++++++++++
ကွန်ပြူတာမှာ အာရုံစိုက်နေရင်း ကိုယ့်ဂုတ်ကို တစုံတယောက်က တို့လိုက်တော့ လန့်ပြီးနောက်လှည့်ကြည့်မိသည်။ နာမည်ခေါ်လျှင်ရပါလျှက် ဒီလိုလက်ပါတတ်သူတွေကို နဲနဲမှ သည်းမခံနိုင်။ ဒေါသတကြီးပြန်ကြည့်မိသူက ဒီဌာနရဲ့ အကြီးဆုံး။ ဘာကိစ္စလဲလို့မေးလိုက်ပေမယ့် မျက်နှာက ဘယ်လိုမှ ဟန်ဆောင်မရ။ ထုံးစံအတိုင်း ရင်ထဲက စကားလုံးတွေ ထွက်ကျကုန်သည်။ "ကျွန်မကိုနောက်တခါ စကားပြောရင် လက်မပါပါနဲ့"။ အလုပ်ပြုတ်လဲ ပြုတ်စေတော့။ တခါတလေ အစည်းအဝေးခန်းမှာ နံဘေးက မိန်းခလေးပခုံးကို ဖက်ပြီးဆွေးနွေးတတ်သည့် သူ့အကျင့်ကြောင့် ဘယ်လိုမှ လေးစားလို့မရ။ ပွင့်လင်းဖော်ရွေမှူနှင့် လက်ရဲဇက်ရဲရှိမှူက ရောချလို့မရအောင် အဓိပ္ပါယ် အတော်ကွာပါသည်။ အဲဒီကစလို့ ကိုယ့်ကို လက်မပါရဲတော့။ ဒါပေမယ့်လာဘ်စားမှူဖြင့် သူပြုတ်သွားသောအခါမှ ကြောလုံစွာ အလုပ်လုပ်လို့ရခဲ့သည်။ ++++++++++
ဆံပင်ပုံအသစ်နဲ့ အထက်အရာရှိကိုတွေ့တော့ ဘာပြောရမှန်းမသိ။ တွန့်လိမ်ဆံပင်တွေကို တယုတယကိုင်ရင်း ကိုယ့်ဆီက စကားတခွန်း မျှော်လင့်နေပုံရသည်။ မတတ်သာသည့်အဆုံး "ဆံပင်တွေကောက်လိုက်တယ်နော်"ဟု အသိအမှတ်ပြု သဘောမေးလိုက်သည်။ "နုသွားတယ်" (သို့) "ပိုလှလာတယ်" စသဖြင့် နောက်ဆက်တွဲလေး ပါသင့်သော်လည်း အရင်က ဆံပင်စင်းစင်းလေးကသာ သူနဲ့လိုက်ဘက်တာမို့ ကိုယ့်နှူတ်တွေခပ်လေးလေး။ မျှော်လင့်ထားသည့် စကားတခွန်း မဟုတ်တော့ သူ့မျက်နှာ အီလည်လည်နှင့် "ဟုတ်တယ်၊ ဒေါ်လာ၂၀၀ တောင်ပေးရတယ်" လို့ဖြေသည်။ နဲတဲ့ပိုက်ဆံမဟုတ်။ တခုခုတော့ ဆက်ပြောသင့်တယ်လို့ စဉ်းစားတုန်း ကယ်တင်ရှင်တွေ ရောက်လာကြသည်။ "ဟယ်...လှလိုက်တာ" "အဲဒီအကောက်လေးတွေ ခုခေတ်စားနေတာ" "အရောင်လေးကမင်းနဲ့လိုက်မှလိုက်"။ အရာရှိမျက်နှာ လမင်းကြီးလို ဝင်းပသွားသည်။ လိုချင်မှန်းသိလျက်နဲ့ မပေးမိတာ အစစ်အမှန် မဟုတ်လို့ပါလို့ တယောက်ထဲ ကြိတ်ပြောမိ သည်။ သွေးအေးသွားမှ ဒေါ်လာ၂၀၀ ကုန်စရာမလိုပဲ နဂိုအဆင်ပြေနေသည့် အကြောင်းပြောမယ်လေ။ ခင်ပွန်းသိရင်တော့ စကားလေးတခွန်းတောင် ဆိုဖို့ ခေါင်းမာသူက ဘယ်လိုလုပ် အရာရှိအချစ်တော် ဖြစ်မလဲဟု ဝေဖန်လိမ့်မည်။ ++++++++++
တခါတလေကျတော့ ခံစားမှူတွေ ပြင်းထန်လာတဲ့အခါ အားစိုက်စရာမလို စကားလုံးတွေ ပြိုဆင်းလာတတ်သည်။တခါတလေကျတော့ ပြောသင့်တဲ့စကားလုံးတွေက လက်တွေ့နဲ့ကွဲလွဲနေတဲ့အခါ ကိုယ့်နှုတ်တွေ ဆွံ့အသွားတတ်ပြန်သည်။
တန်ခူး
5:46pm 25 Jan 2008