“တာတေ… မနက်ဖြန် စာမေးပွဲကို ခုထိ ဂေါ်လီရိုက်နေတုန်းလား… ခုစာအုပ်ယူပြီး အိမ်လာခဲ့”
ကျွန်မ အပြင်သွားတုန်း အခွင့်အရေးကို အပြတ် အသုံးချနေသည့် တာတေ။ ၈ တန်းကျောင်းသားက ၅ တန်း၊ ၆ တန်း ကလေးတွေနဲ့ ဂေါ်လီ ရိုက်ဖော်။ ဘယ်တော့မှ အပူအပင်မရှိ။ ခဏကြာတော့ မြန်မာစာ စာအုပ်တွေနှင့် နှေးနှေးကွေးကွေး ၀င်လာသည်။
“ကဲ… ဆို”
မေးခွန်းတပုဒ်ကို မေးလိုက်တော့ ကျွန်မကို ခပ်ငူငူကြည့်နေသည်။ မနက်ဖြန်ဖြေရမှာ ခုထိ ငူငူငိုင်ငိုင်။ ကျွန်မ စိတ်တွေ ပူလိုက်တာ မပြောပါနဲ့ ။ နောက်တပုဒ်မေးတော့လဲ ဒီအတိုင်း။ သူကတော့ အေးအေးဆေးဆေး။ ကျွန်မက ပြာနေပြီ။ မနေ့ ကတင် ကျွန်မနဲ့ နွှေးတုန်းက ရသေးသည်။ ဒီနေ့ မေ့ပစ်သည်။ စာမေးပွဲခန်းထဲရောက်ရင် ဘယ်လိုလုပ်မလဲ။
“နင် ဂေါ်လီရိုက်နိုင်တာ ငါအံ့သြတယ်… ခုပြန်ကျက်… တပုဒ်ချင်း င့ါဆီပြန်ဆို”
သူ့ ကို ပြောရင်း စိတ်တွေက အရမ်းပူလာတော့ မျက်ရည်တွေ ဝေ့၀ဲလာမိသည်။ စာကျက်သံမကြားရ၍ ကြည့်မိတော့ သူမျက်နှာမှာလဲ မျက်ရည်တွေနှင့်။
“စာကျက်ပါဆို နင်ကဘာလို့  ငိုနေရပြန်တာလဲ”
“ဆရာမ ငိုတော့ ကျွန်တော်လဲ ၀မ်းနည်းလို့ ပါ”
စိတ်ထဲမှာ မကောင်း။ ကိုယ့်ကိုယ်ကိုလဲ ဒေါသဖြစ်မိသည်။ ကျောင်းသားကို စိတ်ဓါတ်မြှင့်တင်ရမည့် အစား ကိုယ့်အပြုအမူကြောင့် စိတ်ကျသွားနိုင်သည်။ ချော့မော့ပြီး မေ့မေ့ပျောက်ပျောက် ပြန်သင်တော့ တပုဒ်ပြီး တပုဒ် ချောချောမွေ့ မွေ့ ပြီးသွားသည်။ ပြီးတော့ သူက ပြောလိုက်သေးသည်။
“ဆရာမကို အားနာလို့  စာကျက်တာ… နို့ မို့ ဂေါ်လီဆက်ရိုက်ချင်တာ” တဲ့။
*****************
“တာတေ… ဖြေနိုင်လား”
“ဟုတ်ကဲ့… ဆရာမ”
“အဖြေတွေ မှတ်လာခဲ့လား”
“ဟုတ်ကဲ့… ဆရာမ”
မျက်တောင်တွေ မှေးစင်းပြီး မေးသမျှမေးခွန်းကို အိပ်ချင်မူးတူး အသံနဲ့ ဖြေနေသော ကိုတော်ချောကိုတာတေသည် ခုမှ ၈ တန်း စာမေးပွဲခန်းထဲက ထွက်လာတာနဲ့ မတူ။ အတော်ကို သွေးအေးလွန်းလှသည်။ ကိုယ်သာ သင်္ချာအားနည်းသည့် သူ့ အတွက် စိတ်တွေပူနေရသည်။ မှတ်လာသည့် အဖြေတွေက အကုန်တလွဲ။ ဒုက္ခ။ ဒီပုံစံဆို တာတေတော့ ဗုန်းကနဲကျပြီ။ ဝေ့၀ဲလာတဲ့ မျက်ရည်တွေကို ဘယ်လိုမှထိန်းလို့ မရ။ တခြားဘာသာတွေ ကျန်သေးတာမို့  သူ့ ကို မပြောရက်။
“ကဲကဲ… လာနောက်ဘာသာတွေ ကျက်ရအောင်”
ကိုယ့်ကို ကြည့်ပြီး သူပါ မျက်ရည်တွေ ၀ဲလာတော့ အံ့သြတကြီး မေးမိသည်။ သူလိုလူက စာမေးပွဲကျတာလောက်တော့ အရေထူပြီးသား။
“ဟဲ့… နင်က ဘာလို့  ငိုနေတာလဲ”
“ဆရာမ ငိုတော့ ကျွန်တော်လဲ ၀မ်းနည်းလို့ ပါ”
သူဆီက မမျှော်လင့်တဲ့ အဖြေကြားရတော့ ကိုယ်လဲ အတော် ၀မ်းနည်းသွားမိသည်။ ဘာမှ စာဆက်မသင်နိုင်ပဲ ဆရာတပည့်နှစ်ယောက် ငိုပွဲ ဆင်နွှဲနေတော့ အမေက မနေနိုင်။ ပြောနေကျ စကား တခွန်း ၀င်ပြောသည်။
“အဲလောက် စိတ်နုနေရင် ညည်း စာဆက်သင်ရင်တော့ နှလုံးရောဂါရမှာပဲ” တဲ့။
*****************
“ဆရာမ… ဆရာမ ကျွန်တော် စာမေးပွဲ အောင်တယ်”
မနက်စောစော မင်္ဂလာသတင်းကြားလိုက်ရတော့ အတော် စိတ်ချမ်းသာသွားသည်။ ကြားရတဲ့သူက ကိုယ်ဘယ်လိုမှ အောင်မယ်မထင်ထားတဲ့ တာတေဆီက။ ဥာဏ်ရည် သိပ်မထက်မြက်သည့်အပြင် မကြိုးစားတာကြောင့် သူ့ ကို ကျူရှင်ပြရတာ သူများထက် ပိုပင်ပန်းသည်။ သူ့ စာမေးပွဲ တလျှောက်လုံး ကိုယ်ပါအိပ်ရေးတွေပျက်။ တခါတခါ ကိုယ်က ရှေ့ က အားကြိုးမာန်တက် သင်နေသည်။ သူက အိပ်တွေငိုက်လို့ ။ ခုတော့ သူအောင်သွားပြီတဲ့။ အဲဒီကြည်နူးမှုက ဘာနဲ့ မှမတူ။ ထုံးစံအတိုင်း မျက်ရည်တွေက ဝေ့၀ဲလာပြန်သည်။
“ဟဲ့ တာတေ… စာမေးပွဲအောင်တာ နင်က ဘာလို့  ငိုနေတာလဲ”
မေမေ့အသံကြားမှ သူငိုနေတာ သတိထားမိသွားသည်။
“ဆရာမ ငိုတော့ ကျွန်တော်လဲ ၀မ်းနည်းလို့ ပါ”
ဒီတခါတော့ ကျွန်မ မျက်ရည်တွေ ကြားထဲက ရယ်မိသည်။
*****************
ဟိုတခေါက် မြန်မာပြည်ပြန်တော့ အမေက ကျွန်မ မမျှော်လင့်တဲ့ သတင်းတခုပြောပြခဲ့သည်။
“တာတေ ဆုံးသွားပြီအေ”
“အမေရယ်… ဘယ်လို ဖြစ်တာလဲ…”
“ရင်ကျပ်ရောဂါလို့ ပြောတာပဲ”
အတော်ကို စိတ်မကောင်းဖြစ်သွားမိသည်။ အရင်အခေါက်တွေ ပြန်တုန်းက မော်တော်ပီကယ်လုပ်နေသည့် တာတေကို ကားနဲ့ ဖြတ်သွားတိုင်း နှုတ်ဆက်မိသည်။ အလုပ်အကိုင် အတည်တကျနဲ့  မိဘလုပ်ကျွေးနေတာတွေ့ ရတော့ စိတ်ချမ်းသာမိသည်။ ခုတော့… အသက်ငယ်ငယ်လေးနဲ့  ဆုံးပါးသွားရှာပြီ။ မျက်ရည်တို့  ဝေ့၀ဲလာသည်။
အမေက ကျွန်မကို ကြည့်ပြီး ခေါင်းတငြိမ့်ငြိမ့်နှင့် ဆိုသည်။
“ခုတော့… ဆရာမ ငိုလို့  လိုက်ငိုမယ့်သူမရှိတော့ဘူးပေါ့အေ” တဲ့။
(ကျောင်း ၃ နှစ်ပိတ်လိုက်တုန်းက ကျွန်မ စာသင်ပေးခဲ့ရသည့် အသက်တိုရှာသည့် တပည့်ဟောင်းလေး တယောက်အကြောင်းပါ)
တန်ခူး
10:31am 16-Sep-2008
Showing posts with label ၀တ္ထုတို. Show all posts

Tuesday, September 16, 2008
Friday, August 29, 2008
အဆိပ်လူးနှလုံးသား
အလုပ်စားပွဲကနေ ဒေါ်လီ ရှိတဲ့ ကောင်တာကို စိတ်မဖြောင့်နိုင်စွာ ခဏခဏ လှမ်းလှမ်းကြည့်မိသည်။ ဒီဆိုင်မှာ အလှဆုံး၊ အသွက်ဆုံး ဒေါ်လီကို ကိုယ်က စီးပွားရေးအတ္တကြီးစွာ ယောင်္ကျားလေး အသုံးအဆောင်ကောင်တာမှာ ထားမိတာကပဲ ဒီပြဿနာကို လက်ယက်ခေါ်လိုက် သလိုဖြစ်သွားသလား။ ဆံပင်ရဲရဲလေးဆိုးထားပြီး နားဆွဲလေးတခါခါနှင့် ၀ယ်သူကျသွားအောင် ပြောတတ်သည့် ဒေါ်လီက ကိုယ့်အဒေါ်လို ရင်းနှီးရသည့် ကိုယ့်အမေ သူငယ်ချင်းရဲ့ သမီးထွေးလေး။ သူ့ အမေက ယုံကြည်စိတ်ချစွာ ကိုယ့်ကို ပုံအပ်ထားတာ။ ဒီနေ့ ဒေါ်လီ အလှတွေ ပိုပြင်ထားတာ သတိထားမိတော့ ကိုယ့်မှာ နေ့ လည်စာတောင် ထွက်မစားဖြစ်။ တစုံတရာကို ကြိုတင်ရိပ်မိနေသလို။ဆိုင်ပိတ်ခါနီးထိ ဘာမှသံသယဖြစ်ဖွယ်ရာမတွေ့ သေး။ ကိုယ်ထင်သလို ဟုတ်မှာ မဟုတ်ပါဘူးလို့  ဟင်းချမလို့ လုပ်တုန်း ကိုယ်ရွံရှာသည့် အရိပ်တခု ဆိုင်ဝမှာ ပေါ်လာသည်။ လူငယ်ဆန်သည့် စပို့ ရှပ်နှင့် ဘောင်းဘီကို စတိုင်ကျကျဝတ်လို့  နေကာမျက်မှန်ကို ဒေါ်လီရှေ့ မှ ချွတ်ပြီး ဒေါ်လီ့ကို ခပ်ငေးငေးစိုက်ကြည့်လိုက်တော့ ဒေါ်လီ့အပြုံးတွေက ချိုမြသွားလိုက်တာ။ မြတ်စွာဘုရား… ဒေါ်လီကို ကယ်ဖို့ အချိန်မှီပါဦးမလား။
ဒေါ်လီနှင့် သူ အလုပ်ပြီးချိန်မှ ချိန်းထားပုံရသည်။ ဒေါ်လီက လုပ်ဖော်ကိုင်ဘက်တွေ နှုတ်ဆက် ပြန်မလို့ ပြင်တော့ ကသုတ်ကရက်နှင့် ပိုက်ဆံအိတ်ဆွဲပြီး ထွက်လာခဲ့ရတော့သည်။
မဖြစ်။ ဒေါ်လီကို ဒီလူ့ နဲ့ နှစ်ယောက်ထဲ ပေးတွေ့ လို့  ဘယ်လိုမှ မဖြစ်။ ဒေါ်လီထက်ဦးအောင် ဆိုင်ပြင်ထွက်ပြီး ကမ္ဘာပေါ်မှာ ရွံရှာစက်ဆုပ်ဆုံး၊ မုန်းတီးခါးသီးဆုံး လူတယောက်ကို ရင်ဆိုင်ရတော့သည်။
“ဦးမင်းကိုမိုလား… ဘာလာဝယ်တာဘာလိမ့်”
သူ့ မျက်နှာက အံ့သြရိပ်ကနေ အနည်းငယ် ပျက်ယွင်းသွားသည်။
“ဟာ… နွယ်… တွေ့ ရမယ်လို့ မထင်ထားတော့ မောင် အရမ်းအံ့သြသွားတာ”
မောင်တဲ့လား။ ခါးသက်လိုက်တာ။ ရှင်ဟာ ဘယ်တော့မှ အကျင့်ပြောင်းမယ့်သူမဟုတ်။
“ဒါကျွန်မဆိုင်လေ”
ဟန်ဆောင်နေတဲ့ကြားထဲက မျက်နှာ အတော်ပျက်သွားသည်။ ဆိုင်ထဲမှ ဒေါ်လီထွက်လာတော့ သူနဲနဲပြာသွားသည်။ ကျွမ်းကျင်စွာ ဟန်မပျက် ဒေါ်လီကို ပြုံးပြလိုက်သေးသည်။
“ဒေါ်လီဆီဝယ်နေကျထင်တယ်… ခုလို ကျွန်မဆိုင်ကို အားပေးတာ ကျေးဇူးပါ”
“ဟုတ်ပါတယ်… ဒေါ်လီလို ၀န်ထမ်းမျိုးရထားတာ ကံကောင်းတာပေါ့်”
“ဒေါ်လီအိမ်ပြန်မှာမိုလား… မမကားနဲ့ လိုက်ခဲ့လေ… မမလဲ အန်တီနဲ့ တွေ့ စရာရှိလို့ … ခွင့်ပြုပါဦး ဦးမင်းကို”
ကိုယ့်ကို ခေါင်းငြိမ့်ရုံသာ နှုတ်ဆက်နိုင်သည့် သူ့ အမူအယာကြည့်ပြီး ဟားတိုက်ရယ်ချင်မိသည်။ သူ့ ရင်ထဲမှာတော့ ပျက်သွားသော ဂွင်တခုအတွက် ယူကျူံးမရ ဖြစ်နေမည်။ ဒေါ်လီကို တွင်းနက်နက်ထဲ မကျခင် အချိန်မှီ ကယ်တင်ရမည်လေ။ ဇီးရွက်လောက်သာ ရှိတော့သည့် ဒေါ်လီမျက်နှာလေးကို လှမ်းကြည့်ရင်း သက်ပြင်းချလိုက်မိသည်။
“ဒေါ်လီ သူ့ ကို ဒီနေ့ အဖြေပေးတော့ မလို့ မိုလား”
“ရှင်… မမဘယ်လိုသိ…”
ကားကိုအေးဆေးငြိမ်သက်တဲ့ ဆိုင်တခုထဲ ရပ်လိုက်သည်။
“ဒေါ်လီသိထားသင့်တယ်ထင်တဲ့ ဇာတ်လမ်းတပုဒ် တို့ ပြောပြချင်တယ်… ပြီးရင်ဒေါ်လီသဘောအတိုင်း ဆုံးဖြတ်ပေါ့”
*****************************
သူကို ကိုယ် ဘယ်တုန်းကတည်းက တွယ်ငြိသွားမိပါလိမ့်။ မောင်မယ်သစ်လွင် ကြိုဆိုပွဲမှာပဲ ဖြစ်လိမ့်မည်။ သမိုင်းမေဂျာရဲ့ကွင်းကို ကိုယ့်နာမည်ကြေငြာလိုက်တော့ ခပ်လှမ်းလှမ်းက ဆံပင်ခွေခွေ လှိုင်းတွန့် လေးတွေနဲ့ ကိုယ့်ကို ရီဝေေ၀ ငေးကြည့်နေသည့် သူပဲ ကင်းဖြစ်ပါစေလို့  ဆုတောင်းခဲ့ရတာ။ သူ့ နာမည်ကြေငြာလိုက်တော့ ကိုယ့်ရင်တွေခုန်လိုက်တာ။ ဒါအချစ်ရဲ့ အစပေါ့။ အဲဒီနေ့ ကတည်းက ရှေ့ သွားနောက်လိုက် ညီတဲ့ ကိုယ်တို့ နှစ်ယောက်ကို ချစ်သူ မဖြစ်ဖြစ်အောင် အားလုံးက တွန်းပို့ ခဲ့သည်လေ။ ကိုယ်တို့ ကလဲ မတွန်းခင်က ရွေ့ ချင်ချင်။
ခုတော့ ကိုယ်လက်လေးကို သူလက်နွေးနွေးလေးတွေနဲ့ ဆုပ်ကိုင်ပြီး သူ့ ဆီက ဝေးဝေးမသွားဖို့  ကတိတွေတောင်းနေတဲ့ ကိုယ့်ချစ်သူပေါ့။
“မောင့်ဘ၀နွမ်းနွမ်းထဲ နွယ်လိုက်ရဲပါ့မလား… မောင်မှာ ကိုယ်ပိုင်ကားမရှိ… မောင်ကို မောင့်အမက ကျောင်းထားပေးရတာ”
“ဘာလို့ မလိုက်နိုင်ရမှာလဲ… မောင့်ကို ချစ်နေမှတော့ အဆိုးအကောင်းဝေမျှ ခံစားနိုင်ရမှာပေါ့”
အချစ်ရှိရင် အရာရာလှပနေမှာပဲလို့  ကိုယ်က အကြွင်းမဲ့ ယုံကြည်သူ။ အားငယ်နေတဲ့ ချစ်သူကို အားပေးပြုံးပြရင်းလေ။
“မောင်သိပါတယ်… နွယ်တနေ့ ကျရင် မောင့်ကို ထားခဲ့မှာပါ”
“ဟင့်အင်း… အဲလို မပြောနဲ့ … နွယ့်အချစ်ကို အဲလို လျော့မတွက်နဲ့ ”
“ဒါဆို မောင်နဲ့ ခုလိုက်နိုင်မလားနွယ်… မောင်နွယ့်ကို မခွဲနိုင်တော့ဘူး”
မမျှော်လင့်တဲ့ မောင့်စကားကြောင့် ဘာဆက်ပြောရမှန်းမသိ။ အရိပ်တကြည့်ကြည့် ချစ်သည့် ဖေဖေ့မျက်နှာကို ပြေးမြင်မိသည်။
“မစောလွန်းဘူးလားမောင်ရယ်…နွယ်တို့ က ခုမှ ပထမနှစ်ပဲ ရှိသေးတာလေ”
“မောင်ကတော့ နွယ်နဲ့ မခွဲချင်တာပဲ သိတယ်… မောင်သိပါတယ်… တကယ်တမ်းကျတော့ နွယ်ဘယ်လိုက်နိုင်မလဲ ”
မျက်ရည်ရစ်ဝဲလာသည့် ချစ်သူမျက်ဝန်းတွေတွေ့ တော့ နှလုံးသားတို့  အရေပျော်ကျသွားသည်။ ချစ်သူရဲ့ စိုးရိမ်သောကတွေကို ကိုယ့်အချစ်နဲ့  ပြေပျောက်စေချင်သည်။
“နွယ်လိုက်ခဲ့ပါ့မယ်မောင်”
“ပျော်လိုက်တာ နွယ်ရယ်… ကိုယ့်ဘ၀မှာ အပျော်ဆုံးနေ့ ပဲ”
***********************************
တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ ရွှေဘုံပေါ်မှာ စံရ ချစ်တာချစ်တာ ပဓာနတဲ့။ မောင်နဲ့ ကိုယ်က မောင့်သူငယ်ချင်း တိုက်ခန်းလေးထဲမှာ ခဏနေကြသည်။ ဘာပဲဖြစ်ဖြစ် ချစ်တာ ပဓာနမို့ ပျော်ပါသည်။ မောင့်အကြင်နာ၊ မောင့်အယုယ၊ မောင့်နွေးထွေးမှုတွေကပဲ ကိုယ့်ဘ၀ပင်။ မောင်က ကိုယ်နွဲ့ ဆိုး ဆိုးသမျှ အကိုကြီးတယောက်ကို အလိုလိုက်သည်။ ဖေဖေ စိတ်ပူမှာ စိုးတော့ ကိုယ့်ကို မနက်ဖြန် လိုက်အပ်ပေးမည်တဲ့။ ခုလဲ ကိုယ်မုန့် ဟင်းခါး ပူဆာတော့ ချိုင့်လေးဆွဲပြီး သွားပြေးဝယ်သည်။
အိမ်ရှေ့ က တံခါးခေါက်သံကြောင့်  မောင်ပြန်လာပြီ အထင်နဲ့  ဖွင့်ပေးလိုက်တော့ အမျိုးသမီးနဲ့ လေးငါးနှစ်အရွယ် ကလေးတယောက်။
“ဒါ မင်းကို နေတဲ့အိမ်လား”
“ဟုတ်ပါတယ်… မောင့်အမလားဟင်”
အမျိုးသမီးက နွမ်းနယ်တဲ့ အပြုံးနဲ့  ခေါင်းငြိမ့်ပြသည်။ သော့ဖွင့်ပေးတော့ လေးလံတဲ့ ခြေလှမ်းတွေနဲ့  လှမ်းဝင်လာသည်။
“မင်းကိုက သူ့ မှာအမရှိတယ်လို့  ပြောထားတာလား”
အမျိုးသမီးက ကိုယ့်ကို ခြေဆုံးခေါင်းဆုံး ကြည့်ပြီး မေးတော့ ခေါင်းငြိမ့်ပြမိသည်။
“ခု သူမရှိဘူးထင်တယ်… အတော်ပဲပေါ့”
“ရှင်”
“ညီမအိမ်ကတော့ သိပ်စိတ်ပူနေမှာပဲ… လက်မှတ်ထိုးပြီးကြပြီလား”
“မထိုးရသေးပါဘူး… မနက်ဖြန်လိုက်အပ်ပေးမယ် ပြောပါတယ်”
အမျိုးသမီးက ခပ်ခြောက်ခြောက် ရယ်မောလိုက်တော့ တခုခုကို သံသယ ဖြစ်သွားမိသည်။
“မေမေ… ဖေဖေနဲ့ တွေ့ ရမယ်ဆို… ဖေဖေလဲ မရှိဘူး”
ကလေးလေးရဲ့ စကားကြောင့် ထူပူသွားမိသည်။ ဘုရား..ဘုရား။ ဘာတွေလဲ။
“သူ့ အဖေထွက်သွားတာ တပတ်ရှိလို့  တမေးမေးဖြစ်နေတာလေ”
“ဒါဆို အမက…”
“တို့ က မင်းကိုရဲ့ဇနီး….ဒါက မင်းကိုရဲ့သား… ကြည့်ရတာ မင်းကို ညီမကို လိမ်ထားတယ်ထင်တယ်… တို့ ပဲ အလုပ်လုပ်ရင်း သူ့ ကို ကျောင်းထားပေးနေတာ”
မျက်လုံးတွေ ပြာဝေသွားသည်။ ရင်တွေ ဗလောင်ဆူကာ ခြေမကိုင်မိ လက်မကိုင်မိ။ နေရာက လဲကျမသွားအောင် မနဲထိန်းထားရသည်။ ဒါတွေ တကယ်ပဲလား။ လိမ်ညာ အယုံသွင်းပြီး ကိုယ့်ဘ၀ကို နင်းဖျက်ခြေရက်သူ။ ခုတော့ အရာအားလုံးက နောက်ကျခဲ့ပြီ။
တံခါးဝမှာပေါ်လာတဲ့ အရိပ်တခုကြောင့် ကလေးလေးက ဖေဖေလို့  ၀မ်းသာအားရ ပြေးသွားသည်။ တမြတ်တနိုး ကြည့်ခဲ့ဖူးသော မျက်နှာတခုက ခုတော့ ရွံရှာ စက်ဆုတ်ဖွယ်။ ကဲ… ဘာညာဦးမလဲ။
“နွယ်အားလုံးသိပြီးပြီလား… မောင့်ကို ခွင့်လွှတ်ပါနွယ်… မောင်နွယ့်ကိုချစ်လွန်းလို့ ”
“ဖြန်း”
ကိုယ့်ကို ဒီလောက် မိုက်ရိုင်းရ တော်ရောပေါ့။ အချစ်ဆိုတာ အဲဒီလို ယုတ်ညံ့တဲ့ ဖောက်ပြန်မှုမျိုး လိမ်ညာ ကောက်ကျစ်မှုမျိုးကို ခေါ်တာမဟုတ်။ ကိုယ်ကိုယ်လဲ မုန်းလိုက်တာ။ တန်ဖိုးရှိလှတဲ့ အပျိုစင် ဘ၀လေးကို မစူးစမ်း မဆင်ခြင် မစုံစမ်းပဲ လူလိမ်တယောက်ဆီမှာမှ ပုံအပ်ခဲ့မိတာ။ သတိထားမိတဲ့ အချိန်မှာ ဖိနပ်မပါပဲ လမ်းမမှာ အဖေရှိတဲ့ အရပ်ဆီ ပြေးနေမိသည်။
************************************
“ဒါကတော့ တို့ ဇာတ်လမ်းပေါ့ ဒေါ်လီ… ဒါပေမယ့် မင်းကိုဇာတ်လမ်းတွေက ခုထိမဆုံးသေးဘူး”
ဒေါ်လီက ဘာစကားမှ မဆိုနိုင်ပဲ တရှုံ့ ရှံ့ုငိုနေသည်။ သူမျှော်လင့်မထားတဲ့ အရာတွေမိုလား။ သူက ကိုယ့်ထက် အများကြီး ကံကောင်းပါသည်။ လက်မတင်လေးတင်။
“ဟိုးလွန်ခဲ့တဲ့ နှစ်နှစ်လောက်ကပဲ မင်းကိုရဲ့ မိန်းမ တယောက်နဲ့ တွေ့ တယ်… ဖြစ်ချင်တော့ သူက တို့ ရပ်ကွက်ထဲက ကောင်မလေး… တို့ အကြောင်းကို မင်းကိုရဲ့ မိန်းမအကြီးဆုံးဆီက သိတာတဲ့… အဲဒီကောင်မလေးက မင်းကိုရဲ့ ဘယ်နှစ်ယောက်မြောက် မိန်းမဖြစ်မယ်ထင်လဲ ဒေါ်လီ”
ဒေါ်လီ ဆီက အသံမဲ့။ အထင်ကြီး လေးစားလိုက်မိတဲ့… နောက်ချစ်လိုက်မိတဲ့ သူတယောက်ရဲ့ အပြစ်အနာအဆာက ကြီးလွန်းတယ် မိုလား။
“အဲဒီကောင်မလေးက မင်းကိုရဲ့ ခြောက်ယောက်မြောက်တဲ့”
ဒေါ်လီက မပြောမဆို ကိုယ့်ကို ထိုင်ရှိခိုးသည်။
“မမရယ်… ညီမ မမကို အရမ်းကျေးဇူးတင်ပါတယ်… ညီမဒုက္ခရောက်တော့မလို့ … ညီမဘယ်လောက် မိုက်လဲဆို ညီမရဲ့ ရိုးသားတဲ့ ရီးစားကိုတောင် ဖြတ်ပစ်ခဲ့တာ… သူ့ အပြော..သူ့ အချွှဲတွေထဲမှာ စုံးစုံးမြုပ်ခဲ့တာ… သူဟာ အားကိုးစရာ လူကြီးလူကောင်း တယောက်လို့  အထင်ကြီးခဲ့တာ… ညီမဘ၀ကို မမကယ်လိုက်တာပါ”
“ဒီိလိုပါပဲ ဒေါ်လီရယ်… တို့ မိန်းခလေးတွေက ချစ်မိပြီဆို ဘာကိုမှ မမြင်တတ်ကြတာကိုး… တကယ်ဆို လူတယောက်ရဲ့ ရာဇ၀င်ကို သိပြီးမှ ဘ၀တခုလုံး ပုံအပ်သင့်တယ်မိုလား… အဲဒီလို မလိမ္မာ မပါးနပ်ခဲ့လို့  မင်းကိုလို လူတွေ လိမ်နေနိုင်သေးတာပေါ့… ခုကစလို့ လိမ္မာပါးနပ်ပြီး တန်ဖိုးရှိတဲ့ဘ၀လေးကို ပုံအပ်ဖို့  သင့်တော်တဲ့သူကို ရွေးချယ်တတ်အောင် ကိုယ်ကိုယ်တိုင်ရော ကိုယ့်ပတ်ဝန်းကျင်က မိန်းခလေးတွေပါ လက်တွဲခေါ်ကြပါစို့ နော် ”
“ဟုတ်ကဲ့ပါမမ”
အပြန်လမ်းမှာ စိတ်လက်တွေ ပေါ့ပါးကြည်လင်သွားသည်။ ဘ၀တခုကိုရင်းခဲ့ရသော ကိုယ် ဘ၀တခုကို ကယ်တင်လိုက်နိုင်ခြင်း အတွက် ကြည်နူးနေမိသည်။ မိန်းခလေးတွေအားလုံး အဆိပ်လူးထားသော နှလုံးသားအတုများကို ရှောင်ရှားနိုင်ကြပါစေလို့  ဆုတောင်းနေမိသည်။
တန်ခူး
2:50pm 29-Jul-2008
Thursday, August 7, 2008
ရထားစီးကြသူများ

ရထားလာရန် ၂ မိနစ်သာလိုတော့သည် ဆိုတော့ စက်လှေကားပေါ် အပြေးတက်မိသည်။ ဒီရထားမှီမှ။ နောက်ရထားက ကြိတ်ကြိတ်တိုး။ စက်လှေကားပေါ်မှာ တချို့ ကနိုင်ငံကြီးသား ပီသစွာ ဘယ်ကပ်ရပ်သည်။ တချို့ ကတော့မရပ်။ ဒီတော့ အလျှင်လိုသူ ကိုယ့်လိုလူအတွက် လမ်းမရှင်း။ ရထားတော့ လွတ်တော့မည်။ ကျွန်ုပ်ကို ခွင့်ပြုပါဆိုတာကို အကြိမ်ကြိမ်သုံးပြီး ကျော်ခွသွားရသည်။
တော်သေးရဲ့။ ရထားအရောက် ကိုယ်အရောက်။ ဆင်းသူတွေ ဦးစားပေးရန် တက်သူတွေက အ၀ါရောင်အစောင်းလိုင်း နောက်မှာရပ်ရသည်။ သားသားနားနားဝတ်ထားသည့် အရာရှိပုံပေါက်သည့် နိုင်ငံကြီးသား အန်တီကြီးကတော့ ဆင်းရမယ့်သူတွေ အပေါက်ဝတည့်တည့် ကန့် လန့် ကြီး။ သူ့ ကြောင့်ပဲ အားလုံးရှုပ်ကုန်သည်။ တီတီတီ လို့ အပေါက်ပိတ်ရန် အချက်ပေးနေပေမယ့် တချို့ က ခုထိမ၀င်ရသေး။ ပြီးတော့ သူက နဲနဲချောင်သည့် အထဲဘက်ကို မ၀င်။ အပေါက်ဝမှာ ကျောက်ချထားသည်။ မတတ်နိုင်။ ကိုယ်က အဝေးကြီးစီးရမယ့်သူ။ သူရဲလေးကောင်ထဲက ပိုးဖြူပြောသလို “အလယ်ခေါင်မှာ ဆင်နှစ်ကောင် xxထောင်ကလို့  ရတယ်ရတယ်” သာ အော်လိုက်ချင်သည်။ ဒီလိုအခါတွေမှာမြန်မာပြည်က စပယ်ယာလေးများတောင် လွမ်းမိသေး။ ထုံးစံအတိုင်း ကျွန်ုပ်ကို ခွင့်ပြုပါရသည်။ အလယ်ရောက်မှ သက်ပြင်းချရသည်။
ရထားက နဲနဲလှုပ်တော့ ရှေ့ က ညနေပိုင်းသတင်းစာဖတ်နေသည့်မိန်းမရဲ့ သတင်းစာကို ထိမိသွားသည်။ ၀မ်းနည်းပါတယ်လို့ အပြောမဆုံးသေး နိုင်ငံကြီးသားမိန်းမရဲ့ မျက်စောင်းမှန်သွားသည်။ ၀ါသနာအတိုင်း အနားကလူတွေကို အပျင်းပြေ ဟိုကြည့်ဒီကြည့် မျက်လုံးကစား။ ထောင့်စွန်းခုံက အတွဲကတော့ ရထားစင်းလုံးငှားထားသလို။ ပတ်ဝန်းကျင်ကို မေ့နေသည်။ ကောင်လေးက ချမ်းတတ်ပုံရသည်။ ဂျင်းဘောင်းဘီအရှည်နှင့်။ ကောင်မလေးက အိုက်တတ်ပုံရသည်။ တထွာလောက်သာရှိမည့်ဘောင်းဘီတိုနှင့်။ ဘာကြောင့်များ ကောင်မလေးတွေ ပိုပို အိုက်တတ်လာလဲလို့  စဉ်းစားနေမိသည်။
နောက်တဘူတာ ရောက်တော့ မိသားတစု တိုးကြိတ်ပြီး အလယ်ရောက်လာသည်။ အိုး…မွေးနိုင်လိုက်တာ။ လမ်းလျှောက်နိုင်သည့် အရွယ်က နှစ်ယောက်။ အဖေပေါ်မှာ တယောက်။ အမေပေါ်မှာတယောက်။ ဟင်… အမေ့ဗိုက်ထဲမှာလဲ တယောက်။ မလေးရှားလူမျိုးတွေ။ ရှေ့ မှာထိုင်နေသောသူတွေ အားလုံး နောက်ဘက်က ထိုင်ခုံနေရာဦးစားပေးရမည့် ဆိုင်းဘုတ်ကို လျစ်လျုရှုထားပုံရသည်။ ခုနသတင်းစာမမတောင် ဘယ်အချိန်က ကောက်ကာငင်ကာ အိပ်လိုက်သည်မသိ။ ကိုယ်က နဘေးကနေပြီး မဗိုက်ကို အားနာလာသည်။ သူ့ ခမျာ ကလေးကလဲ ချီထားရသေး။ တကယ်အိပ်ပျော်နေပုံရသည့် အန်တီကြီးတယောက် နိုးလာပြီး ပျာပျာသလဲနေရာပေးမှ ကိုယ်ပါသက်ပြင်းချနိုင်သည်။
စပီကာ စပယ်ယာက ဘယ်လောက်အော်အော် လူတွေက အပေါက်နားကို ကြိုက်ကြသည်။ အေးလေ…စပီကာက စပီကာ။ လူစပယ်ယာမှမဟုတ်တာ။ စုံတွဲဆင်းသွားပြီး အဲဒီနေရာကို ဦးထုပ်ခပ်ငိုက်ငိုက်စောင်းထားသော လူတယောက်ဝင်ထိုင်သည်။ မြတ်စွာဘုရား…မြင်နေရသည့် မျက်နှာတစိတ်တပိုင်းက ဟိုတလောက ပျောက်သွားသည့် အစိုးရအလိုရှိနေသည့် အကြမ်းဖက်သမား ဆာလမတ်နဲ့ တူသလိုလို။ ဟိုတနေ့ ကပဲ သူ့ ကိုရှာနိုင်သူအတွက် ဆုငွေတိုးပေးထားသည်။ ဒါပေမယ့် ဒီလူက နဲနဲ ပိုဝသလားလို့ ။ ဦးထုပ်ကို ရှေ့ ပိုဆွဲချလိုက်တော့ သံသယပိုဖြစ်သွားသည်။ သူ့ ရှေ့ တည့်တည့်ရပ်နေသည့် အန်တီကြီးကလဲ ကိုယ့်လို သံသယမျက်လုံးတွေနဲ့ ။ ဖုန်းကို ကစားနေတာကို မျက်ခြေမပြတ်ကြည့်မိသည်။ သူ့ ဖုန်းက ဗုံးတလုံးမဖြစ်နိုင်ဘူးလို့ မပြောနိုင်။ ကံတရားဆိုတာ ပြောလို့ မရ။ သူများကို စပ်စုမနေနဲ့ ။ ဘုရားစာရွတ်ဖို့  ကိုယ့်ကိုယ်ကို ပြန်သတိပေးရသည်။ စပီကာက သံသယရှိသူတွေ့ ရင် အကြောင်းကြားဖို့ အော်နေသည်။ ဒီလူဦးထုတ်ချွတ်လျှင် ကိစ္စက ပြတ်ပြီ။ သူ့ ကျောပိုးအိတ်ဇစ်ကို ဆွဲဖွင့်လိုက်တော့ ကိုယ်ရော အန်တီကြီးပါ နဲနဲပျာသွားသည်။ ဒီအချိန်မှာပဲ နဘေးက မဗိုက်ချီထားသည့် ကလေးက ကိုယ်တို့ ဆန္ဒအတိုင်း ဒီလူ့ ဦးထုတ်ကို ဆွဲချွတ်ပစ်လိုက်သည်။ အိုး…တော်ပါသေးရဲ့ ဆာလမတ်မဟုတ်။ မဗိုက်က ဒီလူကို တောင်းပန်နေပေမယ့် ကိုယ်ကတော့ စိတ်ထဲက ကလေးကို ကြိတ်ကျေးဇူးတင်နေမိသည်။ အန်တီကြီးက ကိုယ့်ကို အထာနှင့် လှမ်းပြုံးပြသည်။
ဒီလူ့ စိတ်ဝင်စားနေရတာနှင့် ဘူတာတွေ တော်တော်များများ ကျော်သွားသည်။ ခုထိလဲ ထိုင်စရာ နေရာမရသေး။ ခုမှ သတိထားမိသည်။ အပြာရောင်တီရှပ်နှင့် အမျိုးသမီးက တယောက်ထဲပြူံးလိုက်၊ စကားတိုးတိုးလေး ပြောလိုက်နှင့်။ သူ့ လက်ထဲမှာဖုန်းလဲမရှိ။ သူ့ နားထဲမှာလဲ ဘလူးတုလဲမရှိ။ သေချာပြီ။ ယဉ်ယဉ်လေး…။ ရုပ်ကလေးက ချောချောလေး။ အသက်ကလဲ ကိုယ့်ထက်ငယ်မယ့်ပုံ။ အလုပ်လဲ လုပ်ပုံရသည်။ ဒီလိုပါပဲ။ ဒီနိုင်ငံမှာ ဒါမျိုးတွေ မကြာမကြာတွေ့ ရတတ်သည်။ အလုပ်ဖိစီးမှုကြောင့်လား… မိသားစုပြဿနာကြောင့်လား… ရှယ်ယာရှုံးလို့ လား…။
“အမေလား… ကြားရလား..အမေ…ကြားရလား”။ မြန်မာသံ ခပ်ကျယ်ကျယ်ကြောင့် အသံလာရာဘက် ကြည့်မိသည်။ နိုင်ငံကြီးသားတို့ ကလဲ မျက်မှောင်တွေ
ကျူံ့ ပြီးကြည့်ကြသည်။ သူ့ ဖုန်းကဒ်ကတော့ ကြားရလားနှင့် ကုန်တော့မည်။ “အမေ..နေကောင်းလား..နေကောင်းလား…ကြားရလားအမေ…”။ ကြည့်ရတာ ရောက်တာကြာသေးပုံမပေါ်။ ဘာမှတောင်မပြောရသေး။ ဖုန်းက ပြတ်သွားသည်။ အင်္ကျီတောင့်တောင့်၊ ဘောင်းဘီတောင့်တောင့်၊ လက်ထဲမလဲ ဖိုင်တထပ်နှင့်။ အင်တာဗျုးက ပြန်လာပုံရသည်။ ခုတလော မြန်မာတွေ ပိုပိုများလာသည်။ ပနင်းဆိုးလားက မြန်မာစားသောက်ဆိုင်တွေ ပိုပိုစည်ကားလာသည်။
သတင်းစာမမ ပစ္စည်းတွေ သိမ်းပြီး ကိုယ်ကို ခပ်မတ်မတ်ထိုင်နေပြီ။ ဆင်းတော့မည်ထင်သည်။ ခုမှပဲ နေရာရတော့သည်။ မျက်နှာချင်းဆိုင်က လူတွေကို စပ်စုမိပြန်သည်။ တွေ့ နေကျမျက်နှာတချို့ ။ အံမယ်… ဟိုအမျိုးသမီးက ပိုလှလာတယ်ထင်တာ … ဆံပင်တွေဖြောင့်လိုက်တာကိုး။ သူ့ နဘေးက ကောင်မလေးဝတ်ထားတဲ့ စကပ်လေးက ဟိုတနေ့ ဈေးချလို့ ဝယ်ထားတဲ့စကပ်လေးနဲ့ ပုံစံတူ၊ အရောက်ပဲကွဲသည်။ ဟိုတယောက်က ချိန်းထားပုံရသည်။ မှန်ကြည့်ပြီး မိတ်ကပ်ဖို့ လို့ ။ မျက်တောင်အတုက အကြီးကြီးနဲ့ ပြုတ်ကျသွား အခက်။ ဒီဘက်ကအန်တီကြီးက မေမေနဲ့ ရွယ်တူလောက်ရှိမှာ။ မေမေ့များ အဲဒီလို ဆံပင်နီနီရဲဆိုးခိုင်းရင် အဆူခံရမှာ သေချာတယ်။
လက်ချင်းချိတ်ပြီး တက်လာကြသည့် ကျောင်းဝတ်စုံလေးတွေနှင့် အလယ်တန်းကျောင်းသား စုံတွဲကို တွေ့ တော့ သက်ပြင်းချမိသည်။ ကိုယ့်သားသမီးသာဆိုတဲ့ အတွေးက အလိုအလျှောက်ဝင်လာသည်။ ချစ်သူရီးစားထားဖို့ သိပ်ငယ်လွန်းသည့်အရွယ်။ အမှားအမှန် ဆုံးဖြတ်နိုင်ဖို့  သိပ်ငယ်လွန်းသည့်အရွယ်။ ကိုယ်အဲဒီအရွယ်တုန်းက ထုတ်ဆီးတိုးလို့ ကောင်းတုန်း။ အိုးပုတ်တမ်းဆော့တုန်း။ သားကို ဒီလို မဖြစ်အောင် ဘယ်လိုဆုံးမရပါ့။
အရမ်းပင်ပန်းနွမ်းနယ် နေပုံရသည့် ဖေဖေတို့ အရွယ် ဦးလေးကြီးကို နေရာထပေးလိုက်သည်။ သူ့ ခမျာ အလုပ်ကြမ်းလုပ်ရပုံ ရသည်။ ရာဘာလည်ရှည် ဖိနပ်မှာ ရွံ့ တွေနဲ့ ။ တနေ့ လုံးနေပူထဲမှာ နေရလို့ ထင်သည်။ အသားတွေ နေလောင်နေသည်။ ခုနက ကိုယ့်နဘေးမှာ ထိုင်ပြီး ဖုန်းတလုံးနဲ့ အလုပ်ရှုပ်နေသည့် ဆံပင်တွေမိုးပေါ်ထောင်သည့် ပုံစံနှင့်လူက နိုင်ငံကြီးသား ပီသစွာ အဖိုးကြီးကို နှာခေါင်းရှုံ့ ကြည့်ပြီး နေရာမှထသွားပြီး အပေါက်ဝနားမှာ သွားရပ်သည်။ ကိုယ်က ကြားထဲမှ အားနာသွားမိပြန်သည်။
ဆင်းကာနီး တဘူတာ အလိုမှာ သားစံချိန်တင်သည့် မျောက်လို ဆော့သည့် ကလေးနှင့် သူ့ အဖေတက်လာသည်။ ကလေးဆိုတော့ ကလေးသဘာဝဆော့ရှာမည်ပေါ့။ လက်ကိုင်သည့် ကွင်းတွေကို ဘားတန်းလို ခို၊ စတီးတိုင်ကို လျှောတိုင်လိုတက်။ သူဘာသာသူဆော့နေတာ ဘယ်သူကိုမှ မနှောင့်ယှက်။ ဒါပေမယ့် နိုင်ငံကြီးသား တချို့ က ကလေးကို နိုင်ငံကြီးသား မပီသရကောင်းလားဆို မျက်စောင်းထိုးသူထိုး၊ ကျွတ်သတ်သူသတ်နဲ့ ။
ရောက်ပါပြီ။ လိုရာကို။ ရထားကြီးက တက်တုန်းကနဲ့ မတူ။ ဂိတ်ဆုံးခါနီးတော့ လူကျိုးတိုးကျဲတဲ။ ၄၅ မိနစ်ဆိုတဲ့ ခရီးတခုမှာ ခရီးသွားဖော် လူအမျိုးမျိုး။ ဒီလိုဆို သူတို့ ကရော ကိုယ့်ကို ဘယ်လိုမြင်မှာပါလိမ့်။ စပ်စပ်စုစုနဲ့  နိုင်ငံကြီးသားမပီသတဲ့မိန်းမ ဆိုတာက လွဲပြီး တခြားမြင်စရာ မရှိ။
တန်ခူး
11am 07-Aug-2008

Monday, July 21, 2008
အစွန်းရောက်

မှန်ထဲမှ ကိုယ့်ပုံရိပ်ကို ပြန်ကြည့်ရင်း ဆုံးဖြတ်ချက်တို့  ပိုပြတ်သားသွားသည်။ ခဏကြာရင် သွေးစတွေနဲ့  နဖူးပြင်ကို မောင်ကိုယ်တိုင်ပဲ မြတ်မြတ်နိုးနိုး နမ်းလိမ့်မည်။ ပြီးတော့ တယုတယ ဆေးထည့်ပေးမည်။ ချိုသာနူးညံ့ မူးယစ်စေတတ်သော ချစ်စကားကို တဖွဖွရွတ်ဆိုရင်းပေါ့။ အဲဒီ အခါ ကျွန်မရဲ့  ဆုံးဖြတ်ချက်တွေဟာ အရည်ပျော် အငွေ့ ပျံပြီး ဟိုးဝေးဝေးကို လွင့်မျောသွားကြမည်။ ဟင့်အင်း… ဒီတခါတော့ ရုန်းထွက်မှဖြစ်မည်။ မောင့်ခြေသံကို ကြားရတော့ အသင့်ပြင်ထားသည့် အ၀တ်အိတ်ကို ယူရင်း နောက်ဖေးပေါက်မှ ထွက်လာခဲ့သည်။ ခွင့်လွှတ်ပါမောင်…။ နာကျင်နေတဲ့ နှလုံးသားဟာ မောင့်ဆီက နောက်ထပ်နာကျင်မှုတွေကို လက်မခံနိုင်တော့အထိ ပန်းလျနေပြီလေ။
**********
ကျွန်မရဲ့ဆံပင်ရှည်ရှည်လေးတွေကို ကြင်ကြင်နာနာ ဖီးပေးတတ်သူ၊ ကျွန်မ လက်သည်းလေးတွေကို ယုယုယယ ညှပ်ပေးတတ်သူ၊ ကျွန်မနှစ်သက်တဲ့ အစားအစာတွေကို ကိုယ်တိုင် စိတ်ရှည်၊လက်ရှည် ချက်ပြုတ်ကျွေးတတ်သူ၊ ကျွန်မချစ်တဲ့ တေးသီချင်းလေးတွေကို စန္ဒရားလေးတီးပြီး ညင်သာစွာ ဆိုပြတတ်သူ၊ ကျွန်မ မျက်ဝန်းတွေထဲ ငေးမောပြီး အိပ်မက်ထဲက သူတယောက်လို ချစ်စကားတွေ ရေရွတ်တတ်သူ … မောင်ဟာ ကျွန်မ အသိုင်းအ၀ိုင်းက လက်ဖျားခါလောက်တဲ့ အထိ ချစ်တတ်လွန်းသူပါ… ။
မောင်မို့  ကျွန်မဆီရောက်လာရင် ကျွန်မနှလုံးသားကို ဆွဲဆောင်ယူငင်သွားမယ့် အံ့သြစရာတခုက အမြဲပါလာမြဲ။ ကျွန်မ ရူးသွပ်သည့် ပန်းတွေ တပွေ့ ကြီးနဲ့ … ဒါမှမဟုတ် ကျွန်မ မြတ်နိုးသည့် စာအုပ်တအုပ်နဲ့ … ဒါမှမဟုတ် ကျွန်မဘယ်လိုမှ မျှော်လင့်မထားတဲ့ လက်ဆောင်တမျိုးမျိုးနဲ့ … မောင်က ကျွန်မကို ဂရုစိုက်လွန်းသူ။ ကျွန်မ လုံးဝမေ့လျော့နေတတ်တဲ့ မောင်က ကျွန်မကို စပြီးချစ်တဲ့နေ့ ၊ ဖွင့်ပြောတဲ့နေ့ ၊ ချစ်သူဖြစ်တဲ့နေ့ … အမှတ်တရနေ့ ပေါင်းများစွာကို တိတ်ဆိတ်ငြိမ်သက်တဲ့ ဆိုင်လေးတဆိုင်မှာ အမြဲမမေ့မလျော့ ကျင်းပတတ်တာလဲ မောင်ပါပဲ။
အဲဒီလို အသေးစိတ်လေးက အစ ဂရုစိုက်ချစ်တတ်လွန်းလို့ လဲ မောင်နဲ့ လက်ထပ်ဖို့ ကို မှန်းထားတာထက် စောစီးစွာ လက်ခံမိလိုက်တာ ကျွန်မ အတွက် ကြီးစွာသော အမှားဆိုတာ နဲနဲလေးမှ မရိပ်မိခဲ့ပါမောင်…။
**********
မောင်ရဲ့ မီးဟုန်းဟုန်းတောက်နေတဲ့ အကြည့်တွေကို ကျွန်မ အတော်အံ့သြသွားမိသည်။ ဒါဟာ မတော်တဆ ဆိုတာ ကျွန်မရှင်းပြစရာ မလို မောင်သိသင့်သည်။ ကျွန်မကြောင့် စွန်းထင်းသွားသော မောင့်အကျီင်္လေးကို ဖွတ်လျှော်ကြည့်ရန် ကြယ်သီးဖြုတ်ပေးဖို့  လုပ်တော့ “မထိနဲ့ ” ဆိုသည့် မောင့်အသံနှင့်မတူသော ကြမ်းတမ်းသည့်အသံ။
ပြီးတော့… ကျွန်မလုံးဝမမျှော်လင့်ထားသည့် ပါးပြင်က စပ်ဖျင်းဖျင်းခံစားမှု။ အဲဒီတဒင်္ဂမှာ… ကျွန်မက မောင့်လက်ထဲက အရုပ်တရုပ်။ ရေတွက်လို့ မရသည့် အချက်ပေါင်း များစွာ ဘယ်ပြန်ညာပြန်။ နောက်ဆုံး ကျွန်မနှုတ်ခမ်းမှာ သွေးတွေစိုစွတ်မှ… မောင်သတိပြန်ဝင်လာသည်။
ကျွန်မ လက်ရှိအဖြစ်ကို ဘယ်လိုမှ ယုံကြည်လို့ မရ။ ကျွန်မကို ရူးသွပ်စွာစွဲလန်းသည့်မောင်က ဒီလိုကြမ်းတမ်းစွာ ရိုက်ရက်သည်တဲ့လား။ မောင်က ကျွန်မနှုတ်ခမ်းမှ ဒဏ်ရာကို ယူကျုံးမရစွာ ထိကြည့်ပြီး ပြာပြာသလဲ ဆေးထည့်ပေးသည်။ ကျွန်မခေါင်းလေးကို ပွတ်ပြီး မျက်ရည်တွေ ပြည့်နေသည့် မျက်လုံးတွေနဲ့  ခွင့်လွှတ်ဖို့ တောင်းပန်နေသည်။ ခုနကတင်.. စိတ်ရှိလက်ရှိ ရိုက်ခဲ့သော ပါးပြင်ကို ခပ်ဖွဖွနမ်းပြန်သည်။ ဆန့် ကျင်ဘက် အမူအရာနှစ်ခုကို မျက်ဝါးထင်ထင်တွေ့ လိုက်ရတော့ ဘာစကားမှ မဆိုနိုင်လောက်အောင် ကျွန်မ နှလုံးသားတွေ ထုံကျင်နေခဲ့သည်။
**********
ကျွန်မအိမ်ရှေ့ အရောက်မှာ သွေးသံရဲရဲနဲ့  မောင့်အချစ်တော်ခွေးလေးကို မောင်ပြုစုနေသည်။ ကျွန်မကိုပါ မောင်အကူအညီတောင်းရင်း ပြာယာခတ်နေသည့် မောင့်အမူအရာကိုတွေ့ တော့ သက်ပြင်းချမိသည်။ ဘ၀တူခွေးလေးကို ကြည့်ရင်းရင်ထဲမှာမချိ။
ခဏကြာတော့ ခွေးလေးမောင့်လက်ပေါ်မှာ အသက်ဆုံးသွားသည်။
ရှိုက်ကြီးတငင်ငင်ငိုကြွေးနေသော မောင့်ကို ဖေးမဖို့ စကားလုံးများက ရှားပါးကုန်သည်။ မောင့်လက်ဖ၀ါးနုနုတွေကို ဆုပ်ကိုင်အားပေးရင်း ဘယ်အချိန်မှာများ ကျွန်မဟာ ခွေးလေးလို ရုန်းထွက်သွားနိုင်မလဲ စဉ်းစားနေမိသည်။ တကယ်တော့.. ခွေးလေး
လွတ်မြောက်သွားတာပါမောင်… ။
**********
နာကျင်သောကိုယ်… နာကျင်သောနှလုံးသားနှင့် မောင်ပြန်လည်တည်ငြိမ်လာမည့် အချိန်ကို စောင့်နေမိသည်။ ခုချိန်မှာတော့ ဘယ်သူကိုမှ အပြစ်ပုံမချလိုတော့။ ဝဋ်ကြွေးဟုသာ ခံယူမိတော့သည်။ ကျွန်မကိုယ်ပေါ်မှာ သွေးစွန်းထင်းသွားမှ မောင့်ရဲ့ ပွက်ပွက်ဆူနေသောသွေးတို့  ငြိမ်သက်သွားတတ်သည်။ မောင့်တောင်းပန်သံ တိုးညှင်းညှင်း… ဒဏ်ရာကို ညင်ညင်သာသာပြုစု… ဒါတွေကို ခုတော့အလွတ်ရနေပြီ။
မောင့်ကို ဆေးခန်းပြဖို့  ဘယ်နှစ်ကြိမ်မြောက်မှန်း မသိ တိုက်တွန်းမိပြန်သည်။ ဒီတခါက နောက်ဆုံးအကြိမ်ဖြစ်ဖို့  သေချာနေသည်။ ကိုယ့်ကို အရူးလို့ ပြောရက်တာလားတဲ့။ တခါတခါမောင်သည် သနားစရာ အလွန်ကောင်းနေတတ်ပြန်သည်။ ဒါကြောင့်လဲ မောင့်အနားက ထွက်ပြေးဖို့  ကြိုးစားရင်း အကြိမ်ကြိမ် ကျဆုံးရမြဲ။ အသင့်ပြင်ထားသော ကွာရှင်းစာချူပ်ကို ရွေးမလား… ဒါမှမဟုတ် ဆရာဝန်နဲ့ ဆွေးနွေးမလား…။ တခုခုတော့ မောင်ရွေးရလိမ့်မည်။ မောင်က မျက်ရည်တွေနဲ့  ခွဲဖို့ ပြောရက်တယ်ဟု တတွတ်တွတ် ရေရွတ်ရင်း ကျွန်မပေါ်မှာ အိပ်ပျော်သွားခဲ့သည်။ ခုလို တိတ်တဆိတ်လေး ငြိမ်သက်နေပါတော့လား မောင်ရယ်… ။ ဒါဆို ကျွန်မမောင့်နားက ခြေတဖ၀ါးမှ ခွါဖြစ်မှာ မဟုတ်ပါဘူး….။

မောင့်ကို သိပ်ချစ်တတ်လွန်းသူလို့  သတ်မှတ်ထားတဲ့… ကျွန်မကို ကံကောင်းသူလို့  အားကျကြတဲ့… ချစ်ခြင်းသက်သက်ဖြင့်သာ လွှမ်းခြုံထားတဲ့ နှစ်ယောက်တဘ၀လို့  သတ်မှတ်ထားတဲ့… ပတ်ဝန်းကျင်နားလည်အောင် ရှင်းပြဖို့… သိပ်ချစ်တတ်လွန်းသူတယောက်ဟာ တချိန်ထဲမှာ သိပ်ရက်စက်တတ်သူ ဖြစ်နေတတ်တယ်ဆိုတာ သူတို့ ယုံကြည်အောင် ကျွန်မဘယ်လို ပြောရပါ့မလဲမောင်… ။ တကယ်တော့ ကျွန်မဟာ အချစ်ရဲ့ ပိရိစွာ ဖျားယောင်းမှုအောက်မှာ ကျဆုံးပြိုလဲခဲ့သူပါလေ။

(ကာယကံရှင်ကိုယ်တိုင် ရင်ဖွင့်ခဲ့သော တကယ့်အဖြစ်အပျက်တခုကို အခြေခံပြီး ဖန်တီးပါသည်)
တန်ခူး
10:30pm 21-Jun-2008
Wednesday, July 9, 2008
ရာဖြတ်

“ဟယ်ဖိတ်စာလေးက လှလိုက်တာ”
တကယ့်ဇာစဖြူဖြူလေးသုံးထားသော ထူးဆန်းလှပသည့် ဖိတ်စာလေးကိုကြည့်ပြီး ကျွန်မမှတ်ချက်ချတော့ မူယာက ဂုဏ်ယူတဲ့ အပြုံးနှင့်။ ရင်ထဲမှာ တခုခုကို ရိပ်မိလိုက်ပြီး
သတို့ သားနာမည်ကို ဖတ်ကြည့်လိုက်တော့…။
“နင် အဲဒီလူကြီးကိုရွေးလိုက်တယ်… သူကလူပျိုလဲမဟုတ်ဘူး… နင့်ထက်လဲ အသက်အများကြီး ကြီးတယ်… ပြီးတော့”
“ပြီးတော့ မိန်းမတွေကလဲအများကြီးပဲ… သိပြီးသားတွေပြန်ပြောမနေနဲ့ တော့…
သူ့ မှာလုပ်ငန်းပေါင်းများစွာရှိတယ်… ဒီမှာရော တခြားနိုင်ငံတွေမှာရော… ပြီးတော့သူက အ၀င်အထွက်တတ်တယ်… ငါနဲ့ လက်ထပ်ပြီးရင် ငါ့ကိုcompanyတခုလွှဲပေးမယ်… ငါ့ဘ၀ခိုင်သွားပြီ… ”
“သူ့ လက်ရှိမိန်းမတွေကရော”
“ဒါကသူ့ အပိုင်း… သူနိုင်လို့ သူလုပ်တာပေါ့… ငါစိတ်မ၀င်စားဘူး… သေချာတာက
သူ့ မိန်းမတွေထဲမှာ ငါကအသက်အငယ်ဆုံး… အသစ်ဆုံး…”
Branded ပိုက်ဆံအိတ်၊ လက်ကိုင်ဖုန်း၊ ရွှေဖြူနဲ့ စိန်တွေသီးပြီး လောကကြီးကို ကျေနပ်နေသော မူယာကို ကြည့်ပြီး သက်ပြင်းကြိတ်ချမိသည်။
“Sedona မှာနော်… လာဖြစ်အောင်လာခဲ့… ၀တ်စုံက စင်္ကာပူကမှာထားတာ…ဟန်နီးမွန်းက Europe”
“လာဖြစ်အောင် ကြိုးစားမယ်လေ”
“OK… bye”
အိမ်ရှေ့ မှာ ရပ်စောင့်နေသော ကျွန်မ အမျိုးအမည်မသိသည့် ကားအသစ်ကြီးထဲကို ကြွကြွရွရွ တက်သွားသော မူယာကို စိတ်မကောင်းစွာ ငေးကြည့်နေမိသည်။ မသွားဖြစ်မှာ သေချာသည့် သူ့ မင်္ဂလာဆောင် အတွက်တော့ စိတ်ထဲကကြိတ်ပြီးတောင်းပန်မိသည်။ အဲဒီလို အသိုင်းအ၀ိုင်းနှင့် မင်္ဂလာမရှိသော မင်္ဂလာဆောင်တခုက ကျွန်မရဲ့ အချိန်တွေကို ဖဲ့ခြွေပေးရလောက်အောင် တန်ဖိုး မရှိပါ။
*****************************************
ယဉ်စစနှင့် ကျက်သရေရှိစွာလှနေသော ဖြူပြာ့ကို ကြည့်ပြီး ကြည်နူးမိသည်။ အပြစ်ကင်းလိုက်သည့် သတို့ သမီးလေး။ ဓာတ်ပုံရိုက်တိုင်း ရှက်ကိုးရှက်ကန်းဖြစ်နေသော သတို့ သားက တကယ့်ရိုးသားမှုအပြည့်။ သူ့ မှာ ဒေါ်လာမရှိပါ၊ သူ့ မှာ လက်ကိုင်ဖုန်းမရှိပါ၊ ထို့ အတူ သူ့ မှာ မိန်းမ မရှိပါ။ သူ့ မှာ ဖြူပြာ့ကို တန်ဖိုးထားသည့် နှလုံးသားတခုရှိသည်။ သမာအာဇီဝ အလုပ်တခုရှိသည်။ ဖြူပြာ့ဘ၀ကို လုံခြုံမှုပေးနိုင်သည့် လှပသည့်သစ္စာတရားရှိသည်။
“ဖြူပြာ ဘာကြောင့် ဒီအူကြောင်ကြားကို ရွေးလိုက်လဲ စဉ်းစားမရဘူး… သူ့ Bossကသူကို အရူးအမူး…”
“အေးလေ… ငါလဲအံ့သြနေတာ… ငါတို့ အသိုင်းအ၀ိုင်းမှာ ဒီလိုဘုန်းကြီးကျောင်းမှာ မင်္ဂလာဆောင်တာက ခပ်ရှားရှားလေ… အန်ကယ်ကြီးသာရွေးလိုက်ရင် Sedona လား Tradersလားပဲ… ဖြူပြာတို့ က တကယ့်stupid”
ဘေးဝိုင်းက မြန်မာမှန်းမသိရတဲ့ ခေတ်လွန် အ၀တ်အစားတွေနဲ့ မိန်းမတအုပ်က ဖြူပြာ့မင်္ဂလာဆောင်ကို တန်ဘိုးဖြတ်နေကြသည်။
“ဟဲ့..ဟိုမှာအန်ကယ်ကြီးလာပြီ… သနားပါတယ်ဟယ်…မျက်နှာလဲမကောင်းဘူး”
“ဘေးက သူ့ ပွဲတက်မယားကြီးလေ… သူ့ နားကပ်က ဘယ်နှရတီလောက်များရှိမလဲ… ဒီကတောင် မျက်စိကျိန်းတယ်”
သူတို့ ပြောတဲ့ အန်ကယ်ကြီးကို ကျွန်မကြည့်လိုက်မိသည်။ အနောက်တိုင်းဝတ်စုံဝတ်ထားသည့် ဖြူပြာ့အဖေထက် အသက်ကြီးပုံရတဲ့ လူကြီး။ ဖြူပြာရဲ့ 
သူ့ ဘ၀ကို တန်ဖိုးဖြတ်မှုအတွက် ကျွန်မဂုဏ်ယူမိသည်။ ဘ၀ကို ဖြတ်လမ်း မလိုက်တတ်သည့် ဖြူပြာအတွက် ငြိမ်းချမ်းမှုတွေက အသင့်စောင့်ကြိုနေလိမ့်မည်။

“နင် ငါ့ကို မမှတ်မိဘူးလား”
ရင်းနှီးသလိုလိုရှိသည့်မျက်နှာကို အတော်ကိုပုံဖော်ကြည့်လိုက်မှ….။
“မူယာ မိုလားဟင်…မူယာဟုတ်ပါတယ်နော်”
မတွေ့ ရတဲ့ တနှစ် နှစ်နှစ်အတွင်း သိသိသာသာ ပိန်ချူံးကျသွားသော သူ့ ကို ကြည့်ရင်း ကျွန်မ တော်တော်စိတ်မကောင်းဖြစ်သွားသည်။ သူက မျက်ရည်ရစ်ဝဲပြီး ကျွန်မကို ခေါင်းငြိမ့်ပြသည်။
“ညီမလေးက ဒီဆေးရုံမှာ ဂျူတီကျလို့  လာကြိုတာလေ… မူယာကရော”
“နေမကောင်းလို့ လေ… ရောဂါတွေက အများကြီး… ”
စကားပြောလျှင် နားနားပြီးပြောရတဲ့ အထိမောနေသည်။
“လိုတာရှိပြောလေ… တို့ ညီမလေးကို အကူအညီတောင်းလဲရတယ်… တယောက်ထဲလား… အမျိုးသားမပါဘူးလား”
ပျက်ယွင်းသွားသော မျက်နှာကို ကြည့်ပြီး မဆင်မခြင် မေးလိုက် မိသည့် အဖြစ်ကို နောင်တရသွားသည်။
“ကွဲသွားတာ လက်ထပ်ပြီး ၆လလောက်ထဲက… နေမကောင်းစဖြစ်ထဲကဆိုပါတော့”
“စိတ်မကောင်းလိုက်တာမူယာရယ်… ”
“ကိုယ့်အပြစ်နဲ့ ကိုယ်ပဲပေါ့… ကိုယ့်ကိုတကယ်ချစ်တဲ့ ချစ်သူကို ပစ်ပြီး ငွေနောက်လိုက်ခဲ့တာကိုး”
ဘ၀တခုလုံးနဲ့ ရင်းပြီးမှ ရလိုက်တဲ့နောင်တ။ တကယ့်မေတ္တာစစ်နဲ့ ချစ်သူဆို ခုလို နေမကောင်းဖြစ်နေချိန်မှာ အနားကနေဖေးမပေးလိမ့်မည်။

“လောကကြီးမှာ ငွေထက်အရေးကြီးတဲ့ အရာတွေ အများကြီးဆိုတာ ငါကောင်းကောင်း သဘောပေါက်သွားပါပြီ သူငယ်ချင်းရယ်”
“ဖြစ်ပြီးတာတွေကို မေ့နိုင်အောင်ကြိုးစားပါ မူယာ… လိုတဲ့အခါင့ါကို ဆက်သွယ်နော်… ဒီမှာငါ့ဖုန်းနံပါတ်”
သူ့ နာမည်ခေါ်နေပြီမို့  စကားဖြတ်လိုက်ရသည်။ လူနာခန်းထဲသို့  နှေးကွေးစွာ ၀င်သွားသော မူယာကို ကြည့်ရင်း သက်ပြင်းချမိပြန်သည်။ သူရွေးချယ်ခဲ့တဲ့လမ်းဟာ သူထင်သလို
မချောမွေ့ ခဲ့။
*****************************************
“ဆရာမများအတွက် နောက်အလှူရှင်တဦးကတော့ ကျောင်းသူဟောင်းမဖြူပြာနဲ့ မိသားစုပဲ ဖြစ်ပါတယ်”
ကျွန်မတို့ နှစ်က သူငယ်ချင်းဖြူပြာလား သိချင်ဇောနှင့် ကြည့်လိုက်တော့ အသားတွေဖြူဝင်းပြီး လှနေတဲ့ ဖြူပြာက သူ့ အမျိုးသား နဲ့  သမီးလေးနှစ်ယောက်နဲ့ အတူ ဆရာမတွေကို ကန်တော့ငွေ လှူဒါန်းနေတာ တွေ့ ရသည်။ သူငယ်ချင်းအတွက် ကြည်နူးပီတိ ဖြစ်မိသည်။
ဆရာမဟောင်းတွေကို ကျောင်းသူဟောင်းတွေက ဂါဝရပြုကန်တော့ပွဲကို ကျွန်မတို့  အထက်တန်းကျောင်းက နှစ်စဉ်ကျင်းပလေ့ရှိသည်။ အခန်းအနား အစီအစဉ်ပြီးတော့ ဖြူပြာဆီသွား နှုတ်ဆက်ဖြစ်သည်။
“သူငယ်ချင်းရယ်… မတွေ့ ဖြစ်တာ အတော်ကြာပြီနော်”
ဖြူပြာက အရင်ကအတိုင်း ပွင့်ပွင့်လင်းလင်း။
“ဖြူပြာအမျိုးသားကို သူ့ အလုပ်က ကြိုက်လို့ ဆိုပြီး စင်္ကာပူရုံးချူပ်ကို ပို့ လိုက်တာ…
ဖြူပြာတို့ လဲလိုက်နေရတာပေါ့… ဒီနှစ်တော့ ဆရာကန်တော့ပွဲ လာချင်လို့  အမျိုးသားကို ပူဆာပြီး ပြန်လာတာ ”
“ပြန်ဆုံရတာ ၀မ်းသာလိုက်တာ ဖြူပြာရယ်… နင်အဆင်ပြေနေတာတွေ့ ရတာ ငါအရမ်းကို ပျော်မိတယ်”
“ကိုယ့်စေတနာ ကိုယ့်အကျိုးပေးတယ်ပဲ ပြောရမှာပေါ့ဟယ်… ယူတုန်းက ဒီလောက်နုံအတဲ့ ယောင်္ကျား ယူရမလားဆို ဆွေမျိုးတွေကတောင် ၀ိုင်းကဲ့ရဲ့တာ… ကိုယ်ကလဲချစ်တာရယ်… ရိုးဂုဏ်လေးရှိတာရယ်ကြောင့် ဇွတ်တိုးခဲ့တာ… ဒီလောက် အဆင်ပြေသွားလိမ်မယ်လို့  မမျှော်လင့်ခဲ့ပါဘူးဟယ်”
ဖြူပြာ့ရဲ့ရိုးသားတဲ့ ကိုယ်တွေ့ စကားလေးက မှတ်သားစရာ။ ငြိမ်းချမ်းတဲ့ မိသားစုလေးကို ကြည့်ပြီး သူတို့ ရဲ့ ငြိမ်းချမ်းမှုတွေက ကျွန်မဆီပါ ကူးပြီး ပျော်ရွှင်ဝမ်းသာမိသည်။
*****************************************
ပတ်ဝန်းကျင်က အိမ်ထောင်ရေးသုခ၊ ဒုက္ခတွေ မြင်ရကြားရတိုင်း မူယာနဲ့ ဖြူပြာက ကျွန်မ အတွေးထဲ ရောက်ရောက်လာတတ်သည်။ အိမ်ထောင်ရေး ဆိုသည်မှာ ထီထိုးသည်နဲ့ တူသည်ဟု ပြောလေ့ရှိကြသည်။ မမြင်ရတဲ့ ကံတရားကို ဆိုလိုခြင်းဖြစ်ပေမယ့် လောဘ အဓိပ္ပါယ်ပါသည့် ထိုဥပမာကို ကျွန်မ မနှစ်သက်လှပါ။ အိမ်ထောင်ဘက်ရွေးချယ်ခြင်းသည် သက်မဲ့ပစ္စည်းများကို ရာဖြတ်သကဲ့သို့  ကြိုတင်တွက်ချက်လို့ မရ။ စေတနာမှန်လျှင် အကျိုးပေးမည်ဆိုသည့် ဖြူပြာ ကိုယ်တွေ့ စကားလေးက ပိုလို့ လက်တွေ့ ကျ မှန်ကန်လိမ့်မည်။ ကောင်းမွန်သော အိမ်ထောင်ဘက်ကို မှန်ကန်သည့် စေတနာတရားနှင့် ရွေးချယ်နိုင်ကြပါစေ။
တန်ခူး
4:45pm 09-Jul-2008
Wednesday, May 28, 2008
ရလဒ်
ကျောက်သင်ပုန်းပေါ်ရေးမှတ်လိုက်သော ကျူပ်နာမည်ကိုတွေ့ တော့ ဒေါသထောင်းကနဲထသွားသည်။ ဆရာမက အလုပ်ရှပ်နေ၍ အတန်းမဆူအောင် အတန်းခေါင်းဆောင် ၀င်းမြင့်ကို နာမည်မှတ်ခိုင်းခဲ့သည်။
“ဟေ့ကောင်…ငါစကားမပြောပဲ ငါ့နာမည်ဘာလို့ မှတ်တာလဲကွ”
“မင်း အောင်အောင်ကို စကားပြောလိုက်တာ ငါမြင်တယ်”
“ဘာကွ…အောင်အောင်က ငါ့ကို စကားပြောလာပြောတာ..ငါဘာတခွန်းမှပြန်မပြောဘူး…
မင်းမျက်လုံးကန်းနေလဲ နာမည်မှတ်မနေနဲ့ ”
“ငါမြင်တာ ငါမှတ်တာပဲ”
မခိုးမခန့် ပြုံးလိုက်တဲ့ ၀င်းမြင့်မျက်နှာကို စုတ်ပြတ်သွားအောင် ဆွဲထိုးပစ်ချင်သည်။ တတန်းလုံးက ငြိမ်သက်စွာ အကဲခတ်နေသည်။ ပိုက်ဆံချမ်းသာ၍ သုံးနိုင်ဖြုန်းနိုင်သော အောင်အောင်ကို မျက်နှာလုပ်ချင်လဲ မမြင်ချင်ယောင်ဆောင်နေပေါ့။ ဘာလို့ အပြစ်မရှိတဲ့ ကျူပ်ကို ဆွဲထည့်လဲ။
“ ၀င်းမြင့်…ခုချက်ချင်း ငါ့နာမည်ကို ဖျက်ပေး”
“ဘာလို့ ဖျက်ပေးရမှာလဲ…ကိုယ်လုပ်ကိုယ်ခံပေါ့”
လက်သီးတွေယားလာသည်။ ဒီကောင် သိသိကြီးနဲ့  ကျူပ်ကိုလုပ်ပြီ။ ၀င်းမြင့်ကို မကြောက်သူဆိုလို့  တတန်းလုံးမှာ ကျူပ်တယောက်ထဲရှိသည်။ တရားခံအစစ် အောင်အောင်က အမှန်ဝန်ခံဖို့ ဝေးစွ အပြစ်မရှိသလိုဟန်ဆောင်နေသည်။
“အေး…ငါဆိုတဲ့ကောင်က ကိုယ်လုပ်ရင် ကိုယ်ခံရဲတယ်ကွ… ကိုယ်မလုပ်ပဲနဲ့ တော့ငြိမ်မခံဘူး”
တတန်းလုံးမှာ စာအတော်ဆုံး၊ စည်းကမ်းလိုက်နာဆုံး ကျူပ်မှာ နာမည်ဆိုးဆိုလို့  မဟုတ်မခံသွေးဆူတာပဲရှိသည်။ ၀င်းမြင့်အမေ ပိုက်ဆံအိတ်တလုံးနဲ့  ဘယ်လောက်လိုက်လိုက် အချိန်တန်ရင် ကျူပ်က ပထမ။ အဖေ့က ဆိုက်ကားနင်း၊ အမေက ပဲပြုတ်ရောင်းသည့် ကျူပ်လိုမျက်နှာမွဲက ကျောင်းအုပ်ဆရာကြီးကတောင် အသိအမှတ်ပြုရအောင် စာတော်သူဆိုတော့ ၀င်းမြင့်က မနာလို။ အခါပေါင်းများစွာ ပြဿနာရှာခဲ့ဘူးသည်။
“မင်းမဖျက်လဲ ငါဖျက်တယ်ကွာ”
ကျူပ်က ပြောပြောဆိုဆို ကျောက်သင်ပုန်းပေါ်ရေးမှတ်လိုက်သော ကျူပ်နာမည်ကို သွားဖျက်သည်။ ၀င်းမြင့်က ပြန်ရေးသည်။ ကျူပ်ကဖျက်၊ ၀င်းမြင့်ကရေးနှင့် အကြိတ်အနယ်ဖြစ်နေချိန် မောင်မောင် အသံကြောင့် နှစ်ယောက်လုံး နောက်လှည့်ကြည့်မိကြသည်။
“ဟေ့ကောင်တွေ..တော်ကြပါတော့ကွာ…ဒီလိုဆိုရင်ပြဿနာက ဘယ်ဆုံးမလဲ”
မောင်မောင်က ကျူပ်တို့ နောက်လိုင်းမှာ ထိုင်သူ။ ကျူပ်စကားမပြောဘူးဆိုတာ သူသေသေချာချာသိသည်။ ဒါကြောင့် မောင်မောင်စကားကို ကျူပ်စိတ်ဝင်တစား နားထောင်မိသည်။
“၀င်းမြင့်လဲမမှားဘူး…ထွန်းထွန်းလဲမမှားဘူး…၀င်းမြင့်ကလဲ ဆရာမ နာမည်မှတ်ခိုင်းလို့  မှတ်တယ်…သူ့ အလုပ်သူလုပ်တယ်…ထွန်းထွန်းစကားပြောတာသူမြင်တယ် ထင်လို့ သူမှတ်တယ်…ထွန်းထွန်းကလဲ သူစကားမပြောတော့ ၀င်းမြင့်ကိုပြန်ပြောတယ်…အဲဒီလို မဆုံးနိုင်အောင်ငြင်းနေရင် ပြဿနာက မဖြေရှင်းနိုင်ပဲ ဒီမှာပဲရပ်တန့် နေတော့မှာပေါ့…ဒီတော့ ထွန်းထွန်းက ၀င်းမြင့်နာမည်မှတ်တာကို ခဏစောင့်ကြည့်ပြီး ဆရာမလာရင် ဘာဖြစ်မလဲဆိုတဲ့ အဖြေစောင့်လိုက်တာ မကောင်းဘူးလား”
မောင်မောင်စကားဆုံးတော့ ကျောက်သင်ပုန်းပေါ်က ကျူပ်နာမည်ကိုဖျက်၊ ၀င်းမြင့်ထပ်မရေးနိုင်အောင် လက်သီးတလုံးကျွေး၊ ကြားလူလိုလိုနဲ့  သေတွင်းပို့ ပေးသည့် ဥာဏ်ကြီးရှင်မောင်မောင်ကိုပါ လက်သီးတလုံးချီးမြင့်လိုက်သည်။
ဆရာမကြိမ်လုံးဒဏ်ကို ၀င်းမြင့်နှင့် မောင်မောင်ပါးပေါ်က လက်သီးရာလေးတွေကြည့်ရင်း ပြူံးပြုံးကြီး ခံခဲ့ပါသည်။ ရလဒ်ကတော့ ထိုနေ့ မှစ၍ ၀င်းမြင့် ကျူပ်အပေါ်မတရား လူပါးမ၀ရဲတော့သလို မောင်မောင်ကတော့ ကျူပ်ကိုမျက်နှာချင်းမဆိုင်ဝံ့တော့ပါ။
တန်ခူး
11:40pm 28-May-2008

Friday, April 25, 2008
အကြင်နာအိပ်မက်

ကျွန်မရဲ့ဆံချည်မျှင်လေးတမျှင် ညီ့နာရီမှာငြိပါသွားသည်။ အဲဒီဆံမျှင်လေးပြတ်တောက်သွားမှာ စိုးရိမ်စွာဖြင့် ညီ့ကိုအကူအညီတောင်းမိတော့ အံသြသွားသောညီ့အကြည့်နဲ့ဆုံသည်။ တဖြေးဖြေးညီ့အကြည့်တွေ ရီဝေဝေဖြစ်လာတော့ ရင်တွေခုန်လာမိသည်။ ညီက ဆံမျှင်လေးကို သူ့နာရီမှ ယုယုယယဖြုတ်ပေးတော့ ကျေးဇူးတင်ဝမ်းသာမိသည်။ ပြီးတော့ ကျွန်မကြားရုံလောက် လေသံတိုးတိုးလေးနဲ့ မေးခွန်းတခုမေးခဲ့သည်။
"မင်းဆံပင်လေးတွေကို သိပ်မြတ်နိုးတာပဲလား"
ကျွန်မခေါင်းငြိမ့်အဖြေပေးလိုက်တော့ လိုချင်တာရသွားတဲ့ကလေးလေးလို လေကလေးတချက်ချွန်၍ လက်တွေ့ခန်းထဲမှထွက်သွားသည်။ ဘာရယ်မဟုတ် ရင်ခုန်လှိုက်ဖိုသွားသော ကိုယ့်အဖြစ်ကိုနားမလည်မိ။
"လက်ဖျားတွေ အေးလို့ပါလား...သတိတော့ထားနော်...ညီတို့ကမိန်းမကျမ်းကျေတယ်"
ကျွန်မလက်ကိုလာကိုင်ရင်း သူငယ်ချင်းကသတိပေးတော့ ခပ်လျော့လျော့ပြုံးမိသည်။ အဲဒီနေ့က ညီနဲ့ကျွန်မရဲ့ နိဒါန်းအစလို့ နဲနဲလေးမှ မရိပ်မိခဲ့။
***********************************************
"ကျွန်မရဲ့ဆံပင်လေး ရှင့်လက်ကောက်မှာငြိသွားပြီ"
"ဟုတ်တယ်နော်...ခဏလေးတို့ဖြုတ်ပေးမယ်"
ရင်ထဲမှာကြိတ်ပြီးပြုံးလိုက်မိသည်။ ကိုယ့်လိုဆံပင်တွေရူးသွပ်သူနှင့် တိုက်တိုက်ဆိုင်ဆိုင် ခရီးတခု အတူသွားရမည်။ သူ့ဆံပင်လေးမပြတ်တောက်ပဲ လက်ကောက်က ပြုတ်သွားမှ အပြုံးချိုချိုလေးတွေ့ရသည်။
"မန္တလေးသွားမှာပဲလား...နံဘေးမှာရွယ်တူမိန်းခလေးဆိုတော့ ပျော်သွားတာပဲ"
ခပ်သွက်သွက်နဲ့ ဖော်ရွေပုံရတဲ့သူနဲ့ခဏလေး ငယ်ပေါင်းကြီးဖော်တွေလို ရင်းနှီးသွားသည်။ သူ့နာမည်ကကဗျာဆန်ဆန် အကြင်နာတဲ့။ နံဘေးကအဖွားကြီးက ညီအမလားမေးတော့မှ တယောက်ကို တယောက်ကြည့်ပြီးရီမိကြသည်။ သူ့ မျက်လုံးနက်နက်တွေ၊ မျက်ခုံးထူထူတွေ နောက်အညိုရောင်ဆံပင်ရှည်ရှည်တွေ အားလုံးက ကျွန်မနဲ့အတော်ဆင်သည်။

"ညက ရှင့်ညီကျုပ်ဆီဖုန်းဆက်တာ နားငြီးနေတာပဲ"
အတန်းရှေ့က ကော်ရစ်တာမှာ ပေါ်ပေါ်ထင်ထင် ငေးကြည့်နေသော ညီ့အကြည့်တို့ကို ဆံပင်ရှည်တွေနဲ့ ဖုန်းကွယ်ဖို့ ကြိုးစားရင်း သူငယ်ချင်းစကားကြောင့် ရင်တွေအခုန်မြန်သွားသည်။
"ပထမနှစ်တနှစ်လုံး ရှင့်ကိုသတိမထားမိခဲ့တာ နောင်တရတယ်တဲ့...ပြီးတော့ ရှင့်မျက်လုံးလေးနက်နက်လေးတွေ၊ ရှင့်ဆံနွယ်လေးတွေက သူ့မျက်စိထဲက မထွက်ဖူးတဲ့"
သူငယ်ချင်းစကားတွေကြောင့် စိတ်တွေပိုလှုပ်ရှားသွားသည်။
"ပြီးတော့ ဒီနေ့ရှင့်ကို ဖွင့်ပြောမယ်တဲ့"
အတန်းထဲကို ညီလှမ်းလာတော့ ရှေ့ကစာအုပ်ကို ဟန်ဆောင်ဖတ်နေမိသည်။ ရှေ့ကဖြတ်လျှောက်ရင်း ကျွန်မစာအုပ်ပေါ်ညီတင်သွားသည့် စာအိတ်ဖြူဖြူလေးကို ကြည့်ရင်း အသက်ရှူတွေရပ်သွားမလားထင်မိသည်။ စာအိတ်ပေါ်က ညီ့လက်ရေးသော့သော့တွေနဲ့ "သာယာ"တဲ့။ ညီ ကျွန်မကို တကယ်ချစ်တာလား။ မရေရာမှူတွေကြားက တစုံတခုကတော့ သေချာနေသည်။

မတိုင်ပင်ပဲ သိုးမွှေးချည်ခင်ဖြူဖြူလေးကို အတူထုတ်မိတော့ တိုက်ဆိုင်မှူအတွက် အံ့သြရပြန်သည်။
"အင်္ကျီလေးထိုးနေတာထင်တယ်"
"ဟုတ်တယ်...အကြင်နာက တဘက်လေးလား"
"အင်း...ဘယ်သူ့ဖို့လဲ...တို့ကတော့တို့အတွက်ထိုးတာ"
"သူ့အတွက်ပါ"
အကြင်နာပြုံးစိစိဖြစ်သွားသည်။ ညီအတွက်မွေးနေ့လက်ဆောင် ဝတ်စကုတ်အဖြူလေးကို မွေးနေ့အမှီပေးချင်သည်။
"ဒါထက်...ဘာကြောင့်အပြာရောင်မဟုတ်ပဲ အဖြူရောင်လဲ"
"အဖြူရောင်ကြိုက်မယ်ထင်လို့ပါ...သူကတို့ကိုလက်ဆောင်ပေးသမျှ အဖြူရောင်ချည်းပဲ...အကြင်နာကရော"
"တို့ကအဖြူရောင်crazy...ဒါပေမယ့်ဖိနပ်တော့ အဖြူရောင်မစီးဘူး...ကိုယ်အရမ်းမြတ်နိုးတဲ့အရောင်ကို ခြေထောက်အောက်မှာ မထားချင်လို့"
ဘာစကားမှမပြောနိုင်လောက်အောင် အံ့သြသွားမိသည်။ အဲဒီလို စကားတခွန်းမျိုးကို တပုံစံထဲကြားခဲ့ဖူးသည်။ အဖြူရောင်သိုးမွှေးချည်လေးကို စိတ်ဝင်စားစွာထိုးနေသည့် အဖြူရောင်အင်္ကျီလေးနဲ့အကြင်နာကို ကြည့်ရင်း အဖြေရှာမရခဲ့သည့် ပုစ္ဆာတပုဒ်အတွက်။

လမ်းလည်ခေါင်မှာ ဖိနပ်ပြတ်တာလောက် စိတ်ညစ်စရာကောင်းတာ မရှိ။ ကံကောင်း၍ ဖိနပ်ဆိုင်က မနီးမဝေးမှာ။ သိပ်ဂရုစိုက်တတ်သည့်ချစ်သူက ကျွန်မအတွက် ဖိနပ်တရံရွေးပေးနေသည်။ အဖြူရောင်ဖိနပ်တရံဖြစ်ဖို့များသည်။ ချစ်သူစဖြစ်သည့်နေ့မှ ယနေ့ထိ ညီပေးသမျှလက်ဆောင်လေးတွေက အဖြူရောင်လေးတွေ။ ကျွန်မကိုယ်တိုင်ဝယ်လျှင် အပေမခံသည့် အဖြူရောင်ဘယ်တော့မှမဝယ်ဖြစ်။ ဘယ်အရောင်ရယ်လို့ စွဲစွဲလန်းလန်း မဟုတ်ပဲ မျက်စိထဲလှတဲ့အရောင်သာ ဝယ်ဖြစ်သည်။
"ဒါလေးစီးကြည့်ပါလားသာယာ"
ညီလက်ထဲက ဖိနပ်လေးက ကိုယ်ထင်သလို အဖြူရောင်ဖြစ်မနေခဲ့တော့ အံ့သြသွားမိသည်။
"ညီ...ဘာလို့အဖြူရောင်ဖိနပ်လေးမရွေးတာလဲ"
ညီမျက်နှာ အလိုမကျစွာနဲ့ ကျွန်မနားမလည်နိုင်သည့်စကားတခွန်းဆိုသည်။
"သာယာ...ကိုယ်မြတ်နိုးတဲ့အရောင်ကို ခြေထောက်အောက်မှာ ထားမလို့လား"
ရင်ထဲက မေးခွန်းတွေ။ ညီမြတ်နိးတာလား။ ကျွန်မမြတ်နိးတာလား။ သေချာတာက အဖြူရောင်ကို ကျွန်မမြတ်နိးပါတယ်လို့ ညီ့ကိုတခါမှမပြောခဲ့။ တစုံတခုက ပိရိစွာ မှားယွင်းနေခဲ့ပြီ။
***********************************************
"ဟေး...သိုးမွှေးကိုအဲလို ဆက်တိုက်မထိုးရဘူးလေ...မျက်စိပျက်မှာပေါ့...ပတ်ဝန်းကျင်ရှူခင်းတွေလဲငေးဦး"
အကြင်နာပေးတဲ့ လဘက်သုတ်ဗူးလေးကို လှမ်းယူရင်းပြူတင်းပေါက်မှ စိမ်းလန်းသောရှူခင်းတွေ အတူငေးကြသည်။
"တောပန်းလေးတွေလှတယ်နော်"
"အကြင်နာက ပန်းတွေချစ်တတ်လား"
"ချစ်တာပေါ့...ပန်းဆိုရင်အကုန်ချစ်...မြက်ပန်းလေးတွေကအစ"
"တို့ကပန်းတွေသိပ်မသိဘူး...စံပယ်၊နှင်းဆီလောက်ပဲ"
"သာယာရယ်...ဒီလောက်ချစ်စရာကောင်းတဲ့ ပန်းလေးတွေကိုစိတ်မဝင်စားတာ အံ့သြရော...တို့က မြင်ရတွေ့ရခဲတဲ့ပန်းလေးတွေဆို ပိုတောင်ချစ်သေး...ဥပမာ..ကရမက်ပန်းတို့သော်ကပန်းတို့လေ"
"သော်ကပန်း.."
"သာယာ သော်ကပန်းကိုသိလား...အပင်အကြီးကြီးကနေ ငုပန်းလို ကဗျာဆန်ဆန်တွဲကျပြီးပွင့်တဲ့ ပန်းနီနီလေးတွေလေ...အနံ့လေးက တကယ့်ဖျော့သင်းသင်းလေး...တို့သိပ်ချစ်တာ"
ထူးဆန်းလိုက်တဲ့ တိုက်ဆိုင်မှူတွေ။ ညီနဲ့ကျွန်မကြားက ချောမွေ့ပြေပြစ်တဲ့ အချစ်လမ်းလေးမှာ အဲဒီသော်ကပန်းတွေက သံသယဆိုတဲ့ ဆူးညှောင့်ခလုတ်ကို သယ်ဆောင်လာခဲ့ဖူးသည်။

"သာယာ...ဒီမှာကြည့်စမ်း...သာယာ့အတွက်"
ညီ့လက်ထဲက အမျိုးအမည်မသိတဲ့ ပန်းနီနီတွေ။ ပန်းသိပ်မချစ်တတ်ပေမယ့် ချစ်သူကပေးတဲ့ လက်ဆောင်မို့ တယုတယယူမိသည်။
"လှလိုက်တာနော်...သာယာတခါမှ မတွေ့ဖူးဘူး...ဒါဘာပန်းလဲညီ"
"ဟင်...သာယာမသိဘူး...ညီကသာယာသိမယ်ထင်တာ...ဒီပန်းတွေတွေ့ရင်သာယာ အရမ်းကိုပျော်ရွှင်စိတ်လှူပ်ရှားသွားမယ် ထင်တာ"
ညီက ပန်းကလေးတွေကို ကြည့်ပြီး တစုံတခုကို ဆုံးရှုံးလိုက်ရသလို ငေးငိုင်သွားသည်။ ကျွန်မရင်ထဲမှာလဲ တစုံတခုဆုံးရှူံးသွားခဲ့သည်။
"ညီ့ကို ဒီပန်းတွေနဲ့ဘယ်သူက စမိတ်ဆက်ပေးခဲ့သလဲဟင်"
မမေးချင်ဆုံး မေးခွန်းတခုက သူ့အလိုလိုပြိုကျလာသည်။ ညီက အဝေးတနေရာကိုငေးရင်း အိပ်မက်ထဲကလူတယောက်လို ဖြေသည်။
"ငယ်ငယ်တုန်းက သူငယ်ချင်းတယောက်ပါ"

"ဟယ်ခုမှသတိထားမိတယ်...သာယာဆွဲကြိုးလေးနဲ့ တို့ဆွဲကြိုးလေးက တပုံစံထဲ"
အလုံးလုံးလေးတွေ ခပ်ကျဲကျဲပါသော အကြင်နာဆွဲကြိုးလေးကို အတွေ့ နှလုံးသွေးတွေ ခဏရပ်တန့်သွားသည်။ အဲဒီ တခုပြီးတခု တိုက်ဆိုင်မှူတွေကပဲ နှလုံးသားကို ဓားချွှန်ချွှန်ဖြင့်မွှေနှောက်နေသလို။
"အကြင်နာကို ဘယ်သူဝယ်ပေးတာလဲ"
"ဖေဖေဝယ်ပေးတာ...ကြာလှပြီ ၈ တန်းထဲက...သာယာဆွဲကြိုးလေးကတော့ သစ်နေတာပဲ...ဝယ်တာမကြာသေးဘူးထင်တယ်"
"ဟုတ်တယ်...တို့ချစ်သူကမွေးနေ့လက်ဆောင်ပေးထားတာ"
အဲဒီဒီဇိုင်းလေးကို ညီကိုယ်တိုင် ပုံဆွဲပြီး ပန်းတိမ်ဆိုင်မှာ သွားအပ်တော့ ညီရဲ့အလေးအနက်ထားမှူအတွက် ဖြစ်ခဲ့ရတဲ့ ကြည်နူးမှူတွေ ဒီနေရာမှာကုန်ဆုံးသွားခဲ့ပြီ။
"သာယာချစ်သူက သာယာကိုအတော်ချစ်ပုံပဲနော်"
ကျွန်မလဲ သံသယတချို့ကလွဲရင် အကြင်နာနဲ့မတွေ့ခင် အချိန်ထိ အဲဒီလို ထင်နေခဲ့သည်လေ။
"အကြင်နာ့မှာ ချစ်သူရှိလား"
"ချစ်သူ..ဟားဟား..ရှိခဲ့ဘူးတယ်...ကလေးတုန်းက...not seriousပါ"
အကြင်နာက ပေါ့ပေါ့ပါးပါး။ အလေးအနက်မထားခဲ့ကြောင့်ပဲ ကွဲကွာသွားခဲ့တာလား။
"ဘာလို့ကွဲခဲ့ကြတာလဲဟင်"
"တကယ်မချစ်လို့ပေါ့သာယာရယ်"
အကြင်နာ့အတွက် အတိတ်ဟာ အဲဒီလောက် မေ့ပျောက်လွယ်သလား။
"အပန်းမကြီးရင် တို့ကိုအကြင်နာ့ချစ်သူရဲ့ နာမည်လေးပြောပြပါလား"
"ဒါလေးများသာယာရယ်...သူ့နာမည်ကတလုံးထဲ....xxxx"
မကြားတော့။ အကြင်နာဘာတွေ ဆက်ပြောနေလဲမကြားတော့။ အဖြေထွက်သွားသော ပုစ္ဆာတပုဒ်အတွက် ကြေကွဲသွားသော နှလုံးသား။ လုပ်ရက်လိုက်တာညီ။

နားရွက်နောက်ဖက်နားက တိုကပ်နေသောဆံပင်တွေကို နားမလည်နိုင်သော၊ နောက်အနည်းငယ်ဆွေးမြေ့နေသော မျက်လုံးများဖြင့် ညီကြည့်နေတော့ ကျေနပ်စွာပြုံးမိသည်။
"ဆံပင်တွေနှမျောဖို့ကောင်းပေမယ့် သာယာကဒီလို ပုံလေးနဲ့လဲလိုက်တာပဲ"
တကယ်လားညီ။ ဟန်ဆောင်နေတာလား။
"ဒီမှာကြည့်ညီ...ဒီဆွဲကြိုးလေးလှလားဟင်...ညီလုပ်ပေးတဲ့ ဆွဲကြိုးလေးကိုပဲ ဖျက်ပြီးပြန်လုပ်လိုက်တာ"
"လှပါတယ်...အဲဒီတုန်းကတည်းကမကြိုက်ရင် ပြောခဲ့ရောပေါ့သာယာရယ်"
ညီ့အသံတွေ အနည်းငယ်တုန်ရင်နေသလို။ ထူးဆန်းတဲ့ ကျွန်မအပြုအမူတွေအတွက် တစုံတခုကို ရိပ်မိနေသလို။
"ညီ့ကို သာယာတခုမေးချင်တယ်"
ဒါဟာ ကျွန်မရဲ့နောက်ဆုံးကောက်ရိုးတမျှင်ပါညီ။
"မေးလေသာယာ"
"ညီ သာယာ့ကိုဘာလို့ချစ်တာလဲ"
ဖြေတော့ညီ။ ကျွန်မနှလုံးသားကို အသေမသတ်မယ့် အဖြေတခု။ ကျွန်မမာနတွေကို နင်းဖျက်မခြေတဲ့ အဖြေတခု။ ကျေးဇူးပြုပြီး။
"ဒီမေးခွန်းမဖြေခင် ညီတခုဝန်ခံ.."
"ဟင့်အင်း...တခြားဘာမှ မပြောနဲ့...ဒီမေးခွန်းပဲဖြေပါ"
အရှူံးတွေကို ထပ်မကြားရပါစေနဲ့။ ဝန်ခံစရာတွေက ကျွန်မအတွက်တော့အရှူံး။
"သာယာရဲ့ ရိုးသားတဲ့နှလုံးသားလေးကို ချစ်တာ...သာယာရဲ့ ငြိမ်းချမ်းတဲ့စိတ်ဓါတ်လေးကိုချစ်တာ...သာယာရဲ့ဟန်ဆောင်မှူကင်းတဲ့ဖြူစင်ခြင်းလေးကိုချစ်တာ...သာယာကသာယာမိုလို့ချစ်တာပါ"
အို...။ကျေးဇူးတင်လိုက်တာညီ။ ညီမျက်ဝန်းထဲက အတိတ်တွေကင်းစင် လေးနက်မှူတွေ။ ညီ့အဖြေထဲက ယုံကြည်ရတဲ့အင်အားတွေ ကျွန်မနှလုံးသားထဲကို စိမ့်ဝင်စီးဆင်းသွားကြပေါ့။ ညီ့ပုခုံးလေးပေါ် ခေါင်းတင်ရင်း ပါးပြင်ပေါ်ကျလာတဲ့ မျက်ရည်တို့ကို မတားဆီးမိ။
ညီကကျွန်မလက်လေးကို ဆုပ်ကိုင်ပြီး တိုးတိုးလေးဆိုသည်။
"ညီ အကြင်နာအိပ်မက်က နိုးထခဲ့တာကြာခဲ့ပါပြီ သာယာရယ်...ညီ့ဘဝရဲ့လက်တွဲဖော်အဖြစ် လေးလေးနက်နက်ချစ်မိသူဟာ သာယာတယောက်ထဲပါ"
အဲဒီညီ့စကား တခွန်းနဲ့တင် နောင်အခါ သာယာတဲ့ကျွန်မတို့ရဲ့ဘဝလေးထဲကို သံသယဆိုတာ မြူတမှူန်မျှမပေကျံရလို့ ကျွန်မယုံကြည်စွာ သစ္စာဆိုမိသည်။
(ထူးအိမ်သင်ရဲ့ သီချင်းခေါင်းစဉ်လေးကို ကြိုက်လွန်း၍ postခေါင်းစဉ်အဖြစ် ယူသုံးပါသည်)
တန်ခူး
12:55pm 24-Apr-2008

Friday, April 4, 2008
အချိန်အဆိပ်
စုပြုံကျလာတဲ့ အကြည့်မျိုးစုံကို ဥပေက္ခာပြုရင်း မျက်လုံးထောင့်မှ ရေးရေးလေးမြင်လိုက်ရတဲ့ နင့်အကြည့်က ငါ့မနက်ခင်းလေးကို အဓိပ္ပါယ်ရှိသွားစေတယ်။ ခဏလေးပါပဲ။ ၃ စဣန့် လောက်အကြည့်လေးပြီးတော့ ထုံးစံအတိုင်း ရှေ့တည့်တည့်က စာအုပ်ဆီ အကြည့်ပြန်ရောက်သွားတယ်။ရင်ထဲမှာ နာနာကျင်ကျင်။ အဲဒီစာအုပ်တွေကိုပဲ တသက်လုံးအဖော်လုပ်သွားတော့မှာလား။ တခါတလေ ပုံစံခွက်ထဲက ခဏထွက်ပြီး လွတ်လပ်ခြင်းအရသာကို ခံစားကြည့်ပါလားဇွဲရယ်။ စာအုပ်တအုပ်ကို စိတ်မပါစွာကြည့်ရင်း တခုခုကို သိနေသလို ခံစားရတာကြောင့် နောက်တန်းက သူငယ်ချင်းကို ရုတ်တရက် လှည့်စကားပြောလိုက်တယ်။ ဟော...မိပြီ။ ခိုးကြည့်တာ လူမိသွားတော့ နှူတ်ခမ်းလေးကိုက်ပြီး ပြုံးစိစိ။ အဖြူဆွတ်ဆွတ်ပေါ်မှာ အပြာရောင်ကွမ်းရိုးစင်း ရှပ်လက်တိုလေးက နင့်ကို ပိုရှင်းသန့်သွားစေတယ်။ နဲနဲရှည်နေတဲ့ ဆံပင်က ခါတိုင်းလို စာဂျပိုးပုံစံမပေါက်ပဲ လူဆိုးလေးပုံနဲ့ စွဲမက်စရာ။ ဒီညတော့ ငါ့ဒိုင်ယာရီလေးထဲမှာ အကြည့်သူခိုးလေးတယောက် မင်းမူဦးမှာပေါ့။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သူ့အပြုံးတွေက ချိုတယ်။ သူ့မျက်လုံးတွေမှာ ကိုယ့်ကိုရူးသွပ်မှူတွေ။ သူ့စကားတွေက ယုံကြည်မှူအပြည့်။ သူ့ကတိတွေက တည်တည်ကြည်ကြည်။ သူ့နှလုံးသားက ရိုးသားမှူ အပြည့်နဲ့။ ဒါနဲ့များ ငါဘာကြောင့် မပြတ်သားနိုင်ရတာလဲကွယ်။ သူ့ကို တခြားသူတွေထက် ပိုအခွင့်အရေးပေး ဆက်ဆံခဲ့ပေမယ့် သူလိုချင်တဲ့ အဖြေတခုကိုတော့ မပေးနိုင်သေး။ ဘာကြောင့်လဲတဲ့။အဆောင်အဝင်ဝကို အကြည့်တို့အရောက် ရင်ထဲမှာနွေးကနဲ။ အဝါရောင်ရှပ်လက်တိုလေးနဲ့ လက်ထဲမှာ စာအုပ်တအုပ်။ ဘေးကသူငယ်ချင်းနဲ့ တခုခုပြောပြီး လွတ်လွတ်လပ်လပ် ရယ်မောနေတာ ရင်ခုန်စရာ။ သူတို့သူငယ်ချင်းမလေးနဲ့ စကားပြောပြီး ခဏအကြာ သူကိုယ့်တို့၂ယောက်ကိုမြင်သွားတယ်။ မသိမသာရှူံသွားတဲ့မျက်ခုံးနှစ်ဘက်။ ရယ်ချင်လိုက်တာ။ သူပြောနေတဲ့စကားတွေ ကြားတချက် မကြားတချက်။ ခဲလုံးလေးကို ခြေထောက်နဲ့ ခပ်ဆတ်ဆတ် ကန်လိုက်တာကို မကြည့်ပဲမြင်နေရတယ်။ အဲဒါ မနာလိုတာလားဇွဲရယ်။ ငါလိုရာဆွဲတွေးပြီး အိပ်မက်တွေထဲအထိ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်းဖော်မရှိတုန်း အဝါရောင်ဒိုင်ယာရီလေးပေါ်မှာ ခံစားချက်တွေသီကုံး။"ဒီနေ့ ချစ်သူက နဲနဲသတ္တိရှိလာတာလားကွယ်xxxxxကိုယ်လက်တွေ့လုပ်တဲ့ အခန်းရှေ့ယောင်လည်လည်နဲ့xxxxxလိုင်ဘရီမှာ ကိုယ်စာဖတ်တော့ မျက်စောင်းထိုးခုံမှာ ကောင်လေးတယောက် သူ့အကြည့်တွေကို စာအုပ်ထူကြီးနဲ့ မလုံမလဲကာလို့xxxx"
အဆောင်ရှေ့မှာ တစုံတယောက်က ကိုယ့်နာမည်တပ်ပြီး သီချင်းတပုဒ်ဆို။ ထူးအိမ်သင်ရဲ့ စိမ်းရက်လေအားတဲ့။ နင်ကတော့ ခုချိန်ဆို သိပ်မလိုတော့တဲ့ စာမေးပွဲအတွက် ထိပ်ဆုံးကအောင်ဖို့ အသဲအသန်ကြိုးစားနေမှာပေါ့။ ခေါင်းလေးနဲနဲပူလာရင် ငါ့ကိုနဲနဲများလွမ်းနေမလားပဲ။ အခန်းဖော်ပြန်ဝင်လာတော့ ဒိုင်ယာရီလေး ခဏအနားရသွားတယ်။ ထုံးစံအတိုင်း ကိုယ့်အတွက် သတင်းတခုနဲ့။ အားလုံးက ကိုယ်သူ့ကိုပဲရွေးမှာလို့ ထင်ကြေးပေးနေကြတယ်တဲ့။ ကဲ...ငါဘာလုပ်ရမလဲဇွဲရယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဒီလမ်းလေးမှာ ခုလိုတယောက်ထဲ လွတ်လွတ်လပ်လပ် လမ်းလျှောက်ရတဲ့ အရသာက ဘာနဲ့မှမတူ။ ခွဲခွါရတော့မယ့် ကျောင်းကြီးကို အလွမ်းသယ်ရင်း။ ပြီးတော့ တစုံတယောက်ကိုလဲ တမ်းတရင်းပေါ့။ ဒီလိုနဲ့ဝေးကြရမယ်ဆိုရင်လဲ ကံတရားပေါ့လေ။ မျှော်လင့်ခြင်းတွေကလွဲလို့ အားကိုးရာမဲ့။ဘုရားရေ။ နောက်နားက ကိုယ့်နာမည်ခေါ်လိုက်သံ။ စွဲလန်းမှူကြောင့်လား။ ကိုယ့်နားထဲတော့ သူပါပဲ။ လှည့်ကြည့်မိတော့ မယုံနိုင်စရာ။ ရီဝေဝေအကြည့်တွေနဲ့ဇွဲ။
"စကားလေးနဲနဲပြောချင်လို့ အချိန်ပေးနိုင်မလား"
နင့်အသံတွေ မဆိုစလောက်တုန်ခါနေတယ်။ ချက်ချင်းခေါင်းငြိမ့်လိုက်မိတယ်။ ထပ်မဝေးချင်ဘူးလေ။
"ကျွန်တော် မွန့်ကို...ဒီစကားပြောပြီးရင်မွန်စိတ်မဆိုးပါနဲ့နော်"
ရင်ထဲမှာနွေးနွေးလေး။ စောင့်စားမျှော်လင့်ခဲ့ရတဲ့အချိန်။

"ကျွန်တော် မွန့်ကိုချစ်တယ်"
စိတ်လှူပ်ရှားနေတဲ့ချစ်သူကို အပြုံးချိုချိုလေးနဲ့တိတ်တိတ်လေး အားပေးမိတယ်။
"မွန် စိတ်မဆိုးပါဘူးနော်"
"ဟင့်အင်း...စိတ်မဆိုးပါဘူး"
"ဒါဆို ကျွန်တော့်ကို..."
"စဉ်းစားမယ်လေ"
တကယ်တော့ ငါဆီမှာအဖြေကရှိနှင့်ပြီးသား။ ဒါပေမယ့် မိန်းခလေးပီပီ နဲနဲတော့ အချိန်ယူပါရစေဇွဲရယ်။
"ဘယ်တော့လောက်..."
စာမေးပွဲက၂လလောက်လိုသေးတယ်ဆိုတော့...။ ဇွဲစာမေးပွဲဖြောင့်ဖြောင့်ဖြေနိုင်အောင်…။
"တတ်နိုင်ရင် ၂ပတ်ပြည့်ရင် အဖြေပေးပါနော်"
ဘယ်လို။ မျှော်လင့်မထားသည့် အချိန်သတ်မှတ်မှူကနင့်ဆီက။
အရူးအမူးအဖြေလိုချင်နေလို့တော့မဟုတ်နိုင်။ ဒီအချိန်သတ်မှတ်ဖို့ကြိုတင်ပြင်ဆင်လာပုံ။ တခုခုတော့မှားနေပြီ။
"ဘာလို့၂ပတ်လို့ပြောတာလဲဟင်"
မွန့်ကိုသိပ်ချစ်လို့။ မွန်နဲ့ချစ်သူမြန်မြန်ဖြစ်ချင်လို့။ ဒါမှမဟုတ် သူများလက်ထဲပါသွားမှာစိုးလို့...။ဒီထဲက တခုခုတော့ဖြေနော်။
"စာမေးပွဲက၂လလိုတော့တာလေ...မွန်လက်ခံလက်ခံ၊ မွန်ငြင်းငြင်း ကြိုတင်ပြင်ဆင်ဖို့အချိန်ရတာပေါ့...စာမေးပွဲနီးမှဆိုစာမေးပွဲထိခိုက်မှာကြောက်လို့"
သေလိုက်။ ခုနကအပျော်တွေက တစဆီပြန့်ကြဲ။ အဲဒီလို အချိန်တွေ စနစ်ကျကျတွက်ရင် မနှစ်ကဖွင့်ပြောလိုက်ပါလား။ ငါလိုချင်တာက ဆွတ်ပျံဖွယ်အချစ်။ အဲဒီလို အချိန်ဇယားတွေထဲက တာဝန်ဆန်တဲ့အချစ်မဟုတ်။
"ကောင်းပြီလေ...နင်လိုချင်တဲ့အဖြေ၂ပတ်ကြာရင်ပေးမယ်"
"ကျေးဇူးပါမွန်ရယ်...ကျွန်တော်သူငယ်ချင်းတွေစာပြဖို့ချိန်းထားလို့...သွားမယ်နော်"
လမ်းလေးထဲက ကွယ်ပျောက်သွားတဲ့ အပြာရောင်အရိပ်တခု။ ငါက နင့်အတွက် ဘယ်လောက်အရေးပါလဲဇွဲ။ ပြီးတော့ ငါကနင့်ဦးစားပေးနံပါတ်ဘယ်လောက်မှာလဲ။ ဝေ့ဝဲလာတဲ့မျက်ရည်တို့ တားဆီးချိန်မရလိုက်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သူဆီက အပျော်တွေက ကိုယ့်ဆီနဲနဲတော့ကူးစက်လာသလို။ သူ့ရဲ့လေးနက်မှူတွေ၊ တန်ဖိုးထားမြတ်နိုးမှူတွေ၊ ချစ်ခင်ကြင်နာမှူတွေက ကိုယ့်အဖြေနဲ့ ထိုက်တန်ပါတယ်။ သူ့ခမျာ အနှစ်နှစ်အလလ စောင့်ခဲ့ရရှာတာ။ ဟော..ဟိုးအဝေးက အဖြူရောင်အရိပ်တခု။ တဖြေးဖြေးနဲ့နီးလာတယ်။ လက်ထဲမှာတော့ ထုံးစံအတိုင်းစာအုပ်တအုပ်။ ကိုယ့်အတွေးတွေ၊ အိပ်မက်တွေမှာ အချိန်တော်တော်ကြာကြာ လွှမ်းမိုးခဲ့သူ။ သူကိုယ်တို့နှစ်ယောက်ရှေ့ ရောက်လာချိန်က ကိုယ်ချိန်းထားသည့်အတိုင်း တိတိကျကျ။
"သိပြီးသားတွေပေမယ့် ထပ်မိတ်ဆက်ပေးပါရစေ...ဒါကျွန်မရဲ့ချစ်သူကိုမျိုးပါ"
ဇွဲက နာနာကျင်ကျင်ပြုံးတယ်။ ပြီးတော့ သူပုခုံးကိုပုတ်ပြီး မမျှော်လင့်တဲ့စကားနဲ့ နှူတ်ဆက်သွားတယ်။
"ဝမ်းသာပါတယ်ဗျာ...ခင်ဗျားအချိန်ပေးရကျိုးနပ်တာပေါ့"တဲ့။
တန်ခူး
4:00pm 04-Apr-2008
(ဓာတ်ပုံများကို သူငယ်ချင်းတယောက်ဆီမှ forwarded emailဖြင့် ရပါသည်)
(နောက်ဆုံးနှစ်က ဒဏာရီလိုလို၊ ပုံပြင်လိုလို နာမည်ကြီးသွားတဲ့ သူငယ်ချင်းနှစ်ယောက့်ရဲ့ ကောလဟာလ ဇာတ်လမ်းလေးကို စိတ်ကူးလေးနဲ့ ချဲ့ကားရေးထားခြင်း ဖြစ်ပါတယ်...တကယ်မဟုတ်ခဲ့ဘူးဆိုရင် ဝတ္ထုတပုဒ်ပေါ့နော်...)
Monday, March 31, 2008
အချစ်ဆိုတာ
အချစ်ဆိုတာ ရယူပိုင်ဆိုင်လိုခြင်း၊ ပေးဆပ်အနစ်နာခံခြင်း၊ ရူးသွပ်စွာ စွဲလန်းခြင်း၊ အပြန်အလှန်နားလည်ပေးခြင်း၊ သံယောဇဉ်ကြိုးတိုးနှောင်ခြင်း၊ သစ္စာထားခြင်း.... ဒီလို အမျိုးမျိုး ဟိုးရှေးကတည်းက အဓိပ္ပါယ်ဖွဲ့ခဲ့ကြတယ်။ တချို့ အချစ်ခရီးလမ်းတွေက ဖယောင်းလမ်း၊ တချို့က ခရောင်းလမ်း။ တချို့ကတော့ အချစ်ဆိုတာ တသက်မှာတခါထဲ ပွင့်တဲ့ပန်းတဲ့။ တချို့ကတော့ အချစ်ဆိုတာ အကြိမ်ကြိမ်အခါခါ မွေးဖွားလို့ရပြန်တယ်တဲ့။ ဒီကြားထဲ အချစ်ကြောင့် ဘဝတွေ လှပလာသလို၊ အချစ်ကြောင့်ပဲ ဘဝတွေ ပျက်စီးသွားတတ်သေး။ အဲဒီလို ရှူပ်ထွေးလွန်းတဲ့ အချစ်ဆိုတဲ့ အကြောင်းတွေးမိတိုင်း မေ့မရနိုင်တဲ့ အဖြစ်အပျက်လေးတခုက အမြဲအတွေးထဲ ရောက်ရောက်လာတယ်။ ကိုကိုရယ်၊ မောင်ရယ်၊ ပြီးတော့ ထား သို့မဟုတ် ညီမလေး။ တယောက်အတွက် အချစ်က အဓိပ္ပါယ်တမျိုးဆီ။ အဲဒီ ထား ဆိုတဲ့ ကျွန်မဝမ်းကွဲ အဒေါ်ရဲ့ ဒင်္ဏာရီဆန်ဆန် တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းလေး တပုဒ်ဝေမျှပါရစေ။
********************
"မောင့်ရဲ့ထား"
မြင်လိုက်တိုင်း အသက်ရှူမှားရတဲ့ထားရယ်။ ခြေမျက်စိထိ ရှည်တဲ့ မင်းဆံနွယ်တွေကပဲမောင့်ကို ဖမ်းစားတာလား၊ နှင်းဆီငုံလေးလို မင်းမျက်နှာဖူးဖူးလေးကပဲ မောင့်ကို ရူးသွပ်စေတာလား၊ သေချာတာက မင်းရဲ့ခြေဖဝါးနုနုလေးက မောင့်နှလုံးသားနေရာ အနှံ့မှာ။
"ထား"
"ရှင်"
"ဒီနေ့ဟာ မောင့်ဘဝရဲ့ အပျော်ဆုံးနေ့တနေ့ ဖြစ်ပါရစေ"
ထားလက်ထဲက အဝါရောင်လက်ကိုင်ပုဝါလေးက ကြေမွတွန့်လိန်။ ရှက်နေတာလားထားရယ်။
"ထားအဖြေလေးကို မောင်ကြားချင်ပြီ"
ထားကမျက်တောင်ရှည်ရှည်တွေဝင့်လို မောင့်ကိုကြည့်လိုက်တော့ တွေ့လိုက်ရတဲ့ အရိပ်တခု။ အဲဒါ အချစ်ပဲလားထား။
ထားက မြေကြီးပေါ်မှာ ဒုတ်ကလေးနဲ့ရေးခြစ်လိုက်တယ်။
"မောင့်ကိုချစ်တယ်"တဲ့။
ဒီကမ္ဘာမှာမောင်အပျော်ဆုံး။ ထားလက်ဖဝါးလေးကို ဆုတ်ကိုင်တော့ ရေခဲတုံးလေးလို အေးမြနေတယ်။
"ထားရယ်...ဒီကနေ့ကစလို့ ထားအတွက် အရာရာဝေမျှခံစားနားလည်ပေးမယ့် ကိုယ်ပွားလေးတယောက် အမြဲရှိနေပြီလို့ ယုံကြည်လိုက်တော့နော်"
ထားက အပြုံးချိုချိုလေးနဲ့ ညင်သာစွာ ခေါင်းငြိမ့်တယ်။
********************
"ကိုကိုရဲ့ညီမလေး"
"ဟယ်...ကိုကိုပြန်လာပြီ...ညီမလေးဖို့ ဘာတွေ ဝယ်ခဲ့လဲ"
အရိပ် တကြည့်ကြည့် မြတ်နိုးခဲ့ရတဲ့ပန်းကလေး။ မင်းဟာ ကိုကို့မျက်စိထဲမှာတော့ အမြဲဖြူဖွေးသန့်စင်နေတဲ့ စပယ်ပွင့်လေးပါ။ ကိုကို ကြားသမျှ မှားယွင်းမှူတွေဖြစ်ပါစေ။
"ဒီမှာ...ညီမလေးအတွက်"
"ဟေး..ဒါမှတို့ကိုကို"
ကလေးရယ်။တို့နှစ်ယောက်ရဲ့ အနှစ်နှစ်အလလက အထပ်ထပ်ချည်နှောင်ခဲ့တဲ့ သံယောဇဉ်ကြိုးတွေကို ဘယ်သူက အလွယ်တကူ ဖြတ်တောက်လို့ရနိုင်မလဲ။
"ညီမလေး"
"ကိုကိုမျက်နှာလဲ မကောင်းပါလား...အလုပ်ကိစ္စအဆင်မပြေဘူးလားဟင်"
"ကိုကိုသူငယ်ချင်းသူရိန်ကပြောတယ်...ညီမလေးနဲ့ ဟိုတလောက ပြောင်းလာတဲ့ အင်ဂျင်နီယာပေါက်စနဲ့ ကြိုက်နေကြတယ်တဲ့...အဲဒါအမှန်ပဲလား"
ကိုယ့်အသံတွေ တုန်ခါသွားတယ်။ ခေါင်းငုံ့သွားတဲ့ ညီမလေးကို ကြည့်ပြီး ရင်ထဲမှာ ဗလောင်ဆူနေတယ်။ မဟုတ်ဘူးလို့ ငြင်းလိုက်ပါ ညီမလေးရယ်။
"ဟုတ်ပါတယ်ကိုကို...သူညီမလေးကို ဖွင့်ပြောထားတာကြာပါပြီ...ညီမလေးတို့ချစ်သူတွေဖြစ်တာ မကြာသေးပါဘူး...သူက လူကောင်းတယောက်ပါ...မေမေတို့ ကိုကိုတို့ သဘောတူနိုင်မယ်ထင်လို့ပါ"
ရင်ထဲက ဆို့တက်လာတဲ့ တစုံတရာ။ သွားပြီ။ ကိုကို မင်းကို တသက်လုံး ဆုံးရှူးံရတော့မှာလား။
"ညီမလေး...ညနေကျရင်...ခရေပင်အောက်ကိုလာခဲ့နော်...ကိုကို အရေးကြီးတဲ့ စကားပြောစရာရှိတယ်"
********************
"ညီမလေးရဲ့ကိုကို"
ကိုကို့လက်ထဲမှာ ခါတိုင်းလို ညီမလေးအတွက် ခရေပွင့်တွေမရှိ။ အဝေးတနေရာကို ကြေကွဲစွာ လှမ်းကြည့်နေတဲ့ ကိုကို့ မျက်ဝန်းမှာ မျက်ရည်တစ။ ညီမလေးကြောင့်လား။
"ကိုကို...ညီမလေးကို စိတ်ဆိုးနေတာလား"
"ညီမလေး...ကိုကို ခုပြောမယ့်စကားတွေကို အလေးအနက် နားထောင်ပေးပါ...ပြီးရင် ညီမလေးရဲ့ ဆုံးဖြတ်ချက်ကို သိချင်တယ်"
"ဟုတ်ကဲ့ကိုကို"
"ကိုကိုဟာ ဥယျာဉ်မှူးဆိုရင် သိပ်အတ္တကြီးတဲ့ ဥယျာဉ်မှူးပါ...အနှစ်နှစ်အလလက အရိပ်တကြည့်ကြည့် ပျိုးထောင်ခဲ့ရတဲ့ ပန်းကလေးကို ဘယ်သူမှမပေးနိုင်လောက်အောင် ကိုယ်မြတ်နိုးတယ်"
"ကိုကိုဘာကိုဆိုလိုတာလဲ"
"ညီမလေးကို ကိုကိုချစ်တယ်"
"ညီမလေးလဲ ကိုကို့ကိုချစ်တာပဲ"
"မဟုတ်ဘူး...ကိုကိုက ညီမလေးကို ချစ်သူတယောက်လိုချစ်တာ"
"ဘယ်လို"
ဘယ်တုန်းကမှ မျှော်လင့်မထားတဲ့ စကားတခွန်း။ ကိုကိုဟာ ညီမလေးရဲ့မွေးစားအကိုဆိုတာ မေ့လျော့နေတဲ့အထိ ညီမလေးကိုကိုပေါ်မှာ ဖြူစင်ခဲ့တာ။ အဲဒီလို ဆန်းပြားတဲ့ စိတ်တွေ ကိုကိုဆီမှာ ဝင်လာခဲ့လိမ့်မယ်လို့ မတွေးမိခဲ့ဘူး။
"ကိုကိုညီမလေးကို လက်မထပ်ပါဘူး...ခုလိုပဲ ဘေးကနေ ညီမလေးလိုအပ်သမျှ ဖြည့်ဆီးပေးရင်း တသက်လုံးနေသွားမယ်...ညီမလေးလဲ ဘယ်သူကိုမှလက်မထပ်ရဘူး"
"ကိုကိုဘာတွေပြောနေတာလဲ...ညီမလေးကစိတ်ထဲမှာတော့ ကိုကိုက အကိုအရင်းပဲ...ညီမလေးအိမ်ထောင်ပြုလဲ ကိုကိုဆက်ချစ်လို့ရတာပဲ"
"မပြုရဘူး...မင်းဘယ်သူနဲ့မှမယူရဘူး"
"ကိုကိုရူးနေပြီ"
ဟုတ်တယ်။ ကိုကိုအရူး။ ကိုကိုနဲ့ညီမလေးရဲ့အဖြူရောင်ဘဝကို ဖျက်ဆီးရက်တယ်။
"ဟုတ်တယ်...ကိုကိုရူးနေပြီ...အချစ်ကြောင့်ရူးတာ"
"ကိုကို...ညီမလေးဘဝမှာ မောင့်ကို အချစ်ဆုံး...မောင့်ကိုပဲလက်ထပ်မယ်"
"မပြောနဲ့...မကြားချင်ဘူး...အေး..မင်းဆုံးဖြတ်ချက်မပြင်ရင် ငါတခုခုလုပ်ရလိမ့်မယ်"
ကိုကိုရဲ့ သွေးရူးသွေးတန်းစကားတွေကို ညီမလေးဆက်မကြားရပါစေနဲ့။ ညီမလေးသွားပါရစေ။
********************
"ထားရဲ့မောင်"
မောင်...အမြဲငြိမ်းချမ်းအေးဆေးနေတဲ့ မောင်ဘဝလေးထဲ ထားဝင်လာခဲ့တော့မယ်။
"မောင်...ထားတို့ကိစ္စ မေမေ့ကိုဖွင့်ပြောလိုက်ပြီ"
"ဟာ..ဝမ်းသာလိုက်တာ ထားရယ်...ယောက္ခမကြီးက သဘောတူလားဟင်"
"မေမေက မောင့်ကိုသိနေပြီးသားဆိုတော့ သဘောမတူစရာ မရှိပါဘူးတဲ့...ဒါပေမယ့် မောင့်နဲ့တွေ့ချင်တယ်တဲ့...မောင်တို့ဘက်က အခြေအနေလဲ သိချင်တယ်တဲ့"
"မောင့်မေမေက ဟိုတခေါက်လာလည်ထဲက ထားကိုကြိတ်သဘောကျနေတာ...မောင်တို့ဘက်က အားလုံးok..ဘယ်တော့ယောက္ခမကြီးနဲ့လာတွေ့ရမလဲ"
"မနက်ဖြန်"
"ok..ပုဆိုးနဲ့တိုက်ပုံဝတ်ခဲ့မယ်"
ရွှင်မြူးနေတဲ့ မောင့်အပျော်တွေထားဆီကူးလာတယ်။ ထားနဲ့မောင် အချစ်ခရီးလေး ဖြောင့်ဖြူးပါစေ။ ရင်ထဲမှာတော့ တစုံတရာကို စိတ်တထင်ထင့်။
********************
"ကိုကို၊ မောင်၊ ထား"
ကိုကို့နှလုံးသားတွေကို ညီမလေးက လှလှပပနင်းခြေလိုက်ပြီပေါ့။ ကိုကို့ အချစ်ဥယျာဉ်လေးကို ခြေစုံကန်တော့မယ်ပေါ့။ သူများရင်ခွင်ထဲမှာ ညီမလေးကို ဘယ်လိုမှမထားချင်ဘူး။ တကယ်ဆို အဖြစ်အပျက်တွေ မြန်ဆန်သွားအောင် ညီမလေးလုပ်ရက်ခဲ့တယ်။ ဒီနေ့ညီမလေးစေ့စပ်တော့မယ်တဲ့။
အလှပြင်ဆိုင်ကပြန်လာတဲ့ညီမလေး။ မျက်နှာမှာအပြုံးချိုချိုတွေနဲ့။ နောင်ဘဝကို ညီမလေးယုံသလားဟင်။ ကိုကိုကတော့ ယုံတယ်။
"ညီမလေး"
"အမလေး လန့်လိုက်တာကိုကိုရယ်"
"ညီမလေးရဲ့ဆုံးဖြတ်ချက်တွေ တကယ်မပြင်တော့ဘူးလား"
"ကိုကိုရယ်...ညီမလေးကိုခွင့်လွှတ်ပါ...မောင့်ကိုဘဝတသက်လုံးအတွက် ရည်ရွယ်ချစ်တာပါ"
သံယောဇဉ်တွေမှ မထောက်ထား။ အစွမ်းကုန် ရက်စက်တော့မယ်လား ညီမလေး။ ဒီလိုမျိုးနဲ့ ဘယ်လိုမှဇာတ်သိမ်းမခံနိုင်ဘူး။ ကဲ..ကိုကိုနဲ့အတူလိုက်ခဲ့တော့။ နောင်ဘဝဆီကို။
"ဟင်ကိုကို...ဒီဓားကြီးက...မလုပ်ပါနဲ့ညီမလေးကြောက်တယ်...ကိုကို...အား"
သွားနှင့်တော့ညီမလေးရေ။ ကိုကို ခုလိုက်ခဲ့မယ်။ နောင်ဘဝကျရင် ကိုကိုနဲ့ညီမလေးရဲ့ အချစ်ဥယျာဉ်လေးထဲမှာ ထာဝရမခွဲစတမ်းပေါ့။
********************
"သမီးလေး...သတိရလာပြီ"
"ထား...ထားသတိရလာပြီလား"
"မေမေ...မောင်...မောင်..ထားမသေဘူးနော်"
"ထား...ဒါတွေမတွေးနဲ့နော်...ထားကို မောင်ဆေးရုံအချိန်မီပို့လိုက်နိုင်ပါတယ်ထားရယ်"
"ကိုကို...ထားကိုလုပ်ရက်တယ်မေမေ...သူဘယ်မှာလဲ...ထားကြောက်တယ်"
"မကြောက်ပါနဲ့သမီးရယ်...သူကိုယ့်သူချက်ချင်းအဆုံးစီရင်သွားခဲ့ပါပြီ"
"ရှင်"
"ထား...ဒါတွေမေ့ထားလိုက်...ထားဘေးမှာမောင်ရှိနေတယ်နော်"
ပန်းပွင့်လေးလို အမြဲနူးညံ့လှပနေတဲ့မောင့်ရဲ့ထား။ ခုတော့ မျက်နှာမှာ ကန့်လန့်ဓားခုတ်ရာနဲ့...သနားစရာကောင်းလိုက်တာ ထားရယ်။ ကံကောင်းလို့ ထားအသက်လေးမောင်ကယ်နိုင်ခဲ့တယ်။ ထားရယ်...ဘယ်လိုအခြေအနေတွေဖြစ်ဖြစ် မောင်ထားကို တသက်လုံးစောင့်ရှောက်သွားမှာပါ။ ထားကို မောင်အသက်လောက် မြတ်နိုးတယ်။
********************
ထားကိုယ်ထား မှန်ထဲမှာ ပြန်ကြည့်တိုင်း အနှိုင်းမဲ့တဲ့မောင့်အချစ်တွေအတွက် မောင့်ကို ကျေးဇူးတင်တယ်။ ပလပ်စတစ်ဆာဂျရီလုပ်ခဲ့ပေမယ့် ဘယ်လိုမှနဂိုရုပ်ပြန်မရခဲ့တဲ့ ထားရုပ်ဆိုးဆိုးကြီးကို ထားကိုယ်တိုင် မေ့လျော့နေအောင် မောင်ကစွမ်းဆောင်နိုင်ခဲ့ပါတယ်။ ခုဆို ထားတို့မှာ ချစ်စရာသမီးလေးတယောက်နဲ့ ပျော်ရွှင်စရာမိသားစုကလေးတခု ပိုင်ဆိုင်ခဲ့ပြီ။ တခါတခါတော့ ခြောက်ခြားစရာ အတိတ်တွေကြောင့် ထားအိပ်မက်ဆိုးတွေ မက်တတ်တယ်။ အဲဒီအိပ်မက်တွေထဲမှာ ကိုကိုအမြဲပါတယ်။ ထားဘဝမှာ ထားကိုသိပ်ချစ်တဲ့ ယောင်္ကျားနှစ်ယောက်ရှိခဲ့တယ်။ တယောက်ရဲ့အချစ်က ထားကိုအေးမြပျော်ရွှင်စေပြီး နောက်တယောက်ရဲ့အချစ်ကတော့ ပူပြင်းလောင်မြိုက်စေခဲ့တယ်။ တကယ်တော့ မိန်းခလေးတယောက်ဘဝမှာ ငြိမ်းချမ်းအေးမြပြီးလုံခြုံမှူပေးနိုင်တဲ့ အချစ်တခုထဲသာလိုအပ်တာပါ။
********************
တန်ခူး
4:00pm 31-Mar-2008

Friday, March 14, 2008
ဝတ်မှူံ

ချစ်သူကို ကျွန်တော်က "ဝတ်မှူံ" လို့ တိတ်တိတ်လေး နာမည်ပေးထားတယ်...။
စက္ကူမြှားလေးတွေက ချစ်သူနားမှာ အဲဒီနာမည်လေးကို ခဏခဏသွားခေါ်တယ်...။
ခေါ်ပါများတော့ ချစ်သူသိလာတယ်...။
ကျွန်တော် ပျော်တယ်...။
ချစ်သူက "ဝတ်မှူံ" လေးလို ဝါဝင်းနူးညံ့တယ်...။
ချစ်သူက "ဝတ်မှူံ" လေးလို ရနံ့သင်းတယ်...။
ကျွန်တော့် အိပ်ရာနံဘေးမှာ ကံကော်ပွင့်လေး တပွင့်ရှိတယ်...။
"ဝတ်မှူံ" နဲ့ အတူ အိပ်မက်တယ်...။
"ဝတ်မှူံ" နဲ့အတူ နိုးထတယ်...။
ကျွန်တော် ရင်ခုန်တယ်...။
ချစ်သူက အတန်းမှန်မှန်တက်တယ်...။
ကျွန်တော်လဲ အတန်းမှန်မှန်တက်တယ်...။
ချစ်သူက စာတွေ သေချာလိုက်မှတ်တယ်...။
ကျွန်တော်က ချစ်သူကို သေချာလိုက်မှတ်တယ်...။
ကျွန်တော် မြတ်နိုးတယ်...။
ချစ်သူ လက်ဖဝါး နူးညံ့ညံ့လေးတွေကို တို့ထိချင်တယ်...။
ချစ်သူ ဆံနွယ်ရှည်ရှည်တွေကို နမ်းရှိုက်ချင်တယ်...။
စက္ကူမြှားလေးတစင်း ကျွန်တော်ချိုးတယ်...။
ချစ်သူ ဆံနွယ်ရှည်ရှည်တွေပေါ်မှာ စက္ကူမြှားလေး...။
ချစ်သူ ဆံနွယ်ရှည်ရှည်တွေပေါ်မှာ ကျွန်တော်...။
ကျွန်တော် မေ့မျောသွားတယ်...။
တခါတခါ ချစ်သူရဲ့ ရင်ဖုံးအင်္ကျီလေးပေါ်က လိပ်ပြာရင်ထိုးလေး ကျွန်တော်ဖြစ်သွားတယ်...။
တခါတခါ ချစ်သူရဲ့မဟာဆန်တဲ့ မျက်နှာနုနုလေးပေါ်က သနပ်ခါးလေး ကျွန်တော်ဖြစ်သွားတယ်...။
ချစ်သူရဲ့ရှက်ပြုံးလေးတွေကို ချစ်သူမသိအောင် ခိုးခိုးထားမိတယ်...။
ကျွန်တော်အဆောင်အခန်းကျဉ်းကျဉ်းလေးမှာ ချစ်သူရှက်ပြုံးလေးတွေနဲ့ ပြည့်နေတယ်...။
ကျွန်တော် စွဲလန်းတယ်...။
ချစ်သူကို မပြောဖြစ်တဲ့ စကားတွေကို စက္ကူမြှားလေးပေါ် ရေးရေးချတယ်...။
စက္ကူမြှားလေးတွေပေါ်က ကျွန်တော်လက်ရေးတွေ ချစ်သူမှတ်မိနေလိမ့်မယ်...။
စက္ကူမြှားလေးတွေပေါ်က ကျွန်တော့်ရင်ခုန်သံတွေ
ချစ်သူကြားနိုင်မလား။
ကျွန်တော် ကျေနပ်တယ်...။
ကျွန်တော်အလှကြည့်နေတဲ့ "ဝတ်မှူံ"လေးကို တစုံတယောက်က တံဆိပ်ခတ်နိပ်သွားတယ်...။
ချစ်သူမှာ ချစ်သူရသွားတော့ စက္ကူမြှားလေးတွေ ငိုကြတယ်...။
အလွမ်းတွေ စက္ကူမြှားထဲထည့် ချစ်သူဆီ အရောက်ပို့မိတယ်...။
ကံဆိုးတဲ့စက္ကူမြှားလေးက ချစ်သူခြေဖဝါးအောက်မှာ...။
ကျွန်တော် ငိုနေတယ်...။
ဒီလိုနဲ့......
...........
...........
..........
..........
......... ။
ချစ်သူက ကျွန်တော်နဲ့ ဝေးဝေးသွားတယ်..။
ကျွန်တော်က စက္ကူမြှားတွေနဲ့ ဝေးဝေးသွားတယ်..။
ချစ်သူမှာ ချစ်သူနဲ့တူတဲ့သားလေးရှိခဲ့ပြီ...။
ကျွန်တော့်မှာ ဆိုးတူကောင်းဘက် အဖော်တယောက်ရှိခဲ့ပြီ...။
တခါတခါတော့ စက္ကူမြှားတွေချိုးရင်း အတိတ်ခြေရာတွေ ပြန်ကောက်မိတယ်...။
ကျွန်တော် တမ်းတတတ်တယ်...။
ထိုနေ့မတိုင်ခင်ညကပဲ ချစ်သူက အိပ်မက်ထဲမှာ ကံ့ကော်တွေဝေနေအောင် ပန်ထားခဲ့တယ်...။
ချစ်သူမျက်နှာမှာ ရှက်ပြုံးလေးတပွင့် ပွင့်နေခဲ့တယ်...။
အယူမသီးတတ်ပေမယ့် ချစ်သူနေကောင်းပါစေလို့ ဆုတောင်းခဲ့မိတယ်...။
ကျွန်တော့်ဆုတောင်း မပြည့်ခဲ့ပါ...။
ချစ်သူက ဒီတခါ အဝေးဆုံးခရီးကို သွားခဲ့ပြီ...။

ကျွန်တော့်"ဝတ်မှူံ" အချိန်မတန်ခင် ကြွေခဲ့ပြီ...။
ကျွန်တော် ကြေကွဲခဲ့ပြီ...။
ချစ်သူကို ကျွန်တော်က "ဝတ်မှူံ" လို့ မိုက်မိုက်မဲမဲ နာမည်ပေးခဲ့တယ်...။
ချစ်သူက "ဝတ်မှူံ" လေးလို ဝါဝင်းနူးညံ့တယ်...။
ချစ်သူက "ဝတ်မှူံ" လေးလို ရနံ့သင်းတယ်...။
ချစ်သူက "ဝတ်မှူံ" လေးလို ကြွေသွားခဲ့တယ်...။
(အချိန်မတန်ခင် ကြွေလွင့်သွားခဲ့သော ချစ်သူငယ်ချင်းအတွက်)
တန်ခူး
12:30pm 14-Mar-2008

Tuesday, March 11, 2008
ဗီဇ
ကျွန်မ မှတ်ပုံတင်ကို ပြန်ကြည့်မိတိုင်း 'တူးမာ'ကို သတိရမိသည်။ ကိုယ်၌ထင်ရှားသောအမှတ်အသားတွင် ယာဘက်ပါး၌အမာရွတ်ရှိတဲ့။ ငယ်ငယ်က တူးမာ ကုတ်ဆွဲခဲ့သော ဒဏ်ရာ။ တူးမာက ကျွန်မငယ်ငယ်က ကစားဖော်။ သူငယ်ချင်းတော့ မဟုတ်။ အဆဲသန်၊ စရိုက်ကြမ်းသော တူးမာကို ကျွန်မတို့အိမ်က မပေါင်းခိုင်း။ ဒီကြားထဲ ကလေးအချင်းချင်း လက်ပါတတ်တော့ ပိုဆိုးသည်။ မျောက်ရှူံးအောင်ဆော့ချင်သည့် ကျွန်မက အိမ်မှာ အိုးပုတ်နဲ့ဆော့ရတာ ကြာတော့ ငြီးငွေ့သည်။ အိမ်ရှေ့က ထုထ်ဆီးတိုးပွဲမှာ မွှေ့ချင်သည်။ 'ဒီ'ဟု အဆက်မပြတ်အော်ပြီး ပြေးချင်သည်။ ရုပ်ရှင်ဖွက်တမ်းတွင် ခေါင်သူကြီးလုပ်ချင်သည်။ ဒီတော့ အိမ်က မသိအောင် သွားကစားသည်။ ခက်တာက တူးမာနဲ့ ရှောင်လို့မရ။ ကစားနည်းပေါင်းစုံကို တူးမာက ကျွမ်းကျင်သည်။ တူးမာ ခေါင်းငြိမ့်မှ ပါခွင့်ရှိသည်။ တူးမာက အခုထွက်ဆို ထွက်ရသည်။ တူးမာက ကျွန်မကို ကြီးကျယ်တယ် ဆိုကာ သိပ်ကြည့်မရ။ တကယ်တော့ ကျွန်မက ကြီးကျယ်တာမဟုတ်။ ကစားချိန်မှလွဲရင် လမ်းမှာတွေ့ရင်တောင် မရယ်ပြ။ အဆဲသန်စရိုက်ကြမ်းသော သူ့ကို စိတ်ထဲမှ တကယ်မခင်မိ။ ကစားချင်မှ အတူသွားကစားတတ်ခြင်းကို တူးမာ သိပ်လက်မခံချင်။ ဒါပေမယ့် သူနီးနီး ကစားတော်သော ကျွန်မကို သူဘယ်တော့မှ မငြင်းခဲ့။ ဘက်တူချင်းက ပိုကစားရ ကောင်းသည်လေ။ များသောအားဖြင့် ကျွန်မနဲ့သူက အသင်းတဘက်ဆီက ခေါင်သူကြီးတွေ။ ကျွန်မက ကစားတော်ပေမယ့် တူးမာလို အငြင်းမတော်။ အညစ်မတော်။ ထုတ်ဆီးတိုးလျှင် သေသေချာချာကြီး မိလိုက်တာကို မမိဘူးလို့ ပြောင်ငြင်းတတ်သည်။ ရုပ်ရှင်ဖွက်လျှင် သူ့လူတွေကို လျို့ဝှက် အချက်ပြတတ်သည်။ အဲဒီလို မမှန်မကန်တွေလုပ်လာလျှင် ကျွန်မ အတော်စိတ်တိုမိသည်။ ကျွန်မဘက်မှ လူတချို့က တူးမာနည်းတွေ အတိုင်း တူးမာကို ပြန်ညစ်စေချင်သည်။ ကျွန်မက မလုပ်တော့ တချို့က ထွက်ကုန်သည်။ အဲဒီအခါ ကျွန်မ တူးမာနဲ့ ထိပ်တိုက် ရင်ဆိုင်ရသည်။ အဆုံးမှာတော့ တူးမာ၏ မိုးမွှန်အောင်ဆဲသံတွေ ကြောခိုင်းပြီး အိမ်ပြန်ရသည်။ တူးမာရဲ့ မတရားအနိုင်ကျင့်မှူတွေကို သည်းမခံနိုင်သည့် နေ့တနေ့မှာ သူနာကျင်လောက်မည့် စကားတချို့ဖြင့် ကျွန်မ ပြန်ပြောခဲ့သည်။ ဘယ်ကလေးမှ တူးမာကို ပြန်ပြောရဲတဲ့ ရာဇဝင်မရှိပါ။ ကျွန်မ ရုတ်ရင်းကြမ်းတမ်းသော စကားမသုံးပါပဲ အမှန်တရားတွေကို မခံနိုင်တဲ့ အဆုံး တူးမာရဲ့လက်သည်း ရှည်ရှည်တွေနဲ့ ကျွန်မမျက်နှာကို ကုတ်ဆွဲခဲ့ပါသည်။ ကျွန်မ ပြန်မလုပ်တတ်တော့ အိမ်ကိုပြန်ခဲ့သည်။ သွေးထွက်နေသော ဒဏ်ရာကို ဆေးမထည့်ပေးခင် ကျွန်မ မိဘတွေက ရိုက်ပါသည်။ ထိုနေ့မှစ၍ တူးမာနှင့် မကစားတော့ပါ။ အိမ်ကိုကြောက်တာလဲပါသည်။ တူးမာရဲ့ မတရား အနိုင်ကျင့်တတ်သည့် အကျင့်ကို မုန်းတာလဲပါသည်။ အဲဒီလမ်းလေးထဲက ပြောင်းလာပြီး တူးမာနှင့် သိပ်မတွေ့ဖြစ်တော့ပါ။ အသက်လေးနဲနဲရလာတော့ ထုတ်ဆီးတိုးခြင်းထက် ကာတွန်းစာအုပ်တွေ ပိုစိတ်ဝင်စားတာလဲ ပါသည်။ အရွယ်ရောက်လာတော့ တူးမာက လမ်းမှာတွေ့ရင် မဝံ့မရဲ ပြုံးပြတတ်သည်။ သူ့အမှားအတွက် သူမဝံ့မရဲ ဖြစ်နေတာလား။ ဘာပဲဖြစ်ဖြစ် ကျွန်မသူ့ကို ပြန်ပြုံးပြပါသည်။ ကျောင်းတဘက်၊ ကျူရှင်တဘက် အလုပ်ရှူပ်ရင်း တူးမာနှင့် တရပ်ကွက်ထဲ နေတာကိုပင်မေ့နေမိသည်။ တရက် လမ်းမှာတွေ့ မှ ရှစ်တန်းမှာ ရပ်တန့်နေကြောင်း သိရတော့ ကျွန်မစိတ်မကောင်းခဲ့။ သူ့ခမျာ ငယ်ကဆိုးရှာပေမယ့် အခုတော့ သနားစရာဟု ဂရုဏာပင် သက်မိသေးသည်။ ကျွန်မမေမေကတော့ ဗီဇ ဆိုတာ ပျောက်ခဲသည်တဲ့။ မေမေပြောသည့် ဗီဇကို မနှစ်က မြန်မာပြည်ပြန်မှ ကျွန်မတွေ့ခဲ့ရသည်။ ကျွန်မရဲ့ ကစားဖော် တူးမာ။ ကျွန်မ အတွက် တသက်လုံး မမေ့ရက်စရာ အမာရွတ်လေးပေးခဲ့သော တူးမာ။ ကျွန်မမေမေနဲ့အတူ ဈေးလိုက်သွားရင်း မြေပြင်ပေါ်မှာ ပလပ်စတစ်လေး ခင်းပြီး ဈေးရောင်းနေသော တူးမာကို တွေ့ခဲ့ရသည်။ သူ့ဘေးမှာ ဈေးကူရောင်းပေးနေတဲ့ ၅နှစ်အရွယ် ကလေးလေး။ ကျွန်မကို ဝမ်းသာအားရ နှူတ်ဆက်တော့ နင့်သမီးလေးလားမေးမိသည်။ သူက ပြုံးပြီးခေါင်းငြိမ့်ပြသည်။ မေမေက ကျွန်မဆက်လေကြောရှည်နေမည်ဆိုး၍ လက်တို့သည်။ တူးမာ ဘယ်သူနဲ့အိမ်ထောင်ကျသလဲအမေ ဆိုတဲ့အမေးကို မေမေဖြေတော့ ကျွန်မအတော်လေးအံ့သြ သွားမိသည်။ တူးမာ သူ့အမယောင်္ကျားနဲ့ အိမ်ထောင်ကျခဲ့သည်တဲ့။ အိမ်ထောင်ရေး ကစားပွဲမှာ မတရားအနိုင်ယူခဲ့ပြန်ပြီ။ သူ့အမခမျာ တူးမာအိမ်ဖေါ်မှကန်ချ၍ ကလေး၃ယောက်နဲ့ ဒုက္ခရောက်နေသည်တဲ့။ ဖျောက်ရခက်သည့်ဗီဇကို တူးမာနဲ့ကျမှ ကျွန်မ အံ့သြတကြီး ယုံလိုက်မိတော့သည်။
တန်ခူး
5:00pm 11-Mar-2008
တန်ခူး
5:00pm 11-Mar-2008
Monday, February 18, 2008
မိုးခါးရေ
ဒီပန်းချီကားရှေ့မှာ ကျုပ်ရပ်နေတာ တော်တော်ကြာခဲ့ပြီ။ ပိန်းပိတ်အောင်မှောင်နေတဲ့ ဒီပန်းချီကားထဲမှာ တစုံတရာကို တွေ့နိုးနိုးနဲ့ ရှာဖွေနေမိဆဲ။ တခုခုကတော့ သေချာစွာမှားယွင်း နေခဲ့ပြီ။ နံဘေးမှာကျုပ်နဲ့အတူ ဒီပန်းချီကားကိုကြည့်နေတဲ့သူဆီ မေးခွန်းတွေပြိုကျမယ့်ဆဲဆဲ။
"အခုလာနေတာ ဒီပန်းချီကားရဲ့ ပန်းချီဆရာပေါ့"
ဟန်ကျလိုက်တာ။ ကျုပ်ရင်ထဲ အတော်ကသိကအောက်နိုင်လှလွန်းလို့ အန်ချချင်တဲ့ မေးခွန်းတွေကို အတိအကျဆုံးဖြေနိုင်မယ့်သူက အခုလာနေတဲ့ ပန်းချီဆရာကလွဲလို့ ဘယ်သူများဖြစ်နိုင်ဦးမလဲ။ သူအနားရောက်လာတဲ့အခါ ကျုပ်ရှေ့အရင် နံဘေးကလူရဲ့စကားကြောင့် ကျုပ်နှုတ်တွေဆွံ့အသွားတယ်။
"ကွန်ကရက်ကျုလေးရှင်းဆရာ...အတော်ကိုလက်ရာမြောက်ပါတယ်...ပန်းချီကားနာမည်နဲ့လဲ အလွန်လိုက်ဘက်ပါတယ်"
ကျုပ်ကပဲ လွဲချော်နေခဲ့တာလား။ ကျုပ်အစာမကြေတာက အဲဒီပန်းချီကားနာမည်ပါ။ မဲမဲမှောင်မှောင်နဲ့ အဖြူရောင်ဆေးတစက်တောင် စွန်းထင်းမနေတဲ့ ဒီပန်းချီကားနာမည်က "အဖြူရောင်" တဲ့။ ကျုပ်မမှားဘူးဆိုရင် ဒါပန်းချီဆရာရဲ့ လွဲချော်မှုပဲ။ ကျုပ်ဘာမှပြင်ဆင်ချိန် မရခင် လူတော်တော်များများ ဒီပန်းချီကားနား ရောက်လာကြတယ်။ ထူးဆန်းတာက ကျုပ်နံဘေးကလူရဲ့စကားနဲ့ ခပ်ဆင်ဆင်တူတဲ့ ချီးမွမ်းစကားတွေ။ ပန်းချီဆရာကတော့ ချီးမွမ်းသံတွေကြားက သံသယမျက်လုံးတွေနဲ့ ကျုပ်ကို သတိမထားမိရှာဘူး။ ကျုပ်ဘယ်လိုမှ နေမရတဲ့အဆုံး ချောင်းတချက်ဟန့်လိုက်တော့ အားလုံးရဲ့မျက်လုံးတွေ ကျုပ်အပေါ်ပုံကျလာတယ်။ ကျုပ်က ပန်းချီဆရာကိုပဲ တည့်တည့်ကြည့်ပြီး အသိချင်ဆုံးမေးခွန်းကို မေးလိုက်တယ်။
"ပိန်းပိတ်အောင်မှောင်နေတဲ့ ဒီပန်းချီကားကို ဒီနာမည်ပေးထားတာ ရည်ရွယ်ချက်နဲ့လား ဒါမှမဟုတ် မှားယွင်းမှုတခုလား"
မေးခွန်းအဆုံးမှာ ပန်းချီဆရာခဏငြီမ်သက်သွားတယ်။ ပြီးတော့ ကျုပ်ကိုကြည့်ပြီး ရယ်တယ်။ အနားမှာရှိတဲ့ လူတွေအားလုံးကလဲ ဝိုင်းရယ်ကြတာ ရယ်သံတွေက ပန်းချီပြခန်းတခုလုံး ဖုံးလွှမ်းသွားတယ်။ ကြည့်စမ်း။ ဒါဟာ ဘယ်လောက် ခံပြင်းစရာကောင်းတဲ့ အပြုအမူလဲ။ ပန်းချီဆရာဟာ ကျုပ်လုံးဝမျှော်လင့်မထားတဲ့ အဖြေစကားနဲ့ ကျုပ်ကို မတရား အနိုင်ယူဖို့ ကြိုးစားခဲ့တယ်။
"ဒီလောက် ဖြူဖွေးသန့်စင်နေတဲ့ ပန်းချီကားကို မဲမှောင်နေတယ်လို့ မြင်ရတာ ခင်ဗျားရဲ့ ခပ်စုတ်စုတ်နေကာမျက်မှန်တလက်ကြောင့် ဖြစ်မှာပေါ့"
ကျုပ်မျက်လုံးတွေကို ယောင်ယမ်းပြီး စမ်းကြည့်မိတယ်။ မွေးကတည်းက နေကာမျက်မှန်တွေမုန်းတတ်တဲ့ ကျုပ်အကြောင်းကိုတော့ ပန်းချီဆရာကို ပြန်ပြောချင်စိတ်မရှိတော့တာကြောင့် အဲဒီခန်းမထဲက ခပ်သွက်သွက် ထွက်ခဲ့တော့တယ်။
တန်ခူး
3:44PM 18-Feb-2008
Saturday, January 5, 2008
တတိယလူ
ူ "အချစ်ဆိုတာ လှပစွာလွဲမှားခြင်း" လို့ မျက်လုံးကိုမှိတ်၊နားကိုပိတ်ပြီး ဆယ်ကျော်သက်လေးတယောက်လို မဆိုလိုက်ပါနဲ့လား သူငယ်ချင်းရယ်...။ အဲဒီစကားလုံးလှလှတွေရဲ့နောက်မှာ သန့်ရှင်းဖြူစင်တဲ့အချစ်တခု တည်ရှိနေတယ်လို့ ငါဘယ်လိုမှ ယုံကြည်ပေးလို့မရဘူး...။ ငါလဲနင့်လို အနုပညာသမားပေမယ့် ကိုယ်ကျင့်တရားကို ရူးသွပ်စွာအလေးထားတယ်...။ ပိုင်ဆိုင်သူကိုယ်စီရှိလျက်နဲ့ စိတ်သာယာမှူနောက်ကိုလိုက်တဲ့ အဲဒီလို ညစ်ထေးထေးခံစားမှူတွေ နင့်ဆီမှာရောဂါပိုးတခုလို ဘယ်အချိန်ကများ ဝင်ရောက်နှောက်ယှက်လိုက်ပါလိမ့်...။ ကိုယ်ကိုတိုင် ကြည်ကြည်ဖြူဖြူနဲ့ ချစ်ခင်သက်ဝင်လို့ ရွေးချယ်ထားခဲ့သူတယောက်က အခုတော့ နင်နဲ့languageချင်း မတူတော့ဘူးတဲ့လား...။ နင့်ကဗျာတွေ၊နင့်စာတွေက ခံစားနားလည်ပေးတတ်လွန်းသူတယောက်လက်ထဲကျမှ အသက်ဝင်လှူပ်ရှားသတဲ့လား...။ ရင်ခုန်သံတွေ ကာရန်ညီမှ အိပ်မက်တွေချိုမြတယ်ဟာလို့ အိပ်မက်ထဲက နိုးထသူတယောက်လို ယောင်ယမ်းနေတဲ့နင့်ကိုကြည့်ပြီး ငါယူကျုံးမရ ဖြစ်မိတယ်...။ သူငယ်ချင်း...အရာအားလုံးက အစီအစဉ်တကျ နေသားကျနေခဲ့ပြီးမှ ဘာကြောင့်ဖြိုခွဲဖျက်ဆီးပစ်ချင်ရတာလဲ...။
စိတ်ခံစားမှူနောက်ကိုလိုက်တယ်ဆိုရာမှာ စည်း၊ဘောင်တွေရှိသင့်တယ်...။ ဘာသာတရား၊ယဉ်ကျေးမှူ၊ပတ်ဝန်းကျင်ဆိုတာတွေကို မေ့ပစ်ရလောက်အောင် မမိုက်မဲသင့်ဘူး...။ နင့်အတ္တကြောင့်ကျတဲ့ မျက်ရည်တွေကို ငါမုန်းတယ်...။ နင့်ရဲ့အဆိပ်ပြင်းတဲ့ ငြီးငြူသံတွေက ခါးသက်တယ်...။တဆိတ်သူငယ်ချင်းရယ်...ငါက 3rd Party ကိုမုန်းတတ်တယ်...။ ချားလ်မင်းသားနဲ့ကယ်မီလာရဲ့ ကမ္ဘာကျော်ဖောက်ပြန်မှူကို ငါနဲနဲလေးမှ နားလည်ပေးလို့မရသလို၊ ဘရက်ပစ်နဲ့ဂျိုလီရဲ့ ပတ်သက်မှူကိုလဲ ဘယ်လိုမှ လက်ခံပေးလို့မရဘူး...။
"အနုပညာကို မခံစားတတ်တဲ့ မိန်းမတယောက်ရဲ့လက်ထဲက သူ့ဘဝက ငါ့ဘဝလိုပဲ ခြောက်ခြောက်သွေ့သွေ့နိုင်လှတယ်" ဆိုတဲ့နင့်စကားက ချမ်းမြေ့နေတဲ့ မိသားစုနှစ်ခုကို ဓားချွှန်ချွှန်နဲ့ ရက်ရက်စက်စက် မွှေနှောက်စေတဲ့စကား၊ လူမသိသူမသိ ဖောက်ပြန်တတ်သူတို့ရဲ့ဆင်ခြေလို့ ငါပြောရင်နင်စိတ်ဆိုးမှာလား...။ ဒါရုပ်ရှင်မင်းသမီးစာရေးဆရာမတယောက်ရဲ့ ပေါ့ပျက်ပျက်ဝတ္ထုတပုဒ် မဟုတ်ဘူး...။ ဘဝစစ်စစ်တွေ...။ ငါကတော့ အမျိုးကောင်းသားသမီးလေးတွေ အဆိပ်အတောက်ဖြစ်စေမယ့် အဲဒီလိုဖောက်ပြန်မှူမျိုး ဝတ္ထုထဲမှာတောင် အားမပေးဘူး...။ အနုပညာကို ခုတုံးလုပ်ပြီး ခံစားလွယ်တဲ့နှလုံးသားကို လွဲမှားစွာ အသုံးမချသင့်ဘူးနော်...။ စေတနာမျိုးစေ့မှန်မှ အပင်သန်မယ်...။ ကိုယ်ကိုတိုင်က မသန့်ရှင်းမစင်ကြယ်ရင် ကိုယ်ဖန်တီးတဲ့အနုပညာက ဘယ်လိုများမွန်မြတ်နိုင်မလဲ...။ ချစ်တဲ့သူငယ်ချင်း...အနှစ်နှစ်အလလက ပြုစုပျိုးထောင်ပေးခဲ့ရတဲ့ မိသားစုဘဝလေးဟာ ဘာမဟုတ်တဲ့ အမှိုက်ကလေးတစကြောင့် ပြာမကျသင့်ဘူးနော်...။ လျော့ရဲရဲတွဲထားတဲ့လက်တွေ ပြန်ပြင်ပြီး ခိုင်ခိုင်မြဲမြဲ တွဲလိုက်ပါ သူငယ်ချင်း...။ နင့်နံဘေးက ဘဝလက်တွဲဖော်စစ်စစ်က ကဗျာတွေ၊စာတွေမဖွဲ့တတ်ရင်သာနေမယ်၊ သစ္စာမေတ္တာနဲ့ နင့်ဘဝကို တသက်လုံး လုံခြုံမှုပေးမယ့်သူဆိုတာ သံသယကင်းကင်းနဲ့ ယုံလိုက်ပါနော်...။
တန်ခူး
2:42AM 5-Jan-2008

Wednesday, December 26, 2007
စိတ်ကူးထဲကအိမ်ကလေး

ချစ်သူရေ...
ဘဝဆိုတာ ဆေးစက်ကျရာ အရုပ်ထင်သလို စိတ်ကူးသက်သက်နဲ့သာ တည်ဆောက်လို့ရရင် ဘယ်လောက်များ ငြိမ်းချမ်းလိုက်မလဲနော်...ချစ်သူနဲ့ကျွန်မ တခါတခါ မျက်လုံးလေးမှိတ်ပြီး အဲဒီစိတ်ကူးယဉ်ဘဝလေးထဲ ခဏအလည်သွားကြတယ်...
မြို့ပြရဲ့မွန်းကြပ်ကြပ်အနံ့တွေနဲ့ ခပ်ဝေးဝေးက တိတ်ဆိတ်ငြိမ်းချမ်းတဲ့ တောင်ပေါ်မြို့လေးမှာ ချစ်သူရယ်၊ကျွန်မရယ် ပြီးတော့ ကျွန်မတို့ရဲ့အိမ်ဆည်းလည်းလေးသားလေးရယ် အတူနေကြတယ်... တစ်ထပ်သစ်သားအိမ်သေးသေးလေးရဲ့ခေါင်မိုးပေါ်မှာ ချစ်သူ့လက်ရာ ဗူးနွယ်၊ဖရုံနွယ်တွေနဲ့ ဖုန်းလွှမ်းစိမ်းမြလို့နေတယ်...အိမ်ရှေ့က ကျွန်မပန်းခင်းလေးကတော့ အရောင်အသွေးစုံစွာနဲ့ မြင်ရသူရင်ကို ကြည်နူးစေတယ်...စပါယ်၊ကြက်ရုံး၊ယုဇန၊ဇီဇဝါ၊သနပ်ခါးပန်းလေးတွေရဲ့ ချစ်စရာရနံ့လေးတွေက ခြံဝင်းထဲမှာရော၊အိမ်လေးထဲမှာပါ ထုံသင်းမွှေးပျံ့နေတယ်...ခြံထောင့်က ပိတောက်ပင်ရိပ်လေးမှာ တန်းလျားဖြူဖြူလေးရယ်၊သားရဲ့ဒန်းဝါဝါလေးရယ် ရှိတယ်… အိမ်နောက်ဖေးမှာတော့ ကျွန်မကစိုက်ပျိုး၊ချစ်သူက မြေဆွပေါင်းသင်ရေလောင်းထားတဲ့ ခရမ်း၊မုန်ညှင်း၊မုန်လာ၊ရုံးပတီ၊ငရုတ်၊ချဉ်ပေါင်၊ကန်စွန်း စတဲ့သီးနှံတွေဝေဝေဆာဆာနဲ့ စိုက်ခင်းလေးရှိတယ်…
အချိန်တန်ရင် အိမ်လေးထဲမှာ ချစ်သူရဲ့ကလေးတွေကို စာပြတဲ့အသံတွေနဲ့ စည်ကားလို့နေတယ်...ကျွန်မကတော့ ချက်ပြုတ်ပြီးတာနဲ့ ခန်းစည်းစဝါဝါလေးနဲ့ပြူတင်းနံဘေးက စားပွဲမှာ စာတွေ၊ကဗျာတွေ သီဖွဲ့လို့နေတယ်... ကဲ...ဘယ်လောက်ငြီမ်းချမ်းပြီး ချစ်စရာကောင်းတဲ့ ချစ်သူနဲ့ကျွန်မရဲ့ အသက်မွေးဝမ်းကြောင်းလေးလဲနော်...
ညနေဆို ခပ်လှမ်းလှမ်းက ကျောင်းကလေးမှာ သားလေးဆီ ချစ်သူကစက်ဘီးလေးနဲ့သွားကြိုတယ်...သားလေးပြန်ရောက်လာတော့ အိမ်လေးထဲမှာ သားအသံတွေဝေဆာပြီး ပိုအသက်ဝင်လာတယ်...ခြံထွက်သီးနှံလတ်လတ်ဆတ်ဆတ်နဲ့ ကျွန်မလက်ရာ မိသားစုထမင်းဝိုင်းလေးက တကယ်ကို မြိန်လျှက်လှပါတယ်.. ညနေခင်းနေချိုချိန်ဆို လေကောင်းလေသန့်ရှူရှိုက်ရင်း ကျွန်မနဲ့ချစ်သူက တန်းလျားလေးပေါ်ထိုင်လို့ သားလေးဆော့ကစားကိုကြည့်ပြီး ကြည်နူးကြတယ်… အေးမြတဲ့လရောင်အောက်မှာ ချစ်သူကဂီတာလေးတီးပြီး ကျွန်မနဲ့သားလေးနဲ့က သီချင်းအေးအေးလေးတွေဆိုကြတယ်...ညအိပ်ရာမဝင်ခင် မိသားစုဘုရားဝတ်တတ်သံလေးက အိမ်လေးထဲမှာ ကျက်သရေရှိစွာ ပျံ့လွင့်နေတယ်...
ချစ်သူရေ...စိတ်ကူးကလန့်နိုးလာတဲ့အခါ...
မွန်းကြပ်တဲ့အခန်းကျဉ်းလေးရယ်၊ကားသံလူသံဆူညံညံနဲ့ မြို့ပြရဲ့အနံ့တွေရယ် ၊ရေခဲသေတ္တာထဲကခဲနေတဲ့အသားတွေရယ်၊မြေကြီးနဲ့မစိုက်တဲ့ ပေါ့ရွှတ်ရွှတ်ဟင်းရွက်တွေရယ်၊ဧည့်ခန်းကျဉ်းကျဉ်းက TVရှေ့မှာ ကာတွန်းကားနဲ့အဖေါ်လုပ်နေရတဲ့ သားလေးရယ်၊ဖော်ရွေမှူကင်းတဲ့ ခံစားချက်ဗလာမျက်နှာတွေနဲ့ ချစ်သူရော၊ကျွန်မပါ လူစင်စစ်က ပိုက်ဆံရှာတတ်သော စက်ရုပ်တွေဘဝ ပြန်ရောက်သွားကြတယ်...
ချစ်သူရေ...အဆင်သင့်ဖြစ်ရင်ပြောပေါ့...အလိုရမ္မက်တွေ၊ဖန်တီးလုပ်ယူမှူတွေ၊ရုပ်ဝတ္ထုတိုးတက်မှူတွေနောက် အငမ်းမရလိုက်နေရတဲ့ ဒီဘဝကြီးထဲက အပြီးရုန်းထွက်လို့ စိတ်ကူးထဲကအိမ်ကလေးထဲ အတူသွားကြစို့...
တန်ခူး
10:30PM 26-Dec-2007

Subscribe to:
Posts (Atom)