Tuesday, May 28, 2013

ဟိုဟိုဒီဒီမေ



ခုတလော နေသိပ်ပူနေပေမယ့် နေကာမျက်မှန်သိပ်မတတ်ဖြစ်တော့ဘူး…။ မကြိုက်လို့ တော့ မဟုတ်ပါဘူး…။ ကြိုက်လွန်းလို့ ကို ခပ်ကြီးကြီးနေကာမျက်မှန်ကို ၀ယ်ထားတာ…။ ဒီနှစ်ပိုင်းအတွင်း ဒီကသတင်းထဲမှာ အကျင့်ပျက်ဖောက်ပြန်တဲ့ ရာထူးကြီးကြီးတွေရဲ့ အမှုတွေ ခေတ်စားနေတယ် ပြောရမယ်…။ လူလာဘ်ထိုးတဲ့အမှုတွေပေါ့…။ထူးခြားတာက ဖောက်ပြန်တဲ့သူနဲ့ ပတ်သက်တဲ့ မိန်းမတွေ သတင်းထဲတွေ့ လိုက်ရရင် ရုပ်ရှင်မင်းသမီးရှုံးတယ်…။ မိတ်ကပ်ကို ဆိုင်မှာသွားပြင်ထားသလားထင်ရတယ်… branded bag နဲ့ … ပြီးတော့ နေကာမျက်မှန်ကြီးကြီးတွေနဲ့ …။ အရှက်ကို အသက်လို တန်ဖိုးထားဖို့  ဝေလာဝေး ရုံးချိန်းတမျိုးဆို ဒီဇိုင်းတမျိုးနဲ့ …။ ရုပ်ရှင်ဇာတ်လမ်းတွဲကြည့်နေရသလိုပဲ…။ ပြီးတော့ တရားခွင် ထွက်ဆိုတာတွေကလဲ… ပွင့်လင်းရဲတင်းလွန်းလိုက်တာ….။ အင်း… အဲဒီကတည်းက နေကာမျက်မှန်ဖိုဘီးယားရသွားတာ…။

Singapore Kindness Movement က သားချစ်တဲ့ SINGA ခြင်္သေ့လေး အနားယူတော့မယ် ဆိုတော့ သားကစိတ်မကောင်း…။ မေမေဘာလို့ လဲတဲ့…။ SINGA လေးလဲ ကြင်နာကြပါ ကြင်နာကြပါ ကူညီကြပါ ကူညီကြပါ တကျော်ကျော်အော်နေတောင် သူ့ ကို ဂရုမစိုက်ကြလို့ ပေါ့ သားရယ်လို့  မရှင်းချင်ပေမယ့်လဲ ရှင်းရတယ်…။ မေမေသားဘေးနားက ထိုင်တဲ့ကောင်မလေးက သူခဲဖျက်မေ့ရင် သားဆီကငှားပေမယ့် သားခဲဖျက်မေ့ရင်သားကိုမငှားဘူး… ဘာလို့ လဲမေမေတဲ့…။ ဒီလိုမေးခွန်းမျိုးတွေကို အမျိုးမျိုးလှည့်ဖြေတာ များတော့ သားတောင် ကိုယ့်ကို သံသယတွေရှိလာတယ်…။ သားပတ်ဝန်းကျင်က လူတွေ အများစု တကိုယ်ကောင်းဆန်ကြတာ သားကို မခံစားစေချင်ဘူး…။ သိရင်ပိုခံစားရတော့ မသိစေချင်ဘူးလေ…။

ခုနတင် သတင်းမှာ ယောင်္ကျားလုပ်သူရဲ့ အကြမ်းဖက်မှုကို ခံရလို့ ကွာရှင်းတဲ့ အမျိုးသမီးတဦးခေါင်းဆောင် လုပ်ပြီး စစ်တမ်းကောက်တာ ကြားလိုက်ရတယ်…။ တကယ်လို့ မင်းပတ်ဝန်းကျင်မှာ အဲဒီလို အကြမ်းဖက်တာမျိုးများတွေ့ ခဲ့ရင် ကူညီမလားဆိုတဲ့ စစ်တမ်းမေးခွန်းကို မကူညီဘူးလို့ ဆိုတဲ့သူတွေ ရာခိုင်နှုန်းကများပါတယ်တဲ့…။ အဲဒီလိုအခါတိုင်း လင်မယားရန်ဖြစ်လို့  ဒုတ်တွေဓားတွေ ပါလာပြီဆို ၀ိုင်းဆွဲကြ ဖြန်ဖြေကြတဲ့ ကိုယ်တို့ တိုင်းပြည်ရပ်ကွက်အလေ့လေးကို လွမ်းမိတယ်…။

စစ်တမ်းဆိုလို့  ပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ စစ်တမ်းတခု ဟိုတလောက NUSတက္ကသိုလ်ကျောင်းသူလေးတွေ အိမ်တိုင်ရာရောက် လာလုပ်တာ သတိရမိတယ်…။ ကိုယ်လဲအားနေတော့ ကျောင်းသူလေးတွေ ကူညီတဲ့သဘောနဲ့ ဖြေပေးမိတယ်…။ မေးခွန်းတော်တော်များများက နိုင်ငံခြားသားအလုပ်သမားတွေကို စောင်းပေးမေးတာ…။ တကယ်လို့  မင်းအိမ်နားမှာ နိုင်ငံခြားသားအလုပ်သမားတန်းလျားသာ ရှိမယ်ဆိုရင် မင်းဘယ်လိုခံစားရမလဲတို့ …။ မင်းရဲ့အိမ်နီးနားချင်းကို ဒီနိုင်ငံသားနဲ့ နိုင်ငံခြားသား ဘယ်ဟာပိုဦးစားပေးသလဲတို့ …။ ပြီးတော့ နိုင်ငံခြားသားတွေကြောင့် မင်းပတ်ဝန်းကျင် အနှောက်အယှက်ဖြစ်သလားတို့ …။ leading questionတွေများတော့ ကြာတော့ ကျောင်းသူလေးတွေကို ပေါ်တင်ပဲပြောလိုက်တယ်…။ တို့ ကလဲ ဒီနိုင်ငံမှာ အလုပ်လာလုပ်နေတဲ့ နိုင်ငံခြားသားမို့  တို့ ဖြေတဲ့ အဖြေတွေက မင်းတို့ မျှော်လင့်တဲ့ အဖြေဟုတ်ချင်မှဟုတ်လိမ့်မယ်လို့ ပြောလိုက်တယ်…။ စစ်တမ်းပြီးတော့ ကျေးဇူးတင်ပါတယ်ဆို ဘောပင်တချောင်းပေးပြိး တကယ်လို့  တို့ professorက မေးရင် မင်းဖြေနိုင်မလားဆို ဖုန်းနံပါတ်တောင်းသွားတယ်…။ တလလောက်ကြာတော့ professor အိမ်ရောက်ပြီး စစ်တမ်းထပ်ကောက်တယ်…။ အိမ်က အမျိုးသားကတော့ သိပ်ပေါ်တင်ကြီးတွေ မပြောဖို့ သတိပေးတယ်…။ နောက်မှ သိရတာက သူတို့ စစ်တမ်းထဲ အဲဒီလို ပေါ်တင်ပြောတဲ့လူ သိပ်မရှိလို့  အဲဒီလို အဖြေမျိုးလိုချင်လို့ တဲ့….။ အင်း…မဆိုးပါဘူး….။ ကိုယ်ပြောချင်တာတွေလဲပြောလိုက်ရတယ်… ပြီးတော့ စာတိုက်ကနေ NTUC ဘောက်ချာလက်ဆောင်လဲပို့ လိုက်သေးတယ်…။

တို့ တိုင်းပြည်ပြောင်းလဲလာပြီဆိုတော့ ဟိုသတင်းပါ ဒီသတင်းပါပေါ့…။ အပြောင်းအလဲ စပ်ကူးမတ်ကူးကာလမို့  ဟိုဖြစ်ဒီဖြစ်တွေကလဲ ရှိသေးမိုလား…။ အဓိကပြောချင်တာ အဲဒါတော့ မဟုတ်ပါဘူး…။ ဒီနိုင်ငံက သတင်းစာပါ…။ မြန်မာနိုင်ငံကြီးပြောင်းလဲလာတာ ကြိုဆိုပါတယ်ဆိုတဲ့ သတင်းတပုဒ်ပါရင်… စီးပွားရေးလုပ်ဖို့ တော့ သိပ်မယုံကြနဲ့ ဆိုတဲ့ သတင်းတပုဒ်က ပါတယ်…။ ကောင်းတဲ့ပြောင်းလဲခြင်းလေးတွေက သတင်းစာခေါင်းကြီးပိုင်းမှာ မရှိပေမယ့် မကောင်းတဲ့ပြောင်းလဲခြင်းတွေကျတော့ သတင်းစာခေါင်းကြီးပိုင်းမှာ ပြူးပြူးကြီး…။ အိုဘားမား မြန်မာပြည်ရောက်တုန်းကများဆို သိပ်တောင် ဟန်မဆောင်နိုင်ဘူး…။ ဘာရယ်မဟုတ်ပါဘူး… ထူးဆန်းတာပြောပြတာပါ…။

နောက်မှ ဟိုဟိုဒီဒီလေးတွေ ဆက်ရင်ဖွင့်ဦးမယ်…။ အခုတော့ အိပ်ချင်လို့ သတင်းများကို ကြေညာလို့  ပြီးပါပြီ…။

တန်ခူး

12:00pm 27-May-2013

5 comments:

Anonymous said...

လင်မယားရန်ဖြစ်လို့  ဒုတ်တွေဓားတွေ ပါလာပြီဆို ၀ိုင်းဆွဲကြ ဖြန်ဖြေကြတဲ့
ကိုယ်တို့ တိုင်းပြည်ရပ်ကွက်အလေ့လေးကို လွမ်းမိတယ်…။ တဲ့
ဟုတ်ပါ့မလား အစ်မရယ်... လက်ပါလို့ မခံနိုင်လို့ ရင်ဖွင့်မိတောင်
ငါတို့ လင်မယားကြား ၀င်မပါချင်ဘူး။ သည်းခံမှပေါ့..
အိမ်ထောင်တစ်ခုဆိုတာ မပြိုကွဲရဘူး..အလိမ်မာလေးသုံးမှပေါ့။
သူစိတ်ဆိုးလို့ လုပ်ရင် စိတ်မဆိုးအောင်နေပေါ့..ဒေါသမထွက်အောင်
ကိုယ်နေရမှာပေါ့ဆိုတာ..မြန်မာအသိုင်းအ၀ိုင်းပါ။ Domestic violence နဲ့ ပတ်သတ်ရင်
ကိုယ်မခံစားရသရွေ့ ကိုယ်ချင်းမစာတတ်တာ အရှေ့တိုင်းသားတွေ အကုန်အတူတူပါ။
ဘာမှမထူးပါဘူး။

Lorem Ipsum said...

ဒီမှာနေရတာ အားလုံးက ခပ်စိမ်းစိမ်းပဲနော် အမ ။
သုတကလေးကိုလည်းကိုယ်ချင်းစာမိတယ် ။ ပတ်ဝန်းကျင်တစ်ခုလုံးက တကိုယ်ကောင်းဆန်နေတော့ ကလေးတွေကိုကူးစက်သွားမှာစိုးရိမ်မိတယ် ။ သူ့မှာမပါရင်တော့ ငှားတယ် ။ ကိုယ်မပါရင် မငှားရင် အဲနောက်နေ့ သူ့မှာမပါရင် ထပ်ငှားဖို့ဝန်မလေးဘူး ။ ဒီလိုမျိုးစိတ်ဓာတ်တွေနဲ့အသက်ရှင်နေကြတာ တကယ်တော့တော်တော်သနားဖို့ကောင်းတာပဲ ။ ညီမဖျားလို့ တနင်္ဂလာနေ့က အမ်စီယူတာ ။ မန်နေဂျာက ကောက်ကာငင်ကာ replacement off ယူလိုက်လို့ ရုံးလာနေရတယ် အမရယ်..။း( အိုင်တီ သုံးယောက်ပဲရှိတဲ့ရုံးမှာ ကြာသပတေးနေ့ က တစ်ယောက်ခွင့်ယူတယ်..။ သောကြာ ၊ စနေ၊ တနင်္ဂနွေက ပိတ်ရက် ၊ ညီမက တနင်္ဂလာ အမ်စီ(သောကြာတည်းက ဖျားနေတာ) မကောင်းသေးဘူး ။ ဒီတော့ ကျန်တဲ့ မန်နေဂျာက သူ့လူတွေ တော်တော်နားရတယ် ငါမနားရဘူးဆိုပြီး ညီမဖျားနေပါတယ်ဆိုတာကိုသိရက်နဲ့ မသိချင်ယောင်ဆောင်ပြီးခွင့်ယူသွားတယ် ။ ညီမတို့အိုင်တီမှာ လူနှစ်ယောက်ကအနည်းဆုံးရှိနေမှအဆင်ပြေတာ..။ ပြောရရင်တော့အများကြီးပါပဲအမရယ်..။ တကိုယ်ကောင်းတွေကြားမှာ ကိုယ့်မှာရှိတဲ့အကျင့်ကောင်းလေးတွေတောင်ပျောက်ချင်နေပြီ ။ (ပိုစ့်နဲ့မဆိုင်ရင်ခွင့်လွှတ်ပါ အမရယ်..စိတ်ဆိုးနေလို့း) )

Anonymous said...

သတင်းများကို နားဆင် လို့ ပီးပါပီ.. ဖတ်လို့ပီးပါပီ.. နောင်များလဲ ဆက်လက် ကြေငြာပါအုံး..


ပေတူး

pandora said...

ခပ်စိမ်းစိမ်းပတ်ဝန်းကျင်က ကြောက်လန့်ဖွယ် အဖြစ်အပျက်တစ်ခုအကြောင်း ရေးဦးမှပဲ

tg.nwai said...

ညီမရေ...ဒီမှာလဲ လင်မယားအချင်းချင်း ရန်ဖြစ်ရင်း လက်လွန်ကုန်တဲ့ သတင်းတွေ ခဏခဏ ပါလာတယ်..ဟိုတလောကဆို လုပ်ပစ်လိုက်တာ ဆရာဝန်မလေးက သူ့အမျိုးသားကို...မှုခင်းစာစောင်တွေဆို စိတ်ညစ်ရလွန်းလို့ ဖတ်လေ့မရှိတာတောင် ဒါတွေ တနေ့တခြားပိုများလာသလားလို့....နောက် ကလေးတွေ တကိုယ်ကောင်းဆန်တတ်ကြတာလဲ ဒီမှာလဲ ရှိနေတာပဲ...ဒါကလည်း ကျောင်းချင်းတူတာတောင်မှ သားငယ်တို့ အတန်းနဲ့ သမီးတို့ အတန်းက ကလေးတွေချင်းကျ မတူပြန်ဘူး။ ဒီအတန်းလေးတွေတောင်မှ ကျောင်းပျက်ရင် စာအုပ်ပေးမငှားရဲဘူးတဲ့...သူတို့ မေမေတွေက ဆူလို့တဲ့။ သမီးကတော့ ငှားပေးရတယ်လို့ သမီးငယ်က တခါတလေ ငြိုငြင်တတ်ရင် ဖြောင့်ဖြရပြန်တယ်။ အဲဒီလို အကူအညီလိုတဲ့သူကို ကူညီပေးလိုက်တာက သမီးရဲ့ ဖယောင်းတိုင်မီးကို သူများကို ပေးညှိတာပဲ...ကိုယ့်ဘက်က လျော့မသွားပဲ ကိုယ့်ပတ်ဝန်းကျင်မှာ ပိုလင်းလာမယ့် ကိစ္စပဲလို့....မသိတော့ပါဘူး တန်ခူးရယ်...ခေတ်ကိုက အဲဒီလို ဖြစ်နေတာလား...