မနစ်ကတည်းက ရေးချင်နေခဲ့တာပါ... လာမေးကြတဲ့သူတွေကို တဦးချင်းဖြေဖြစ်ခဲ့တဲ့အခါ စာလေးတပုဒ်ရေးတင်ရင် အမြဲဖတ်လို့ ရနေမှာပေါ့လို့  တွေးမိလို့ ပါ...
စာတပုဒ်ထဲ အရမ်းရှည်သွားမစိုးလို့  ၂ပိုင်းခွဲတင်ပေးပါ့မယ်...
ကျွန်မဖြတ်သန်းလာတဲ့ အတွေ့ အကြုံ, ဗဟုသုတနဲ့  ကျွန်မပတ်ဝန်းကျင်က မြင်ရတွေ့ ရတဲ့ အတွေ့ အကြုံတွေပေါ်မူတည်ပြီး ရေးတာမို့  အမြင်တွေ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ်...
ကျွန်မတို့  ဘဝမှာ လမ်းဆုံတွေ အများကြီးကြုံခဲ့ရတယ်... ကြုံခဲ့ရဦးမယ်... အဲဒီအခါ ကိုယ်ရွေးခြယ်လိုက်တဲ့ ရှေ့ ဆက်မယ့်လမ်းဟာ မှန်ကန်မှသာ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကိုရောက်ကြမယ် မဟုတ်လား... ပန်းတိုင်လေးတွေ မှန်ကန်စွာ ရွေးခြယ်နိုင်ဖို့  စေတနာနဲ့ ကျွန်မရဲ့ မဖြစ်ညစ်ကျယ် အတွေးလေးနဲ့ ဒီစာရေးတာမို့  အမှားများပါရင် ခွင့်လွှတ်ပါနော်...
ဆယ်တန်းအောင်ရင် ဘာလုပ်ကြမယ်
ဘယ်တက္ကသိုလ်သွားမလဲ
ကာယကံရှင်ကိုယ်တိုင် သေချာစဉ်းစားသင့်ပါတယ်... ကိုယ့်အနာဂတ်ကို ကိုယ်ဘယ်လိုဖြစ်ချင်သလဲ... ကိုယ့်ဝါသနာနဲ့ စိတ်ဝင်စားမှုကဘာလဲ... ကိုယ့်အိပ်မက်တွေ, ရူးသွပ်မှုတွေကရော ဘာလဲ... ကိုယ်ကိုယ်တိုင်ဘာလုပ်ရမှန်းမသိမှ မိဘဆွေမျိုး, မိတ်ဆွေ အပေါင်းအသင်းတွေနဲ့  တိုင်ပင်ပါ... လမ်း၂ခု,၃ခု ဝေဝါးနေရင် ချရေးပါ... ချရေးတဲ့အခါ လမ်းတခုချင်းစီအတွက် အကောင်းတွေရော, အဆိုးတွေရောချရေးပါ... အဲဒါမှ နှိုင်းယှဉ်စဉ်းစားနိုင်မှာပါ... ဒီနေရာမှာ ကျွန်မအပွင့်လင်းဆုံးတခုပြောချင်တာကတော့ ကိုယ့်ဘဝအတွက် ရွေးခြယ်မှုမှာ ပတ်ဝန်းကျင်က ဒီလိုမြင်, ဒီလိုထင်မယ် ဆိုတဲ့ ပတ်ဝန်းကျင်လွှမ်းမိုးမှုကို တဆိတ်ဘေးဖယ်ထားစေချင်ပါတယ်... မိဘတွေကိုလဲ တိုက်တွန်းချင်တာက ပတ်ဝန်းကျင်မှာ ဂုဏ်ရှိစေချင်လို့ , တင့်တယ်စေချင်လို့  ဒါပဲရွေးရမယ်ဆိုတဲ့ အတင်းအကြပ်သဘောမျိုးတွေ မဖြစ်စေချင်ဘူး...
ကျွန်မတို့  ဆယ်တန်း တက္ကသိုလ်တွေ လျှောက်ကြတုန်းက ဆေးကျောင်းက အမှတ်အမြင့်ဆုံး... အာအိုင်တီက ဒုတိယပေါ့... ဆေးကျောင်းအမှတ်မှီပြီး အာအိုင်တီတက်ဖို့ ရူးသွပ်တဲ့ ကျွန်မသူငယ်ချင်းတယောက်ကို သူ့ မိဘတွေက ဆေးကျောင်းတက်ဖို့  အတင်းအကြပ်ဖိအားပေးခဲ့လို့ သူ့ ဝါသနာကို ကြောခိုင်းခဲ့ရတာ ကြားရတော့ အတော်စိတ်မကောင်းခဲ့ဘူး... ကိုယ်ဝါသနာပါရာ, ကိုယ်ရူးသွပ်ရာလမ်းကြောင်းကို လျှောက်လမ်းရတဲ့အခါ အဲဒီလူဟာ ပိုလို့ ထူးချွန်အောင်မြင်မှာ သေချာပါတယ်... ပြီးတော့ ဝါသနာနဲ့  ဘဝဖြတ်သန်းခွင့်ရတာ ဘယ်လောက်ကံကောင်းလိုက်သလဲနော်...
ဆေးရုံတရုံဟာ ဆရာဝန်နဲ့ ချည်း ဖွဲ့ စည်းထားတာ မဟုတ်သလို, စက်ရုံတရုံဟာလဲ အင်ဂျင်နီယာတွေနဲ့ ချည်း လည်ပတ်နေတာမဟုတ်ပါဘူး... သူနာပြုမရှိပဲ ဆေးရုံတရုံမဖြစ်သလို သန့် ရှင်းရေးဝန်ထမ်းမရှိပဲ ဆေးရုံတရုံအဂါင်္ရပ်နဲ့ မညီနိုင်ပါဘူး... ဆရာဝန်, သူနာပြု, အင်ဂျင်နီယာ, ရှေ့ နေ, တရားသူကြီး, ဆရာမ, စစ်ဗိုလ်,စစ်သား, စာရင်းစစ်, စာရင်းကိုင် စသဖြင့် လောကကြီးမှာ အလုပ်အကိုင်တွေတိုင်းက သူ့ နေရာနဲ့ သူ မျှတစွာလိုအပ်ပါတယ်... ဒါကြောင့် ကိုယ့်ဝါသနာ, ကိုယ့်ရူးသွပ်မှုနဲ့  ကိုယ်ယုံကြည်ရာကို ရဲရဲဝံ့ဝံ့ရွေးခြယ်ကြပါလို့ တိုက်တွန်းချင်ပါတယ်...
ကျွန်မ မနှစ်က ဒါးက, ဝက်ထိုးမှာ Education event လေးသွားတော့ ကလေးတွေနဲ့  အမေးအဖြေလုပ်ခဲ့တုန်းက သိပ်ချစ်စရာကောင်းတဲ့အဖြေလေးတွေရခဲ့တာ မှတ်မိပါတယ်... ဆရာမလုပ်ချင်တယ်... သူနာပြုဖြစ်ချင်တယ်... ကလေးတယောက်ကဆို အားကြိုးမာန်တ ပြောတယ်... စစ်သားကြီးဖြစ်ချင်တယ်တဲ့... အဲဒါ သူတို့ လေးတွေရဲ့ဖြူစင်တဲ့ အနာဂတ်ရည်မှန်းချက်လေးတွေပါ... သွားကြပါစေ... အန္တရာယ်မရှိရင် ဘယ်လမ်းမဆိုရဲရဲဝံ့ဝံ့ လျှောက်ကြပါစေ... တခုပါပဲ... ကိုယ်လျှောက်တဲ့လမ်းမှာ အထူးချွန်ဆုံးဖြစ်အောင် ကြိုးစားကြဖို့ ပါပဲ... လမ်းပေါ်မှာ လမ်းမပျောက်သွားဖို့  အရေးကြီးပါတယ်...
နိုင်ငံခြားသွားရမလား
ဒီခေတ်ကြီးမှာ တော်တော်များများ စဉ်းစားကြတဲ့ လမ်းပေါ့နော်... မြန်မာနိုင်ငံပညာရေးစနစ်ကြီး ဆိုးဝါးနေလို့  သွားကိုသွားမှ ဖြစ်မယ်ဆိုတဲ့ အယူအဆကြီးတော့ ကျွန်မ အားမပေးချင်ပါဘူး...
ဒီနေရာမှာ ကျွန်မတိုက်တွန်းချင်တာကတော့ ဝါသနာရယ်, လက်ရှိရတဲ့အမှတ်, ဝင်ခွင့်စာမေးပွဲ စသဖြင့် ကိုက်ညီမှုရှိသလား... သေချာစဉ်းစားပါ... သူက အာအိုင်တီ အမှတ်တော့မှီတယ်... ဒါပေမယ့် ကျောင်းကြီးက အခွံပဲရှိတော့တာမို့ စင်္ကာပူက poly ပဲ လွှတ်တော့မယ်... US,UK, Ausi က ရရာ college လေး တက်ခိုင်းမယ်... အဲဒီလို အတွေးနဲ့ ဆုံးဖြတ်ချက်တွေကို ကျွန်မ နှမျောမိတယ်... မြန်မာနိုင်ငံမှာ Bachelor’s degree တခု ရဖို့ အခြေအနေပေးပါလျက် သူများနိုင်ငံမှာ တဆင့်ချပြီး diploma သွားယူတာက ပညာရေးစနစ် ဘယ်လောက်ကွာဟတယ်ပြောပြော အချိန်တွေက ပိုတန်ဖိုးရှိတာမို့  သေချာစဉ်းစားသင့်ပါတယ်... နိုင်ငံခြားက တက္ကသိုလ် တခုခု တက်ခွင့်ရ
တာမျိုးဆိုရင် ကျွန်မအားပေးပါတယ်... နိုင်ငံကြီးတွေမှာကိုပဲ ပညာရေးကို စီးပွားရေးအနေနဲ့  လုပ်နေကြတာမို့  နိုင်ငံခြားသွားတက်မယ်ဆို တဆင့်နိမ့်မတက်ဖို့ နဲ့  ကိုယ်တက်မယ့် တက္ကသိုလ်, ကောလိပ် ရဲ့ အခြေအနေကို သေချာ လေ့လာစုံစမ်းပြီးမှ တက်သင့်ပါတယ်...
ကျွန်မလက်လှမ်းမှီတဲ့ ယခုကျွန်မနေထိုင်နေတဲ့ စင်္ကာပူနိုင်ငံကိုပဲ ဥပမာပေးပါရစေ... Polytechnic မှာ diploma ရဖို့ ၃နစ်တက်ရပါတယ်.. university မှာ degree ရဖို့  နောက် ၃နှစ်ကြာပါတယ်..( full timeတက်ရင်ပါ, part timeဆို အလုပ်တဘက်နဲ့ မို့ ၅နှစ်လောက်အထိကြာနိုင်ပါတယ်) ... စုစုပေါင်း၆နှစ်တက်မလား... ဒါမှမဟုတ် မြန်မာနိုင်ငံမှာ degree တခုယူပြီးမှ master လာတက်မလား... ကျွန်မကတော့ ဒုတိယလမ်းကြောင်းကို ပိုစဉ်းစားစေချင်ပါတယ်... တကယ်လို့  မြန်မာနိုင်ငံမှာ degree ယူတုန်းက အမှတ်တွေသာကောင်းခဲ့ရင် စကောလာ့ရှစ်နဲ့ တက်ဖို့ အခွင့်တောင်ရှိပါတယ်... ကျွန်မကိုယ်တိုင်ရွေးခြယ်ခဲ့တဲ့လိုင်းပါ...
တကယ်လို့  ကိုယ့်ကလေးက မြန်မာနိုင်ငံမှာသာ ဆက်ထားရင် ဟိုမရောက်ဒီမရောက်နဲ့  အချိန်အားတွေများ လတ်လျားလတ်လျားဖြစ်ပြီး ပျက်ဆီးမှာစိုးရင်တော့ နိုင်ငံခြားပို့ သင့်ပါတယ်... အဲဒါမှ အချိန်တန်ဖိုးပိုသိလာသလို, ကိုယ့်ခြေထောက်ပေါ်လဲ ကိုယ်ရပ်တည်လာနိုင်မှာပါ...
တကယ်လို့  အဝေးသင်တက်ဖို့ စဉ်းစားခဲ့ရင် ပိုတဲ့အချိန်တွေကို အကျိုးရှိအောင် အလုပ်လုပ်သင့်ပါတယ်... ဘယ်အလုပ်မဆို လုပ်ရဲတဲ့သတ္တိကို မွေးကြပါ... ဒီနိုင်ငံမှာ ကလေးတွေကျောင်းပိတ်ရင် 7-Elevenတို့  McDonald’s ,KFC တို့ , ဟော်တယ်, စားသောက်ဆိုင်တခုခုတို့ မှာ part time ဝင်လုပ်ကြတယ်... ကျွန်မတို့ နိုင်ငံမှာလဲ အဲဒီလို အလုပ်မရွေးရင် လုပ်စရာတွေ အများကြီးပါ... အလုပ်ရတဲ့ အတွေ့ အကြုံကို ဘယ်သင်တန်းမှာမှ ပိုက်ဆံပေးတက်လို့ သင်ယူလို့ မရပါဘူး...
ဒီလောက်ဆို နိုင်ငံခြားသွားသင့်, မသွားသင့် စဉ်းစားလို့ ရလောက်ပြီထင်ပါတယ်...
ဆုံးဖြတ်ချက်တွေ မှန်ကန်စွာနဲ့ အနာဂတ်ကို အလှပဆုံးခြယ်မှုန်းနိုင်ကြပါစေ...
(ဘွဲ့ ရရင်ဘာလုပ်ကြမယ်ကို ဆက်ရေးပါမယ်)
တန်ခူး
7:52am
8-Jun-2018
No comments:
Post a Comment