Monday, December 14, 2009

အဲဒီ့ညနေ

ပေါက်တဲ့အိုးကိုလဲ ရေထပ်ဖြည့်ဖို့  မကြိုးစားပါနဲ့ တဲ့… ပြောရက်လိုက်တဲ့ အေသင်ချိုဆွေရဲ့တေးသွားတွေ လဘက်ရည်ဆိုင်က လျှံကျလာတယ်…
အလှပြင်ဆိုင်က ကောင်မလေးတွေ သီချင်းလေး ညည်းရင်း ခေါင်းလျှော်ပေးနေတယ်…
ကမ္ဘာကြီးပဲ ပူနွေးလာလို့ လား… ရန်ကုန်ဆောင်းကပဲ နေကောင်းရုံချမ်းလို့ လား…
လိပ်ပြာလေးတွေ လက်လေးလုံးဘောင်းဘီတိုလေးတွေနဲ့ ….
ဘီယာဆိုင်က အဆီပြန်မျက်နှာနဲ့  အန်ကယ်ကြီးတွေ… အန်ကယ်လေးတွေ မျက်လုံးတွေ လိပ်ပြာလေးတွေရဲ့ ခြေတံသွယ်သွယ်လေးတွေနောက်…
လိပ်ပြာလေးတွေ ရာခိုင်နှုန်းပြည့်ခေတ်မှီကြပါစေ…
ဘီယာဆိုင်ထဲက အသိအကိုကြီးတယောက်… သူ့ ဘေးမှာ မနှစ်ကတယောက် မဟုတ်တော့ဘူး…
တို့ အချစ်က နံပါတ်တစ်တဲ့… ညာနေတာ… သူ့ နံပါတ်တစ်အချစ်က ကလေးတွေ တရုံးရုံးနဲ့  အသက်ကြီးမှ ရုန်းကန်နေရတဲ့ (အသက်၁၆နှစ်ကတည်းက ရူးရူးမူးမူးချစ်လို့  လက်တွဲခဲ့တဲ့) အမကြီး…
ကောင်မလေးရေ မျက်တောင်တုလေး တဖြတ်ဖြတ်နဲ့  ယုံပြနေရတာကိုက အလုပ်လုပ်နေတာတဲ့လား…
နိုင်ငံတကာမှာ ၀င်ငွေကောင်းခဲ့တဲ့ 2012 တင်နေတဲ့ရုံရှေ့  ခပ်ခြောက်ခြောက်…
သူ့ ဘေးက မြန်မာဟာသကားမှာ ကြိတ်ကြိတ်တိုး…
သြော်… ရယ်ချင်လို့  ပိုက်ဆံပေးရတဲ့ ဘ၀တွေ….
တထောင်ဖိုး ၃ခွေ ကိုးရီးယားပေးပါ… မြန်မာစာတန်းထိုးနော်… သတိ…ကော်ပီရိုက်… ဘာတွေလာပြောနေတာလဲ…
မြန်မာပြည်က ကိုရီးယားမလေး ၀တ်မှုန်ရွှေရည်က ပိုစတာထဲက ပြုံးပြနေတယ်...
မုန့် ဟင်းခါးတပွဲပေးပါ… အိုးဘဲဥထည့်… အီကြာကွေးထည့်…
ဟိုဘက်က ရေမြောင်းကြီးထဲ ကြွတ်ကြွတ်အိတ်တွေနဲ့  အမှိုက်တွေ ကျွန်းမျောကြီးလိုပဲ… လေသင့်တော့ ရနံ့ လေးကလဲ သင်းလို့ …
ပေါ်လူးရှင်း… နားစမ်းပါ… ဟင်းရည်နဲနဲပေးပါ… ငှက်ပျောအူလေးထည့်….
ဟယ်… မိုးဟေကိုမှတ်လို့  ကြည့်နေတာ… သူ့ ဘေးက ကောင်ကလေးက တစိမ့်စိမ့်ကြည့်နေလိုက်တာ… ကောင်ကလေးအချင်းချင်းလို့ မေ့လောက်စရာ…
ခေတ်မှီတယ်နော်… ကရိဝိတ်မှာ ခပ်မိုက်မိုက် ကောင်လေးနဲ့ ကောင်လေး အတွဲတတွဲ…
အဲဒီလို အတွဲတွေ မနှစ်က သိပ်မတွေ့ ရပါဘူး…
HIV… မပူပါနဲ့  … သူတို့ က HIVနေ့ အထိမ်းအမှတ်တွေတောင် လုပ်နေတာပဲ… ဒီလောက်တော့ knowledgeရှိမှာပါ…
ပြီးတော့… အီးမေးလ်ခဏ၀င်ချက်…
အကိုကြားရလား… ညီမပါ… ညီမအကိုဆီလိုက်လာဖို့  ကိစ္စပြောချင်လို့ ပါတဲ့…
နံဘေးနားက ကောင်မလေးက မျက်နှာလှလှလေးပြင်ပြီး ဟိုဘက်က တယောက်ကို ချွှဲချွှဲလေးပြောနေတယ်…
ဂျီမေးလ်ကလဲ နှေးနေတော့ နားမထောင်မိပါပဲ ကြားနေရတယ်…
ချာတိတ်… ချာတိတ်… ကိုယ့်အသံကြားရလား…
အိုး… ဟိုဘက် ဒီဘက်… romantic… ကိုယ့်ကိုယ်ကို ရုပ်ရှင်ရုံထဲ ရောက်သွားသလား ထင်ရတယ်…
www.laynuaye.blogspot.com... ၀င်မရဘူး… ခဏနားလိုက်ဦး လေနုအေးရေ…
၃၁ ဘိုးဘိုးဘတ်စ်ကြီး က ကိုယ့်ကို ပြုံးပြတယ်… ခုထိကျန်းမာနေဆဲ…
ဆောင်းညနေက အကုန်မြန်လွန်းတယ်…
အိမ်ဘေးက ကွမ်းယာဆိုင်တောင် သိမ်းလို့  ကောင်ကလေးတွေ ဂီတာတီးဖို့  ပြင်နေကြပြီ…
ကျောင်းပြီးပြီလား… အဝေးသင်ပြီးတာ ၂နှစ်ရှိပြီ…
ဘာလုပ်နေသလဲ… အလုပ်ရှာနေတုန်းပဲ…
မနှစ်ကတုန်းကလဲ ဒီမေးခွန်းမေးတော့ ဒီအဖြေပဲထွက်တာ မေ့မေ့လျော့လျော့…
အိမ်ထဲဝင်တော့ မျှော်နေတဲ့ အဖေနဲ့ အမေ…
ဘာပဲဖြစ်ဖြစ် အဲဒီလို မျှော်သူရှိတဲ့ အမေ့အိမ်ကို ပြန်ရတဲ့ ညနေခင်းလေးတွေကို ဆွဲဆန့် ချင်သား…

တန်ခူး
11:48am 14-Dec-2009