Monday, June 24, 2013

ဘ၀ချိုချိုအချစ်ခါးခါး





“အရင်တုန်းက ဒီလမ်းလေးက ချစ်သူလာရာလမ်းလေးပေါ့… ဟိုးကန်တင်းဘက်က ချစ်သူပုံရိပ်လေးများ ခပ်ရေးရေးတွေ့ ရပြီဆို ငါ့ခြေဖျားလက်ဖျားတွေ အေးစက်လာတာ… ချစ်သူအနားရောက်လာတော့ မပြတ်သားတဲ့ချစ်သူ့ အကြည့်တချက်နဲ့ တင် ငါ့နေ့ ရက်တွေအသက်ဝင်သွားပြန်ရော… ရူးခဲ့တဲ့အချိန်တွေပေါ့နော်… ပြန်တွေးကြည့်တော့ အဲဒီခံစားမှုလေးတွေ လွမ်းစရာတော့ကောင်းသား… အရပ်ရှည်လွန်းလို့  လမ်းလျှောက်ရင် ခပ်ကိုင်းကိုင်းလေးဖြစ်နေတာကိုက ရင်ခုန်မိနေတာ”

ခံစားချက်သမားမွန်က ဟိုးတုန်းကလို သူ့ ခံစားချက်တွေကို ကဗျာတပုဒ်ရွတ်သလို ရွတ်ပြနေတော့ ကိုယ်တို့ အားလုံး အသက်တွေ ထက်ဝက်လောက်ငယ်သလို ခံစားသွားရတယ်။ မွန်မို့  အဲလိုလေးတွေပြောနေပြီဆို စာရေးဝါသနာပါတဲ့ကိုယ်က မွန့် မျက်လုံးလေးတွေကိုငေးပြီး စိတ်ကူးနဲ့ ဝတ္ထုတပုဒ်ဖြစ်ရော။ ဒီလိုပါပဲ မွန်ရဲ့တိတ်တခိုးချစ်သူနဲ့ မွန့် ဇာတ်လမ်းက ဒီနေရာတင်ရပ်တန့် လို့  ရှေ့ လည်းမတိုး နောက်လဲမဆုတ်နဲ့ ဇာတ်တငံ့ငံ့ဖြစ်ခဲ့တာ နောက်ဆုံးနှစ်အထိပါပဲ။ တခါတလေ စိတ်မရှည်လို့ မွန့် ချစ်သူဆိုတဲ့သူကို မျက်နှာချင်းဆိုင်သာမေးလိုက်ချင်ရဲ့။

“မွန်အဲလိုတွေခုထိပြောနေတုန်းဆိုတော့ နင့်ယောင်္ကျားက သ၀န်မတိုဘူးလား”

“နင်တို့ နဲ့ လဲတွေ့  ကျောင်းကြီးလဲပြန်ရောက်မို့  စမြုံ့ပြန်ရုံသက်သက်ပါဟာ… ငါ့မယ် တနေ့ တနေ့ ကလေးသုံးယောက်နဲ့ လုံးလည်လိုက်နေတာ… ချစ်သူဆိုတာ ဘယ်ချောင်ရောက်နေမှန်းမသိပါဘူး… ဒါပေမယ့် ခုချိန်များ သူနဲ့ တွေ့ ရင် ၀ိုင်းစုသီချင်းထဲကလို မေးတော့မေးချင်သား… ချစ်ခဲ့ဖူးသလားဖြေပါလို့ ”

၎ဂဏာန်းladyတွေလို မဟုတ်ပဲ ဆယ်ကျော်သက်လေးတွေလို ပေါ့ပေါ့ပါးပါးရယ်မိကြတယ်…။

“မွန်.. တကယ်မေးမှာလား… ဟိုမှာနင့်ချစ်သူမဟုတ်လား.. အဲလောက်ဝနေတာတောင် လူကကိုင်းနေတုန်း"

တူးပြတာကို ကိုယ်တို့ အားလုံးဝိုင်းကြည့်မိပြီး ဘာစကားမှ မဆိုနိုင်။ မွန့် ချစ်သူက ငယ်ငယ်ကလို ပိန်ပိန်မဟုတ်။ လူဝကြီးအကြီးကြီးဖြစ်နေတယ်…။ သူ့ ဇနီးလို့ ထင်ရတဲ့ သူကလဲ သူနဲ့ ဆိုက်တူဂိုက်တူ။ ပြီးတော့ ကလေးလေး၃ယောက်ကလဲ အကြီးကြီး။ ကားကြီးအကြီးကြီးပေါ်က ဆင်းလာကြတာ ယိမ်းကတဲ့အတိုင်း။

"ဘုရားရေ… တကယ်ကြီးပါလား”

မွန်ခမျာ အသံတောင်သေးသေးလေးကျန်တော့တာ။

“ချစ်သူလာရာလမ်းကနေ ချစ်သူတကယ်လာနေပါရောလား မွန်ရေ… ချစ်ခဲ့ဖူးသလားဖြေပါ..မေးဦးမလား”

“တော်ပြီ… ဒီဇာတ်လမ်းဒီမှာဇာတ်သိမ်းကြစို့ ”

မွန့် ရဲ့လက်ကလေးတခါခါနဲ့ ငြင်းလိုက်တာကြောင့် ကိုယ်တို့ အားလုံး အားရပါးရရယ်မိတော့တယ်။ ဘ၀အမောတွေတောင် လွင့်စင်သွားသလားထင်ရဲ့။

******************************************************************

“မှတ်မိလား ထက်… ငါတို့ နှောက်ဆုံးနှစ်က ဒီနေရာလေးမှာပဲထိုင်ပြီး အချစ်အကြောင်းပြောခဲ့ကြတာ… အဲဒီတုန်းက ငါ့မှာပြောစရာကို မရှိအောင် အချစ်နဲ့ က သူစိမ်းသက်သက်”

“သိပ်မှတ်မိတာပေါ့… အဲဒီတုန်းက တို့ အားလုံးက နင့်ကို အပျိုကြီးဖြစ်ဖို့ ၈၀%လောက်လို့  တပြိုင်နက်ထဲ ထင်ကြေးပေးကြတာ… ”

တူးက သူ့ ပါးချိုင့်ခွက်လေးတွေပေါ်အောင် ပြုံးတယ်…။ တိုင်းလုံးကြီးတွေနဲ့  Main Buidling ခပ်စောင်းစောင်းလေးရယ် တရုတ်စကားပင်ကလေးရယ်… ပြီးတော့ ABCDအဆောင်တွေရယ် ကျောင်းအ၀င်ကားလမ်းလေးရယ်နဲ့  ဒီမြင်ကွင်းလေးကို အားလုံးက ကြိုက်လွန်းလို့  ဒီနေရာလေးမှာ လူရှင်းချိန်ဆို အတူဆုံအတူထိုင်ခဲ့ကြတာ…။ အဲဒီတုန်းက စာရေးဖို့ ဇာတ်လမ်းရှာတတ်တဲ့ ကိုယ့်အသံက ညံတတ်သလောက် ယောင်္ကျားလေးတွေကို စကားပြောရမှာကို ကြောက်တတ်တဲ့ တူး အသံက အတိတ်ဆုံး။ ခုတော့လဲ တူးကချစ်စရာ၀၀ကစ်လသားသားလေးနဲ့  အရိပ်တကြည့်ကြည့်ဂရုစိုက်တတ်တဲ့ ခင်ပွန်းနဲ့ ။

“ဘာပဲဖြစ်ဖြစ် နင့်အမျိုးသားက နင့်ကို အရမ်းဂရုစိုက်တာနော်…ကလေးကိုလည်းချစ်လိုက်တာတုန်လို့ … နင်ကံကောင်းပါတယ်တူးရယ်”

“ခုထိပေါ့ဟယ်… အနာဂတ်ဆိုတာ ကြိုမြင်နိုင်တာမှမဟုတ်တာ… ရယ်စရာကောင်းတာက မိန်းမတယောက် အသက်၄၀ကျော်မှ သင့်တော်တဲ့လူပျိုလူလွတ်တယောက်နဲ့  အိမ်ထောင်ပြုတာကို ကဲ့ရဲ့တတ်ကြပြီး ပေါ်တင်ကိုအိမ်ထောင်ရေးဖောက်ပြန်လာတဲ့ယဉ်ကျေးမှုပျက်ယွင်းမှုကျတော့ မသိချင်ယောင်ဆောင်ပြီး ယဉ်ပါးနေကြတာ… ငါ့မှာ ဘာကိုယ်ကျင့်တရားမှ မဖောက်ပြန်ပဲ ကိုယ်နဲ့ သင့်တောင်တဲ့သူနဲ့ အိမ်ထောင်ပြုတာကို အတော်ကဲ့ရဲ့ခံလိုက်ရတာ… ရယ်စရာမကောင်းဘူးလား”

အမြဲအေးအေးနေတတ်တဲ့ တူးဆီက အဲဒီလို ကြားရတော့ အပြုသဘောနဲ့ မြင်ရမယ့် ကိစ္စကို အပျက်သဘောနဲ့ မြင်တတ်တဲ့ လူတချို့ ကို ကိုယ်အားမလိုအားမရမချင့်မရဲဖြစ်မိတယ်…။ ဟုတ်ပါရဲ့…။ ခုနလေးတင် သူငယ်ချင်းယောင်္ကျားလေးတယောက်ကို ၀ိုင်းနောက်နေတာကြားလိုက်မိတယ်…။ ဟေ့ကောင်… မင်းဘယ်နှစ်ယောက်ရှိပြီလဲတဲ့…။ ဒီလို စကားမျိုးကို စနောက်လာတဲ့အထိ ယဉ်ပါးလာကြတာလေ။

“တူးရေ… ငါကတော့ ပတ်ဝန်းကျင်တန်ဖိုးဖြတ်မှုကို သိပ်ဂရုမစိုက်ဘူး… ကိုယ့်ဘာသာပဲတန်ဖိုးဖြတ်တယ်… ကိုယ့်စိတ်ကိုယ်ကိုယ်ဆန်းစစ်တယ်.. စိတ်ဓါတ်အဆင့်အတန်းမြင့်အောင်ကြိုးစားတယ်…”

ထက်ပြောတာကို အပြည့်အ၀ထောက်ခံမိတယ်..။ ထက်က နာမည်နဲ့ လိုက်အောင် အတွေးထက်အလုပ်ထက်သူ…။ ထက်လွန်းလို့ တစုံတယောက်က သူ့ ကို ချန်ထားခဲ့သည်တဲ့…။ အဲဒီတုန်းက ထက်ရယ်သံကို ခုထိအလွတ်ရတုန်း…။

******************************************************************

“ကို့ … ထီးကြီးက ဖွင့်လို့ မရဘူး… ကျပ်နေတယ်… ဒီလောက်နေပူကြီးထဲမှာ မီးလမ်းမလျှောက်ဖူး.. အသားတွေမဲကုန်လိမ့်မယ်… ကားဆီရောက်အောင် ထီးဖွင့်ပေး”

“ဖွင့်ပေးမှာပေါ့ကလေးရဲ့… ကဲ..ဒီမှာရပြီ”

ခုခေတ်စားနေတဲ့ မင်းသမီးဝတ်မှုံရွှေရည်လို အသံကွဲအက်အက်လေးချွဲချွှဲလေးကြောင့် ကိုယ်တို့ အားလုံးတိုင်ပင်စရာမလို အသံလာရာဆီ စပ်စုမိကြတယ်…။

“ပလုတ်တုတ်”

ထက်ရဲ့အံ့သြသံလေး တိုးတိုးလေးထွက်လာတယ်…။ ကောင်မလေးပုခုံးလေးကိုဖက် ထီးလေးမိုးပေးနေတဲ့ လူတယောက်…။ မသိရင်တော့ လူမင်းနဲ့ ဝတ်မှုန်ရွှေရည်အချစ်ကားလေးရိုက်နေတယ့်ပုံ။ အဲဒီခြေလှမ်း.. အဲဒီဟန်.. အဲဒီအသံကြားလိုက်မြင်လိုက်တာနဲ့  ကိုယ်တို့ အားလုံးအလွတ်ရလောက်အောင် ရင်းနှီးခဲ့တဲ့ ကိုယ်တို့ ရဲ့သူငယ်ချင်းအရင်း ခေါက်ခေါက်ကြီးပါ။ ပြီးတော့ ထက်ကို ထက်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့  ချန်ထားခဲ့တာလို့ ပြောတတ်သူ။

“ထက်… ကိုယ့်ထီးကို ကိုယ့်ဘာသာဖွင့်နေသမျှ နင်တသက် ယောင်္ကျားမရဘူးမှတ်”

“ဟား….ဟား…ဟား…. ယောင်္ကျားမရရင်နေပါ… ထီးလေးဖွင့်ဖို့ အတွက်သက်သက်နဲ့ လဲ ဘယ်ယောင်္ကျားမှ လက်မထပ်တဲ့ အင်ဂျင်နီယာမပါဟ”

တကယ်တော့… ထက်က ခပ်ထက်ထက်ဆိုတာ သူတင်မဟုတ် လူတိုင်းသိတာပဲ။ ခပ်ထက်ထက် မိန်းမတယောက်ကို မလွှဲသာမရှောင်သာ ချစ်မိပြီး အိမ်ထောင်ဘက်အဖြစ်ရွေးချယ်လို့  မသင့်တော်ဘူးဆို တယောက်ထဲအဆိုသွင်း တယောက်ထဲငြင်းချက်ထုတ်ပစ်ခဲ့သူ။ အဲဒီတုန်းက ထက်က ခပ်ကျယ်ကျယ်အော်ရယ်ပြီး နင်ကရွေးချယ်ခဲ့ရင်တောင် ငါကလက်ခံမလားဆိုတာ ပြန်စဉ်းစားဦးလို့  ခပ်ရဲရဲကို ပြောဖြစ်ခဲ့တာ။ သူတိုင်းတဲ့ပေတံနဲ့ တိုင်းပြီး ယောင်္ကျားတယောက်ရဲ့ အိမ်ထောင်ဖက်ရွေးချယ်မှုဟာ ကိုယ်ပြောသမျှယုံ ကိုယ့်ဆုံးဖြတ်တာပဲနာခံ အသေးအဖွဲကအစ ကိုယ့်သာအားကိုးမှ ဇနီးကောင်းလို့  သတ်မှတ်ရင်တော့ နေရာတကာ ကိုယ့်အားကိုယ်ကိုး ကိုယ့်ဘာသာဖြန့် ကျက်တွေး ကိုယ့်ဘာသာလေ့လာတတ်ဖို့  လေ့ကျင့်ပေးလာတဲ့ ကိုယ်တို့ လိုအင်ဂျင်နီယာမတွေက ဇနီးကောင်းမဖြစ်တော့ဘူးပေါ့။ ကိုယ်တို့ အားလုံး မတိုင်ပင်ပဲ ၀ါးလုံးကွဲရယ်မိကြတယ်။

******************************************************************

“တကယ်လို့ များ… အဲဒီညနေက သူ့ မျက်ရည်တွေဆီမှာ ငါမပျော်ဝင်ခဲ့ရင်… ပြီးတော့ ဥပေက္ခာပြုနိုင်တဲ့ အင်အားတွေရှိနေခဲ့ရင် ဒီအချိန်မှာ ဒီလိုခါးသီးမှုတွေ မရှိပဲ နင်တို့ လို့  ပေါ့ပေါ့ပါးပါး ရယ်မောနိုင်မလားပဲနော်”

ဟိုးအဝေးက မှုန်ပြပြကျောင်းအ၀င်ကားလမ်းလေးကို ငေးပြီး ငြိမ်းက တိုးတိုးလေးညည်းတော့ ကိုယ်တို့ ရင်ထဲမှာ ငြိမ်းမငြိမ်းနိုင်သလို ထပ်တူပါပဲ…။ အဲဒီတုန်းက ငြိမ်းအငြင်းကို ကြေကွဲပေါက်ကွဲနေခဲ့တဲ့ ကောင်လေးတယောက်။ ရှပ်အဖြူလေးအမြဲဝတ်တတ်တဲ့ သူ့ ရဲ့ရိုးသားတဲ့ပုံရိပ်လေးရယ် ခေါင်းလေးငုံ့ ပြီး ငြိမ်းအရိပ်လို ငြိမ်းနောက်သာ တကောက်ကောက်လိုက်တတ်တာရယ်… ငြိမ်းများ ညူစူလိုက်ရင် နေစရာမရှိသလို မျက်နှာလေးငယ်သွားတတ်တာရယ်… အဲဒါတွေ အကုန်လုံးဟာ အချစ်လို့  ကိုယ်တို့ အတူတူထောက်ခံခဲ့ကြတာ…။ ငြိမ်းအရိပ်တကြည့်ကြည့်နဲ့  ငြိမ်းငြိုငြင်မှာအမြဲစိုးနေတတ်တာမို့ … ငြိမ်းကိုဘ၀တလျှောက်လုံး ဂရုစိုက်မယ့်သူပါပဲလို့  ကိုယ်တို့ အားလုံးငြိမ်းကို တိုက်တွန်းခဲ့ကြတာ…။ တကယ်တော့ ငြိမ်းနှလုံးသားထဲမှာ သူအသေအချာကို စိုးမိုးနေပြီဆိုတာ ကိုယ်တို့ အားလုံးကလဲ ငြိမ်းနဲ့ ငယ်ပေါင်းကြီးဖော်တွေမို့  ရိပ်မိသိရှိတာကလဲ အဓိကပေါ့လေ…။

“ဟုတ်ပါတယ်ငြိမ်းရယ်… နာမည်လေးနဲ့ လိုက်အောင် ဘ၀ကိုလဲ အမြဲငြိမ်းငြိမ်းလေး နေချင်တဲ့ငြိမ်း… ချစ်လျက်နဲ့ တောင် အိမ်ထောင်ရေးဆိုတာ မယုံရဲလို့  ငြင်းလွှတ်ခဲ့တုန်းက တိုက်တွန်းမိခဲ့တာမို့  တို့ အပြစ်တွေလဲ ပါတာပေါ့ဟာ”

ငြိမ်းက နာနာကျင်ကျင်ပြုံးတယ်…။

“တကယ်တော့ ငါကိုယ်တိုင်က စိတ်ပါလက်ပါကို ချစ်မိခဲ့လို့ ပါ… အတိတ်ဘ၀က ကုသိုလ်ကံတွေနဲ့ သာ ဆိုင်တာပါလေ”

ကိုယ်တို့ ရဲ့ အတိတ်ကို တိတ်တိတ်ဆိတ်ဆိတ် အလည်သွားနေတဲ့ အချိန်လေးကို ကန်တင်းဘက်က ပြန်လာတဲ့ သူတို့ အသံတွေက ဖျက်စီးပလိုက်တယ်…။ အရင်ကလို ရှပ်အဖြူလေးနဲ့ လူတယောက်…။ ဒါပေမယ့် အရင်ကလို ခပ်နွမ်းနွမ်းလေးတော့ မဟုတ်။ လက်ညှိးညွှန်ရာ ရေဖြစ်ပြီး အတိတ်မေ့ရောဂါဖြစ်နေသူ…။ သူ့ မျက်နှာကတော့ ငြိမ်းနဲ့ ဆန့် ကျင်စွာ ရွှင်လန်းတက်ကြွလို့ …။ နင့်ကိုမုန်းလိုက်တာ ပြီးတော့ အော်ဂလီဆန်လိုက်တာ။

“ငြိမ်း… ပြန်ရအောင်… ကိုယ်သိပ်အကြာကြီးနေဖို့ အချိန်မရှိဘူး…”

ဘေးက ငုတ်တုတ်ထိုင်နေတဲ့ သူငယ်ချင်းအရင်းကြီးတွေတောင် အားမနာနိုင်။ ငြိမ်းမပြန်ချင်သေး။ ခုနတင်ငြိမ်းကိုယ်တို့ ကိုပြောခဲ့သေးတယ်။ အိမ်မှာနေရတာ ငရဲပဲတဲ့။ တကယ်လို့ သာ ငြိမ်းချစ်တဲ့ သားလေး၂ယောက်သာ မရှိခဲ့ရင် ငြိမ်းအဲဒီငရဲမှာ နဲနဲလေးမှ မနေချင်ပါတဲ့။ တုန့် ပြန်လွယ်တဲ့ ကိုယ်ကပဲ ငြိမ်းအစား ပြောဖို့ ပြင်လိုက်တယ်။

“နင့်ဟာနင်ပြန်နှင့်… ဒီလိုတွေ့ ဖို့ ဆိုတာ လွယ်တာမဟုတ်ဘူး… ငါတို့ ငြိမ်းကို လိုက်ပို့ လို့ ရတယ်”

“အေး… ပြီးတာပဲ…”

ငြိမ်းကိုတောင် နှုတ်မဆက်ပဲ ကားပေါ်ပေါ့ပေါ့ပါးပါးတက် မောင်းထွက်သွားတဲ့ ငြိမ်းခင်ပွန်းကို ကြည့်ပြီး စိတ်ထဲမှာ အတော်ကို ခံပြင်းမိတယ်။ ငြိမ်းနဲ့ အတူ ဟိုးသုညဘ၀ကစခဲ့ကြတဲ့ စီးပွားရေးအောင်မြင်မှုကို သူ့ အောင်မြင်မှုသက်သက်လို ခံစားပြီး ကိုယ်သေမတတ်ချစ်လို့ ယူထားပါတဲ့ဆိုတဲ့ ဇနီးကို ပစ်လို့  အသစ်ရှာပျော်ပါး လောကစည်းစိမ်ခံစားနေတဲ့သူ…။ ယောင်္ကျားတယောက်ရဲ့မျက်ရည်တွေနဲ့  မိန်းမတယောက်ဘ၀နဲ့ နှလုံးသားကို အဆုံးစီရင်ဖို့ နိဒါန်းပျိုးခဲ့သူ…။ သစ္စာတရားကို ချမ်းသာကြွယ်ဝမှုအောက်မှာ ချနင်းခဲ့သူ…။ ထက်က နာကျည်းစွာအသံကျယ်ကြီးနဲ့ ပြောလိုက်တယ်..။

“ငြိမ်းရေ… ငါလူသတ်ချင်တယ်”

******************************************************************

“ဘယ်လိုလဲခိုင်… ဘ၀ဆိုတာ နင်ငယ်ငယ်ကရေးခဲ့တဲ့ အချစ်ဝတ္ထုတွေလို ချိုမြိန်သလား… ဇာတ်ကောင်တွေကရော အကြွင်းမဲ့ချစ်တတ်ကြသလား… ပြီးတော့ အချစ်က ဘ၀မှာ ဘယ်လောက်အရေးပါသလဲ”

ထက်ရဲ့ မေးခွန်းတွေက လက်တွေ့ ကျပြီး လှတယ်။ ကိုယ့်မှာ အဲဒီလို ခပ်ထက်ထက် သူငယ်ချင်းတယောက်ရှိတာကို ကိုယ်က အမြဲကျေနပ်နေတတ်သူ။

“ထက်… ဟိုးငယ်ငယ်က နှလုံးသားတွေက လတ်ဆတ်တယ်… ဖြူစင်တယ်… ပြီးတော့ နေရာလပ်တွေများတယ်… အရောင်မရှိဘူး… ဒါကြောင့်အချစ်တွေက ပြည့်နေအောင် ထည့်လို့ ရတယ်…လိုသလိုစိတ်ကူးယဉ်လို့ ရတယ်… လိုသလိုဆေးရောင်ခြယ်လို့ ရတယ်… ချစ်တယ်ဆိုတာ မုန်းတာထက်ကောင်းတော့ ငယ်တုန်းက ချစ်ရတာကို ပျော်ခဲ့တာ… အဲဒါဟာ ဘ၀ကို မမြင်ဖူးသေးတဲ့ လူငယ်တယောက်ရဲ့ လွတ်လပ်တဲ့နှလုံးသားပေါ့ဟာ… အဲဒီလိုတွေးခဲ့ အဲဒီလိုရေးခဲ့တာကို ငါနောင်တမရပါဘူး”

ထက်က သူ့ ထုံးစံအတိုင်း မျက်လုံးလေးတွေ အရောင်တောက်နေအောင် ကိုယ့်ကိုကြည့်ပြီး နှုတ်ခမ်းလေးတွန့် ရုံပြုံးတယ်။

“ အချစ်ဆိုတာ ဘ၀မဟုတ်ဘူးလို့  အကြမ်းဖျင်းပြောလို့ ရပေမယ့် အရင်တုန်းက ငါတို့ အရေးပါတယ်ထင်ခဲ့တာ တချို က ဘ၀မှာ သိပ်အရေးမပါတော့တာ နင်ရောငါတို့ ရော တွေ့ နေရတာပဲမဟုတ်လား… ဒီထဲမှာ အချစ်က တခုပေါ့… ပြောတတ်သလိုပြောရရင်တော့ အချစ်ဆိုတာထက် တဦးအပေါ်တဦး ကိုယ်ချင်းစာတရား မေတ္တာတရားထားဖို့ က အဓိကပဲလို့  ငါထင်မိတာပဲ… ဘယ်ဆက်ဆံရေးမှာဖြစ်ဖြစ်ပါ… မိဘနဲ့ သားသမီး… မောင်နှမသားချင်း… ခင်ပွန်းနဲ့ ဇနီး… သူငယ်ချင်းတွေကြား… ကိုယ်ချင်းစာတရားနဲ့ မေတ္တာတရားသာရှိကြရင် ဘ၀က ငါငယ်ငယ်ကရေးတဲ့ အချစ်ဝတ္ထုတွေထက်တောင် ချိုမြိန်ပါတယ်ဟာ ”

ကိုယ့်စကားကို နားထောင်ရင်း အားလုံးခဏတိတ်ဆိတ်သွားတယ်။ ဒီနေရာလေးမှာ အတိတ်နဲ့  ပစ္စုပန်ကို ပေါင်းကူးစဉ်းစားရင်း လက်ရှိဘ၀ဆီ ပြန်ရောက်သွားတယ်။

“အမှန်ပါပဲခိုင်ရယ်… ငါတို့ လက်ရှိရနေတဲ့ဘ၀မှာ ပျော်တတ်အောင် နေပျော်အောင် နေတတ်ရင်… ပြီးတော့ အကောင်းမြင်အောင်ကြည့်တတ်ရင် ဘ၀ဆိုတာ ကျေနပ်စရာပါပဲ… ငါလဲ အဲဒီလိုနေတတ်ဖို့ ကြိုးစားပါမယ်…”

ငြိမ်းစကားက ရင်ကို ထိရှနာကျင်စေပေမယ့် ငြိမ်းလက်ကလေးကို ကိုယ်တို့ အားလုံးဆုပ်ကိုင် အားပေးမိကြတယ်။ လက်ကလေးထဲက တဆင့် ကိုယ်တို့ ရဲ့မေတ္တာတွေ ငြိမ်းဆီကူးလို့ ငြိမ်းချမ်းပါစေငြိမ်းရေ။ ဘ၀မှာ ပုခုံးတဘက်အမြဲအဆင်သင့်ဖြစ်နေတဲ့ နင့်သူငယ်ချင်းတွေ ရှိနေပါသေးလားဆိုတဲ့ အသိကိုက ရှေ့ ဆက်ဖို့ အားအင်တွေဖြစ်စေတယ်။

“ကဲလာ… အပူတွေ စိတ်ဖိစီးမှုတွေ ချနင်းရင်း ငယ်အတွေးငယ်အင်အားတွေ ဖြည့်ဖို့  နွေးအေးကို ချီတက်ကြစို့ ”

သူငယ်ချင်းတွေလက်အတူတွဲရင်း ပေါ့ပေါ့ပါးပါးရယ်မောရင်း လွတ်လွတ်လပ်လပ်ပြောဆိုရင်း ဘ၀အမောတွေ တခဏပျောက်သွားတယ်။ ဘ၀ဆိုတာ အမောတွေသက်သက်မှ မဟုတ်သလို… အခါးတွေသက်သက်လဲ မဟုတ်တာနော်…။

(ချစ်သောသူငယ်ချင်းများနဲ့ ဆုံခဲ့တဲ့ မနှစ်ကဆရာကန်တော့ပွဲ အမှတ်တရ… ဇာတ်ကောင်များမှာ စိတ်ကူးယဉ်ဇာတ်ကောင်များသက်သက်သာဖြစ်ပါတယ်… တိုက်ဆိုင်မှုရှိရင်ခွင့်လွှတ်ပါ)

တန်ခူး

2:30pm 24-Jun-2013

Thursday, June 13, 2013

အောင်စာရင်းနဲ့ တကယ့်ဘဝ



(ပုံကိုသူငယ်ချင်းတယောက်ရဲ့ဖေ့စ်ဘွတ်ပေါ်ကရပါတယ်)

ပြီးခဲ့တဲ့အပတ်က ထွက်သွားတဲ့ ဆယ်တန်းအောင်စာရင်း အပြီးမှာ တငိုထဲငိုနေတယ်ဆိုတဲ့ ကျွန်မအဒေါ်သတင်းကြားရတော့ စိတ်မကောင်းဖြစ်မိတယ်။ သူ့ အရမ်းမျှော်လင့်ထားတဲ့ သမီးလေး လေးဘာသာ ဂုဏ်ထူးထဲပါလို့  ဆရာဝန်ဖြစ်ပါ့မလားဆို စိတ်တွေပူပြီး မစားနိုင်မအိပ်နိုင် တငိုငိုနဲ့ ။ ကာယကံရှင်ကျွန်မညီမ၀မ်းကွဲလေးက ပျော်ပျော်ပဲမို့ တော်ပါသေးရဲ့။ ဆရာဝန်လိုင်းမှမ၀င်ရင် လူရာမ၀င်တော့မလို… ဘ၀ပဲဆုံးတော့မလိုဆိုတဲ့ အယူအဆတွေက ဒီနေ့ ထက်ထိရှိနေသေးတာကိုလဲ အားမလိုအားမရဖြစ်မိတယ်…။

ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် အနှစ်သုံးဆယ်နီးပါးတုန်းက ဆယ်တန်းမှာ လေးဘာသာဂုဏ်ထူး ထွက်ပြီး နေ့ တဓူဝ အဆူပူခံနေရတဲ့ လူကြားထဲတိုးဖို့ တောင် ကြောက်ရွံ့ နေမိတဲ့ ဆံပင်တိုတိုနဲ့ ကလေးစိတ်မပျောက်သေးတဲ့ ကောင်မလေးတယောက်ပုံကို ပြန်မြင်ယောင်နေမိတယ်။ ဆရာဝန်လုပ်ဖို့ လုံး၀၀ါသနာမပါလှပေမယ့် ဆရာဝန်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ အဖေရဲ့မျှော်လင့်ချက် ပုံစံခွက်ထဲမှာ မယောင်မလည်နဲ့ ကိုယ့်ဝါသနာဆိုတာကို တွေးကြည့်ဖို့ တောင် မေ့လျော့နေတဲ့ အဲဒီကောင်မလေးက ကိုယ်ပါပဲ။

ခုနေပြန်တွေးကြည့်တော့ ကိုယ်ကိုယ်တိုင်ဝါသနာမပါနေခဲ့တာရယ် တကယ့်ကို စိတ်အားထက်သန်စွာမဖြစ်ချင်ခဲ့တာရယ်ကြောင့် ဆရာဝန်လိုင်းကို အမှတ်မမှီခဲ့တာပါ။ သူ့ မျှော်လင့်ချက်နဲ့ လွဲခဲ့လို့  သက်ြပင်းတချချနဲ့  ကောင်းကောင်းမအိပ်နိုင်တဲ့ အဖေ့ကို ကြည့်ပြီး အဖေဆန္ဒကို မဖြည့်နိုင်တဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်မိတယ်။ “သွားပြီ… ဘ၀တွေခြားသွားပြီ” လို့ အဖေ ခဏခဏညည်းတိုင်း တကယ်ပဲ င့ါဘ၀အတော်ကို ဆိုးဝါးသွားပြီလားလို့  တွေးမိတဲ့အထိ ကိုယ်ကိုယ်ကို ယုံကြည်မှုတွေ နည်းပါးကုန်တာ။ ရပ်ကွက်ထဲက ကျောင်းက အသိဆွေမျိုးအများစုကလဲ လေးဘာသာဂုဏ်ထူးရအောင် ကြိုးစားခဲ့တဲ့ ကြိုးစားမှုကို အသိအမှတ်ပြုဖို့ မေ့လျော့စွာ ဆရာဝန်နဲ့ လွဲလို့  အားလုံးက ၀ိုင်းပြီး စုတ်တသတ်သတ်နဲ့ ဆိုတော့ ကိုယ့်မှာ အပြင်ထွက်ဖို့ တောင် မ၀ံ့မရဲ။ အဲဒီလိုဖြစ်ရအောင် ကိုယ်အမှားလုပ်ခဲ့သလား… ကိုယ်ပတ်ဝန်းကျင်ကို ထိခိုက်အောင် အနှောက်အယှက်ပေးခဲ့သလား… ကိုယ့်မိဘအရှက်ရအောင် ကိုယ့်ကျင့်တရားပျက်ပြားခဲ့လို့ လား… အဲဒီလို အမှားတွေ တခုမှ မလုပ်ခဲ့ပါပဲ ကိုယ်ပြန်ရတာတွေက မတန်တဆနိုင်လွန်းလှတာ တွေးမိတိုင်း ရင်ထဲမှာ နာနာကျင်ကျင်။

မစန္ဒာရဲ့ဂျီဟောသူဖတ်ပြီး စိတ်ထဲက ကြိတ်သဘောကျနေတဲ့ ကျောင်းကြီးကို တက်ခွင့်ရတာ အရမ်းပျော်နေခဲ့ပေမယ့် အဖေကတော့ ကိုယ့်ကို လိုက်ပို့ တိုင်း တိုင်လုံးကြီးတွေနဲ့ ကျောင်းကြီးကို အဝေးကလှမ်းမြင်တိုင်း ကိုယ့်ရဲ့လွဲချော်မှုကို အမြဲသတိရဆူပူလေ့ရှိတာ ကိုယ်မှတ်မိသလောက် ပထမနှစ်တနှစ်လုံးပါပဲ။ အဖေမကြိုက်တဲ့နောက်တချက်က ယောင်္ကျားလေးပေါလို့ ပါ။ ပထမနှစ်တနှစ်လုံး တက္ကသိုလ်ကျောင်းသူအသစ်သစ်စက်စက် ကိုယ့်မှာ ပျော်ရွှင်ဖို့ တောင် ခိုးကြောင်ခိုးဝှက်နဲ့ ပျော်ခဲ့ရတာပါ။ တစုံတခုများမှားယွင်းသွားရင် အဖေက ခွင့်လွှတ်မှာ မဟုတ်တဲ့အတွက် အမှားအယွင်းနဲ အောင် နေခဲ့ရပါတယ်။ အဖေစိတ်ချမ်းသာအောင် ကြိုးစားနေထိုင်ရင်း လူငယ်ဘ၀ရဲ့လွတ်လပ်မှုတွေ ဆုံးရှုံးခဲ့တဲ့ ကိုယ် ပထမနှစ်က စာထဲမှာ စိတ်နှစ်လို့ မရအောင် စိတ်တွေလေခဲ့တာပါ။ ဒါကြောင့်လဲ ပထမနှစ်အောင်စာရင်းမှာ ကိုယ့်အမှတ်တွေနဲခဲ့ပါတယ်။ အဓိကကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ နဲနဲလာခဲ့လို့ ပါပဲ။

အမှားအယွင်းနဲအောင် နေခဲ့ရင်းက ပထမနှစ်မှာ အမှတ်နဲတော့ အဖေပိုစိတ်မချမ်းသာ ဖြစ်ခဲ့ပါတယ်။ ကျွန်မနဲ့ အဖေကြားက အဲဒီပြဿနာကို ဖြေရှင်းပေးခဲ့သူက မေမေပါ။ “ဘယ်နေရာရောက်ရောက် ရောက်ရာနေရာမှာ ထူးချွန်အောင် ကြိုးစားတာက အမှန်ကန်ဆုံးပဲ” တဲ့။ မေမေ့စကားတခွန်းဟာ ကျွန်မရဲ့ပျောက်ဆုံးနေတဲ့ ခွန်အားတွေနဲ့ ယုံကြည်မှုတွေကို ပြန်မွေးမြူအားဖြည့်ပေးခဲ့ပါတယ်။ ဒုတိယနှစ်အောင်စာရင်းနောက်ပိုင်းမှာ အဖေက ကျွန်မအပေါ်ဆက်ဆံရေးနူးညံ့ပျော့ပြောင်းလာပါတယ်။ မေမေ့ဆုံးမစကားအတိုင်းကြိုးစားခဲ့တာ ဒီနေ့ ထိမို့  ကျွန်မဘ၀ အောင်မြင်သင့်သလောက် အောင်မြင်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေလဲ ပိုလို့ ပိုလို့ ရခဲ့တာ လက်တွေ့ ပါ။

အဖေက ကျွန်မကို လူ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်မယ့် ဆရာဝန်အလုပ်နဲ့  အသက်မွေးဝမ်းကျောင်း ပြုစေချင်ခဲ့တာပါ။ တကယ်တော့ သမာအာဇီဝ ကောင်းမွန်တဲ့ အသက်မွေးဝမ်းကျောင်း အလုပ်လုပ်ရင်း လူ့ အသက်ပေါင်းများစွာကို သွယ်ဝိုက်သောနည်းအားဖြင့်လဲ ကယ်တင်နိုင်ပါတယ်။ ဆေးကုသစရိတ်မတတ်နိုင်တဲ့သူတွေကို ဆေးကုသစရိတ်ထောက်ပံ့ခြင်း ပညာမသင်နိုင်သူကို ပညာသင်စရိတ်ထောက်ပံ့ခြင်းဆိုတဲ့ အလှူအတန်းတွေလုပ်ဖြစ်ရင်း အဖေ့ဆန္ဒကို ဖြည့်နေခဲ့ပါတယ်။

သားသမီးတွေ မွေးထားပြီး တယောက်မှ ဆရာဝန်ဖြစ်အောင်မွေးထုတ်မပေးနိုင်ရင် တာဝန်မကျေသလို မိဘမပီသလို အတွေးတွေ မရှိသင့်တော့ပါဘူး။ အောင်မြင်ကျော်ကြားပြီး သမားတော်ကြီးတွေဖြစ်သွားတဲ့ ကျွန်မသူငယ်ချင်းတွေရှိသလို… လုပ်ငန်းအကြီးကြီးတွေလုပ်ကိုင်ပြီး အောင်မြင်နေတဲ့ ကျွန်မသူငယ်ချင်း အင်ဂျင်နီယာတွေလဲရှိပါတယ်။ ဆယ်တန်းတုန်းက ဆရာဝန် အင်ဂျင်နီယာနဲ့ လွဲခဲ့ရတဲ့ ကျွန်မသူငယ်ချင်းတချို့ လဲ စာရင်းအင်းပညာရှင် စီးပွားရေးပညာရှင်ကြီးတွေ ဖြစ်ပြီး တချို့  ရာထူးတွေ အရမ်းကြီးလို့  ၀င်ငွေတွေ အရမ်းကောင်းနေတာတွေ အမြောက်အမြားပါ။ သားသမီးတွေကို အတော်ဆုံး အမြင့်ဆုံး အကောင်းဆုံး ရစေချင်တာ မိဘစေတနာဆိုတာ ကျွန်မလဲ မိဘတယောက်မို့  ခံစားနားလည်ပေးနိုင်ပေမယ့် ကိုယ်ကဖြစ်စေချင်တာသက်သက်နဲ့  ကလေးရဲ့ဝါသနာနဲ့ ခံစားမှုကို မေ့လျော့ထည့်ထွက် မစဉ်းစားတာက တခုခုမှားယွင်းနေတာပါပဲ။ မိဘက အတင်းဆရာဝန်လိုင်း လိုက်ခိုင်းလို့ ဝါသနာမပါပဲ ဆရာဝန်လိုင်းလိုက်ပြီး ဆေးမကုတဲ့ တခြားအလုပ်လုပ်တွေ လုပ်နေတဲ့ ဆရာဝန်တွေလဲ အများသားမိုလား။ တကယ်တော့ ဘ၀မှာ ကိုယ်ဝါသနာပါတဲ့အလုပ်နဲ့  အသက်မွေးဝမ်းကျောင်း အလုပ်နဲ့  တထပ်ထဲကျတဲ့ သူတွေက အမြင့်ဆုံးရပြီး စိတ်ပူပန်မှုတွေနဲ့ အဖော်ပြုနေရသူတွေထက် အများကြီး ကံကောင်းသူတွေပါ။ ကျွန်မသားလေးကိုတော့ ကျွန်မမျှော်လင့်ချက်တွေနဲ့  မပူလောင်စေပဲ သူလဲဝါသနာပါ လမ်းကြောင်းလေးလဲ မှန်မယ့် သူ ပျော်ရွှင်စိတ်ချမ်းသာတာမျိုးနဲ့ ပဲ အသက်မွေးဝမ်းကျောင်းပြုစေချင်ပါတယ်။ မိဘတိုင်းမိဘတိုင်းက သားသမီးတွေရဲ့လိုအပ်ချက်ကိုသာ ဆုံးမသွန်သင်ဖို့  သတိရနေပြီး သားသမီးတွေရဲ့ အောင်မြင်မှုကို နည်းသေးတယ်ဆို အားမလိုအားမရ ဖြစ်ပြီး ချီးကျူးအားပေးစကားဆိုဖို့  မေ့လျော့နေကြတာများပါတယ်။

ခုလေးတင်မှ အောင်စာရင်းထွက်သွားတဲ့ ဆယ်တန်းကျောင်းသူ ကျောင်းသားတွေရဲ့ မိဘများ အားလုံး ပျော်ရွှင်ကြပါစေ။ ဘာဂုဏ်ထူးမှ မပါတဲ့ ကလေးက ကျတဲ့ကလေးထက် ကြိုးစားအားထုတ်မှုသာတာမို့  သူ့ အောင်မြင်မှုကို ချီးကျူးနိုင်ပါစေ။ တကယ်လက်တွေ့ ဘ၀ဟာ ဆယ်တန်းမှာ ဂုဏ်ထူးနဲခြင်းများခြင်းနဲ့  ရာခိုင်နှုန်းအနည်းငယ်သာ သက်ရောက်မှုရှိပြီး ရောက်ရာဘ၀မှာ ထူးချွန်အောင် ကြိုးစားခြင်းကသာ လက်တွေ့ ဘ၀အောင်မြင်မှုကို ထိထိရောက်ရောက် အကျိုးသက်ရောက်စေနိုင်တယ်ဆိုတာ မေ့လျော့မနေကြဖို့ တိုက်တွန်းပါရစေ။

တန်ခူး

13-May-2013 10:27pm

Tuesday, May 28, 2013

ဟိုဟိုဒီဒီမေ



ခုတလော နေသိပ်ပူနေပေမယ့် နေကာမျက်မှန်သိပ်မတတ်ဖြစ်တော့ဘူး…။ မကြိုက်လို့ တော့ မဟုတ်ပါဘူး…။ ကြိုက်လွန်းလို့ ကို ခပ်ကြီးကြီးနေကာမျက်မှန်ကို ၀ယ်ထားတာ…။ ဒီနှစ်ပိုင်းအတွင်း ဒီကသတင်းထဲမှာ အကျင့်ပျက်ဖောက်ပြန်တဲ့ ရာထူးကြီးကြီးတွေရဲ့ အမှုတွေ ခေတ်စားနေတယ် ပြောရမယ်…။ လူလာဘ်ထိုးတဲ့အမှုတွေပေါ့…။ထူးခြားတာက ဖောက်ပြန်တဲ့သူနဲ့ ပတ်သက်တဲ့ မိန်းမတွေ သတင်းထဲတွေ့ လိုက်ရရင် ရုပ်ရှင်မင်းသမီးရှုံးတယ်…။ မိတ်ကပ်ကို ဆိုင်မှာသွားပြင်ထားသလားထင်ရတယ်… branded bag နဲ့ … ပြီးတော့ နေကာမျက်မှန်ကြီးကြီးတွေနဲ့ …။ အရှက်ကို အသက်လို တန်ဖိုးထားဖို့  ဝေလာဝေး ရုံးချိန်းတမျိုးဆို ဒီဇိုင်းတမျိုးနဲ့ …။ ရုပ်ရှင်ဇာတ်လမ်းတွဲကြည့်နေရသလိုပဲ…။ ပြီးတော့ တရားခွင် ထွက်ဆိုတာတွေကလဲ… ပွင့်လင်းရဲတင်းလွန်းလိုက်တာ….။ အင်း… အဲဒီကတည်းက နေကာမျက်မှန်ဖိုဘီးယားရသွားတာ…။

Singapore Kindness Movement က သားချစ်တဲ့ SINGA ခြင်္သေ့လေး အနားယူတော့မယ် ဆိုတော့ သားကစိတ်မကောင်း…။ မေမေဘာလို့ လဲတဲ့…။ SINGA လေးလဲ ကြင်နာကြပါ ကြင်နာကြပါ ကူညီကြပါ ကူညီကြပါ တကျော်ကျော်အော်နေတောင် သူ့ ကို ဂရုမစိုက်ကြလို့ ပေါ့ သားရယ်လို့  မရှင်းချင်ပေမယ့်လဲ ရှင်းရတယ်…။ မေမေသားဘေးနားက ထိုင်တဲ့ကောင်မလေးက သူခဲဖျက်မေ့ရင် သားဆီကငှားပေမယ့် သားခဲဖျက်မေ့ရင်သားကိုမငှားဘူး… ဘာလို့ လဲမေမေတဲ့…။ ဒီလိုမေးခွန်းမျိုးတွေကို အမျိုးမျိုးလှည့်ဖြေတာ များတော့ သားတောင် ကိုယ့်ကို သံသယတွေရှိလာတယ်…။ သားပတ်ဝန်းကျင်က လူတွေ အများစု တကိုယ်ကောင်းဆန်ကြတာ သားကို မခံစားစေချင်ဘူး…။ သိရင်ပိုခံစားရတော့ မသိစေချင်ဘူးလေ…။

ခုနတင် သတင်းမှာ ယောင်္ကျားလုပ်သူရဲ့ အကြမ်းဖက်မှုကို ခံရလို့ ကွာရှင်းတဲ့ အမျိုးသမီးတဦးခေါင်းဆောင် လုပ်ပြီး စစ်တမ်းကောက်တာ ကြားလိုက်ရတယ်…။ တကယ်လို့ မင်းပတ်ဝန်းကျင်မှာ အဲဒီလို အကြမ်းဖက်တာမျိုးများတွေ့ ခဲ့ရင် ကူညီမလားဆိုတဲ့ စစ်တမ်းမေးခွန်းကို မကူညီဘူးလို့ ဆိုတဲ့သူတွေ ရာခိုင်နှုန်းကများပါတယ်တဲ့…။ အဲဒီလိုအခါတိုင်း လင်မယားရန်ဖြစ်လို့  ဒုတ်တွေဓားတွေ ပါလာပြီဆို ၀ိုင်းဆွဲကြ ဖြန်ဖြေကြတဲ့ ကိုယ်တို့ တိုင်းပြည်ရပ်ကွက်အလေ့လေးကို လွမ်းမိတယ်…။

စစ်တမ်းဆိုလို့  ပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ စစ်တမ်းတခု ဟိုတလောက NUSတက္ကသိုလ်ကျောင်းသူလေးတွေ အိမ်တိုင်ရာရောက် လာလုပ်တာ သတိရမိတယ်…။ ကိုယ်လဲအားနေတော့ ကျောင်းသူလေးတွေ ကူညီတဲ့သဘောနဲ့ ဖြေပေးမိတယ်…။ မေးခွန်းတော်တော်များများက နိုင်ငံခြားသားအလုပ်သမားတွေကို စောင်းပေးမေးတာ…။ တကယ်လို့  မင်းအိမ်နားမှာ နိုင်ငံခြားသားအလုပ်သမားတန်းလျားသာ ရှိမယ်ဆိုရင် မင်းဘယ်လိုခံစားရမလဲတို့ …။ မင်းရဲ့အိမ်နီးနားချင်းကို ဒီနိုင်ငံသားနဲ့ နိုင်ငံခြားသား ဘယ်ဟာပိုဦးစားပေးသလဲတို့ …။ ပြီးတော့ နိုင်ငံခြားသားတွေကြောင့် မင်းပတ်ဝန်းကျင် အနှောက်အယှက်ဖြစ်သလားတို့ …။ leading questionတွေများတော့ ကြာတော့ ကျောင်းသူလေးတွေကို ပေါ်တင်ပဲပြောလိုက်တယ်…။ တို့ ကလဲ ဒီနိုင်ငံမှာ အလုပ်လာလုပ်နေတဲ့ နိုင်ငံခြားသားမို့  တို့ ဖြေတဲ့ အဖြေတွေက မင်းတို့ မျှော်လင့်တဲ့ အဖြေဟုတ်ချင်မှဟုတ်လိမ့်မယ်လို့ ပြောလိုက်တယ်…။ စစ်တမ်းပြီးတော့ ကျေးဇူးတင်ပါတယ်ဆို ဘောပင်တချောင်းပေးပြိး တကယ်လို့  တို့ professorက မေးရင် မင်းဖြေနိုင်မလားဆို ဖုန်းနံပါတ်တောင်းသွားတယ်…။ တလလောက်ကြာတော့ professor အိမ်ရောက်ပြီး စစ်တမ်းထပ်ကောက်တယ်…။ အိမ်က အမျိုးသားကတော့ သိပ်ပေါ်တင်ကြီးတွေ မပြောဖို့ သတိပေးတယ်…။ နောက်မှ သိရတာက သူတို့ စစ်တမ်းထဲ အဲဒီလို ပေါ်တင်ပြောတဲ့လူ သိပ်မရှိလို့  အဲဒီလို အဖြေမျိုးလိုချင်လို့ တဲ့….။ အင်း…မဆိုးပါဘူး….။ ကိုယ်ပြောချင်တာတွေလဲပြောလိုက်ရတယ်… ပြီးတော့ စာတိုက်ကနေ NTUC ဘောက်ချာလက်ဆောင်လဲပို့ လိုက်သေးတယ်…။

တို့ တိုင်းပြည်ပြောင်းလဲလာပြီဆိုတော့ ဟိုသတင်းပါ ဒီသတင်းပါပေါ့…။ အပြောင်းအလဲ စပ်ကူးမတ်ကူးကာလမို့  ဟိုဖြစ်ဒီဖြစ်တွေကလဲ ရှိသေးမိုလား…။ အဓိကပြောချင်တာ အဲဒါတော့ မဟုတ်ပါဘူး…။ ဒီနိုင်ငံက သတင်းစာပါ…။ မြန်မာနိုင်ငံကြီးပြောင်းလဲလာတာ ကြိုဆိုပါတယ်ဆိုတဲ့ သတင်းတပုဒ်ပါရင်… စီးပွားရေးလုပ်ဖို့ တော့ သိပ်မယုံကြနဲ့ ဆိုတဲ့ သတင်းတပုဒ်က ပါတယ်…။ ကောင်းတဲ့ပြောင်းလဲခြင်းလေးတွေက သတင်းစာခေါင်းကြီးပိုင်းမှာ မရှိပေမယ့် မကောင်းတဲ့ပြောင်းလဲခြင်းတွေကျတော့ သတင်းစာခေါင်းကြီးပိုင်းမှာ ပြူးပြူးကြီး…။ အိုဘားမား မြန်မာပြည်ရောက်တုန်းကများဆို သိပ်တောင် ဟန်မဆောင်နိုင်ဘူး…။ ဘာရယ်မဟုတ်ပါဘူး… ထူးဆန်းတာပြောပြတာပါ…။

နောက်မှ ဟိုဟိုဒီဒီလေးတွေ ဆက်ရင်ဖွင့်ဦးမယ်…။ အခုတော့ အိပ်ချင်လို့ သတင်းများကို ကြေညာလို့  ပြီးပါပြီ…။

တန်ခူး

12:00pm 27-May-2013

Saturday, May 18, 2013

Happy Call မုန့် ပြားသလက် နဲ့ လမ်းသရဲမုန့် 

အမြဲလွမ်းတတ်တဲ့ မြန်မာမုန့် ထဲမှာ မုန့် ပြားသလက်က ရှေ့ ဆုံးကပါ…။ ကျွန်မတို့ မြင်းခြံဘဘကြီးတို့  လမ်းထိပ်က မြေအိုးကင်းပူလေးတွေစီပြီး လက်မလည်အောင် လုပ်ရသည့် မုန့် ပြားသလက်ဆိုင်လေးကို ခဏခဏလွမ်းတတ်တယ်…။ မြေအိုးလေးတွေ ၄အိုးကို လက်မလည်အောင် မုန့် ရည်ထည့်… ပဲပြုတ်ထည့်.. ဆီလေးပုတ်…။ နောက်အိုးလေးတလုံးဖွင့်…ဆီပုတ်…ပြန်ဖုံး… ထင်းမီးလေးတွေ မီးညီအောင် ညှိနဲ့  လက်မလည်အောင် လုပ်နေတဲ့ အဒေါ်ကြီးရဲ့ လှုပ်ရှားမှုကိုက အတော်ကြည့်လို့ ကောင်းပြီး နှမ်းထောင်းနှမ်းမွှေးမွှေးလေးနဲ့  မုန့် ပြားသလက်လေး ကိုယ့်အလှည့်ရောက်ပြီဆို အိမ်ထိတောင် မစောင့်နိုင်။ ဆိုင်မှာစားမယ်ဆိုတော့ မုန့် ပြားသလက်လေးကို ကတ်ကြေးနဲ့ ကိုက်… ပူစီနံလေးထည့်… မတ်ပဲကြော်တခု.. ဘယာကြော်တခု ခြေထည့်… ပြီးတော့ မြင်းခြံပဲဆီမွှေးမွှေးလေးဆမ်းပေးလိုက်တာပါပဲ…။ အသင့်ချပေးထားတဲ့ ရေနွေးကြမ်းလေးနဲ့  မုန့် ပြားသလက်လေးကို ထိုင်စားရင်း လမ်းပေါ်က စက်ဘီးရောင်စုံကို ငေးရတဲ့ အရသာလေး ခုပြန်လိုချင်သေးတော့…။

အဲဒီမုန့် ပြားသလက်လွမ်းတိုင်း အကြိမ်ကြိမ်ကြိုးစားလုပ်ဖူးခဲ့ပေမယ့်… သိပ်ကြီးမအောင်မြင်လှပါ…။ အဖြစ်တော့ ရသည်ပေါ့…။ အခက်အခဲ ၂ခုက မုန့် စပ်တာနဲ့  ဒယ်အိုးပါ…။ မကြေပွဲတွေ အကြိမ်ကြိမ်နွှဲခဲ့တာ ဒီတခါတော့ အောင်မြင်သွားပြီလို့ ပြောလို့ ရလို့  ကိုယ့်လို လွမ်းသူတွေ မခံစားရအောင် မျှဝေပေးလိုက်တာပါ…။ မေမေ့သမီး cooking facebookပေါ်က မုန့် စပ်တဲ့အတိုင်းအဆကြောင့်ပါ…။ ဟင်းလေးတွေ မြန်မာမုန့် လေးတွေ တင်ပေးတတ်တဲ့ မေမေ့သမီး facebookကို ကျေးဇူးပါ…။ ဒယ်အိုး ပြဿနာပြေလည်အောင် ဖြေရှင်းပေးသူကတော့ ညီမလေးအရင်းလိုချစ်ရတဲ့ ညီမအော်နီးပါ…။ ဟိုဘက်ဒီဘက်လှည့်လို့ ရတဲ့ ဒယ်အိုး Happy Callကို သုံးပါ့လားဆိုတော့ အကင်သာအသုံးများတဲ့ အိမ်က Happy Callအိုးလေးက မုန့် ပြားသလက် အိုးကင်းဖြစ်သွားပြီး အဖုံးအုပ်သလို သုံးလို့ ရတာမို့  အတော်အဆင်ပြေပါတယ်…။

မုန့် ပြားသလက်နဲ့ တပါတည်း ကျွန်မတို့ လမ်းထိပ်က ညနေဆို လူကြိတ်ကြိတ်တိုးနေတဲ့ လမ်းသရဲမုန့် လေးပါ အလွမ်းပြေလုပ်လိုက်ပါတယ်…။ အထူးတလည် မုန့် စပ်နေစရာမလိုတာကြောင့် အတူလုပ်စားလို့ ရပါတယ်…။ professional ကြီးမဟုတ်ပေမယ့် စားလို့ ကောင်း အလွမ်းလေးလဲ ပြေသား…။

မုန့် ပြားသလက်လုပ်ဖို့  လိုအပ်တဲ့ ပစ္စည်းတွေကတော့

၁) ဆန် မှုန့် ၊ ၂) ပဲပြုတ်၊ ၃)နှမ်းထောင်း၊ ၄) ကြက်သွန်မြိတ် ၅)မဆလာ၊ ၆) ဂျင်း တို့ ပါ…။ ဘယ်နိုင်ငံမဆို ၀ယ်လို့ ရတဲ့အရာတွေပါ…။

လုပ်နည်းကတော့ လွယ်ပါတယ်…။ မုန့် စပ်တာကတော့ rice cooker ချင်ခွက်လေးနဲ့ ဆန်မှုန့် ၂လုံးကို ရေသုံးလုံးထည့်ပါတယ်… ။ ဆီပါလေကာလေးရယ် ဆားလိုသလောက်ရယ် ပြီးတော့ ဂျင်းလေးနဲနဲထောင်းထားတာရယ်နဲ့  မုန့် နှစ်စပ်လိုက်ပါတယ်…။



Happy Callအိုးလေးကို မီးဖိုပေါ်တင် ဆီပုတ် ပြီးရင် မုန့် နှစ်လေး ယောက်ချိုနဲ့ တစွန်းခွဲလောက်ထည့်လိုက်ပါ…။ ပြီးတော့ ပဲပြုတ်လေးဖြူး… ကြက်သွန်မြိတ်လေးဖြူးပြီး ခဏအုပ်ထားပါ…။ မုန့် လေးဖွေးလာတော့ မုန့် နှုတ်ခမ်းသားလေးတွေ ဆီများများပုတ်… မုန့် အလည်လေးတွေလဲ ဆီပုတ်ပါ…။ ပြီးမှာ နှမ်းထောင်းလေးနဲ့  မဆလာလေးနဲ့ အုပ်ပြီး ခဏအုပ်ထားပါ…။ မုန့် အောက်ခြေလေးကြွတ်လာပြီး မုန့် နံ့ လေးမွှေးလာရင် အသာဆယ်ပြီး အသင့်စားလို့ ရပါပြီ…။ တွဲဖက်စားလို့ ရတာတွေက အကြော်စုံရယ် ရေနွေးကြမ်းလေးရယ်ပေါ့…။ Happy Callနဲ့ လုပ်တာမို့  မြန်မာပြည်ကလို ခပ်ဝိုင်းဝိုင်းလေးမဟုတ်ပဲ လေးထောင့်လေးဖြစ်နေတာ ဒီဇိုင်းတမျိုးပေါ့နော်…။



လမ်းသရဲမုန့် အတွက် ထပ်လိုအပ်ထာတော့ ဂေါ်ဖီရယ်.. ခရမ်းချဉ်သီးရယ်… ပူစီနံရယ်… နံနံပင်ရယ်… ငရုတ်သီးစိမ်းရယ်… အားလုံးတခုစီပါးပါးလှီး ဆားအနေတော်နဲ့ နယ်ထားတာပါပဲ…။

လုပ်နည်းကတော့ မုန့် ပြားသလက်နဲ့ အခြေခံတူပြီး မုန့် ရည်ထည့်ပြီးတဲ့အခါ အပေါ်ကစပ်ထားတဲ့ အရွက်စုံနယ်ထားကို ဖြူးလိုက်ရုံပါပဲ…။ မုန့် လေးနဲနဲကျက်လာရင် ဘေးသားလေးတွေဆီပုတ်ပြီး မဆလာလေးဖြူး… ပြန်အုပ်ထားပါ…။ မုန့် အောက်ခြေလေးမွှေးကြွတ်လာမှ မုန့် လေးကို တ၀က်ခေါက်လိုက်ပြီး ခဏပြန်အုပ်ပြီးရင် စားလို့ ရပါပြီ…။



လုပ်ရတာ သိပ်လက်ပေါက်သိပ်မကပ်ပဲ လွယ်လွယ်ကူကူ လျင်လျင်မြန်မြန်နဲ့ စားလို့ လဲကောင်း ကျန်းမာရေးနဲ့ လဲညီညွတ်တာမို့  ပိတ်ရက်အိမ်မှာ လုပ်စားကြည့်ဖို့ တိုက်တွန်းပါရစေ…။ ။

တန်ခူး

18-Apr-2013 8:00pm

Saturday, May 11, 2013

တန်ခူးရဲ့ပေါချောင်ကောင်း စိတ်ပင်ပန်းမှုလျှော့ချနည်းများ

လူတိုင်းလူတိုင်းမှာ စိတ်ပင်ပန်းမှုတွေ ရှိကြမြဲပါ…။ ကိုယ်ပိုင်စီးပွားရေးလုပ်သူကလဲ သူ့ စိတ်ပင်ပန်းမှုနဲ့ သူ… ၀န်ထမ်းလုပ်သူကလဲ စိတ်ပင်ပန်းမှုတမျိုး… အိမ်ထောင်ရှင်တွေလဲ စိတ်ပင်ပန်းမှုတသွယ်နဲ့ … စိတ်ပင်ပန်းမှုသာလျော့မချရင် ခုခေတ်ကြီးမှာ ရူးသွားမလား အောင့်မေ့ရပါတယ်…။ အကောင်းဆုံး စိတ်ပင်ပန်းမှုလျှော့ချနည်းကတော့ တရားထိုင်တဲ့နည်းပါပဲ…။ တချို့ ကလဲ ကိုယ့်ဝါသနာပါရာလေး လုပ်ပြီး စိတ်အပန်းဖြေကြတယ်…။ ပန်းချီဝါသနာပါသူက အရောင်လေးတွေကြားမှာ စိတ်မျောဝင်… ဂီတ၀ါသနာပါသူက သံစဉ်လေးတွေကြား စိတ်အနားယူ… စာပေ၀ါသနာပါသူကတော့ စာအုပ်ပုံတွေကြားမှာ စိတ်ကိုနစ်မြှပ်ရင်းပေါ့…။ ဒီကျွန်းပိစိကလူတွေကတော့ shoppingထွက်ရင်း စိတ်အပန်းဖြေကြတယ်…။ ဘရန်းတွေ ဈေးချလို့ များ ရှိရင်းဈေးထက် လျှော့ရလာရင် စိတ်ပင်ပန်းမှုတွေက အဝေးကို ချက်ချင်းလွင့်စင်သွားတတ်ကြတာ…။ အဲဒီထဲ ကိုယ်မပါဘူးမပြောပါဘူး… တခါတခါတော့ ပါ ပါတယ်… ခဏခဏတော့ မပါနိုင်ပါဘူး… ကိုယ့်အိမ်မှာ ပါးစပ်ပေါက်သေးသေးလေး စရိတ်ကရှိသေးတယ်မိုလား…။ ဒီတော့ ကိုယ်လဲကိုယ့်နည်းကိုယ့်ဟန် ကိုယ့်ဝါသနာနဲ့  ကိုယ့်စိတ်ကို အပန်းဖြေပါတယ်…။ စိတ်ပင်ပန်းမှုလျော့ အောင်ပေါ့…။ ကိုယ့်နည်းလေးတွေက သိပ်ငွေကုန်ကြေးကျမများတဲ့အပြင် စိတ်ကြည်နူးမှုကိုလဲ ရစေတာမို့  ဝေမျှလိုက်ပါတယ်…။ ပန်းချီတွေဂီတတွေမတော်တဲ့ တန်ခူးရဲ့ ပေါချောင်ကောင်း စိတ်အပန်းဖြေနည်းလေးတွေပေါ့….။

ကပ်နားကပ်လှလှလေးလုပ်ရအောင်

အမေ့အဖေက လက်ဝတ်ရတနာဝတ်ဖို့ ကို ကိုယ့်အသားကိုဖောက်ပြီးဝတ်ရတာကို အားမပေး မလုပ်ရဘူးလို့ တားမြစ်ထားတာမို့  အမေကအဖိုးစကားနားထောင်ပြီး နားပေါက်မဖေါက်ခဲ့သလို ကျွန်မတို့ ညီမတွေလဲ အမေစကားနားထောင်ပြီး နားပေါက်မဖောက်ခဲ့ပါ…။ ဖြစ်ချင်တော့ နားကပ်လှလှလေးတွေဆို သိပ်ပန်ချင်သိပ်ချစ်တာမို့  နည်းလမ်းရှာရပါတော့တယ်…။ ကပ်နားကပ်ကလဲ နားဆွဲလေးတွေဆို ရှားမှရှားလေ…။ ဒီတော့ နားကပ်ခေါင်းလေးတွေ ၀ယ်ပြီး ကိုယ့်ဘာသာ ကပ်နားကပ်လေး ဖြစ်အောင် ပြောင်းဝတ်ပါတယ်…။ နားပေါက်မရှိပေမယ့် ကိုယ့်ဘာသာလုပ်ဝတ်တဲ့ နားဆွဲလေးတွေ ရှိပါတယ်…။ နားကပ်ခေါင်းလေးတွေကို ဒီနိုင်ငံမှာ Arab Street မှာ လက်ကားဝယ်လို့ ရသလို ‘Crystals ‘N’ Beads’ ဆိုင်လေးတွေမှာ လက်လီဝယ်လို့ ရပါတယ်…။ ကိုယ့်နှစ်သက်တဲ့ ကွင်းပါတဲ့ နားဆွဲလေးဝယ်… နားပေါက်ချိတ်ကလေးဖြုတ်… ကပ်နားကပ်ခေါင်းက ကွင်းကလေးကို ဇဂနာနဲ့ ဟ … နားဆွဲကွင်းလေးနဲ့ ချိတ်… ပြီးရင်ကွင်းလေးကို ပြန်စေ့… ဒါဆို ကပ်နားဆွဲလေးဝတ်လို့ ရပါပြီ…။ ညီမလေးအတွက် လုပ်ပေးထားတဲ့ ပုံလေးကို အောက်မှာပြထားပါတယ်…။ နားပေါက်မရှိသောနားကပ်ချစ်သူတွေ အတွက်ပါ…။



ဇာပန်းထိုးရင်း ဒီဇိုင်းထွင်

ငယ်ငယ်က ဇာထိုးပန်းထိုးကို အရမ်းဝါသနာပါပါတယ်…။ အရေးအခင်းပိတ်တော့ ဘယ်လောက်ထိုးခဲ့သလဲဆို အပ်ထည်လက်ခံတဲ့အပြင် အိမ်မှာ တချောင်းထိုးသင်တန်းဖွင့်တဲ့အထိ လုပ်ခဲ့တာပါ…။ အရမ်းထိုးလွန်းတော့ အဖေက မျက်လုံးပျက်မှာ စိုးရိမ်ပြီး မလုပ်ခိုင်းတာနဲ့ အဲဒီအလုပ်တွေကို ၀ါသနာပါပေမယ့် အတော်မလုပ်ဖြစ်တာကြပါပြီ…။ အိမ်မှာ ညီမ၀မ်းကွဲလေးလာနေတော့ သူ့ ကို ကိုယ်တတ်တာလေး သင်ပေးဖြစ်ပါတယ်…။ မြန်မာပြည်က ညီမလေးအတွက် ကလစ်လေးတွေ ဖုန်းအိတ်လေးတွေ ပိုက်ဆံအိတ်လေးတွေ ကျွန်မကိုယ်တိုင်ဒီဇိုင်းထွင်ပြီး ညီမ၀မ်းကွဲလေးကထိုးပေးပါတယ်…။ မြန်မာပြည်ကညီမက ကြိုက်တယ်.. သူ့ သူငယ်ချင်းတွေက ဘယ်က၀ယ်တာလဲမေးကြတယ်ဆို ကျွန်မတို့ မှာ ပျော်ရွှင်ကြည်နူးရတာ မပြောပါနဲ့ …။ ဒါလဲ စိတ်အပန်းဖြေနည်း တခုပဲ မဟုတ်လား…။



အကျီင်္လေးကို အလှဆင်ရအောင်

အကျီင်္ဘီရိုဖွင့်ကြည့်ရင် S$50 ထက်ကျော်တဲ့ အင်္ကျီဆိုတာ လက်ချိုးရေလို့  ရအောင်နဲပါတယ်…။ ချမ်းသာတာပြောပါတယ်…။ များသောအားဖြင့် ဈေးချရင်ဝယ်ထားတဲ့ အကျီင်္လေးတွေပါ…။ တချို့ အကီင်္ျလေးတွေဆို ဒီတိုင်းနေရိုးတယ်ထင်ရပေမယ့် အလှလေးဆင်လိုက်ရင် ဘရန်းတွေနဲ့ တောင် ယှဉ်လို့ ရပါတယ်…။ ကိုရီးယား ဖက်ရှင်တွေ ခေတ်စားနေချိန်မို့  ပုလဲလုံးလေးတွေ စိန်လေးတွေ စီလိုက်ရင် တကယ်ကို ချစ်စရာကောင်းသွားပါတယ်…။ အောက်က အကျီင်္လေးက ကိုယ့်ဘာသာပုလဲလုံးလေးတွေ စီသီထားတာပါ…။ အိမ်နားလေးဈေးက ပုစုခရုရောင်းတဲ့ဆိုင်မှာ ပုလဲတထုတ်မှ S$3 … တပ်ပါလေ့…။



စားကောင်းသောက်ဖွယ် ချက်ကြမယ်

မိသားစု အပြင်ထွက်စားတာ ပျော်စရာကောင်းတာမှန်ပေမယ့် ပိုက်ဆံကလဲ အနည်းငယ်တော့ ထိပါတယ်…။ ပြီးရင် ကိုယ်ကမြန်မာဆိုတော့ မြန်မာစာ မြိုးမြိုးမြက်မြက်လေးမှ ခံတွင်းပိုတွေ့ တာမိုလား…။ ဒီတော့ စိတ်ကူးပေါက်တာလေး မြန်မာပြည်အလွမ်းပြေလေး လုပ်စားလိုက်တော့ တခါတခါ ဒီနိုင်ငံရောက်နေတယ်ဆိုတာတောင် မေ့တေ့တေ့…။ အိမ်မှာချက်စားတာမို့  ဇယားလဲကိုက်ပါတယ်…။



ပန်းပင်လေးတွေ ပျိုးကြအောင်

အမေ့ခြံထဲက ပန်းပင်လေးတွေ လွမ်းတိုင်း ပန်းပင်လေးတွေ စိုက်ဖြစ်တယ်…။ ဒီမှာက မြေမရှိခြံမရှိတော့ ရှိတဲ့နေရာလေး ပြွတ်ပြွတ်သိပ်သိပ် စိုက်ကြရတာ…။ ကျွန်မက အနံ့ မွှေးတဲ့ပန်းလေးတွေ ချစ်တော့ များသောအားဖြင့် အဲဒီအပင်လေးတွေ စိုက်ဖြစ်တယ်…။ အရွက်လှလှလေးတွေနဲ့  အပင်ပုစိလေးတွေကိုလဲ ချစ်လို့ စိုက်ဖြစ်သလို အမြဲပန်းပွင့်နေတတ်တဲ့ အပင်လေးတွေလဲ စိုက်ဖြစ်တယ်…။ ပန်းပင်စိုက်ရတာ အလုပ်တော့ရှုပ်ပေမယ့် ပန်းပွင့်လေးတွေဝေနေတာတွေ့ ရင် အရွက်လှလှလေးတွေ လန်းဆန်းနေတာတွေ့ ရင် ဘာနဲ့ မှ မလဲနိုင်တဲ့ စိတ်ကြည်နူးမှုကို ရစေပါတယ်…။



အပေါ်က ငွေလဲသိပ်မကုန် လူလဲစိတ်အပန်းဖြေစေတဲ့ နည်းလေးတွေ အပြင် လုပ်ဖြစ်တာလေးကတော့ စာရေးစာဖတ်တဲ့အလုပ်ပါပဲ…။ ပင်ပန်းနေတဲ့စိတ်တွေကို ထွက်ပေါက်ပေးတဲ့ ကိုယ့်စိတ်ကူးလေးတွေ ဆေးစက်ကျရာ အရုပ်ထင်တဲ့ စာရေးခြင်းကတော့ အနှစ်သက်ဆုံး စိတ်ပင်ပန်းမှုဖြေလျော့နည်းပေါ့ရှင်…။

စိတ်ပင်ပန်းမှုမှ အနားရကြပါစေ…။

တန်ခူး 11-May-2013 9:20pm

Sunday, May 5, 2013

အာဒမ်ရယ် ဧ၀ရယ် ပြေတီဦးနဲ့  သားရယ် (သို့ ) သားနဲ့ ရုပ်ရှင်



ငယ်ငယ်က အဖေက အပြင်စာဖတ်တာနဲ့  ရုပ်ရှင်ကြည့်တာကို လုံးဝခွင့်မပြုပါဘူး…။ တခါတလေမှ မိသားစုကြည့်သင့်တဲ့ ပညာပေးကားကို အဖေကိုယ်တိုင်ရွေးပြီး လိုက်ပြတတ်ပါတယ်…။ အဲဒီတုန်းက မြန်မာရုပ်ရှင်ကားအများစုက အချစ်ကားတွေများတော့ အဖေစကာတင် ရွေးခြယ်တဲ့ကားက နဲနဲရယ်…။ ကိုယ်ကလဲ ရုပ်ရှင်က၀ါသနာပါလွန်းတော့ တက္ကသိုလ်လဲရောက်ရော အဖေမသိအောင် ခိုးကြည့်တော့တာပါပဲ…။ ကိုယ်ကိုယ်တိုင် သားတယောက်အမေဖြစ်လာတော့ အဖေဘာစိုးရိမ်လဲဆိုတာ ပိုသိလာပါတယ်…။ သားကို တီဗွီပြရင် သားနဲ့ သင့်တော်တာမျိုးပဲပြပါတယ်…။ သားငယ်ငယ်က မြန်မာအချစ်ကားတို့  ကိုရီးယားအချစ်ကားတို့ ဆို သားရှေ့ မကြည့်ပါဘူး…။ သားနဲ့ အတူကြည့်လို့ ရမယ့်ကားပဲ သားနဲ့ အတူကြည့်ပါတယ်…။

သားကို ရုပ်ရှင်စပြတဲ့ အရွယ်က သား၎နှစ်အရွယ်လို့ ထင်ပါတယ်… သားစိတ်ဝင်စားမယ့် animationကားလေးကို ရွေးရပါတယ်… အဲဒီအရွယ်တုန်းက သားက တခုခုဆို သိပ်အကြာကြီး စိတ်မ၀င်စားတတ်သေးတဲ့ အရွယ်မို့  ရုပ်ရှင်ကြည့်နေတုန်းတန်းလန်းနဲ့  သားများ ထပြန်ချင်မလားလို့  ရင်တထိတ်ထိတ်နဲ့  ကြည့်ရတဲ့ကားပါ…။ အံ့သြဖို့ ကောင်းစွာ သားက ရုပ်ရှင်ရဲ့ ဆွဲဆောင်မှုနောက်ကို လိုက်သွားလို့  ဇာတ်လမ်းပြီးသွားတာတောင် မြန်သလိုပါပဲ…။ ရုပ်ရှင်ပြနေချိန်တချိန်လုံး သားဇာတ်ရည်လည်အောင် ရှင်းပြရပါသေးတယ်…။ သားတို့ ခေတ်မှာပေါ်လာတဲ့ animationကားလေးတွေက အရမ်းကောင်းပါတယ်…။ အရုပ်အသံအရည်အသွေးကောင်းရုံတင်မက ဇာတ်လမ်းတိုင်းက ပညာပေးလေး တခုမဟုတ်တခုပါပါတယ်…။ ကာတွန်းကား animation ကား မကြိုက်တဲ့ကိုယ်တောင် သားနဲ့ ရုပ်ရှင်အတူကြည့်ရတာကို အရသာတွေ့ လာပါတယ်…။ သားကို တိုက်ရိုက်ကြီး ဆုံးမတာထက် ရုပ်ရှင်ထဲက ဇာတ်ကောင်လေးတွေကို ဥပမာပြဆုံးမတာ ပိုလဲထိရောက်တာမို့ ပါ…။

သားနဲ့ အတူလိုက်ကြည့်ဖြစ်တဲ့ ဇာတ်ကားလေးတွေထဲ အကြိုက်တွေ့ မိတာလေးတွေက အများသား..။ ရည်ရွယ်ချက်လေးတွေကလဲ တခုနဲ့ တခုမတူ…။ စိတ်ဝင်စားဖို့ အတော်ကောင်းပါတယ်…။ “How to train your dragon” ဆိုတဲ့ကားလေးကိုပြပြီး ဘယ်လောက်ရိုင်းပါတဲ့ဆိုတဲ့ သတ္တ၀ါတွေတောင် မေတ္တာတရားနဲ့ ဆက်ဆံရင် ယဉ်ကျေးသွားတတ်တယ်ဆိုတဲ့ သင်ခန်းစာလေးကို သားကို ပေးလို့ ရပါတယ်…။ “The lorax” ဆိုတဲ့ ရုပ်ရှင်လေးကတော့ သဘာဝတရားကိုချစ်တတ်လာအောင် သစ်ပင်လေးတွေကို တန်ဖိုးထားတတ်လာအောင် ပါးပါးလေးသင်ပေးတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဇာတ်ကားလေးမို့  သားကို သစ်ပင်လေးတွေချစ်တတ်လာအောင် သင်လို့ ပိုကောင်းသွားပါတယ်…။ ဟိုတလောက ကြည့်ဖြစ်တဲ့ “The croods” ဆိုတဲ့ ရုပ်ရှင်ကားလေးဆို ဦးနှောက်ကို အသုံးချတတ်ရင် ဘ၀မှာ ခက်ခဲနေတာတွေက အလွယ်တကူဖြစ်သွားတတ်တယ်ဆိုတဲ့ အပြင်မှာဆုံးမရင် အတော်လက်ပေါက်ကတ်တာကို ဒီရုပ်ရှင်လေးနဲ့ ဆုံးမလိုက်တော့ ခေါင်းထဲလွယ်လွယ်ကူကူကို ၀င်သွားတာ...။ ခုတလောအရွယ်လေးနဲနဲကြီးလာတာနဲ့  ပြောရဆိုရခက် ဂျစ်ကန်ကန်နိုင်လာတဲ့သားကို ပြုပြင်ပြောင်းလဲဖို့ လိုရင် ပြောင်းလဲချင်စိတ်ရှိရတယ် ပြောင်းဖို့ ဝန်မလေးရဘူးလို့  အဲဒီရုပ်ရှင်လေးပြပြီး ဆုံးမရတာပေါ့….။ အဲဒီလို အကျိုးရှိတဲ့ ရုပ်ရှင်ဖန်တီးသူတွေကို တကယ်ကျေးဇူးတင်မိပါတယ်…။ Mediaက ကလေးတွေရင်ထဲတန်းထိတာမျိုးမိုလား…။

ဒါပေမယ့်လဲ ဒီMediaကြောင့်ပဲ အတတ်ဆိုးတွေရတတ်မှာမို့  အတော်တော့သတိထားရပါတယ်…။ သားနဲနဲကြီးလာတော့ မြန်မာရုပ်ရှင်ကားလေးတွေနဲ့  ရင်းနှီးအောင် တချို့ ကားတွေကို သားနဲ့ အတူကြည့်ဖြစ်ပါတယ်…။ သားနဲ့ အတူကြည့်တော့ တအံ့တသြသိလိုက်ရတာက ရုပ်ရှင်မင်းသား မင်းသမီးတိုင်းကို သားက သိနေတော့တာကိုပါပဲ…။ ပြေတီဦးလဲသိ နေတိုးလဲသိ သက်မွန်မြင့်ကအစ မိုးဟေကိုအဆုံး အကုန်သိနေတော့ ဒီအမေလဲ မျက်လုံးပြူးရော…။ နောက်မှ ဇာတ်ရည်လည်လာတော့ သူ့ အမနဲ့ ပြောဟယ်ဆိုဟယ် မဂ္ဂဇင်းတွေက ပုံတွေကြည့်ရင်း သိလာတာပါ…။ သိရုံသိတာလောက်မဟုတ်ပဲ သူ့ ဟာသူပြေတီဦးအရမ်းကြိုက်သွားတာ အတော်ထူးဆန်းပါတယ်…။ ငယ်ငယ်က မင်းသားဖြစ်ဖြစ် မင်းသမီးဖြစ်ဖြစ် အရမ်းကြိုက်ရင် ဘယ်ဇာတ်ကောင်စရိုက်ကပါပါ သူ့ ပဲအနိုင်ရစေချင်တာမျိုး ဖြစ်မိကြတယ် မဟုတ်လား..။ အသက် ၉နှစ်မပြည့်သေးတဲ့သားလေးမှာ အဲဒီလို စွဲလန်းမှုမျိုးဖြစ်နေတာ ဟိုတလောကမှ သတိထားမိလိုက်ပါတယ်…။

On lineပေါ်မှာ ညီမ၀မ်းကွဲလေးက အကယ်ဒမီရသွားတဲ့ အာဒမ်ံရယ် ဧ၀ရယ် ဒဿရယ်ကြည့်တော့ သားလဲ ကြည့်ချင်ပါတယ်ဖြစ်လာရော…။ ဒီဇာတ်လေးကတော့ အချစ်ပါးပါးလေးဆိုပြီး သားကိုပြလိုက်မိတာပါ…။ ဒီဇာတ်ကားမှာ ပြေတီဦးက အတ္တကြီးတဲ့ဇာတ်ကောင်ပါ…။ သူလိုချင်တာတခုကို သူများကို ကိုယ်ချင်းမစာပဲ အတင်းရယူတတ်တဲ့ အမြဲအနိုင်လိုချင်တဲ့ ဗီလိန်ဇာတ်ကောင်စရိုက်ပေါ့…။ ကိုယ်လဲဇာတ်ထဲမျောသွားတာ သက်မွန်မြင့်က ပြေတီဦးကို မချစ်တော့ဘူးလို့ ပြောလို့ ပြေတီဦးရှုံးတဲ့အခန်းတွေရောက်တော့ သားမျက်ရည်တွေဝိုင်းပြီး စိုင်းစိုင်းနဲ့ သက်မွန်မြင့်ကို ဒေါသတွေထွက်နေတာ သတိထားမိသွားပါတယ်…။ အားလုံးက ပြေတီဦးမုန်းနေချိန်မှာ သားကပြေတီဦးအရှုံးကို သနားနေတာ…။ ဘယ်လိုတွေဖြစ်ကုန်ပါလိမ့်ဆို ဇာတ်လမ်းတဲ့စိတ်ရောက်တဲ့ အမေ သားကို လေ့လာရပါတော့တယ်…။ ပြေတီဦးရဲ့ ဒီကားထဲက စရိုက်က မကောင်းဘူးလေသားရဲ့… သူ့ အတ္တကြောင့် သူပြန်ခံစားရတာလေ… စသဖြင့် သားကို ဒီကားရဲ့ပြေတီဦးစရိုက်မလွှမ်းမိုးအောင် ရှင်းပြရပါတော့တယ်…။ ပြေတီဦးကို အရမ်းကြိုက်လို့  သူ့ ကို နိုင်စေချင်တာဆိုတဲ့ သားအပြောက အရှိုက်ကို ထိသွားပါတယ်…။ သားနဲ့ ရုပ်ရှင်တူတူကြည့်တိုင်း အပွဲပွဲတိုင်း ဆုံးမလာတဲ့ကိုယ်က ပြေတီဦးနဲ့ မှ အလဲထိုးခံလိုက်ရတာပါ…။ ဘယ်ရမလဲ…။ ဒီကလဲ စာတွေရေးနေသူဆိုတော့ ဇာတ်လမ်းထဲကထက် ပိုဇာတ်နာအောင် အတ္တကြီးသူတို့ ရဲ့ ကြောက်စရာကောင်းပုံတွေကို တရစပ်ပြောပြလိုက်တော့ ပြေတီဦးမှားတယ်လို့  နောက်ဆုံးသဘောပေါက်သွားပါတယ်…။ အဲဒီနောက်ပိုင်း ကိုယ်ဖြစ်ဖြစ် ညီမလေးဖြစ်ဖြစ် ပြေတီဦးအကြောင်း သိပ်မပြောဖြစ်အောင် သူ့ ရုပ်ရှင်တွေသိပ်မကြည့်ဖြစ်အောင် ကြည့်ဖြစ်တောင် ဇာတ်ကောင်စရိုက်ကိုကြည့်ပြီးမှ ဆက်ကြည့်ပါတော့တယ်…။ ပြေတီဦးတော့ အားနာပါရဲ့လေ…။

မင်းသားဖြစ်ဖြစ် မင်းသမီးဖြစ်ဖြစ် အလွန်အကျွံစွဲလန်းမိတဲ့အခါ သူတို့ သရုပ်ဆောင်တဲ့ ဇာတ်ကောင်စရိုက်တွေ အထူးသဖြင့် လူငယ်တွေမှာ လွှမ်းမိုးတတ်တာ သဘာဝပါပဲ…။ အဲလောက်မလွှမ်းမိုးဘူးဆိုရင်တောင် မင်းသမီးလိုလှချင်လို့  မင်းသမီးလေးလို လိုက်ဝတ်တာလောက်တော့ အနဲဆုံးရှိမပေါ့…။ ကိုယ်တို့ ခေတ်က ထမီဝတ်တဲ့ခေတ် လုံလုံခြုံခြုံဝတ်တဲ့ခေတ်မို့  မင်းသမီးလို လိုက်ဝတ်တာ အဲလောက်ကြီး အန္တရယ်မရှိပေမယ့်… ဒီဘက်ခေတ်တော့ သမီးမိန်းခလေးမွေးတဲ့ မိဘတွေ အတော်သတိထားရမှာပါ…။ ညီမ၀မ်းကွဲလေးနဲ့  ရုပ်ရှင်အတူကြည့်တဲ့အခါ ခုခေတ်မြန်မာမင်းသမီးတွေ ပေါင်ရင်းနားရောက်နေတဲ့ ဘောင်းဘီတိုလေးတွေ ခပ်ရဲရဲဝတ်လာတာ သတိထားမိပါတယ်…။ ဒါကြောင့်ုမို့  မြန်မာပြည်မှာလဲ ဘောင်းဘီတိုခေတ်ရောက်နေသလား ထင်ရပါတယ်…။ ထမီဝတ်ရင်ပဲ တောသူလို့ အပြောခံရမလားလို့  စိုးရိမ်နေကြတဲ့ခေတ်ပါ…။ ပိုင်ရှင်ရှိတဲ့ယောင်္ကျားကို ပြစ်မှားတဲ့ ကိုရီးယားကားတွေ ၀င်လာတော့ သူများအိမ်ထောင်ရေးကို ဖျက်ဆီးတာဟာ ဘာသာတရားနဲ့ ဆန့် ကျင်တဲ့ နိမ့်ကျတဲ့လုပ်ရပ်လို့ ကို မစဉ်းစားနိုင်အောင် Mediaရဲ့လွှမ်းမိုးမှုကို ခံကြရတာပါ…။ အသဲကွဲရင် အရက်သောက်တတ်တယ်ဆိုတာ ဟိုးတုန်းက ယောင်္ကျားလေးတွေလုပ်ကြတဲ့အလုပ်…။ အခုတော့ အသဲမကွဲလဲ အရက်ဆိုင်ပေါ်တင်ထိုင်နေတဲ့ ခေတ်ရဲ့သမီးပျိုလေးတွေ ငါးပါးသီလဆိုတာ သတိမှရပါလေစလို့  တကယ့်ကို ရင်လေး စိုးရိမ်ပူပန်မိပါတယ်…။ တကယ်တော့ ခေတ်ရေစီးကြောင်းကြောင့် တားမရတဲ့Mediaကြောင့်လို့ ယိုးမယ်ဖွဲ့ လို့ ရပေမယ့် အုပ်ထိန်းသူမိဘတွေရဲ့ မျက်ခြေမပြတ် ပြုပြင်ဆုံးမမှုကလဲ အတော်အရေးကြီးတယ်ဆိုတာ သားနဲ့ ပြေတီဦးက သက်သေပြလိုက်သလိုပါပဲ…။ အမျိုးကောင်း သားသမီးလေးတွေ အများကြီးပေါ်ထွန်းပါစေ…။

တန်ခူး

5 May 2013 11:30pm

Sunday, April 7, 2013

ထုံဇင်နဲ့ အလွဲများ



“ ကြက်သွန်နီပါးပါးလှီးရင် အသားခုတ်တဲ့ ဒီဓားမကြီးနဲ့ မလှီးသင့်ဘူး… ဒီဓားလေးဆိုအတော်ပဲ… ဓားရွေးချယ်မှုကလဲ ဟင်းချက်ရာမှာ အတော်အရေးကြီးတယ်… ကြက်သွန်နီကို ခုလို နှစ်ခြမ်းခြမ်း ပြီးတော့ ဟိုဘက်လက်ကလေးနဲ့ အသာကိုင်ပြီး ဒီဘက်ကနေ အထူအပါးကို ကိုယ်လိုသလောက်ညီညီလှီးရတယ်… အထူအပါးမညီရင် အကျက်လဲမညီဘူး… ဘဘောပေါက်တယ်နော်”

ဘေးလူကြားရင် ကျွန်မအသံက ဟင်းချက်တဲ့ တီဗွီအစီအစဉ်တခုခု အတွက်ပဲ လေ့ကျင့်နေသလိုလို… ဒါမှမဟုတ် ကိုရီးယားကားတွေ အကြည့်များပြီး ဟင်းချက်တာတောင် ဇာတ်ကားထဲက စတိုင်အတိုင်း လုပ်နေသလိုလို ထင်ပါလိမ့်မယ်…။ တကယ်တော့ အဲဒါတွေ တခုမှ မဟုတ်ပါဘူး…။ ကျွန်မနဲ့  အတူနေ ကျွန်မ၀မ်းကွဲညီမလေးကို ချက်နည်းပြုတ်နည်းသင်နေတာပါ။ ကျွန်မနဲ့ နေတာ နှစ်နှစ်လောက်ရှိပြီး စ နေကတည်းက ယနေ့ ထက်ထိ သင်နေရတုန်းပါ။ တချို့ ဟင်းတွေတော့ လက်လွှတ်လို့ ရပေမယ့် တခါတခါ ကြောင်ကြောင်ပြီး တလွဲတွေ လုပ်တတ်လွန်းလို့  အဲဒီလို အသေးစိတ်ကို နေ့ တိုင်းနီးပါး ရှင်းပြရပါတယ်။

ကျွန်မဦးလေးနဲ့ အဒေါ်က သမီးလေးတယောက်ထဲပါတယ်ဆို ဖူးဖူးမှုတ်ထားတော့ မီးဖိုချောင်ဆိုတာ အဖေနဲ့ အမေနေရာလို့  သတ်မှတ်ခဲ့တဲ့ ကျွန်မညီမ ခုမှ ဘွဲ့ လွန်သင်တန်းပဲ တက်နေသလိုလို အတော်ကို ခက်ခက်ခဲခဲ သင်ယူရပါတယ်။ တခါတလေ သူ့ အတွေးလေးနဲ့ များ လုပ်တတ်မလားလို့  လွှတ်ထားပေးကြည့် အသေအချာကို လွဲတော့တာပါပဲ။ လွဲလွန်းလို့  အမေပေးတဲ့ နာမည်လှလှလေးကနေ “ထုံဇင်” လို့ ပြောင်းရမလိုပါ။ သူလွဲတဲ့ အလွဲလေးတွေ နဲနဲပြောရရင်တော့….

လွဲလွဲလေး(၁)

ထုံဇင် >> “မမ… မနေ့ က ၀ယ်လာတဲ့ ပေါက်စီကြီးက ရေခဲသေတ္တာထဲ ဘာလုပ်မလို့ ထည့်ထားတာလဲ”

ကျွန်မ >> “မနေ့ က ဘာပေါက်စီမှ မ၀ယ်ခဲ့ပါလားဟယ်”

ထုံဇင် >> “ဒီမယ်လေ ဒါကြီးပြောတာ”

သူ့ လက်ထဲက ပေါက်စီဆိုတာ ကြည့်မိတော့ ငိုအားထက် ရယ်အားသန်မိပါတယ်…။ ပင်နင်းဆိုးလားမှာ နွားနို့ ခဲတွေ့ လို့  ချက်စားရအောင် ၀ယ်လာခဲ့တာ အညာသူထုံဇင်လက်ထဲရောက်မှ နွားနို့ ခဲက ပေါက်စီဘ၀ပြောင်းတော့တာပါပဲ။

**********************

လွဲလွဲလေး (၂)

ထုံဇင် >> “မမ၀ယ်လာတဲ့ ဒန့် ဒလွန်သီးကြီးက ရင့်လိုက်တာ ဘယ်လိုမှ သင်လို့ မရဘူး”

ကျွန်မ >> “ဟုတ်လို့ လား… သေသေချာချာ မရင့်တာလေးတွေ ရွေးဝယ်လာတာပါ”

ထုံဇင် >> “ဒီမယ်လေ… ချိုးလို့ မှမရတာ… ကြည့်ပါဦး”

ဒန့် သလွန်သီးကို အခွံမခြစ် ဓားမသုံးပဲ ကန်စွန်းရွက်သင်သလို ချိုးပြီး ကျွန်မကို ရင့်တာကြီး ၀ယ်လာရလားလို့  အပြစ်တင်နေတဲ့ ညီမကို ကြည့်ပြီး မပြုံးပဲ ၀ါးလုံးကွဲ ရယ်မိပါတော့တယ်။

**********************

လွဲလွဲလေး (၃)

ကျွန်မ >> “အိုး… ဘယ်လိုဖြစ်လို့  ဒီဗူးကြီးက ရေခဲသေတ္တာထဲရောက်နေတာလဲ”

ထုံဇင် >> “မနေ့ က မမအမျိုးသားဝယ်လာတဲ့ အအေးဗူးလေ… ဘာဖြစ်လို့ လဲ”

လက်ဆေးဆပ်ပြာကို လိမ္မော်ရောင် ၀ယ်လာသည့် ကျွန်မ အမျိုးသားကိုပဲ အပြစ်တင်ရမလား… ဆပ်ပြာရည်နဲ့ အအေး မကွဲပြားသည့် ညီမကိုပဲ အပြစ်တင်ရမလား… ဘာပဲဖြစ်ဖြစ် မဖောက်ရသေးတာကိုပဲ ကျေးဇူးတင်မိပါသေးတယ်။

**********************

လွဲလွဲလေး (၄)

ကျွန်မ >> “ဒီနေ့ ကြက်မြစ်ကြက်သဲဟင်းချက်မယ်… မချက်ခင် အိုင်ဒီယာလေးရအောင် မေးပါရစေဦး.. အသဲနဲ့ အမြစ် ဘယ်ဟာက ပိုမာသလဲ”

ကျွန်မက ကြက်မြစ်ကြက်သဲချက်ရင် အမြစ်လေးကို အရင်ပျော့အောင် ပြုတ်ပြီးမှ အသဲနဲ့ အတူရောချက်တာပါ။ ဒါမှအကျက်လေးညီအောင်လို့ ပါ။ အသဲနောက်မှထည့်ရင် သိပ်မမွှေးဘူးထင်လို့ ။ အဲဒါရှင်းပြဖို့ ညီမကို အပေါ်ကလို မေးခွန်းထုတ်တာပါ။

ထုံဇင် >> “အသဲမာတယ်”

ကျွန်မ >> “ဘယ်လို… ၀တ္ထုထဲသီချင်းထဲက စာသားလား… အသဲနဲ့ အမြစ်နဲ့ မကွဲတာလားဟယ်”

တကယ်တော့ အသဲကို အမြစ်လို့ မှတ်… အမြစ်ကို အသဲလို့ မှတ်… လွဲချင်တိုင်းလွဲနေတာမို့  အဲဒီလို အဖြေလွဲလေးကို ကျွန်မကြားတာပါ။

**********************

ဒါက မီးဖိုချောင်နဲ့ ပတ်သက်တဲ့ အလွဲဥပမာပါ…။ ယနေ့ ထက်ထိ အသီးအရွက်နာမည်တွေ အပေါက်မတည့်သေးသလို ငါးခြောက်တွေလဲ ရောနှောနေတုန်းပါ။ ငါးရံ့ခြောက်လေး ထုတ်ခဲ့ပါဆို ငါးပုတ်ခြောက်ထုတ်လာတတ်ပြီး အာဗြဲခြောက်ဆို ငါးနီတူးယူလာတုန်းပါ။ ဒီပို့ စ်မှာ တင်ထားတဲ့ ပုံလေးကတော့ အိမ်မှာရှိတဲ့ အသီးအရွက်နဲ့  အသားစာရင်းကို သူပြုစုထားတာပါ။ မှင်နီလေးတွေ ၀ိုင်းထားတာကတော့ လွဲနေတာတွေပေါ့။ တို့ စားတဲ့ ခရမ်းကစော့သီးက ခရမ်းဆော့သီးဆိုတဲ့ နာမည်အသစ်ပေးခံရသို ခ၀ဲသီးကို သပွတ်သီးဘ၀ပြောင်းလိုက်တာလဲ သူပါပဲ။ စားတော်ပဲပြုတ်ကို ပဲပြုတ်ဖြူလို့ ခေါ်တာ သူတယောက်ပဲ ရှိမယ်ထင်ရဲ့နော်။ မီးဖိုချောင်တင်မက တခြားနေရာတွေမှာလဲ ထိုနည်းတူလွဲတတ်ပါသေးတယ်။

လွဲလွဲလေး (၅)

သားနေမကောင်းတာ ဆေးတိုက်ဖို့ ဆေးတွေကို သူ့ ကိုပြောပြထားပြီးသားပါ။ ဆေးတမျိုးက တနေ့ ၂ကြိမ်၊ ကျန်တဲ့ဆေးတွေက တနေ့ ၃ကြိမ်။ ခုနေ့ လည်ဆေးကို တနေ့ ၂ကြိမ်ဆေးပါတိုက်မယ်လုပ်နေတော့ ကျွန်မမေးရပါပြီ။

ကျွန်မ >> “အဲဒီဆေးက တနေ့ ၂ကြိမ်လေ… ဘာလို့ နေ့ လည်ကြီးတိုက်နေတာလဲ”

ထုံဇင် >> “ဟုတ်တယ်လေ မမရဲ့… တနေ့ ၂ကြိမ်ဆိုတော့ မနက်တကြိမ် နေ့ လည်တကြိမ်တိုက်… ညကျတိုက်စရာမလိုတော့ဘူးပေါ့”

သူ့ အဖြေကြောင့် ဘာစကားမှပြန်မပြောနိုင်လောက်အောင် ဖြစ်သွားရပါတယ်။ အတွေးတွေလွဲချက်ကတော့ ကမ်းကုန်ပါပဲ။ မနက်ကို တပြိုင်တည်း ၂ကြိမ် မတိုက်တာပဲ တော်ရဲ့လို့  ပြောရမလိုပါပဲ။

**********************

လွဲလွဲလေး (၆)

ထုံဇင် >> “မမ ဟိုဘက်အိမ်က အကူမိန်းမကြီး သူတို့ အိမ်ထဲ ယောင်္ကျားကြီးတယောက် ၀င်လာလို့  ပြူတင်းပေါက်နေ ဒီဘက်ခုန်တာ ကံကောင်းလို့ ပြုတ်မကျတယ်… ခြေထောက်တွေ ဒဏ်ရာတွေ ရကုန်တာ”

အဲဒီလို သဲထိတ်ရင်ဖို ဇာတ်လမ်းကြားလိုက်ရတော့ ကျွန်မအတော်ပူသွားရပါတယ်။ ဘယ်နှယ့် အိမ်ထဲသူစိမ်းယောင်္ကျားဝင်ရသတဲ့လား။ ကျွန်မပူသွားရတာ သူ့ အတွက်ပါ။ သူကရိုးရိုးနုံနုံနဲ့ ဟိုဘက်အိမ်လူဝင်သလို ကိုယ့်အိမ်များဝင်ရင်တော့ ဒုက္ခပေါ့။

ကျွန်မ >> “ဟုတ်လို့ လားဟယ်… သူပြောတာရော သေချာနားလည်လို့ လား”

ထုံဇင် >> “အော်…ဟုတ်ပါတယ်ဆို… အိမ်ရှေ့ အိမ်က အန်တီကြီးကိုပြောနေတာ”

ကျွန်မလဲ စိတ်ပူပြီး အိမ်ရှေ့ အိမ်က အန်တီကို မေးမိတော့ ဇာတ်လမ်းအမှန်က တမျိုးပါ။ အိမ်ဘေးအိမ်က ဖီလစ်ပိုင်မိန်းမက ကလေးကို တံခါးပိတ်ထားခဲ့ပြီး အောက်မှ သူ့ ဖဦးထုတ်အဖော်တွေနဲ့  ပျော်ပွဲစားနေတုန်း aircon maintenance လုပ်ဖို့  သူ့ အိမ်ရှင်ချိန်းထားတဲ့သူက ရောက်လာတာပါ။ အိမ်တံခါးက ပိတ်ထားတော့ အိမ်ရှင်လှမ်းဖုန်းဆက် အိမ်ရှင်က ဖီလစ်ပိုင်မကိုဆက် သူက အပြေးပြန်လာ အိမ်ရောက်တော့ သော့ကြီး အိမ်ထဲထည့်ပြီး သော့ခတ်မိနေလို့  ပြူတင်းပေါက်က ကျော်ဖွင့်ရတာပါ။ ကဲ… ဖီလစ်ပိုင်မက အိမ်ရှေ့ က ကုလားလူမျိုးအန်တီကို အင်္ဂလိပ်လိုပြောတာကို ကျွန်မတို့ မြန်မာမလေးထုံဇင်က မြန်မာမှုပြုလိုက်တာ ဘယ်လောက်နီးစပ်သလဲနော်…

**********************

လွဲလွဲလေး (ရ)

ထုံဇင် >> “မမပြောတော့ Lake Side နဲ့  Bukit Batok ” ကြားထဲ ရထား ၃မှတ်တိုင်ဆို… ခုတကယ်သွားတော့ တမှတ်တိုင်တိုးလာတယ်”

ကျွန်မ >> “ဟဲ့… ရထားဘူတာက ဘယ်နှယ့်နေရင်းထိုင်ရင်း တမှတ်တိုင်တိုးပါ့မလဲ… ၃မှတ်တိုင်ပါ”

သားကျောင်းက ရေကူးသင်တန်းရှိတဲ့နေရာကို သွားခိုင်းရာမှ ကျွန်မရဲ့လမ်းညွန်မှုကို ဒေါ်ထုံဇင်တို့  complaint တက်နေပါပြီ။ ဘယ်လိုရေရေ ၃မှတ်တိုင်ပဲမို့  သူ့ ဘယ်လိုများရေဘာလိမ့်လို့  စိတ်ဝင်တစားမေးကြည့်တော့…

ထုံဇင် >> ”မမတွက်ကြည့်လေ… lake side က Chinese garden ၁မှတ်တိုင်… Chinese gardenကနေ Jurong East ၁ မှတ်တိုင်… Jurong East အစိမ်းလိုင်းက အနီလိုင်း ၁ မှတ်တိုင်…”

ဘာကြောင့် တဘူတာပိုလဲ သိလိုက်ရပါပြီ။ ဒီလောက်မြေပုံဆွဲရှင်းပြလိုက်ရက်နဲ့  Jurong East အစိမ်းနဲ့ အနီလေး ကူးလိုက်တာကို တမှတ်တိုင်စာတွက်ပလိုက်တာလေ။

**********************

လွဲလွဲလေး (၈)

ကျွန်မ >> “ကြာလိုက်တာဟယ်… ဘာများဖြစ်နေသလဲလို့ ”

သားကျူရှင်သွားပို့ ပြီး တော်တော်နဲ့ ပြန်မရောက်တော့ စိတ်ပူလိုက်ရတာ…။ ဖုန်းဆက်တာလဲမကြား။ ကျွန်မမေးတာကို ပြုံးစိစိဖြစ်နေတာကြည့်ရင်း တခုခုလွဲပြီဆိုတာ စိတ်ထဲက သိလိုက်ပါတယ်။

ထုံဇင် >> “Boonlay Interchange မှာ ဘတ်စ်ကားစီးတာ လမ်းကြောင်းမှား စီမိလို့ ”

ကျွန်မ >> “လမ်းကြောင်းမှားလဲ လမ်းကြောင်းပြန်ပြောင်းလို့ ရတာပဲ”

ထုံဇင် >> “မဟုတ်ဘူးလေ… လမ်းကြောင်းမှားတာ ကားပေါ်ရောက်ပြီး တခြားလမ်းထဲကွေ့ သွားမှ သတိထားမိတယ်… နံပါတ်မကြည့်ပဲ လိုက်စီးသွားတာ… ဟဲဟဲ…”

ကျွန်မ >> “အိုး.. ဖြစ်ရမယ်… အဲဒါအိမ်ကို ဘယ်လိုပြန်လာလဲ”

ထုံဇင် >> “လမ်းလျှောက်လာတာလေ”

လမ်းလျှောက်တာမလွဲတာကိုပဲ တော်သေးရဲ့လို့ ဆိုရမလိုပါပဲ။

**********************

ကျွန်မနဲ့ မနေခင်က မြန်မာပြည်က စတိုးဆိုင်တခုမှ ငွေကိုင်လုပ်ခဲ့ပါတယ်။ စတိုးဆိုင်က အိမ်နဲ့ ဘတ်စကား ၂မှတ်တိုင်လောက်ပဲ ဝေးတာမို့  သူ့ အကိုက စက်ဘီးနဲ့ အမြဲလိုက်ပို့ ပါတယ်။ တရက်သားမှာ သူ့ အကို မအားတာနဲ့ ဘတ်စ်ကားနဲ့ သွားမယ်ဆို ဘတ်စ်ကားဂိတ်မှာ ကားစောင့်ပါတယ်။ ဘတ်စ်ကားတစီးလာတာနဲ့  တက်စီးသွားတာ သူ့ စတိုးဆိုင်ကျော်မှ သတိထားမိပါတယ်။ ကားမောင်းတဲ့ အဖိုးကြီးက သမီးဝန်ထမ်းအသစ်လားလို့ မေးမှ သူစီးသွားတာ လိုင်းကားမဟုတ်ပဲ ရုံးဖယ်ရီကြီးဖြစ်နေပါသတဲ့။

တကယ်တော့ လွဲတဲ့ဇာတ်လမ်းတွေသာ ထိုင်ရေးရရင် လုံးချင်းတအုပ်ထွက်နိုင်ပါတယ်။ ဘယ်လောက်လွဲသလဲဆို မလွဲတဲ့နေ့ မရှိသလောက်ပါပဲ။ ထူးအိမ်သင်သီချင်းလေးထဲကအတိုင်း လွဲလွဲလေးပဲကောင်းပါတယ်ဆိုတာ သူ့ အတွက်များ စပ်ထားသလား ထင်ရပါတယ်။ ဆရာမင်းလူသာ သူနဲ့ နေရရင် လှထုံလို ဇာတ်ကောင်တယောက်တွေ့ ပဟဆို ကုန်ကြမ်းတွေ မနဲမနောရမှာ အမှန်ပဲ။ စိတ်ထားလေးကဖြူစင်ပြီး သဘောလေးကောင်းတာမို့  မိန်းခလေးလဲဖြစ်နေတော့ အလွဲကြီးတွေ မလွဲရအောင် အလွဲသေးလေးတွေက တဆင့် သင်ခန်းစာယူတတ်အောင် သင်ပေးရပါတယ်။ ကျွန်မတို့  အိမ်မှာတော့ တနေ့ တနေ့ အလွဲတွေ ထပ်မလွဲရအောင် ကျွန်မက သင်လိုက် ထုံဇင်က လွဲပြီးရင်းလွဲလိုက်နဲ့  ဆူညံမြိုင်ဆိုင်လို့ နေပါတော့တယ်။

တန်ခူး 6:50pm 5-Apr-2013