိုက်တာ… လေနုအေး ရှိတယ်လေ… ဆိုတာ သွားသတိရတယ်။ လေနုအေးလေးသာ အသက်ရှိရင်တော့ နှုတ်ခမ်းလေးစူပြီး သူလိုမှ သတိရတယ်ဆို ပြောနေမလား မသိပါဘူး။

တကယ်တော့ ဒီအကြောင်း ရေးချင်နေတာ ကြာလှပါပြီ။ ရေးချင်လာအောင် စိတ်ကို တိုက်တွန်းနှိုးဆော်လာတာကတော့ နိုင်ငံရပ်ခြားမှာရှိနေတဲ့ မြန်မာတွေကို အလှူအတန်းဖြစ်မြောက်အောင် သူ့ အချိန်တွေကို ရက်ရက်ရောရော လှူနေတဲ့ အမကြီး တယောက်ပါ။ မြန်မာပြည်တွင်းက ချို့ တဲ့သူတွေဆီ သူကိုယ်တိုင် ကွင်းဆင်းလေ့လာပြီး ဘယ်နေရာ၊ဘာလိုအပ်တယ်၊ ဘယ်လိုလုပ်ပေးရင် ကောင်းမယ်ဆိုတာ အရင်စဉ်းစားပြီး အလှူရှင်တွေကို ဖိတ်ခေါ်… ပြီးတော့ ကျွန်မတို့ ရဲ့အလှူငွေတွေကို သူကိုယ်တိုင် ချို့ တဲ့သူတွေဆီ လက်ဝယ်ရောက်အောင် ပို့ ဆောင်ပေးတတ်တဲ့ သူ့ ကို ကျွန်မကျေးဇူးတင် အားကျမိပါတယ်။ သူ့ မှာလဲ သူ့ မိသားစုနဲ့  အလုပ်နဲ့ …. နေ့ တဓူဝ အလုပ်တွေထဲမှာမှ အများအကျိုးဆောင်တဲ့ အလုပ်ကို ဖြစ်မြောက်အောင် လုပ်တတ်လွန်းတဲ့ သူ့ ကို ကျွန်မလေးစားကြည်ညိုမိပါတယ်။ သတင်းစာထဲမှာလဲ စာလုံးကြီးကြီးနဲ့ မပါဘူး… အိုးစည်ဗုံဗောင်းတီးလို့ လဲ မကြေငြာဘူး… သူ နိုင်သလောက်လေးနဲ့  သူကယ်သွားတဲ့ အသက်တွေ မနည်းပါဘူး။ သူနိုင်သလောက်လေးနဲ့  ချို့ တဲ့တဲ့ ပညာဆက်မသင်နိုင်တဲ့ ကလေးတွေ ဘွဲ့ ရပညာတတ် ဖြစ်သွားတာလဲ မနည်းပါဘူး။ သူနိုင်သလောက်လေးနဲ့  ရေနောက်တွေသောက် ဒုက္ခရောက်နေသူတွေ ရေကြည်သောက်ခွင့် ရတာလဲ မနည်းပါဘူး။ ပကာသနမဖက်တဲ့ တကယ့်စေတနာအလှူသက်သက်ပါ။ ကျွန်မတို့ လို နိုင်ငံရပ်ခြားရောက်နေသူတွေကို ကိုယ့်တိုင်းပြည်က ချို့ တဲ့သူတွေနဲ့  တံတားခင်း လှူခွင့်ရအောင် ဆောင်ရွက်ပေးတဲ့ သူ့ အတွက် ဂုဏ်ပြူတဲ့ ပို့ စ်တခုလောက် ရေးမယ်လို့  အားခဲနေတာ ခုတော့ ရေးဖြစ်သွားပါပြီ။

ဒီတခေါက် မြန်မာပြည်ပြန်တော့ အဲဒီအမကြီးကို အားကျလို့  အလုပ်တခု ယူဆောင် သွားခဲ့ပါတယ်။ အဲဒီမှာပဲ ဘ၀ကို မြှပ်နှံပြီး တဘ၀လုံးရဲ့ အချိန်တွေကို အလှူပေးနေသူတွေ ထပ်တွေ့ ခွင့်ရခဲ့ပါတယ်။ ကျွန်မ ဒီနိုင်ငံမှာ အိမ်ရောင်းအိမ်ဝယ်လုပ်ရင် အမြဲလုပ်ပေးနေကျ ဒီနိုင်ငံသားဇနီးမောင်နှံဆီက မမျှော်လင့်တဲ့ သတင်းကောင်း တခုကြားခဲ့ရတာ စတာပါ။ သူတို့ မယ် မြန်မာပြည်သား မွေးစားသားလေး တယောက်ရှိတယ်ဆိုတော့ ကျွန်မနားမရှင်းပါဘူး။ နောက်မှ ဒီနိုင်ငံက ကယ်ဆယ်ရေးတပ်ကနေ ချိုတဲ့တဲ့ ကလေးတယောက်ကို ရွေးချယ်ပညာစရိတ် ထောက်ပံ့ရင်း သံယောဇဉ်ဖြစ်သွားတဲ့ အကြောင်းကို သိခွင့်ရခဲ့ပါတယ်။ ကယ်ဆယ်ရေးတပ်ကို သွားတော့ မြန်မာနိုင်ငံသားကလေးလေးကို လိုချင်ပါတယ်လို့  သူတို့ တောင်းဆိုခဲ့တာဆိုတာ ကြားရတော့ မြန်မာတွေကို သံယောဇဉ်ကြီးလွန်းတဲ့ သူတို့ ကို ကျေးဇူးတင်မိပါတယ်။ သူတို့ သံယောဇဉ်က ထောက်ပံ့ကြေးပေးရုံတင်မကပါဘူး။ မွေးစားသား တယောက်လို နွေးထွေးလွန်းပါတယ်။ ကလေးကျောင်းဖွင့်မယ် အချိန်ဆို လိုအပ်တဲ့ စာရေးကိရိယာတွေ ပို့ ပေး… ကလေးမွေးနေ့ ဆို မွေးနေ့ လက်ဆောင်လေးတွေ ပို့ ပေးနဲ့  ကြည်နူးနေကြတာပါ။ ကလေးဓာတ်ပုံလေးနဲ့ ကလေးရေးတဲ့စာလေးတွေ သေသေချာချာ သိမ်းထားတာတွေ့ တော့ ကျွန်မအတော်ကို အံ့သြ၀မ်းသာဖြစ်မိပါတယ်။ ကလေးကို ကြီးလာရင် ဒီနိုင်ငံအထိခေါ်ပြီး ပညာသင်ပေးချင်တဲ့ဆိုတဲ့ သူတို့ ဆန္ဒကို ပြောပြတော့ ကျွန်မအတော်ကို ကျေးဇူးတင်မိတယ်။

ကျွန်မမြန်မာပြည်ပြန်မယ်ဆိုတော့ ကလေးအတွက် လက်ဆောင်လေးတွေ ပေးလိုက်ချင်လို့ ပါ.. . ပြီးတော့ ကလေးဆီသွားတွေ့ ပြီး သူတို့ ဆန္ဒလေးတွေ ပြောပြပေးပါ… ကလေးရဲ့မိခင်ကိုလဲ ထောက်ပံ့ငွေလေး ပေးပေးပါဆို ကျွန်မကို အကူအညီတောင်းပါတယ်။ ကျွန်မလဲ ၀မ်းသာအားရနဲ့  အထုတ်တွေယူသွားခဲ့ပါတယ်။ ဒီနှစ်မြန်မာပြည်ပြန်တာ ကျွန်မရော ကျွန်မသားပါ နေမကောင်းဖြစ်နေတာနဲ့  ဘယ်မှမရောက်ခဲ့ပါဘူး။ ဒါပေမယ့် အဲဒီကလေးဆီတော့ သွားဖြစ်အောင်သွားမယ်ဆို သွားခဲ့ပါတယ်။ ကျွန်မအဖေကိုယ်တိုင် ပဲခူးမြို့ စွန်ရပ်ကွက်လေးကို ကားမောင်းပို့ ပေးခဲ့တာပါ။ အိမ်သေးသေးလေးတွေ ပြွတ်သိပ်ညပ်နေတဲ့ အဲဒီရပ်ကွက်ထဲမှာ ကယ်ဆယ်ရေးတပ်လေးတခု အိမ်လေးတွေကြား တွေ့ လိုက်ရတော့ အတော်အံ့သြမိပါတယ်။ အကျိုးအကြောင်းပြောပြတော့ တာဝန်ရှိဆရာမတွေက မျက်ရည်တွေဝဲအောင် ကြည်နူးကြပြီး ကလေးကို အပြေးအလွှား သွားခေါ်ခိုင်းကြပါတယ်။ ကယ်ဆယ်ရေးတပ်လေးက အုတ်ခံနှစ်ထပ် ကျဉ်းမြောင်းမြောင်း ရှည်ရှည်လေးပါ။ အချိန်ပြည့်လုပ်နေသူ ဆရာမ ၃ယောက်ရှိပါတယ်။ တမင်ကို ဒီလို ချို့ တဲ့တဲ့ ရပ်ကွက်လေးထဲ ကလေးတွေရဲ့ ဘ၀အမှန်ကို သိခွင့်ရ ကူညီခွင့်ရအောင် လာဖွင့်ထားတာပါတဲ့။ သူတို့ ပါ အဲဒီကယ်ဆယ်ရေးတပ်လေးမှာ နေပြီး အများအကျိုးဆောင်နေကြတာပါ။ သူတို့ ဘ၀တခုလုံးကို အများအတွက် မြှပ်နှံထားတဲ့ ဆရာမတွေပါ။ ရေတက်ချိန်ဆို အောက်ထပ်တထပ်လုံး ရေမြုပ်တတ်တယ်လို့  ဆိုပါတယ်။ အဲဒီအချိန်ဆို ရပ်ကွက်ထဲက လိုအပ်တဲ့သူတွေကို သူတို့ က ကူညီစောင့်ရှောက်ကြပါတယ်တဲ့။

ခဏကြာတော့ ကလေးက သူ့ အမေနဲ့ အတူ ရောက်လာပါတယ်။ ပေးလိုက်တဲ့ လက်ဆောင်တွေ ပြတော့ လောဘကင်းတဲ့ ၀မ်းသာတဲ့ မျက်လုံးလေးတွေကို ကျွန်မဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။ ကလေးအမေက ကျွန်မတို့ ထက်တောင် ငယ်သေးပါတယ်။ လောကဒဏ် အထုအထောင်းနဲ့  အဖေမရှိတဲ့ ကလေးတွေအတွက် ဘ၀ကို ရုန်းကန်နေရသူပါ။ ထောက်ပံ့ငွေကို ပေးတော့ ဘေးလူတွေက ၀ိုင်းပြောကြပါတယ်… နင်တို့ အိမ်မိုးဖို့  ငွေလိုနေတာနဲ့ အတော်ပဲပေါ့…တဲ့။ ကျွန်မရင်ထဲ ၀မ်းနည်းဝမ်းသာနဲ့  မျက်ရည်တောင် လည်မိပါတယ်။ ကလေးလေးကို စာကြိုးစားရင် ကြီးရင်နိုင်ငံခြားမှာ ကျောင်းတက်ရမယ်… နိုင်ငံခြားမှာ ကျောင်းတက်လို့  ပညာတတ်ကြီးဖြစ်ရင် ဘာလုပ်မှာလဲမေးတော့… အမေကို့ လုပ်ကျွေးမယ်လို့ … ရိုးရိုးသားသားလေး ဖြေပါတယ်။ အဲဒီစေတနာလေးကြောင့်ပဲ စိတ်ကောင်းရှိတဲ့အလှူရှင်တွေ့ ခွင့်ရတာ ထင်ပါတယ်။ အားလုံး ၀မ်းသာ ကြည်နူးနေတာ တွေ့ ရတော့ သူတို့ အပျော်တွေပါ ကိုယ့်ဆီကူးပြီး တခါမှ မခံစားဘူးတဲ့ ပီတိမျိုးခံစားခဲ့ရပါတယ်။ ကျွန်မအထက်ကပြောခဲ့တဲ့ အမကြီးဆို အဲဒီပီတိတွေနဲ့ ဘယ်လောက်များ ငြိမ်းချမ်းလိုက်မလဲဆို သူ့ ဘ၀ကို အားကျမိပါတယ်။

ကိုယ့်ဘ၀၊ ကိုယ့်အချိန်ထက် ငွေအားနဲ့ လှူဒါန်းတဲ့ အလှူရှင်တွေက ပိုများမယ်ထင်ပါတယ်။ အထူးသဖြင့် ဒီနိုင်ငံလို အလုပ်ချိန်များတဲ့ နိုင်ငံအဖို့  အချိန်က ငွေထက်တန်ဖိုးရှိနေတာမို့  အချိန်လှူဖို့ ဆိုတာ အတော်ကို ခက်ခဲတဲ့ အလုပ်ပါ။ အဲဒီလို အကျပ်အတည်းတွေ ကြားထဲက အချိန်ကို ရက်ရက်ရောရော စေတနာအပြည့်နဲ့  လှူဒါန်းသူတွေကို ကျွန်မ ခုလောလောဆယ်ကို တွေ့ ခွင့်ရလိုက်ပါတယ်။ ကျွန်မတို့  စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းများရဲ့ ဆရာကန်တော့ပွဲကို ရန်ကုန်တလှည့်၊ ဒီနိုင်ငံမှာ တလှည့် အခွင့်ရရင် ရသလို လုပ်ခဲ့ပါတယ်။ ဒီနှစ်မှာ ဒီနိုင်ငံမှာ လုပ်ဖြစ်ပါတယ်။ ဆရာတွေ တကယ်လိုအပ်ချိန်မှာ တတ်အားသလောက် ပြန်ကျေးဇူးဆပ်ခွင့်ရတဲ့ အချိန်အခါပါ။ ပွဲကြီးဖြစ်မြောက်အောင်မြင်သွားအောင် နောက်ကွယ်ကနေ ဆရာတွေအတွက် လိုအပ်ချက်တွေကို ဖြည့်ဆီးပေးတဲ့ အချိန်အလှူရှင်များအားလုံးကို ဒီပို့ စ်လေးနဲ့  မှတ်တမ်းတင်ပါရစေ။ အဖြစ်မဟုတ်ပဲ ရင်ထဲကလာတဲ့စေတနာနဲ့  ကျောင်းစိတ်၊ ကျောင်းသွေးအပြည့်နဲ့  လုပ်ဆောင်ပေးသွားသူများကို တဦးချင်း ကျေးဇူးတင်စကားပြောချင်ပေမယ့် တဦးတလေ ကျန်သွားမှာကို စိုးရိမ်လို့  ဒီပို့ စ်လေးနဲ့  ကျေးဇူးတင်စကား ဆိုမိခြင်းပါ။ ဟိုးမျိုးဆက်ဟောင်းတွေကနေ့  ဖျတ်လတ်တက်ကြွတဲ့ မျိုးဆက်သစ်လေးတွေထိ… ခြေလှမ်းတွေနှေးကုန်တဲ့ ကျေးဇူးရှင်ဆရာတွေကို နွေးထွေးတဲ့ လက်အစုံနဲ့ ဖေးမပေးတဲ့… မျက်လုံးတွေမှုန်ဝါးကုန်တဲ့ ကျေးဇူးရှင်ဆရာတွေကို တွဲခေါ်လမ်းပြပေးတဲ့… ကျောင်းသားတွေနဲ့ စိုပြေခဲ့ဘူးတဲ့ဘ၀တွေ တခဏလေးဖြစ်ဖြစ်ပြန်ရအောင် အသက်သွင်းပေးခဲ့တဲ့… ဆရာတွေရဲ့မျက်နှာတွေပေါ် ကြည်နူးတဲ့အပြုံးတွေပွင့်အောင် လုပ်ဆောင်ပေးခဲ့တဲ့… တန်ဖိုးရှိလှတဲ့ အချိန်တွေကို အလှူပေးခဲ့ကြတဲ့ လုပ်အားပေးကျောင်းသား ကျောင်းသူ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီပို့ စ်လေးကတဆင့် ပြောပါရစေ။

(စာကြွင်း…အချိန်အလှူပေးကြသူတွေထဲမှာ ကျွန်မချစ်တဲ့ ဘလော့ဂါစုံတွဲ ကိုဧရာနဲ့ မသီတာနဲ့  ဘလော့ပေါ်က စရင်းနှီးခဲ့ရတဲ့ ဘလော့ဂါမောင်လေး တောင်ငူသားတို့ လဲ ပါဝင်ကြကြောင်း ဘလော့ချစ်သူများကို အသိပေးအပ်ပါတယ်… ကိုဧရာ၊ မမသီတာနဲ့  ကိုတောင်ငူတို့ ရေ… အချိန်အတူအလှူပေးကြတဲ့ သူငယ်ချင်းတွေကို ဒီပို့ စ်လေး လက်တို့ ပြီးပြလိုက်ပါနော်… ဒါပေမယ့် မတန်ခူးဘယ်သူလဲဆိုတာတော့ မပါကြေး)
တန်ခူး
12:27pm 22-Dec-2010

Saturday, August 21, 2010

အချစ်ရိုင်းတို့ အချစ်ဦး


(တချို့ ဓာတ်ပုံများကို အကိုကြီးတစ်ယောက်ရဲ့ facebookမှ ကူးယူပါသည်)

စာမရေးဖြစ်တာ… စာမဖတ်ဖြစ်တာ… ဘလော့နဲ့ ဝေးနေတာ… အတော်ကိုကြာသွားခဲ့ပါပြီ။ အဲဒီဘ၀ကြီးက ခြောက်ကပ်ကပ်နဲ့  ဘာအနှစ်သာရမှမရှိသလို စက်ရုပ်ဆန်လွန်းတယ်။

“ညတွေကလည်း… အိပ်ဘို့ အထိ မငြိမ်းချမ်းတော့ဘူး
စကားတွေကလည်း…ပြောဘို့ အထိ မသိမ်မွေ့ တော့ဘူး
သီချင်းတွေကလည်း…ဆိုဘို့ အထိ မချိုမြိန်တော့ဘူး
လမ်းတွေကလည်း… လျှောက်ဘို့ အထိ မချောမွေ့ တော့ဘူး
မြင်ကွင်းတွေကလည်း…ကြည့်ဘို့ အထိ မစိုပြေတော့ဘူး…”

အဲဒီ ခြောက်ကပ်ကပ်နေ့ တွေမှာ သူငယ်ချင်းတယောက်ရဲ့ အီးမေးလ်တစောင်ရခဲ့ပါတယ်။ ရင်ကို ထိလွန်းတဲ့ ကဗျာအရှည်ကြီးနဲ့ ။ အဲဒီကဗျာလဲဖတ်ပြီးရော အမျိုးမတူတဲ့ ခံစားချက်တွေ တပြိုင်နက်ခံစားပြီး လူက လက်ရှိဘ၀ကြီးနဲ့ ဝေးကွာသွားသလို… ဒါမှမဟုတ် အနှစ်နှစ်ဆယ်လောက် ပြန်နုပျိုသွားသလို… နောက်ဆုံးမှာတော့ အလွမ်းတွေကြားထဲ နစ်မြုပ်ရင်း… စက်ရုပ်ဆန်တဲ့ဘ၀က ခဏလွတ်မြောက်သွားခဲ့တယ်။

ကိုသျှားရေ.. တကယ်လို့ များ သြဘာလမ်းလေးများ နင်ပြန်ရခဲ့ရင်
နွေးအေးများနင်ပြန်ရခဲ့ရင်
ချစ်သူတို့ လမ်းလေးများ နင်ပြန်ရခဲ့ရင်
ဝမ်းသရီး စစ်စတင်းများ နင်ပြန်ရခဲ့ရင်
အယ်လ်တူးများ နင်ပြန်ရခဲ့ရင်….
ငါနဲ့ ငါ့လို လွမ်းတတ်သူတွေ… ပြီးတော့ နင့်လို တမ်းတတ်သူတွေကို ဝေမျှပေးဦးနော်….။ စိတ်ထင်တိုင်းသာ လုပ်ခွင့်ရခဲ့ရင် စွယ်တော်ပင်ကြီးအောက်မှာ မှီငေးရင်း မြက်ခြောက်တောကြီး စိမ်းလန်းလာမယ့်တနေ့ ကို ငါစိတ်ရှည်လက်ရှည် ထိုင်စောင့်ချင်မိရဲ့။ ကျောင်းဝန်းထဲက မထွက်တမ်းလေ။

လွမ်းတတ်သူတွေ မျှဝေခံစားဖို့  ကဗျာရေးကောင်းလွန်းတဲ့ သူငယ်ချင်းရဲ့ ကဗျာလေးကို ဝေမျှလိုက်ပါတယ်။ တကယ်လို့  RITမှာ ကျွန်မတို့ နဲ့  နှစ်ကြီးနှစ်ငယ်ဆုံခဲ့သူများ… ဒါမှမဟုတ် တတန်းထဲက သူငယ်ချင်းများကတော့ ဒီကဗျာဆရာကို မေ့လိမ့်ဦးမယ် မဟုတ်ပါဘူး။ ကျောင်းတုန်းက မုန့် ဖိုးလေးနဲ့ ဝယ်ခဲ့ရတဲ့ လက်ရေးကဗျာစာအုပ်ထဲက ကဗျာတပုဒ်ကို ဖတ်ရသလို ရင်ခုန်သံတွေ ပြန်လတ်ဆတ်သွားစေတဲ့ ကျွန်မသူငယ်ချင်း ကိုသျှားရဲ့ကဗျာကို ခံစားကြည့်ပါဦးနော်။

“ရူးအောင်လွမ်းတယ်၊ ဘယ်ဆီ မှန်းဆ.. …
အရွယ်တော်လန်းစ ရွက်နုတစ်ရွက်လို
တို့ ရဲ့… စွယ်တော်နန်းက စက်မှုတက္ကသိုလ်….”

ရူးအောင်လွမ်းနေခဲ့… လွမ်းနေဆဲ.. လွမ်းနေဦးမယ့်… ကျောင်းကို ချစ်သူတွေအတွက်….။

***********************

အချစ်ရိုင်းတို့ အချစ်ဦး

(၁)



မ၀ံ့ တ၀ံ့
မချင့်မရဲ
ခွဲရတော့မယ် ။

သံယောဇဉ်ချောင်း ၊ ငြိမ့်ညောင်းစီးဆင်း
တွေ့ ဆုံခြင်းအစ
ခွဲခွါရမည့်ကာလအထိ
မသိသလို ၊ သိသလိုပဲ
ခွဲခါခြင်းတစ်ခဏ
ဝေးကွာခြင်းတသသ
ဘ၀အပိုင်းအခြား
လှေကားတစ်ထစ်
ဖြစ်ပြီးမပျက်၊ အမှတ်တရ ။

ဘယ်ကလာလည်း ၊ ဘယ်နယ်ကလည်း
မိတ်ဆုံပွဲမလိုပါ
အညာအကြေ ၊ မြေပြန့် တောင်တန်း
တစ်ဝမ်းတည်းဘွား ၊ တို့ ကျောင်းသားတွေ
သွေးစကားခင်း၊ ရင်းနှီးခင်မင်
သွားလာဝင်ထွက်၊ လက်တွဲဖေးကူ
ဖြူဖြူစင်စင်၊ မြူမတင်ခဲ့
ခင်မင်မှုပရ၀ုဏ်ကို
သံယောဇဉ်နဲ့ လုံခြုံစည်းတား
တကဲ့တစ်သားတည်း
ကွဲပြားတယ်ဆိုတာမရှိ
သိသလိုခင်၊ ခင်သလိုရင်း
ဖြည့်တင်းကူထောက်
ကောက်ကြောင်းမဲ့နှလုံးသားလေးတွေ ။

နေရာတိုင်းမှာ ၊ ကာလနုနု
ပြုစုဆောက်တည်
ငွေချိုးဖြူတို့ တိုင်းပြည်ငယ်
တကယ်ပါ ။

ကျောင်းသွားကျောင်းပြန် ၊ မှန်မှန်ဖြတ်ကူး
အာရ်စီတူးထဲ ၊ ဆူးလှည်းစစ်ကြောင်းခင်း
“ဤကျောင်းဝန်းအတွင်း
လမ်းကြိတ်စက်များမောင်းနှင်ခြင်းမပြုရ”
“ဘေးတိုက်မရပ်ပါနဲ့ ဗျို့ 
လူပျောက် ပျောက်သွားလို့ ပါ”
“ယဉ်ယဉ်လေး………………..ရူးနေတာ”
“အမြှောက်ကြိုက်သလားလို့ ပါ
အဆောင်ရောက်မှ မှန်ပြန်ကြည့်မနေနဲ့ ဦး”
ပိန်ပိန်၀၀ ၊ မြင်သမျှတို့ ထိ
တိတိကျကျ ၊ ဟာသခေတ်ဦး
ဖူးပွင့်ဘူးတယ်ယုံ ။

လှည်းတန်းအပြန် ၊ မိုးပျံတေးသွား
သွားရင်းဟားရင်း၊ ပျော်ရင်းရွှင်နောက်
“ကားခဘယ်လောက်လဲ
အမိုးပေါ်မှာ ဆယ်ယောက် ၊ အတွယ် ငါးယောက်”
ဘာကိုမှ မကြောက်ကြ…
“ခြောက်ယောက် ငါးကျပ် ထားလိုက်ပါဗျာ”
နေပူပူ ၊ မိုးရွာရွာ
ထိုင်ခုံမှာမထိုင်ချင်
ကောင်မလေးတွေတွေ့ ရင် အော်လို့ အော်
“ရှေ့ ကားကိုကျော်မယ်ဆရာ
ဆိုက်ကားက လမ်းတောင်းနေတယ်ဗျို့ ”
နှေးရင်လည်းတစ်ယောက်တစ်ပေါက်
အပျော်ချောင်းပေါက်ခဲ့ရာ
မာလာ ၊ တံတားဖြူ ၊ စွပ်ကျယ်စက် ၊ ခြောက်မိုင်ခွဲ
ရင်ထဲကနေရာလေးတွေ
ရွှေနဲ့ လည်းမလဲချင်
ငွေနဲ့ လည်းမလဲချင်
ဘယ်တော့မှလည်းမခွဲချင် ။

အင်ကြင်းမြေနီလမ်း ၊ စမ်းတ၀ါးဝါး
လျှောက်သွားဆူညံ ၊ သံစဉ်ကင်းမဲ့
အော်ခဲ့ဟစ်ခဲ့ ၊ အတီးမဲ့အဆို
အငိုမဲ့အလွမ်း ၊ တစ်ခန်းပြီးတစ်ခန်း
ဖြတ်သန်းရှတ ၊ တသသပေါ့
တူးတူးကတော့ “ကျောင်းတွေပိတ်ရင်ဝေး” တဲ့
တို့ ကတော့ “ပွေးတွေပျောက်အောင်ကု”
ပြူစုတင်ဆက် ၊ မှတ်မိစေချင်
ညသံစဉ်များ………
“အခန်းနံပါတ် တစ်ဆယ့်ငါးမှာ ဖဲရိုက်နေပါတယ်ဗျို့ ”
“ကျွန်တော်ကို မုန်းသူများ
ဝရန်တာသို့  ထွက်လာကြပါ
သို့ မဟုတ်ပါက ၊ ချစ်သူဟုသတ်မှတ်မည်”
အမိန့် တော်တွေချမှတ်
အမှတ်တရ ၊ ဘ၀ရထား
ရွေ့ လျားစုန်ဆင်း ၊ သမိုင်းဝန်းမှာ
ပန်းခင်းတွေလည်း ဝေဘူးတယ် ။

ဂန္စမာရှေ့  ၊ နေ့ ဖြူလေးတွေ
ဖြန့် ခင်းဝေဆာ ၊ သာယာကြည်နူး
ငှက်ပျော်ပေါင်း ဘူးသီးကြော် ၊ အော်ဟစ်မှာယူ
ပူပူ လောင်လောင် ၊ ကြောင်ကြောင်ကျားကျား
“ခုနက ဒီရှေ့ မှာ ကားတိုက်သွားတာ
လုံးလုံးမသေဘူး……..
ဟုတ်လား
ပြားပြားကြီးသေသွားတာ”
ရယ်စရာ မောစရာ၊ ဟာသဇာတ်ခင်း
ရင်းရင်းနှီးနှီး ၊ ဖြည့်ဆီးစုပေါင်း
ကျောင်းသီချင်းကို ၊ ကဒေါင်းဆိုညည်း
စောင်းအိုတီးခတ် ၊ ထက်အောက်လွင့်ပျံ့ 
“တစ်ခါတစ်ရံမှာ … အိပ်မက်လို
ပင်ညိုညိုရိပ်တွေ…. မြမြက်စိမ်းစိမ်းတွေ”
ဝေးခဲ့ပြီး ပန်းခရမ်းပြာ
ဒါကိုလည်း မေ့မေ့ပျောက်ပျောက်..
တကယ့်မေ့မေ့ပျောက်ပျောက်….။

“ကြက်စင်းကော နှစ်ပွဲ”
“၀က်စင်းကော နှစ်ပွဲ”
တစ်ပွဲ ငါးကျပ် ၊ အိပ်ကပ်စမ်းကြည့်
“ကျားပျံ” သိတယ် ၊ မရှိခဏ
ဝေငှသုံးစွဲ ၊ ရွှင်လည်း လန်းလန်း
ခန်းလည်း ပျော်ပျော် ၊ အဖေါ်တစ်သိုက်
“လိုက်ပွဲ ဒီဘက်က… လိုက်ပွဲ”
“ရေနွေးအိုး… ရေနွေးအိုး”
မရိုးနိုင်သော တောင်းဆိုမှုအားလုံး
ပြုံးပြုံး တုန့် ပြန် ၊ မငြင်းဆန်ခဲ့
ကျားပျံမောင်ကောင်း ၊ အားလုံးရောင်းမလား
ဝယ်… စား… ပစ်… မယ် ။

“အရူးပါဗျို့ ”
“ဟေ့ကောင် ငပေါ”
သြဘာသံတွေ ၊ ဆူဝေပွက်ထ
မတားဆီးကြေး ၊ လေးဘက်လေးတန်
ဝရံတာမှာ ၊ နေရာလပ်မရှိ
အားပေးသူ အပြည့်နဲ့ 
ငါတို့ ရဲ့ သြဘာလမ်းကလေး
ဘာကြေး ညာကြေး
လောင်းကြေးနဲ့ လျှောက်သူများ….
တစ်ပါးသောအရပ်မှ
မျက်နှာစိမ်းဧည့်သည်များ…..
အားမနာနိုင် ၊ တို့ နိုင်ငံလေ
စွယ်တော်မြေမှာ ၊ ဒီလိုပါပဲ
စွဲလန်းမှုက ချစ်စရာ ။

“ငဖဲ”ရှိလား ၊ “ရှမ်းကြီး”ရှိလား
“တရုတ်”ရှိလား ၊ “ကျားကြီး”ရှိလား
ကင်တင်းသွားမယ်
“သားကြီး”တို့ တော့ ၊ “မှန်ကြောင်” ချော့ခေါ်
အဆောင်ထမင်းသော်မှ မစား
အင်းလျားသွားပြီတဲ့…
စည်စည်ကားကား ၊ သွားသွားလာလာ
ဆည်းဆာညနေ ၊ ခြေဆန့် ခရီး
အပြီးမသတ် ၊ တစ်ပတ်ပြီးတစ်ပတ်
တစ်ရက်ပြီးတစ်ရက်၊ မပျက်ကွက်ကြ
သဇင် အင်ကြင်း ၊ ကံ့ကော်နှင်းဆီ
သရဖီ ဂန္စမာ ……
ပြီးတော့
ကန်သာယာ ၊ ရွှေကြယ် ၊ မာလာဝင်း
ထမင်းသုတ် ၊ ပေါ့ကျ ၊ ဖန်ချို ၊ ပုံမှန်
ထုံးစံအတိုင်း၊ လေလှိုင်း ခိုစီး
“ဒီကောင်ကြီးတော့ ကုသိုလ်တွေ ရဦးမှာကွ
သူ့ အမေကို ခဏခဏ ဘုရားလိုက်ပို့ တာ”
“မင်းတို့ မကြားလိုက်ဘူးလား
မုန့် ပုံးတွေ ဈေးတက်သွားပြီ”
အားမနာကြေး ၊ သြဘာပေးခဲ့
ကျန်သေးသူများ ၊ စကားမရှိ
အကြည့်ဂျွမ်းထိုး ၊ မေးထိုးမေ့ ငေါ့
ဆာလာတော့မှ
“လာကြပါဦးဗျို့ 
ဒီနေ့ စားမှာပါဗျို့ 
စပါးပျိုးနေတုန်းလားဗျ”
ရေနွေးအိုးများ ၊ ရထားလွန်းပျံ
ဝေဖန်ပွက်ထ ၊ ခဏကွန်းခို
ကိုကြီးတိုး ၊ ဘိုထီး ၊ ထူးအိမ်သင်
သံစဉ်ရှရှ ၊ တသနွဲ့ ယိမ်း
တိမ်းပါးယစ်မူး ၊ အိပ်မက်ဦးတွေ
ဟုတ်တယ်… ဒါတို့ ရဲ့ အိပ်မက်ဦးတွေ ။

အရှည်ကြီး… ဗျို့ … အရှည်ကြီး
ထပါဦးဗျ….
သန်းကောင်ကို နေ့ မှတ်
ရပ်ကွက်ကိုလည်း အားမနာ
အုတ်ကျင်းမှာ ၊ လှည်းတန်းမှာ
သူရာပွဲခင်း ၊ ငြင်းကြခုန်ကြ
အားမရနိုင် ၊ ယိုင်ထိုးတွဲထူ
မငြူစူခဲ့ ၊ အဖြူထည်များ
ဘုရားလမ်းထဲ ၊ ရဲရဲကျော်ဖြတ်
အဖေါ်မက်….
ဘီပက်နဲ့ လည်း… ဒီထွက်ခဲ့ကြတဲ့ သူငယ်ချင်းတွေ ။

အောက်တစ်နဲ့ အရမ်းကောင်း
အလွမ်းကျောင်း တက်ခဲ့ရသူတွေ…
တစ်ညလုံး တစ်ကိုးကင်းနဲ့ 
ကင်တင်းမှာ အဖြေရှာ
မသေချာရင်နာခဲ့သူတွေ…
အောက်ပြုတ် နဲ့ စွတ်လိုက်
လိုက်ရဲတာလည်းသတ္တိ
ပြေးရဲတာလည်းသတ္တိတဲ့
မချိတင်ကဲပြောလိုပြော….
အော်နာ ဆွဲရင်း အိပ်ပျော်
သင်ပုန်းမှာမော်ကွန်းဝင်
ဝမ်နင်ကို ဂေဇတ်မှတ်
အောင်စာရင်း ကြိုထွက်ခဲ့သူတွေ…
ဘက်စုံတွက်ချက် ၊ အဖြေခက်လည်း
အမှတ်ခြစ်တော့ ၊ ခရက်ဒစ်ဆို
ဘယ်လို ဖြေလိုက်တာလည်းဟင် ။

နံက်လေးနာရီ အရောက်
နောက်ကျသူကို မစောင့်ပါ
ကျောင်းသာကဒ်ယူလာခဲ့ပါ
ခင်မင်မှုယူလာခဲ့ပါ
ပွင့်လင်းမှုယူလာခဲ့ပါ
ပျော်ရွှင်မှုနှင့် ချစ်ခင်မှုမှအပ
မူးယစ်စေတတ်သောအရာများ မမှီဝဲရ
စည်းကမ်းချက်တွေချမှတ်လို့ 
မိသားစု ပစ်ကနစ်ထွက်ခဲ့စဉ်….
“တပင်တိုင် ကပါဗျို့ 
မျောက်က ကပြပါဗျို့ ”
မြို့ မေတ္တာခံယူမဲ့သားလေ
မိတ်ကပ်များနဲ့ ဖွေးဖွေးကြည် ၊ နှုတ်ခမ်းနီက တရဲရဲ
စောင်ကွက်ကျဲကို တောင်ရှည်လုပ်
ခြေထုတ် လက်မြှောက် ၊ ခြောက်ကပ်ကပ် အသံသေးသေးနဲ့ 
“ငွေသောင်ယံမှာ မြူးတူးကြတဲ့ ငွေငန်းရိုင်းတို့  သခင်မ”
ရှာဖွေခက်ခဲစွာ
ဒေ၀စ္ဆရာလား ၊ ပိစိလား ၊ ဂမုန်းလား
မခွဲခြားတတ်တော့
တို့ သူငယ်ချင်းအားလုံး
အလှဆုံးချည်း ဖြစ်နေကြတာကိုး ။

အဆောင်နောက်မှာ
ကားတစ္ဆေ ခြောက်နေပြီ
ဒါ… ပျောက်နေတဲ့ သဲလွန်စပေါ့
ကလပ်(စ)မသိ၊ လက်ဘ်မသိကြ
တစ်ချို့ ဒူးထောက် ၊ တစ်ချို့ ဗိုက်မှောက်
မကြောက်တတ်သူတွေက သစ်ပင်ပေါ်မှာ
ခါချဉ်မကြောက် ၊ ပရွက်နီမကြောက်
မြွေမကြောက် ၊ ကင်းမကြောက်
အကြောက်အလန့် မရှိ
ရှိသမျှခြုံ အကုန်တိုး
ဆွေမေ့ မျိုးမေ့
အဆောင်ထမင်းလွတ်ခဲ့ရတဲ့နေ့ ရက်တွေ ။

ထုံးဖြူရိုးရိုး ဗမာဆေး
ဗမာဆေး ၊ အာမွှေး၊ ဖာလာ
တစ်ယောက် တစ်ယာစီ
ထွေးရင်းနီရဲ
အချင်းချင်းလည်းမှီခဲ့ကြရာ….
ဆင်ဆင် ၊ ဆင်မင်း ၊ နှင်းဆီ ၊ ဂျိုးသိမ်း
အုန်းဆံကြိုးမီး ၊ တို့ ပြီးရှိုက်ဖွာ
ဘတ်စ်ကားစောင့်ခဲ့ကြရာ
ငါတို့ ရဲ့အားကစားမှတ်တိုင်
ထိုင်လိုက် ထလိုက် ၊ သွားလိုက် စောင့်လိုက်
စရိုက်မျိုးစုံ ၊ ယုံကြည်ပေါင်းစပ်
မိုးစက်ပွင့်ခူး ၊ ကြည်နူးဆွတ်ပျံ့ 
ကျောင်းရနံ့ လည်းဝေဘူးတယ် ။

အဆောင်ညရဲ့ ၊ ဂီတသံစဉ်
ချိုလွင်လွင်ပျံ့  ၊ လွမ်းရနံ့ ထုံ
ရင်ခုန်လှုပ်ရှား ၊ ခံစားမျှဝေ
ကြားသိစေလို
“သီဆိုနေမယ် မင်းဘို့ သီချင်းတွေ
တစ်ညလုံးပဲ အင်းလျားလမ်းမပေါ်မှာလေ”
တစ်ဘ၀လုံးလည်း မင်းအား တမ်းတမျှော်ကာနေ
ရည်ရွယ်လေလည်း ၊ အသေချာခက်
လက်တုန့် ပြန်မှု ၊ အနုအရင့်
တားခွင့်ရစည်း ၊ ကြိုပြီးမသိ
သတ္တိမှ မရှိရဲ ခဲ့တော့
“’ဒီလိုမိုးသည်းထဲမှာ
နှုတ်ဆက်ထွက်ခွါ ရီဝေတဲ့အကြည့်ကို
ပြန်လည်ကာ မြင်ယောင်တိုင်း အသည်းမှာ စူးနစ်ခဲ့” ရသူတွေ
“လောကရဲ့ လမ်းများပေါ် လျှောက်သွားရင်းနဲ့  မောပန်းနွမ်းနယ်
မပြီးသေးတဲ့ ခရီးတစ်ခု အဆုံးထိရောက်ဘို့ ” ကြိုးစားနေကြသူတွေမှာ
နွေးထွေးလုံခြုံရာ ၊ အမေ့အိမ်ဆိုတာကို တမ်းတ
ဘ၀စခဲ့ရပြန်ပြီ…..
ဒီနေရာရဲ့ ဒီညမှာ
ကာရန်မဲ့ ရင်ခုန်သံ အသစ်တွေ
နှစ်ချို့ လေလေ ခိုင်မာလေလေ
အလွမ်းည အိပ်မက်ရှည်ပါပဲကွယ် ။

ပါလာချိန်တွေ ၊ နေကုန်သည့်တိုင်
ထိုင်နေမိကြ ၊ ဘ၀ဆိုတာ
တွေးစရာလား ၊ မေ့ချန်ထားခဲ့
အားလုံးအတူတူ……..
အဖြူရောင် ခင်မင်မှုပန်းတစ်ပွင့်
ရင်ဖြင့်ရင်းနှီး ၊ ပွင့်ပြီးမကြွေ
ဝေနေလိုက်တာ….
ရွှေဟင်္သာမှာ လမ်းလျှောက်
ရွှေကြယ်မှာ လဘက်ရည်သောက်
ရွှေအင်ကြင်းမှာ ချောင်းပေါက်
ကောက်ကြောင်းမဲ့ ဘ၀လေးတွေ
ကံတရားဖေးမနေခိုက်
ထိုက်တန်နေလွန်းလိုက်တာ
ကဗျာဆန်တဲ့ အိပ်မက်ရှည်ရယ်….
ဘယ်တော့များမှ ၊ ဘယ်ဘ၀မှာ
တို့ ရှိမှာလည်း ၊ မသိနိုင်ဘူး
ဘယ်သူမှ မသိနိုင်ခဲ့ကြဘူး ။

သမိုင်းဝန်း အင်ကြင်းဆောင်မှာ
ဂမုန်းတို့ အဖွဲ့ ရောက်ပါပြီလားလို့ 
ဘယ်သက္ကရာဇ်များအထိ
စုံစမ်းခွင့်ရှိနိုင်ဦးမှာလည်း….
တချိန်ချိန်ဆို ၊ အိပ်မက်လိုလို
တက္ကသိုလ်မှာ ၊ ဘာတွေကျန်ခဲ့သေးလည်းဟင်လို့ 
ရင်ခုန်သံမှန်တမ်းနဲ့ 
လွမ်းရုံလောက်ပဲ တတ်နိုင်ကြတော့မယ် ။

ဘာပဲဖြစ်ဖြစ် ၊ ခေတ်တခေတ်မှာ
တက္ကသိုလ်ဆိုတာ ၊ ငါတို့ ရဲ့အချစ်ဦး
အချစ်ရိုင်းတို့ အချစ်ဦးအဖြစ်
ကြမ်းရိုင်းနုထွတ်တဲ့ နှလုံးသားတိုင်းမှာ
သမိုင်း တင်ရစ်ခဲ့ပြီ ။

(၂)



ကံတရားရယ်………
ငါတို့ မှာ ဘာအပြစ်များရှိလို့ လည်း ။


အချိန်တန်ပြီ ၊ မြန်လွန်းလိုက်တာ
သာယာနုထွတ် ၊ ပစ္စုပန်တွေ
ပျော်ရွှင်ခြင်းဖွဲ့  ပစ္စုပန်တွေ….
အတိတ်လို့  သတ်မှတ်ကြရတော့မယ့်
နွေးထွေးကြည်သာ ၊ ကြင်နာရွှန်းစို
တက္ကသိုလ်လေ….
တစ်ခါတုန်းက တက္ကသိုလ်လို့ ပဲ
ရင်ထဲ ပဲ့တင် လှိုင်းခတ်တော့မယ်
ချိုမြိန်ဝင်းပ ၊ ရွရွသင်းကြူ
ဘ၀ရဲ့ကာလဖြူတွေ
ေ၀၀ါးဝါး အနာဂတ် အတွက်
ပေးဆပ်စွန့် လွှတ်ကြရတော့မယ်ကွယ် ။

ညတွေကလည်း… အိပ်ဘို့ အထိ မငြိမ်းချမ်းတော့ဘူး
စကားတွေကလည်း ပြောဘို့ အထိ မသိမ်မွေ့ တော့ဘူး
သီချင်းတွေကလည်း ဆိုဘို့ အထိ မချိုမြိန်တော့ဘူး
လမ်းတွေကလည်း လျှောက်ဘို့ အထိမချောမွေ့ တော့ဘူး
မြင်ကွင်းတွေကလည်း ကြည့်ဘို့ အထိ မစိုပြေတော့ဘူး
အတွေးတွေကလည်း လင်းလက်တဲ့အထိ မတောက်ပတော့ဘူး
ပန်းတွေကလည်း လှပတဲ့အထိမပွင့်ကြတော့ဘူး
သစ်ရွက်တွေကလည်း စိမ်းလန်းတဲ့အထိ မဝေဆာတော့ဘူး
လေညှင်းကလည်း အေးမြတဲ့အထိ မတိုက်ခတ်တော့ဘူး
နောက်ဆုံးနေ့ တွေက
တက္ကသိုလ်ရဲ့ မိုးကောင်းကင်မှာ
ပြာစလေးတွေ
လေမှာဝေ့လို့ …
မြက်ခြောက်ပင်တွေ ဆီက လာခဲ့တာ မဟုတ်ဘူး
အရာရာ ရင့်အိုနွမ်းလျ
ညကလည်း တကယ့်ည
သစ္စာတရားမှ အပ
မည်သည်ကိုမျှ အိပ်စက်ခွင့် မပြုခဲ့တဲ့ည ။

စာရေးပါ ဖုန်းဆက်ပါ
ကြုံရင်လည်း ၀င်ခဲ့ပါ
တမင်လည်းလာခဲ့ပါ
လိပ်စာတွေ ထပ်နေအောင်ပေးကြ
ဟာသတွေ ဟန်လုပ်ပြောကြရင်း
ကျောင်းသီချင်းကို ကျောင်းဝန်းထဲမှာ နောက်ဆုံးဆို
အတိတ်ကို အရိပ်လို ရှိစေချင်ရယ့်ကွယ်….. ။

ရင်ထဲဆို့ နင့်
မချင့်မရဲ
ခွဲခဲ့ရပြီ………………။

(၃)



လွမ်းမိတော့မှ
ရှိသမျှအရာ
သတိရစရာချည်းပဲနော် ။

မနေတတ်တာလား ၊ အနေခက်တာလား
မကျေနပ်တာလား ၊ အဖြေတတ်တာလား
ဘ၀ကို အနိုင်နဲ့ ပိုင်းလို့ ရပါသလား……
ဦးအောင်သွားနှင့်တာလား “တက်ထွတ်” ရေ…
အဖြစ်တိုင်း အတွက် အပျက်ကို လက်ခံခဲ့ပေမယ့်
မိုးရေထဲက ကတိသံကြိုးတွေ အတွက်တော့
မင်းနားလည်ခွင့်လွတ် တတ်မှန်းသိလည်း
ငါ… တစ်သက်လုံးရှက်နေရတော့မှာ… ။

ဝေဘူတောင်ခြေမှာ
ငါတို့ ချစ်တဲ့ “ဗလ”
စာရွက်ထဲက အရုပ်ကို
စုတ်တံနဲ့ ဆွဲ ထုတ်တတ်သူရယ့်..
စက်မှုတက္ကသိုလ် မျက်နှာစာ
မဟာတိုင်လုံးကြီးတွေရှေ့ မှာ
ကာရန်မဲ့ ကဗျာတစ်ပုဒ်
မင်းသရုပ်ဖေါ်ခဲ့ဦး။

ရန်ကုန်မှော်ဘီ
ကူးချည် သန်းချည်နဲ့ 
တကဲ့ဘ၀ထဲက လှမင်း
“နှင်းစက်နဲ့ လမ်း” ကိုဆို
သမီးလေးကိုချော့သိပ်လေ…
အိပ်မက်လှလှလေးတွေမက်ပြီးရင်
သွားချင်တာသွား ၊ မှားမသွားကြေး
စွယ်တော်ဝေးလည်း ၊ သွေးချင်းနီးနီး
ငါတို့  တစ်ခရီးတည်းနော် ။

ဟိုး… ကော့ကရိတ်မှာ
ငါတို့ ချစ်တဲ့ ”လောပန်”
အပြန်ခက်တဲ့လမ်းကိုရွေး…
စီးပွားရေးပဲ တွယ်ကပ်လုပ်
ခေါင်းကုတ်နေရပြီလား...
သားကျွေးမှု မယားကျွေးမှုမှာ
သာယာကြည်နူးနေတတ်ခဲ့ပြီလား
ဖုန်းမဆက် သတင်းမကြား
မင်းဘာတွေများလုပ်နေလည်း ။

ကိုကြီးမျိုးရေ
ဖန်ခါးမြေမှာ ၊ ရွှေလသာရင်
အရင်ကလို ၊ ကိုသီဟဆိုင်
ထိုင်ရင်းငေးမော ၊ အတောမသတ်
တောဇာတ်လည်းက ၊ မြိုင်ထလည်းထွက်
အရက်လည်းသောက် ၊ တစ်ယောက်တစ်ပေါက်
ရောက်တတ်ရာရာ ၊ ထင်ရာမြင်ရာ
ဘာရယ်မဟုတ်၊ မရှုပ်မရှင်း
မိုးအလင်း… ငြင်းရအောင် ။

မိထ္တီလာ ကန်တော်အောက်မှာ
ဖါးကောက်ရင်း ငါးမျှား….
ဘ၀မှာ နှစ်လမ်းသွားရှိပါသလား…
တရားရှိသူ အတွက်လည်း တရားရှိခဲ့
တရားမဲ့သူ အတွက်လည်း တရားရှိခဲ့..
မရှိခြင်းနှင့် ၊ ခင်းကျင်းစတင်
သည်ဇာတ်စင်ကို ၊ ပြင်ဆင်ဆက်သွင်း
“၀င်းကို ၊ ခင်သီတာ” ၊ အကြင်နာအိပ်မက်
ညတိုင်းမက်နော် ၊ သားအတွက်လည်း
ထက်ထက်မြက်မြက်
ဓါးတစ်လက်သွေး ပေးခဲ့ဦး။

သဇင် “သားကြီး”၊ ညခရီးသွား
အင်းလျာ်း “သားကြီး”၊ ဘူးသီးကြော်စား
ဂန္စမာ “သားကြီး”၊ ခရီးလမ်းဆုံး
တဖြီးဖြီး တပြုံးပြုံး…
တစ်သက်လုံး လက်တွဲနော်
တစ်ဘ၀လုံးပျော်ဘို့ အတွက်
သစ်ပင်စိုက်ပါ…
အနာဂတ်ကိုလည်း
မင်းတတ်သလိုသာ ဘာသာပြန်လိုက်တော့… ။

ဘောကြီးရေ….
အင်းစိန်မှာ တင်းတိမ်ပါပြီလား..
“သဇင်မင်း” သွားမှာလား
“အရှည်ကြီး” ဆိုင်သွားမှာလား
ငါ လည်း အားပါတယ်…
ဆိုင်မှာပဲ ဒီဇိုင်းတွေ ပြီးအောင်ဆွဲတာပေါ့
အရေးမပါတာတွေ ဆက်လုပ်ရင်း
ကိုယ့်သီချင်းကို ဆိုရအောင် ။

“မှန်ကြောင်” ”အရိုး” ၊ ကိုအောင်မိုးတို့ 
ခိုကိုးရာရှာ ၊ အေးချမ်းပါစ…..
“ကျားကြီး” ”ဘီပီ” ၊ မေခဆီလှမ်း
ထိုညချမ်းများ ၊ လွမ်းအားပါစ…
“ငဖဲ” ”ရှမ်းကြီး” ၊ ၀မ်းမီးဝင်းဝင်း
နေ့ ခင်းရေဖလား ၊ ညကားထမင်းအိုး
ဂျိုးကပ်သပ်ခွာ ၊ ကြည်နူးပါစ…
“ကိုမိုးသူ” “၀င်းကို” ၊ လိုအင်တွက်ချက်
လောကဓါတ်မှာ ၊ နှံ့ စပ်ပါစ…..
“ကုလား” “ကိုနိုင်ဝင်း” ၊ ဗျတ်တသင်းလည်း
တစ်ကိုးကင်းမှ ၊ လွတ်ကင်းပါစ….
“လှိုင်မ” “မြူဟိန်း” ၊ ကဗျာယိမ်းခင်း
ကျောင်းသီချင်းဆို ၊ နုပျိုပါစ….
“အမကြီး” “ဦးစန်းရီ” ၊ တည်ကြည်လေးနက်
ဘ၀ဇာတ်ခုံ ၊ ပြည့်စုံပါစ….
“ဌေးဌေးနိုင်” ရေ၊ “သန်းသန်းဝေ” ကော
လောက ဖတ်စာ၊ ကျေညက်ပါစ…
“ကျားပျံမောင်ကောင်း” ၊ ကွမ်း“ဦးသောင်း” တို့ 
ရောင်းရေးဝယ်တာ ၊ ပြေလည်ပါစ…
“သားကြီး” “အမောင်”၊ သိုးနှစ်ကောင်လည်း
အဖြူရောင်ည ၊ ဆုံခွင့်ရစေ….. ။

မုတ္တမပင်လယ်ကွေ့ မှာ
ရှာသူကိုတွေ့ ပါပြီလား…
ညီမလေး”ပိစိ”ရေ
သံလွင်ရေစီးနေသမျှ
ညည်းမသေစေရဘူး
အစားအသောက်လျှော့ပါ
အအိပ်အနေလျှော့ပါ
ကျန်းမာရေးဂရုစိုက်ပါ
အနာဂတ်မှာ ၊ တို့ ချစ်စရာ
တက္ကသိုလ်ဆိုတာ ရှိတယ် ။

ပင်လယ်အော်ကိုပွေ့ ယူ
ကျောက်ဖြူက “အပုလေးပေ”
ပင်လယ်ဆားငန်ရေလှိုင်း
ဘော်ငွေရောင်မြင်းရိုင်းကို
ကဆုန်ဆိုင်း ခရီးထွက်သူရဲ့
မနက်ဖြန်အတွက်
သတ်မှတ်ရက် ရှိပါပြီလား ။

မြစ်ဝကျွန်းပေါ် ၊ မျှော်ကြည့်ဖမ်းဆုပ်
ဧရာလှိုင်းပုတ်သံတို့ နဲ့ 
ဟင်္သာတ ဆိုတဲ့မြို့ ကလေး…
“ဂမုန်း” တို့  “မစိုး”တို့  မွေးရပ်မြေ…
သူတို့ တစ်တွေ ၊ ဇာတိမြေမှာ
ဧရာဝတီရဲ့ နှင်းဆီနီအတိတ်ကို
မျက်စေ့မှိတ်ဖတ်ကြား
အိပ်မက်တမ်း ကစားနေကြပြီလားကွယ် ။

နေရပ်မသိသူတွေ
ပြောင်းရွှေ့ သွားကြသူတွေအတွက်
မဆုံနိုင်ခြင်းများမှ တစ်ဆင့်
ကျေးဇူးပြု၍ ပို့ ပေးပါလို့ 
လိပ်စာတပ် စာရေး
ဒီလိုနဲ့ ပဲ ဝေးကြရတော့မှာလား ကွယ် ။

(၄)



အိပ်မက်ဆိုလည်း ၊ မစွဲမလန်း
ရှင်ခန်းဖြတ်တောက် ၊ မေ့လောက်သေးရယ့်….
စိတ်ကူးဆိုလည်း ၊ အတွေးထဲထား
စကားမချွေ ၊ နေနေသေးရယ့်…
ပုံပြင်မဟုတ် ၊ သမိုင်းရုပ်စုံ
ရင်ခုန်ဆူပွက် ၊ တစ်သက်မက
အမှတ်ရတယ်….. ။

ဘယ်မှာလည်း
ငါ့ကို သြဘာလမ်းလေး ပြန်ပေး
ငါ့ကို မေတ္တာပေါင်းကူး ပြန်ပေး
ငါ့ကို နွေးအေး ပြန်ပေး
ငါ့ကို ကန်သာယာ ပြန်ပေး
ငါ့ကို ချစ်သူတို့ လမ်းကလေး ပြန်ပေး
ငါ့ကို ဒီဖေါ်တီးနိုင်း ပြန်ပေး
ငါ့ကို သဇင်ဆောင် ပြန်ပေး
ငါ့ကို ဂျီဟော ပြန်ပေး
ငါ့ကို ဦးလေးအောင် ပြန်ပေး
ငါ့ကို ၀မ်းသရီး စစ်စတင်း ပြန်ပေး
ငါ့ကို အယ်လ်တူး ပြန်ပေး
ငါ့ကို သမိုင်းဝန်း ပြန်ပေး
ငါ့ကို အာရ်စီတူး ပြန်ပေး
ငါ့ကို ဘီပီအိုင် မှတ်တိုင် ပြန်ပေး
ငါ့ကို ပစ္စည်းမဲ့ ဂိတ် ပြန်ပေး
ငါ့ကို င့ါကို၊ မငိုပါဘူး
ရူးအောင်လွမ်းတယ်၊ ဘယ်ဆီမှန်းဆ
အရွယ်တော်လန်းစ ရွက်နုတစ်ရွက်လို
တို့ ရဲ့… စွယ်တော်နန်းက စက်မှုတက္ကသိုလ်….

သတိရလို့ ၊ ခဏအရောက်
အကြည့်ကောက်ကြောင်း ၊ နေရာဟောင်းဆီ
ဦးတည်စုဆုံ…
တို့ ခိုလှုံနွေးထွေးနေကျ
ကျောင်းရှေ့ က မှတ်တိုင်လေး…
မြက်ရိုင်းတောကြားက
ချစ်သူ့ အဆောင်….
ခန်းဆီးမဲ့အခန်းငယ်များ
ဝိညာဉ်မဲ့ အေဘီစီဒီအီးအက်ဖ်ဂျီ…
ခေါင်းလောင်းအက်နေသော ကျောင်းတော်ကြီး…
ကင်တင်း ရုပ်ကြွင်း အစအနများ…
လမ်းမပေါ်ရောက်နေတာမှ
ဘယ်သွားရမှန်းမသိရှာတဲ့
နွမ်းခြောက်ခြောက် ရွက်ဝါလေးတွေ…
အရာရာဟာ အေးစက်နေခဲ့ပါပြီကွယ်…
လွမ်းဆွတ် မောလျနေသူတစ်ယောက်သာ
မြင်မြင်ရာ ကြေကွဲစိတ်နဲ့ 
အတိတ်ကိုအသက်သွင်း…
ကျောင်းသီချင်းကို တိုးတိုးဆို…
မဟာတိုင်မြင့်ကြီးတွေကို တိုင်တည်လို့ …. ။

“စောင့်မျှော် လွမ်းဆွတ်ခြင်းတွေနဲ့ 
မင်းကိုမင်း အဆုံးရှုံးမခံနဲ့ လေ…
ငါလည်း… တစ်ခါက ရယ်မောသံတွေကို ပြန်ကြားချင်စိတ်နဲ့ 
အတိတ်ကို တမ်းမက်နေဆဲပါ…
မဖြစ်နိုင်တာတွေ ၊ မရှိနိုင်တာတွေကိုတောင်မှ
အိပ်မက်အဖြစ်၊ စိတ်ကူးအဖြစ်နဲ့ 
နှစ်သိမ့်ပျော်နိုင်သေးတာ
တည်ရှိသမျှအားလုံးကို လက်ခံလိုက်ပါ…
မြစ်အစင်းစင်းကတော့
မြစ်ကြောင်းကျဉ်းကျဉ်းကို
ရေစီးနက်နက် ထွင်းဖေါက်
ပင်လယ်ဆီရောက်အောင် သွားခဲ့ကြတာပဲ…
သမိုင်းဆိုတာ ရှိတယ်…
ပန်းပွင့်တွေကမှ မလှပစေခဲ့တဲ့သစ်ပင်အတွက်
သစ်ရွက်တွေနဲ့ စိမ်းလန်းခွင့်
မျှော်လင့်ကြရအောင်” တဲ့
ကျောင်းအိုကြီးကို နှုတ်ဆက်
စွယ်တော်ပင်အိုကြီးကို နှုတ်ဆက်
မြက်ခြောက်တောကြီးကို ကျော်ဖြတ်လို့ 
ရေညှိခြောက်တွေပေါ်ဖြတ်နင်းရင်း
ကျောင်းဝန်းထဲက ထွက်ခဲ့တယ်…
လူ့ ဘ၀ဆိုတာ အတွက်
ထပ်မံရှာဖွေစရာများ
တွေ့ လို တွေ့ ငြားနဲ့ ပေါ့…………………။ ။

ကိုသျှား

***********************

ကိုသျှားကဗျာကို တန်ခူးက ပြန်လည်ဝေမျှပါသည်။
12:55am 21-Aug-2010

Saturday, August 7, 2010

အချစ်နဲ့ ရွေးချယ်ခြင်း



(ပုံကို အင်တာနက်မှ ရပါသည်)

ကျောင်းတုန်းက ချစ်ခြင်းအစ အထင်ကြီးခြင်းက လို့  သူငယ်ချင်းက အခိုင်အမာဆိုလာတဲ့အခါ နှလုံးသားရဲ့ ခံစားမှုက အချစ်အတွက်အရေးကြီးဆုံးပါလို့  ကိုယ်က သေသေချာချာကြီးကို ငြင်းခဲ့တယ်။ အဆင့်အတန်း၊ ဂုဏ်သိက္ခာ၊ အရည်အချင်းတွေ ကွာခြားပေမယ့် အချစ်ဆိုတာနဲ့  ဆုံတွေ့ လိုက်ရတဲ့အခါ ကျန်တာတွေက မှုန်ဝါးသေးသိမ်သွားတတ်တာ ဘယ်လိုလုပ်မလဲ ဆိုပြီး အချစ်ကို ဝေေ၀၀ါးဝါးသာသိသေးတဲ့ အဲဒီအရွယ်မှာ ကိုယ်က အချစ်ဘက်က ရပ်တည်ခေါင်းမာခဲ့သေးတာ။ သူငယ်ချင်းက ဘယ်လောက်ပဲ အဆင့်အတန်းတွေ ကွာခြားပါစေ အထင်ကြီးစရာ အချက်လေး တခုလောက်တွေ့ ရာက အချစ်စတာပဲတဲ့လေ။ ဟုတ်ပါ့မလား။ ကိုယ်ကိုယ်တိုင် အချစ်ကို တကယ် ကြုံတွေ့ လာတဲ့အခါ သူငယ်ချင်းက… ငါမပြောလားတဲ့။ ဟုတ်သေးပါဘူး။ ခုထက်ထိ ကိုယ်က ခေါင်းမာစွာ ငြင်းတတ်နေတုန်းပဲ။ အချစ်ဆိုတာ ဘယ်အရာတခုမှ စွက်ဖက်ခြင်းမပါတဲ့ နှလုံးသားသက်သက်ရဲ့ စိုးပိုင်မှု။ အထင်ကြီးရာက အခြေခံတဲ့ ရွေးချယ်ခဲ့ခြင်း မဟုတ်ဘူးဆိုတာ ကိုယ့်နှလုံးသားက သက်သေလေ။ ဒါပေမယ့်… အဲဒါဟာ ဖေါ်မြူလာတခုမဟုတ်တာတော့ ကိုယ်ဝန်ခံမိတယ်။ နှလုံးသားမတူရင် ခံစားချက်တွေလဲ မတူနိုင်ဘူးမိုလား။

ပညာအရည်အချင်း၊ အဆင့်အတန်း၊ အသိုင်းအ၀ိုင်းကို အခြေခံပြီး ဈေးကွက်တခုလို သတ်မှတ်လို့ ရတဲ့ အိမ်နီးချင်းနိုင်ငံတခုရဲ့ အိမ်ထောင်ရေးထုံးစံကို ကိုယ်တွေ့ မြင်လိုက်ရတော့ … အဲ… နှလုံးသားတခုကို မေ့လျော့နေတဲ့ ကြောက်စရာထုံးစံကြီးပါလားလို့  တွေးမိသေးတယ်။ လုပ်ဖော်ကိုင်ဖက် ကောင်လေးက သူအိမ်ထောင်ပြုရတော့မယ်လို့  ကိုယ့်ကို မျက်ရည်တွေဝဲပြီး ရင်ဖွင့်တဲ့အခါ သူအသက်လောက်ချစ်ရတဲ့ သူ့ ကောင်မလေးနဲ့  အိမ်ထောင်ပြုတော့မယ်လို့  ထင်တဲ့ကိုယ်က အလိုက်မသိစွာ ဟားတိုက်ရယ်မောခဲ့သေးတယ်။ ငါအိမ်ထောင်ပြုရမှာ ငါ့အဖေရွေးတဲ့ သတို့ သမီးတဲ့။ ငါ့ချစ်သူကို ငါခွဲထားရစ်ရတော့မယ် ဆိုတော့ စိတ်ကူးယဉ်တတ်လွန်းတဲ့ ကိုယ်က… ဟာ… နင်ကလဲ ခိုးပြေးပေါ့… မိဘနဲ့  သားသမီး တနေ့  အဆင်ပြေမှာပဲလေလို့  အားမလိုအားမရနဲ့  တိုက်တွန်းမိတာပေါ့။ ဒါပေမယ့်… အဆုံးမှာတော့ နှလုံးသားတခုဟာ ရှေးရိုးထုံးစံအောက်မှာ မြင်မကောင်းလောက်အောင် ပြားပြားဝတ် ကြေမွပျက်စီးလို့ ။

ပိတ်ရက်မှာ shopping အတူထွက်ရအောင်လို့  ကိုယ်က လုပ်ဖော်ကိုင်ဖက် ကောင်မလေးကို အဖော်စပ်တော့ ငါ့အမျိုးသားကခွင့်ပြုမှာ မဟုတ်ဘူး… သူခွင့်မပြုရင် ငါဘာမှမလုပ်ရဲဘူးတဲ့။ သေလိုက်ပါတော့ဟယ်… ဈေးဝယ်ထွက်တာ မဟုတ်တာလုပ်တာမှ မဟုတ်တာလို့  ကိုယ်က မ၀င်သင့်တဲ့ ကြားထဲ ၀င်မိသေးတယ်။ နောက်မှ သူ့ ဆီက သူ့ ခံစားမှုကို ရဲရဲတောင် ဖွင့်ဟမပြောရဲလောက်အောင် လွတ်လပ်မှုတွေ ဆုံးရှုံးနေတဲ့ သူ့ အိမ်ထောင်ရေးကို တဖြေးဖြေး သိလာရတဲ့အခါ နင်ဘာလို့ များ ဒီလိုလူမျိုးကို ရွေးချယ်ခဲ့တာလဲဟယ်လို့  မမြင်ရတဲ့ အနာဂတ်နဲ့  အကဲခတ်ရခက်တဲ့ စိတ်နေသဘောထားတွေကို အတင်းကြီး မေ့ချင်ယောင်ဆောင်ပြီး ကိုယ်က မချင့်မရဲပြောမိသေးတာ။ ပြီးမှ… အေးပေါ့လေ… နင်က သူ့ ကို ချစ်တော့လဲ အဲဒီလို ထိန်းချူပ်ရတာကို ပျော်ချင်လဲ ပျော်နေမပေါ့ဆိုတော့… သူက မျက်ရည်တွေဝဲပြီး… အဲဒါဟာ အချစ်လား… ဒါမှမဟုတ် မှားယွင်းတဲ့ ရွေးချယ်ခြင်းလား ငါကိုယ်တိုင်ကို မသေချာဘူးဟာတဲ့။ ကျောင်းတုန်းက ကိုယ်ချစ်တဲ့ကောင်မလေးကို ပြစ်ပြီး ပိုက်ဆံရှိတဲ့ ကောင်မလေးကို ချစ်ရေးသွားဆို လက်တွဲခဲ့တဲ့ ကောင်လေးကို ပြေးမြင်ယောင်မိတယ်။ ဘာရယ်မဟုတ်ပါဘူး။ တခွန်းလောက်တော့ မေးချင်မိတယ်… နင်တကယ်ရော ပြီးပြည်စုံလား… ပျော်ရဲ့လား ဆိုတာကိုပါ။

ခုတလော မကြည့်တာ ကြာပြီဖြစ်တဲ့ Bachelor နဲ့ bachelorette ဇာတ်လမ်းတွဲတွေကို Mio TVက တဆင့်ကြည့်ဖြစ်တယ်။ ဟိုးအရင် စကြည့်တုန်းက ကိုယ့်နိုင်ငံ… ကိုယ့်ယဉ်ကျေးမှုနဲ့  အတော်ကို ဆန့် ကျင်နေတဲ့ အဲဒီဇာတ်လမ်းတွဲကို အတော်အံ့သြမိတာ။ ကြည့်ရင်း ကြည့်ရင်းနဲ့  စိတ်ဝင်စားလာမိတဲ့ အချက်က အချစ်နဲ့  ရွေးချယ်ခြင်း။ ယောင်္ကျားလေးတယောက်ရဲ့ ရွေးချယ်ခြင်းကို မျက်စိမှိတ်ခံယူဖို့  အသင့်ဖြစ်နေတဲ့ မိန်းကလေး ၂၅ယောက်။ အဲဒီ သတို့ သားလောင်းဟာ အဲဒီမိန်းခလေးတွေထဲက သူ့ သတိုးသမီးကို ဘယ်လို စံနှုန်းမျိုးနဲ့  ရွေးချယ်မလဲ။ ပြီးတော့ သူ့ နှလုံးသားက အဲဒီ မိန်းခလေး ၂၅ယောက်ထဲမှာ ကန့် သတ်ဘောင်ခတ်ထားလို့ ရော ရသလား။ ဒီမိန်းခလေးတွေထဲမှာ သူ့ ကို တကယ်ချစ်မြတ်နိုးတဲ့ မိန်းခလေး ဘယ်နှစ်ယောက်ပါနိုင်မလဲ။ သူရွေးချယ်လိုက်မိသူက သူ့ ကို တကယ်ချစ်မြတ်နိုးတဲ့ မိန်းခလေး ဟုတ်မနေခဲ့ရင်။ Bachelor ကို စပြန်ကြည့်ပြီး သူနောက်ဆုံးရွေးချယ်လိုက်တဲ့ မိန်းခလေးကို ကိုယ်က အတော်ကို စိတ်ပျက်သွားမိတယ်။ သူတို့ ၂ယောက်ရဲ့ကြား တံတားခင်းပေးလိုက်တာက နှလုံးသားမဟုတ်တဲ့ တခြားတခု။ သိပ်မကြာပါဘူး… သူတို့ နှစ်ယောက်ကွဲကြရော။ အိမ်ထောင်ရေး ခိုင်မြဲအောင် ချည်နှောင်ထားတဲ့ ကြိုးတွေထဲမှာ အဲဒီကြိုးက မသေချာဆုံးမိုလား။

ဟိုတပတ်ကမှ ပြီးသွားတဲ့ bachelorette ဇာတ်လမ်းတွဲက သတို့ သမီးလေး ပန်းကုံးစွပ်လိုက်တဲ့ သတို့ သားလေးကတော့ ကြည့်သူပရိသတ်ကို ကြည်နူးစရာ။ နှလုံးသားရဲ့ စေညွှန်ရာနောက်ကိုသာ လိုက်ပြီး အချစ်သက်သက်နဲ့ ရွေးချယ်ခြင်း။ ချစ်ခြင်းမေတ္တာနဲ့  ချည်နှောင်ထားတဲ့ သူတို့ ကြိုးက ပိုလို့ ယုံကြည်စိတ်ချရတယ်လို့  ကိုယ်အထင် ကိုယ့်အတွေးနဲ့  သူတို့ အနာဂတ်ရေးကို ဆေးခြယ်ကြည့်နေမိသေးတာ။

ရွေးချယ်ခြင်း... သူငယ်ချင်း အပျိုကြီးတယောက် ပြောတဲ့စကားကို ကိုယ်ဘယ်တော့မှ မမေ့ဘူး။ ကြိုက်သူတွေ ၀ိုင်းဝိုင်းလည်နေတဲ့ကြားထဲမှာ သူ့ နှလုံးသားက ဘယ်သူ့ ကိုမှ ချစ်လို့ မရလို့  အပျိုကြီးလုပ်နေခဲ့တာတဲ့။ ဘယ်လောက်လှလိုက်တဲ့ ဆုံးဖြတ်ချက်လဲနော်။ နှလုံးသားဗလာသက်သက်နဲ့  အိမ်ထောင်တခုကို ဘယ်တော့မှ မထူထောင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်။ ဖတ်ဖူးတဲ့ ၀တ္ထုတိုလေး တပုဒ်ကို သွားသတိရမိတယ်။ ယောင်္ကျားလေး တယောက် အိမ်ထောင်ဖက်ရွေးချယ်တဲ့ စံနှုန်းထားတွေနဲ့  အရမ်းထက်မြက်တဲ့ မိန်းခလေးတယောက်က သူ့ အမှတ်ပေးစည်းမျဉ်းထဲမှာ အမှတ်အနဲဆုံးနဲ့  ပယ်ခံခဲ့ရတဲ့ အကြောင်း။ ထက်မြက်ခြင်းဟာ အိမ်ထောင်ဖက်အဖြစ် ရွေးခြယ်တဲ့အခါ အမှတ်လျော့စေသတဲ့လား။ အဓိကက ထက်မြက်တာ မထက်မြက်တာထက် နားလည်မှုက အရေးကြီးဆုံး မဟုတ်လား။ တယောက်နဲ့ တယောက်နားလည်မှုရှိရင် ခြေလှမ်းတွေ သူ့ အလိုလို ညီသွားကြတာပဲပေါ့။ ကိုယ်သိပ်ချစ်တဲ့ မိန်းခလေးတယောက်ကို ထက်မြက်လွန်းလို့ … ဥပေက္ခာပြုကျောခိုင်းသွားတဲ့ ယောင်္ကျားတယောက်ရဲ့ ဆုံးဖြတ်ချက်တခုဟာ သိပ်များ အတ္တကြီးလွန်းနေသလားလို့ လေ။ ကိုယ်သိပ်ချစ်တဲ့ ယောင်္ကျားတယောက်ဟာ ကိုယ့်လောက် မထက်မြက်လို့  ကျောခိုင်းချန်ထားခဲ့တဲ့ မိန်းခလေးတယောက်ရဲ့ ဆုံးဖြတ်ချက်ကလဲ အတူတူပါပဲ။

အိမ်ထောင်ဖက်ရွေးချယ်တဲ့အခါ နှလုံးသားသက်သက်နဲ့  ရွေးချယ်လို့ မရဘူးဆိုတာ မှန်ပေမယ့် နှလုံးသားမပါတဲ့ ရွေးချယ်ခြင်း သက်သက်ကျပြန်တော့ ကြိုးတန်းပေါ်လမ်းလျှောက်ရသလိုများ ဖြစ်နေမလား။ ချစ်သူကို ချန်ထားခဲ့ပြီး ဦးနှောက်သက်သက်နဲ့  ရွေးချယ်ခဲ့တဲ့ သူငယ်ချင်းတယောက်ကတော့ သူ့ အိမ်ထောင်ရေးကို ကျေနပ်အားရပါသတဲ့။ လိုတရတဲ့ဘ၀မှာ အချစ်ဆိုတာ ဟိုးခပ်ဝေးဝေးမှာ မှုန်မှုန်ဝါးဝါးနဲ့  မသဲမကွဲ ကျန်ခဲ့တယ်ဆိုပဲ။ ဒါဆို ကိုယ်ကပဲ… အချစ်… အချစ်နဲ့  ခပ်ကြောင်ကြောင်စံနှုန်းတွေကြား လက်တွေ့ မကျတဲ့ လူတယောက်များ ဖြစ်နေမလား။ လူတယောက်ချင်းဆီရဲ့ ခံယူချက်ပေါ် မူတည်ပြီး အချစ်နဲ့ ရွေးချယ်ခြင်းကို အရောင်တွေနဲ့ များ တင်စားမယ်ဆိုရင် ပြာလိုက်… ၀ါလိုက်… စိမ်းလိုက်… နီလိုက်နဲ့ … သေချာတာက ပုံသေနည်းတခု အဖြစ်သတ်မှတ်လို့ မရတာပဲပေါ့။

တန်ခူး
7-Aug-2010 1:33am

Thursday, July 8, 2010

ကျွန်မ နဲ့  မောင်




ချစ်သောသက်ဝေ ချစ်လို့ တက်ဂ်သောပို့ စ်ကို သက်ဝေကို ချစ်လို့ ရေးပါသည်။

အသွင်မတူ အိမ်သူမဖြစ်ဆိုတဲ့ စကားလေးကို ကိုယ်ကိုယ်တိုင် အိမ်ထောင်ကျတော့မှ ယုံရခက်ခက်ဖြစ်လောက်အောင် ကျွန်မနဲ့ မောင်ကြား အတော်များများက ကွဲပြားခြားနားလွန်းလှပါတယ်။ ဒီအကြောင်းကို အမှတ်တရ အနေနဲ့  “မောင် နဲ့  ကျွန်မ” ဆိုတဲ့ ပို့ စ်လေး တခုရေးခဲ့ဖူးပါတယ်။

သူငယ်ချင်း သက်ဝေတက်ဂ်တော့မှ ကျွန်မနဲ့ မောင် အကြား ဘာတွေများ ထပ်တူကျ၊ ကာရံညီပါသလဲ ဆိုတာ အပြေးအလွှား စဉ်းစားရတော့တယ်။ ဘဲဥအစရှာမရသလို ချက်ချင်းကြီးကို အဖြေက ထွက်မလာတော့ သက်ဝေကို အားကျပြီး မောင့်ကိုပဲ မေးမိတော့တယ်။ အကိုကြီးလိုများ လှလှပပ အဖြေလေးများ ထွက်လာမလားလို့ ပါ။ အဖြေက သိပ်ဝေေ၀ဆာဆာ မဟုတ်သလို၊ လှလှပပလဲ မဟုတ်လှပါဘူး။ ရိုးရိုးရှင်းရှင်းကြီး “သိဘူးလေကွာ” တဲ့။ စိတ်က မနေ့ ညက လွတ်သွားတဲ့ စပိန် နဲ့  ဂျာမဏီ Highlightဆီရောက်နေတော့ ရှိပါစေတော့။ ကိုယ့်အား ကိုယ်ကိုးမှဆိုပြီး ဘောလုံးပွဲကိုကြည့်ပြီး စပိန် နဲ့  ဂျာမဏီမှာ ဂျာမဏီကို နိုင်စေချင်တာလို့  ကျွန်မက အမှတ်တမဲ့ ရေရွတ်မိတော့ ခုနက mood နဲ့  ဆန့် ကျင်စွာ ပြုံုးပြုံးကြီး “မောင်လဲ တူတူပဲ” တဲ့။ ကဲ… ချစ်သက်ဝေရေ… တူတာတခုတွေ့ သွားပြီ။ ပျော်သာ။ ဘောလုံးက စစဉ်းစားမိတော့မှ။ ဟုတ်ပါရဲ့။ ဘောလုံးအသင်းတွေမှာ ကျွန်မနဲ့ မောင် အကြိုက်ချင်းက ထပ်တူကျမတတ် တူပါတယ်။ ဥပမာ… မန်ယူ မကြိုက်တာချင်း (မန်ယူသမားတွေ ခဲနဲ့ မထုကြပါနဲ့ နော်…. လူတကိုယ် အကြိုက်တမျိုး မိုလား)… ပြီးတော့ ရော်နယ်ဒို(ပေါ်တူဂီ) ကိုမကြိုက်တာချင်း။
စပိန် နဲ့  နယ်သာလန်မှာ စပိန်နိုင်စေချင်တာလဲ တူနေပြန်ရောလေ။

မောင်က တခါတလေ မြန်မာသီချင်းတွေကို ဂီတာနဲ့ တီးတတ်ပါတယ်။ အဆိုမပါ အတီးသက်သက်ပေါ့။ အဆိုတော်မာမာအေးရဲ့ နာမည်ကြီးသီချင်း ချစ်သူ့ နယ်မြေကို(ညက အိပ်ချင်မူးတူးနဲ့ ရေးလိုက်တာ အရမ်းကြိုက်တဲ့ ချစ်သူ့ နယ်မြေက ဘယ်လိုကဘယ်လို ချစ်သူ့ ရင်ခွင်ဖြစ်သွားလဲမသိလိုက်ပါဘူး… ခွင့်လွှတ်ပါ) မောင်များဂီတာလေးတီးရင် ကျွန်မလုပ်လိုက်စ အလုပ်ရပ်ပြီး ခံစားနားထောင်မိတော့တာပါပဲ။ တခါတခါ ထူးအိမ်သင်Mood နှစ်ယောက်လုံး ၀င်နေကြရင် မောင်က ဂီတာတီး၊ ကျွန်မက သီချင်းစာအုပ်ကြီးဖွင့်ဆိုနဲ့  တော်တော်ကို အတိုင်အဖောက်ညီတဲ့ အချိန်တွေပေါ့။ များသောအားဖြင့် ကီးအောက်နေတဲ့ ကျွန်မအသံကြီးကို မောင်က သည်းခံနားထောင်ရတာက လွဲလို့ ပေါ့။ ပြီးရင် ထူးအိမ်သင်လွမ်းကြောင်းတွေ အားရပါးရအတူပြောတတ်ကြတယ်။ မောင်ဂီတာတီးနေကျ စိုင်းထီးဆိုင်၊ ခင်မောင်တိုး၊ ခိုင်ထူး၊ မွန်းအောင် သီချင်းတော်တော် များများကလဲ မောင်နဲ့ ချစ်သူမဖြစ်ခင် အချိန်ကတည်းက ကျွန်မစွဲစွဲမက်မက် နားထောင်နေကျသီချင်းတွေဖြစ်နေတတ်ပါတယ်။ ခုနောက်တက်တဲ့ လူငယ်ထဲက Lလွန်းဝါကို ကြိုက်တာချင်းတူပြန်ရောနော်။

မြန်မာရုပ်ရှင်ကားတွေကို များသောအားဖြင့် မောင်နဲ့ အတူမကြည့်ဖြစ်ပဲ ကျွန်မတယောက်ထဲ ကြည့်ဖြစ်ပေမယ့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးကားတွေကိုတော့ အဖော်စပ်စရာမလို နှစ်ယောက်လုံး စိတ်ဝင်တစား ကြည့်တတ်ကြပါတယ်။ မင်းထင်ကိုကိုကြီးကားတွေကို အတော်များများက ကြောင်တယ်၊ ပျင်းစရာကောင်းတယ်လို့  ဝေဖန်ကြပေမယ့် တင်ပြပုံထူးပြီး အနုပညာမြောက်တယ်လို့  ကျွန်မနဲ့ မောင်ရဲ့ မှတ်ချက်တွေက ထပ်တူကျပါတယ်။ ကျွန်မဖတ်တဲ့ စာအုပ်တော်တော်များများကို မောင်က စိတ်မ၀င်စားပေမယ့် မင်းလူဝတ္ထုတွေဆို မောင်က လုဖတ်တတ်ပါတယ်။ ဂျူးဝတ္ထုတွေကိုတော့ ကျွန်မက ဖတ်ပြီးရင် တတွတ်တွတ်ပြောတတ်လေလို့ လားမသိ စိတ်ဝင်တစားဖတ်တတ်သေးတယ်။

ကျွန်မနဲ့ မောင် RIT သက်တမ်းတလျှောက်လုံး ပထမနှစ်နဲ့  ဒုတိယနှစ်ကလွဲရင် အတူတက်ခဲ့ရတာမို့  တချို့ ညတွေ ကျောင်းအကြောင်း စားမြုံ့ ပြန်တတ်ကြပါတယ်။ ထူးခြားတာက ဆရာတွေအကြောင်း ပြန်ပြောဖြစ်ကြတာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေအကြောင်း ပြောဖြစ်ကြတာပဲဖြစ်ဖြစ်… ကျွန်မနဲ့ မောင် သဘောထားနဲ့  ထင်မြင်ချက်တွေက ထပ်တူနီးပါးဖြစ်နေတတ်တယ်။ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီဖို့ ဆို တယောက်နဲ့ တယောက် ညှိနေဖို့ မလို နှစ်ယောက်လုံး ကိုယ်တတ်နိုင်သလောက် စိတ်ပါလက်ပါ လုပ်တတ်ပါတယ်။

ကျွန်မနဲ့ မောင်က မိသားစုတွေမှာ အကြီးဆုံးတွေမို့  မိဘအပေါ်ထားတဲ့ မေတ္တာ၊ စေတနာ ပမာဏကလဲ တူတူပါပဲ။ သားအပေါ်ထားတဲ့ မျှော်လင့်ချက်နဲ့ သဘောထားတွေမှာလဲ ကျွန်မဖွင့်ပြောလိုက်တာနဲ့  မောင်စိတ်ထဲရှိတာတူနေတတ်သလို၊ မောင်ဖွင့်ပြောလိုက်တာနဲ့  ကျွန်မစိတ်ထဲ ရှိတာ တူနေပြန်ပါတယ်။ မောင်ရော ကျွန်မပါ သားကို အရမ်းကြီး ထူးချွန်ထက်မြက်ဖို့ က သူ့ ကံပါသလောက်လို့  သဘောထားပြီး သိပ်လောဘမကြီးမိသလို သူ့ ဘ၀ရွေးချယ်မှုကိုလဲ ငြိမ်းချမ်းမှု ကို ရှေ့ တမ်းတင် ရွေးချယ်စေချင်ကြတာပါ။

ချစ်တဲ့သက်ဝေရေ… တူတဲ့အချက်တွေ ဇကာစစ်ချတော့ ဇကာထဲမှာ အတော်တင်ကျန်ရစ်တာပဲနော်။ မဆိုးပါဘူးလေ။ ဒီပို့ စ်ရေးလို့ လဲ ပြီးရော အသွင်မတူ အိမ်သူမဖြစ်ဆိုတဲ့ စကား မှန်တော့မှန်သားပဲလို့  တယောက်ထဲ ကြိတ်မှတ်ချက်ချမိလေရဲ့။

တန်ခူး
10:11PM 8-Jul-2010

Wednesday, June 16, 2010

သားနဲ့ ဘာသာပြန်

သားကို မြန်မာလို မပြောတတ်မှာ ကြောက်လို့  ကျွန်မတို့ နှစ်ယောက်လုံးက တတ်နိုင်သမျှ မြန်မာလိုသာပြောပါတယ်။ သားကတော့ တနေ့ လုံးကျောင်းမှာ အင်္ဂလိပ်လို ပြောလာရတော့ အရှိန်က မသေပဲ အိမ်မှာလဲ ဘိုလိုတွေမှုတ်တော့ ကျွန်မရော သူ့ အဖေပါ မကြာခဏ သတိပေးရပါတယ်။ သားမြန်မာလိုပြော၊ မြန်မာလိုပြောဆို တခါတလေ သူက အင်္ဂလိပ်လို ၀ါကျစီပြီး မြန်မာလို ဘာသာပြန်လိုက်၊ မြန်မာလို ၀ါကျစီပြီး အင်္ဂလိပ်ဘာသာပြန်လိုက်နဲ့  အလုပ်တွေရှုပ်နေတတ်ပါတယ်။ တခါတလေ သားရဲ့ဘာသာပြန်တွေက ကမောက်ကမဖြစ်ပြီး ရယ်စရာတွေဖြစ်သွားတတ်တာမို့  သားရဲ့တမူထူးခြားတဲ့ ဘာသာပြန်တချို့ ကို မျှဝေပေးလိုက်ပါတယ်။

ဘာသာပြန် ၁

သား။ ။ ။ မေမေ ကျွန်တော်ကိုရင်ဝတ်ချင်တယ်…
မေမေ။ ။ ။ ၀တ်ရမှာပေါ့သားရယ်… သား ရ နှစ်ပြည့်ရင် မေမေက ရှင်ပြုပေးမှာ…
သား။ ။ ။ ကျွန်တော် ကိုရင်အင်္ကျင်္င်္င်္ီဝတ်ရမှာပေါ့နော်…
မေမေ။ ။ ။ ကိုရင်အကျီင်္လို့  မခေါ်ဘူးသားရဲ့… သင်္ကန်းလို့ ခေါ်တယ်… ဘုန်းဘုန်းတွေ ရုံတာလေ… သားသိတယ်မိုလား…
သား။ ။ ။ ဟုတ်ကဲ့
မေမေ။ ။ ။ သားက ကိုရင်လေးဖြစ်ရင် ဖေဖေ့ကို ဖေဖေလို့  ခေါ်လို့  မရဘူး… ဒကာကြီးလို့ ခေါ်ရမှာ….
သား။ ။ ။ အဲဒါဆို ဖေဖေက Mr Big Door ပေါ့နော်… ဟားဟား
မေမေ။ ။ ။ တံခါးကြီးလို့ ပြောတာ မဟုတ်ဘူးသားရဲ့… ဒကာကြီးလို့ ပြောတာ….

ဘာသာပြန် ၂

သား။ ။ ။ ဖေဖေ ကျွန်တော့ နှာခေါင်းကြီး ထွက်ပြေးနေတယ်… ဟိဟိ
ဖေဖေ။ ။ ။ သားနှာခေါင်းက မျက်နှာမှာ ကပ်နေတာ ဘယ်လိုလုပ်ထွက်ပြေးလို့  ရမှာလဲ…
သား။ ။ ။ ဟုတ်ဘူးလေ… နှာစေးနေတယ်လို့ ပြောတာ…
ဖေဖေ။ ။ ။ ဟေ… နှာစေးတာနဲ့  နှာခေါင်းထွက်ပြေးတာ ဘာဆိုင်လို့ လဲသားရဲ့…
သား။ ။ ။ Running Nose လေ…

ဘာသာပြန် ၃
သား။ ။ ။ မေမေ slow motion ဆိုတာ ဘာလဲသိလားဟင်…
မေမေ။ ။ ။ ဖြေးဖြေးလေး ရွေ့ သွားတာ…ဖြေးဖြေးလေး လှုပ်ရှားတာပေါ့သားရဲ့…
သား။ ။ ။ဟုတ်ဘူး… မှားတယ်…
မေမေ။ ။ ။ မှားတယ်ဟုတ်လား… သားက ဘာလို့ ထင်လို့ လဲ…
သား။ ။ ။ ဖြေးဖြေးလေး အီးပါတာကို ပြောတာ…
မေမေ။ ။ ။ ဘယ်လို…
သား ။ ။ ။ အီးအီးပါတာက pass motion လေ… slow motion ဆိုတော့ အီးအီးဖြေးဖြေးပါတာပေါ့…


သားရဲ့ ဘာသာပြန်လေးတွေ နောက်များ စိတ်ဝင်စားစရာရှိရင် ဝေမျှပါဦးမယ်…။

တန်ခူး
11:31pm 16-Jun-2010

Monday, June 14, 2010

ဘလော့ပေါ်က မောင်နှမများ (က မှ အ)

ဘလော့နဲ့ ဝေးနေလိုက်တာ အတော်ကြာနေပါပြီ။ ဘာကြောင့်အဲဒီလောက် အကြာကြီးဝေးနေရခဲ့သလဲဆိုတာ နောက်တော့ ရှင်းပြပါ့မယ်။ တာဝန်မကျေဆုံး ဘလော့ဂါတယောက်ကို အမှတ်တရ ဘလော့သူငယ်ချင်းတွေထဲ ထည့်ပြီး တက်ဂ်ပေးတဲ့ သံယောဇဉ်ကြီးလွန်းတဲ့ ချစ်သူငယ်ချင်းသက်ဝေကို ကျေးဇူးပါ။ အတော်နောက်ကျမှ ရေးဖြစ်တာကို သက်ဝေနားလည်ကောင်းပါရဲ့နော်။ ခုလို စိတ်ရှည်ရှည်နဲ့ စောင့်ပေးတာ ကျေးဇူးပါ။ ဘလော့နဲ့ အနေဝေးလို့ များ မေ့သွားမယ်လို့ ထင်သလား ရောင်းရင်းတို့ ရေ။ အားလုံးကို ရင်ထဲအမြဲလွမ်းနေတယ်ဆိုတာ မယုံရင် သက်သေပြမယ်နော်။

က - ခံစားချက်တွေကို ထိထိမိမိစကားလုံးတွေနဲ့ ပုံဖော်တတ်တဲ့၊ ဝေါဟာရတွေကြွယ်ဝလွန်းတဲ၊ ကဗျာရေးကောင်းတဲ့ ကောင်းကင်ကို ကဗျာတွေကို လွမ်းသလို၊ အရေးအသားသွက်တဲ့ ကိုကလိုစေးထူးရဲ့ နဂျယ်ကောင်လေးကိုလဲ သတိရတယ်။ အရေးခက်တဲ့ သရော်စာတွေ ထိထိမိမိရေးတတ်တဲ့ ကိုပေါရဲ့ ပိတောက်ရိပ်အောက် တခေါက်လောက်တော့ အလည်ရောက်ချင်သေးရဲ့။ ထူးခြားထက်မြက်တဲ့၊ ဗဟုသုတစုံလင်တဲ့၊ စာပေးဝမ်းစာပြည့်ဝတဲ့… ပြီးတော့ ယုံကြည်ချက်တွေပြင်းထန်စူးရှတဲ့ ညီမလေးကေရဲ့ ရည်ရွယ်ချက်ကောင်းတဲ့ တွေးစရာပို့ စ်လေးတွေကို တသသလွမ်းတယ်။

ခ - ရင်ဘတ်ချင်းတူတဲ့ အမကြီးခင်မင်းဇော်ကို ရင်ဘတ်ထဲက နင့်နင့်သီးသီးလွမ်းတယ်။ စတိုင်ထူးတဲ့ မခင်ဦးမေ စာတွေဖတ်ပြီး ပြုံးပျော်ကြည်နူးချင်တယ်။ ရင်ဘတ်ထဲရှိတဲ့အတိုင်း ချပြတတ်တဲ့ ပွင့်လင်းတဲ့ ညီမလေးခွန်မြလှိုင်တင်မက… သူ့ သမီးလေးလဲလွမ်းတယ်။ မကြာသေးခင်ကမှ ကောက်ရလိုက်ပေမယ့် ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကလို ရင်းရင်းနှီးနှီးရှိလွန်းတဲ့ အမချစ်ကြည်အေးရေ… လွမ်းတယ်။

ဂ - ဘလော့ပေါ်က ပျောက်သွားလိုက်တာ အတော်ကြာနေပေမယ့် ပြန်ရောက်လာဦးမလားလို့ မျှော်နေမိသေးတယ် ညီမလေးဂျစ်တူးရေ။

င - ထူးခြားတဲ့ ကဗျာတွေ၊ ထူးခြားတဲ့ အတွေ့ အကြုံတွေကို ရေးတတ်တဲ့ ကိုငြိမ်းဝေဘလော့လေးလဲ လွမ်းတဲ့အထဲပါတယ်။

စ - အပြင်မှာ သံယောဇဉ်ကြီးသလိုပဲ ဘလော့ပေါ်မှာလဲ သံယောဇဉ်ကြီးတဲ့ လေးစားချစ်ခင်ရတဲ့ မောင်နှံ ဆရာကိုဧရာနဲ့  ချစ်တဲ့မမသီတာတို့  စိုနားတားလေးကိုလဲ အတော်ကြီးကိုလွမ်းမိတယ်။

ဆ - အပြင်မှာ စိတ်ထားလေးချို၊မျက်နှာလေးချိုသလို စာချိုချိုလေးတွေရေးတတ်တဲ့ စာလေးတွေဖတ်ရင်း သူငယ်ချင်းမျက်နှာလေး မြင်ယောင်လာတတ်တဲ့ ဆွိရေ… လွမ်းတယ်ဆွိရယ်။

ဇ - မမြင်မတွေ့ ဖူးပေမယ့် မောင်လေးနဲ့ ညီမလေးလို စိတ်ထဲက ချစ်ရတဲ့ ကိုဇနိနဲ့ မဇနိ။ တခါတခါအရမ်းလွမ်းမိတယ်။ တခြားနာမည်လေးနဲ့ များရေးနေမလား၊ ကိုယ်ပဲမသိတာများလားလို့  မကြာမကြာစဉ်းစားမိသေးတယ်။ ပင်လယ်ခြားနေတဲ့ နှလုံးသားလေးတွေပေါင်းဆုံသွားကြပြီဆို ၀မ်းသာရအောင် အီးမေးလ်ပို့ ဦးနော်။

ည - နာမည်လေးစကြားကာစကတည်းက ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ လမင်းမိုမို ဇာတ်ကောင် ညလေးလို ချစ်စရာလေးနေမှာလို့  ပုံဖော်ကြည့်နေမိတာ။

တ- တကျောင်းထဲထွက်တဲ့ မောင်နှမ… ခရီးသွားဆောင်းပါးလေးတွေ အရေးကောင်းတဲ့ ကိုတောင်ငူတယောက် ဘာဆောင်းပါးလေးတွေများရေးနေမလဲလို့  သတိရမိသား။

န - ချစ်သမီးလေးတဖြေးဖြေး ပိုပိုချစ်ဖို့ ကောင်းလာတာကို နုကိုလွမ်းတိုင် အလွမ်းပြေဓာတ်ပုံလေးတွေ သွားသွားငေးရတယ် နုရေ။ စာတပုဒ်ဖတ်မိတာနဲ့  နောက်ပို့ စ်တွေ မရပ်တမ်းဖတ်ချင်လောက်အောင် စာအရေးကောင်းတဲ့ မေဂျာတူ၊အတန်းငယ်၊တကျောင်းထဲထွက်တဲ့ ကိုနဗနရဲ့ ပို့ စ်တပုဒ်လောက်ဖတ်လိုက်ရရင် စိတ်ဖိအားတွေအတော်လျော့သွားတတ်မို့ … ဖတ်ချင်မိတယ်။

ပ - လက်ဖျားခါလောက်အောင် ကလောင်သွားထက်လွန်းတဲ့ ညီမလေးပန်ဒိုရာရဲ့လက်ရာ ကဗျာတပုဒ်ကို တခါတခါအာသီသဖြစ်တတ်တာ မဆန်းပါဘူးနော်။ အရေးကျဲပေမယ့် ရေးသလောက် ရင်ထဲစွဲတဲ့ ပို့ စ်တိုင်းမှာ messageလေးတခုမဟုတ်တခုပေးတတ်တဲ့ ညီမလေးပုံရိပ်ရဲ့ ရိုးရိုးလေးနဲ့ ဆန်းတဲ့ စာလေးတွေလဲ လွမ်းတယ်။ သူ့ ပို့ စ်လေးတွေ ဖတ်ရတိုင်း ကော်မန့် အပြန်အလှန်ပေးတိုင်း ညီမလေးတယောက်လို ရင်းရင်းနှီးနှီးကြီးကို ခံစားရလွန်းတဲ့ ပေါက်… ချန်ချန်လေးနေကောင်းလားညီမရေ။ ဓာတ်ပုံအရိုက်တော်သလို၊ စာလဲအရေးကောင်းတဲ့ ကိုပီတိကိုတော့ (သက်ဝေစကားနဲ့ ပြောရရင်) နှစ်ကျပ်ခွဲတွေတွေ့ တိုင်း သတိရမိပါရဲ့။

မ - နေ့ တနေ့  ရဲ့ အစကို မေ့စာလေးတွေနဲ့ စတတ်တာမို့  ဘလော့နဲ့ ဝေးနေတဲ့ အချိန် မေ့စာတွေနဲ့ ဝေးနေတဲ့အချိန် ရင်ထဲမှာ ဟာတာတာကြီး ညီမလေးမေဓာဝီရေ။ ဘယ်လောက်ပဲ စိတ်တွေနောက်ကျိရှုပ်ထွေးနေပစေ ဖြူစင်လွန်းတဲ့ ပို့ စ်လေးတွေ ရေးတတ်တဲ့ ညီမလေးချိုသင်းရဲ့ ပို့ စ်လေးတွေကြောင့် စိတ်တွေကြည်လင်သွားတတ်တာမို့  ခုလို စိတ်တွေ ရှုပ်ထွေးနေချိန်မှာ ချိုသင်းပို့ စ်လေးတပုဒ်ကို စိတ်ခွန်အားရအောင် ဖတ်ချင်မိတယ်။ စာတွေကတဆင့် ရင်ထဲကို ထိုးဖောက်မြင်ရလောက်အောင် ပွင့်လင်းလွန်းတဲ့ ဟိုးအရင်ကတည်းက စွဲလန်းခဲ့ရတဲ့ မမမေငြိမ်းရဲ့ စာတွေကို စိတ်အေးလက်အေးလေး ဖတ်ခွင့်ရချင်လိုက်တာ။ စာအေးအေးလေးတွေကို အတွေးအခေါ်ကောင်းလေးတွေနဲ့  တည်တည်ငြိမ်ငြိမ်လေးရေးတတ်တဲ့ ညီမလေးမီယာကိုလဲ လွမ်းတယ်။ ပြီးတော့… မောင်လေးအရင်းတယောက်လို ခင်မင်ရတဲ့ မောင်လေးမောင်မျိုးရဲ့ အဖြူထည်စာလေးတွေလဲ ဖတ်ချင်သေးတယ်။

ယ - နာမည်လေးတွေ ဘယ်လောက်ပြောင်းပြောင်း မြတ်နိုးဆိုတဲ့ နာမည်လေးကို ရင်ထဲစွဲပြီး ရင်းနှီးနေမိတာ အထူးဆန်းသားလားယုယမြတ်နိုးရေ။ မြတ်နိုးဆိုတဲ့ နာမည်လေးပြန်သုံးတော့ ရင်ထဲပျော်မိသွားတာအမှန်ပဲ။ ရိုးသားဖြူစင်လွန်းတဲ့ ညီမရဲ့ စာလေးတွေရော ညီမကိုပါလွမ်းမိတာ ယုံတယ်ဟုတ်။

ရ - အသက်ငယ်သလောက် စာအရေးကောင်းတဲ့ ဘလော့ဂါတွေထဲမှာ တယောက်အပါအ၀င်မို့  ဘလော့မရေးတော့တာကို နှမျောမိပါရဲ့ရွာသားရေ။ လေးနက်တည်ငြိမ်တဲ့ စာငြိမ်ငြိမ်လေးတွေ ရေးတတ်တဲ့ ညီမလေးရွှေပြည်သူရဲ့ အပြုံးချိုချိုလေးကိုလဲ သတိရတယ်။ ထူးထူးခြားခြား မွေးနေ့ တူတဲ့ ညီမလေးရီတာဆီလဲ အလည်ရောက်ချင်သေးတယ်။

လ - ဘလော့ဂါတွေထဲမှာ အိမ်နီးချင်းအဖြစ်ချင်ဆုံးကတော့ ညီမလေးလုလု။ အဲဒါမှ အိမ်ရှင်မပီသလွန်းတဲ့ သူ့ လက်ရာတွေ သင်ယူလို့ ရမှာလေ။ ညီမရေ… အရင်ကဆို ဘာချက်စားရင်ကောင်းမလဲလို့  ဦးနှောက်စားနေရင် ထွက်ပေါက်ပေးတတ်တဲ့ ညီမလေးဆီ (အပြင်အစားအစာတွေကို မချစ်သော်လဲ အောင့်ကာနမ်းနေရတဲ့ဘ၀မို )့ မရောက်တာတောင် အတော်ကြာပြီကော။လွမ်းတယ်။

ဝ - ကဗျာထဲက ပန်းလေးတပွင့်ရနံ့ ကို ရလိုက်သလို ကဗျာထဲက လိပ်ပြာလေးတကောင် တောင်ပံခတ်သံကြားလိုက်သလို… ခေတ်စကားနဲ့ ပြောရရင် 3Dရုပ်ရှင်တကားကြည့်ရသလို အသက်ဝင်လွန်းတဲ့ ကဗျာလေးတွေရဲ့ ဖန်တီးရှင် ကိုဝေလင်းလေ… ကဗျာတပုဒ်လောက်။

သ - သံယောဇဉ်သီချင်းကို ချစ်တဲ့ သူငယ်ချင်းတွေအပေါ်သံယောဇဉ်ကြီးတတ်တဲ့ ချစ်သူငယ်ချင်းသက်ဝေရေ… ဒီတက်ဂ်ပို့ စ်လေးကို ရေးရတာ ဟိုတနေ့ က သက်ဝေထည့်ပေးလိုက်တဲ့ ဖာလူဒါလေးသောက်လိုက်ရသလို သက်ဝေသံယောဇဉ်တွေကို ခံစားနားလည်ရလို့  ပိုလို့ ချစ်မိတယ် သက်ဝေရေ။ အလုပ်တဘက်နဲ့  အိမ်ရှင်မတာဝန်ကျေသလို၊ ဘလော့ဂါတာဝန်လဲကျေတဲ့ သက်ဝေကို အားကျမိတယ်… တကယ်။ အမအရင်းတယောက်လို ချစ်ရတဲ့ မမသီင်္ဂီရဲ့ နွေးထွေးတဲ့အိမ်လေးကို အပြေးလေးသွားချင်မိတယ်။ လွမ်းလို့ ပါ။ ချစ်စရာအပြင်အဆင်လေးတွေနဲ့  ထူးခြားတဲ့ အတွေးအခေါ်လေးတွေပါတဲ့ ပို့ စ်လေးတွေရေးတတ်တဲ့ သီချင်းအေးအေးလေးတွေနဲ့ ကြိုဆိုတတ်တဲ့ ညီမလေးသုနှင်းဆီ(မွန်)ကိုလဲ လွမ်းတယ်။ ပြီးတော့.. ပန်းချီတော်၊အကတော်၊စာရေးတော်၊ ကဗျာစပ်တော်… အနုပညာမှာ ဘက်စုံတော်လွန်းတဲ့ ကိုသစ်နက်ဆူးရဲ့ အနုပညာလက်ရာလေးတွေ ခံစားချင်မိရဲ့။

အ - သူ့ စာတပုဒ်ဖတ်လိုက်ရရင် စာထဲမှာ ကိုယ်ပါနစ်မျော စီးဝင်ဆွတ်ပျံ့ သွားတတ်အောင် ငြို့ ယူနိုင်လွန်းတဲ့ ချစ်တဲ့စာရေးဆရာမလေး အိမ့်ကိုတော့ အိပ်မက်ထဲက မင်းသမီးလေးလို တဖွဖွသတိရမိတာလဲ အဆန်းလား။ သူ့ မိသားစု၊ ကိုယ့်မိသားစု ဘလော့ပေါ်မှာ အတွေ့ အကြုံတွေဖလှယ် ရင်သွေးတွေအပေါ်ရင်ခုန်သံတွေ ကာရံညီကြတဲ့ ကိုအန်ဒီရဲ့ မိသားစုဘလော့လေးဆီလဲ အလည်ရောက်ချင်တယ်။ ခံစားမှုတွေလွှမ်းထုံနေတဲ့ ကိုအောင်သာငယ်ရဲ့ အက်ကွဲကွဲကဗျာတွေလေးတွေလဲ ဖတ်ချင်မိတယ်။

အ - အရေးကြီးဆုံးဖြစ်တဲ့ လေနုအေးကို သံယောဇဉ်ကြီးစွာ လာအားပေးကြတဲ့ ချစ်တဲ့စာဖတ်ပရိသတ်ကြီးအားလုံးကို တန်ခူးက အလေးအနက်အလွမ်းဆုံးပါပဲ။

*************************

သံယောဇဉ်ရပ်ဝန်းပေါ်က ဘလော့ရောင်းရင်းတွေကို လွမ်းတဲ့အလွမ်း၊ စာဖတ်သူတွေကို လွမ်းတဲ့အလွမ်းတွေကို ခုလိုရေးခွင့်ရတဲ့အတွက် ချစ်တဲ့သက်ဝေရေ ကျေးဇူးတွေ တပုံကြီးထပ်တင်လိုက်ပါတယ်။ မကြာခင် ပြန်လာဖြစ်လိမ့်မယ်လို့  မျှော်လင့်ပါတယ်။ လာလည်သူများအားလုံးကျေးဇူးပါ။

အရမ်းလွမ်းနေတဲ့
တန်ခူး
11:22am 14-Jun-2010

Thursday, May 13, 2010

သံလွင်အိပ်မက် အတွဲ (၄) အမှတ် (၁)


သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း အတွဲ (၄) အမှတ် (၁) ထွက်ပါပြီ။ ဒီတပါတ် သံလွင်အိပ်မက်မှာတော့ လူ့အဖွဲ့အစည်းအတွင်း နှစ်ပေါင်းများစွာ ကြာအောင် စွဲကပ်နေခဲ့သော ရောဂါဝေဒနာဆိုးတခုဖြစ်တဲ့ လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှုနဲ့ အဂတိလိုက်စားမှု… စတာတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အသားပေး ရေးသားဖေါ်ပြထားတာကို ဖတ်ရှုကြရမှာ ဖြစ်ပါတယ်။

အဲဒီမှာ ကိုယ့်ရဲ့ အက်ဆေးလေး တပုဒ် ပါပါတယ်…။
အက်ဆေးလေးရဲ့ နာမည်က မင်းချစ်သူ ကိုယ့်အကြောင်း ပါ။
ဖတ်ကြည့်ကြပါ… ဝေဖန်ပါ… အကြံပြုကြပါနော်…။ ကျေးဇူးတင်ပါတယ်…။



မင်းချစ်သူ ကိုယ့်အကြောင်း

ချစ်သူရေ...
တို့နှစ်ဦး ထူထောင်ကြတော့မယ့် ဘ၀မှာ… အတက်အကျ၊ အချိုးအကွေ့တွေ ဘယ်လိုပြောင်းပြောင်း ခုလိုပဲ သနပ်ခါးပါးကွက်လေးကို အမြဲ အမြတ်တနိုး ရှိတတ်ပါစေချစ်သူ... ပတ်ဝန်းကျင်က အရောင်တွေ ဘယ်လောက်များများ ပကတိဖြူစင်တဲ့ တို့ဘ၀လေးကို အမြဲမပွန်းပဲ့ မစွန်းထင်းအောင် ထိန်းသိမ်းတတ်ပါစေ ချစ်သူ… တို့နှစ်ယောက်ရဲ့ မျိုးဆက်သစ်လေးတွေကို တို့ရဲ့ ဘ၀တန်ဖိုးဖြတ်တတ်မှုတွေ အမွေပေးရင်း တို့နှစ်ယောက်ရဲ့ အချစ်အိမ်လေးထဲကို ငြိမ်းချမ်းမှုတွေ၊ ချစ်ခြင်းမေတ္တာတွေ တစတစ တိုးအောင် အတူထူထောင်ကြစို့လားချစ်သူ… အဆင်သင့်ဖြစ်ရင် မင်းသိထားသင့်တဲ့ မင်းချစ်သူ ကိုယ့်အကြောင်း နဲနဲလောက် နားထောင်ပေးပါလား ချစ်သူ….

တကယ်တော့ မင်းသိထားတာက ကိုယ့်ဘ၀ရဲ့တခြမ်းထဲကိုပါချစ်သူ… ဘ၀တလျှောက်လုံး လက်တွဲမယ်လို့ ဆုံးဖြတ်ထားသူတယောက်အတွက် ကိုယ်ဟာ မင်းအပေါ် ဘယ်လောက်များ တရား မမျှတလိုက်သလဲကွယ်… ဒီတော့ ကိုယ့်ဘ၀ရဲ့ တခြားတခြမ်းကို မင်းသိအောင် ပြောပြပါရစေ မိန်းကလေးရေ…

----------
--------------------
------------------------------
အပြည့်အစုံကို ဒီနေရာမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်…။


(ကိုယ့်အက်ဆေးလေးကို တခုတ်တရ ရွေးခြယ်ပေးတဲ့ သံလွင်အိပ်မက် အယ်ဒီတာအဖွဲ့ ရယ်၊ လက်ရာမြောက်တဲ့ သရုပ်ဖော်ပုံလေးကို စေတနာအပြည့်နဲ့ ရေးဆွဲပေးတဲ့ ချစ်တဲ့ညီမလေးပန်နဲ့  အရမ်းအလုပ်များနေတဲ့အတွက် ဒီပို့ စ်လေးတင်ဖြစ်အောင် ကူညီပေးတဲ့ ချစ်တဲ့သူငယ်ချင်း သက်ဝေတို့ ကို အရမ်းကို ကျေးဇူးတင်ပါတယ်)



တန်ခူး
9:56pm 13-May-2010

Monday, April 26, 2010

ကျွန်မနဲ့  ရွှေအမြုတေ




မြန်မာပြည်မှာ ရှိစဉ်က လစဉ်ထုတ်မဂ္ဂဇင်း တော်တော်များများကို ပုံမှန်ဖတ်ဖြစ်ပေမယ့် ဒီရောက်လာတော့ ရွှေအမြုတေမဂ္ဂဇင်းတခုကိုပဲ ပုံမှန်ဖတ်ဖြစ်တော့တယ်။ ရွှေအမြုတေ၊ မဟေသီ၊ ကလျာ၊ လုံမလေး၊ ရင်ခုန်ပွင့်… စတဲ့ မဂ္ဂဇင်းတွေက ငယ်ဖော်တွေပေါ့။ ဒီနေ့  အိမ်ရှင်းရင်းနဲ့  ကျွန်မရဲ့ ရွှေအမြုတေစာအုပ်လေးတွေကို သေချာစီရင်း ကျွန်မချမ်းသာသမျှ အမှတ်တရ ဓာတ်ပုံလေးတွေ ရိုက်ရင်း ဝေမျှလိုက်ပါတယ်။ ဒီမှာ ကျွန်မဆီမှာ ရှိတဲ့ အဟောင်းဆုံး ရွှေက ၁၉၉၃ခုနှစ်ကပါ။ လွန်ခဲ့တဲ့ ဆယ့်ခုနှစ်နှစ်ကပေါ့။ ရန်ကုန်အိမ်မှာတော့ ဒီထက်ဟောင်းတဲ့ ရွှေတွေ ရှိပါသေးတယ်။

ကျွန်မဆီက အဟောင်းဆုံးရွှေအမြုတေနဲ့  အသစ်ဆုံးရွှေအမြုတေ




ရွှေအမြုတေကို ဘာကြောင့်ပုံမှန်ဖတ်ဖြစ်သလဲဆိုတော့ အဓိကက ကျွန်မကို ဆွဲဆောင်နိုင်တဲ့ ၀တ္ထုတိုလေးတွေကြောင့်ပါ။ ဖွဲ့ စည်းပုံ သေသပ်တဲ့အပြင် အသက်အရွယ်မရွေးဖတ်နိုင်အောင် စီစဉ်ထားပုံလေးက အတော်လှပါတယ်။ ကျွန်မအိမ်ပြန်ရောက်ရင် ကျွန်မအဖေနဲ့ ရွှေက ၀တ္ထုတချို့ ကို တခါတလေ ဆွေးနွေးကြပါတယ်။ နောက်တခုက မျိုးဆက်သစ် စာရေးဆရာတွေမွေးဖွားပေးနေတဲ့ ရည်ရွယ်ချက်ကောင်းတဲ့ ရှားပါးတဲ့ မဂ္ဂဇင်းတစောင်မို့ ပါ။ ရသစာပေတိုးတက်ရေးအတွက် နှစ်စဉ်စာပေဆုပေးပွဲကို ကျင်းပပေးတဲ့ ရွှေရဲ့ ကြီးမြတ်တဲ့ အစဉ်အလာတခု အမြဲကျန်းမာအသက်ဝင်နေပါစေလို့  ဆုတောင်းပေးနေမိပါတယ်။

ကျွန်မနှစ်သက်တဲ့ မျက်နှာဖုံးလေးတွေ



ဟိုးလွန်ခဲ့တဲ့ ၁ရနှစ်၊ ၁ဂနှစ်လောက်က ၀ါသနာပါလွန်းလို့ စာမူလေးတွေ ပိုက်ပြီး ဟိုမဂ္ဂဇင်းတိုက်၊ ဒီမဂ္ဂဇင်းတိုက် ခြေတိုအောင် ပို့ ခဲ့ရတဲ့ ဘ၀ကို သတိရမိပါတယ်။ တချို့ မဂ္ဂဇင်းတိုက်တွေကျတော့ ကလောင်သစ်ဆိုတာနဲ့  ဖတ်တောင်မကြည့်ပဲ တန်း ပယ်တာမျိုး လက်တွေ့ ကြုံခဲ့ရပါတယ်။ ရင်ခုန်ပွင့်၊ ရွှေအမြုတေ၊ လုံမလေး၊ ကလျာမဂ္ဂဇင်းတွေကတော့ အဲဒီလို မဟုတ်ပါဘူး။ ကလောင်သစ်လေးတွေကို အမြဲကြိုဆိုလမ်းဖွင့်ပေးပါတယ်။ မျှော်လင့်ချက်တွေကို ရိုက်ချိုးမဖျက်ဆီးပဲ ချီးမြှောက်အားပေးတတ်တဲ့ အဲဒီမဂ္ဂဇင်းအယ်ဒီတာအဖွဲ့ တွေရဲ့ ကျေးဇူးကို ဘယ်တော့မှ မေ့ရမှာ မဟုတ်ပါဘူး။ ဒီအပြင် ရွှေရဲ့ထူးခြားချက်က ရွှေမှာဖော်ပြခံခဲ့ရတဲ့ ၀တ္ထုတိုလေးတွေက အမှတ်တရ ၀တ္ထုတိုပေါင်းချူပ်လေးထုတ်ပေးခြင်းပါပဲ။

ကျွန်မအကြိုက်ဆုံးမျက်နှာဖုံး



ရွှေကြောင့်ပဲ တကျောင်းထဲက စီနီယာ ဆရာနေဇင်လတ်ရဲ့ လူငယ်တွေကို ပညာပေးတဲ့ ဆောင်းပါးလေးတွေ ဖတ်ခွင့်ရတယ်။ ရွှေကြောင့်ပဲ ကျွန်မချစ်တဲ့ သာဓုအုပ်စု ညီအကို စာရေးဆရာတွေရဲ့ လက်ရာနဲ့  အမြဲထိတွေ့ ခွင့်ရတယ်။ ရွှေကြောင့်ပဲ အရင်က ဖတ်ခွင့်မရခဲ့တဲ့ စာရေးဆရာကြီးတွေရဲ့ ရတနာလက်ရာတွေ တူးဖော်ထားတာကို ခံစားခွင့်ရတယ်။ ရွှေကြောင့်ပဲ တခါမှ မမြင်ဘူးတဲ့ ကျွန်မတို့ နယ်သူ ဆရာမခင်ခင်ထူးကို ရင်ထဲက အမကြီးတယောက်လို သူ့ အညာစာတွေက တဆင့် ရင်းနှီးခွင့်ရတယ်။ စာရေးဝါသနာကို လက်မလွှတ်နိုင်သေးတဲ့ ကျွန်မအတွက် ရွှေဖခင်ကြီး ဦးဝင်းငြိမ်းရဲ့ နှစ်ကြောင်းရေး တကြောင်းခြစ် ဆောင်းပါးလေးတွေကတဆင့် ၀မ်းစာ စုဆောင်းခွင့်ရတယ်။ ဒါတွေကြောင့် ရွှေက ကျွန်မကို ဒီလောက်အချိန်တွေကြာအောင် ဆွဲဆောင်နိုင်တာပါပဲ။

ကျွန်မချမ်းသာသမျှရွှေအမြုတေ



ရွှေကို on line ဖတ်လို့ ရပေမယ့်လဲ လစဉ်စာအုပ်လေးပုံမှန်ဝယ်ပြီး ဖတ်ရတာ ပိုအားရပါတယ်။ စာအုပ်အဟောင်းလေးတွေ ပြန်ဖတ်ရတာလဲ ကြည်နူးမှုတမျိုးပေးစေတယ် မိုလား။ ရည်ရွယ်ချက်ကောင်းတဲ့ရွှေအမြုတေ၊ အစဉ်အလာကောင်းတဲ့ ရွှေအမြုတေ နှစ်ပေါင်းရာထောင်သောင်းတိုင် အသက်ရှည်ကျန်းမာ နုပျိုလို့  ရသအသီးအပွင့်တွေ ဝေဆာပါစေလို့ ။

တန်ခူး
8:45pm 26-Apr-2010
(PS. ပျောက်လိုက်ပေါ်လိုက်လို့  ထင်နေကြမှာပဲနော်… ပြီးခဲ့တဲ့ အပတ်က သားလေးနေမကောင်းလို့  ပျောက်နေခဲ့တာပါ… ခုသားလေးပြန်နေကောင်းသွားပါပြီ)

Thursday, April 15, 2010

သံချပ်ခေတ်က သင်္ကြန်

သက်ဝေတို့  ပန်တို့  ရွှေပြည်ဝေးမှာ သံချပ်လေးတွေ သွားစပ်တာတွေ့ တော့ ငယ်တုန်းက သံချပ်တွေနဲ့ ကြီးခဲ့ရတဲ့ သင်္ကြန်တွေကို ပြန်လွမ်းမိတယ်။ အဲဒီတုန်းက သင်္ကြန်မှန်ရင် သံချပ်ပါမှလေ။ ဘာကြောင့် လူတွေက သံချပ်ကို မျှော်ကြ၊ တောင့်တကြ၊ နှစ်သက်ကြသလဲဆိုတော့ သံချပ်တွေက ခေတ်ရဲ့မှန်တချပ်လိုပါပဲ။ ဒီခေတ်ကလေးတွေ သံချပ်နဲ့  ကျွန်မတို့ လောက် မရင်းနှီးကြမှာမို့  ငယ်တုန်းက သံချပ်သင်္ကြန်အတွေ့ အကြုံလေး ဝေမျှလိုက်ပါတယ်။

အဲဒီခေတ်တုန်းက တီဗွီတောင် အိမ်တိုင်းမရှိ။ ကက်ဆက်ပဲရှိကြတာများတော့ သင်္ကြန်မရောက်ခင် တလ နှစ်လလောက် အလိုကတည်းက သင်္ကြန်သံချပ်ကက်ဆက်ခွေတွေ ထွက်လာပါပြီ။ သင်္ကြန်နားနီးတာနဲ့ ဟိုအိမ်က သံချပ်သံကြား၊ ဒီအိမ်က သံချပ်သံကြား၊ လဘက်ရည်ဆိုင်ကလည်း သံချပ်ဆိုတော့ တမြို့ လုံး သံချပ်သံတွေ ဝေေ၀ဆာဆာနဲ့  မြူးကြွနေပါပြီ။ “မကုလားမရေ ကြည့်လုပ်ပါဦး” ဆိုတဲ့ မောင်ကြေးမုံက သံချပ်ဘုရင်လို့  ပြောလို့ ရအောင် အတော်အစပ်ကောင်းပါတယ်။ သံချပ်ခွေမှာ သံချပ်တမျိုးထဲ မဟုတ်ပဲ တခန်းရပ်ပြဇာတ်လေး၊ အတာသီချင်းလေးတွေနဲ့ ဆိုတော့ အတော်နားထောင်လို့ ကောင်းပါတယ်။

အဲဒီခေတ်က ရပ်ကွက်တိုင်းလိုလို သံချပ်အဖွဲ့ ဆုပေးမဏ္ဍဋ်တွေရှိကြပါတယ်။ သင်္ကြန်မတိုင်ခင်ကတည်းက မနှစ်ကနဲ့ မတူအောင် ခမ်းခမ်းနားနား ဆုပေးမဏ္ဍဋ်တွေကို သူ့ ထက်ငါ အပြိုင်အလှဆုံးဖြစ်အောင် ဆောက်ကြပါတယ်။ တချို့ ဆုပေးမဏ္ဍဋ်က ရွှေရောင် အတာအိုးကြီးမှာ ပိတောက်ခက်တွေ ဝေေ၀ဆာဆာနဲ့  တချို့ ကျပြတော့ ပုဂံခေတ်သင်္ကြန်ကို သရုပ်ဖော်တဲ့ ခမ်းနားတဲ့ ပန်းချီနောက်ခံနဲ့ … အဲဒီလို မဏ္ဍဋ်တွေ လိုက်ကြည့်နေရင်း သင်္ကြန်ရင်ခုန်သံတွေက စနေပါပြီ။

ပြိုင်ပွဲဝင်ကြမယ့် သံချပ်အဖွဲ့ တွေကလည်း သင်္ကြန်မတိုင်မှီ ကတည်းက သံချပ်စတိုက်ကြ။ နာမည်ကြီး သံချပ်အဖွဲ့  “အင်အား”က ကျွန်မတို့  ရပ်ကွက်က သံချပ်အဖွဲ့ ပါ။ အင်အားအဖွဲ့  သံချပ်တိုက်နေကျလမ်းက ဈေးသွားရင် ဖြတ်သွားရတဲ့လမ်းမို့  သံချပ်တွေ တိုက်နေပြီလို့  ဦးအောင် သတင်းပေးတတ်သူက ကျွန်မကြီးကြီးပါ။ သံချပ်တိုက်နေပြီ အသံကြားတာနဲ့  ကစားလက်စတွေ ချပြီး သံချပ်တိုက်ရာဆီ ပြေးတော့တာပါပဲ။ ဘယ်လောက်ကြည့်ရကြည့်ရ မရိုးတာမို့  အင်အား သံချပ်တွေဆို သင်္ကြန်မရောက်ခင်ကတည်းက အလွတ်ရနေတဲ့အထိပါပဲ။

အဖေက သင်္ကြန်ရေပက်ခံတာ၊ အလည်ထွက်တာတို့ ကို သိပ်အားမပေးပေမယ့် သံချပ်တော့ သူကိုယ်တိုင် ၀ါသနာပါတာမို့  သင်္ကြန်ညတွေဆို ဆုပေးမဏ္ဍဋ်တွေဆီ သူကိုယ်တိုင် လိုက်ပြပါတယ်။ တခါတလေ ကျွန်မတို့ အိမ်နောက်က ကွင်းကြီးထဲက ဆုပေးမဏ္ဍဋ်၊ တခါတလေကျတော့ ရန်ကင်းကွင်းကြီးက ဆုပေးမဏ္ဍဋ်… တာမွေဗိုလ်စိန်မန်က မဏ္ဍဋ်ဆို တကယ့်သံချပ်အဖွဲ့ အကောင်းတွေ အကြိတ်အနယ်ပြိုင်တာမို့  လူကြပ်ကြပ်ထဲတိုးဝှေ့ ကြည့်ခဲ့သေးပါတယ်။

ဆုတွေကလဲ စွယ်စုံ၊ အက၊အလှ၊ သံချပ်၊ ၀တ်စားဆင်ယင်မှု အဲလို အမျိုးမျိုး ခွဲထားပါသေးတယ်။ သံချပ်အဖွဲ့ ကောင်း တခုဖြစ်ဖို့ က မလွယ်လှပါဘူး။ အလှပြကားကို creative ဖြစ်အောင် ပြင်ဆင်ရသလို၊ တဖွဲ့ လုံးရဲ့ ၀တ်စားဆင်ယင်မှုကိုလဲ အတော်ကို အလေးထား ပြင်ဆင်ရပါတယ်။ ခေတ်ကို လှစ်ဟပ်ပြနိုင်ဆုံး သံချပ်ထိထိတွေ အပြင်၊သီချင်းက အစ ကိုယ့်ဘာသာရေးသား စပ်ဆိုရတာပါ။ တခန်းရပ် ပြဇာတ်လေးတွေ ဆိုလဲ တကယ့်သရုပ်ဆောင်ပီပြင်တဲ့သူတွေ သရုပ်ဆောင်တာပါ။ သံချပ်အဖွဲ့ ခေါင်းဆောင်က တဖွဲ့ လုံးမှာ အဓိက အကျဆုံးမို့  တကယ့် soul နဲ့  အနုပညာဗီဇရှိသူတွေ လုပ်ကြတာများပါတယ်။ လှောင်စရာရှိရင် မထိတထိ မျက်နှာပေးလေးနဲ့ … ၀မ်းနည်းစရာပြန်တော့ မျက်ရည်တွေ ရစ်ဝဲလာတဲ့အထိ… ပျော်စရာလေးတွေကျတော့လဲ လူတကိုယ်လုံး လေမှာ ပျံဝဲနေသလို မြူးကြွလို့ ။ ယခုလက်ရှိ အနုပညာလောကမှာ အောင်မြင်နေတဲ့ ကုသိုလ်တို့  ဗေလုဝတို့ ကို အဲဒီခေတ်ကတည်းက သံချပ်ခေါင်းဆောင်တွေ အဖြစ်နဲ့  ရင်းနှီးနေခဲ့တာပါ။

ယနေ့ ထက်ထိမှတ်မိနေတဲ့ သံချပ်အဖွဲ့ တွေကတော့ ပုဂံခေတ်အ၀တ်အစားနဲ့  တခမ်းတနား သံချပ်အဖွဲ့ … နေရာတိုင်းမှာဆုတွေချိတ်တဲ့ ယဉ်ကျေးမောင်၊ ပေါ့ပေါ့ပါးပါးလေးနဲ့  ပရိသတ်ရင်ထဲရောက်အောင် ပေါက်တဲ့ သံချပ်တွေ ထိုးနိုင်တဲ့ အင်အား၊ အားနဲ့ မာန်နဲ့  သံချပ်တွေ ရင်ကွဲအောင်ထိုးတတ်တဲ့ ဒဲ့ဒိုး၊ ပြီးတော့ တကယ့်ကို ရင်ထဲရှိတာ အိမ်သွန်ဖာမှောက်ပြောတတ်လွန်းတဲ့ ဒိုးဒိုးဒေါက်ဒေါက်။ ကလေးဘ၀က ဆိုလို့ ကောင်းတဲ့ သံချပ်နဲ့ သီချင်းတချို့  ခုချိန်ထိ ပါးစပ်ထဲမှာ စွဲနေသေးပါတယ်။ (နှစ်တွေအတော်ကြာပြီဆိုတော့ စာသားတွေ မှားကောင်းမှားနေပါလိမ့်မယ်)

နာမည်ကြီး ယဉ်ကျေးမောင်အဖွဲ့ ရဲ့ ပင်တိုင်သီချင်း

“xxx ပြောလိုက်ချင်တာတွေလဲxxx အကုန်လုံးပြောလိုက်မယ်xxx ဝေဒနာကို အကုန်ကြေငြာမယ့်xxxယဉ်ကျေးမောင်”

အစရှိတဲ့ သီချင်းကို အော်ဟစ်ပြီးဆို ကုတင်ကြီးက သံချပ်အလှပြကားကြီးဖြစ်… သင်္ကြန်ပြီးတောင် သံချပ်ရောဂါမကုန်နိုင်သေးပဲ ကျွန်မတို့ မောင်နှမတွေ သံချပ်တိုင်ံတိုင်းဆော့ကစား ခဲ့ကြတာ လွမ်းမိပါရဲ့။ စီးပွားရေးသမားတွေ ဖြတ်လမ်းလိုက် အမြတ်ရှာကြတဲ့ ကလေးနို့ မှုန့် ဗူးခွံတွေ ၀ယ်ပြီး နို့ မှုန့် ဘူးအတုတွေရောင်းတာကို သရော်ထားတဲ့…

“နို့ မှုန့် နို့ မှုန့်  ၀ယ်ရမှာလားလို့  သားသားစိတ်မှာပူ xxx မီးမီးစိတ်မှာပူ xxx လေဟာပြင်ဈေးက ၀ယ်လာပေးတဲ့ xxx ဟေးးး နို့ မှုန့်  xxx နို မှုန့် က အီးတွေပါလို့ ”

ဆိုတဲ့ သီချင်းဆို ကျွန်မမောင်လေးရွှတ်နောက်နောက် ပါးစပ်မှာ အလွန်ရေးပန်းစားတဲ့ သီချင်းပါ။ ကျုရှင်တွေ စခေတ်စားတော့ ကျော်ငြာတွေမှာ ကျူရှင်ဆရာငယ်ငယ်တွေ ပုံက မင်းသားရှူံးလောက်တာရယ်… ပြီးတော့ အထက်တန်းကျောင်းသူငယ်ငယ် ချောချောလေးတွေနဲ့  ကျူရှင်ဆရာတွေ ဇာတ်လမ်းကို သရော်ထားတဲ့…

“ကျူ…. ရှင်… ကျူရေ… ရှင်…
ကျူရှင်ဆိုတာ xxx ဒါတဲ့လားဟဲ့ xxx မိဘများတို့ xxx သတိထားကြကွဲ့  ”

ဆိုတဲ့သံချပ်။ ပြီးတော့… ဇာတ်မင်းသား မိုးဝင်းတို့ ၊ ချမ်းသာတို့ ၊ သိန်းဇော်တို့ ကို ကောင်မလေးတွေ သဲသဲလှုပ်ကြလွန်းတာကို သရော်ထားတဲ့…

“ဟိုတနေ့ က xxx ရေနံဆီရောင်းရတဲ့ ငွေငါးဆယ် xxx မိုးမိုးကတုန်း ပစ်ပေးလိုက်တော့ xxx မိုးမိုးလေးက ယူတယ်တော့ xxx (အေးဟယ် သူ့ ခမျာ သနားပါတယ် xxx တို့ လဲ ပေးချင်လိုက်တာနော့နော)့ xxx မိုးမိုးကျွေးရင် xxx သေဆေးပေးဖြစ်ဖြစ် xxx ငှက်ပျောသီးပဲဖြစ်ဖြစ် xxx စားလိုက်မှာပဲ xxx (ငှက်ပျောသီးရရင် တယောက်ထဲမစားနဲ့ xxx တို့ လဲ တကိုယ်ဆီ ကျွေးရမှာပဲ)”

ဆိုတဲ့ မိန်းမလျာလေသံနဲ့  ပီပီပြင်ပြင်သရုပ်ဖော်ထားတဲ့ သံချပ်။ နေရာတကာ ဖော်လံဖားတတ်တဲ့ ဖားတွေအကြောင်း သရော်ထားတဲ့…

“တုံးအောက်ကဖား xxx တုံးပေါ်ဖား xxx ဋ္ဌါနဆိုင်ရာဖား xxx ဖားကောင်းဖောင်းကား xxx ဖားဖားဖား xxx နေရတကာဖား”

ဆိုတဲ့ နားထောင်နေသူတောင် ဖားတွေကို အော်ကလီဆန်အောင်လုပ်နိုင်လွန်းတဲ့ သံချပ်။ ကျွန်မနားထဲမှာ မနေ့ တနေ့ ကလို သံချပ်သံတွေ ဆူညံနေဆဲပါ။ ကြည့်ခဲ့ဖူးတဲ့ သံချပ်တွေထဲမှာ ကြက်သီးမွှေးညှင်းထအောင်… မျက်ရည်တောက်တောက်ကျအောင်… ပီပြင်လွန်းတဲ့ တက္ကသိုလ်ရိပ်သာလမ်းက သံချပ်ပွဲလေးကတော့ ယနေ့ ထက်ထိ နှလုံးသားမှာ စွဲကျန်နေဆဲပါ။

တန်ခူး
1:15pm 15-Apr-2010

Monday, April 12, 2010

သားနဲ့ ဘာသာရေး


(ဒီပို့ စ်တင်ပြီးမှ မနေ့ က အမတယောက်ဆီက ပူပူနွေးနွေးရလာတဲ့ ဇာတ်ကြီး၁၀ဘွဲ့ စာအုပ်ကို မနက်မိုးလင်းတာနဲ့  ထဖတ်နေတဲ့ (တကယ်တော့ မဖတ်တတ်ပါဘူး… သူ့ အဖေနဲ့ ကျွန်မညက ပြောပြထားလို့  ပုံလေးတွေ လိုက်ကြည့်တာပါ) သားပုံလေးကို ဓာတ်ပုံရိုက်ထားပြီး ဒီပို့ စ်နဲ့ လိုက်ဖက်မယ်ထင်လို့  ထပ်ဖြည့်လိုက်တာပါ)

သားလေးက ၅နှစ်ခွဲရှိသေး သားနဲ့ ဘာသာရေးဆိုတဲ့ ခေါင်းစဉ်ကြီးက နဲနဲများ ကြီးလွန်းနေမလား မသိဘူးနော်။ ဒါပေမယ့် ပြောပြချင်တာကလဲ သားနဲ့ ဘာသာရေးပဲမို့  အဲဒီလိုလေးပဲ နာမည်ပေးလိုက်ရပါတယ်။ အမှားပါရင် ခွင့်လွတ်ပေးကြပါလို့ ။

ကျွန်မ မနှစ်က ပို့ စ်တပုဒ်ရေးခဲ့ဖူးပါတယ်။ က ကာ ကား ဆိုတဲ့ မြန်မာစာနဲ့ ဘာသာရေးတွဲသင်ပေးတဲ့ ဘုန်းကြီးကျောင်းက သင်တန်းလေးအကြောင်းပါ။ အခြေအနေအရ နိုင်ငံရပ်ခြားမှာ လာနေရတော့ သားကို တခြားဘာသာဝင်ဖြစ်သွားမှာ အကြောက်ဆုံးပါ။ ဒါကြောင့် သားသိပ်နားမလည်သေးခင် ကတည်းက ကျွန်မက စိုးရိမ်စိတ်တွေကြီးပြီး အဲဒီတနင်္ဂနွေကျောင်းလေး ပို့ ခဲ့ပါတယ်။ အဲဒီတုန်းက သားက ငယ်သေးလို့  ထင်ပါတယ်… ဘုရားဆိုရှိခိုးဖို့ တောင် အတော်တိုက်တွန်းရပါတယ်။ တခါတလေ လိုက်မဆိုပဲ ဂျစ်တိုက်နေလို့  ကျွန်မနဲ့  တကျက်ကျက်ပါ။ မြန်မာစာတော့ စိတ်ဝင်စားမှုရှိပေမယ့် ဘာသာရေးကို သိပ်စိတ်မ၀င်စားတာမို့  ကျွန်မအတော်လေး ပူပင်ခဲ့ရပါတယ်။ ဒီနောက်ပိုင်း အကြောင်းကြောင်းကြောင့် သားကို သင်တန်းပြန်ပို့ ဖို့  ပျက်ကွက်ခဲ့ပါတယ်။

ဒီတခါသင်တန်းပြန်ပို့ တာ သားကိုယ်တိုင်က သွားချင်တယ်လို့  လိုလိုချင်ချင် ပူဆာလို့  ပြန်ပို့ ဖြစ်တာပါ။ ညီမလိုခင်တဲ့ ကျွန်မသူငယ်ချင်းရဲ့ သမီးလေး၂ယောက် အဲဒီကျောင်းက ဘုရားစာဆိုပြိုင်ပွဲမှာ ဆုရတာကို သားကြည့်ရတော့ ကျောင်းပြန်တက်ဖို့ ကို ပြန်စိတ်ဝင်စားလာပါတယ်။ ဘာသာရေးကို သားစိတ်ဝင်စားလာတယ်လို့  ကျွန်မစ သတိထားမိတာက သားကို ငယ်ကတည်းက ဆွေမျိုးရင်းချာလို ချစ်တဲ့ အမေအရင်းနဲ့ မခြား ဂရုစိုက်တဲ့ သားအန်တီနဲ့  ဦးဦးအိမ် သွားလည်ပြီး ပြန်လာကတည်းကပါ။ ဘုရားအလောင်းတောထွက်တော်မူတာကို အင်္ဂလိပ်လို စိတ်ဝင်တစား ပြန်ပြောပြနေတော့ ကျွန်မ အရမ်းအံ့သြသွားခဲ့ပါတယ်။ သူ့ အဖေများ ပြောပြထားတာလားဆိုတော့ မဟုတ်ပါဘူး။ နောက်မှ သူ့ ဦးဦးနဲ့  သူ့ အန်တီအိမ်က ဘုန်းကြီးကျောင်းပြက္ခဒိန်လေးက ပုံလေးတွေနဲ့  သူ့ ဦးဦးက ရှင်းပြထားတယ် ဆိုတာ သိရပါတော့တယ်။ သူ့ စိတ်ဝင်စားမှုက သာမာန်မဟုတ်ပဲ ထူးကဲလို့  ကျွန်မတို့  အတော်လေးကို အံ့သြမိပါတယ်။ သူကြီးလာရင် ပြဖို့ ဆို ကျွန်မ၀ယ်ထားတဲ့ အောင်ခြင်းရှစ်ပါးအခွေကို သူပူဆာလို့  ကျွန်မဖွင့်ပြရပါတယ်။ ငယ်သေးလို့  နားမှ လည်ပါ့မလားထင်တာ ခုဆို အောင်ခြင်းရှစ်ပါးလုံး သူအလွတ်ပြောနိုင်နေပါပြီ။ တီဗွီကြည့်ချိန်ဆို ကာတွန်းကားတွေ စိတ်မ၀င်စားပဲ အောင်ခြင်းရှစ်ပါးကိုသာ ကြည့်ဖို့  ပူဆာတတ်ပါတယ်။

မနက်မိုးလင်း အိပ်ယာထ မျက်နှာသစ်ပြီးတာနဲ့  ဘယ်သူမှ ပြောစရာမလိုပဲ သူ့ ဘာသာ ဘုရားရှိခိုးတတ်သလို ညအိပ်ယာဝင်တော့လဲ ဘုရားရှိခိုးဖို့  ဘယ်တော့မှ မမေ့တတ်ပါဘူး။ ဘုရားရှိခိုးရင် မြတ်စွာဘုရားဆင်းတုတော်ကို သေချာဖူးမျှော်ပြီး ရှိခိုးတတ်ပါတယ်။ ပင်နင်ဆိုးလားရောက်လို့  ဘုရားပုံတော်တွေ ရောင်းတဲ့ဆိုင်တွေ ရောက်ရင် တပုံချင်း စိတ်ဝင်စားစွာ ဖူးမျှော်လေ့လာတတ်တာ သူ့ အရွယ်လေးနဲ့  တချို့ ဆိုင်ရှင်တွေ အံ့သြရတဲ့အထိပါပဲ။

ညအိပ်ယာဝင်ရင် ဘာသာရေးနဲ့ ဆက်နွယ်တဲ့ ပုံပြင်တွေသာ ပူဆာတတ်လာတာမို့  သားကို ပုံလေးတွေနဲ့  ပြောပြဖို့  ဖိုးဖိုးတို့ ဆီ ဇာတ်ကြီး၁၀ဘွဲ့ စာအုပ်မှာရဦးမယ်ဆိုတာ မှတ်ထားပြီး သူ့ အဖိုးနဲ့ ဖုန်းပြောတိုင်း အမှတ်တရမှာတတ်ပါတယ်။ ဘုရားစာတွေရဲ့ အနက်ကိုပါ သူက သိချင်တာမို့  ကျွန်မရော သူ့ အဖေပါ အမှတ်မမှားအောင် သတိထားရှင်းပြရပါတယ်။ ကျွန်မတို့  ငယ်ငယ်က အဖေ၊အမေက သြကာသ ရအောင်ကျက် ဘုရားရှိခိုးဆို အလွတ်ကျက်ပြီး ရှိခိုးခဲ့တာပါ။ သားကတော့ သြကာသရဲ့ အနက်ကို အရင်မေးပြီးမှ သြကာသကို ရအောင်မှတ်တတ်သူပါ။ တချို့ ဘယ်လို ရှင်းပြရမှန်းမသိလို့  ဆရာကိုဧရာအိမ်ဘေးပြောင်းနေချင်စိတ်တောင် ပေါက်မိပါတယ်။ သူ့ အဖေက ဘုရားမှန်မှန်မရှိခိုးတဲ့ အဖေ့ကို မင်းချွတ်မှ ကျွတ်တော့တာပဲလို့  ပြောယူရတဲ့အထိပါ။ ဘုရားကို နို့ ဆွမ်းကပ်ချင်တယ်ဆိုလို့  သူ့ အဖေကိုယ်တိုင် နို့ ဆွမ်းချက်ပြီး ကပ်ပေးရပါတယ်။ အရင်က သားကိုယ်ရင်ဝတ်မလား မေးရင် ကုတုံးတုံးရမှာမို့  ရှက်လို့  မ၀တ်ချင်ဘူးပြောနေကျ။ ခုတော့ သားရှင်ပြုရင် ကိုယ်ရင်လေးဝတ်မှာလားဆို ၀တ်မှာလို့  စိတ်အားထက်သန်စွာ ပြောနေပါပြီ။ သားရှင်ပြုရင် မေမေပါ သီလရှင်ဝတ်မယ်ဆိုတော့ သူက အရမ်းပျော်ပါတယ်။ ကျွန်တော်က ကိုယ်ရင်ဝတ်ပြီး ရွှေတိဂုံဘုရားမှာ လူတွေကို ဘုရားစာသင်ပေးမှာလို့ ဆိုတော့ ကျွန်မရော၊ သူ့ အဖေပါ မျက်လုံးပြူးရော။

တခုခု အမှားလုပ်ရင် သားမဆိုးနဲ့ နော်လို့  ပြောတာထက် သားအကုသိုလ်မလုပ်နဲ့ နော် ပြောတာ ပိုထိရောက်ပါတယ်။ အကုသိုလ်လုပ်ဖို့ ကို သူက အတော်ကို ကြောက်တတ်ပါတယ်။ အောင်ခြင်းရှစ်ပါးကို ကြည့်ပြီး မေတ္တာဆိုတဲ့ အနက်ကို သူ အတော်လေး သဘောပေါက်သွားပါတယ်။ ပတ်ဝန်းကျင်က သူတွေကို မေတ္တာထားဆက်ဆံရတယ်ဆိုတာ သူနားလည်လာပါတယ်။ သူ့ ကျောင်းက ရန်ဖြစ်သန်တဲ့ ကလေးတွေ သူ့ ကို ရန်စတာကို ကျွန်တော်က မေတ္တာနဲ့ ဘာမှပြန်မလုပ်ဖူး လို့  သူတတ်သလောက်လေး ကျွန်မကို ပြန်ပြောပြတတ်ပါတယ်။

ဟိုတနေ့ က သူကြည့်ချင်လို့ How to train the dragon ဇာတ်ကားလိုက်ပြဖြစ်ပါတယ်။ ဇာတ်ကားရဲ့ အဓိက ရည်ရွယ်ချက်က ရန်ကိုရန်ချင်း မတုန့် နှင်းပဲ မေတ္တာတရားနဲ့  ဆက်ဆံရင် အလွန်ကြမ်းတမ်းရိုင်းစိုင်းတဲ့ နဂါးတွေတောင် ကိုယ်နဲ့  မိတ်ဆွေဖြစ်ရတယ်ဆိုတဲ့ ရည်ရွယ်ချက်ပါ။ သားက မေတ္တာတရား အခြေခံတဲ့ အဲဒီဇာတ်ကားလေးကို သဘောကျလွန်းလို့  ပြောလို့ မပြီးတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် သူ့ အရွယ်ငယ်ငယ်လေးနဲ့  ဘာသာတရားကို အဲဒီလောက် စိတ်ဝင်စားလာတာ ကျွန်မ ၀မ်းသာလို့  မဆုံးပါဘူး။ သူ့ စိတ်ဝင်စားမှုက အရမ်းလေးနက်လွန်းနေတော့ ကြီးရင်ဘုန်းကြီးများ ၀တ်သွားမလားလို့  ထင်ရပါတယ်။ ဟိုတနေ့ က သူ့ အဖေက သူအိပ်တော့ သားကြီးလို့  ဘုန်းကြီးဝတ်သွားရင် ဘယ်လိုလုပ်မလဲလို့  ကျွန်မကို မေးလာပါတယ်။ ဒီအရွယ်နဲ့  ပြောရခက်ပေမယ့် သူကြီးလာလို့  ကျွန်မတို့  မဖြတ်တောက်နိုင်တဲ့ အရာတွေကို သားကဖြတ်တောက်လို့  သာသနာ့ဘောင်ဝင်သွားခဲ့ရင် သူ့ ဘ၀အတွက် အကောင်းဆုံး အမြင့်မြတ်ဆုံးရွေးချယ်မှုမို့  ကျွန်မ၀မ်းသာကျေနပ်မိနေမှာပါ။

တန်ခူး
4:23pm 12-Apr-2010
(ps: သားကို မိဘရင်းနဲ့ မခြားချစ်တဲ့ ဂရုစိုက်တဲ့ သားအန်တီနဲ့ သားဦးဦးတို့ ကျေးဇူးကို ဒီပို့ စ်လေးနဲ့  မှတ်တမ်းတင်ပါတယ်)

Sunday, April 11, 2010

တာဝန်မကျေသော ဘလော့ဂါ အိမ်ရှင်မ မိခင် တန်ခူး

ဘလော့တခုရှိပြီး ရက်ရက်စက်စက် ပစ်ထားရက်တဲ့ တာဝန်မကျေတဲ့ ဘလော့ဂါစာရင်းသာ ပြုစုရင် တန်ခူးက ပထမ ရမလားပဲ…။ သက်ဝေရေ… လွမ်းတယ်ဆိုတဲ့ စကားလုံးလေး တွေ့ ရတော့ မျက်ရည်ဝဲမိတယ်တကယ်။ သက်ဝေဘယ်လောက်ပဲ သင်ပြပြ ဒီကတန်ခူး အချိန်စီမံခန့် ခွဲမှုတွေ လိုနေသေးတာများလား။ မုန်းတယ်… မနက်မိုးလင်းက မိုးချူပ် တုန်တုန်မှ မလှုပ်ပဲ projectတွေထဲမှာ စုံးစုံးမြုပ်နေရတဲ့ဘ၀။ မွန်းကြပ်လွန်းတဲ့ deadlineတွေ ကြားထဲမှာ စိတ်ဖိစီးမှုတွေ များလာတော့ တကြောင်းနှစ်ကြောင်းချရေးဖြစ်ခဲ့ရင်တောင် ကြောင်တောင်တောင်ဂေါက်တောက်တောက် စာတွေဖြစ်လာမှာအမှန်ပဲ။ မမမေငြိမ်းရေ… မြသီလာလို မှတ်တမ်းတင် ဂန္တ၀င်စာမျိုးတွေ မွေးဖွားလာဖို့  မမအချိန်တွေ ဘယ်လိုများ ပေးဆပ်ခဲ့ရသလဲဆိုတာ တွေးတွေးပြီး လေးစားမိတယ်။ ကေရေ… စိန်ပန်းကံ့ကော်တွေထဲ ဖတ်သူနစ်မျောပျော်ဝင်သွားအောင် ဖန်တီးသူရဲ့ နှလုံးသားတွေ ဘယ်လောက်များ ပင်ပန်းနွမ်းနယ်ခဲ့မလဲဆိုတာ ဒီကတာဝန်မကျေလွန်းတဲ့ ဘလော့ဂါတယောက် ပိုပိုနားလည်ပြီး ရင်ထဲမှာ ချီးကျူးနေမိတယ်။

မြတ်နိုးရေ… မြတ်နိုးအမကြီးမတန်ခူး အသက်ရှင်လျက်ရှိနေသေးပါတယ် ညီမရယ်။ မမခင်မင်းဇော်ရေ… ပျောက်ချက်သား ကောင်းနေတဲ့ အမညီမ… ရင်ဘတ်ထဲမှာ ပြောစရာတွေ ပြည့်သိပ်ကျပ်နေတယ်ဆိုတာ အမများသိနေမလား။ အရင်က ပို့ စ်တပုဒ်ဖတ်ပြီးလို့  ကိုယ်နဲ့ အတွေးချင်းမတူရင် ချက်ချင်းဖုန်းခေါ်ငြင်းခုန် အတွေးတွေဖလှယ်နေကျ မောင်လေးကိုပေါဆီတောင် ဖုန်းမဆက်ဖြစ်တာ အတော်ကြာရော့လေ။ တန်ခူးပြန်လာပြီဆိုတဲ့ သတင်းစကားကြီးတောင် ပြင်ဆင်ချိန်မရလို့  မောင်လေးရွားသားလေးက သတိပေးယူရတဲ့အထိ။(ခုထိလဲ အဲဒီအတိုင်းပါပဲ)။ ပေါက်ရေ… အမများနေကောင်းရဲ့လားလို့  စိတ်ပူသတိရတဲ့ညီမလေးကို လွမ်းလိုက်တာ။ ခက်ခဲတဲ့ကျောင်းစာတွေ တဖက်နဲ့ တောင် အားတဲ့အချိန်လေး စာကောင်းလေးတွေ ရေးပေးတတ်တဲ့ ညီမလေးမေဓာဝီရဲ့ စာဖတ်သူတွေပေါ် တာဝန်ကျေမှုကို လေးစားအတုယူမိပါရဲ့။

အမေကပြောတယ်… အိမ်ရှင်မအလုပ်ဆိုတာ ဘာရယ်လို့ မယ်မယ်ရရ လက်ညှိးထိုးလို့ မရပေမယ့် အလုပ်နဲ့ လက်နဲ့ ပြတ်ရတယ် မရှိဘူးတဲ့။ အမေ့ကို ဒီအလည်ခေါ်ရင် ကြာကြာမနေနိုင်ပဲ ငါအိမ်မှာမရှိရင် အိမ်ကြီးဗြုတ်စဗြင်းတောင်း ဖြစ်နေမယ်ဆိုတော့ အမေကလဲ ပိုလိုက်တာလို့  ဆိုခဲ့မိသေးတယ် သိလား မမသီတာ။ သားလေးနှစ်ယောက်ရယ် ချစ်သူရယ် ပြီးတော့ အိမ်မှုကိစ္စတွေရယ်… ဘလော့တခုရယ်ကြား တာဝန်ကျေနိုင်လွန်းတဲ့ မမသီတာရဲ့ ချစ်စရာအပြုံးလေး တန်ခူးကို ခဏငှားပါလားဟင်။ အိမ်ကြီးက အမေပြောသလို ဗြုတ်စဗြင်းတောင်း။ ဧည့်သည်တောင် လာမှာကြောက်နေရတဲ့အဖြစ်။ မျက်စိကို စုံမှိတ်ပြီး အလုပ်ကအိမ်ပြန်ရောက်တော့ အလုပ်ပြန်လုပ်ရတဲ့ဘ၀။ ပိတ်ရက်တရက်မှာမှ မီးပူတိုက်စရာ အပုံကြီးကြား အကြွေးတွေကို စကားမပြောနိုင်ပဲ ၄ ၅နာရီဆက်တိုက် ရှင်းရတာ။ လုလုရေ… ၅မိနစ်အမြန်ချက်လို့ ရတဲ့ ဟင်းနည်းလေးများရှိရင် အမကို ပေးပါလား။ အမှန်ပြောရရင် လက်ပံခေါက်ဟင်းနောက်ပိုင်း အိမ်မှာ ချက်မစားဖြစ်တော့တာ။ အိမ်ထမင်း အိမ်ဟင်းလေး လွမ်းမိပါရဲ့။ (ဒီနေ့ တော့ အကုန်ဖြတ်တောက်ပြီး ကြက်သားနဲ့ ဂေါ်ဂရခါးသီး ကာလသားချက်လေးရယ်…. ခရမ်းချဉ်သီးငါးပိချက်လေးရယ်.. အမြန်လုပ်လိုက်ရတယ်… မရတော့ဘူး.. limitကုန်ပြီလေ)။ ဒီတခါရန်ကုန်ပြန်ရောက်ရင် အမကြီး မမသိဂီင်္ဆီ အိမ်ရှင်မသင်တန်းသွားတက်မှ။ ခက်တာက အိမ်ကလူကလဲ ကိုအန်ဒီတို့ လို အချက်အပြုတ်မရ။

အားလုံးထဲမှာ သားကို အချိန်မပေးနိုင်တာလောက် စိတ်ညစ်တာမရှိ။ အိပ်ယာဝင်ပုံပြင်လေးတွေ သားကပူဆာတာကို နောက်တနေ့ နောက်တနေ့ နဲ့  ရက်ရွှေ့ ခဲ့ပေါင်းများလာတော့ ငိုချင်မိတယ်။ ကိုယ့်ကိုယ်ကိုလဲ ခွင့်မလွတ်ချင်တော့ဘူး။ သားရေ သားအတွက် အမေအလုပ်တွေကြိုးစားနေတာပါဆိုတော့ သားက နားမလည်နိုင်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်တယ်။ ညီမလေးလှိုင်တို့  နုတို့ ရေ… သမီးလေးတွေနဲ့  အချိန်ပြည့်နေနိုင်တဲ့ ဘ၀ကို အားကျမိတယ်ကွယ်။ ကံကောင်းတာက သားကျောင်းက ရုံးမှာမို့ လို့ ရယ်။ နို့ မို့ ကျောင်းကြိုကျောင်းပို့ သာ မလုပ်ရရင် အမေ့ကိုတောင် အတော်စိမ်းသွားမှာ။ ပန်ပန်ရေ… ဒါကြောင့်ပဲ ရောမမြို့ ကြီးကို အမဘယ်လိုမှ ချစ်လို့ မရတာထင်ပါရဲ့။ စာမရေးဖြစ်တဲ့ အကြောင်းတွေထဲမှာ အလုပ်တွေရှုပ်နေတာက အဓိကဖြစ်ပေမယ့် Mood တွေကလဲ ကာရံစည်းချက်တွေ မညီဘူးတော့ဘူး။ သားက မေမေကြောင်လေး မွေးချင်တယ်တဲ့။ သူ့ ခမျာ အထီးကျန်ဆန်နေလို့ လားဆို ပူပူပင်ပင်နဲ့  လုပ်လက်စအလုပ်တွေ ဖြတ် မြန်မာကစားနည်းတွေအကြောင်းရှင်းပြ၊ သူနဲ့ ကစား… သူ့ မျက်လုံးလေးတွေ အရောင်ပြန်လက်လာမှ ဟင်းချရတော့တယ်။ ကြည့်ရတာ သူ့ အဖေလို ကြောင်လေးတွေ ချစ်တဲ့စိတ်ကြောင့်ဖြစ်မှာပါလို့  စိတ်ကိုဖြေသိမ့်ရတယ်ချိုသင်းရေ။ အိမ်ချင်းနီးရင်တော့ ချိုသင်းဆီက သမီးလေးဖြစ်ဖြစ်၊ သားလေးဖြစ်ဖြစ် တကောင်လောက် လာတောင်းချင်ပါရဲ့။

ဘာပဲဖြစ်ဖြစ်လေ… သင်္ကြန်မိုးရေ တန်ခူးလေနဲ့  တန်ခူးတယောက် ချစ်သော ဒီသံယောဇဉ်ရပ်ဝန်းလေးထဲ ပြန်ရောက်လာပါပြီ။ မြန်မာနှစ်သစ်မှာ တာဝန်မကျေသော တန်ခူး တာဝန်ကျေသူတယောက် ဖြစ်အောင် ကြိုးစားပါမယ်လို့ ။ ကတိတွေ အခါခါပေးပြီး ပျောက်ပျောက်သွားတတ်တဲ့ တန်ခူး ဒီတခါတော့ မကြေငြာတော့ပဲ နှလုံးသားထဲမှာ ကြိတ်ပြီး ကတိတွေပေးမိပါတယ်။ ကြည်လင်အေးမြတဲ့ ရေစင်လေးဖြန်းပက်ဖို့  တန်ခူး တကယ် ပြန်လာပြီ။

တန်ခူး
1:17am 11-Apr-2010

Tuesday, February 23, 2010

လက်ပံခေါက်ဟင်း

ပြီးခဲ့တဲ့အခေါက် မြန်မာပြည်ပြန်တော့ ထုံးစံအတိုင်း ဖေဖေ့ဝမ်းကွဲညီမ ကျွန်မအဒေါ် အညာသူစစ်စစ်ကြီးတွေက အိမ်မှာ ရောက်နှင့်နေပါပြီ။ သားကို သိပ်ချစ်တဲ့ သားအဖွားတွေပေါ့။ ကလေးလဲ မမြှူတတ်တဲ့ အပျိုကြီးတွေမို့  သားဘေးနား ငုတ်တုတ်ကြီးတွေ ထိုင်ပြီး တယောက်က ခြင်မလာအောင် ယပ်ခတ်၊ တယောက်က သားဆော့တာ ပြုံးပြုံးကြီးထိုင်ကြည့်နေတာပါ။ ဒါပေမယ့် သားကို ရေချိုးပေးတာတို့  သနပ်ခါးလေး ဖွေးနေအောင် လိမ်းပေးတာတို့ က ကျွန်မအမေရင်းထက်တောင် ကျွမ်းကျင်ပါသေးတယ်။ သားကလဲ ဖွားဖွားဥ၊ ဖွားဖွားဆိုးနဲ့  အရိုးခံအညာသူကြီးတွေ ကျအောင် ပြောတတ်ပါသေးတယ်။ ဗွီဒီယိုကြိုက်တဲ့ သူတို့ ကို ကျွန်မအမေက နေ့ စဉ်အခွေငှားပေးပါတယ်။ သူတို့ က အတော်ကို ဇာတ်နာတဲ့ ငိုရတဲ့ကားမျိုးမှ ကြည့်ရတာ အားရသူတွေပါ။

ကျွန်မရောက်တဲ့အချိန်က မနှစ်က အကယ်ဒမီတွေ တစီတတန်းကြီးရသွားတဲ့ “ကိုးဆယ်ဆ သာလိမ့်မယ်” ဇာတ်ကားထွက်တဲ့ အချိန်ပါ။ ကျွန်မကလဲ မြန်မာဆန်လွန်းတဲ့ အဲဒီကားကို ကြည့်ချင်သူ။ အရင်က အဖေ့စိတ်ကြိုက်မြို့ တော်သိန်းအောင် ပြဇာတ်ဆိုတော့ အဖေကလဲ အားပေးချင်။ အညာနောက်ခံဇာတ်ကားမို့  အဒေါ်နှစ်ယောက်ကလဲ အဖော်စပ်စရာမလိုဆိုတော့ အားပေးတဲ့သူတွေ အတော်များတာပေါ့။ ဒီကားထဲမှာ မင်းသမီး၊မင်းသားအပြင် လက်ပံပင်ကြီးကလဲ ဇာတ်ကောင်တကောင်လိုပါပဲ။ လက်ပံပင်ကြီးကိုက ဇာတ်ရှိန်အနိမ့်အမြင့်အလိုက် ခံစားချက်မျိုးစုံပေးနေသလိုပါပဲ။ ပထမပိုင်း နန္ဒာလှိုင်အပျိုတုန်းက လက်ပံပင်ကြီးကို ကြည့်ရတာ နုနယ်ပျိုမျစ်ပြီး ကိုယ်ပါ သူတို့ နဲ့ အတူ လက်ပံပွင့်လေးတွေ ကောက်ချင်စိတ်တောင် ပေါက်မိပါတယ်။ ဒီလက်ပံပင်အောက်မှာပဲ ချစ်သူနဲ့ ဇာတ်လမ်းစခဲ့သလို၊ ချစ်သူနဲ့ ဇာတ်လမ်းဆုံးခဲ့တာပါ။ နန္ဒာလှိုင် အဖွားကြီးဖြစ်သည်အထိ လက်ပံပွင့်တွေ ကောက်နေတော့ ဒီလက်ပံပင်ကြီးက အိုမင်းရင့်ရော်ပြီး လောကဒဏ် အထုအထောင်းခံနေရသလိုပါပဲ။ ဇာတ်ကားဆုံးခါနီး နောက်ကြောင်းပြန်တော့ ဟိုးငယ်ငယ်က မောင်နှမ၂ယောက် အတူဆော့ကစားခဲ့တာလဲ ဒီလက်ပံပင်ကြီးအောက်မှာပါပဲ။ နောက်ဆုံး ကျော်ရဲအောင် ဘုန်းကြီးဝတ်သွားတော့ လက်ပံပွင့်လေး တပွင့် သပိတ်ပေါ်ကြွေကျသွားတာနဲ့  အဆုံးသတ်ပါတယ်။ အဲဒီအချိန် ကျွန်မအဒေါ်တွေကို ကြည့်လိုက်တော့ တကယ့်ကို ငိုကြီးချက်မနဲ့ ဖြစ်နေပါပြီ။ ကျွန်မအမျိုးသားကတော့ မျက်ရည်တွေ ရွှဲရွှဲစိုနေတဲ့ ကျွန်မကို ကြည့်ပြီး ဟားတိုက်ရယ်ပါတော့တယ်။ အဲဒီအချိန်မှာ တချိန်လုံးတိတ်နေခဲ့တဲ့ ကျွန်မအဖေက သူ့ ညီမကို “ခင်ဥ ရွာက လက်ပံပင်ကြီး ရှိသေးလား” လို့  ငိုသံပါကြီးနဲ့ မေးတာကို “ဟင့်ဟင့်… ရှိပါ့တော်” လို့  မျက်ရည်တွေ ပလုံးပထွေးနဲ့ ပြောတော့ ကျွန်မတို့  တအိမ်လုံး ငိုအားထက် ရယ်အား သန်ခဲ့ရပါတယ်။

တန်ခူးတို့ များ လက်ပံခေါက်ဟင်းအကြောင်းရေးတာ နိဒါန်းပျိုးတာ ရှည်လိုက်တာလို့  မထင်ပါနဲ့ ရှင်။ အခုကျွန်မချက်တဲ့ လက်ပံခေါက်တွေက ခုန ကျွန်မအဖေမေးတဲ့ ရွာက လက်ပံပင်ကြီးအောက်မှာ ကျွန်မအဒေါ်အပျိုကြီး ဒေါ်ခင်ဥကိုယ်တိုင် ကောက် အခြောက်လှမ်းပြီး ကျွန်မနေထိုင်တဲ့ ဒီနိုင်ငံရောက်အောင် ပို့ လိုက်လို့ ပါပဲ။ နီရဲရဲလက်ပံပွင့်လေးတွေက အပင်ပေါ်မှာ အရမ်းလှသလို ကြွေကျလာတော့လဲ လှသွေးကြွနေတုန်းပါပဲ။ ဒီလက်ပံပွင့်လေးတွေကို ဘာလို့ ကောက်ကြတာလဲဆိုတော့ ခရေပွင့်ကောက်သလို၊ ဆိတ်ဖလူးပန်းလေးတွေ ကောက်သလို အလှအတွက် သက်သက်မဟုတ်ပါဘူး။ လက်ပံပွင့်လေးတွေကို အခြောက်လှမ်းထားရင် နှစ်ပေါက်စားလို့ ရပါတယ်။ လက်ပံပွင့်ခြောက်လေးတွေကို လက်ပံခေါက်လို့  ခေါ်ပါတယ်။ ပွင့်ဖတ်လေးတွေ ကြွေခြောက်သွားပြီး အလယ်က ၀တ်ဆံရှည်ရှည်လေးတွေက တံမြက်စည်းလေးနဲ့ တူတာမို့  ကျွန်မတို့ ငယ်ငယ်က တံမြက်စည်းဟင်းလို့  ပေါက်ပေါက်ရှာရှာ နာမည်ပေးပါသေးတယ်။







လက်ပံခေါက်လေးများ ရှိခဲ့ရင် ချက်ရတာ လွယ်ကူမြန်ဆန်ပြီး ထမင်းမြိန်တဲ့ ဟင်းတခွက်ပါ။ လိုအပ်တဲ့ ပစ္စည်းတွေကတော့ လက်ပံခေါက်၊ ပုန်းရည်၊ ပုဇွန်ခြောက်မှုန့် ၊ ငါးပိ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ ပါပဲ။ ပထမဆုံး လက်ပံခေါက်လေးကို ရေနွေးလေးနဲ့  စိမ်ထားပါ။



လက်ပံခေါက်လေးနူးလောက်တဲ့အခါကျတော့ အသင့်လှီးထားတဲ့ ကြက်သွန်နီ၊ကြက်သွန်ဖြူထည့်၊ ပုဇွန်ခြောက်မှုန့် လေးထည့်၊ ငါးပိလေးပါလေကာထည့် ပြီးတော့ ပုန်းရည်လေးထည့်လိုက်ရုံပါပဲ။ ပုန်းရည်က ပုန်းရည်စိမ့်ထက် ပုန်းရည်ချဉ်ဆို ပိုကောင်းပါတယ်။ ကျွန်မကတော့ နာမည်ကျော် ဇီးကွက်တံဆိပ် ပုန်းရည်စိမ့်မှုန့် နဲ့  ချက်ပါတယ်။





အရည်သောက်ဖြစ်တဲ့အတွက် ဆီကိုလဲ နဲနဲလေးပဲထည့်ပြီးရင် မီးဖိုပေါ်တင်ပြီး လုံးရပါတယ်။ ကြက်သွန်လေးတွေ အတော်နွမ်းလာမှ ရေသင့်ရုံထည့်ပြီး ဆူပွက်အောင် တည်ပါ။ အပေါ့၊အငံလိုသလို မြည်းပြီး ဆားသို့ မဟုတ် ငံပြာရည်ထည့်လို့ ရပါတယ်။ လက်ပံပွင့်လေးတွေ နူးအိလာရင် စားလို့ ရပါပြီ။





ဟင်းလေးက ကျွန်မတို့ အညာသူလေးတွေ အသွေးမလှပေမယ့် အချင်းလှသလို အသွေးမလှပေမယ့် အရသာ ထူးကဲကောင်းမွန်လှပါတယ်။ တွဲဖက်စားလို့  လိုက်ဖက်တဲ့ ဟင်းကတော့ ၀က်သားအိုးကြီးနှပ်နဲ့ ပါ။ ၀က်သားနဲ့ လက်ပံခေါက်ရောချက်လဲ စားလို့ အလွန်ကောင်းပါတယ်။ တကယ်လို့  သက်သက်လွတ်ချက်ချင်ရင် ပုဇွန်ခြောက်မထည့်၊ငါးပိ၊ငံပြာရည် မထည့်ပဲ ချက်လို့ ရပါတယ်။ လက်ပံခေါက်ကိုက အရသာလေးပင်တာမို့  သက်သက်လွတ်ချက်လဲ ထမင်းမြိန်စေပါတယ်။ ဘလော့မိတ်ဆွေတို့  စမ်းကြည့်ချင်ရင် လက်ပံပွင့်လေးတွေကောက် အခြောက်လှမ်း… အဲ… ဟုတ်ပါဘူး… အညာဒေသဘက်မှာ အသိများရှိရင် လက် ပံခေါက်လေးမှာပြီး စမ်းချက်ကြည့်ပါ။ အိမ်နားနီးလို့  စိတ်ဝင်စားတဲ့သူရှိရင် ကျွန်မဆီမှာ လက်ပံခေါက်လေးတွေ ကျန်ပါသေးတယ်။ ဝေမျှပေးလို့ ရပါတယ်။ ကျွန်မတို့  အညာဒေသရဲ့ လက်စွဲဟင်းလေးကို မြည်းစမ်းကြည့်ပါဦး။

တန်ခူး
10:41pm 23-Feb-2010

Monday, February 15, 2010

ကိုယ့်အကြိုက်

ချစ်တဲ့မမသီတာ တက်ဂ်ထားတဲ့ တက်ဂ်ဂိမ်းလေးနဲ့  ချစ်သောသူတွေဆီ ပြန်လာပါပြီ။ ပထမဆုံး မပြောမဆိုပဲ ပျောက်နေမိတာကို တောင်းပန်ပါရစေ…။ အကြောင်းရင်းကတော့ ထုံးစံအတိုင်း အလုပ်ကြောင့်ပါ။ ခုတော့ နဲနဲအသက်ရှုချောင်သွားပြီမို့  အရမ်းကို လွမ်းနေမိတဲ့ ချစ်သောသူတွေဆီ ပြန်လာပါပြီ။ ဘာပို့ စ်အသစ်မှ မရှိပဲ ခြောက်ကပ်ကပ်ဖြစ်နေတဲ့ လေနုအေးဆီ လာလည်ပြီး ပို့ စ်အဟောင်းလေးတွေ ဖတ်သွားတဲ့ စာဖတ်သူတွေကို ကျေးဇူးအရမ်းတင်မိပါတယ်။ အကြွေးဆပ်တဲ့အနေနဲ့  ဒီကရှေ့ အဲဒီလိုကြီး ခြောက်ကပ်ကပ် မဖြစ်အောင်ကြိုးစားပါမယ်လို့ …။ မမသီတာရေ… အတော်လေးကို နောက်ကျမှ ရေးရတာကို ခွင့်လွတ်ပါနော်…။ ခုလို ပျောက်နေတဲ့ ညီမလေးကို မေ့မထားပဲ အမှတ်တရ တက်ဂ်ပေးတာ ကျေးဇူးပါ မ ရေ။

*****************

ငယ်တုန်းက အငြိမ့်မင်းသမီးလေးတွေ ထမီနားခပ်တာ သိပ်သဘောကျမိတာ။ ဒီတော့ ထမီ တထည်မှ မရှိတဲ့ ကိုယ်က ကတမ်းခုန်တမ်း ကစားရင် အမေ့ထမီခိုးဝတ်ပြီး ရှည်နေတဲ့အပိုင်းကို ထမီနားခပ်ရတာ အမော။ ခေါင်းပေါ်မှာလဲ အိမ်ကတဘက် အရှည်ကြီးကို ပတ်ပြီး ဆံပင်လို လုပ်ထားရသေးတာလေ။ ဘာပဲဖြစ်ဖြစ် အဲဒီမင်းသမီးကို ကစားဖော်တွေကတော့ အားပေးသား။ ထမီတွေ ခဏခဏခိုးဝတ်တာ မခံနိုင်တော့ အမေက နားအေးအောင် စပ်ထမီလေး တထည်ချုပ်ပေးတယ်။ ပထမဆုံးရတဲ့ ထမီလေးမို့  မြတ်နိုးမိတာ မပြောပါနဲ့ ။ ရ တန်းလောက်ထိ အရောင်အသွေးစုံ၊ အဆင်စုံတဲ့ အဲဒီစပ်ထမီလေးကို ချစ်လွန်းလို့  သိမ်းထားသေးတာ။

အဖေက အပျိုစိတ်ဝင်မှာ စိုးလို့  ထမီဝတ်တာမကြိုက်။ ထမီလေးတွေ ချစ်တဲ့ကိုယ်က ၆တန်းကစ ၀တ်ရတဲ့ ကျောင်းဝတ်စုံ ထမီအစိမ်းလေးတွေကိုပဲ တမြတ်တနိုးဝတ်ရတာ။ မှတ်မှတ်ရရ ကျောက်စိမ်းရောင် ထမီတွေထက် အစိမ်းပုပ်ရောင် ထမီလေးတွေကို ကိုယ်က ပိုနှစ်သက်မိတယ်။ အဖြူရောင် လက်စက အကျီင်္လေးတွေထက် အဖြူရောင်လက်ရှည် တက္ကသိုလ်ရင်ဖုန်းအကျီင်္လေးတွေကို ပိုမြတ်နိုးမိတယ်။ အဲဒီအချိန်ထိ စပ်ထမီလေးပြီးရင် အစိမ်းရောင် ကျောင်းထမီလေးတွေသာ ကိုယ်က ချမ်းသာခဲ့တာလေ။

RIT ရောက်တော့ အဖေက ထမီဝတ်ခွင့်ပြုပြီ။ အဒေါ်ဝယ်ပေးတဲ့ ကြောင်ခြစ်ပြောင် လုံချည်လေးတွေရယ်… အဲဒီခေတ်က ခေတ်စားတဲ့ တရုတ်ပိတ် အဆင်နုတ်နုတ်လေးတွေရယ်တွေထဲမှာ ရှားရှားပါးပါး အဖွားဆီက အမွေရထားတဲ့ ရှာလုံချည် အနက်ခံပေါ် အပြာနုရင့်အဆင်လေးနဲ့  ထမီလေးကို အမြတ်နိုးဆုံး။ တရုတ်ပိတ် ထမီလေးတွေထဲမှာတော့ အဖြူခံပေါ် အနက်လုံးလေးတွေနဲ့  ထမီလေးက ကိုယ့်ကို အဆွဲဆောင်နိုင်ဆုံး။ ဓာတ်ပုံအဟောင်းလေးတွေ ပြန်ကြည့်တော့ တော်တော်များများက အဲဒီ ထမီလေးနဲ့ မို့  ကိုယ့်ကိုယ်ကို တောင် ပြုံးမိတယ်။ အဖြူရောင်က ကိုယ်က ရူးသွပ်သူမို လား။

ကျောင်းတွေပိတ်တော့ ကိုယ်သိပ်လိုချင်တဲ့ မြန်မာချည်ထမီလေးကို အမေက လက်ဆောင်ရခဲ့တယ်။ အမေ့ဆီက အဲဒီထမီလေးကို တောင်းတော့ အမေက ပေးခဲ့တယ်။ ဘယ်တော့မှ မေ့လို့ မရနိုင်မယ့် သမိုင်းရှိတဲ့ ထမီလေးတထည်ပါ။ ပခုက္ကူက အဒေါ်လက်ဆောင်ပေးထားတဲ့ ပင်နီအကျီင်္လေးနဲ့  အလွန်လိုက်ဖက်တဲ့ ထမီလေးပေါ့။ ခုထက်ထိ အိမ်က ဘီရိုလေးထဲမှာ အမှတ်တရသိမ်းထားဆဲပါ။ (ခုချိန်ထိ ၀တ်ချင်ဆဲပေမယ့် ၀ လာလို့  ၀တ်မရတော့ ပါဘူး)




စတုတ္ထနှစ်လောက်က အရိုင်းစံပယ်ထဲက မို့ မို့ မြင့်အောင် ၀တ်တဲ့ ဒူးနားချိတ်လေတွေကို သိပ်သဘောကျခဲ့တာ။ အမေ့ကို ပူဆာတော့ မီးခိုးရောင်အောက်ခံပေါ် အ၀ါရောင်ချိတ်လေးတွေပါတဲ့ ထမီလေးရယ်… အ၀ါရောင် မြန်မာအကျီင်္လက်ရှည်လေးရယ် ချူပ်ပေးခဲ့တယ်။ ချစ်လွန်းလို့  ကျောင်းတုန်းက ခဏခဏ ၀တ်ခဲ့တဲ့ ၀တ်စုံလေးပါ။




ခုတော့ မြန်မာချည်ထမီလေးတွေ ချစ်ပေမယ့် ၀ လာတာမို့  ဘယ်လိုမှ ကြည့်မကောင်းလို့  လက်လျော့လိုက်ရပါတယ်။ မြန်မာဝတ်စုံလေးတွေမ၀တ်ရ မနေနိုင်တာမို့  သိပ်ကြီးမထူတဲ့ အသားလေးတွေကို ပန်းလေးထိုးရင်ထိုး.. ဒါမှ ရင်ဖုန်းပုံဆန်းလေးတွေ ထွင်ပြီး ၀တ်ပါတယ်။ ရန်ကုန်အိမ်နားက ပန်းထိုးတော်တဲ့ ချစ်တဲ့ညီမလေးကလဲ လိုချင်တဲ့ပုံရအောင် စိတ်ရှည်ရှည် ပန်းထိုးပေးပါတယ်။ ခရမ်းရောင်ပြောင်ထမီလေးပေါ် ပန်းရောင်အပွင့်လေးတွေ စီတန်းထိုးထားတဲ့ ထမီလေးက ခုလောလောဆယ် အကြိုက်ဆုံး ထမီလေးပါပဲ။

(ပို့ စ်အသစ်တင်ချင်လွန်းလို့  ဓာတ်ပုံလေးတွေ အသဲအသန်ရိုက်လိုက်ရတာပါ… အရည်အသွေးအတော်ညံ့တဲ့ ဓာတ်ပုံလေးတွေ အတွက် တောင်းပန်ပါတယ်)

တန်ခူး
10:55pm 15-Feb-2010

Tuesday, January 19, 2010

ကြိုဆိုပါတယ် မေမေအသစ်လေးရေ

ကျွန်မတို့ ရဲ့ ဘလော့ဂါမေမေအဖွဲ့ ထဲကို ညီမလေးခွန်မြလှိုင်အဖွဲ့ ဝင်ဖြစ်ပြီး နောက်မှာ ညီမလေးနုစံက ပူပူနွေးနွေး အဖွဲ့ ဝင်လေး ဖြစ်သွားကြောင်းကို နှစ်သစ်မှာ ကောင်းသတင်းလေး ဝေမျှပါစေ…။ 17-Jan-2010 တနင်္ဂနွေနေ့ နေ့လည် ၁၂ နာရီ ၄၈ မိနစ်မှာ သမီးလေးကို သဘာဝအတိုင်း အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့ပါတယ်တဲ့။ သမီးလေးက ၃.၁ ကီလိုဂရမ်ရှိပြီး အရပ်က ၅၀.၅ စင်တီမီတာ ရှိပါတယ်တဲ့။ မိခင်ရော သမီးလေးပါ ကျန်းမာပါကြောင်း သတင်းကောင်းပါးပါရစေ။

ဒီကရှေ့ လျှောက် သမီးလေးအကြောင်းတွေ ပို့ စ်အသစ်အဖြစ်တွေ့ ရတော့မှာပါ။
ချစ်တဲ့ညီမလေးနုနဲ့  ချစ်စရာသမီးလေးတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ။
ချစ်စရာသမီးလေးကို သယ်ဆောင်လာတဲ့နှစ်သစ်လေးက နုအတွက် အရမ်းကို လှပပြည့်စုံသွားပြီနော်….။

ချစ်တဲ့အမ
တန်ခူး
19-Jan-2010 12:32pm

Monday, January 11, 2010

ထမင်းကြမ်း ယပ်ခတ်မစားတတ်သူများ

ကျွန်မတို့ အိမ်ဘေးမှာ လမ်းမဘက်ကို သွားလို့ ရတဲ့ ဖြတ်လမ်းလေး တခုရှိတယ်။ ကျွန်မတို့ အိမ်ဘေးက ဦးလေးကြီးက မနက်ဆို အဲဒီလမ်းကလေးက အမှိုက်တွေ စိတ်ရှည်လက်ရှည် တံမြက်လှည်း၊ ပြီးတော့ အမှိုက်တွေ မီးရှို့… သူများရှင်းပြီးသွားရင် ဖြတ်လမ်းလေးက ရှင်းသန့် ပြီး လျှောက်လှမ်းချင်စရာ။ သူက ဘယ်သူ့ ကိုမှလဲ အဖော်လုပ်မနေဘူး… သူနိုင်သလောက်ရှင်းတယ်… ဘယ်သူ့ မှလဲ အဲဒီလမ်းကို သူရှင်းထားတာပါဆို ဂုဏ်ဖော်ပြီး မပြောနေတတ်ဘူး။ သူရှင်းတဲ့အချိန်က မနက်စောစောမို့  တချို့ ဆို သူရှင်းလို့ ရှင်းမှန်းတောင် မသိဘူး။ ကျွန်မတို့ အိမ်က ကပ်လျက်ဆိုတော့ သူရှင်းတာတွေ့ တိုင်း သူ့ ကို ကျေးဇူးတင်မိတယ်။ ကျွန်မအဖေနဲ့ အမေက သူတို့ အားရင် အားသလို သူနဲ့ ဝိုင်းကူရှင်းပေးတတ်တယ်။ တကယ်တော့ သူ့ အသက်က ၇၀ ကျော် ၈၀ နားနီးနေပါပြီ။ သူ့  ဘာသာ အိမ်မှာ နေတတ်သလို နေနေရင်လဲ ဖြစ်ပါလျက်နဲ့  အများအကျိုးအတွက် လုပ်ပေးနေတာပါ။ မနက်စောစောမှာ သူယူလိုက်တဲ့ ကုသိုလ်လေးက သူ့ အတွက် ဘယ်လောက်များ စိတ်ကြည်နူးစရာကောင်းလိုက်ပါသလဲ။ ဒါပေမယ့်လေ… တချို့ လူတွေက အခက်သားလား။ ဦးလေးကြီး ပိုက်ဆံတပြားမှ မရပဲ စေတနာသက်သက်နဲ့  ရှင်းပေးတာကို ဟိုလိုဖြစ်သလေး… ဒီလိုဖြစ်သလေး ဝေဖန်ကြသေးတယ်။ တခါတလေ နေထိုင်မကောင်းလို့  ကျွန်မအဖေနဲ့ အမေကလဲ အလုပ်များနေလို့  အမှိုက်ကလေးများရှုပ်နေတာမျိုးတွေ့ ရင် ကုသိုလ်ဖြစ်လုပ်တဲ့ ဦးလေးကြီးကပဲ တာဝန်မကျေသလို မြည်တွန်တောက်တီး တတ်သေးတယ်။ အမှိုက်ပုံလေးသိပ်မရှိလို့  နောက်နေ့ မှ ပေါင်းမီးရှို့ဖို့ ထားတာများတွေ့ ရင် လမ်းဘေးမှာ ဘယ်သူက အမှိုက်ပုံသွားလဲဆို ဝေဖန်ရှံ့ ချတတ်သေးတယ်။ မခက်လား… ကိုယ်တောင်မှ မလုပ်နိုင်တဲ့အလုပ်ကို သူ့ ဘာသာ နေနေရင်လဲ ရပါလျက် အပင်ပန်းခံ လုပ်နေသူကို အားပေးချီးမြှောက်စကား မဆိုတဲ့ အပြင် ပြစ်တင်ဝေဖန်ပစ်လိုက်တာ ဘယ်လောက်များ ရုပ်ဆိုးလိုက်တဲ့ အဖြစ်လဲနော်။

ဘာရယ်မဟုတ်ပါဘူး။ အဲဒီဦးလေးကြီးနဲ့  အခြေခံအားဖြင့်တူတဲ့ စေတနာရှင်တွေကို စဉ်းစားမိတယ်။ ဟိုတလောက စာပေဟောပြောပွဲသွားတော့ စေတနာရှင် စာရေးဆရာကြီး ၃ယောက်ပေးတဲ့ စေတနာတွေ တပွေ့ တပိုက်နဲ့  ပြန်လာရတာ ၁၅ဒေါ်လာထဲ ပေးရတာတောင် အားနာမိတယ်။ အထူးသဖြင့်…. ဆရာနေ၀င်းမြင့်။ ဆရာက အနာနဲ့ ဆေး တန်းတည့်အောင်ပေးတတ်လွန်းတဲ့ ဆရာဝန်ကြီးတယောက်လိုပါပဲ။ ရုပ်ဝတ္ထုတွေနောက် ကောက်ကောက်ပါအောင်လိုက်နေကြတဲ့ တခါသုံးလူနေမှုစံနစ်တဲ့။ အကျိုးရှိလွန်းတဲ့ အကြောင်းအရာ ရွေးခြယ်မှုနဲ့ အကွက်စိ ထောင့်စိအောင် ဟောတတ်လွန်းတဲ့ ဆရာရဲ့ စေတနာ။ ကျွန်မက ဆရာကို တိတ်တိတ်ကလေး နာမည်ပေးထားတာက မြန်မာdictionaryကြီးလို့ ပါ။ ကြွယ်ဝလိုက်တဲ့ မြန်မာဝေါဟာရ၊ ချမ်းသာလိုက်တဲ့ မြန်မာ့ယဉ်ကျေးမှု၊ ပေါများလိုက်တဲ့ မြန်မာပီသမှု… ရှေးကဆရာ၊ဆရာမတွေ စာကိုမက စိတ်ကိုပါသင်သတဲ့။ ဆရာက တွေ့ နေမြင်နေတဲ့ လူမှုရေးစနစ်ထဲက အမှိုက်တွေကို ရှင်းပေးချင်တဲ့ စေတနာရှင်။ စိတ်ထဲက ဆရာ့ကို ကြည်ညိုလွန်းလို့  ထပ်ခါထပ်ခါ ရှိခိုးမိနေတဲ့ အထိပါ။

ထမင်းကြမ်းလေးပဲ အေးအေးဆေးဆေး ယပ်ခတ်စားပါရစေတဲ့။ မကြာခဏကြားရတဲ့ စကားပါ။ အေးအေးလူလူလေးပဲ နေချင်တယ်ပေါ့။ တချို့ စေတနာရှင်တွေ အများအကျိုးသယ်ပိုးသူတွေကတော့ ကိုယ်က ထမင်းကြမ်းကို ယပ်ခတ်စားနေတဲ့အခါ ယပ်ခတ်စားဖို့  ထမင်းကြမ်းလေးတောင် မရှိတဲ့သူတွေအတွက်တွေးပြီး သူတို့ စားမယ့် ထမင်းကြမ်းကို ဝေငှကြတယ်။ ဘယ်လောက်များ မြင့်မြတ်လိုက်တဲ့ စေတနာတွေလဲနော်။ အထင်ရှားဆုံး ဥပမာပြရရင်တော့ ကျွန်မကြည်ညိုတဲ့ မင်းသားကိုကျော်သူပါ။ သူ့ အခြေအနေ၊ သူ့ ဘ၀က ထမင်းကြမ်းလေး ယပ်ခတ်စားနေနိုင်ပါလျက် ထမင်းကြမ်းမှ မရှိသူတွေအတွက် သူ့ ဘ၀၊ သူ့ အချိန်တွေပုံအပ်ပြီး ပေးဆပ်နေသူ။

တဦးချင်းဆီမှာ သူ့ အခြေအနေနဲ့ သူ ပေးဆပ်နိုင်တဲ့ ပမာဏက မတူကြပေမယ့် သူတို့ နှလုံးသားထဲက စေတနာတွေကို အရင်းခံကြတာပါ။ တချို့ က အများအကျိုးအတွက် ဘ၀ရဲ့ အစိတ်အပိုင်းကို ပေးဆပ်ကြသလို၊ တချို့ က ဘ၀တပိုင်းကိုပေးဆပ်ကြတယ်… တချို့ ကတော့ တဘ၀လုံး ပုံအောပေးဆပ်ကြသူတွေပါ။ သူတို့ ရဲ့ ပေးဆပ်နိုင်မှုကြောင့် တစုံတယောက်ကို စိတ်ဓါတ်ခွန်အားအရဖြစ်စေ၊ ကိုယ်ထိလက်ရောက် ဒုက္ခတွင်းမှ ကယ်ယူလိုက်နိုင်သည်ဖြစ်စေ မြင့်မြတ်တဲ့ နှလုံးသားအောက်ခြေက ထုထည်ကြီးမားလွန်းတဲ့ စေတနာကို အရင်းခံနေတာမို့  စေတနာချမ်းသာလွန်းတဲ့ ထမင်းကြမ်းယပ်ခတ်မစားတတ်သူတွေကို ကျွန်မ ဒီပို့ စ်လေးနဲ့ ဦးညွှတ်လိုက်ပါတယ်။

(ကွယ်လွန်သွားပြီဖြစ်တဲ့ စေတနာချမ်းသာလွန်းတဲ့ အိမ်ဘေးက ဦးလေးကြီးအတွက် အမှတ်တရ…)
တန်ခူး
11:55pm 10-Jan-2010

Wednesday, January 6, 2010

ဒဿ၊သားစိုး၊ ဖိုးချစ် နဲ့  သား

သားက သမားရိုးကျ မြင်နေရတာတွေထက် အထူးအဆန်းတွေကိုမှ သဘောကျတတ်တာ အရင်ပို့ စ်တွေမှာ ကျွန်မရေးခဲ့ဘူးပါတယ်။ ဟိုတလောက မြန်မာပြည်ပြန်တော့ သူ့ အဖိုး၊အဖွားတွေနဲ့  တောင်ကြီး၊အင်းလေး၊ ပင်းတယကို ခရီးထွက်ဖြစ်ခဲ့ပါတယ်။ ဒီကျွန်းသေးသေးလေးက မီးခြစ်ဆံဗူးလေးထဲ နေရတဲ့သားအဖို့ ခရီးစဉ်တလျှောက်လုံး စိတ်ဝင်စားစရာတွေ ပြည့်နေခဲ့ပါတယ်။ ဒါပေမယ့် ပင်းတယရောက်တော့ သူ့ စိတ်ဝင်စားမှုက အထွတ်အထိပ်ရောက်သွားခဲ့ပါတယ်။ ပင့်ကူကြီးကို လေးနဲ့ ပစ်နေတဲ့ မင်းသားလေး။ အဲဒီပုံတွေ့ ကတည်းက သားက စကားမပြောနိုင်လောက်အောင် စိတ်ဝင်စားနေခဲ့တာပါ။ ဧည့်လမ်းညွှန်လေးက ပင်းတယသမိုင်းကို ရှင်းပြတော့ သားတိတ်တိတ်လေး နားထောင်နေခဲ့တာ ကျွန်မတို့  မရိပ်မိခဲ့ပါဘူး။ ပင်းတယအပြန် ကားပေါ်လဲရောက်ရော ပင်းတယသမိုင်း ပင့်ကူကြီးနဲ့ မင်းသားလေး ဇာတ်လမ်းကို သူ့ အဒေါ်ကို သူတတ်သလောက် အင်္ဂလိပ်လို ပြန်ပြောပြနေတာ ကြားရမှ ကျွန်မတို့ အားလုံး အံ့သြတကြီးဖြစ်ခဲ့ရပါတယ်။ သားက အဲဒီလို ထူးဆန်းတာတွေဆို အရိုးစွဲအောင် မှတ်ထားတတ်သူပါ။

သူ့ ကို တခါမှ ရုပ်ရှင်မပြဖူးတာကြောင့် ပထမဆုံးအကြိမ်အနေနဲ့  ဟိုတလောဆီက ရုပ်ရှင်ပြကြည့်ပါတယ်။ ဇာတ်ကားလေးက alvin and the chipmunks 2 ပါ။ ချစ်စရာရှဥ့်ကောင်လေးတွေက အပြင်မှာ တကယ်ရှိနေသလား ထင်ရပါတယ်။ ပထမတော့ သားက စိတ်ဝင်စားသလိုလို ရှိပေမယ့် ဘာမှ ထူးဆန်းတာ သိပ်မပါတော့ ပြီးခါနီးလေ ငြီးငွေ့ လာလေဖြစ်လာပါတယ်။ ရုပ်ရှင်ရုံက ထွက်လာတော့ နောက်ဆို ထူးဆန်းတဲ့ကားမှပဲ သားကို ရုပ်ရှင်လိုက်ပြတော့မယ်လို့  ဆုံးဖြတ်မိပါတယ်။

မြန်မာပြည်ပြန်တုန်းက ၀ယ်လာတဲ့ CITY FMအခွေကို ဟိုတနေ့ က အိမ်မှာ ဖွင့်ကြည့်တော့ ပထမဆုံးသီချင်း “အချစ်ရှုံးသမား ဒဿဂီရိ” ကကို မတက်ရပါဘူး။ အကြောင်းက အထူးအဆန်းကြိုက်တဲ့သားက ဒဿကို အရမ်းကို စိတ်ဝင်စားသွားပြီး ထပ်ထပ်ရစ်နေရလို့ ပါ။ ဟိုတနေ့ က ပြတဲ့ရုပ်ရှင်ထက် သားစိုးပြန်ဆန်းသစ်ထားတဲ့ “အချစ်ရှုံးသမား ဒဿဂီရိ” ကို အဆတရာမက ပိုစိတ်ဝင်စားနေတာ ကျွန်မသားစိုးနဲ့ ခင်ရင် ပြေးတောင် ပြလိုက်ချင်ပါသေးတယ်။ တကယ်တော့ သားစိုး နဲ့  ဖိုးချစ်ကို ပထမ CITY FMအခွေ ရွှေအိုးစည် ကတည်းက သားက စွဲလန်းသွားခဲ့တာပါ။ “ဟေ့..ဖိုးချစ်ရေ.. ဟေ့… သားစိုးလား” ဆိုတာ ပါးစပ်က အချိန်ပြည့်ဆိုလိုက် ဖိုးချစ် က သလို က လိုက်နဲ့ ပေါ့။ ဒီနှစ်အခွေမှာလဲ သားစိုးရဲ့ ဒဿဂီရိက ကျွန်မသားနဲ့ တင် ပေါက်သွားပါပြီ။

စလာကတည်းက ထူးဆန်းတဲ့ အ၀တ်အစားနဲ့  ခေါင်းက ဦးထုပ်ကလဲ အလွန် ထူးဆန်းတာကြောင့် ဒဿကို အသက်မရှုပဲကြည့်နေခဲ့တာပါ။ မယ်သီတာက မနှစ်သက်တာလဲ သူနားမလည်နိုင်ပါဘူး။ ပြီးတော့ ရာမမင်းသားလေး ရွှေသမင်ဖမ်းတာလဲ ပါလိုက်သေးတာကို။ ဒဿကို ဆယ်ကိုယ်ခွဲပြတော့ စိတ်ဝင်စားမှုက အကြီးအကျယ် ရေချိန်တက်လာသလို ကျွန်မကို မေးခွန်းတွေ ဆက်တိုက်လာတော့တာပါပဲ။ “မေမေ ဒဿကို ဘာလို့ မယ်သီတာက မချစ်တာလဲ ”… “ဒဿက ဘာလို့ ဆယ်ကိုယ်ခွဲနိုင်တာလဲ”… “ရာမက ဘာလို့  သမင်လေးကို လိုက်နေတာလဲ”။ မဖြစ်တော့ဘူးဆိုပြီး ဒဿဂီရိ ဇာတ်လမ်းကို တတ်သလောက် မှတ်သလောက် အစကနေ အဆုံးထိ ရှင်းပြရပါတယ်။

အဲဒီမှာ ခက်တာက အကော်ဒီယံအုန်းကျော်သီချင်းကို သားစိုးက ပြန်လည်ဆန်းသစ် remixလုပ်လိုက်တော့ ဒဿကို ပိုရုပ်လုံးကြွလာခဲ့တာပါပဲ။ သားက အဲဒီသီချင်းကို အရင်ခံစားလိုက်ပြီးမှ ကျွန်မပြောတဲ့ ဇာတ်လမ်းကို နားထောင်တာမို့  ဒဿဘက်က ဖြစ်နေတာ တွေ့ ရပါတယ်။ မယ်သီတာက ဘာကြောင့်မချစ်ရတာလဲဆိုတဲ့ ဒဿကို ဂရုဏာသက်တဲ့ မေးခွန်းမျိုးမေးလာတော့ ကျွန်မမှာ ဘယ်လိုရှင်းပြရမယ် မသိတော့ပါဘူး။ သူ့ အဖေကတော့ ဒါမျိုးက ဖြေရခက်တယ်သားရဲ့လို့  ဝေေ၀၀ါးဝါးကြီးလုပ်ကြည့်ပါသေးတယ်။ သားက စိတ်မလျော့ပါဘူး။ ကျွန်မမယ် ဆရာချစ်ဦးညိုသာ ပြေးခေါ်ချင်စိတ်တောင် ပေါက်မိပါတယ်။

နောက်ဆုံး အကောင်းဆုံးအဖြေဖြစ်အောင် သားကို ရှင်းပြရပါတယ်။ မယ်သီတာဘက်က ခံစားရင် ဘယ်လို ခံစားရမလဲ၊ ရာမမင်းသားဘက်က ခံစားရင် ဘယ်လို ခံစားရမလဲ၊ ဒဿဂီရိမင်းသားဘက်က ခံစားရင် ဘယ်လိုခံစားရမလဲ။ သားနှလုံးသားသန်ရာ ခံစားစေတော့ပေါ့။ အဲဒီလို ရှင်းပြတော့ သားက ဘာမှ ပြန်မပြောပဲ အကြာကြီး စဉ်းစားနေပါတယ်။ နောက်တော့မှ “ဒဿသနားပါတယ်နော်မေမေ” လို့  တခွန်းထဲပြောပြီး ငူငူငိုင်ငိုင်လေး ဖြစ်သွားပါတယ်။ အဲဒီမှာ ဟိုတလောက စာပေဟောပြောပွဲမှာ ဆရာချစ်ဦးညိုဟောသွားတာတဲ့ အနုပညာပေးဝေသူနဲ့  ရယူခံစားသူဆိုတာလေး သွာ်းသတိရမိပါတယ်။ အကော်ဒီယံအုန်းကျော်၊ သားစိုး၊ ဖိုးချစ်နဲ့  Jennyတို့ ပေးဝေတဲ့ အနုပညာကို သားက အပြည့်အ၀ ခံစားပြီးနောက် ဒဿကို သူ့ နှလုံးသားနုနုလေးနဲ့  သနားတတ်သွားတာကိုပါပဲ။ ကျွန်မလဲ ဒီအတိုင်းလေး ထားလိုက်ပါတော့တယ်။ သနားပါစေတော့ရယ်လို့ ။

တန်ခူး
5:43pm 06-Jan-2010