Tuesday, July 29, 2008

မောင်နဲ့ ကျွန်မ

ဂျင်း၊ကြက်သွန်ဖြူနံ့လေးမွှေးနေတဲ့ ပုရစ်ကြော်ကြွပ်ရွရွလေးများ ကျွန်မအားရပါးရ တကြွပ်ကြွပ်ဝါးနေပြီဆိုရင် မောင်က ကြက်သီးတွေထပြီး မျက်နှာလွှဲတတ်တယ်။ ဂဏန်းလက်မထဲက အသားကို စိတ်ရှည်ရှည်ထုတ်စားပြီဆို မောင်က မျက်နှာတွေရှုံ့ မဲ့ပြီး သားစားကျူးတဲ့ ဘီလူးတယောက်လို ကျွန်မကို ကြည့်ရော။ ကြက်ခြေထောက်ဟင်းချိုချက်ရင် ဟင်းချိုခွက်ထဲက ခြေထောက်တွေ ကျွန်မပန်းကန်ထဲ ထည့်မှ မောင်က စိတ်ချလက်ချသောက်တယ်။ ကျွန်မမို့  မဆလာနံ့ မွှေးမွှေးလေးနဲ့  ဆိတ်ဦးနှောက်ဟင်းကို မြိန်ရေလျှက်ရေစားရင် မောင်က ရက်စက်လိုက်တာလို့  ပါးစပ်ကတောင် ထုတ်ပြောတတ်တယ်။ အစားအသောက်ဆို အဲဒီလို ပေါက်ကရတွေ စားရတာနှစ်သက်တဲ့ ကျွန်မနဲ့  အရိုးနူးအောင်ပေါင်းထားတဲ့ ငါးသလောက်ပေါင်းထဲက နူးနေတဲ့ အရိုးတွေကိုတောင် နွှင်စားတတ်တဲ့ မောင်နဲ့ က ဘယ်လောက်ထိ ရှေ့ သွားနောက်လိုက်ညီလိုက်ပါသလဲ။

မျောက်ရှူံးအောင်ဆော့သည့် သားကိုတွေ့ တော့ မောင်တို့ ဘက်က ဆွေမျိုးတွေက မောင်ငယ်ငယ်ကနဲ့  တခြားဆီပဲဆိုတဲ့ လေသံတသံထဲ ထွက်ကြတော့ ကျွန်မ
ခပ်တည်တည်နဲ့  ငြိမ်နေရတယ်။ မောင်ငယ်ငယ်က ကြမ်းပေါက်တောင် မကျော်ရဲလောက်အောင် အေးဆေးငြိမ်သက်တယ်လို့  မောင့်မေမေက ချီးကျူးရင် ငယ်ဘ၀ရဲ့ လွတ်လပ်ပေါ့ပါးတဲ့ အတွေ့ အကြုံတွေ ဆုံးရှုံးခဲ့တဲ့ မောင့်ကို သနားမိတယ်။ ကျွန်မ ငယ်ငယ်က အိမ်ဘေးအိမ်က အဆင်သင့် ခူးပြီးသား မာလကာသီးကို ဘယ်တော့မှဝယ်မစားပဲ အပင်ပေါ်ကိုယ်တိုင်တက်ခူးမှ ကျေနပ်တတ်တာကိုတော့ ထိပ်တန်းလျို့ ဝှက်ချက် အနေနှင့် မောင့်မေမေကို မပြောဖြစ်။ မောင့်မေမေက မောင့်ကို အိမ်ရှေ့ မှာ ကစားစရာ တခုပေးထားရင် ငြိမ်ငြိမ်လေးဆော့နေရောတဲ့။ မောင့်ငိုသံများကြားရင် ဧည့်သည်တယောက်ယောက်လာတာ သေချာတယ်တဲ့။ အဲဒီအခါတိုင်း ငယ်တုန်းက အညာမှာ အဖော်ကောင်းလို အိမ်ကမသိအောင် တမတ်တန်းက ရုပ်ရှင်ခိုးကြည့်တဲ့ ကိုယ့်အကြောင်းကိုယ်တွေးပြီး ကြိတ်ပြုံးမိတယ်။

ဒီလို ရာဇ၀င်တွေ ရှိတဲ့မောင်က ခုထိ ဧည့်သည်လာရင် သားကို အကြောင်းပြပြီး အခန်းထဲ ၀င်ရှောင်နေတတ်တယ်။ ကျွန်မသာ လာသမျှဧည့်သည်တွေကို ဒိုင်ခံဧည့်ခံရမြဲ။ နဂိုကလဲ စကားများတတ်သူဆိုတော့ ဧည့်သည်လာရင် ကျွန်မအသံနဲ့ ညံရော။ အလှူအတန်းများရှိရင် မောင်က မီးဖိုချောင်ထဲမှာ တကုတ်ကုတ်လုပ် ကျွန်မက ဧည့်ခံနဲ့  နောက်တနေ့ ကျတော့ အသံတွေဝင်တဲ့ အထိ။ ယုတ်စွအဆုံး ဖုန်းလာရင်တောင် ကျွန်မကို ထိုးပေးတတ်တဲ့အထိ မောင်က စကားပြောရမှာ အလွန်ကြောက်။ ကျွန်မကတော့ တခါတလေ မဆက်သွယ်တာကြာတဲ့ သူငယ်ချင်းတွေဆို နေမထိထိုင်မသာနဲ့  အဆက်အသွယ်လုပ်
သူ့ အကြောင်းကိုယ့်အကြောင်း ဝေမျှ။ ခုမှတွေ့ ဖူး၊ မြင်ဖူးသူတွေက ခဏကြာရင် ငယ်ပေါင်းတွေလို စကားတွေ ဖောင်ဖွဲ့ တတ်တဲ့ ကျွန်မကို မောင်က လက်ဖျားတခါခါ။

သဘာဝလွန် ရုပ်ရှင်ကားမှာများ မောင်နစ်မျောနေလျှင် အနားမှာဆင်အော်နေတောင် မကြားတော့။ ကာတွန်းကားတွေကိုတော့ သားထက်တောင် နှစ်ခြိုက်တတ်သေး။ အချစ်ကားနုနုလေးတွေ ကြည့်ပြီး စကားတခွန်း၊ မျက်တောင်တခတ်မှအစ အသေးစိတ် ခံစားတတ်သော ကျွန်မကို မောင်က ဟာသလုပ်တတ်တယ်။ ကျွန်မများ ရုပ်ရှင်ကြည့်ရင်း မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာရင် သားကို အဖော်လုပ်ပြီး ရယ်မောလို့ မဆုံး။

အားလပ်ချိန်တွေဆို မောင်က တီဗွီရှေ့ မှာ အားကစားလိုင်းကို မလွတ်တမ်းကြည့်ပြီး အပန်းဖြေ။ ကျွန်မကတော့ စာအုပ်တအုပ်ကို အသဲအသန်ဖတ်၊ မဖတ်ရင် Blog ထဲ စုန်းစုန်းမြုပ်။ မောင်က ဘောလုံးသမား တယောက်ယောက်ရဲ့ ကစားပုံကို မချင့်မရဲ ပြောလိုက်ရင် ကျွန်မက ဝေေ၀၀ါးဝါးနဲ့ ထောက်ခံရသလို မောင်ရယ်ဒီcomment လေးက တော်တော်ရယ်ရတယ် ဖတ်ကြည့်ပါဦးဆိုရင် ကျွန်မစိတ်ကျေနပ်အောင် မောင်က ဖတ်ချင်ဟန်ဆောင်ပေးရတယ်။ အဲဒီလောက် ၀ါသနာတွေ ကာရံညီလွန်းတဲ့ မောင်နဲ့ ကျွန်မပါ။

မောင်နဲ့ ကျွန်မ ရှားရှားပါးပါး တူတာဆိုလို့  သီချင်းလေးတွေ ချစ်တတ်တာပဲ ရှိတယ်။ မောင်ကြိုက်တဲ့ အဆိုတော်တွေနဲ့  ကျွန်မကြိုက်တဲ့ အဆိုတော်တွေကတော့ ထူးထူးခြားခြား တထပ်ထဲ။ မောင်မြတ်မြတ်နိုးနိုးဆိုညည်းတတ်တဲ့ သီချင်းတွေက ကျွန်မရူးသွပ်သည့် သီချင်းတွေ။ မောင် ဂီတာတီးတဲ့ အချိန်တွေဆိုရင် ထူးပြီး အဖော်စပ်စရာမလို ကျွန်မက အနားရောက်ပြီးသား။

မောင်နဲ့ လက်မထပ်ခင်က သူများတွေ ပြောတဲ့ ရုပ်ချင်းတူရင် ဖူးစာဆုံတတ်တယ် ဆိုတာကြီးကို စိတ်ပူပြီး မောင်နဲ့ ဘယ်နေရာများ တူလဲဆိုတာ ညှိကြည့်ရတာအမော။ မောင်ကဖြူ၊ ကျွန်မကညို… မောင်က မျက်အိမ်ကျဉ်း၊ ကျွန်မက မျက်အိမ်ကျယ်…
မောင်က နှုတ်ခမ်းပါး၊ ကျွန်မက နှုတ်ခမ်းထူ… မောင်က နှာခေါင်းချွန်၊ ကျွန်မက နှာခေါင်းလုံး… ဘယ်နေရာမှ တူတာ ရှာမတွေ့ တဲ့အခါ ရုပ်ချင်းတခြားစီိနဲ့  ချစ်ခင်စွာ ပေါင်းသင်းနေကြသူတွေကို တွေ့ ရမှ စိတ်သက်သာရာ ရသည်လေ။

အဲဒီလို ရုပ်ချင်းရော အကြိုက်ချင်းပါ တွင်တွင်ကြီး ကွဲနေကြတဲ့ ကျွန်မနဲ့ မောင်ရဲ့ နှစ်ယောက်တဘ၀… ခု ဆို သားလေးနဲ့ သုံးယောက်တဘ၀လေး သာယာခိုင်မြဲနေခြင်းရဲ့
လျို့ ဝှက်ချက်မှာ နားလည်မှုနဲ့  ချစ်ခြင်းတရားကလွဲလို့  ဘာများဖြစ်နိုင်ဦးမှာလဲ။

တန်ခူး
9:10pm 29-Jul-2008

Friday, July 25, 2008

က ကာ ကား

“ကကြီးရေ က ကကြီးရေးချာ ကာ ကကြီးရေးချာဝစ်စနှစ်လုံးပေါက် ကား”
“က ကာ ကား”
ခုတလော သားဆီက ဒီအသံတွေပဲ ကြားနေရသည်။ ညအိပ်ရာဝင်ရင်တောင် ခါတိုင်းလို ပုရွက်ဆိတ်နဲ့ နှံကောင်ပုံပြင်၊ ယုန်နဲ့ လိပ်ပုံပြင်တွေ မတောင်းဆိုပဲ မေမေ “ကု ကူ ကူး” ဆိုမယ်လို့  ပူဆာတတ်သည်။ “က ကာ ကား” ကို အတော်လေးရနေတာမို့  “ကု ကူ ကူး”တဆင့်တက်ချင်သည်။ လက်ထဲကလဲ သင်ပုန်းကြီးကို မချ။ လက်တဘက်အုပ်ထားသော ချင်းဝတ်စုံကိုလဲ အတော်လေး သဘောကျကာ ချင်းလူမျိုးပုံပဲဆွဲခိုင်းသည်။ သားသားဗမာလူမျိုးလုပ်မယ်ဆိုပူဆာလို့  သူ့ အဖေပုဆိုးကို ခေါက်ပြီး ၀တ်ပေးတော့ ပြုံးဖြီးဖြီးနှင့်။

ဒီလို အမူအရာတွေပြောင်းလာတာ မြန်မာဘုန်းကြီးကျောင်းမှာ Sunday Schoolပို့ ပြီးထဲက ဖြစ်သည်။ ခုဆို ဘုရားရှိခိုးတာ အချိုးကျလာသည်။ ဘုန်းဘုန်းတွေနှင့် ပိုရင်းနှီးလာသည်။ တနည်းအားဖြင့် ဘာသာတရားနှင့် ပိုရင်းနှီးမှုရလာပြီး မြန်မာယဉ်ကျေးမှုကို ပိုစိတ်ဝင်စားလာသည်။ မြန်မာလို ပိုပြောလာသောကြောင့် ဘာသာစကားနှင့် ဆက်ဆံရေး တိုးတက်လာသည်။ ဒီလို အကျိုးထူးတွေ ယူဆောင်လာပေးသော Sunday Schoolကို မသိသေးသည့် မိဘတွေအတွက် နဲနဲ မိတ်ဆက်ပေးချင်သည်။




Sunday School က Toa Payoh ကျောင်းဟု မြန်မာအများစု သိထားသည့် Burmese Buddhist Temple Singapore မှာဖြစ်သည်။ ကျွန်မသိရသလောက် တခြားမြန်မာဘုန်းကြီးကျောင်းတွေ မှာလဲရှိသည်ဟု သိရသည်။ Tiong Bahru မြန်မာကျောင်းမှာတော့ ရ နှစ်အထက် ကလေးများသာ လက်ခံသည်ဟု သိရသည်။


Toa Payohကျောင်း Sunday School က မူလတန်းအရွယ်ကလေးတွေ လက်ခံသည်။ မြန်မာစာ ရေးတတ်၊ ဖတ်တတ်သည့် အဆင့်ကို လိုက်ပြီး အတန်းခွဲထားသည်။ သားတို့ လို မြန်မာစာ အဦးအစသင်သူများက တတန်းသတ်သတ်သင်ရသည်။ အားလပ်ရက်မှာ အနားမယူပဲ ပညာဒါန ပေးဝေနေကြသော ဆရာမလေးများ၏ စေတနာမှာ အတော်မြင့်မြတ်လှပြီး ကျေးဇူးတင်စရာ ကောင်းပါသည်။ အတန်းမစမှီ Sunday School တည်ထောင်သော ဘုန်းဘုန်းနဲ့  အတူ ဘုရားရှိခိုးရသည်။ သြကာသကန်တော့ ငါးပါးသီလယူရသည်။ အပတ်တိုင်း ရွတ်ဆိုတော့ အလွတ်ရလာသည်။ ဘုရား၊ တရား၊ သံဃာ ဂုဏ်တော်ရွတ်ဆို ပူဇော်ရသည်။ ထိခြင်းငါးပါးဖြင့် ဘုရားရှိခိုးပုံ မှန်ကန်ရန် ဘုန်းဘုန်းက စနစ်တကျသင်ပေးသည်။ ကျောင်းဝတ်စုံ တီရှပ်ဆင်တူလေးများနှင့် ညီညီညာညာ ရှိခိုးကြသည်မှာ အတော်ကြည့်လို့ ကောင်းပါသည်။


ပြီးမှ ကိုယ့်အတန်းရှိရာကို စနစ်တကျသွားရသည်။ သားတို့ အတန်းမှာ အငယ်ဆုံးအတန်း ဖြစ်ပြီး အသက် ၂နှစ် အရွယ် မှ အသက် ၆နှစ် အရွယ်ထိရှိသည်။ အတန်း စစချင်း လက်ကလေးများ ပိုက်ပြီး မင်္ဂလာပါဆရာမ ဟုနှုတ်ဆက်လျှင် ကျွန်မစိတ်ထဲ တွင် ဟိုးငယ်ငယ်က ကလေးဘ၀ကို ပြန်လွမ်းမိသည်။ စိတ်ဝင်စားလာအောင် သင်ပုန်းကြီးမှ ကဗျာလေးတွေနှင့် စသည်။ ဒီက ကလေးတွေက မြန်မာစကားနားရည်မ၀တော့ ဆရာမက နားလည်အောင် ဥပမာလေးတွေနှင့် ရှင်းပြရသည်။ ထိုအကျိုးကြောင့် မြန်မာစကား ပိုကြွယ်ဝလာကြသည်။


တဦးချင်းမိတ်ဆက်၊ အမေးအဖြေလုပ်ပေးခြင်းဖြင့်  ဘာသာစကားကို ကျင့်ပေးသည်။ ယဉ်ကျေးအောင် နေထိုင်တတ်ဖို့  သွန်သင်သည်။ တယောက်တပေါက်နှင့် မြန်မာကပြားပြောရာကနေ မြန်မာစကား စစ်စစ် တဖြေးဖြေးပြောတတ်လာသည်မှာ ကြည်နူးစရာကောင်းလှသည်။ အဆိုတကျော့ပြီးတော့ မငြီးငွေ့ အောင် အရေးဘက် ပြောင်းသည်။ ၀လုံးကလေးမှ က၊ခ လေးတွေ ၀ိုင်းဝိုင်းရေးတတ်လာသည်။ တခါ စာလုံးလေးတွေ ပေါင်းဆိုတတ်အောင် ဆရာမက ချပေးပြီး တပည့်တွေက လိုက်ဆိုကြသည်။ ဒီလို အခါမျိုးမှာ အရေးပျင်းတဲ့ သားအသံက အကျယ်ဆုံးထွက်လာတတ်သည်။


အတန်းချိန်ပြီးလျှင် အမျှဝေရန် တဘက်အခန်းသို့  ကူးရသည်။ အမျှမဝေခင် ဘုန်းဘုန်းက
မုန့် ဝေတော့ အားလုံးဘုန်းဘုန်းနား ၀ိုင်းနေကြသည်။ နှစ်ခါ၊ သုံးခါပြန်ယူကြနှင့် ဘုန်းဘုန်းက ဒုတ်အကြီးကြီးနဲ့  ခြောက်မှ ကိုယ့်နေရာကိုယ် ပြန်ရောက်ကြသည်။ အမျှဝေ ဘုရားရှိခိုးပြီး ဘုန်းဘုန်းကို ကန်တော့ပြီးမှ ပြန်ကြသည်။


Sunday School မှ သားတိုးတက်လာတာကို တွေ့ တော့ ဘာသာစကား အခက်အခဲကြောင့် စိတ်ပျက်နေသော မိဘတွေ၊ ယဉ်ကျေးမှုတွေ အတုခိုးမှားမှာ ကို စိုးရိမ်နေသော မိဘတွေ၊ မြန်မာကမွေးပြီး မြန်မာလို မပြောတတ်တာကို လက်မှိုင်ချနေရသော မိဘတွေ၊ ဘာသာတရားပျောက်မှာ စိုးကြောက်နေသော မိဘများကို လက်တို့ တိုက်တွန်းချင်ပါသည်။ အရင်က တလနေလို့ တခါမရောက်ဖြစ်သော ဘုန်းကြီးကျောင်းကို ခုတော့ တပတ်တခါရောက်ဖြစ်နေတော့ ကိုယ်ကိုယ်တိုင်လဲ ကုသိုလ်ရငြိမ်းချမ်းရသောကြောင့် သားရွှေအိုးထမ်းသည့် ဒီလို အခွင့်အရေးကို ဘာကြောင့်လက်လွှတ်ခံမလဲလို့  အကျိုးမျှော်၍
နှိုးဆော်လိုက်ပါသည်။

(Sunday School တည်ထောင်သူ ဘုန်းဘုန်းနှင့် ပညာကုသိုလ်ဝေမျှပေးသော ဆရာမများအား အထူးကျေးဇူးတင်လျက်)
တန်ခူး
5:00pm 15-Jul-
2008



Monday, July 21, 2008

အစွန်းရောက်




မှန်ထဲမှ ကိုယ့်ပုံရိပ်ကို ပြန်ကြည့်ရင်း ဆုံးဖြတ်ချက်တို့  ပိုပြတ်သားသွားသည်။ ခဏကြာရင် သွေးစတွေနဲ့  နဖူးပြင်ကို မောင်ကိုယ်တိုင်ပဲ မြတ်မြတ်နိုးနိုး နမ်းလိမ့်မည်။ ပြီးတော့ တယုတယ ဆေးထည့်ပေးမည်။ ချိုသာနူးညံ့ မူးယစ်စေတတ်သော ချစ်စကားကို တဖွဖွရွတ်ဆိုရင်းပေါ့။ အဲဒီ အခါ ကျွန်မရဲ့  ဆုံးဖြတ်ချက်တွေဟာ အရည်ပျော် အငွေ့ ပျံပြီး ဟိုးဝေးဝေးကို လွင့်မျောသွားကြမည်။ ဟင့်အင်း… ဒီတခါတော့ ရုန်းထွက်မှဖြစ်မည်။ မောင့်ခြေသံကို ကြားရတော့ အသင့်ပြင်ထားသည့် အ၀တ်အိတ်ကို ယူရင်း နောက်ဖေးပေါက်မှ ထွက်လာခဲ့သည်။ ခွင့်လွှတ်ပါမောင်…။ နာကျင်နေတဲ့ နှလုံးသားဟာ မောင့်ဆီက နောက်ထပ်နာကျင်မှုတွေကို လက်မခံနိုင်တော့အထိ ပန်းလျနေပြီလေ။

**********

ကျွန်မရဲ့ဆံပင်ရှည်ရှည်လေးတွေကို ကြင်ကြင်နာနာ ဖီးပေးတတ်သူ၊ ကျွန်မ လက်သည်းလေးတွေကို ယုယုယယ ညှပ်ပေးတတ်သူ၊ ကျွန်မနှစ်သက်တဲ့ အစားအစာတွေကို ကိုယ်တိုင် စိတ်ရှည်၊လက်ရှည် ချက်ပြုတ်ကျွေးတတ်သူ၊ ကျွန်မချစ်တဲ့ တေးသီချင်းလေးတွေကို စန္ဒရားလေးတီးပြီး ညင်သာစွာ ဆိုပြတတ်သူ၊ ကျွန်မ မျက်ဝန်းတွေထဲ ငေးမောပြီး အိပ်မက်ထဲက သူတယောက်လို ချစ်စကားတွေ ရေရွတ်တတ်သူ … မောင်ဟာ ကျွန်မ အသိုင်းအ၀ိုင်းက လက်ဖျားခါလောက်တဲ့ အထိ ချစ်တတ်လွန်းသူပါ… ။

မောင်မို့  ကျွန်မဆီရောက်လာရင် ကျွန်မနှလုံးသားကို ဆွဲဆောင်ယူငင်သွားမယ့် အံ့သြစရာတခုက အမြဲပါလာမြဲ။ ကျွန်မ ရူးသွပ်သည့် ပန်းတွေ တပွေ့ ကြီးနဲ့ … ဒါမှမဟုတ် ကျွန်မ မြတ်နိုးသည့် စာအုပ်တအုပ်နဲ့ … ဒါမှမဟုတ် ကျွန်မဘယ်လိုမှ မျှော်လင့်မထားတဲ့ လက်ဆောင်တမျိုးမျိုးနဲ့ … မောင်က ကျွန်မကို ဂရုစိုက်လွန်းသူ။ ကျွန်မ လုံးဝမေ့လျော့နေတတ်တဲ့ မောင်က ကျွန်မကို စပြီးချစ်တဲ့နေ့ ၊ ဖွင့်ပြောတဲ့နေ့ ၊ ချစ်သူဖြစ်တဲ့နေ့ … အမှတ်တရနေ့ ပေါင်းများစွာကို တိတ်ဆိတ်ငြိမ်သက်တဲ့ ဆိုင်လေးတဆိုင်မှာ အမြဲမမေ့မလျော့ ကျင်းပတတ်တာလဲ မောင်ပါပဲ။

အဲဒီလို အသေးစိတ်လေးက အစ ဂရုစိုက်ချစ်တတ်လွန်းလို့ လဲ မောင်နဲ့ လက်ထပ်ဖို့ ကို မှန်းထားတာထက် စောစီးစွာ လက်ခံမိလိုက်တာ ကျွန်မ အတွက် ကြီးစွာသော အမှားဆိုတာ နဲနဲလေးမှ မရိပ်မိခဲ့ပါမောင်…။

**********
မောင်ရဲ့ မီးဟုန်းဟုန်းတောက်နေတဲ့ အကြည့်တွေကို ကျွန်မ အတော်အံ့သြသွားမိသည်။ ဒါဟာ မတော်တဆ ဆိုတာ ကျွန်မရှင်းပြစရာ မလို မောင်သိသင့်သည်။ ကျွန်မကြောင့် စွန်းထင်းသွားသော မောင့်အကျီင်္လေးကို ဖွတ်လျှော်ကြည့်ရန် ကြယ်သီးဖြုတ်ပေးဖို့  လုပ်တော့ “မထိနဲ့ ” ဆိုသည့် မောင့်အသံနှင့်မတူသော ကြမ်းတမ်းသည့်အသံ။

ပြီးတော့… ကျွန်မလုံးဝမမျှော်လင့်ထားသည့် ပါးပြင်က စပ်ဖျင်းဖျင်းခံစားမှု။ အဲဒီတဒင်္ဂမှာ… ကျွန်မက မောင့်လက်ထဲက အရုပ်တရုပ်။ ရေတွက်လို့ မရသည့် အချက်ပေါင်း များစွာ ဘယ်ပြန်ညာပြန်။ နောက်ဆုံး ကျွန်မနှုတ်ခမ်းမှာ သွေးတွေစိုစွတ်မှ… မောင်သတိပြန်ဝင်လာသည်။

ကျွန်မ လက်ရှိအဖြစ်ကို ဘယ်လိုမှ ယုံကြည်လို့ မရ။ ကျွန်မကို ရူးသွပ်စွာစွဲလန်းသည့်မောင်က ဒီလိုကြမ်းတမ်းစွာ ရိုက်ရက်သည်တဲ့လား။ မောင်က ကျွန်မနှုတ်ခမ်းမှ ဒဏ်ရာကို ယူကျုံးမရစွာ ထိကြည့်ပြီး ပြာပြာသလဲ ဆေးထည့်ပေးသည်။ ကျွန်မခေါင်းလေးကို ပွတ်ပြီး မျက်ရည်တွေ ပြည့်နေသည့် မျက်လုံးတွေနဲ့  ခွင့်လွှတ်ဖို့ တောင်းပန်နေသည်။ ခုနကတင်.. စိတ်ရှိလက်ရှိ ရိုက်ခဲ့သော ပါးပြင်ကို ခပ်ဖွဖွနမ်းပြန်သည်။ ဆန့် ကျင်ဘက် အမူအရာနှစ်ခုကို မျက်ဝါးထင်ထင်တွေ့ လိုက်ရတော့ ဘာစကားမှ မဆိုနိုင်လောက်အောင် ကျွန်မ နှလုံးသားတွေ ထုံကျင်နေခဲ့သည်။

**********

ကျွန်မအိမ်ရှေ့ အရောက်မှာ သွေးသံရဲရဲနဲ့  မောင့်အချစ်တော်ခွေးလေးကို မောင်ပြုစုနေသည်။ ကျွန်မကိုပါ မောင်အကူအညီတောင်းရင်း ပြာယာခတ်နေသည့် မောင့်အမူအရာကိုတွေ့ တော့ သက်ပြင်းချမိသည်။ ဘ၀တူခွေးလေးကို ကြည့်ရင်းရင်ထဲမှာမချိ။

ခဏကြာတော့ ခွေးလေးမောင့်လက်ပေါ်မှာ အသက်ဆုံးသွားသည်။
ရှိုက်ကြီးတငင်ငင်ငိုကြွေးနေသော မောင့်ကို ဖေးမဖို့ စကားလုံးများက ရှားပါးကုန်သည်။ မောင့်လက်ဖ၀ါးနုနုတွေကို ဆုပ်ကိုင်အားပေးရင်း ဘယ်အချိန်မှာများ ကျွန်မဟာ ခွေးလေးလို ရုန်းထွက်သွားနိုင်မလဲ စဉ်းစားနေမိသည်။ တကယ်တော့.. ခွေးလေး
လွတ်မြောက်သွားတာပါမောင်… ။

**********

နာကျင်သောကိုယ်… နာကျင်သောနှလုံးသားနှင့် မောင်ပြန်လည်တည်ငြိမ်လာမည့် အချိန်ကို စောင့်နေမိသည်။ ခုချိန်မှာတော့ ဘယ်သူကိုမှ အပြစ်ပုံမချလိုတော့။ ဝဋ်ကြွေးဟုသာ ခံယူမိတော့သည်။ ကျွန်မကိုယ်ပေါ်မှာ သွေးစွန်းထင်းသွားမှ မောင့်ရဲ့ ပွက်ပွက်ဆူနေသောသွေးတို့  ငြိမ်သက်သွားတတ်သည်။ မောင့်တောင်းပန်သံ တိုးညှင်းညှင်း… ဒဏ်ရာကို ညင်ညင်သာသာပြုစု… ဒါတွေကို ခုတော့အလွတ်ရနေပြီ။

မောင့်ကို ဆေးခန်းပြဖို့  ဘယ်နှစ်ကြိမ်မြောက်မှန်း မသိ တိုက်တွန်းမိပြန်သည်။ ဒီတခါက နောက်ဆုံးအကြိမ်ဖြစ်ဖို့  သေချာနေသည်။ ကိုယ့်ကို အရူးလို့ ပြောရက်တာလားတဲ့။ တခါတခါမောင်သည် သနားစရာ အလွန်ကောင်းနေတတ်ပြန်သည်။ ဒါကြောင့်လဲ မောင့်အနားက ထွက်ပြေးဖို့  ကြိုးစားရင်း အကြိမ်ကြိမ် ကျဆုံးရမြဲ။ အသင့်ပြင်ထားသော ကွာရှင်းစာချူပ်ကို ရွေးမလား… ဒါမှမဟုတ် ဆရာဝန်နဲ့ ဆွေးနွေးမလား…။ တခုခုတော့ မောင်ရွေးရလိမ့်မည်။ မောင်က မျက်ရည်တွေနဲ့  ခွဲဖို့ ပြောရက်တယ်ဟု တတွတ်တွတ် ရေရွတ်ရင်း ကျွန်မပေါ်မှာ အိပ်ပျော်သွားခဲ့သည်။ ခုလို တိတ်တဆိတ်လေး ငြိမ်သက်နေပါတော့လား မောင်ရယ်… ။ ဒါဆို ကျွန်မမောင့်နားက ခြေတဖ၀ါးမှ ခွါဖြစ်မှာ မဟုတ်ပါဘူး….။

**********

မှန်ထဲမှ ကိုယ့်ပုံရိပ်ကို ပြန်ကြည့်ရင်း ဆုံးဖြတ်ချက်တို့  ပိုပြတ်သားသွားသည်။ ခဏကြာရင် သွေးစတွေနဲ့  နဖူးပြင်ကို မောင်ကိုယ်တိုင်ပဲ မြတ်မြတ်နိုးနိုး နမ်းလိမ့်မည်။ ပြီးတော့ တယုတယ ဆေးထည့်ပေးမည်။ ချိုသာနူးညံ့ မူးယစ်စေတတ်သော ချစ်စကားကို တဖွဖွရွတ်ဆိုရင်းပေါ့။ အဲဒီ အခါ ကျွန်မရဲ့  ဆုံးဖြတ်ချက်တွေဟာ အရည်ပျော် အငွေ့ ပျံပြီး ဟိုးဝေးဝေးကို လွင့်မျောသွားကြမည်။ ဟင့်အင်း… ဒီတခါတော့ ရုန်းထွက်မှဖြစ်မည်။ မောင့်ခြေသံကို ကြားရတော့ အသင့်ပြင်ထားသည့် အ၀တ်အိတ်ကို ယူရင်း နောက်ဖေးပေါက်မှ ထွက်လာခဲ့သည်။ ခွင့်လွှတ်ပါမောင်…။ နာကျင်နေတဲ့ နှလုံးသားဟာ မောင့်ဆီက နောက်ထပ်နာကျင်မှုတွေကို လက်မခံနိုင်တော့အထိ ပန်းလျနေပြီလေ။

မောင့်ကို သိပ်ချစ်တတ်လွန်းသူလို့  သတ်မှတ်ထားတဲ့… ကျွန်မကို ကံကောင်းသူလို့  အားကျကြတဲ့… ချစ်ခြင်းသက်သက်ဖြင့်သာ လွှမ်းခြုံထားတဲ့ နှစ်ယောက်တဘ၀လို့  သတ်မှတ်ထားတဲ့… ပတ်ဝန်းကျင်နားလည်အောင် ရှင်းပြဖို့… သိပ်ချစ်တတ်လွန်းသူတယောက်ဟာ တချိန်ထဲမှာ သိပ်ရက်စက်တတ်သူ ဖြစ်နေတတ်တယ်ဆိုတာ သူတို့ ယုံကြည်အောင် ကျွန်မဘယ်လို ပြောရပါ့မလဲမောင်… ။ တကယ်တော့ ကျွန်မဟာ အချစ်ရဲ့ ပိရိစွာ ဖျားယောင်းမှုအောက်မှာ ကျဆုံးပြိုလဲခဲ့သူပါလေ။





(ကာယကံရှင်ကိုယ်တိုင် ရင်ဖွင့်ခဲ့သော တကယ့်အဖြစ်အပျက်တခုကို အခြေခံပြီး ဖန်တီးပါသည်)
တန်ခူး
10:30pm 21-Jun-2008

Thursday, July 17, 2008

ဒီနိုင်ငံက သက်ကြီးရွယ်အို

“အနန္တဂိုဏ်းဝင် ကျေးဇူးရှင်”၊ “ကြီးသူကို ရိုသေ၊ ငယ်သူကို သနား၊ ရွယ်တူကို လေးစား” …စတဲ့ အဆုံးအမတွေနဲ့  ကြီးပြင်းခဲ့ရသူ၊ လိုက်နာခဲ့ရသူ ကျွန်မလို မြန်မာလူမျိုး တယောက် အတွက် ဒီိနိုင်ငံက သက်ကြီးရွယ်အိုတွေရဲ့ ဘ၀ကို တွေ့ တိုင်း၊ မြင်တိုင်း၊ ကြားတိုင်း ရင်ထဲမှာ နင့်နင့်သီးသီး ဆို့ ဆို့ နင့်နင့် ခံစားရမြဲ။ ဆင်းရဲချမ်းသာမှုတွေကြား ဘယ်အရာကများ လစ်ဟင်းပျောက်ကွယ်နေလဲလို့  မဆုံးနိုင်မေးခွန်းတွေနဲ့ လုံးလည်လိုက်စမြဲ။

မြင်ကွင်း(၁)
လူစည်ကားသော ဘူတာရုံတွေမှာ အဖိုးအိုကိုတွေ့ ရတတ်သည်။ အင်္ကျီဗလာ ဘောင်းဘီတိုနဲ့ ဘာဂျာကို အဆက်မပြတ်မှုတ် ဘောလုံးလေးကစားပြရင်း ထမင်းတလုတ်အတွက် ပိုက်ဆံရှာရသူ။ အသက် ခုနှစ်ဆယ်ကျော်လောက် အရွယ် ဘယ်လောက်ကျန်းမာသည် ပြောပြော ခုလို ပင်ပင်ပန်းပန်း ဘယ်ရုန်းကန်ချင်ပါ့မလဲ။ သူကို့ တွေလျှင် လူတွေက သူဖျော်ဖြေတာကို ပြူံးပြီး ပိုက်ဆံထည့်ကြသည်။ ကျွန်မကတော့ ဘယ်တော့မှ မပြုံးနိုင်ပါ။ ပိုက်ဆံလှူဒါန်းတိုင်း ချွေးတွေပြန်နေအောင် ပင်ပန်းနေသည့် သူ့ ကို ကြည့်ပြီး မျက်ရည်ဝဲရမြဲ။ ခုတော့ သူ့ ကို မတွေ့ ရတာ ကြာပြီ။ တခုခုများဖြစ်သွားလားလို့  တွေးပြီးစိတ်ပူမိသေးသည်။
*****

မြင်ကွင်း(၂)
ရုံးက သူငယ်ချင်းနဲ့  စကားပြောရင်း အမှတ်တမဲ့ သိလိုက်ရသည်။ သူ့ အမေက ရုံးတရုံးမှာ သန့် ရှင်းရေး အလုပ်လုပ်သည်တဲ့။ ကျွန်မ အတော်အံသြသွားသည်။ ရုံးမှာ သန့် ရှင်းရေးလုပ်သည်ဆိုသည်မှာ ဖုန်စုပ်၊ ကြမ်းတိုက်၊ အိမ်သာဆေးတဲ့ အထိ။ Brandတွေနောက် ကောက်ကောက်ပါအောင် လိုက်တတ်သော၊ နိုင်ငံပေါင်းစုံမှ အစားအစာပေါင်းစုံကို ရူးသွပ်သော သူက အမေ့ကို ဒီအလုပ်မျိုးလုပ်တာ လက်ပိုက်ကြည့်နေလောက်အောင်
မချို့ တဲ့တာ သေချာသည်။ အမေက အသက်ဘယ်နှနှစ်လဲဆိုတော့ ၆၅ တဲ့။ အကြောင်းပြချက်ကတော့ အမေအလုပ်မလုပ်ရင် အမေ့အိမ်စရိတ် ဘယ်သူပေးမလဲတဲ့။ ကျွန်မမှာ စကားလုံးတွေ ရှားပါးကုန်သည်။
*****

မြင်ကွင်း(၃)
အဖွားအိုက အဖိုးအိုကို တွဲနေကျ။ တုန်ချိချိခြေလှမ်းများကို လူရှုပ်သော စားသောက်ဆိုင်က အချိန်ဆင်းရဲသည့် လူငယ်တချို့ က စိတ်မရှည်။ ပြည့်နေသောအမှိုက်ပုံးကို တွေ့ တော့ အဖိုးအို၊အဖွားအိုရဲ့ မွဲခြောက်ခြောက် မျက်လုံးလေးတွေ အရောင်လက်သွားသည်။ အဖိုးက အမှိုက်ပုံးထဲမှ အအေးသံဗူး၊ သတင်းစာအဟောင်းတွေကို ရှာ၊ အဖွားက အဖိုးကမ်းပေးသော သံဗူးလေးတွေကို ခြေထောက်နဲ့ ဖိပြားပြီး သူတို့ ရဲ့ ညစ်နွမ်းနွမ်းအိတ်ထဲကို ထည့်သည်။ ဒီမြင်ကွင်းကြောင့် စားလက်စ ထမင်းတွေ မျိုမကျ။ ဒီနိုင်ငံမှာ တွေ့ နေကျမြင်ကွင်းပေမယ့် ကျွန်မရင်ထဲက ဆို့ နင့်မှုက အမြဲအသစ်ဖြစ်တတ်သည်။ ခဏနေတော့ သူတို့ လက်ထဲမှာ ညစာအတွက် ငွေစလေးတွေ။ တကယ်လို့ များ ညစာအတွက် မလုံလောက်သောညတွေ ဆိုရင်…။
*****

မြင်ကွင်း(၄)
အသက် ၈၀ကျော် ယောက္ခမကြီးကို မကျန်းမာလို့  လူအိုရုံပို့ လိုက်ပြီလို့  ကျွန်မ အရာရှိက လာပြောတော့ ဟန်မဆောင်နိုင်စွာ မျက်လုံးပြူးသွားမိသည်။ သူ့ ယောက္ခမကြီး နေမကောင်းနေတာ ကြာလှပြီ။ ခုတော့ လူအိုရုံတဲ့။ လူအိုရုံမှာက အမြဲ စောင့်ရှောက်မဲ့သူ ရှိတော့ ပိုအဆင်ပြေသည်တဲ့။ အရင်က သူတို့ တအိမ်လုံးကို ယောက္ခမကြီးက ချက်ပြုတ်ကျွေးခဲ့သည်။ လိုတုန်းကတော့ တမျိုး… မလိုတော့စွန့် ပစ်ပြီ။ ကွန်ဒိုမှာနေပြီး တနှစ်တခါ ကမ္ဘာပတ်နေသူတွေက အမေကို စောင့်ရှောက်ဖို့  မစွမ်းသာတော့ဘူးလား။
သူ့ ကိုနေ့ တိုင်းတော့ သွားတွေ့ မှာပေါ့နော်လို့  လျှာရှည်မိတော့ အချိန်ဘယ်မှာလဲတဲ့။ အလွန်ဆုံးတလ တခါပေါ့တဲ့။ လူအိုရုံထဲက သားသမီးတွေ၊ မြေးတွေ အလာကို မျှော်နေမယ့် မေတ္တာငတ်တဲ့မျက်ဝန်းတစုံကတော့။
*****

မြင်ကွင်း(၅)
ပိတ်ထားသောတံခါးနောက်ကွယ်မှ…။ တုန်ချိချိအမေအိုကြီးကို အခိုင်းအစေလို စကားပြောနေသည့် သမီး။ အမေရေချိုးတာ ကြာလို့ ဆိုကာ ရေဖိုးကုန်မှာ ကြောက်၍ အပြင်ကနေ ရေကို ပိတ်ပစ်လိုက်သည်။ ဆပ်ပြာတွေနဲ့ အမေထွက်မေးတော့ အမေကို သင်ခန်းစာပေးသည့် သမီးမျက်နှာက ရိုက်ချင်စရာ။ အမေကတော့ မရိုက်ရက်။ မျက်ရည်ဝေ့သီနေသော မျက်ဝန်းများနဲ့  ငေးကြည့်လို။ ဒါတကယ့် အဖြစ်အပျက်တဲ့။ ဒီနိုင်ငံက ပိတ်ထားသောတံခါးနောက်ကွယ်မှ တကယ့် အဖြစ်အပျက်တွေ။ ကျွန်မ TVမျက်နှာပြင်ကို ကြောခိုင်းလိုက်သည်။ အဲဒီလောက် အသဲမမာပါ။ ရင်ထဲမှာတော့ ကြေကြေကွဲကွဲ။
*****

မြင်ကွင်း(၆)
အိမ်ဘေးအိမ်မှာ အ၀တ်လာလျှော်နေကျ အဒေါ်ကြီးကို မုန့် ဟင်းခါးဆိုင်မှာ တွေ့ တော့ အမေက နှုတ်ဆက်သည်။ ထမင်းနပ်မှန်အောင် မနဲစားနေရသည့် သူ့ ကို မုန့် ဟင်းခါးဆိုင်မှာ တွေ့ တာ အတော်ထူးဆန်းသည်ကို။ အမေအိုကြီးမုန့် ဟင်းခါးစားချင်တယ်ဆိုလို့  ရှိတဲ့ပိုက်ဆံလေးနဲ့ လာဝယ်တာတဲ့။ မြန်မာပြည် အလည်ပြန်တုန်း တွေ့ လိုက်ရတဲ့ ဒီအဖြစ်လေးက ရင်မှအနာကို သက်သာစေသည်။ သူ့ စေတနာက သူ့ ကို လက်ငင်း အကျိုးပေးပါသည်။ အမေက တအိမ်လုံးအတွက် မုန့် ဟင်းခါးကုသိုလ်လုပ်လိုက်တော့ သူ့ မှာ ၀မ်းသာလို့ ။ မုန့် ဟင်းခါးမစားရတာ နှစ်နဲ့ ချီနေပြီတဲ့။ လူမွဲသော်လည်း စေတနာ၊မေတ္တာချမ်းသာသူ။
*****

ကုန်ဆုံးခါနီး ဘ၀နေ့ ရက်တွေမှာ အသက်ရှင် နေထိုင်ဖို့ အတွက် ရုန်းကန်နေကြရသည့်… ဒါမှမဟုတ် နောက်ဆုံးအချိန်ကို ကြေကွဲသော အထီးကျန်နေ့ ရက်များဖြင့်သာ ပြီးဆုံးသွားရသည့် သူတို့ ၏ ဘ၀များကို တွေ့ ရတော့ မိခင်၊ ဖခင်ကို အိမ်ဦးခန်းမှာထားပြီး ကျွေးမွေးပြုစုတတ်သည့် ကျွန်မတို့ နိုင်ငံ၏ မြင့်မြတ်သော ယဉ်ကျေးမှု အတွက် ဂုဏ်ယူမိသည်။

(ဘယ်နိုင်ငံမှာမဆို လူတဦးချင်းဆီပေါ်မူတည်သည် မှန်သော်လည်း ဒီနိုင်ငံကတော့ တိုက်တိုက်ဆိုင်ဆိုင် ဒါမျိုးအဖြစ်တွေ တွေ့ ရလွန်း၍ ရင်ဖွင့်မိခြင်းဖြစ်ပါသည်။ ကျွန်မ၏ ပုပ္ပလိက ခံစားချက်သက်သက်သာ ဖြစ်၍ အမှားပါလျှင် ခွင့်လွှတ်ကြပါရန်)

တန်ခူး
3:45pm 17-Jul-2008

Monday, July 14, 2008

Nickname

အသက်အရွယ်ရလာသည်နှင့် မေ့တတ်လာသည်ဖြစ်ရာ တခါတခါ မတွေ့ ဖြစ်တာ ကြာပြီဖြစ်သည့် သူငယ်ချင်းများ၊ အသိမိတ်ဆွေများ နာမည်ကို စဉ်းစားမရ။ ထူးဆန်းသည်မှာ နာမည်အရင်းများကို စဉ်းစားမရသော်လဲ နာမည်ပြောင်(Nickname) များကတော့ စဉ်းစားစရာမလို သူ့ အလိုလို ထွက်လာတတ်သည်။ တခါတရံ ကာယကံရှင်ပင် မသိသည့် Nicknameကို ခေါ်မိမလို ဖြစ်သွားပြီး အမြန်ဘရိတ်အုပ်ရသည်။ ငယ်သူငယ်ချင်းဟောင်းတွေ ပြန်တွေ့ လျှင် နာမည်ရင်းတွေ မသုံးပဲ Nicknameတွေနှင့် ရှေးဟောင်းနှောင်းဖြစ်တွေ ပြောတော့ဘေးလူတွေ မျက်စိလည်ကုန်သည်။ ကျွန်မက Nicknameပေးရခြင်းကို ၀ါသနာပါလှပြီး Nicknameများကိုလဲ စိတ်ဝင်စားလှသည်။ လူတဘက်သား ထိခိုက်လောက်သည့် Nicknameတော့ မပေးပါ။

Nicknameများအောက်တွင် အမျိုးအစား အမျိုးမျိုးခွဲခြား၍ရသည်။ လူပုံပန်းအလိုက်ပေးသော Nickname၊ စိတ်အလိုက်ပေးသော Nickname၊ အကျင့်အလိုက်ပေးသော Nickname၊ အကြိုက် အလိုက်ပေးသော Nickname၊ ခံစားချက်အလိုက်ပေးသော Nickname၊ အစဉ်အလာအရ ပေးသော Nickname၊ အဖြစ်အပျက်ပေါ် လိုက်၍ ပေးသော Nickname… စသဖြင့် အမျိုးမျိုးကွဲပြားပေမယ့် Nicknameအများစုမှာ ကိုယ့်ကို သူတပါးက ပေးသော နာမည်သာဖြစ်သည်။ ကိုယ်ကိုယ်တိုင်ပေးသော Nickname လဲရှိတတ်ပါသည်။

လူပုံပန်းအလိုက်ပေးသော Nickname ကတော့ Nicknameကြားတာနဲ့  ဒီလူဘာပုံလဲ ဆိုတာ ခန့် မှန်းကြည့်လို့ ရသည်။ မင်းသမီးနှင့်တူသူက မင်းသမီးနာမည်လေးရသလို၊ လူရွှင်တော်နှင့် တူသူကလဲ လူရွှင်တော်နာမည်ရကြသည်။ ဆိုဖီနှင့်တူသော သူငယ်ချင်းလေးကို နာမည်ကြားတာနှင့် စိတ်ဝင်စားကြသလို ဗေလုဝလို့ ပေးခံရသောသူကတော့ အောင့်သက်သက်နှင့်။ ထိပ်ပြောင်သူကို ပြောင်ကြီး၊ အရပ်ပုသူကို ဂျပု(သို့ ) ခွေးပု၊ အရပ်ရှည်သူကို အရှည်ကြီး၊ အသားညိုသူကို ညိုကြီး(သို့ ) မဲကြီး၊ အသားဖြူသူကို တရုတ်ကြီး…ဒီလို Nicknameတွေက ဘယ်နေရာမဆို တွေ့ ရတတ်သည်။ တချို့ ကတော့ တိရိစ္ဆာန်ရုပ်နှင့် ဆင်သည်ဆိုကာ ကံမကောင်းအကြောင်း မလှစွာ ဘဲကြီး၊ ၀က်ကြီး၊ နွားကြီး၊ မြင်းကြီး၊ ပိုးဟပ်ဖြူ၊ ပုရွက်ဆိတ်၊ ဖား…စသဖြင့် အမေပေးသော နာမည်ပျောက်သွားတတ်သည်။ ကျွန်မသူငယ်ချင်းကို သူ့ အဖွားက မြတ်နိုးစွာ နာမည်နုနုလေးပေးထားသည်ကို သူငယ်ချင်းများက တိရိစ္ဆာန်နာမည်ခေါ်ကြတော့ သူ့ အဖွား တော်တော် ဒေါသထွက်သွားသည်တဲ့။ ထို့ အတူ ရီးစားအသစ်စက်စက်လေးနှင့် ကြည်နူးနေသော သူငယ်ချင်းကို “ဟေ့ကောင်..နွားကြီး” လို့ ခေါ်တော့ ကောင်မလေးမျက်စောင်းက မိုးကြိုးသွားအလား။

စိတ်အလိုက်ပေးသော Nickname၊ အကျင့်အလိုက်ပေးသော Nickname တွေကတော့ တခါတရံ ကာယကံရှင်ကို ပေးသိလို့ ရသကဲ့သို့  တခါတရံလျို့ ဝှက်ထားရသည်။ နေရာတကာ အတိအကျလုပ်ရမှ ကြိုက်သူကို စာအုပ်ကြီး၊ ဆရာလုပ်ရမှ ကျေနပ်သူကို ဆရာကြီး၊ ဟိုနေရာစပ်စပ် ဒီနေရာစပ်စပ်ပါသူကို ပွကြီး၊ ကြောင်ရဲသူကို ကြောင်ကြီး၊ ညစ်ပတ်သူကို ဂျီးထူ၊ ဘယ်လောက်သောက်သောက် မမူးသူကို ကြွက်တွင်း ။ အကြိုက် အလိုက်ပေးသော Nicknameကတော့ ကာတွန်းဇာတ်ကောင်၊ အဆိုတော်၊ ရုပ်ရှင်မင်းသား နာမည်စုံလင်လှသည်။ တွတ်ပီ၊ ဗိုက်ကလေး၊ ကိုကိုကြောင်၊ ညောင်ရမ်းဂွတို…မှအစ ဆားပုလင်းနှင်းမောင်၊ဦးစံရှားအလယ်… ထူးအိမ်သင်၊ စိုင်းစိုင်း၊ ဖြူဖြူကျော်သိန်းထိရှိသည်။ ထို့ အပြင် ခေါက်ဆွဲအလွန်အကျွံ ကြိုက်သောသူကို ခေါက်ဆွဲ၊ အသုပ်စုံကြိုက်သောသူကို အသုတ်… စသဖြင့် အစားအသောက် အကြိုက်လိုက်ပြီး နာမည်ပေးသည်လဲ ရှိသည်။

ဖွင့်မပြောရဲပဲ ကြိတ်ကြိုက်နေသူတို့ ရဲ့  ကြိတ်ကြွေဆိုတဲ့ Nickname ကတော့ ခံစားချက်အလိုက်ပေးသော Nickname အတွက် အကောင်းဆုံး ဥပမာပင်။ ကျွန်မတို့ 
စက်မှုတဣသိုလ်တွင် ကွင်းသာနှစ်စဉ် မရွေးရင်နေမည်။ ရှင်ဂွမ်းဂွိကတော့ တနှစ်တယောက် ရွေးလေ့ရှိသည်။ ဒါကတော့ အစဉ်အလာအရပေးသည့် Nicknameပင်။ အဖြစ်အပျက်ပေါ် လိုက်၍ ပေးသော Nickname ကတော့ ရာဇ၀င်သိမှ အဓိပ္ပါယ် နားလည်နိုင်သည်။ ဥပမာ. ချမ်းသာလာကတဲ့ ညက မိန်းမခိုးပြေးသူက ချမ်းသာလို့ အမည်တွင်သလို၊ “သရဲသရဲ”ဟုယောင်တတ်သော သူက သရဲဟုအမည်တွင်တတ်သည်မျိုး။ ဒီ့အပြင် တခြားNicknameများကတော့ ကိုယ်နေတဲ့မြို့ အလိုက်၊ တိုင်းရင်းသားလူမျိုးအလိုက် ရှိသေးသည်။ ဘိတ်ကြီး၊ ရခိုင်ကြီး၊ မွန်ကြီး၊ ကရင်မ၊ ချင်းချင်း…. ။

တချို့ ကတော့ ကိုယ့်Nicknameကို နာမည်အရင်းထက်ပင် မြတ်နိုးကြသည်။ တချို့ ကတော့ အောင့်သက်သက်နှင့် နှုတ်ကျိုးနေလို့ သာ လက်ခံရသည်။ ဘာပဲဖြစ်ဖြစ် အမှတ်တရ
တချို့ ကို ဖော်ဆောင်သော၊ ရင်းနှီးမှုကို ပြသသော Nicknameလေးများသည်
လူ့ မှုဆက်ဆံရေးနှင့် နွေးထွေးစွာ ပတ်သက်နေသည့် အမည်နာမလေးများပင်။

တန်ခူး
4:30pm 14-Jul-2008

Wednesday, July 9, 2008

ရာဖြတ်



“ဟယ်ဖိတ်စာလေးက လှလိုက်တာ”

တကယ့်ဇာစဖြူဖြူလေးသုံးထားသော ထူးဆန်းလှပသည့် ဖိတ်စာလေးကိုကြည့်ပြီး ကျွန်မမှတ်ချက်ချတော့ မူယာက ဂုဏ်ယူတဲ့ အပြုံးနှင့်။ ရင်ထဲမှာ တခုခုကို ရိပ်မိလိုက်ပြီး
သတို့ သားနာမည်ကို ဖတ်ကြည့်လိုက်တော့…။

“နင် အဲဒီလူကြီးကိုရွေးလိုက်တယ်… သူကလူပျိုလဲမဟုတ်ဘူး… နင့်ထက်လဲ အသက်အများကြီး ကြီးတယ်… ပြီးတော့”

“ပြီးတော့ မိန်းမတွေကလဲအများကြီးပဲ… သိပြီးသားတွေပြန်ပြောမနေနဲ့ တော့…
သူ့ မှာလုပ်ငန်းပေါင်းများစွာရှိတယ်… ဒီမှာရော တခြားနိုင်ငံတွေမှာရော… ပြီးတော့သူက အ၀င်အထွက်တတ်တယ်… ငါနဲ့ လက်ထပ်ပြီးရင် ငါ့ကိုcompanyတခုလွှဲပေးမယ်… ငါ့ဘ၀ခိုင်သွားပြီ… ”

“သူ့ လက်ရှိမိန်းမတွေကရော”

“ဒါကသူ့ အပိုင်း… သူနိုင်လို့ သူလုပ်တာပေါ့… ငါစိတ်မ၀င်စားဘူး… သေချာတာက
သူ့ မိန်းမတွေထဲမှာ ငါကအသက်အငယ်ဆုံး… အသစ်ဆုံး…”

Branded ပိုက်ဆံအိတ်၊ လက်ကိုင်ဖုန်း၊ ရွှေဖြူနဲ့ စိန်တွေသီးပြီး လောကကြီးကို ကျေနပ်နေသော မူယာကို ကြည့်ပြီး သက်ပြင်းကြိတ်ချမိသည်။

“Sedona မှာနော်… လာဖြစ်အောင်လာခဲ့… ၀တ်စုံက စင်္ကာပူကမှာထားတာ…ဟန်နီးမွန်းက Europe”

“လာဖြစ်အောင် ကြိုးစားမယ်လေ”

“OK… bye”

အိမ်ရှေ့ မှာ ရပ်စောင့်နေသော ကျွန်မ အမျိုးအမည်မသိသည့် ကားအသစ်ကြီးထဲကို ကြွကြွရွရွ တက်သွားသော မူယာကို စိတ်မကောင်းစွာ ငေးကြည့်နေမိသည်။ မသွားဖြစ်မှာ သေချာသည့် သူ့ မင်္ဂလာဆောင် အတွက်တော့ စိတ်ထဲကကြိတ်ပြီးတောင်းပန်မိသည်။ အဲဒီလို အသိုင်းအ၀ိုင်းနှင့် မင်္ဂလာမရှိသော မင်္ဂလာဆောင်တခုက ကျွန်မရဲ့ အချိန်တွေကို ဖဲ့ခြွေပေးရလောက်အောင် တန်ဖိုး မရှိပါ။

*****************************************

ယဉ်စစနှင့် ကျက်သရေရှိစွာလှနေသော ဖြူပြာ့ကို ကြည့်ပြီး ကြည်နူးမိသည်။ အပြစ်ကင်းလိုက်သည့် သတို့ သမီးလေး။ ဓာတ်ပုံရိုက်တိုင်း ရှက်ကိုးရှက်ကန်းဖြစ်နေသော သတို့ သားက တကယ့်ရိုးသားမှုအပြည့်။ သူ့ မှာ ဒေါ်လာမရှိပါ၊ သူ့ မှာ လက်ကိုင်ဖုန်းမရှိပါ၊ ထို့ အတူ သူ့ မှာ မိန်းမ မရှိပါ။ သူ့ မှာ ဖြူပြာ့ကို တန်ဖိုးထားသည့် နှလုံးသားတခုရှိသည်။ သမာအာဇီဝ အလုပ်တခုရှိသည်။ ဖြူပြာ့ဘ၀ကို လုံခြုံမှုပေးနိုင်သည့် လှပသည့်သစ္စာတရားရှိသည်။

“ဖြူပြာ ဘာကြောင့် ဒီအူကြောင်ကြားကို ရွေးလိုက်လဲ စဉ်းစားမရဘူး… သူ့ Bossကသူကို အရူးအမူး…”

“အေးလေ… ငါလဲအံ့သြနေတာ… ငါတို့ အသိုင်းအ၀ိုင်းမှာ ဒီလိုဘုန်းကြီးကျောင်းမှာ မင်္ဂလာဆောင်တာက ခပ်ရှားရှားလေ… အန်ကယ်ကြီးသာရွေးလိုက်ရင် Sedona လား Tradersလားပဲ… ဖြူပြာတို့ က တကယ့်stupid”

ဘေးဝိုင်းက မြန်မာမှန်းမသိရတဲ့ ခေတ်လွန် အ၀တ်အစားတွေနဲ့ မိန်းမတအုပ်က ဖြူပြာ့မင်္ဂလာဆောင်ကို တန်ဘိုးဖြတ်နေကြသည်။

“ဟဲ့..ဟိုမှာအန်ကယ်ကြီးလာပြီ… သနားပါတယ်ဟယ်…မျက်နှာလဲမကောင်းဘူး”

“ဘေးက သူ့ ပွဲတက်မယားကြီးလေ… သူ့ နားကပ်က ဘယ်နှရတီလောက်များရှိမလဲ… ဒီကတောင် မျက်စိကျိန်းတယ်”

သူတို့ ပြောတဲ့ အန်ကယ်ကြီးကို ကျွန်မကြည့်လိုက်မိသည်။ အနောက်တိုင်းဝတ်စုံဝတ်ထားသည့် ဖြူပြာ့အဖေထက် အသက်ကြီးပုံရတဲ့ လူကြီး။ ဖြူပြာရဲ့ 
သူ့ ဘ၀ကို တန်ဖိုးဖြတ်မှုအတွက် ကျွန်မဂုဏ်ယူမိသည်။ ဘ၀ကို ဖြတ်လမ်း မလိုက်တတ်သည့် ဖြူပြာအတွက် ငြိမ်းချမ်းမှုတွေက အသင့်စောင့်ကြိုနေလိမ့်မည်။

*****************************************

“နင် ငါ့ကို မမှတ်မိဘူးလား”

ရင်းနှီးသလိုလိုရှိသည့်မျက်နှာကို အတော်ကိုပုံဖော်ကြည့်လိုက်မှ….။

“မူယာ မိုလားဟင်…မူယာဟုတ်ပါတယ်နော်”

မတွေ့ ရတဲ့ တနှစ် နှစ်နှစ်အတွင်း သိသိသာသာ ပိန်ချူံးကျသွားသော သူ့ ကို ကြည့်ရင်း ကျွန်မ တော်တော်စိတ်မကောင်းဖြစ်သွားသည်။ သူက မျက်ရည်ရစ်ဝဲပြီး ကျွန်မကို ခေါင်းငြိမ့်ပြသည်။

“ညီမလေးက ဒီဆေးရုံမှာ ဂျူတီကျလို့  လာကြိုတာလေ… မူယာကရော”

“နေမကောင်းလို့ လေ… ရောဂါတွေက အများကြီး… ”

စကားပြောလျှင် နားနားပြီးပြောရတဲ့ အထိမောနေသည်။

“လိုတာရှိပြောလေ… တို့ ညီမလေးကို အကူအညီတောင်းလဲရတယ်… တယောက်ထဲလား… အမျိုးသားမပါဘူးလား”

ပျက်ယွင်းသွားသော မျက်နှာကို ကြည့်ပြီး မဆင်မခြင် မေးလိုက် မိသည့် အဖြစ်ကို နောင်တရသွားသည်။

“ကွဲသွားတာ လက်ထပ်ပြီး ၆လလောက်ထဲက… နေမကောင်းစဖြစ်ထဲကဆိုပါတော့”

“စိတ်မကောင်းလိုက်တာမူယာရယ်… ”

“ကိုယ့်အပြစ်နဲ့ ကိုယ်ပဲပေါ့… ကိုယ့်ကိုတကယ်ချစ်တဲ့ ချစ်သူကို ပစ်ပြီး ငွေနောက်လိုက်ခဲ့တာကိုး”

ဘ၀တခုလုံးနဲ့ ရင်းပြီးမှ ရလိုက်တဲ့နောင်တ။ တကယ့်မေတ္တာစစ်နဲ့ ချစ်သူဆို ခုလို နေမကောင်းဖြစ်နေချိန်မှာ အနားကနေဖေးမပေးလိမ့်မည်။

“လောကကြီးမှာ ငွေထက်အရေးကြီးတဲ့ အရာတွေ အများကြီးဆိုတာ ငါကောင်းကောင်း သဘောပေါက်သွားပါပြီ သူငယ်ချင်းရယ်”

“ဖြစ်ပြီးတာတွေကို မေ့နိုင်အောင်ကြိုးစားပါ မူယာ… လိုတဲ့အခါင့ါကို ဆက်သွယ်နော်… ဒီမှာငါ့ဖုန်းနံပါတ်”

သူ့ နာမည်ခေါ်နေပြီမို့  စကားဖြတ်လိုက်ရသည်။ လူနာခန်းထဲသို့  နှေးကွေးစွာ ၀င်သွားသော မူယာကို ကြည့်ရင်း သက်ပြင်းချမိပြန်သည်။ သူရွေးချယ်ခဲ့တဲ့လမ်းဟာ သူထင်သလို
မချောမွေ့ ခဲ့။

*****************************************

“ဆရာမများအတွက် နောက်အလှူရှင်တဦးကတော့ ကျောင်းသူဟောင်းမဖြူပြာနဲ့ မိသားစုပဲ ဖြစ်ပါတယ်”

ကျွန်မတို့ နှစ်က သူငယ်ချင်းဖြူပြာလား သိချင်ဇောနှင့် ကြည့်လိုက်တော့ အသားတွေဖြူဝင်းပြီး လှနေတဲ့ ဖြူပြာက သူ့ အမျိုးသား နဲ့  သမီးလေးနှစ်ယောက်နဲ့ အတူ ဆရာမတွေကို ကန်တော့ငွေ လှူဒါန်းနေတာ တွေ့ ရသည်။ သူငယ်ချင်းအတွက် ကြည်နူးပီတိ ဖြစ်မိသည်။

ဆရာမဟောင်းတွေကို ကျောင်းသူဟောင်းတွေက ဂါဝရပြုကန်တော့ပွဲကို ကျွန်မတို့  အထက်တန်းကျောင်းက နှစ်စဉ်ကျင်းပလေ့ရှိသည်။ အခန်းအနား အစီအစဉ်ပြီးတော့ ဖြူပြာဆီသွား နှုတ်ဆက်ဖြစ်သည်။

“သူငယ်ချင်းရယ်… မတွေ့ ဖြစ်တာ အတော်ကြာပြီနော်”

ဖြူပြာက အရင်ကအတိုင်း ပွင့်ပွင့်လင်းလင်း။

“ဖြူပြာအမျိုးသားကို သူ့ အလုပ်က ကြိုက်လို့ ဆိုပြီး စင်္ကာပူရုံးချူပ်ကို ပို့ လိုက်တာ…
ဖြူပြာတို့ လဲလိုက်နေရတာပေါ့… ဒီနှစ်တော့ ဆရာကန်တော့ပွဲ လာချင်လို့  အမျိုးသားကို ပူဆာပြီး ပြန်လာတာ ”

“ပြန်ဆုံရတာ ၀မ်းသာလိုက်တာ ဖြူပြာရယ်… နင်အဆင်ပြေနေတာတွေ့ ရတာ ငါအရမ်းကို ပျော်မိတယ်”

“ကိုယ့်စေတနာ ကိုယ့်အကျိုးပေးတယ်ပဲ ပြောရမှာပေါ့ဟယ်… ယူတုန်းက ဒီလောက်နုံအတဲ့ ယောင်္ကျား ယူရမလားဆို ဆွေမျိုးတွေကတောင် ၀ိုင်းကဲ့ရဲ့တာ… ကိုယ်ကလဲချစ်တာရယ်… ရိုးဂုဏ်လေးရှိတာရယ်ကြောင့် ဇွတ်တိုးခဲ့တာ… ဒီလောက် အဆင်ပြေသွားလိမ်မယ်လို့  မမျှော်လင့်ခဲ့ပါဘူးဟယ်”

ဖြူပြာ့ရဲ့ရိုးသားတဲ့ ကိုယ်တွေ့ စကားလေးက မှတ်သားစရာ။ ငြိမ်းချမ်းတဲ့ မိသားစုလေးကို ကြည့်ပြီး သူတို့ ရဲ့ ငြိမ်းချမ်းမှုတွေက ကျွန်မဆီပါ ကူးပြီး ပျော်ရွှင်ဝမ်းသာမိသည်။

*****************************************

ပတ်ဝန်းကျင်က အိမ်ထောင်ရေးသုခ၊ ဒုက္ခတွေ မြင်ရကြားရတိုင်း မူယာနဲ့ ဖြူပြာက ကျွန်မ အတွေးထဲ ရောက်ရောက်လာတတ်သည်။ အိမ်ထောင်ရေး ဆိုသည်မှာ ထီထိုးသည်နဲ့ တူသည်ဟု ပြောလေ့ရှိကြသည်။ မမြင်ရတဲ့ ကံတရားကို ဆိုလိုခြင်းဖြစ်ပေမယ့် လောဘ အဓိပ္ပါယ်ပါသည့် ထိုဥပမာကို ကျွန်မ မနှစ်သက်လှပါ။ အိမ်ထောင်ဘက်ရွေးချယ်ခြင်းသည် သက်မဲ့ပစ္စည်းများကို ရာဖြတ်သကဲ့သို့  ကြိုတင်တွက်ချက်လို့ မရ။ စေတနာမှန်လျှင် အကျိုးပေးမည်ဆိုသည့် ဖြူပြာ ကိုယ်တွေ့ စကားလေးက ပိုလို့ လက်တွေ့ ကျ မှန်ကန်လိမ့်မည်။ ကောင်းမွန်သော အိမ်ထောင်ဘက်ကို မှန်ကန်သည့် စေတနာတရားနှင့် ရွေးချယ်နိုင်ကြပါစေ။


တန်ခူး
4:45pm 09-Jul-2008

Sunday, July 6, 2008

အညာခေါက်ဆွဲ

ရုံးဖွင့်ရက်တိုင်း မနက်စာကို ဖြစ်သလို စားရသည်မို့  ခုလို ရုံးပိတ်ရက်ဆို မြန်မာအစားအစာ တခုခုလုပ်စားလေ့ရှိသည်။ များသောအားဖြင့် မုန့် ဟင်းခါး၊ မြီးရှည်၊ နန်းကြီးသုတ် လုပ်စားတတ်ပေမယ့် တခါတခါ ကိုယ့်အညာစာလေးတွေ လွမ်းမိလျှင် လုပ်စားလေ့ရှိသည့် အညာခေါက်ဆွဲချက်နည်းလေးကို ဝေမျှပေးလိုက်ပါသည်။

ကျွန်မတို့  တောင်သာ၊မြင်းခြံနယ်မှာ နာမည်ကြီးပေမယ့် တခြားနေရာတွေမှာ လူသိနဲသည်မို့်  မကြားဘူး၊ မစားဘူးသူ အတော်များပါသည်။ လုပ်ရလဲ လွယ်ကူ၊ ကျန်းမာရေးနဲ့ လဲညီညွတ်၊ စားလို့ လဲကောင်းသည့် အစားအစာတမျိုးပင်။

အသေးစိတ်ချက်နည်းကတော့……

ကြက်သား အရိုးအသားထဲကို ဂျင်း၊ကြက်သွန်ဖြူထောင်းပြီး အရေညှစ်ပါ။ ငံပြာရည်ထည့်၍ ဆုပ်နယ်ပါ။ (ကြက်အဖီသားကို အတုံးကြီးကြီး ပြုတ်လျှင် ပိုကောင်းပါသည်)


ရေထည့်ပြီး ကြက်သား အသားနူးသည်အထိပြုတ်ပါ။ ကြက်သား အသားနူးသည့်အခါ အိုးထဲမှဆယ်ယူ၍ အသားနွှင်ပါ။ အရိုးကို ဆက်ပြုတ်ထားပါ။


ပဲမှုန့် အစိမ်းမှုန့်  ကို ရေရော၍ လက်ဖြင့် ဖျော်ပါ။ ပြီးလျှင် ပွက်ပွက်ဆူနေသော ကြက်သားအိုးထဲသို့  ပဲမှုန့်် ဖျော်ရည်ကို လောင်းချပြီး ပဲမှုန့်် မခဲသွားအောင် မကြာခဏ မွှေပေးပါ။




ခေါက်ဆွဲကို ပြုတ်ထားပါ။ ဒီနိုင်ငံက ခေါက်ဆွဲအစိုတွေက ဆော်ဒါများပြီးမာသောကြောင့် ကျွန်မကတော့ ပုံတွင်ပြထားသည့် ခေါက်ဆွဲခြောက်ကို သုံးပါသည်။ ကျွန်မတို့  အညာမှာတော့ ပလာတာနှင့်လဲ စားသုံးလေ့ရှိပါသည်။
ဟင်းရည်အိုးပြန်ဆူပွက်လာလျှင် ငံပြာရည်၊ဆား အပေါ့အငံ လိုသလောက်ထည့်ပါ။ ဂေါ်ဖီကို ခပ်ကြမ်းကြမ်းလှီး၊ ကြက်သွန်နီ နုတ်နုတ်လှီး၊ နံနံပင်နုတ်နုတ်လှီးထားပါ။ ကြက်သွန်ဖြူဆီချက်လေးချက်ပါ။





ဟင်းရည်ကျလျှင် အသင့်စားသုံးနိုင်ပါပြိင်္။
ခေါက်ဆွဲ၊ လှီးထားသည့် ဂေါ်ဖီ၊ ကြက်သွန်နီ၊ နံနံပင်၊ မျှင်ထားသည့်ကြက်သားနှင့် ဟင်းရည်ရောသုံးစားသုံးလိုက်လျှင် အရသာထူးကဲသည့် အညာခေါက်ဆွဲ တပွဲဖြစ်ပေသည်။ အချဉ်ကြိုက်သူများက သံပုရာသီးညှစ်၊ ငရုတ်သီးမှုန်းထည့်၍ ခပ်ပြင်းပြင်းစားသုံးကြသလို
တို့ ဟူးကြော်၊ မပဲကြော်နှင့်လဲ အလွန်လိုက်ဘက်ပါသည်။ အမှတ်တမဲ့ဆိုလျှင်
အုန်းနို့ ခေါက်ဆွဲနဲ့  ခပ်ဆင်ဆင်တူသလိုရှိပေမယ့် အရသာချင်းက အတော်ကွာပါသည်။


ရုံးပိတ်ရက်မှာ ဘာလုပ်စားရမလဲ ဦးနှောက်စားနေသူများ အတွက် တခါလောက်လုပ်စားကြည့်ဖို့ တိုက်တွန်းချင်ပါသည်။

တန်ခူး
6-Jul-2008 11:30pm

Thursday, July 3, 2008

RITကျောင်းသူ


ပထမနှစ်

LCR(မိန်းခလေးများနားနေခန်း) ကနေ တက်ရမယ့် အခန်းကို ချောင်းကြည့်လိုက်တော့ အတော်လန့် သွားသည်။ ကော်ရစ်ဒါ ဟိုဘက်ဒီဘက်မှာ ကြိတ်ကြိတ်တိုး စည်ကားနေသည့် ယောင်္ကျားလေးတွေ။ RITမှာ ယောင်္ကျားလေးဒီလောက်ပေါတယ်ဆိုတာ ခုမှတကယ် ယုံတော့သည်။ တချို့ က ပြုံးပြုံး၊ တချို့ ကသွားအဖြဲသား၊ တချို့ ကျပြန်တော့ အိုက်တင်အပြည့်နဲ့  ခပ်တည်တည်၊ တချို့ က ကဗျာသမား စာသမားလို ကြေကြေကွဲကွဲ။ ဒီလူအုပ်ကြားထဲကနေ အတန်းရှိရာသွားဖို့  အားလုံးက ခြေရွံ့ နေကြသည်။

အဆောင်သူ အချို့ က ငိုမဲ့မဲ့။ DAYကျောင်းသူတွေလဲ မျက်နှာငယ်လေးတွေနှင့်။ အချိန်စောရောက်မှ ရှေ့ ဆုံးတန်းက နေရာရမည်။ ဒီတော့ ကြောက်နေလို့ မဖြစ်။ အားလုံးမျက်နှာက အတင်းအားတင်းပြီး ခြေလှမ်းပြင်သည်။ ကနွဲ့ ကလျ လှမ်းနေလို့ ကတော့ ပိုစနောက်စရာဖြစ်မည်။ ဒီတော့ ခပ်သွက်သွက်လှမ်း။ မျက်တောင်လေးချ ကြောက်ရွံ့ နေပြ
လို့ ကတော့ အနီးကပ်စဣူမြားပစ်မှတ်။ ဒီတော့ ခပ်တည်တည်နဲ့  ရှေ့ တူရူကြည့်။ မ၀င့်မရဲ မခို့ တရို့ လုပ်နေလို့ ကတော့ နောက်ဆုံးတန်းမှာ ထိုင်ပေတော့။ နင်လဲလူ၊ ငါလဲလူ ယောင်္ကျား၊မိန်းမ ဘေးချိတ်။ အဲဒီလို စိတ်က ခုလို ပထမနှစ်မှာပဲ မဖြစ်မနေမွေးခဲ့ရသည်။

ရှေ့ က မျက်မှန်ထူထူနဲ့ အတန်းတူ မိန်းခလေးကို ပြောင်စပ်စပ်မျက်မှန်နဲ့ လူက စာလိုက်ပေးနေသည်။ ဘေးက အားပေးသံတွေက ဆူဆူညံညံ။ အဲဒီလူပဲ ဟိုတနေ့ က ကားပတ်ကင်မှာ နာမည်ကြီးသည့် မျက်မှန်နှင့် ကောင်မလေးကို အသဲအသန်ကြွေပြနေခဲ့သည်။ သက်သက် သူနဲ့ ပုံစံတူ မျက်မှန်လေးတွေကို ရွေးနောက်သည်။ မျက်မှန်နဲ့ မိန်းခလေးက ခြေလှမ်းမပျက်။ မရယ်မပြုံး။ ရှက်ကိုးရှက်ကန်းလဲ မဖြစ်။ ဒါမှRITကျောင်းသူအစစ်။

Tပေတံနဲ့  ဟိုပြေးဒီပြေး အတန်းပြောင်းတော့ ရှေ့ ဆုံးတန်းမှာ No Lady first. အရင်ရောက်၊ အရင်ထိုင်။ တခါတလေတော့ ရေများရေနိုင်။ မီးများမီးနိုင်။ နှစ်ယောက်လောက်ကတော့ မိန်းခလေးတွေ မတိုင်ပင်ပဲ ပညာပေးတော့ အစွန်ဆုံးထိုင်နေတဲ့ gentlemenတွေ ခုံပေါ်ကပြုတ်ကျ။ ဟုတ်ကဲ့။ ဘ၀ပေး အခြေအနေ အရ ပထမနှစ်မှာပဲ ယောင်္ကျားလေးတွေ
နဲ့ ရင်ဘောင်တန်းနိုင်အောင် လေ့ကျင့်ခဲ့ရတာ RITကျောင်းသူပါ…။

****************************************
ဒုတိယနှစ်

“ရှင်ဘယ်လို ဖြစ်နေလဲ…မော်ကွန်းထိန်းတိုင်လိုက်ရမလား”
“ရပါတယ်…ညီမရက်စက်နိုင်ရင် ကိုယ်ကိုယ်တိုင် မော်ကွန်းထိန်းဆီ လိုက်ပို့ ပေးမယ်”
“ကဲ..ဒါဆိုလာ…မော်ကွန်းထိန်းဆီ ခုသွားမယ်”
“ဟဲဟဲ…နောက်နေ့ မှနော်…ကိုဒီနေ့  projectကိစ္စအရေးကြီးနေလို့ ”

ဒီလို သွေးတိုးစမ်းသူတွေနဲ့ ကျတော့ ဒုတိယနှစ်မှာ ပိုအရေထူလာသည်။

“ဟဲ့…မိတ်ဆက်ပေးရဦးမယ်…သူက စည်သူတဲ့..နင်တို့ RITကပဲ…သူကတော့နင့်ကို မသိဘူးတဲ့...ယုံပါတယ်…တချိန်လုံးတို့ ကျောင်းပဲ လာနေတာ”
Rollချင်းကပ်၊ LABလဲတူ၊ Drawingလဲတခန်းထဲ…ဒါနဲ့ တောင် မသိဘူးလို့ 
ဗြောင်လိမ်တတ်ပြီး “တွေ့ ရတာ ၀မ်းသာပါတယ်” ဆိုတဲ့သူတွေကိုလဲ ဒုတိယနှစ်ရောက်တော့
အတော်အထာနပ်လာသည်။

ပထမနှစ်က သိပ်မသွားရဲသည့် ကန်တင်းကို ဒုတိယနှစ်ကျတော့ ခြေလှမ်းစိတ်လာသည်။ အဆောင်သူလေးတွေ Dinnerမှာ သီချင်းဆိုရုံတင်မက တချို့ က လူရွှင်တော်တောင် လုပ်လာသည်။ တချို့ ကာတွန်းပညာရှင် မိန်းခလေးတွေ ကာတွန်းBOXမှာ လက်စွမ်းပြလာသည်။ ကဗျာစာအုပ်လေးတွေမှာ မိန်းခလေးကလောင်သစ်လေးတွေ
တိုးလာသည်။

Rollလုပွဲတွေ ကြောင့် တော်တော်များများ ကျောင်းသူတွေ စာမေးပွဲနီးလျှင် မျက်နှာမှာ သနပ်ခါးမတင်အား။ Library၊ Workshop၊ Drawing ခန်း ဟိုပြေးဒီပြေးနဲ့  ဒေါက်ဖိနပ်တွေက ဖိနပ်စင်ပေါ်မှာ လုံးလုံးအနားရသွားသည်။ မေဂျာခွဲမယ့်နှစ်ဆိုတော့ အားလုံးစာအုပ်တွေထဲ ကျွမ်းပစ်ရသည့် ဒုတိယနှစ်။

****************************************
တတိယနှစ်

မေဂျာချင်းတူတော့ ယောင်္ကျား၊မိန်းမတွေမေ့။ မေဂျာသွေးက စကားပြောလာသည်။ အထူးသဖြင့် မေဂျာ ဘောလုံးပွဲတွေမှာ။ ကိုယ့်မေဂျာအတွက် အားပေးရင်း အသံတွေပြာ။ လက်တွေနာ။ ကမ္ဘာ့ဖလားထက် ရင်ပိုခုန်သည်။ အတန်းထဲက မိန်းမအဆန်ဆုံးQueenလေးပင် RITကျောင်းသူဇာတိပြကာ အော်ဟစ်အားပေး။ ကိုယ့်မေဂျာ နိုင်တော့ မော့မော့။ ကိုယ့်မေဂျာရှုံးတော့ အနိုင်ရမေဂျာအတန်းရှေ့ က မဖြတ်။

ပေပေတေတေ သူငယ်ချင်းတချို့  ဖဲရှုံးလို့  ပိုက်ဆံချေးရသည်။ ကြိတ်ကြွေသူငယ်ချင်း
တချို့ ရင်ဖွင့်သံကို ကန်တင်းမှာ ထိုင်ရင်းနားထောင်ပေးရသည်။ မိန်းထဲက အသဲကွဲဇာတ်လမ်းတွေကတော့ စာရေးဝါသနာပါသူတွေ အတွက် ကုန်ကြမ်း။ ကဗျာစာအုပ်တွေ အတူထုတ်။ တတိယနှစ်မှာ RITနဲ့  တဖြေးဖြေးအသားကျလာတော့ မိန်းမဆန်မှုတွေက လျော့လျော့လာ။

****************************************
စတုတ္ထနှစ်

သဇင်သူတွေ သဇင်ကို အလွမ်းသယ်ကြသည့်နှစ်။ ပုပ္ပား၊ဒူးယား၊အင်းလေး၊စည့်ကူ က လူပျိုသိုးတွေ ပထမနှစ်၊ ဒုတိယနှစ်သဇင်သူလေးတွေဆီ လျှောက်ပြန်သံပေးဖို့  စတုတ္ထနှစ်သဇင်သူတွေက ပေါင်းကူး။

ခရေပင်လမ်းပေါ်မှာ ကချင်လွယ်အိတ်တလုံးနဲ့  ကဗျာတပုဒ် ကာရံရှာတဲ့အခါရှာ…Libraryထဲမှာ စာတပုဒ်ကို ငြင်းခုန်တဲ့အခါငြင်း….နွေးအေးမှာ သီချင်းလေးတွေနဲ့ အတူ လွင့်မျောတဲ့အခါလွင့်မျော… ရှပ်အင်္ကျီခပ်ပွပွတထည်… ဒါမှမဟုတ် ဗမာအင်္ကျီခပ်ပွပွတထည်ဝတ်ထားတတ်တဲ့ မျက်နှာမှာ သနပ်ခါးမရှိတဲ့မိန်းခလေး တယောက်ယောက်များတွေ့ ခဲ့ရင် အဲဒါ စတုတ္ထနှစ်RITကျောင်းသူပါပဲ။
အတန်းထဲက သူငယ်ချင်းတွေကတော့ ဒီလောက်နှစ်အကြာကြီး ရင်းနှီးလာတော့ အမလို… ညီမလို… မောင်လို… အကိုလို… ကျောင်းကို ဆွေမျိုးတွေ အများကြီးနဲ့ နေရတဲ့ အိမ်လို ရင်းနှီးလာတဲ့ စတုတ္ထနှစ်။ တနေ့ တခြား ခက်ခဲလာတဲ့ စာတွေကြားထဲမှာ စာအုပ်ကို တနေကုန် ထိုင်ပြီး တစိမ့်စိမ့်ကြည့်ရတဲ့ စတုတ္ထနှစ်။

****************************************
ပဉ္စမနှစ်

မစန္ဒာရဲ့  ဂျီဟောသူ။ ကဗျာမဆန်တဲ့ ခြေလှမ်းတွေ… ဟန်ဆောင်မှုကင်းတဲ့ ရယ်မောသံတွေ… ဆေးရောင်မခြယ်တဲ့ သဘာဝမျက်နှာ… မာယာကင်းတဲ့ မျက်ဝန်းအကြည့်တွေနဲ့ … … ပြီးပြည့်စုံတဲ့ ဂျီဟောသူအလှ။

ပကာသနအလှကိုသာ ခံစားပြီး သဘာဝတရားကို မေ့လျော့နေသူတချို့ က ရက်ရက်စက်စက် နာမည်ပေးရက်တယ် “ဘီလူးကျွန်း”တဲ့။ RITကျောင်းသူတွေ အရုပ်ဆိုးကြတယ်တဲ့။ နူးညံ့တဲ့ခြေလှမ်းတွေ… မခို့ တရို့ အကြည့်တွေ… မပွင့်တပွင့်အပြုံးတွေ… တိုးညှင်းညှင်းစကားသံတွေ… ရှက်ကိုးရှက်ကန်းအမူအရာတွေ…ဒါတွေဟာ
မိန်းမတယောက်ရဲ့ အလှတရားလို့  သတ်မှတ်ခဲ့ရင်တော့…RITကျောင်းသူတွေ ရုပ်ဆိုးပါသည်။
ပွင့်လင်းရိုးသားမှုတွေကို့ အလှတရားလို့  သတ်မှတ်ခဲ့ရင်တော့… RITကျောင်းသူတွေ အတော်လှပါသည်။

“အချိန်မရှိတော့ဘူး… ကျောင်းပြီးဖို့  တနှစ်ပဲလိုတော့တယ်…ငါ့ကို အဖြေပေးတော့ဟာ”
“ဘယ်လိုမှမအောင့်မေ့ပါနဲ့ ဟာ… ငါနင့်ကို နဲနဲလေးမှစိတ်ဝင်စားလို့  မရလို့ ပါ… ငါဘယ်နှစ်ခါပြောရမလဲ”

အဲဒီလို ပွင့်လင်းစွာ ရဲရဲတင်းတင်း ငြင်းတတ်ကြသလို…။

“နင် ဖဲဘယ်လောက်ရိုက်သလဲ ငါသိတယ်… နင် အရက်ဘယ်လောက်သောက်သလဲ ငါသိတယ်… ငါနဲ့  ချစ်သူဖြစ်ရင်တော့ ဆက်လုပ်ရဲလုပ်ကြည့်… ”

အဲဒီလို ဘုဘောက်နဲ့  ကဗျာမဆန်စွာ အဖြေပေးတတ်ကြသည်။

ဒါကြောင့်ပဲ တချို့ က “ဘယ်လိုမှ ရင်ခုန်လို့  မရဘူး…သူတို့ နဲ့ စကားပြောရင်
သူတို့ မိန်းခလေး ဆိုတာတောင် မေ့နေတယ်…ယောင်္ကျားတွေလိုပဲ” တဲ့။

****************************************
ဆဌမနှစ်(သို့ ) နောက်ဆုံးနှစ်

အမြဲလို တက်ကြွနေတဲ့ ခြေလှမ်းတွေက နှေးကွေးသွားသည်။ ဆွဲဆန့် လို့  မရတဲ့ ကျောင်းသားဘ၀ရဲ့ နောက်ဆုံးနေ့ ရက်တွေ။ အရင်က ကြည့်မရတဲ့သူတွေနဲ့ တောင် ဆက်ဆံရေးတွေ ကောင်းမွန်။ RITကျောင်းသူတယောက်ရဲ့  အနူးညံ့ဆုံးနှစ်…။
စာအုပ်ရှေ့ ချပြီး ခပ်ငေါင်ငေါင်ဖြစ်တဲ့အခါ ဖြစ်…။ Projectနဲ့  ဦးနှောက်စားရင်းကပဲ ကဗျာတပိုင်းတစကို ချချရေး…။ လွမ်းတတ်တာက သဘာဝပဲလေ။

ဂျီဟောရှေ့ မှာ… ခရေပင်လမ်းမှာ… Lဆောင်နံဘေးမှာ… ကားပတ်ကင်မှာ… နွေးအေးမှာ… နောက်ဆုံးနှစ်ကျောင်းသူတချို့  လက်တွဲဖေါ်ချစ်သူနဲ့  စာတပုဒ်ကို ဆွေးနွေးတဲ့အခါဆွေးနွေး… ဘ၀ရှေးရေးကို တိုင်ပင်တဲ့အခါတိုင်ပင်… ချိန်ခွင်ညှာငြှိ။ ကြိတ်ကြွေတို့ အသဲကွဲသံကို လက်ဘက်ရည်တခွက် အေးစက်စက်ဖြစ်တဲ့အထိ ဘော်ဒါအရင်းကြီးတွေမို့  ဒုက္ခခံနားထောင်ပေးရတာလဲရှိ။ စာရှင်းကောင်းတဲ့ သူငယ်ချင်းကို ကွမ်းတယာ လာဘ်ထိုးပြီး စာရှင်းခိုင်း။ အရက်နာကျပြီး မရှုနိုင်မကယ်နိုင်သူတွေကို လွတ်သွားတဲ့စာတွေ
ပြန်ရှင်းပြ။ ကဗျာစာအုပ်လေးတွေကိုင်ပြီး ဟိုအတန်းရှေ့ မယောင်မလည်
ဒီအတန်းရှေ့ မယောင်မလည်နဲ့  ကဗျာစာအုပ်ရောင်းနဲ့ …ခါတိုင်းနှစ်တွေထက် ပိုအလုပ်ရှုပ်တဲ့ နောက်ဆုံးနှစ်RITကျောင်းသူ။

ဆရာမလာသေးခင် အတန်းထဲမှာ ဘ၀ရည်မှန်းချက်ဆွေးနွေး။ ဟိုးအဝေးနိုင်ငံရပ်ခြားမှာ
ဘွဲ့ လွန်ယူနိုင်ဖို့  မျက်တွင်းဟောက်ပက်နဲ့  အိပ်စက်ဖို့ မေ့လျော့နေသူ… ဆရာမပြန်လုပ်မယ့် ရည်ရွယ်ချက်နဲ့  Noteကောင်းကောင်းလေးတွေ စုစောင်းနေသူ… လူအများကြီးကို အုပ်ချုပ်ရတဲ့ အင်ဂျင်နီယာကြီးဖြစ်ဖို့  လေ့လာကြိုးစားနေသူ… ကွန်ပြူတာပညာရှင် အရူးအမူးဖြစ်ချင်သူ… တယောက်ရည်မှန်းချက် တမျိုးနဲ့  ဘ၀ထဲတာထွက်ဖို့  စောင့်နေကြတဲ့ နောက်ဆုံးနှစ်RITကျောင်းသူ။

အသစ်သစ်ရောက်လာတဲ့ RITကျောင်းသူ မျိုးဆက်သစ်လေးတွေက အချိန်စီမံခန့် ခွဲမှု အတော်ကျွမ်းပုံရသည်။ စာမေးပွဲနီးတဲ့အထိ လှလှပပ ကြွကြွရွရွ။ နောက်ဆုံးနှစ်မမတွေ ပြန်ပညာယူချင်လာတဲ့ အထိ။ သူတို့ လေးတွေရဲ့ နုနယ်ပျိုမျစ်ခြင်းတွေကိုတွေ့ တော့ ပထမနှစ်က ထမီတိုတိုနဲ့  အတန်းပြောင်းရသည့် မအူမလည်ဘ၀တွေ လွမ်းသည်။

တကယ်တော့ RITကျောင်းသူတွေက စွယ်တော်ပန်းလေးတွေနှင့်တူသည်။ လေဒဏ် မိုးဒဏ် ကြံ့ကြံ့ခံနိုင်သော တောရိုင်းစွယ်တော်လို… သူ့ အဆင်း သူ့ ရနံ့ နှင့် သူ့ ပတ်ဝန်းကျင်ကို အလှဆင်နေသည့် ပန်းတပွင့်…တကူးတက ယုယပြုစုစရာမလို ကိုယ့်အားကိုယ်ကိုးလို့  ငွားငွားစွင့်စွင့် ပွင့်လန်းတတ်သည့် ပန်းတပွင့်… ပန်းမဆန်စွာ အကြမ်းခံသည့် ပန်းတပွင့်… အဲဒီလို ပန်းတပွင့် ဖြစ်ခွင့်ရခဲ့တဲ့ ဘ၀ကို အမြဲလွမ်းဆွတ် ကျေနပ်နေဦးတော့မည်။

တန်ခူး
10:30am 03-Jul-2008