
(ပုံကိုသူငယ်ချင်းတယောက်ရဲ့ဖေ့စ်ဘွတ်ပေါ်ကရပါတယ်)
ပြီးခဲ့တဲ့အပတ်က ထွက်သွားတဲ့ ဆယ်တန်းအောင်စာရင်း အပြီးမှာ တငိုထဲငိုနေတယ်ဆိုတဲ့ ကျွန်မအဒေါ်သတင်းကြားရတော့ စိတ်မကောင်းဖြစ်မိတယ်။ သူ့ အရမ်းမျှော်လင့်ထားတဲ့ သမီးလေး လေးဘာသာ ဂုဏ်ထူးထဲပါလို့  ဆရာဝန်ဖြစ်ပါ့မလားဆို စိတ်တွေပူပြီး မစားနိုင်မအိပ်နိုင် တငိုငိုနဲ့ ။ ကာယကံရှင်ကျွန်မညီမ၀မ်းကွဲလေးက ပျော်ပျော်ပဲမို့ တော်ပါသေးရဲ့။ ဆရာဝန်လိုင်းမှမ၀င်ရင် လူရာမ၀င်တော့မလို… ဘ၀ပဲဆုံးတော့မလိုဆိုတဲ့ အယူအဆတွေက ဒီနေ့ ထက်ထိရှိနေသေးတာကိုလဲ အားမလိုအားမရဖြစ်မိတယ်…။
ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် အနှစ်သုံးဆယ်နီးပါးတုန်းက ဆယ်တန်းမှာ လေးဘာသာဂုဏ်ထူး ထွက်ပြီး နေ့ တဓူဝ အဆူပူခံနေရတဲ့ လူကြားထဲတိုးဖို့ တောင် ကြောက်ရွံ့ နေမိတဲ့ ဆံပင်တိုတိုနဲ့ ကလေးစိတ်မပျောက်သေးတဲ့ ကောင်မလေးတယောက်ပုံကို ပြန်မြင်ယောင်နေမိတယ်။ ဆရာဝန်လုပ်ဖို့ လုံး၀၀ါသနာမပါလှပေမယ့် ဆရာဝန်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ အဖေရဲ့မျှော်လင့်ချက် ပုံစံခွက်ထဲမှာ မယောင်မလည်နဲ့ ကိုယ့်ဝါသနာဆိုတာကို တွေးကြည့်ဖို့ တောင် မေ့လျော့နေတဲ့ အဲဒီကောင်မလေးက ကိုယ်ပါပဲ။
ခုနေပြန်တွေးကြည့်တော့ ကိုယ်ကိုယ်တိုင်ဝါသနာမပါနေခဲ့တာရယ် တကယ့်ကို စိတ်အားထက်သန်စွာမဖြစ်ချင်ခဲ့တာရယ်ကြောင့် ဆရာဝန်လိုင်းကို အမှတ်မမှီခဲ့တာပါ။ သူ့ မျှော်လင့်ချက်နဲ့ လွဲခဲ့လို့  သက်ြပင်းတချချနဲ့  ကောင်းကောင်းမအိပ်နိုင်တဲ့ အဖေ့ကို ကြည့်ပြီး အဖေဆန္ဒကို မဖြည့်နိုင်တဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်မိတယ်။ “သွားပြီ… ဘ၀တွေခြားသွားပြီ” လို့ အဖေ ခဏခဏညည်းတိုင်း တကယ်ပဲ င့ါဘ၀အတော်ကို ဆိုးဝါးသွားပြီလားလို့  တွေးမိတဲ့အထိ ကိုယ်ကိုယ်ကို ယုံကြည်မှုတွေ နည်းပါးကုန်တာ။ ရပ်ကွက်ထဲက ကျောင်းက အသိဆွေမျိုးအများစုကလဲ လေးဘာသာဂုဏ်ထူးရအောင် ကြိုးစားခဲ့တဲ့ ကြိုးစားမှုကို အသိအမှတ်ပြုဖို့ မေ့လျော့စွာ ဆရာဝန်နဲ့ လွဲလို့  အားလုံးက ၀ိုင်းပြီး စုတ်တသတ်သတ်နဲ့ ဆိုတော့ ကိုယ့်မှာ အပြင်ထွက်ဖို့ တောင် မ၀ံ့မရဲ။ အဲဒီလိုဖြစ်ရအောင် ကိုယ်အမှားလုပ်ခဲ့သလား… ကိုယ်ပတ်ဝန်းကျင်ကို ထိခိုက်အောင် အနှောက်အယှက်ပေးခဲ့သလား… ကိုယ့်မိဘအရှက်ရအောင် ကိုယ့်ကျင့်တရားပျက်ပြားခဲ့လို့ လား… အဲဒီလို အမှားတွေ တခုမှ မလုပ်ခဲ့ပါပဲ ကိုယ်ပြန်ရတာတွေက မတန်တဆနိုင်လွန်းလှတာ တွေးမိတိုင်း ရင်ထဲမှာ နာနာကျင်ကျင်။
မစန္ဒာရဲ့ဂျီဟောသူဖတ်ပြီး စိတ်ထဲက ကြိတ်သဘောကျနေတဲ့ ကျောင်းကြီးကို တက်ခွင့်ရတာ အရမ်းပျော်နေခဲ့ပေမယ့် အဖေကတော့ ကိုယ့်ကို လိုက်ပို့ တိုင်း တိုင်လုံးကြီးတွေနဲ့ ကျောင်းကြီးကို အဝေးကလှမ်းမြင်တိုင်း ကိုယ့်ရဲ့လွဲချော်မှုကို အမြဲသတိရဆူပူလေ့ရှိတာ ကိုယ်မှတ်မိသလောက် ပထမနှစ်တနှစ်လုံးပါပဲ။ အဖေမကြိုက်တဲ့နောက်တချက်က ယောင်္ကျားလေးပေါလို့ ပါ။ ပထမနှစ်တနှစ်လုံး တက္ကသိုလ်ကျောင်းသူအသစ်သစ်စက်စက် ကိုယ့်မှာ ပျော်ရွှင်ဖို့ တောင် ခိုးကြောင်ခိုးဝှက်နဲ့ ပျော်ခဲ့ရတာပါ။ တစုံတခုများမှားယွင်းသွားရင် အဖေက ခွင့်လွှတ်မှာ မဟုတ်တဲ့အတွက် အမှားအယွင်းနဲ အောင် နေခဲ့ရပါတယ်။ အဖေစိတ်ချမ်းသာအောင် ကြိုးစားနေထိုင်ရင်း လူငယ်ဘ၀ရဲ့လွတ်လပ်မှုတွေ ဆုံးရှုံးခဲ့တဲ့ ကိုယ် ပထမနှစ်က စာထဲမှာ စိတ်နှစ်လို့ မရအောင် စိတ်တွေလေခဲ့တာပါ။ ဒါကြောင့်လဲ ပထမနှစ်အောင်စာရင်းမှာ ကိုယ့်အမှတ်တွေနဲခဲ့ပါတယ်။ အဓိကကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ နဲနဲလာခဲ့လို့ ပါပဲ။
အမှားအယွင်းနဲအောင် နေခဲ့ရင်းက ပထမနှစ်မှာ အမှတ်နဲတော့ အဖေပိုစိတ်မချမ်းသာ ဖြစ်ခဲ့ပါတယ်။ ကျွန်မနဲ့ အဖေကြားက အဲဒီပြဿနာကို ဖြေရှင်းပေးခဲ့သူက မေမေပါ။ “ဘယ်နေရာရောက်ရောက် ရောက်ရာနေရာမှာ ထူးချွန်အောင် ကြိုးစားတာက အမှန်ကန်ဆုံးပဲ” တဲ့။ မေမေ့စကားတခွန်းဟာ ကျွန်မရဲ့ပျောက်ဆုံးနေတဲ့ ခွန်အားတွေနဲ့ ယုံကြည်မှုတွေကို ပြန်မွေးမြူအားဖြည့်ပေးခဲ့ပါတယ်။ ဒုတိယနှစ်အောင်စာရင်းနောက်ပိုင်းမှာ အဖေက ကျွန်မအပေါ်ဆက်ဆံရေးနူးညံ့ပျော့ပြောင်းလာပါတယ်။ မေမေ့ဆုံးမစကားအတိုင်းကြိုးစားခဲ့တာ ဒီနေ့ ထိမို့  ကျွန်မဘ၀ အောင်မြင်သင့်သလောက် အောင်မြင်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေလဲ ပိုလို့ ပိုလို့ ရခဲ့တာ လက်တွေ့ ပါ။
အဖေက ကျွန်မကို လူ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်မယ့် ဆရာဝန်အလုပ်နဲ့  အသက်မွေးဝမ်းကျောင်း ပြုစေချင်ခဲ့တာပါ။ တကယ်တော့ သမာအာဇီဝ ကောင်းမွန်တဲ့ အသက်မွေးဝမ်းကျောင်း အလုပ်လုပ်ရင်း လူ့ အသက်ပေါင်းများစွာကို သွယ်ဝိုက်သောနည်းအားဖြင့်လဲ ကယ်တင်နိုင်ပါတယ်။ ဆေးကုသစရိတ်မတတ်နိုင်တဲ့သူတွေကို ဆေးကုသစရိတ်ထောက်ပံ့ခြင်း ပညာမသင်နိုင်သူကို ပညာသင်စရိတ်ထောက်ပံ့ခြင်းဆိုတဲ့ အလှူအတန်းတွေလုပ်ဖြစ်ရင်း အဖေ့ဆန္ဒကို ဖြည့်နေခဲ့ပါတယ်။
သားသမီးတွေ မွေးထားပြီး တယောက်မှ ဆရာဝန်ဖြစ်အောင်မွေးထုတ်မပေးနိုင်ရင် တာဝန်မကျေသလို မိဘမပီသလို အတွေးတွေ မရှိသင့်တော့ပါဘူး။ အောင်မြင်ကျော်ကြားပြီး သမားတော်ကြီးတွေဖြစ်သွားတဲ့ ကျွန်မသူငယ်ချင်းတွေရှိသလို… လုပ်ငန်းအကြီးကြီးတွေလုပ်ကိုင်ပြီး အောင်မြင်နေတဲ့ ကျွန်မသူငယ်ချင်း အင်ဂျင်နီယာတွေလဲရှိပါတယ်။ ဆယ်တန်းတုန်းက ဆရာဝန် အင်ဂျင်နီယာနဲ့ လွဲခဲ့ရတဲ့ ကျွန်မသူငယ်ချင်းတချို့ လဲ စာရင်းအင်းပညာရှင် စီးပွားရေးပညာရှင်ကြီးတွေ ဖြစ်ပြီး တချို့  ရာထူးတွေ အရမ်းကြီးလို့  ၀င်ငွေတွေ အရမ်းကောင်းနေတာတွေ အမြောက်အမြားပါ။ သားသမီးတွေကို အတော်ဆုံး အမြင့်ဆုံး အကောင်းဆုံး ရစေချင်တာ မိဘစေတနာဆိုတာ ကျွန်မလဲ မိဘတယောက်မို့  ခံစားနားလည်ပေးနိုင်ပေမယ့် ကိုယ်ကဖြစ်စေချင်တာသက်သက်နဲ့  ကလေးရဲ့ဝါသနာနဲ့ ခံစားမှုကို မေ့လျော့ထည့်ထွက် မစဉ်းစားတာက တခုခုမှားယွင်းနေတာပါပဲ။ မိဘက အတင်းဆရာဝန်လိုင်း လိုက်ခိုင်းလို့ ဝါသနာမပါပဲ ဆရာဝန်လိုင်းလိုက်ပြီး ဆေးမကုတဲ့ တခြားအလုပ်လုပ်တွေ လုပ်နေတဲ့ ဆရာဝန်တွေလဲ အများသားမိုလား။ တကယ်တော့ ဘ၀မှာ ကိုယ်ဝါသနာပါတဲ့အလုပ်နဲ့  အသက်မွေးဝမ်းကျောင်း အလုပ်နဲ့  တထပ်ထဲကျတဲ့ သူတွေက အမြင့်ဆုံးရပြီး စိတ်ပူပန်မှုတွေနဲ့ အဖော်ပြုနေရသူတွေထက် အများကြီး ကံကောင်းသူတွေပါ။ ကျွန်မသားလေးကိုတော့ ကျွန်မမျှော်လင့်ချက်တွေနဲ့  မပူလောင်စေပဲ သူလဲဝါသနာပါ လမ်းကြောင်းလေးလဲ မှန်မယ့် သူ ပျော်ရွှင်စိတ်ချမ်းသာတာမျိုးနဲ့ ပဲ အသက်မွေးဝမ်းကျောင်းပြုစေချင်ပါတယ်။ မိဘတိုင်းမိဘတိုင်းက သားသမီးတွေရဲ့လိုအပ်ချက်ကိုသာ ဆုံးမသွန်သင်ဖို့  သတိရနေပြီး သားသမီးတွေရဲ့ အောင်မြင်မှုကို နည်းသေးတယ်ဆို အားမလိုအားမရ ဖြစ်ပြီး ချီးကျူးအားပေးစကားဆိုဖို့  မေ့လျော့နေကြတာများပါတယ်။
ခုလေးတင်မှ အောင်စာရင်းထွက်သွားတဲ့ ဆယ်တန်းကျောင်းသူ ကျောင်းသားတွေရဲ့ မိဘများ အားလုံး ပျော်ရွှင်ကြပါစေ။ ဘာဂုဏ်ထူးမှ မပါတဲ့ ကလေးက ကျတဲ့ကလေးထက် ကြိုးစားအားထုတ်မှုသာတာမို့  သူ့ အောင်မြင်မှုကို ချီးကျူးနိုင်ပါစေ။ တကယ်လက်တွေ့ ဘ၀ဟာ ဆယ်တန်းမှာ ဂုဏ်ထူးနဲခြင်းများခြင်းနဲ့  ရာခိုင်နှုန်းအနည်းငယ်သာ သက်ရောက်မှုရှိပြီး ရောက်ရာဘ၀မှာ ထူးချွန်အောင် ကြိုးစားခြင်းကသာ လက်တွေ့ ဘ၀အောင်မြင်မှုကို ထိထိရောက်ရောက် အကျိုးသက်ရောက်စေနိုင်တယ်ဆိုတာ မေ့လျော့မနေကြဖို့ တိုက်တွန်းပါရစေ။
တန်ခူး
13-May-2013 10:27pm
ငယ်ငယ်က အဖေက အပြင်စာဖတ်တာနဲ့  ရုပ်ရှင်ကြည့်တာကို လုံးဝခွင့်မပြုပါဘူး…။ တခါတလေမှ မိသားစုကြည့်သင့်တဲ့ ပညာပေးကားကို အဖေကိုယ်တိုင်ရွေးပြီး လိုက်ပြတတ်ပါတယ်…။ အဲဒီတုန်းက မြန်မာရုပ်ရှင်ကားအများစုက အချစ်ကားတွေများတော့ အဖေစကာတင် ရွေးခြယ်တဲ့ကားက နဲနဲရယ်…။ ကိုယ်ကလဲ ရုပ်ရှင်က၀ါသနာပါလွန်းတော့ တက္ကသိုလ်လဲရောက်ရော အဖေမသိအောင် ခိုးကြည့်တော့တာပါပဲ…။ ကိုယ်ကိုယ်တိုင် သားတယောက်အမေဖြစ်လာတော့ အဖေဘာစိုးရိမ်လဲဆိုတာ ပိုသိလာပါတယ်…။ သားကို တီဗွီပြရင် သားနဲ့ သင့်တော်တာမျိုးပဲပြပါတယ်…။ သားငယ်ငယ်က မြန်မာအချစ်ကားတို့  ကိုရီးယားအချစ်ကားတို့ ဆို သားရှေ့ မကြည့်ပါဘူး…။ သားနဲ့ အတူကြည့်လို့ ရမယ့်ကားပဲ သားနဲ့ အတူကြည့်ပါတယ်…။
သားကို ရုပ်ရှင်စပြတဲ့ အရွယ်က သား၎နှစ်အရွယ်လို့ ထင်ပါတယ်… သားစိတ်ဝင်စားမယ့် animationကားလေးကို ရွေးရပါတယ်… အဲဒီအရွယ်တုန်းက သားက တခုခုဆို သိပ်အကြာကြီး စိတ်မ၀င်စားတတ်သေးတဲ့ အရွယ်မို့  ရုပ်ရှင်ကြည့်နေတုန်းတန်းလန်းနဲ့  သားများ ထပြန်ချင်မလားလို့  ရင်တထိတ်ထိတ်နဲ့  ကြည့်ရတဲ့ကားပါ…။ အံ့သြဖို့ ကောင်းစွာ သားက ရုပ်ရှင်ရဲ့ ဆွဲဆောင်မှုနောက်ကို လိုက်သွားလို့  ဇာတ်လမ်းပြီးသွားတာတောင် မြန်သလိုပါပဲ…။ ရုပ်ရှင်ပြနေချိန်တချိန်လုံး သားဇာတ်ရည်လည်အောင် ရှင်းပြရပါသေးတယ်…။ သားတို့ ခေတ်မှာပေါ်လာတဲ့ animationကားလေးတွေက အရမ်းကောင်းပါတယ်…။ အရုပ်အသံအရည်အသွေးကောင်းရုံတင်မက ဇာတ်လမ်းတိုင်းက ပညာပေးလေး တခုမဟုတ်တခုပါပါတယ်…။ ကာတွန်းကား animation ကား မကြိုက်တဲ့ကိုယ်တောင် သားနဲ့ ရုပ်ရှင်အတူကြည့်ရတာကို အရသာတွေ့ လာပါတယ်…။ သားကို တိုက်ရိုက်ကြီး ဆုံးမတာထက် ရုပ်ရှင်ထဲက ဇာတ်ကောင်လေးတွေကို ဥပမာပြဆုံးမတာ ပိုလဲထိရောက်တာမို့ ပါ…။
သားနဲ့ အတူလိုက်ကြည့်ဖြစ်တဲ့ ဇာတ်ကားလေးတွေထဲ အကြိုက်တွေ့ မိတာလေးတွေက အများသား..။ ရည်ရွယ်ချက်လေးတွေကလဲ တခုနဲ့ တခုမတူ…။ စိတ်ဝင်စားဖို့ အတော်ကောင်းပါတယ်…။ “How to train your dragon” ဆိုတဲ့ကားလေးကိုပြပြီး ဘယ်လောက်ရိုင်းပါတဲ့ဆိုတဲ့ သတ္တ၀ါတွေတောင် မေတ္တာတရားနဲ့ ဆက်ဆံရင် ယဉ်ကျေးသွားတတ်တယ်ဆိုတဲ့ သင်ခန်းစာလေးကို သားကို ပေးလို့ ရပါတယ်…။ “The lorax” ဆိုတဲ့ ရုပ်ရှင်လေးကတော့ သဘာဝတရားကိုချစ်တတ်လာအောင် သစ်ပင်လေးတွေကို တန်ဖိုးထားတတ်လာအောင် ပါးပါးလေးသင်ပေးတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဇာတ်ကားလေးမို့  သားကို သစ်ပင်လေးတွေချစ်တတ်လာအောင် သင်လို့ ပိုကောင်းသွားပါတယ်…။ ဟိုတလောက ကြည့်ဖြစ်တဲ့ “The croods” ဆိုတဲ့ ရုပ်ရှင်ကားလေးဆို ဦးနှောက်ကို အသုံးချတတ်ရင် ဘ၀မှာ ခက်ခဲနေတာတွေက အလွယ်တကူဖြစ်သွားတတ်တယ်ဆိုတဲ့ အပြင်မှာဆုံးမရင် အတော်လက်ပေါက်ကတ်တာကို ဒီရုပ်ရှင်လေးနဲ့ ဆုံးမလိုက်တော့ ခေါင်းထဲလွယ်လွယ်ကူကူကို ၀င်သွားတာ...။ ခုတလောအရွယ်လေးနဲနဲကြီးလာတာနဲ့  ပြောရဆိုရခက် ဂျစ်ကန်ကန်နိုင်လာတဲ့သားကို ပြုပြင်ပြောင်းလဲဖို့ လိုရင် ပြောင်းလဲချင်စိတ်ရှိရတယ် ပြောင်းဖို့ ဝန်မလေးရဘူးလို့  အဲဒီရုပ်ရှင်လေးပြပြီး ဆုံးမရတာပေါ့….။ အဲဒီလို အကျိုးရှိတဲ့ ရုပ်ရှင်ဖန်တီးသူတွေကို တကယ်ကျေးဇူးတင်မိပါတယ်…။ Mediaက ကလေးတွေရင်ထဲတန်းထိတာမျိုးမိုလား…။
ဒါပေမယ့်လဲ ဒီMediaကြောင့်ပဲ အတတ်ဆိုးတွေရတတ်မှာမို့  အတော်တော့သတိထားရပါတယ်…။ သားနဲနဲကြီးလာတော့ မြန်မာရုပ်ရှင်ကားလေးတွေနဲ့  ရင်းနှီးအောင် တချို့ ကားတွေကို သားနဲ့ အတူကြည့်ဖြစ်ပါတယ်…။ သားနဲ့ အတူကြည့်တော့ တအံ့တသြသိလိုက်ရတာက ရုပ်ရှင်မင်းသား မင်းသမီးတိုင်းကို သားက သိနေတော့တာကိုပါပဲ…။ ပြေတီဦးလဲသိ နေတိုးလဲသိ သက်မွန်မြင့်ကအစ မိုးဟေကိုအဆုံး အကုန်သိနေတော့ ဒီအမေလဲ မျက်လုံးပြူးရော…။ နောက်မှ ဇာတ်ရည်လည်လာတော့ သူ့ အမနဲ့ ပြောဟယ်ဆိုဟယ် မဂ္ဂဇင်းတွေက ပုံတွေကြည့်ရင်း သိလာတာပါ…။ သိရုံသိတာလောက်မဟုတ်ပဲ သူ့ ဟာသူပြေတီဦးအရမ်းကြိုက်သွားတာ အတော်ထူးဆန်းပါတယ်…။ ငယ်ငယ်က မင်းသားဖြစ်ဖြစ် မင်းသမီးဖြစ်ဖြစ် အရမ်းကြိုက်ရင် ဘယ်ဇာတ်ကောင်စရိုက်ကပါပါ သူ့ ပဲအနိုင်ရစေချင်တာမျိုး ဖြစ်မိကြတယ် မဟုတ်လား..။ အသက် ၉နှစ်မပြည့်သေးတဲ့သားလေးမှာ အဲဒီလို စွဲလန်းမှုမျိုးဖြစ်နေတာ ဟိုတလောကမှ သတိထားမိလိုက်ပါတယ်…။
On lineပေါ်မှာ ညီမ၀မ်းကွဲလေးက အကယ်ဒမီရသွားတဲ့ အာဒမ်ံရယ် ဧ၀ရယ် ဒဿရယ်ကြည့်တော့ သားလဲ ကြည့်ချင်ပါတယ်ဖြစ်လာရော…။ ဒီဇာတ်လေးကတော့ အချစ်ပါးပါးလေးဆိုပြီး သားကိုပြလိုက်မိတာပါ…။ ဒီဇာတ်ကားမှာ ပြေတီဦးက အတ္တကြီးတဲ့ဇာတ်ကောင်ပါ…။ သူလိုချင်တာတခုကို သူများကို ကိုယ်ချင်းမစာပဲ အတင်းရယူတတ်တဲ့ အမြဲအနိုင်လိုချင်တဲ့ ဗီလိန်ဇာတ်ကောင်စရိုက်ပေါ့…။ ကိုယ်လဲဇာတ်ထဲမျောသွားတာ သက်မွန်မြင့်က ပြေတီဦးကို မချစ်တော့ဘူးလို့ ပြောလို့ ပြေတီဦးရှုံးတဲ့အခန်းတွေရောက်တော့ သားမျက်ရည်တွေဝိုင်းပြီး စိုင်းစိုင်းနဲ့ သက်မွန်မြင့်ကို ဒေါသတွေထွက်နေတာ သတိထားမိသွားပါတယ်…။ အားလုံးက ပြေတီဦးမုန်းနေချိန်မှာ သားကပြေတီဦးအရှုံးကို သနားနေတာ…။ ဘယ်လိုတွေဖြစ်ကုန်ပါလိမ့်ဆို ဇာတ်လမ်းတဲ့စိတ်ရောက်တဲ့ အမေ သားကို လေ့လာရပါတော့တယ်…။ ပြေတီဦးရဲ့ ဒီကားထဲက စရိုက်က မကောင်းဘူးလေသားရဲ့… သူ့ အတ္တကြောင့် သူပြန်ခံစားရတာလေ… စသဖြင့် သားကို ဒီကားရဲ့ပြေတီဦးစရိုက်မလွှမ်းမိုးအောင် ရှင်းပြရပါတော့တယ်…။ ပြေတီဦးကို အရမ်းကြိုက်လို့  သူ့ ကို နိုင်စေချင်တာဆိုတဲ့ သားအပြောက အရှိုက်ကို ထိသွားပါတယ်…။ သားနဲ့ ရုပ်ရှင်တူတူကြည့်တိုင်း အပွဲပွဲတိုင်း ဆုံးမလာတဲ့ကိုယ်က ပြေတီဦးနဲ့ မှ အလဲထိုးခံလိုက်ရတာပါ…။ ဘယ်ရမလဲ…။ ဒီကလဲ စာတွေရေးနေသူဆိုတော့ ဇာတ်လမ်းထဲကထက် ပိုဇာတ်နာအောင် အတ္တကြီးသူတို့ ရဲ့ ကြောက်စရာကောင်းပုံတွေကို တရစပ်ပြောပြလိုက်တော့ ပြေတီဦးမှားတယ်လို့  နောက်ဆုံးသဘောပေါက်သွားပါတယ်…။ အဲဒီနောက်ပိုင်း ကိုယ်ဖြစ်ဖြစ် ညီမလေးဖြစ်ဖြစ် ပြေတီဦးအကြောင်း သိပ်မပြောဖြစ်အောင် သူ့ ရုပ်ရှင်တွေသိပ်မကြည့်ဖြစ်အောင် ကြည့်ဖြစ်တောင် ဇာတ်ကောင်စရိုက်ကိုကြည့်ပြီးမှ ဆက်ကြည့်ပါတော့တယ်…။ ပြေတီဦးတော့ အားနာပါရဲ့လေ…။
မင်းသားဖြစ်ဖြစ် မင်းသမီးဖြစ်ဖြစ် အလွန်အကျွံစွဲလန်းမိတဲ့အခါ သူတို့ သရုပ်ဆောင်တဲ့ ဇာတ်ကောင်စရိုက်တွေ အထူးသဖြင့် လူငယ်တွေမှာ လွှမ်းမိုးတတ်တာ သဘာဝပါပဲ…။ အဲလောက်မလွှမ်းမိုးဘူးဆိုရင်တောင် မင်းသမီးလိုလှချင်လို့  မင်းသမီးလေးလို လိုက်ဝတ်တာလောက်တော့ အနဲဆုံးရှိမပေါ့…။ ကိုယ်တို့ ခေတ်က ထမီဝတ်တဲ့ခေတ် လုံလုံခြုံခြုံဝတ်တဲ့ခေတ်မို့  မင်းသမီးလို လိုက်ဝတ်တာ အဲလောက်ကြီး အန္တရယ်မရှိပေမယ့်… ဒီဘက်ခေတ်တော့ သမီးမိန်းခလေးမွေးတဲ့ မိဘတွေ အတော်သတိထားရမှာပါ…။ ညီမ၀မ်းကွဲလေးနဲ့  ရုပ်ရှင်အတူကြည့်တဲ့အခါ ခုခေတ်မြန်မာမင်းသမီးတွေ ပေါင်ရင်းနားရောက်နေတဲ့ ဘောင်းဘီတိုလေးတွေ ခပ်ရဲရဲဝတ်လာတာ သတိထားမိပါတယ်…။ ဒါကြောင့်ုမို့  မြန်မာပြည်မှာလဲ ဘောင်းဘီတိုခေတ်ရောက်နေသလား ထင်ရပါတယ်…။ ထမီဝတ်ရင်ပဲ တောသူလို့ အပြောခံရမလားလို့  စိုးရိမ်နေကြတဲ့ခေတ်ပါ…။ ပိုင်ရှင်ရှိတဲ့ယောင်္ကျားကို ပြစ်မှားတဲ့ ကိုရီးယားကားတွေ ၀င်လာတော့ သူများအိမ်ထောင်ရေးကို ဖျက်ဆီးတာဟာ ဘာသာတရားနဲ့ ဆန့် ကျင်တဲ့ နိမ့်ကျတဲ့လုပ်ရပ်လို့ ကို မစဉ်းစားနိုင်အောင် Mediaရဲ့လွှမ်းမိုးမှုကို ခံကြရတာပါ…။ အသဲကွဲရင် အရက်သောက်တတ်တယ်ဆိုတာ ဟိုးတုန်းက ယောင်္ကျားလေးတွေလုပ်ကြတဲ့အလုပ်…။ အခုတော့ အသဲမကွဲလဲ အရက်ဆိုင်ပေါ်တင်ထိုင်နေတဲ့ ခေတ်ရဲ့သမီးပျိုလေးတွေ ငါးပါးသီလဆိုတာ သတိမှရပါလေစလို့  တကယ့်ကို ရင်လေး စိုးရိမ်ပူပန်မိပါတယ်…။ တကယ်တော့ ခေတ်ရေစီးကြောင်းကြောင့် တားမရတဲ့Mediaကြောင့်လို့ ယိုးမယ်ဖွဲ့ လို့ ရပေမယ့် အုပ်ထိန်းသူမိဘတွေရဲ့ မျက်ခြေမပြတ် ပြုပြင်ဆုံးမမှုကလဲ အတော်အရေးကြီးတယ်ဆိုတာ သားနဲ့ ပြေတီဦးက သက်သေပြလိုက်သလိုပါပဲ…။ အမျိုးကောင်း သားသမီးလေးတွေ အများကြီးပေါ်ထွန်းပါစေ…။
တန်ခူး
5 May 2013 11:30pm
…
“ ကြက်သွန်နီပါးပါးလှီးရင် အသားခုတ်တဲ့ ဒီဓားမကြီးနဲ့ မလှီးသင့်ဘူး… ဒီဓားလေးဆိုအတော်ပဲ… ဓားရွေးချယ်မှုကလဲ ဟင်းချက်ရာမှာ အတော်အရေးကြီးတယ်… ကြက်သွန်နီကို ခုလို နှစ်ခြမ်းခြမ်း ပြီးတော့ ဟိုဘက်လက်ကလေးနဲ့ အသာကိုင်ပြီး ဒီဘက်ကနေ အထူအပါးကို ကိုယ်လိုသလောက်ညီညီလှီးရတယ်… အထူအပါးမညီရင် အကျက်လဲမညီဘူး… ဘဘောပေါက်တယ်နော်”
ဘေးလူကြားရင် ကျွန်မအသံက ဟင်းချက်တဲ့ တီဗွီအစီအစဉ်တခုခု အတွက်ပဲ လေ့ကျင့်နေသလိုလို… ဒါမှမဟုတ် ကိုရီးယားကားတွေ အကြည့်များပြီး ဟင်းချက်တာတောင် ဇာတ်ကားထဲက စတိုင်အတိုင်း လုပ်နေသလိုလို ထင်ပါလိမ့်မယ်…။ တကယ်တော့ အဲဒါတွေ တခုမှ မဟုတ်ပါဘူး…။ ကျွန်မနဲ့  အတူနေ ကျွန်မ၀မ်းကွဲညီမလေးကို ချက်နည်းပြုတ်နည်းသင်နေတာပါ။ ကျွန်မနဲ့ နေတာ နှစ်နှစ်လောက်ရှိပြီး စ နေကတည်းက ယနေ့ ထက်ထိ သင်နေရတုန်းပါ။ တချို့ ဟင်းတွေတော့ လက်လွှတ်လို့ ရပေမယ့် တခါတခါ ကြောင်ကြောင်ပြီး တလွဲတွေ လုပ်တတ်လွန်းလို့  အဲဒီလို အသေးစိတ်ကို နေ့ တိုင်းနီးပါး ရှင်းပြရပါတယ်။
ကျွန်မဦးလေးနဲ့ အဒေါ်က သမီးလေးတယောက်ထဲပါတယ်ဆို ဖူးဖူးမှုတ်ထားတော့ မီးဖိုချောင်ဆိုတာ အဖေနဲ့ အမေနေရာလို့  သတ်မှတ်ခဲ့တဲ့ ကျွန်မညီမ ခုမှ ဘွဲ့ လွန်သင်တန်းပဲ တက်နေသလိုလို အတော်ကို ခက်ခက်ခဲခဲ သင်ယူရပါတယ်။ တခါတလေ သူ့ အတွေးလေးနဲ့ များ လုပ်တတ်မလားလို့  လွှတ်ထားပေးကြည့် အသေအချာကို လွဲတော့တာပါပဲ။ လွဲလွန်းလို့  အမေပေးတဲ့ နာမည်လှလှလေးကနေ “ထုံဇင်” လို့ ပြောင်းရမလိုပါ။ သူလွဲတဲ့ အလွဲလေးတွေ နဲနဲပြောရရင်တော့….
လွဲလွဲလေး(၁)
ထုံဇင် >> “မမ… မနေ့ က ၀ယ်လာတဲ့ ပေါက်စီကြီးက ရေခဲသေတ္တာထဲ ဘာလုပ်မလို့ ထည့်ထားတာလဲ”
ကျွန်မ >> “မနေ့ က ဘာပေါက်စီမှ မ၀ယ်ခဲ့ပါလားဟယ်”
ထုံဇင် >> “ဒီမယ်လေ ဒါကြီးပြောတာ”
သူ့ လက်ထဲက ပေါက်စီဆိုတာ ကြည့်မိတော့ ငိုအားထက် ရယ်အားသန်မိပါတယ်…။ ပင်နင်းဆိုးလားမှာ နွားနို့ ခဲတွေ့ လို့  ချက်စားရအောင် ၀ယ်လာခဲ့တာ အညာသူထုံဇင်လက်ထဲရောက်မှ နွားနို့ ခဲက ပေါက်စီဘ၀ပြောင်းတော့တာပါပဲ။
**********************
လွဲလွဲလေး (၂)
ထုံဇင် >> “မမ၀ယ်လာတဲ့ ဒန့် ဒလွန်သီးကြီးက ရင့်လိုက်တာ ဘယ်လိုမှ သင်လို့ မရဘူး”
ကျွန်မ >> “ဟုတ်လို့ လား… သေသေချာချာ မရင့်တာလေးတွေ ရွေးဝယ်လာတာပါ”
ထုံဇင် >> “ဒီမယ်လေ… ချိုးလို့ မှမရတာ… ကြည့်ပါဦး”
ဒန့် သလွန်သီးကို အခွံမခြစ် ဓားမသုံးပဲ ကန်စွန်းရွက်သင်သလို ချိုးပြီး ကျွန်မကို ရင့်တာကြီး ၀ယ်လာရလားလို့  အပြစ်တင်နေတဲ့ ညီမကို ကြည့်ပြီး မပြုံးပဲ ၀ါးလုံးကွဲ ရယ်မိပါတော့တယ်။
**********************
လွဲလွဲလေး (၃)
ကျွန်မ >> “အိုး… ဘယ်လိုဖြစ်လို့  ဒီဗူးကြီးက ရေခဲသေတ္တာထဲရောက်နေတာလဲ”
ထုံဇင် >> “မနေ့ က မမအမျိုးသားဝယ်လာတဲ့ အအေးဗူးလေ… ဘာဖြစ်လို့ လဲ”
လက်ဆေးဆပ်ပြာကို လိမ္မော်ရောင် ၀ယ်လာသည့် ကျွန်မ အမျိုးသားကိုပဲ အပြစ်တင်ရမလား… ဆပ်ပြာရည်နဲ့ အအေး မကွဲပြားသည့် ညီမကိုပဲ အပြစ်တင်ရမလား… ဘာပဲဖြစ်ဖြစ် မဖောက်ရသေးတာကိုပဲ ကျေးဇူးတင်မိပါသေးတယ်။
**********************
လွဲလွဲလေး (၄)
ကျွန်မ >> “ဒီနေ့ ကြက်မြစ်ကြက်သဲဟင်းချက်မယ်… မချက်ခင် အိုင်ဒီယာလေးရအောင် မေးပါရစေဦး.. အသဲနဲ့ အမြစ် ဘယ်ဟာက ပိုမာသလဲ”
ကျွန်မက ကြက်မြစ်ကြက်သဲချက်ရင် အမြစ်လေးကို အရင်ပျော့အောင် ပြုတ်ပြီးမှ အသဲနဲ့ အတူရောချက်တာပါ။ ဒါမှအကျက်လေးညီအောင်လို့ ပါ။ အသဲနောက်မှထည့်ရင် သိပ်မမွှေးဘူးထင်လို့ ။ အဲဒါရှင်းပြဖို့ ညီမကို အပေါ်ကလို မေးခွန်းထုတ်တာပါ။
ထုံဇင် >> “အသဲမာတယ်”
ကျွန်မ >> “ဘယ်လို… ၀တ္ထုထဲသီချင်းထဲက စာသားလား… အသဲနဲ့ အမြစ်နဲ့ မကွဲတာလားဟယ်”
တကယ်တော့ အသဲကို အမြစ်လို့ မှတ်… အမြစ်ကို အသဲလို့ မှတ်… လွဲချင်တိုင်းလွဲနေတာမို့  အဲဒီလို အဖြေလွဲလေးကို ကျွန်မကြားတာပါ။
**********************
ဒါက မီးဖိုချောင်နဲ့ ပတ်သက်တဲ့ အလွဲဥပမာပါ…။ ယနေ့ ထက်ထိ အသီးအရွက်နာမည်တွေ အပေါက်မတည့်သေးသလို ငါးခြောက်တွေလဲ ရောနှောနေတုန်းပါ။ ငါးရံ့ခြောက်လေး ထုတ်ခဲ့ပါဆို ငါးပုတ်ခြောက်ထုတ်လာတတ်ပြီး အာဗြဲခြောက်ဆို ငါးနီတူးယူလာတုန်းပါ။ ဒီပို့ စ်မှာ တင်ထားတဲ့ ပုံလေးကတော့ အိမ်မှာရှိတဲ့ အသီးအရွက်နဲ့  အသားစာရင်းကို သူပြုစုထားတာပါ။ မှင်နီလေးတွေ ၀ိုင်းထားတာကတော့ လွဲနေတာတွေပေါ့။ တို့ စားတဲ့ ခရမ်းကစော့သီးက ခရမ်းဆော့သီးဆိုတဲ့ နာမည်အသစ်ပေးခံရသို ခ၀ဲသီးကို သပွတ်သီးဘ၀ပြောင်းလိုက်တာလဲ သူပါပဲ။ စားတော်ပဲပြုတ်ကို ပဲပြုတ်ဖြူလို့ ခေါ်တာ သူတယောက်ပဲ ရှိမယ်ထင်ရဲ့နော်။ မီးဖိုချောင်တင်မက တခြားနေရာတွေမှာလဲ ထိုနည်းတူလွဲတတ်ပါသေးတယ်။
လွဲလွဲလေး (၅)
သားနေမကောင်းတာ ဆေးတိုက်ဖို့ ဆေးတွေကို သူ့ ကိုပြောပြထားပြီးသားပါ။ ဆေးတမျိုးက တနေ့ ၂ကြိမ်၊ ကျန်တဲ့ဆေးတွေက တနေ့ ၃ကြိမ်။ ခုနေ့ လည်ဆေးကို တနေ့ ၂ကြိမ်ဆေးပါတိုက်မယ်လုပ်နေတော့ ကျွန်မမေးရပါပြီ။
ကျွန်မ >> “အဲဒီဆေးက တနေ့ ၂ကြိမ်လေ… ဘာလို့ နေ့ လည်ကြီးတိုက်နေတာလဲ”
ထုံဇင် >> “ဟုတ်တယ်လေ မမရဲ့… တနေ့ ၂ကြိမ်ဆိုတော့ မနက်တကြိမ် နေ့ လည်တကြိမ်တိုက်… ညကျတိုက်စရာမလိုတော့ဘူးပေါ့”
သူ့ အဖြေကြောင့် ဘာစကားမှပြန်မပြောနိုင်လောက်အောင် ဖြစ်သွားရပါတယ်။ အတွေးတွေလွဲချက်ကတော့ ကမ်းကုန်ပါပဲ။ မနက်ကို တပြိုင်တည်း ၂ကြိမ် မတိုက်တာပဲ တော်ရဲ့လို့  ပြောရမလိုပါပဲ။
**********************
လွဲလွဲလေး (၆)
ထုံဇင် >> “မမ ဟိုဘက်အိမ်က အကူမိန်းမကြီး သူတို့ အိမ်ထဲ ယောင်္ကျားကြီးတယောက် ၀င်လာလို့  ပြူတင်းပေါက်နေ ဒီဘက်ခုန်တာ ကံကောင်းလို့ ပြုတ်မကျတယ်… ခြေထောက်တွေ ဒဏ်ရာတွေ ရကုန်တာ”
အဲဒီလို သဲထိတ်ရင်ဖို ဇာတ်လမ်းကြားလိုက်ရတော့ ကျွန်မအတော်ပူသွားရပါတယ်။ ဘယ်နှယ့် အိမ်ထဲသူစိမ်းယောင်္ကျားဝင်ရသတဲ့လား။ ကျွန်မပူသွားရတာ သူ့ အတွက်ပါ။ သူကရိုးရိုးနုံနုံနဲ့ ဟိုဘက်အိမ်လူဝင်သလို ကိုယ့်အိမ်များဝင်ရင်တော့ ဒုက္ခပေါ့။
ကျွန်မ >> “ဟုတ်လို့ လားဟယ်… သူပြောတာရော သေချာနားလည်လို့ လား”
ထုံဇင် >> “အော်…ဟုတ်ပါတယ်ဆို… အိမ်ရှေ့ အိမ်က အန်တီကြီးကိုပြောနေတာ”
ကျွန်မလဲ စိတ်ပူပြီး အိမ်ရှေ့ အိမ်က အန်တီကို မေးမိတော့ ဇာတ်လမ်းအမှန်က တမျိုးပါ။ အိမ်ဘေးအိမ်က ဖီလစ်ပိုင်မိန်းမက ကလေးကို တံခါးပိတ်ထားခဲ့ပြီး အောက်မှ သူ့ ဖဦးထုတ်အဖော်တွေနဲ့  ပျော်ပွဲစားနေတုန်း aircon maintenance လုပ်ဖို့  သူ့ အိမ်ရှင်ချိန်းထားတဲ့သူက ရောက်လာတာပါ။ အိမ်တံခါးက ပိတ်ထားတော့ အိမ်ရှင်လှမ်းဖုန်းဆက် အိမ်ရှင်က ဖီလစ်ပိုင်မကိုဆက် သူက အပြေးပြန်လာ အိမ်ရောက်တော့ သော့ကြီး အိမ်ထဲထည့်ပြီး သော့ခတ်မိနေလို့  ပြူတင်းပေါက်က ကျော်ဖွင့်ရတာပါ။ ကဲ… ဖီလစ်ပိုင်မက အိမ်ရှေ့ က ကုလားလူမျိုးအန်တီကို အင်္ဂလိပ်လိုပြောတာကို ကျွန်မတို့ မြန်မာမလေးထုံဇင်က မြန်မာမှုပြုလိုက်တာ ဘယ်လောက်နီးစပ်သလဲနော်…
**********************
လွဲလွဲလေး (ရ)
ထုံဇင် >> “မမပြောတော့ Lake Side နဲ့  Bukit Batok ” ကြားထဲ ရထား ၃မှတ်တိုင်ဆို… ခုတကယ်သွားတော့ တမှတ်တိုင်တိုးလာတယ်”
ကျွန်မ >> “ဟဲ့… ရထားဘူတာက ဘယ်နှယ့်နေရင်းထိုင်ရင်း တမှတ်တိုင်တိုးပါ့မလဲ… ၃မှတ်တိုင်ပါ”
သားကျောင်းက ရေကူးသင်တန်းရှိတဲ့နေရာကို သွားခိုင်းရာမှ ကျွန်မရဲ့လမ်းညွန်မှုကို ဒေါ်ထုံဇင်တို့  complaint တက်နေပါပြီ။ ဘယ်လိုရေရေ ၃မှတ်တိုင်ပဲမို့  သူ့ ဘယ်လိုများရေဘာလိမ့်လို့  စိတ်ဝင်တစားမေးကြည့်တော့…
ထုံဇင် >> ”မမတွက်ကြည့်လေ… lake side က Chinese garden ၁မှတ်တိုင်… Chinese gardenကနေ Jurong East ၁ မှတ်တိုင်… Jurong East အစိမ်းလိုင်းက အနီလိုင်း ၁ မှတ်တိုင်…”
ဘာကြောင့် တဘူတာပိုလဲ သိလိုက်ရပါပြီ။ ဒီလောက်မြေပုံဆွဲရှင်းပြလိုက်ရက်နဲ့  Jurong East အစိမ်းနဲ့ အနီလေး ကူးလိုက်တာကို တမှတ်တိုင်စာတွက်ပလိုက်တာလေ။
**********************
လွဲလွဲလေး (၈)
ကျွန်မ >> “ကြာလိုက်တာဟယ်… ဘာများဖြစ်နေသလဲလို့ ”
သားကျူရှင်သွားပို့ ပြီး တော်တော်နဲ့ ပြန်မရောက်တော့ စိတ်ပူလိုက်ရတာ…။ ဖုန်းဆက်တာလဲမကြား။ ကျွန်မမေးတာကို ပြုံးစိစိဖြစ်နေတာကြည့်ရင်း တခုခုလွဲပြီဆိုတာ စိတ်ထဲက သိလိုက်ပါတယ်။
ထုံဇင် >> “Boonlay Interchange မှာ ဘတ်စ်ကားစီးတာ လမ်းကြောင်းမှား စီမိလို့ ”
ကျွန်မ >> “လမ်းကြောင်းမှားလဲ လမ်းကြောင်းပြန်ပြောင်းလို့ ရတာပဲ”
ထုံဇင် >> “မဟုတ်ဘူးလေ… လမ်းကြောင်းမှားတာ ကားပေါ်ရောက်ပြီး တခြားလမ်းထဲကွေ့ သွားမှ သတိထားမိတယ်… နံပါတ်မကြည့်ပဲ လိုက်စီးသွားတာ… ဟဲဟဲ…”
ကျွန်မ >> “အိုး.. ဖြစ်ရမယ်… အဲဒါအိမ်ကို ဘယ်လိုပြန်လာလဲ”
ထုံဇင် >> “လမ်းလျှောက်လာတာလေ”
လမ်းလျှောက်တာမလွဲတာကိုပဲ တော်သေးရဲ့လို့ ဆိုရမလိုပါပဲ။
**********************
ကျွန်မနဲ့ မနေခင်က မြန်မာပြည်က စတိုးဆိုင်တခုမှ ငွေကိုင်လုပ်ခဲ့ပါတယ်။ စတိုးဆိုင်က အိမ်နဲ့ ဘတ်စကား ၂မှတ်တိုင်လောက်ပဲ ဝေးတာမို့  သူ့ အကိုက စက်ဘီးနဲ့ အမြဲလိုက်ပို့ ပါတယ်။ တရက်သားမှာ သူ့ အကို မအားတာနဲ့ ဘတ်စ်ကားနဲ့ သွားမယ်ဆို ဘတ်စ်ကားဂိတ်မှာ ကားစောင့်ပါတယ်။ ဘတ်စ်ကားတစီးလာတာနဲ့  တက်စီးသွားတာ သူ့ စတိုးဆိုင်ကျော်မှ သတိထားမိပါတယ်။ ကားမောင်းတဲ့ အဖိုးကြီးက သမီးဝန်ထမ်းအသစ်လားလို့ မေးမှ သူစီးသွားတာ လိုင်းကားမဟုတ်ပဲ ရုံးဖယ်ရီကြီးဖြစ်နေပါသတဲ့။
တကယ်တော့ လွဲတဲ့ဇာတ်လမ်းတွေသာ ထိုင်ရေးရရင် လုံးချင်းတအုပ်ထွက်နိုင်ပါတယ်။ ဘယ်လောက်လွဲသလဲဆို မလွဲတဲ့နေ့ မရှိသလောက်ပါပဲ။ ထူးအိမ်သင်သီချင်းလေးထဲကအတိုင်း လွဲလွဲလေးပဲကောင်းပါတယ်ဆိုတာ သူ့ အတွက်များ စပ်ထားသလား ထင်ရပါတယ်။ ဆရာမင်းလူသာ သူနဲ့ နေရရင် လှထုံလို ဇာတ်ကောင်တယောက်တွေ့ ပဟဆို ကုန်ကြမ်းတွေ မနဲမနောရမှာ အမှန်ပဲ။ စိတ်ထားလေးကဖြူစင်ပြီး သဘောလေးကောင်းတာမို့  မိန်းခလေးလဲဖြစ်နေတော့ အလွဲကြီးတွေ မလွဲရအောင် အလွဲသေးလေးတွေက တဆင့် သင်ခန်းစာယူတတ်အောင် သင်ပေးရပါတယ်။ ကျွန်မတို့  အိမ်မှာတော့ တနေ့ တနေ့ အလွဲတွေ ထပ်မလွဲရအောင် ကျွန်မက သင်လိုက် ထုံဇင်က လွဲပြီးရင်းလွဲလိုက်နဲ့  ဆူညံမြိုင်ဆိုင်လို့ နေပါတော့တယ်။
တန်ခူး
6:50pm 5-Apr-2013
စာမရေးတာ အတော်ကြာတဲ့ ဒီဘလော့ဂါအန်တီကြီး စာပြန်ရေးတော့လဲ လူရိုက်ချင်စရာခေါင်းစဉ်နဲ့ ဆိုပြီး မဖတ်ပဲနဲ့ တော့ ထွက်မသွားပါနဲ့ နော်…။ ကိုယ့်ကိုကိုယ် သိပ်နုနယ်ပျိုမျစ်တယ်လို့  ဘ၀င်လေဟပ်ပြီးရေးထာမဟုတ်မှန်း စာဆုံးရင်သိမှာပါ...။
ဒီပို့ စ်လေးရေးဖြစ်ခြင်းအောင် အဓိကလှုံဆော်သူက ခုတလော အင်တာနက်ပေါ်… ဖေ့စ်ဘွတ်ပေါ်… ဂျာနယ်တွေပေါ်မှာ စိုင်းစိုင်းခမ်းလှိုင်ထက်တောင် ရေပန်းစားနေတဲ့ ကိုစိုးသူပဲပေါ့…။ ကျွန်မတို့ ခေတ်က သူငယ်ချင်းတွေ အမကြီးတွေ ညီမလေးတွေ သဲသဲလှုပ်ခဲ့တဲ့မင်းသား…။ ကိုယ်မပါဘူးလို့ မပြောပါဘူး…။ ရုပ်ရှင်မရိုက်ခင် ရုပ်ရှင်ရိုက်တော့မယ့် ဆေးကျောင်းသားဆို သူငယ်ချင်းက သူ့ အမဆီက တဆင့် ဓာတ်ပုံလေးယူလာကတည်းက စလို့  ရှေ့ ကိုဝဲ၀ဲလေးကျနေတဲ့ ဆံပင်လေးနဲ့ နှုတ်ခမ်းလေးစေ့ပြုံးနေပုံလေးတွေ့ ပြီး ဆယ်ကျော်သက်တို့ သဘာဝ ရင်ခုန်လှုပ်ရှားခဲ့ဖူးတယ်ဆိုတာ ၀န်ခံပါတယ်…။ ဘယ်လောက် ရူးသွပ်ခဲ့သလဲဆို အော်တိုစာအုပ်တောင် စိုးသူမျက်နှာဖုံးနဲ့ ဖုံးပြီး ကိုယ့်နာမည့်ကို ခပ်တည်တည်နဲ့  နောက်ကစိုးသူတပ်ပြီးပြောင်းပစ်လိုက်တာ… အော်တိုရေးပေးမယ့် သူငယ်ချင်းတွေတောင် တော်တော်မျက်စိလည်သွားတယ်… ဘယ်သူကြီးလဲပေါ့…။ ကျောင်းရှေ့ မှာ ပလတ်စတစ်လေးခင်း ပုံရောင်းတဲ့ ရုပ်ရှင်မင်းသားပုံတွေထဲမှာ စိုးသူပုံသိပ်မပါရင် ရောင်းတဲ့ဦးလေးကြီးကို ရန်စွာတတ်တာလဲ ကိုယ်ပါပဲ။ ပြီးရင် အဖေမသိအောင် လွယ်အိတ်အထဲက ဇစ်အိတ်လေးထဲဖွက် ခိုးခိုးကြည့်ရတာအမောပါ။
ဒါပေမယ့် အဲဒီရူးသွပ်မှုတွေက ပထမဆုံးကြည့်မိတဲ့ စိုးသူရုပ်ရှင်ကားမှာ အကုန်ရပ်တန့် ကုန်တာလဲ ကိုယ့်ကိုကိုယ် အံ့သြမိပါရဲ့။ ဆယ်ကျော်သက်အရွယ် စိတ်မတည်ငြိမ်ပုံများပြောပါတယ်…။ ပထမကြည့်ဖြစ်တဲ့ကားက ကြည်မင်းနဲ့ သုန်သုန်။ ရုပ်ရှင်မင်းသမီး မင်းသားတို့  ပထမလေးငါးကားဆို ခပ်ကြောင်ကြောင်ဖြစ်နေတဲ့ အချိန်မို့  ထင်ပါရဲ့။ အဲဒီကားလဲကြည့်ပြီးရော ဆွဲဆောင်မှုသိပ်မရှိလှဘူးဆို ရင်ခုန်သံတွေ ရပ်သွားခဲ့တာ။ ချစ်ကြိုးလေးနှစ်မျှင်က စကားမပီတပီနဲ့ ကျော်သူ့ မှကျော်သူဖြစ်သွားခဲ့တာ..။ အင်း… အပြောင်းအလဲမြန်ပုံပြောပါတယ်…။
ကိုယ်ရူးသွပ်တာကို ပြောနေတာနဲ့  ပို့ စ်လဲ အတော်ရှည်လှပြီ။ အဓိကပြောချင်တာကတော့ ကိုစိုးသူရဲ့ နုနယ်ပျိုမျစ်ခြင်းပါ။ အသက် ၄၇လို့  ဘယ်လိုမှ ပြောမရအောင် နုနယ်ပျိုမျစ်တဲ့ ကျွန်မတို့ ခေတ်ကမင်းသားက ခုခေတ်ဆယ်ကျော်သက်လေးတွေ နှလုံးသားကို ဆွဲဆောင်နိုင်ဆဲဆိုတာ အံ့သြစရာ မကောင်းဘူးလား။ ဒါက ကျွန်မက ခုလောလောဆယ် ကိုရီးယားမင်းသားတွေထက် ဟော့နေတဲ့ ကိုစိုးသူကို အကောင်းဆုံးဥပမာပေးလိုက်တာပါ။ ကျွန်မတို့ ခေတ်က ပုဇွန်စိတ်ကလေး ဘယ်လိုငယ်ငယ် ပင်လယ်ကူးခဲ့တဲ့ မေဆွိဆို အသက်ငါးဆယ်ကျော်လို့  ဘုရားစူးပြောတောင် ယုံနိုင်စရာမရှိအောင် နုပျိုလွန်းလှပါတယ်။ မျက်နှာဆံပင်ကိုယ်လုံးကိုယ်ပေါက် အကုန်ကို လှနေတုန်းပါ…။ ခုတလော အနုပညာလောကက ပျောက်နေတဲ့ တင့်တင့်ထွန်းဆိုလဲ မျက်နှာမှာတောင် ဘာအရေးအကြောင်းမှ မထင်အောင် အသားအရေကအစ စိုပြေလှပနေဆဲ။ ကိုကိုရေ သိပ်ချစ်တယ်… အစွဲကြီးစွဲမိပြီရှင်ဆိုတဲ့ ဟေမာ့ မျက်ဝန်းအကြည့်လေးတွေကလဲ ကျွန်မတို့ ခေတ်က တီဗွီဖန်သားပေါ်မှာမြင်ရတာနဲ့  ခုထိထပ်တူ ဆွဲဆောင်နိုင်တုန်း။ Good Morning မကေသီဆိုတဲ့ နှုတ်ခမ်းလေးတွန် ပြုံးတတ်တဲ့ ရဲအောင်ဆို ခုထိ မင်းသမီးငယ်လေးတွေနဲ့ တွဲလို့ ရတုန်းလေ။
ဒါက ကျွန်မတို့ ခေတ်က မြန်မာနိုင်ငံက မင်းသားမင်းသမီးတွေရဲ့ နုနယ်ပျိုမျစ်မှုပါ။ ဟောလီဝုဒ်လဲ အများသားနော်။ ခုလေးတင် လောလောလတ်လတ် သူ့ ဇာတ်ကားအသစ်လေးရုံတင်နေတဲ့ ကျွန်မတို့ ခေတ်က တော်တော်များများ ဆယ်ကျော်သက်တွေရဲ့ အခန်းထဲမှာ သူ့ wallsheetတွေနဲ့ နေရာယူတတ်တဲ့ Tom Cruise က အသက် ၅၁နှစ်ဆိုတာ ယုံနိုင်စရာတောင်မရှိပါဘူး။ ခုထိ ဟောလီဝုဒ်က မင်းသမီးတွေ သဲသဲလှုပ်နေကြတဲ့ ချစ်စရာအပြုံးလေးနဲ့ မင်းသားBrad Pittကလဲ အသက်၅၀ဆိုပဲ။ ဟောလီဝုဒ်မှာ နောက်ဆုံးဟော့နေတဲ့သတင်းပိုင်ရှင် ကလေးသုံးမွှာပူးကိုယ်ဝန်ဆောင်ထားတဲ့ Jennifer Lopezကလဲ အသက် ၄၄ပါ။ ကျွန်မတို့ ခေတ်က အရမ်းရေပန်းစားတဲ့ Pretty Woman မင်းသမီး Julia Roberts ဆို အသက် ၄၆လို့ မထင်ရအောင် ချစ်စရာကောင်းနေတုန်းပါ။
ဘာရယ်လို့ တော့ မဟုတ်ပါဘူး…။ ကိုယ့်ခေတ်ကနာမည်ကြီးတွေရဲ့ နုနယ်ပျိုမျစ်ခြင်းတွေကို ကြည့်ပြီး များလားတဲ့ဆံပင်ဖြူတွေကို မသိချင်ယောင်ဆောင်… ဖြူသီ့သီချင်းထဲကလို ပိုလာတဲ့အသားတွေကို ဥပေက္ခာပြုရင်း တို့ လဲလေ အဲဒီခေတ်ကလို့ ဖြေသိမ့်တွေးတွေးရင်း နောက်သုံးရက်ကြာရင် တစ်ပေါင်းရတော့မယ့် သိပ်မလှတော့တဲ့ အသက်ကို တမင်မေ့ဖို့ ကို ဒီပို့ စ်ကို ရေးရခြင်းဖြစ်ပါတယ်…။ သည်းခံဖတ်ပေးသူများအားလုံးကျေးဇူးပါ။
စာရေးပါစာရေးပါလို့ တိုက်တွန်းကြတဲ့ တို့ နဲ့ ခေတ်တူ ချစ်သူငယ်ချင်းတို့ အတွက်အမှတ်တရ။
တန်ခူး
11:45pm 3-Apr-2013
span>