
ပုံကို အင်တာနက်မှ ရယူပါသည်၊
အသက် ၂၄နှစ်ရှိပြီဖြစ်တဲ့ မြန်မာနိုင်ငံသား အိမ်အကူကောင်မလေးကို အသက် ၈၅နှစ် စင်္ကာပူနိုင်ငံသား အဖွားအိုကို သတ်တဲ့အမှုနဲ့  တရားစွဲခံထားရတဲ့ အဖြစ်အပျက်ဟာ ခုတလော ကျွန်မရဲ့စိတ်တွေကို အလုပ်များစေတဲ့ အဖြစ်အပျက်တခုဖြစ်နေပါတယ်…။ လူတယောက်ရဲ့ အသက်… အထူးသဖြင့် အမယ်အို တယောက်ရဲ့ အသက်ကို သူမို့  ရက်ရက်စက်စက် သတ်ရက်တယ်… ဆိုတဲ့ အတွေးမျိုးထက် အဲဒီအဖြစ်အပျက်ကို တွန်းပို့ ပေးဖို့  ဘယ်လို အကြောင်းအရာတွေကများ နောက်ကြောင်းခံနေသလဲဆိုတာ အပြန်ပြန်အလှန်လှန် စဉ်းစားကြည့်နေမိတယ်…။ အခြေခံအားဖြင့် ဘယ်သူတဦးတယောက်ကမှ (အကြမ်းဖက်သမားတွေကလွဲလို )့ ဘယ်လို အကြောင်းကြောင့်ဖြစ်ဖြစ် သူများအသက်ကို သတ်ဖို့  ကြံစည်တွေးတော စဉ်းစားပြီး… နောက်ဆုံးသတ်ဖြစ်တဲ့အခြေအနေရောက်အောင် ရက်စက်ကြမှာမဟုတ်ပါဘူး။ တွန်းအားအပေးဆုံးအရာဟာ ဒေါသလို့  အကြမ်းဖျင်းတွက်လို့ ရပေမယ့်… အဲဒီလောက်ကြီးမားတဲ့ ဒေါသကို ရောက်စေတဲ့ စေ့စော်ပေးမှု…. အဲဒီအကြောင်းကို ကျွန်မဘာသာ ဆက်စပ်တွေးနေမိတာ…။
ခုတလော ကျွန်မကြည့်ဖြစ်နေတဲ့ ဒီနိုင်ငံရုပ်သံက Code & Law ဇာတ်လမ်းတွဲတွေရဲ့ လွှမ်းမိုးမှုကြောင့်လဲ ပါမယ်ထင်ပါတယ်…။ နဂိုကအပြစ်မရှိပဲ စိတ်ထားကောင်းကြတဲ့ သူတချို့  အခြေအနေအကြောင်းအရာတခုခု သို့အကြောင်းအရာတွေ အဖန်တလဲလဲဖြစ်ပေါ်မှုကြောင့် နောက်ဆုံး မဖြစ်သင့်ပဲ ရာဇ၀တ်မှုတရားခံတွေ ဖြစ်သွားကြတာကို အဓိက ထားရိုက်ထားတဲ့ ဇာတ်လမ်းတွဲတွေပါ…။ ဖောက်ပြန်တဲ့ ယောင်္ကျားက မျက်နှာပြောင်တိုက်ပြီး အငယ်အနှောင်းကို မယားကြီးရှေ့ တင် ပါတီကို ခေါ်လာတာကို မခံမရပ်နိုင်လို့  ပါတီအပြီးမှာ ယောင်္ကျားနဲ့ စာရင်းရှင်းရင်း ဒေါသနောက်လိုက်သွားတဲ့ အသက်၆၀ကျော် အဖွားအိုက ယောင်္ကျားသတ်တဲ့ တရားခံဖြစ်… နိဂုံးမှာ သူက လူသတ်တရားခံဖြစ်ပေမယ့်… နိဒါန်းမှာ သူမှားခဲ့သလား…။ အရက်အမူးတိုက်ပြီး မဖွယ်မရာပုံတွေကို ရယူလို့  အင်တာနက်ပေါ်မှာ တင်မယ်လို့  ငွေညှစ်ခံရတဲ့ ကောင်မလေးက အဖန်အခါခါ ငွေညှစ်ခံရတဲ့အခါ အဆုံးမှာ ဒေါသမထိန်းနိုင် လက်လွန်သွားပြီး လူသတ်တရားခံဖြစ်သွားတဲ့ အဖြစ်…။ တအိမ်ထဲနေ ပထွေးရဲ့ အရွယ်မရောက်ခင် ကတည်းက မတရားကျင့်တာ ခံလာရတဲ့ ကောင်မလေးမှာ မမျှော်လင့်ပဲ ကိုယ်ဝန်ရှိလာတဲ့အခါ မိခင်ရင်းဖြစ်သူ ကိုယ်တိုင်က သူ့ မြေးကို ကြွတ်ကြွတ်အိတ်နဲ့ ထုတ် အမှိုက်ပုံးထဲ လွင့်ပစ်ခဲ့တဲ့အမှု… အဆုံးမှာ သူ့ သမီးက သူ့ အမေထောင်ကျမှာစိုးလို့  သူ့ ရင်သွေးကို သူစွန့် ပစ်တဲ့အမှုနဲ့  တရားခံသက်သက်အဖြစ်ခံခဲ့တာ… အဲဒီကောင်မလေးဘ၀ ကံဆိုးလိုက်ပုံများ ဘာအမှားတခုမှ မကျူးလွန်ပါပဲ ရာဇ၀တ်မှုတရားခံအဖြစ်ရောက်သွားခဲ့တာ… ။ အဲဒီအဖြစ်အပျက်တော်တော်များများဟာ အပြင်က တကယ့်အဖြစ်အပျက်ကို အခြေခံရိုက်တာမို့  ကြည့်ပြီးတဲ့အခါတိုင်း ကျွန်မမှာ အတွေးတွေနဲ့  ကျန်ခဲ့တာ…။
အဲဒီဇာတ်လမ်းတွဲတွေကို ကျွန်မစိတ်ဝင်စားမိတဲ့ နောက်တချက်က ငယ်ငယ်ကတည်းက code & law နဲ့ လက်ပွန်းတတီးဖြစ်ခဲ့တဲ့ အချက်ကြောင့်လဲ ပါပါတယ်…။ ကျွန်မအဖေက ရှေ့ နေတယောက်ဖြစ်တာမို့  အဖေရဲ့ အမှုတွေနဲ့ အတူ အဖေရဲ့ အမှုသည်တွေရဲ့ ဘ၀အမျိုးမိျုး အဖုံဖုံက ကျွန်မအဖို့  အတော်စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေ ဖြစ်နေခဲ့ပါတယ်…။ ကျွန်မအဖေရဲ့ ပထမဆုံးအမှုဟာ ဆင်းရဲသားဆိုက်ကားသမားလေး သူမသတ်ပဲ လူသတ်တရားခံအဖြစ် တရားစွဲခံရတဲ့အမှုပါ…။ အဲဒီအမှုမှာ အဖေက လူသတ်မှုကနေ အပြစ်မရှိတဲ့ တရားခံကို လွတ်မြောက်အောင် လုပ်နိုင်ခဲ့တာ ခုထိ ကျွန်မသတိရနေပါသေးတယ်…။ ကိုယ့်အိမ်မှာ အိမ်ငှားတင်ပြီး အိမ်ငှားက သူအိမ်ရှင်ပါလို့ လိမ်လည်ပြီး ကိုယ့်အိမ်ပိုင်နဲ့  အမှုတွေများရတဲ့ အရမ်းရိုးသားတဲ့ ဖေဖေ့အမှုသည်ကိုစံသိန်းကလဲ ကျွန်မတို့ အမြဲသတိရနေမိတဲ့ အမှုသည်ထဲမှာ ပါပါတယ်…။ တရားလိုက တရားခံဖြစ် တရားရုံးရောက်ရင် ကြောက်ပြီး ကိုယ်မှန်ပါလျက် တလွဲတွေလျှောက်ပြောတတ်လို့  ရုံးချိန်းတခုပြီးတိုင်း အဖေနဲ့ ကိုစံသိန်းတို့ အသံကို ကြားရပါတယ်…။ ခင်များ.. ကိုယ်ပိုင်တဲ့အိမ်သူများ ထိုးပေးချင်လို့ လားလို့  အဖေက မချင့်မရဲဆို ကိုစံသိန်းက ပြုံးပြုံး ပြုံးပြုံးနဲ့ .. ကျွန်မတို့ မှာ ငိုအားထက်ရယ်အားသန်ရပါတယ်…။ အဆုံးမှာ သူ့ အိမ်လေးသူပြန်ရသွားတော့ မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့  အဖေ့ကို လာကန်တော့တာ ခုထိမြင်ယောင်နေမိပါသေးတယ်…။
တရားခံမဖြစ်သင့်ပဲ တရားခံဖြစ်သွားရတဲ့ အဖြစ်ဆိုးတွေရဲ့ နောက်ကွယ်မှာ နှစ်မျိုးနှစ်စားရှိတာကို တွေ့ ရပါတယ်…။ တမျိုးက ရိုးအလွန်းလို့  သူများချထားတဲ့အကွက်ထဲမှာ ကိုယ်က ၀င်မိရဲ့သားဖြစ်တာနဲ့ … နောက်တမျိုးက အခါခါခံလာရတဲ့အခါ ခံနိုင်ရည်အတိုင်းအတာကို ကျော်လွန်ပြိး ဒေါသကို မထိန်းနိုင်တဲ့သူက နောက်ဆုံး အကြီးမားဆုံးအမှား သံသရာထိပါ ပါမယ့်အမှားကို ကျူးလွန်တဲ့ အဆင့်ရောက်သွားတာပါ…။ ပထမအမျိုးအစားကတော့ နဂိုနေရိုးအတဲ့ လူတွေမှာ ခံရလေ့ရှိပါတယ်…။ ကျွန်မ အဓိကထားပြောချင်တာက ဒေါသမထိန်းနိုင်တဲ့အမျိုးအစားပါ…။ လူတချို့ ဟာ များသောအားဖြင့် ကိုယ့်ခံနိုင်ရည်အင်အား ဘယ်အဆင့်ထိရှိတယ်ဆိုတာ မသိကြပါဘူး…။ နဖူးတွေ့ ဒူးတွေ့ ဖြစ်တော့မှ သိကြတာများပါတယ်…။ တဦးနဲ့ တဦးဆက်ဆံရေးမှာ တကယ်လို့ များ အဆင်မပြေမှုတွေ များသထက်များလာရင် သတိထားဆက်ဆံသင့်ပါတယ်…။ ပေါက်ကွဲကြမယ့်တနေ့ ကို ရောက်အောင် စောင့်ကြည့်တာထက် ဆက်ဆံရေးဟာပြုပြင်ပြောင်းလဲ ညှိနှိုင်းလို့ ရလားဆိုတာ စဉ်းစားစမ်းသပ်ကြည့်သင့်ပါတယ်…။ တကယ်လို့ ကိုယ်က ဥပေက္ခာတရားကို လက်ကိုင်ထားနိုင်တယ် ခန္ဒီပါရမီနဲ့ ပြည့်တယ်ဆိုရင်တော့ တမျိုးပေါ့လေ…။ ဆက်ဆံရေးဆိုရာမှာ မိဘနဲ့ သားသမီး… သူငယ်ချင်းမိတ်ဆွေဆက်ဆံရေး… ညီအကိုမောင်နှမဆက်ဆံရေး… လင်မယားဆက်ဆံရေး… အလုပ်ရှင်နဲ့ အလုပ်သမားဆက်ဆံရေး.. ဆရာတပည့်ဆက်ဆံရေး… အားလုံးအကျုံးဝင်ပါတယ်…။ ညှိုနှိုင်းယူလို့ မရနိုင်တော့ဘူးလို့  ယူဆရင်တော့ ဒီအတိုင်း ခံနိုင်ရည်အားလွန်လာမယ့် နေ့ ကို စောင့်နေတာထက် ဆက်ဆံရေးရပ်တန့် ပစ်လိုက်တာ အကောင်းဆုံးလို့  ကျွန်မထင်မိပါတယ်…။
ပထမအပိုဒ် ကျွန်မအဓိကထားပြောချင်တဲ့ အပိုဒ်ကို ပြန်ကောက်ရရင် မြန်မာအိမ်အကူမလေးမှာ ငွေကြေးမပြည့်စုံလို့  ဒီအလုပ်ကို လုပ်ရတာပါ… ဒီအပြင့် သူဆက်ဆံရတဲ့ ပတ်ဝန်းကျင်က ဘယ်လောက်ဆိုးဝါးသလဲ ကျွန်မတို့  ခန့် မှန်းရခက်ပါတယ်…။ MRT ပေါ်မှာ မတော်တဆ ထိမိရင်တောင် ဆောရီးလို့ ပြောတာကို ဂရုမစိုက်ပဲ မီးပွင့်အောင် ကြည့်တတ်တဲ့သူတွေပေါတဲ့ ဒီလိုနိုင်ငံ… ကြင်နာတတ်ဖို့ ကူညီတတ်ဖို့  အဖွဲ့ အစည်းတွေနဲ့  တွန်းအားပေးယူရတာတောင် အနိုင်နိုင်ဖြစ်တဲ့ ဒီလိုနိုင်ငံမျိုးဆိုတော့ ပိုလို့ တောင် ခန့် မှန်းရခက်ပါတယ်…။ သူ့ ခမျာ ဒီလို အဖြစ်အပျက်မျိုးတွေကို မလွှဲသာမရှောင်သာ ရင်ဆိုင်ခဲ့ရမှာပါ…။ အဲဒီလို မလွှဲမရှောင်သာ ရင်ဆိုင်ရင်း မြိုသိပ်ရင်းနဲ့  နောက်ဆုံးကိုယ့်ခံနိုင်ရည်အဆင့်ကို အတော်လေးကို ကျော်လွန်သွားပြီး အဖြစ်ဆိုးတွေနဲ့  နိဂုံးချူပ်ရတဲ့ အဖြစ်ဟာ အတော်ကို ရင်နာစရာကောင်းလှပါတယ်…။ တကယ်လို့ များ အိမ်ရှင်က တရားလက်လွတ်ဖြစ်လို့  ဒီအဖြစ်မျိုးနဲ့  အဆုံးသတ်ရတာဆိုရင်တော့ အဲဒီအဆုံးသတ်နည်းလမ်းထက် ကောင်းတဲ့နည်းလမ်းတွေ ရှိတယ်ဆိုတာ ကျွန်မ ပြောပြပါရစေ…။ တရားလက်လွတ့် နှိပ်စက်တတ်တဲ့ အိမ်ရှင်နဲ့ လုပ်ရရှာတဲ့ အိမ်အကူညီမငယ်များ ဒီလိုအမှားမျိုး ထပ်မဖြစ်အောင် စေတနာနဲ့  ဒီပို့ စ်ကို ရေးခြင်းဖြစ်ပါတယ်…။ ကိုယ့်အဖြစ်တွေကို မြိုသိပ်မထားပါနဲ့ …။ နီးစပ်ရာ သူငယ်ချင်းတယောက်ယောက်ကို အမြဲရင်ဖွင့် တိုင်ပင်ပါ…။ အိမ်ရှင်နဲ့ ဆက်ဆံရေးဟာ အတိုင်းအတာတခုအထိ ဆိုးဝါးလာပြီဆို ရဲစခန်း သို့  counselling firm တခုခုနဲ့ ဆက်သွယ်ပါ..။ အဖြစ်အပျက်အသေးစိတ်ကို ပြောပြပြီး သူတို့ ဆီက အကြံဥာဏ်တောင်းခံပါ…။ ကိုယ့် agency ကို ပွင့်ပွင့်လင်းလင်းပြောပြပါ…။ အဆိုးဝါးဆုံး အခြေအနေထိ မရောက်မှီ အလုပ်ကို ရပ်တန့် ဖို့  နည်းလမ်းရှာပါ…။ နိုင်ငံခြားတိုင်းပြည်မှာလဲ မြန်မာ community အဖွဲ့ အစည်းတွေ ရှိတာမို့  အဲဒီလို အဖြစ်ဆိုးမျိုးနဲ့  ကြုံကြရရင် အားလုံးဝိုင်းတာဝန်ယူ ကူညီပေးကြမှာ သေချာပါတယ်…။ လောကကြီးမှာ ကိုယ်တယောက်ထဲလို့ မအောင့်မေ့ပါနဲ့ …။ ငါ့ဒုက္ခ ငါလည်စင်းခံမယ်ဆိုပေမယ့်လဲ ဘယ်လောက်ထိ ခံနိုင်ရည်ရှိမလဲနော်…။ ဒါကြောင့် အဲဒီလို အဖြစ်ဆိုးမျိုးနဲ့  မကြုံအောင် ထွက်ပေါက်အမှန်ဖြစ်ရအောင် အဲဒီအခြေအနေထိ မစောင့်ပဲ နီးစပ်ရာ အသိုင်းအ၀ိုင်းကို တိုင်ပင်အကူအညီတောင်းခံဖို့  ဒီပို့ စ်လေးနဲ့ တိုက်တွန်းပါရစေ….။
(စာကြွင်း… ကျွန်မဒီပို့ စ်ကို ဖတ်မိသူထဲမှာ any communication နဲ့ ပတ်သက်ပြီး အကြတ်ရိုက် ထွက်ပေါက်မရှိဘူးလို့  ခံစားရနေသူများရှိရင် cmyayt@gmail.com ကို ဆက်သွယ်ပါလို့ .. အတတ်နိုင်ဆုံး ကူညီပေးဖို့ ပါ)
တန်ခူး
31-Mar-2014 10:05pm

ပုံကို အင်တာနက်မှ ယူပါသည်။
အဲဒီတုန်းက ငါက မွန်းအောင်သီချင်း နားထောင်ရင်းလဲ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျခဲ့တာ… နင်ကတော့ ငါ့ကို ခပ်ပြုံးပြုံးကြည့်ရင်း အရူးမလို့  ချစ်စနိုးခေါ်ခဲ့တာ နင်မှတ်မိလား… အေး… ဟုတ်ပါရဲ့… ဂျူးရဲ့ အမှတ်တရဖတ်ပြီး တပတ်လောက် ထမင်းမစားနိုင်ဖြစ်ခဲ့သေးတာနော်… စာသင်ချိန်တွေမှာ ကျောင်းဖတ်စာအုပ်အောက်မှာ ရှားရဲ့ အချစ်ဝတ္တုလေးတွေကို ဆရာမမြင်အောင် ခိုးဖတ်ခဲ့တဲ့အထိလဲ ငါက ဆိုးခဲ့သေးရဲ့လေ… ငါ အဖေမသိအောင် ခိုးခိုးရေးတဲ့ အချစ်ကဗျာလေးတွေကို နင့်ဆီမှာ သိမ်းထားခဲ့တာ… ခုရှိသေးရင်ပြန်ပေးဟာ… ကျောင်းရှေ့ က တရုတ်စကားပွင့်တပွင့်ကို နားကြားထိုးရင်း မြက်ခင်းပြင်က ဖြတ်တိုက်လာတဲ့လေနုအေးကြားထဲမှာ တော်တော်ဆိုးဝါးတဲ့အသံနဲ့  ငါအမြဲဆိုခဲ့တဲ့ ‘မျက်ရည်ဝဲရုံ’ဆိုတဲ့ သီချင်းလေးကို နင်အမြဲသည်းခံနားထောင်ပေးခဲ့တယ်နော်… ပြီးတော့ နင်က ငါ့ကို ရင်ဖွင့်တယ်… ငါကနင့်ကို ရင်ဖွင့်တယ်… ရင်ခုန်သံတွေက တခါတလေ ချိုမြလို့ … တခါတလေ ခါးသက်လို့ … အမှန်ပဲ.. တခါတလေကျတော့ ချိုသလား ခါးသလား ငါတို့  စမ်းတ၀ါးဝါးဖြစ်သေးတာ…
ကြည့်စမ်း.. နင်က မှတ်မိလွန်းလိုက်တာ… ဟုတ်တယ်.. အဲဒီတုန်းက အဖြူပေါ်မှာ အနီရောင် အလုံးလေးတွေပါတဲ့ မြန်မာအကျီင်္ရင်ဖုန်းလေးကို ငါ ခဏခဏ ၀တ်ခဲ့တာ ကြိုက်လွန်းလို့ လေ… အကျီလေး အရောင်ရော့ဟောင်းနွမ်းသွားတဲ့အထိ ငါဝတ်နေတုန်းမို့  နင်တောင် ပြောခဲ့သေးတာနော်… ပြီးတော့ သက်မဲ့ပစ္စည်းတွေတောင် သံယောဇဉ်ဖြတ်ဖို့ ခက်တဲ့ ငါ့ရဲ့ စွဲလန်းမှုပြဿနာကို နင်ပဲ အနားမှာနေ မေ့ပျောက်တတ်အောင် သင်ပေးခဲ့တာ ကျေးဇူးပါဟာ… အခုလား… အင်း.. စွဲလန်းတတ်နေတုန်းပါပဲ… ငါ့ခြေလှမ်းတွေ မညင်သာသလောက် င့ါရင်ခုန်သံတွေက ညင်သာပျော့ပျောင်းလွန်းနေတတ်တာ နင်ကလွဲလို့  သိတဲ့သူက ရှားရှားပါးပါး ပါဟာ… ငါ့စကားသံတွေက ပြတ်သားသလောက် ငါ့နှလုံးသားတွေ မပြတ်သားလိုက်ပုံများ… ငါနဲ့ ငါ အမြဲရန်ဖြစ်ရင်း ငါကပဲ ရှုံးနိမ့်ခဲ့ရတာလေ… ဟေး… ငါ့ကို အဲဒီလို သနားတဲ့ မျက်ဝန်းတွေနဲ့  မကြည့်နဲ့ ဟာ… ငါမနေတတ်ဘူး… ငါ အသားမကျဘူး… လူအများအမြင်မှာ ငါကရဲရင့်ပြတ်သားလွန်းတဲ့မိန်းမဆိုတော့…. အားပေးမှု… ဂရုစိုက်မှုဆိုတာ ရခဲတယ်လေ… လိုရောလိုချင်လို့ လား… ဟုတ်လား… ဂရုစိုက်ခံချင်ကြတာ လူ့ သဘာဝပဲ မဟုတ်လား… နင့်မို့ ပြောတာပါ ငါ့ကို အမြဲဂရုစိုက်တတ်တဲ့ သူငယ်ချင်းရယ်…
အဖေရဲ့စည်းကမ်းတွေကြားထဲမှာ လွတ်လပ်မှုကို ဆာလောင်တဲ့ငါက ကိုယ့်ခြေထောက်ကိုယ်ပေါ်များ ရပ်နိုင်ခဲ့တဲ့နေ့ ကျရင်လို့ … ကြိုတင်စီမံကိန်းတွေချခဲ့တာလေ… တကယ်တော့ ဘ၀ဆိုတာ… လွတ်လပ်မှုကို ရပြန်တော့လဲ ကိုယ့်ကိုကိုယ် ချည်နှောင်မိပြန်တယ်… တခါတခါကျပြန်တော့လဲ ငယ်ငယ်ကလို လသာတဲ့ညတညမှာ အိမ်ရှေ့ ခြံထောင့်က စပယ်ရုံက စပယ်ဖူးလေးတွေကို စိတ်လွတ်ကိုယ်လွတ် ရေချင်နေမိတယ်… လဘက်သုတ်တပွဲနဲ့  စာအုပ်ထူထူတအုပ်ကို မေ့လျော့လို့  ဟိုးအဝေးက လွင့်မျောလာတဲ့ ဂီတာသံလေးကို နားထောင်ရင်း အိပ်ပျော်သွားတဲ့ညတွေ ပြန်လိုချင်တယ်… ပြီးတော့ ဆောင်းမနက်တွေမှာ အေးမြလတ်ဆတ်တဲ့လေကို ရှူရင်း စွယ်တော်ပင်တွေကြားထဲ ပျောက်ကျသွားခဲ့တဲ့ ရင်ခုန်သံတွေကို ပြန်ရှာချင်တယ်… မပြုံးနဲ့ ဟာ… ရူးရတာပျော်စရာပါ…
ဟုတ်တယ်… ငါနေချင်တဲ့ မြို့ ကလေးက မြန်မာရနံ့ တွေသင်းနေခဲ့ဖူးတဲ့ မန္တလေး… ငါငယ်ငယ်က ခဏခဏနင့်ကိုပြောဖူးခဲ့တယ်နော်… စိတ်ကူးနဲ့ ဘ၀ ကမောက်ကမဖြစ်လိုက်ပုံများ… ငါနေနေရတဲ့မြို့ က အတ္တရနံ့ တွေ သင်းနေတဲ့ သူစိမ်းတွေနေတဲ့မြို့ … ဒီလိုပါပဲဟာ… ငါချစ်တဲ့မန္တလေးမြို့ လေးလဲ မြန်မာရနံ့ တွေသင်းရာက ကင်းသထက်ကင်းလာတော့လဲ… ကြိုတင်မှန်းဆ တွက်ချက်လို့ မရတဲ့ အရာတွေကလဲ အများသားဆိုတော့… သူဖြစ်ချင်သလို ဖြစ်နေတာတွေထဲ နေသားကျဖို့ ပဲ လိုတာ မဟုတ်လား… သေချာတာကတော့ အချိန်တန်ရင် င့ါအိမ်ကို ငါပြန်ဖြစ်အောင် ပြန်မှာပါ…
ငါငယ်ငယ်က ဒုက္ခရောက်သူတွေကြား ပြေးရင်းလွှားရင်း သတင်းအမှန်တွေ ရယူတတ်တဲ့ သတင်းထောက် တယောက်ဖြစ်ချင်ခဲ့တာ… လူဆိုတာ ကြီးလေအနှောင်အဖွဲ့ များလေ ပိုကြောက်လေ ထင်ပါရဲ့ဟာ… ခုကျတော့ သိပ်ကြောက်တတ်လာတဲ့ငါ ဘာလို့ များ ငယ်ငယ်က အဲဒီအလုပ်လုပ်ချင်ပါလိမ့်လို့  ကိုယ့်ကိုကိုယ်တွေးမိသေးတာ… အမေကတော့ ငါ့ကို အမြဲပြောတယ်… ညည်းငယ်ငယ်က ကြောက်တတ်တဲ့အရာတွေ အသားကုန်ကြောက်ပြီး မကြောက်တတ်ပြန်တော့လဲ လွန်လွန်းတယ်တဲ့… အေးလေ… ဟုတ်ပါရဲ့… တခါတလေ ငါအစွန်းရောက်ချက်က ပြုတ်ကျတော့ မတတ်ပဲ… ငါ့ရည်ရွယ်ချက်တွေ တည်ငြိမ်သွားတော့ ကျောင်းစွဲကြီးတဲ့ငါ ကျောင်းကြီးမှာပဲ မျိုးဆက်သစ်လေးတွေ မွေးထုတ်ပေးတဲ့ ဆရာမလုပ်ချင်ပြန်ရော… ငါ သတင်းထောက်လဲ မဖြစ်ခဲ့… ဆရာမလဲ မဖြစ်ခဲ့ပါလေ…. ရည်ရွယ်ချက်တွေက အသက်အရွယ်နဲ့ လိုက်ပြီး ပြောင်းလဲတတ်သလား… ခု ငါအာသီသပြင်းနေတာက တို့ တိုင်းပြည်က လိုအပ်နေသူတွေဆီ အရောက်သွားပြီး volunteer လုပ်ဖို့ … ဒီတခါရော ငါ့ရည်ရွယ်ချက်တွေ ပြည့်မလား… ဟုတ်လား… မမေးပါနဲ့ ဟာ… ဆန္ဒနဲ့ ဘ၀ကရော… ရှေ့ သွားနောက်လိုက် ညီတတ်သလား… မှုန်ဝါးဝါးပါပဲ…
တပင်… နှစ်ပင်… ငါးပင်… ဆယ်ပင်… တော်ပြီ… မရေနဲ့ တော့… ငါ့မှာ ဆံပင်ဖြူတွေက များသထက်များလာတာ… ပြီးတော့ မလိုတဲ့အသားတွေ များသထက်များလာတာ… ပျော်သလား… ဟုတ်လား.. နင်မို့ ပေါက်ပေါက်ရှာရှာမေးတတ်တယ်… ဟုတ်ပါတယ်.. ငယ်ငယ်က မလောက်လေး မလောက်စား ကလေးဆန်လွန်းတဲ့ငါ့ရုပ်ကို ငါက သိပ်ရင့်ချင်တာ… လူကြီးပုံလေးဖြစ်ချင်တာ… နင်မှတ်မိနေတယ်နော်… ဇရာဆိုတာ မဖိတ်ခေါ်လဲ ရောက်လာမှာပဲမို့  သိပ်ကြီးတော့ မတုန်လှုပ်ပေမယ့် ပျော်ပျော်ပါးပါးကြီးတော့ မကြိုဆိုချင်တာ အမှန်ပဲ… ဟိုမရောက်ဒီမရောက်ငါက ဆံပင်ဖြူတွေကို တမင်မေ့ထားပြီး ခုထိ အချစ်ဝတ္ထု...အချစ်ရုပ်ရှင်… အချစ်သီချင်းလေးတွေကို ရင်ခုန်နေတုန်းလေ…
သူငယ်ချင်းရေ… ငယ်ဘ၀နဲ့ လက်ရှိဘ၀ ဟိုခုန် ဒီကူးရင်း အဲဒီလို ရောက်တတ်ရာရာတွေ မပြောဖြစ်တာ အတော်ကြာပြီနော်… တို့ ငယ်ငယ်က စာတပုဒ်အကြောင်း ဆွေးနွေးရင်းက အတန်းထဲက ကောင်မလေးအကြောင်းရောက်… အဲဒီကနေ လောကကြီးကို အရွဲ့ တိုက်တတ်တဲ့ ဆရာတယောက် အကြောင်းရောက်.. အဲဒီကနေ ဆွဲဆောင်မှုရှိလွန်းတဲ့ ငါတို့ ကြိုက်တဲ့ မင်းသားအကြောင်းရောက်… ပြီးတော့ မိကောက်ရဲ့ကဗျာတပုဒ်အကြောင်းရောက်… နဲ့  စာတပုဒ်မပြီးခဲ့တဲ့ ညတွေလိုပေါ့နော်… ဘာပဲဖြစ်ဖြစ် ရောက်တတ်ရာရာတွေပြောဖို့  ငါ့မှာ နင်ရှိနေတာကိုက ဘ၀ရဲ့ ကျေနပ်စရာတခုပဲမိုလား…
တန်ခူး
4:44pm 11-Mar-2014
ပုံကို အင်တာနက်မှ ယူပါသည်။
ဒီနေ့ မနက် ရေဒီယိုနားထောင်တော့ ဒဏ်ငွေတွေ အများကြီး သတ်မှတ်ထားတဲ့အထဲကကို ထင်သလို အမှိုက်ပစ်တာကို ဘယ်လိုများ ကာကွယ်နိုင်မလဲဆိုတာ ဆွေးနွေးကြတာ နားထောင်ရပါတယ်…။ အဲဒီထဲမှာ တယောက်က တကယ်လို့ သင်နဲ့ ခင်နေတဲ့ သင့်အိမ်နီးချင်းက အမှိုက်ပစ်နေတာတွေ့ ရင် သင်သက်ဆိုင်ရာကို တိုင်မလားဆိုတဲ့ မေးခွန်းမေးလာပါတယ်…။ သက်ဆိုင်ရာကို တိုင်တာ ဘယ်သူတိုင်လဲဆိုတာ သိသွားရင် အိမ်နီးချင်း အချင်းချင်း မိတ်ပျက်စေတာမို့  သူအမှိုက်ပစ်တာကို ကင်မရာလေးနဲ့  မသိအောင် မှတ်တမ်းတင်ပြီးမှ အမည်မဖော်လိုသူအနေနဲ့  တိုင်မယ်ဆိုတာလေးကို တယောက်က ပြောသွားပါတယ်…။ ခုခေတ်နည်းပညာတွေ တိုးတက်လာတာနဲ့  အမျှ ခလုတ်ကလေး တချက်နှိပ်လိုက်တာနဲ့  ကိုယ့်ရဲ့မကောင်းမှုတွေက ကမ္ဘာကြီးဆီကို ရောက်သွားနိုင်တယ်ဆိုတာ လူတွေ သတိထားဖို့ လိုပါတယ်…။ အမှိုက်ပစ်တယ်ဆိုတာ မကောင်းမှုကျူးလွန်တဲ့အထဲမှာ အနိမ့်ဆုံး အဆင့်လို့ ပြောလို့ ရပေမယ့် ဒီလိုမကောင်းမှုလေးတောင် လူတွေက နည်းပညာသုံးပြီး ကာကွယ်ဖို့  ကြိုးစားနေတဲ့ခေတ်မို့  နည်းပညာတွေ တိုးတက်လာတာနဲ့ အမျှ ဆိတ်ကွယ်ရာဆိုတာ မရှိသလောက် ပါးလျလာတာကို တွေးမိသွားပါတယ်…။
ဟိုတနေ့ က သားကျောင်းကို ကိစ္စတခုရှိလို့ သွားတော့ ကျောင်းရုံးခန်းထဲမှာ ထိုင်နေတုန်း ကျောင်းအမှုထမ်း တယောက်က ကလေးတွေကို ဆက်ဆံနေတာ အရမ်းရိုင်းပြတာကို တွေ့ ခဲ့ရပါတယ်…။ မူလတန်းကျောင်းက ၀န်ထမ်းတယောက်အနေနဲ့  ငယ်ရွယ်နုနယ်တဲ့ မူလတန်းကလေးတွေကို အဲလို ကြမ်းတမ်းရိုင်းပြစွာ ဆက်ဆံတာ လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး…။ လက်ထဲက လက်ကိုင်ဖုန်းကို ခလုတ်နှိပ်ပြီး record လုပ်မယ်အလုပ်မှာ သားဆရာမရောက်လာတာကြောင့် မလုပ်ဖြစ်ခဲ့ပါဘူး…။ မိဘတွေ ဆိတ်ကွယ်ရာမှာ ကလေးတွေကို ရိုင်းပြစွာ ဆက်ဆံတဲ့ ၀န်ထမ်းကို နောက်များကြုံရင် ကျွန်မနည်းပညာနဲ့  ပညာပေးဖို့  ၀န်လေးမှာ မဟုတ်ပါဘူး။
ဆိုခဲစေ မြဲစေတဲ့…။ ကိုယ်ပြောလိုက်တဲ့ စကားတခွန်း လေထဲမှာ မပျောက်သွားတဲ့ ခေတ်ပါ…။ ကိုယ့်လက်အောက်ငယ်သားကိုပဲဖြစ်ဖြစ် ကိုယ့်ထက် နိမ့်ကျတဲ့သူကိုပဲ ဖြစ်ဖြစ် လက်လွတ်စပယ် ကိုယ်ချင်းစာတရားမဲ့စွာ ပြောဆိုပစ်လိုက်တာမျိုးက ဟိုးအရင် နည်းပညာတွေ မတိုးတက်တုန်းက ရပေမယ့် ဒီဘက်ခေတ်မှာတော့ မရတော့ပါဘူး…။ ကိုယ်ပြောလိုက်တဲ့ စကားတခွန်းက ကိုယ့်မှာ တာဝန်ရှိတယ်ဆိုတာ အတော်လေး သတိထားရမယ့်ခေတ်ပါ…။ လူတိုင်းလူတိုင်းမှာ နှလုံးသားရှိတာမို့  သူတို့ နာကျင်တာနဲ့ အမျှ နာကျင်မှုကို လူတိုင်းသိအောင် နည်းပညာလက်နက်နဲ့  ထုတ်ပြလို့ ရနေပါပြီ…။ နည်းပညာကြောင့် တဖက်စောင်းနင်းဆိုတာမျိုးတွေ ရှားပါးလာမှာ အမှန်ပါပဲ…။
အိမ်မှာ အိမ်အကူနဲ့ ထားခဲ့ရတဲ့ ကလေးလေးကို အိမ်အကူက မိဘတွေ ဆိတ်ကွယ်ရာမှာ နှိပ်စက်တာကို ဖွက်ထားတဲ့ ကင်မရာလေးနဲ့  ရိုက်ထားတဲ့ ဗွီဒီယိုဖိုင်ကို ကျွန်မကြည့်ရတော့ မျက်ရည်ကျမိပါတယ်…။ မူကြိုကလေးကို ပက်ပက်စက်စက် နှိပ်စက်တဲ့ဆရာမရဲ့လုပ်ရပ် ဗွီဒီယိုဖိုင်ကလဲ မိခင်ဖြစ်တဲ့ ကျွန်မနှလုံးသားတွေကို ဆုတ်ခြေနေသလို နာကျင်လွန်းလှပါတယ်…။ လူအိုရုံက မသန်မစွမ်းတော့တဲ့ အမယ်အိုကြီးကို သူနာပြုမက ကြမ်းကြမ်းတမ်းတမ်း လုပ်ကိုင်ပြီး ကုတင်ပေါ် ၀ုန်းကနဲ ပစ်ချတဲ့အခါ အမယ်အိုရဲ့ညည်းသံကို ကြားရတော့ ကျွန်မမိဘချင်း ကိုယ်ချင်းစာနာပြီး ရင်ထဲမှာ စူးရှနာကျင်မိပါတယ်…။ အလုပ်သွားနေတယ်လို့  အိမ်ကထွက်သွားတာကို ယုံကြည်နေတဲ့ ရိုးသားလွန်းတဲ့ မိန်းမက သူ့ သူငယ်ချင်းရဲ့ ကင်မရာထဲမှတ်တမ်းတင်ထားတဲ့ သူ့ ယောင်္ကျားနဲ့ နောက်သူ့ သူငယ်ချင်းတယောက် တိတ်တိတ်ပုန်းဖောက်ပြန်တဲ့ ဓာတ်ပုံတွေ တွေ့ လိုက်ရတဲ့ အခါ ယုံကြည်မှုတွေ အငွေ့ ပျံယူကျုံးမရဖြစ်တာတွေ့ ပြီး ကျွန်မ နှုတ်ခမ်းတွေ ပြတ်လုပ်မတတ် ဖိကိုက်နာကျင်ခဲ့ဖူးပါတယ်…။ ကလေးလေးကို ကားနဲ့ မတော်တဆ တိုက်မိရာက မသေမရှင်ဆို သက်သေဖြစ် လျော်နေရမှာ ကြောက်လို့  မသေမချင်း အသေတိုက်သတ်တဲ့  မြင်ကွင်းကို အတွေ့ …. လူမဆန်တဲ့ အဲဒီလုပ်ရပ်ကို လုပ်ခဲ့သူတွေ ဘယ်လို လုပ်ခဲ့ကြသလဲတော့ မသိ… ကျွန်မတော့ မကြည့်ရဲလို့  မျက်လုံးတွေ ပိတ်ပစ်ရတဲ့ အထိပါပဲ…။ အဲဒါတွေ တကယ်ဖြစ်ခဲ့တာ… အဲဒီမကောင်းမှုတွေကို သူတို့ က ဆိတ်ကွယ်ရာ ထင်ပြီး အသေအချာကြီးကို ကျူးလွန်ခဲ့ကြတာ…။ တိုးတက်လာတဲ့ နည်းပညာကြောင့် သူတို့ ဆိတ်ကွယ်ရာကနေ တကမ္ဘာလုံး မြင်နိုင်တဲ့ အခြေအနေမျိုးကို လျင်လျင်မြန်မြန်ကို ရောက်လာတာ…။ကိုယ်ပြုသောကံ ကိုယ့်ထံပြန်လာတာ နောင်ဘ၀တောင် မစောင့်ဘူး… ဒီဘ၀တင်ပါ…။
ကိုယ်ချင်းစာတရားတွေ ပါးရှားလာတဲ့ ခေတ်ကြီးမှာ လူတွေက ကိုယ့်အတ္တအတွက် သူများကို ချနင်းဖို့  ၀န်မလေးကြတော့ဘူး…။ မတရားတာကို မတရားမှန်းသိလျက်နဲ့  မြိန်ရေလျက်ရေ ကျုးလွန်လာကြတယ်…။ ကျွန်မတို့ ငယ်ငယ်က အရက်ကို ပုန်းလျိုး ကွက်လျိုး သောက်ကြလို့  အရက်ပုန်းဆိုင်လို့ တောင် နာမည်တွင်တာ ကြားဘူးတယ်…။ ခုခေတ်မှာ အရက်ပုန်းဆိုင်ဆိုတာ ဘယ်လိုမျိုးလဲလို့  မေးရအောင် ရပ်ကွက်တိုင်း လမ်းတိုင်းမှာ အရက်ဆိုင်တွေ လက်ညှိးထိုးမလွဲ…။ စပွန်ဆာဆိုတာ ခေတ်စားလာတဲ့ ဒီဘက်ခေတ်ကြီးမှာ ငွေအတွက် သာယာမှုအတွက် ကိုယ့်တန်ဖိုးကို ကိုယ်ကိုယ်တိုင် ခြေထောက်နဲ့ နင်းခြေပစ်လိုက်ကြတဲ့ မိန်းခလေးတွေကလဲ များများလာတယ်…။ အရက်ဆိုင်ကို ဆိတ်ကွယ်ရာလို့ ထင်ကြတယ်… နိုက်ကလပ်ကို ဆိတ်ကွယ်ရာလို့  ထင်ကြတယ်… အင်တာနက်ကို ဆိတ်ကွယ်ရာလို့  ထင်ကြတယ်…။ အဲဒီ ဖောက်ပြန်မှုတွေ ပျော်ပျော်ကြီး ကျင်းပရာ ဆိတ်ကွယ်ရာတွေဟာ နည်းပညာရဲ့ ကျေးဇူးကြောင့် သူတို့ ကိုယ်ကျင့်သိက္ခာတွေကို လှလှကြီးသတ်ပြနိုင်တဲ့ သတ်ကွင်းတွေပါ…။
တကယ်တော့ မကောင်းမှုဆိုတာ ဆိပ်ကွယ်ရာမှာတောင် မကျူးလွန်သင့်ဘူး ဆိုတာ အရွယ်ရောက်တဲ့ သူတိုင်း နားလည်ပြီးသား အခြေခံကျင့်ဝတ်ပါ…။ ကိုယ်ကျင့်တရားပျက်ပြားမှုနဲ့ ယဉ်ပါးလာကြတဲ့ ဒီခေတ်ကြီးမှာ အဲဒီအခြေခံလူ့ ကျင့်ဝတ်ကို တမင်မေ့ထားတဲ့ သူတွေအတွက် နည်းပညာဆိုတဲ့ ပညာပေးလက်နက်တခု ပေါ်လာတာ ကျွန်မဖြင့် ၀မ်းသာလို့  မဆုံးပါဘူး…။
လူတိုင်းလူတိုင်း ကိုယ်ချင်းစာတရား မေတ္တာတရား လက်ကိုင်ထားနိုင်ကြပါစေ…။
တန်ခူး
19-Feb-2013 12:56pm

မနေ့ က မကြည့်တာကြာတဲ့ 27 Dresses ရုပ်ရှင်ကားလေး ပြန်ကြည့်ဖြစ်တယ်…။ ရုပ်ရှင်ဆို အဲဒီလို ချစ်စရာကောင်းတဲ့ ဇာတ်ကားနုနုလေးတွေသာ ရွေးကြည့်တတ်တဲ့ကိုယ်က ကိုယ်ကြိုက်တဲ့ကားလေးတွေဆို အလွတ်တောင် ရနေတတ်တာ…။ မင်္ဂလာပွဲတွေကို ငယ်ငယ်ကတည်းက ချစ်တတ်တဲ့ ကောင်မလေး… သတို့ သမီးအရံ ၂၇ခါတောင် လုပ်ခဲ့တဲ့ ကောင်မလေးတယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပေါ့…။ ကိုယ်တို့ ဆီမှာတော့ အရံ၃ခါလုပ်ရင် လူပျိုကြီး အပျိုကြီးဖြစ်တတ်တယ်လို့  ပြောကြတာ ကြားဖူးတယ်…။ လူ့ ဘ၀ရဲ့ အကြည်နူးဆုံးအချိန်လို့  ပြောလို့ ရတဲ့ မင်္ဂလာပွဲလေးတွေကို ကိုယ်လဲ ချစ်တယ်…။ အလှဆုံးပြင်ထားတဲ့နတ်သမီးလေးလို သတို့ သမီးလေးတွေကလဲ ကြည့်လို့ မ၀…။ နတ်သမီးလေးဘေးကနေ နတ်သမီးမျက်တောင်တခတ်တောင် အလွတ်မပေးပဲ မြတ်မြတ်နိုးနိုးကြည့်နေတတ်တဲ့ သတို့ သားမျက်ဝန်းတွေလဲ အနူးညံ့ဆုံးအချိန်…။ သတို့ သမီးအရံလေးတွေကလဲ လန်းဆန်းလတ်ဆတ်ပြီး ချစ်စရာ…။ ရောင်စုံပန်းလေးတွေနဲ့ အခင်းအကျင်း… လာသမျှဧည့်သည်တွေကလဲ အရောင်အသွေးစုံ ထည်ထည်ဝါ၀ါ…။ ဘယ်လောက်များ ကြည်နူးစရာကောင်းတဲ့ အချိန်ကာလလေးလဲ…။ ဒါကြောင့် သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေ မင်္ဂလာဆောင်ဖိတ်ရင် ကိုယ်က သွားဖို့ အမြဲတက်ကြွနေတတ်တာ…။
အဲဒီလို မင်္ဂလာဆောင်လေးတွေချစ်တတ်တဲ့ ကိုယ့်ဘ၀မှာ မှတ်မှတ်ရရ တခါပဲ သတို့ သမီးအရံလုပ်ခဲ့ဖူးပါတယ်…။ မင်္ဂလာဆောင်မှာ ပန်းကြဲ၊ ဗန်းကိုင်၊ သတို့ သမီးအရံ အဲဒီလိုလုပ်ဖို့  လာကမ်းလှမ်းတိုင်း ကိုယ်အိမ်ထောင်ပြုမှာ ကြောက်တဲ့အဖေက ကိုယ်အားကျသွားမှာကြောက်လို့  အမြဲတမ်း ငြင်းလွှတ်တတ်ပါတယ်…။ ကိုယ့်အချစ်ဆုံးသူငယ်ချင်းလဲဖြစ် အဲဒီအချိန်ကိုယ်ကိုတိုင်လဲ ဘွဲ့ ရပြီး အဖေသိပ်စိတ်မပူတော့တဲ့အချိန်… ပြီးတော့ မိဘချင်းပါ ရင်းနှီးတော့ ပေါက် မင်္ဂလာဆောင်မှာ ကိုယ့်ကို အရံလုပ်ဖို့  အဖေခွင့်ပြုခဲ့ပါတယ်…။ အဖေ့ခွင့်ပြုချက်ရတော့ ပျော်လိုက်တာ…။ ကိုယ့်အချစ်ဆုံးသူငယ်ချင်းရဲ့ အပျော်ရွင်ဆုံးပွဲမှာ ကိုယ်လဲ ပါဝင်ခွင့်ရတာမိုလား….။ နောက်တခုက ကိုယ်နဲ့ အတူ အရံလုပ်မှာကလဲ ကိုယ့်ချစ်သူငယ်ချင်းဆိုတော့ ဘယ်လောက်ပျော်စရာကောင်းလိုက်သလဲနော်…။ ကိုယ်နဲ့ အရံအတူလုပ်တာက နာမည်ကြီးblogger စုချစ်သူပါ…။ သတို့ သားအရံတွေကတော့ တယောက်က သတို့ သားရဲ့ ကျောင်းနေဖက် သူငယ်ချင်း နောင် နာမည်ကြီး blogger ပန်ဒိုရာရဲ့ ခင်ပွန်း ပန်ဒိုရီဖြစ်လာမယ့်သူဖြစ်ပြီး နောက်တယောက်ကတော့ သတို့ သမီးရဲ့မောင်လေးပါ…။
အဲဒီနေ့ က မိတ်ကပ်ပြင်ဖို့ အတွက် အစောကြီး မင်္ဂလာပွဲရှိရာသွားရပါတယ်…။ မိတ်ကပ်စိုးစိုးက သတို့ သမီးလေးကို ယမင်းရုပ်လေးနဲ့ တူအောင် ပြင်ပေးနေတုန်း ကိုယ်တို့ အရံ၂ယောက်ကိုလဲ သူ့ တပည့်တွေက ပြင်ပေးကြပါတယ်…။ သတို့ သမီးပေါက်က စိုးစိုးမိတ်ကပ်နဲ့ အရမ်းလိုက်ဖက်ပြီး သူ့ နဂိုအလှလေးက ပိုပြီးထင်းသွားတာ ဘွဲ့ ယူတုန်းကတည်းကပါ…။ ဘွဲ့ ယူတုန်းက မိတ်ကပ်လိမ်းတဲ့လူတွေနဲ့ လဲ အတွေ့ အကြုံက သိပ်မရှိ… အဲဒီခေတ်က ဟေမာ့မျက်နှာလှလှလေးကြောင့် စိုးစိုးနာမည်ကြီးနေတဲ့အချိန်လဲဖြစ်… ပြီးတော့ ပေါက်ကိုလိမ်းပေးတာလဲလှဆိုတော့ ကိုယ်လဲပေါက်နဲ့ အတူ စိုးစိုးနဲ့ ပြင်ခဲ့ဖူးပါတယ်…။ ဒါပေမယ့် ထွက်လာတဲ့ရုပ်ကိုကြည့်ပြီး နောက်ဘယ်တော့မှ စိုးစိုးနဲ့ မပြင်တော့ဘူးလို့  ဆုံးဖြတ်မိခဲ့ပါတယ်…။ ကိုယ့်မျက်နှာနဲ့ ဘယ်လိုမှ မလိုက်ဖက်လို့ ပါ…။ ခုအရံမှာ စိုးစိုးနဲ့ ပြန်တွေ့ ရမယ်ဆိုတော့ နဲနဲတော့ စိုးရိမ်မိပါတယ်…။ ဒါပေမယ့် စိုးစိုးက အရံတွေကို အဓိကမလိမ်းပဲ သူ့ တပည့်တွေလိမ်းတာမို့ ကိုယ့်ရုပ်က စိုးရိမ်သလောက်မဟုတ်ပဲ ကြည့်ပျော်ရှုပျော်ရှိသွားလို့ တော်သေးရဲ့လို့ ဟင်းချနိုင်ပါတယ်…။ သတို့ သမီးဝတ်တဲ့ သခွါးမသီးနဲ့ ပုဇွန်ဆီရောင်လေးကြားက အရောင်နဲ့ လိုက်ဖက်အောင် ကိုယ်တို့ အရံ ၂ယောက်အတွက် ရွှေအိုရောင်ဝမ်းဆက်လေးတွေ ဆင်ပေးပါတယ်…။ ၂ယောက်လုံးကို ဆံထုံးမြင့်မြင့်လေးတွေ ထုံးပေးပြီး သစ်ခွပန်းလေးတွေ ဝေနေအောင် ပန်လိုက်တော့ ဆင်တူဖြစ်နေတဲ့ ကိုယ်တို့ အရံ၂ယောက် သင်္ကြန်ယိမ်းတောင် ကချင်သွားပါတယ်…။ စိုးစိုးရဲ့ အနုပညာလက် ခပ်သွက်သွက်နဲ့  ပြင်ဆင်အပြီးမှာ ကိုယ်တို့ ရဲ့ သတို့ သမီးလေးက နတ်မိမယ်လေးလား ထင်ရောင်မှားအောင် အလှဆုံးဖြစ်လို့ နေတော့တယ်…။ နဂိုက အရပ်ခပ်မြင့်မြင့်နဲ့  ကိုယ်လုံးကိုယ်ပေါက်လှလှလေးကလဲ သတို့ သမီး ၀တ်စုံလေးနဲ့  အရမ်းကို လိုက်ဖက်ပြီး ပြီးပြည့်စုံအောင် လှနေတာမို့  ခေါင်းပေါင်းစတထောင်ထောင်နဲ့ သတို့ သားက ကြည့်မ၀ဖြစ်လို့ နေပါတယ်…။
အထက်မှာပြောခဲ့သလို အရံဆိုတခါမှ မလုပ်ဖူးတဲ့ ကိုယ့်အတွက်တော့ ရွှေအိုရောင် ခပ်တောင့်တောင့် ၀တ်စုံကြားမှာ ယားကျိကျိခံစားရသလို… ဒီလောက်လူအများကြီးကြည့်နေကျတဲ့ပွဲမှာ အမှားအယွင်း တခုခုဖြစ်မှာလဲ စိုးရိမ်စိတ်နဲ့  ကိုယ့်မျက်နှာက တကယ့်မအီမသာဖြစ်နေမှာ သေချာပါတယ်…။ လက်ဝတ်ရတနာ သိပ်ဝါသနာမပါတဲ့ ကိုယ့်အတွက် အမေ့ဆီက ငှားဝတ်လာတဲ့ လက်ဝတ်ရတနာတွေကလဲ ကျများပျောက်သွားခဲ့ရင်ဆိုတဲ့ စိုးရိမ်စိတ်ကတဘက်…။ မဖြစ်သေးပါဘူး…။ အဲဒီစိတ်တွေမေ့… သတို့ သမီးလေးနောက်က ခပ်ပြုံးပြုံးလေးလိုက်လို့  ကိုယ့်ကိုကိုယ် သတိပေးရပါတယ်…။ ပွဲထွက်ခါနီး ကိုယ်တို့ သူငယ်ချင်း သတို့ သမီးအသစ်စက်စက်လေးက အခမ်းအနားမှူးကို “အန်ကယ်… လက်ကိုင်ရမှာလား” လို့  ထ မေးလိုက်တော့ အားလုံး စိတ်လက်ပေါ့ပါးပြီး ရယ်မောနိုင်ကြပါတယ်…။ သတို့ သားအရံပန်ဒိုရီက သတို့ သားကို “ညံ့ပါ့ကွာ” လို့ ကောင်းချီးပေးတော့ ကိုယ်တွေ့ တွေ ပွဲတက်ဝတ်စုံလေးလေးတွေကြားမှာ တဟားဟားရယ်ဖြစ်ကြပါတယ်…။
အခါတော်ပေးတဲ့အခါ ရှေ့ ကခပ်ရွရွလေးလှမ်းနေတဲ့ ချစ်စရာသတို့ သမီးလေး သူငယ်ချင်းပေါက်ကို နှမျောပြီး မျက်ရည်က ၀ဲချင်တင်တင်ဖြစ်နေတုန်း… ကိုယ်တို့ အရံ၂ယောက်ကို ပြုံးဖြီးဖြီးကြီးတွေ ကြည့်နေကြတဲ့ အတန်းထဲက သူငယ်ချင်းတွေအတွေ့  ခွီးကနဲမရယ်မိအောင် သတိထားရပါတယ်…။ သူတို့ ရုပ်ကြီးတွေကြောင့် ငါ့ဆံထုံးများစောင်းနေသလား… ဒါမှမဟုတ် အမြဲမျက်ခုံးမရိတ်တတ်တဲ့ကိုယ့်ကို ခုနက နဲနဲလေးအဖျားလေးကြည့်ကောင်းအောင် ရိတ်လိုက်မယ်နော်ဆိုတဲ့ မာမီ့လက်ချက်ကြောင့် မျက်ခုံးမွှေးများစောင်းနေသလား… ကိုယ့်ကြောကိုယ်မလုံဖြစ်ရပါတယ်… ကိုယ့်သူငယ်ချင်းစုချစ်လဲ ကိုယ့်လို ခံစားရမယ်ဆိုတာ မပြောလဲသိနေတယ်လေ…။ စင်ပေါ်ရောက်တော့မှ သူငယ်ချင်းစုချစ် နံဘေးထိုင်ရင်း နဲနဲစိတ်သက်သာရာရပါတယ်…။ အမြဲတတွတ်တွက်ပြောနေကျ သူငယ်ချင်းတွေမို့  စင်ပေါ်မှာ ငြိမ်ငြိမ်တောင့်တောင့်လေး ထိုင်ပြီး ပြောချင်တဲ့စကားမှန်သမျှ အောင့်ထားရပါတယ်…။
မင်္ဂလာစကားပြော… မင်္ဂလာပန်းကုံးစွတ်… ကိတ်မုန့် လေးတွေ အပြန်အလှန်ကျွေးနဲ့ … သတို့ သားနဲ့ သတို့ သမီးတို့ ရဲ့ လှုပ်ရှားမှုလေးတွေကို စင်ပေါ်က မြင်ရတွေ့ ရတာမို့ … ဒါအရံလုပ်ရခြင်းရဲ့ တပန်းသာမှုလို့  ကိုယ့်ကိုကိုယ်ကျေနပ်နေတုန်း ပြဿနာက စပါတော့တယ်…။ ကိုယ့်လက်ချောင်းလေးတွေ ကိုယ်ပြန်ကြည့်နေမိတုန်း အမေ့ဆီက ငှားလာတဲ့ လက်စွပ်ဆီ အကြည့်အရောက်မှာ မျက်လုံးတွေပြာသွားပါတယ်…။ ဘုရားရေ… အမေ့လက်စွပ်က စိန်တလုံး ဘယ်နားပြုတ်ခဲ့ပါလိမ့်…။ ခုနက လျှောက်လာတဲ့ လျှောက်လမ်းပေါ်မှာလား… ဒါမှမဟုတ် အလှပြင်ကတည်းကလား… ။ လူက သိပ်မငြိမ်တော့ပဲ ကိုယ့်လုံချည်ကို အသာပွတ်ပြီး ရှာမိတယ်…။ စင်ပေါ်မှာ မသိမသာ ဟိုကြည့်ဒီကြည့်ပေါ့…။ တကယ်တော့ လက်စွပ်က စိန်သေးသေးလေးတွေစီပြီး ဘဲဥပုံအ၀ိုင်းလုပ်ထားတာပါ…။ အဲဒီစိန်သေးသေးလေးတလုံး ကျပျောက်တာ ဘယ်လိုရှာလို့ လွယ်ပါ့မလဲ…။ စိတ်လျော့လျော့… ကိုယ့်စိတ်ကို အားပေးနေရင်း… မဖြစ်ဘူး… ရှာကိုရှာရမယ်.. နိုမို့ အမေဆူမှာပေါ့… တဘက်က စိတ်က တမျိုးပေါ်လာပြန်…။ ငါ့နဲ့ ဒါကြောင့် အဲဒီလက်ဝတ်လက်စားတွေ မုန်းတာပေါ့… လှတာကနဲနဲ ရှုပ်တာကများများ… လွတ်လွတ်လပ်လပ်ကိုမရှိဘူး…။ အတွေးတွေနဲ့ ယောက်ယပ်ခပ်နေတုန်း စင်ပေါ်က ဆင်းရပါတယ်…။ သတို့ သမီးသတို့ သားတို့ ဧည့်သည်တွေ တ၀ိုင်းချင်းနှုတ်ဆက်နေတုန်း ကိုယ့်မျက်လုံးတွေက စိန်မွစိနောက်တောက်ကို ကျီးကန်းတောက်မှောက်ရှာနေမိတယ်…။
အဲဒီနောက်လှုပ်ရှားမှုတွေက ဘာတွေဖြစ်လို့ ဖြစ်သွားမှန်းကို မသိတော့အောင် လက်စွပ်က ကိုယ့်ကို ဒုက္ခအတော်ပေးပါတယ်…။ သတို့ သားသတို့ သမီးနဲ့ ဓာတ်ပုံတွေရိုက်… သူငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက်.. ကိုယ့်တို့ အရံ၂ယောက်ကို လှောင်နေကြတဲ့သူငယ်ချင်းတွေတောင် သိပ်ရန်ပြန်မထောင်နိုင်…။ နောက်ဆုံးဧည့်သည်ကုန်မှ ရှာရပါတော့တယ်…။ အဲဒီစိန်မွစိလေးကို ပြန်တွေ့ နိုင်ဖို့ ဆိုတာ အတော်ခက်ခဲမှာ သိရက်နဲ့  ချစ်သူငယ်ချင်းစုချစ်နဲ့ သတို့ သားအရံ၂ယောက်ပါ ၀ိုင်းရှာပေးကြပါတယ်…။ ပေါက်အန်တီတချို့ လဲ ၀ိုင်းရှာကြတယ်…။ တွေ့ မယ်လို့ မထင်တော့ … စိတ်လျော့လိုက်ရပါတယ်…။ ကိုယ်အဖြစ်ကို ချစ်သူငယ်ချင်းပေါက်ကတော့ သိရှာမှာမဟုတ်…။ ပေါက်တို့ အိမ်လိုက်… ဆွေမျိုးတွေနဲ့ အတူ ရွှေကြိုးတားနဲ့  သူငယ်ချင်းပေါက်အပျော်တွေပါကူးစက်ပြီး လက်စွပ်ကိစ္စလုံးလုံးကြီး မေ့သွားပါတော့တယ်…။
အိမ်ရောက်တော့ စိန်တလုံးဟောင်းလောင်းနဲ့  အမေ့လက်စွပ်ပြန်ပေးရင်း ဖြစ်ကြောင်းရယ် ကုန်စင်ပြောပြတော့ အမေက အတော်စိတ်မကောင်းဖြစ်သွားပါတယ်…။ သမီးရယ်.. အဲဒီစိန်သေးသေးလေးက ဘယ်လောက်မှ တန်ဖိုးမရှိပါဘူး… ငါ့သမီးမယ် တော်တော် စိတ်ပင်ပန်းသွားတာပဲ ဆိုမှ ဟင်းချနိုင်ပါတော့တယ်… အော်… ငါ့နဲ့  လက်ဝတ်ရတနာတွေနဲ့  ဝေးပုံများ တုံးပုံများလို့ ကိုယ့်ကိုကိုယ် တွေးမိပါတယ်…။ အရံလေးရှားရှားပါးပါး တခါလုပ်ပါတယ်… စိန်တလုံးနဲ့ ပြည့်ပြည့်၀၀ မပျော်နိုင်တာ တွေးမိတိုင်း ပြုံးမိပါတယ်…။
ဘာပဲဖြစ်ဖြစ် ဘ၀မှာ တခါပဲ သတို့ သမီးအရံလုပ်ဖြစ်တဲ့ အဲဒီအချိန်လေးကတော့ မှတ်မှတ်ရရပါပဲ…။ သူများမင်္ဂလာဆောင်တွေမှာ လွတ်လပ်ပေါ့ပါးတဲ့ အရံချောချောလေးတွေတွေ့ တိုင်း ရွှေရောင်ဝတ်စုံနဲ့  မအူမလယ် ကိုယ့်ပုံရိပ်ကို ပြန်မြင်ယောင်မိပါတယ်…။ အနောက်တိုင်းစတိုင် မင်္ဂလာဆောင်ကိုပြေးလိုက်… အိန္ဒိယစတိုင် မင်္ဂလာဆောင်ကိုပြေးလိုက်နဲ့  မင်္ဂလာဆောင် ၂ခုကြား ဗျာများနေပေမယ့် အောင်အောင်မြင်မြင်လှလှပပလေး အရံလုပ်ပေးသွားတဲ့ 27 dresses ထဲက မင်းသမီးလေးလို အရံတွေ အခါခါလုပ်ရရင် ဘယ်လိုများနေမလဲလို့  တွေးမိရင်းပြုံးမိပါတော့တယ်…။ စာဖတ်သူတို့ ရော လူပျိုရံ အပျိုရံ ဘယ်နှစ်ခါလုပ်ဖူးကြသလဲဟင်…။
တန်ခူး
9:40pm 27-Jan-2014

ကျွန်မအိမ်ထောင်မကျခင်ကတည်းက ကြည့်မိတဲ့ တချို့ ရုပ်ရှင်ကားတွေမှာ ( အထူးသဖြင့် နိုင်ငံခြားရုပ်ရှင်ကားတွေ) ကလေးတယောက်ကို တခြားကလေးတယောက် သို့ မဟုတ် အုပ်စုလိုက်က ၀ိုင်းအနိုင်ကျင့်တာခံရတာတွေ့ ရင် ကျွန်မရင်ထဲ အတော်လေးနာနာကျင်ကျင် ခံစားမိပါတယ်… ။ အပြစ်တွေ ကင်းစင်သင့်သလောက် ကင်းစင်သင့်နေသေးတဲ့ ဒီကလေးအရွယ်လေးမှာ ဘာကြောင့်များ သူများကို အနိုင်ကျင့်တတ်တဲ့ မကောင်းတဲ့ စိတ်လေးတွေ ရှိတတ်တာလဲဆိုတာ ကျွန်မစဉ်းစားနေတတ်ခဲ့တဲ့အပြင်… ကိုယ့်ကိုကိုယ် မကာကွယ်တတ်တဲ့ သူများ လုပ်သမျှကြိတ်ခံတတ်တဲ့ ကြောက်ရွံ့ အားငယ်တဲ့ ကလေးတွေကိုလဲ စိတ်ထဲအားမလို အားမရနဲ့  အရမ်းသနားမိပါတယ်…။ အဲဒီအချိန်တုန်းက ဒါဟာရုပ်ရှင်ပါလို့  ကိုယ့်ကိုကိုယ် ဖြေတွေးတွေးပြီး နာကျင်မှုကို ဖြေဖျောက်လို့ ရပေမယ့် ကျွန်မမှာ အဲဒီလို သူများအနိုင်ကျင့်တာကို မကာကွယ်တတ် သူများလုပ်သမျှကြိတ်ခံတတ်တဲ့ သားကလေးတယောက်ရှိလာတဲ့အခါ ကျွန်မရဲ့ နာကျင်မှုက အတော်လေးကို ပြင်းထန်လွန်းပါတယ်…။
ကျွန်မငယ်ငယ်က သူများ အနိုင်ကျင့်တာ ခံခဲ့ရဘူးပါတယ်…။ မှတ်မိသလောက် ပြောရရင် ကျွန်မ မူလတန်းကျောင်းသူအရွယ် လသာ(၂)မှာ နေစဉ်က ကျွန်မအတန်းဖော် ၂ယောက်က သူတို့ ကိုယ် သူတို့  မြန်မာနိုင်ငံရဲ့ ပါဝါအကြီးဆုံးသူရဲ့ မြေးလို့  လိမ်ညာပြောပြီး ခြိမ်းခြောက်တာမို့ ကျွန်မရဲ့မုန့် တွေကို သူတို့ ကို ကြောက်ကြောက်နဲ့  ကျွေးခဲ့ရတဲ့ အဖြစ်အပျက်ရယ်… ကျွန်မတို့ လမ်းထဲက ကစားဖော်က ကစားဖော်မဖြစ်ခင် ကျွန်မကို တမင်သက်သက် ပေးမကစားခဲ့တာရယ်… အတူကစားတော့လဲ ရိုးရိုးသားသားမဟုတ်ပဲ ညစ်နည်းမျိုးစုံနဲ့  အနိုင်ရရုံသက်သက် ကစားခဲ့တာရယ်… အဲဒီအဖြစ်အပျက် ၂ခုပဲ သတိရတာမို့  ငယ်ငယ်က ကျွန်မ သိပ်အနိုင်ကျင့် မခံခဲ့ရဘူးလို့  ပြောလို့ ရပါတယ်…။ ပြီးတော့ ကျွန်မရဲ့ နဂိုသဘာဝက မတရားဘူးထင်ရင် နဲနဲလေးမှ သည်းမခံတတ်တာမို့  ကျွန်မမိဘတွေတောင် မသိလိုက်ပဲ ကျွန်မဘာသာ မတရားတဲ့ အနိုင်ကျင့်တဲ့ ကိစ္စတွေကို ဖြေရှင်းလိုက်တာလဲ ပါပါတယ်…။ အဲဒီလို သူများအပေါ် မတရားတဲ့ ကိုယ်ချင်းစာတရားမရှိတဲ့ အနိုင်ကျင့်တတ်တဲ့ သူတွေရဲ့ အနိုင်ကျင့်မှုကို လက်မခံတတ်တဲ့ ဇတ်ဇတ်ကြဲကျွန်မရဲ့သားလေးက အနိုင်ကျင့်တတ်သူတို့ ရဲ့ မျက်စိကျစရာဖြစ်လာတဲ့အခါ ကျွန်မအတော်လေးကို စိတ်မကောင်းဖြစ်မိပါတယ်…။
ကျွန်မကိုယ်တိုင် ပြဿနာတွေကို ဖြေရှင်းပြီး သူငယ်ချင်းတွေ အနိုင်ကျင့်တာ ခံရရင်တောင် ကျွန်မကရှေ့ နေလိုက် ဖြေရှင်းတတ်ပေမယ့် သားကိုယ်တိုင် ကြုံလာရတဲ့အခါ ကျွန်မအတွက် အခက်အခဲတွေ အများကြီးဖြစ်လာရပါတယ်…။ အဲဒါကတော့ သားလေးရဲ့ ရိုးသားလွန်းတဲ့ အတွေးအခေါ်နဲ့  ဘာသာတရားရဲ့ အဆုံးအမကို အလေးအနက်ထားတတ်တဲ့ အကျင့်ကောင်းလေးတွေကို ပျက်စီးမသွားစေချင်တဲ့စိတ်က အရင်းခံတာမို့ ပါ…။ မေတ္တာတရားကို အခြေခံပြီး သည်းခံခွင့်လွှတ်တာဟာ အငြိမ်းချမ်းဆုံးလို့  သားကိုငြိမ်းချမ်းစေချင်တဲ့ ကျွန်မဆုံးမခဲ့ပါတယ်…။ ဒါပေမယ့် သားရဲ့ သည်းခံခွင့်လွှတ်တတ်ခြင်းဟာ အနိုင်ကျင့်သူတို့ အတွက် အကောင်းဆုံး ၀င်ပေါက်ဖြစ်လာတဲ့ အခါ ကျွန်မရင်ထဲ အတော်ခံပြင်းမိပါတယ်…။
သားခမျာ ဟိုးကျောင်းနေစ အရွယ် ကတည်းက သူများအနိုင်ကျင့်တာ ခံခဲ့ရတာ ခုထက်ထိပါပဲ…။ ကျွန်မရင်ထဲ တွေးမိတိုင်း နာကျင်နေမိတဲ့ အဖြစ်အပျက်တွေ…။ သားလေး ဒုတိယတန်းမှာ ကျောင်းကို ကျောင်းကားနဲ့  လွှတ်ခဲ့ပါတယ်…။ ပထမတန်းတုန်းက ကျောင်းကားပေါ်မှာ အဖော်တွေနဲ့ ပျော်ပြီး အဆင်ပြေနေခဲ့တာမို့  ဒုတိယတန်းမှာ ဘယ်လို ပြဿနာမျိုးကိုမှ ကျွန်မမျှော်လင့်မထားခဲ့ပါဘူး...။ ဒုတိယတန်းမှာ သားကျောင်းကားပြောင်းသွားတာမို့ သားကျောင်းကားပေါ်က အဖော်တွေလဲ ပြောင်းသွားပါတယ်…။ အဲဒီကျောင်းကားပေါ်မှာ မလေးကလေး၅ယောက်ရယ် တရုတ်ကလေး ၁ယောက်ရယ် သားရယ်ပါပါတယ်…။ မလေးကလေး ၅ယောက်က သားကို ဘာစကားမှမပြောရလို့  ၀ိုင်းအနိုင်ကျင့်ပါတယ်…။ သားက ကလေးပီပီစကားပြောချင်ရင် သူတို့ က ( I don’t want to hear your voice. Shut up your mouth) ဆို အကုန်ဝိုင်းပြီး လက်ညှိးထိုးအနိုင်ကျင့်ကြပါတယ်…။ သားက သူတို့ စကားနားမထောင်လို့  စကားဆက်ပြောရင် ဒီနေ့ ည နင့်အမေနဲ့ အဖေ ခေါင်းပြတ်တဲ့ အိပ်မက်မက်ပါစေ… ဒီနေ့ ည နင်လက်တွေခြေထောက်တွေပြတ်ပြီး မီးတောင်ထိပ်ရောက်တဲ့ အိပ်မက်မက်ပါစေ… လို့ ကျိန်ဆိုကြပါတယ်…။ ညဘက်တွေ အိပ်ခါနီးမှာ အိပ်ဖို့ ကို သားကကြောက်ပြီး အလန့် တကြားငိုတဲ့အခါ ကျွန်မရော သားအဖေပါ စိတ်ပူပြီး သားကို မေးမှ သားက ဇာတ်လမ်းကို ပြောပြတတ်ပါတယ်…။ အဲဒီအခါ ကျွန်မက သားကို သူတို့ နဲ့ ရှောင်ဖို့  မေတ္တာတရားနဲ့  တုန့် ပြန်ဖို့ သာ အကြံပေးခဲ့ပါတယ်…။ ဒါပေမယ့် နေ့ တဓူဝ ကျောင်းကားပေါ်မှာ အနိုင့်ကျင့်တာ ခံရတာကြာတော့ ဒုတိယတန်းကျောင်းသားလေးခမျာ မေတ္တာနဲ့ တုန့် ပြန်ဖို့  အတော်ခက်ခဲလာပြီး သူ့ ဘာသာ သူ့ နည်းနဲ့  ဖြေရှင်းခဲ့ပါတယ်…။ အဲဒါကတော့ သူ့ ကို နေတိုင်း ပြင်းထန်တဲ့ စကားလုံးတွေနဲ့  ခပ်ရိုင်းရိုင်းဆက်ဆံတတ်တဲ့ အုပ်စုဖွဲ့ အနိုင်ကျင့်တဲ့ မလေးကလေး၅ယောက်ထဲက တယောက်ကို လက်သီးနဲ့ ထိုးပစ်ခဲ့တာပါပဲ…။ တကယ်တော့ သားက လက်သီးမထိုးတတ်ပါဘူး…။ ဒါကြောင့် သားထိုးတဲ့လက်သီးဟာ လက်ကလေးနဲ့ တွန်းသလောက်တောင် မပြင်းထန်ဘူးဆိုတာ သိနေပေမယ့် ကျောင်းကားပေါ်က ဆင်းတာနဲ့  သားလက်သီးနဲ့  ထိုးပစ်ခဲ့တယ်လို့  ကျွန်မကို တန်းပြောတာကြောင့် ကျွန်မက သားကိုဆူရင်း အထိုးခံရတဲ့ကလေးကို တောင်းပန်စကားဆိုခဲ့ပါတယ်…။ အဲဒီကလေးကလဲ လက်သီးနဲ့ အထိုးခံရသူမဟုတ်သလို လန်းဆန်းတက်ကြွနေပါတယ်…။ အဲဒီအဖြစ်အပျက်ပြီး ၂ရက်ကြာတဲ့အခါ ကျောင်းက စည်းကမ်းကြီးကြပ်သူ ဆရာမက ကျွန်မကို ဖုန်းခေါ်ခဲ့ပါတယ်…။ သားထိုးလိုက်တာမို့  အထိုးခံရတဲ့ကလေးက လက်သီးဒဏ်နဲ့  အတွင်းဒဏ်ရာ ရသွားလို့  ကလေးမိဘတွေက လျော်ကြေးလိုချင်လို့ ပါဆိုပဲ…။ Mental torture တောက်လျှောက် သူတို့ လုပ်လာတဲ့ ပြဿနာရဲ့ ဇစ်မြစ်ကို မသိပဲ ပိုက်ဆံညှစ်တဲ့ လုပ်ကြံမှုတခုကို ကျွန်မကိုယ်တိုင်ကြုံလိုက်တဲ့ အခါ ကျွန်မအသားတွေ တဆတ်ဆတ်တုန်တဲ့အထိ ဒေါသထွက်မိပါတယ်…။ ဒုတိယတန်း ခပ်ပိန်ပိန်ကျောင်းသားလေးလက်သီးတချက်က အဲဒီလောက် ပြင်းထန်တယ်ဆိုတာ သဘာဝကျပါသလားလို့  စည်းကမ်းကြီးကြပ်သူဆရာမကို ကျွန်မက ပြန်မေးတဲ့အခါ ကျွန်မဘာဆိုလိုတယ်ဆိုတာ သဘောပေါက်ပြီး ဒါမျိုးအဖြစ်အပျက်တွေနဲ့  အတော်ယဉ်ပါးနေပုံရတဲ့ ဆရာမက လျော်ကြေးပေးလိုက်ဖို့ ပဲ တိုက်တွန်းပါတယ်…။ သားဖေဖေက မတရားတဲ့ ဒီအဖြစ်အပျက်ကို ရဲတိုင်ဖို့ ထိ စဉ်းစားပေမယ့် သားကလေးငယ်ငယ်လေးကို ရဲကစစ်တာဆေးတာတွေ ဖြစ်လာမှာကို ကျွန်မမလိုလားတာကြောင့် သူတို့ လိုချင်တဲ့ လျော်ကြေးငွေကို ကျွန်မပေးခဲ့ပါတယ်…။ လျော်ကြေးငွေထဲမှာ ကားရပ်နားခ ၂ဒေါ်လာပါ ထည့်ပေါင်းထားတာတွေ့ လို ကျွန်မက ပုခုံးတွန့် ပြုံးတဲ့အခါ ဆရာမက တောင်းပန်တဲ့ မျက်လုံးတွေနဲ့  ကြည့်နေ ခဲ့ပါတယ်…။ အဲဒီအဖြစ်အပျက်က ရလိုက်တဲ့ သင်ခန်းစာကတော့ အနိုင်ကျင့်ခံရပြီဆိုတာနဲ့  ဆရာမကို အသိပေးသင့်တယ်ဆိုတာပါ…။ တကယ်လို့  ဆရာမကို အသိပေးခဲ့ရင် သူတို့ ဘက်က ရပ်ကောင်းရပ်ရင် ဒီအခြေအနေတွေထိ မရောက်နိုင်ဘူးပေါ့…။ ကျွန်မကလဲ ကလေးတွေ မေ့လွယ်ပျောက်လွယ် အဲလောက်ထိ ကြံစည်မယ်မထင်ပဲ လျော့ တွက်ခဲ့မိတာကိုး။ တဘက်က အဲဒီလောက် ဆိုးဝါးမယ်လို့ မထင် လျော့ တွက်ခဲ့မိလေတော့ သားကို ကျောင်းကားမပြောင်းပေးပဲ ဒီလိုလူမျိုးတွေကို ရှောင်တတ်အောင်ဆိုတဲ့ ကျွန်မရည်ရွယ်ချက်ဟာ အဆုံးမှာ သဲထဲရေသွန်ဖြစ်ခဲ့ရပါတယ်…။
သားက မိုးခြိမ်းတာကို အလွန်ကြောက်တတ်ပါတယ်…။ မိုးကြိုးပစ်မှာကိုလဲ စိုးရိမ်တတ်သူပါ…။ ကျောင်းမှာ မိုးတွေခြိမ်းရင် သူရတဲ့ ဘုရားစာတွေ ရွတ်နေတတ်သူပါ…။ သားဘုရားစာတိုးတိုးလေး ရွတ်နေတာကို တွေ့ တဲ့ သားသူငယ်ချင်းကောင်လေးက မင်းဘာလုပ်တာလဲလို့ မေးတဲ့အခါ သားက ဘုရားစာရွတ်နေတာလို့  ဖြေခဲ့ပါတယ်…။ အဲဒီအခါ ကောင်လေးက မင်းဘာသာကဘာလဲ… မင်းတို့ ဘုရားက လိမ်နေတာပဲလို့ … သားကို ခပ်ရိုင်းရိုင်းပြောတဲ့အခါ ဘာသာတရားကို စိတ်ဝင်စား ရိုသေတဲ့သား ဘယ်လိုမှ လက်မခံနိုင်ခဲ့ပါဘူး…။ သားက အဲဒီအဖြစ်အပျက်ကို ကျွန်မကိုပြောပြတဲ့အခါ ကျွန်မက သားကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ အကြံပေးခဲ့ပါတယ်…။ မင်းနဲ့ ငါ ဘာသာတရားအကြောင်း မဆွေးနွေးဘူး… မင်းလဲ မင်းယုံကြည်ရာကိုးကွယ်… ငါလဲ ငါယုံကြည်ရာကိုးကွယ်တာပဲလို့  ပြန်ပြောရတယ်လို့  သားကို အကြံပေးခဲ့ပါတယ်…။ သားက ကျွန်မအကြံပေးတဲ့အတိုင်း ပြောတဲ့အခါ အဲဒီကလေးက လက်မခံပဲ ဆက်ဆက်ပြောပါတယ်…။ သားက မခံချင်လေ ဆက်ပြောလေပါ…။ အဲဒီဇာတ်လမ်းကို နေ့ တိုင်းကြားလာတော့ ခဲမှန်ဘူးတဲ့ စာသူငယ်ကျွန်မ သတိထားရပါပြီ…။ မင်းငါ့ဘာသာကို ဆက်မကောင်းပြောနေရင် ငါဆရာမနဲ့ တိုင်မယ်လို့  ပြော… တကယ်လို့ ဆက်လုပ်နေရင် ဆရာမနဲ့ သွားသာတိုင်တော့ သားရေလို့ သားကို နောက်ထပ် အကြံသစ်ပေးတော့ သားက ကျွန်မအကြံအတိုင်း လုပ်ပါတယ်…။ ဆရာမကို တိုင်လေ့တိုင်ထမရှိတဲ့ သားစကားကို ဂရုမစိုက်ပဲ ဆက်ပြောနေတဲ့အခါ သားက နေရာကထပြီး ဆရာမကို သွားတိုင်မလို့ လုပ်တော့မှ ဟေ့ကောင်… ဆရာမကို မတိုင်ပါနဲ့ ကွာ… ငါကမင်းဘာသာတရားကို ဘယ်လောက်လေးစားလဲ စမ်းသပ်ကြည့်တာပါတဲ့… ကဲ… အဲဒါဟာ ဒုတိယတန်းကျောင်းသားလေးတယောက်တဲ့လား…။ ကျောင်းကပြန်လာတော့ အမြဲတမ်း အရိုးခံတွေးတဲ့သားက ၀မ်းသာအားရနဲ့ ကျွန်မကို ပြန်ပြောပြပါတယ်…။ ပြုံးပြုံးရွှင်ရွှင်နဲ့  သူ့ သူငယ်ချင်းကို ယုံသွားတဲ့သားလေးကို ကျွန်မ ဘယ်လို စကားလုံးတွေနဲ့  ရှင်းပြရမှန်းမသိခဲ့ပါဘူး…။ အဲဒီကောင်လေးကပဲ သားကို သူခိုးပုလိပ်တမ်းကစားတဲ့အခါ သူ့ အမိန့် နဲ့  ကစားထောင်ထဲမှာ ချထားခဲ့ပါတယ်…။ တညနေ သားက ကျွန်မကို ငါးပြားပေးဖို့ တောင်းတော့ ဘာလုပ်ဖို့ လဲမေးတဲ့အခါ သားထောင်ကျနေတာ ၃ရက်လောက်ရှိပြီ… ငါးပြားပေးမှ လွှတ်မယ်ဆိုလို့ လို့  သားကရှင်းပြပါတယ်…။ သားက အဲဒီကောင်လေး မတရားထုတ်ထားတဲ့ ကစားဥပေဒေကို နာခံနေလိုက်တာ… ငါးပြားတောင်ပေးဦးမတဲ့…။ အဲဒီအခါ ကျွန်မသားကို အဲဒီကောင်လေးနဲ့  မကစားဖို့  အဲဒီကလေးဟာ သားအတွက် ဘယ်လိုမှ သူငယ်ချင်းကောင်းမဖြစ်နိုင်ဘူးရှင်းပြရပါတယ်…။ သားတတိယတန်းအရောက်မှာ အဲဒီကောင်လေးက သားနဲ့ တန်းခွဲမတူတော့တာမို့  စိတ်အေးရပြီထင်တာ ကံမကောင်းစွာ ကျောင်းကားတူပြန်တော့တယ်…။ သားကို သူ့ ကို သတိထားဖို့ သတိပေးရင်းက တနေ့ မှာ သားခမျာ ဘာမှ မလုပ် ဘာမှမပြောပဲ အဲဒီကောင်လေးရဲ့ အဆင့်ဆင့် ရင်ဘတ်ကို လက်သီးနဲ့ ထိုးတာကို ခံခဲ့ရပါတယ်…။ တကြိမ်မဟုတ်ပဲ အကြိမ်ကြိမ်ထိုးပြီး ငါအရမ်းနာပြီး အသက်ရှုလို့ မ၀တော့လို့ ပါကွာဆို သားတောင်းပန်မှ ဟိုကောင်လေးက ရပ်ခဲ့ပါတယ်…။ အဲဒီအဖြစ်အပျက်ကို သားကျွန်မကို မပြောပြခဲ့ပါဘူး။ သူ့ အမက သူ့ ကို ရေချိုးပေးတော့ ရင်ဘတ်ကနာတယ်လို့ ပြောမှ ဘာဖြစ်တာလဲ မေးမှပြောပြခဲ့ပါတယ်…။ ကိုယ့်ကို သူများက လက်သီးနဲ့ အဆင့်ဆင့်ထိုးတာတောင် ဘာမှ ပြန်မခုခံခဲ့တဲ့သားကို ကျွန်မအတော်လေးကို အားမလို အားမရလဲဖြစ် စိတ်မကောင်းလဲဖြစ်မိပါတယ်…။ တကယ်တော့ ပထမအဖြစ်အပျက်ကတည်းက ပြဿနာကို လက်နဲ့ မဖြေရှင်းရဘူးလို့  ဆုံးမခဲ့တဲ့ကျွန်မစကားကို သားက နားထောင်ခဲ့တာပါ…။ အဲဒီကောင်လေးစိတ်ထဲ သားကို ဒီလို အနိုင်ကျင့်လို့ ရတယ်ဆို ဆက်အနိုင်ကျင့်မှာ စိုးရိမ်တာနဲ့  ကျွန်မနဲ့ သူ့ အဖေ ဆရာမကို တိုင်ခဲ့ပါတယ်…။ ဆရာမက သူ့ မိဘတွေကို တိုင်ခဲ့ပြီး ပြဿာနာက ရပ်သွားခဲ့ပါတယ်…။
သားရဲ့ ယုံလွယ်တတ်တဲ့ သူများလှည့်ကွက်တွေကို နားမလည်လောက်အောင် မပါးနပ်တဲ့ အားနည်းချက်တွေကို ဆရာဆရာမတွေပါ သိလာတော့ သားကို ကူညီကြပါတယ်…။ တတိယတန်းတုန်းက သားတို့  မလေးရွာကို လေ့လာရေးခရီးထွက်တုန်း သားနှစ်သက်တဲ့ ကစားစရာလေး ၂ခု ၀ယ်ခဲ့ပါတယ်…။ အပြန်လမ်းမှာ သားက သူ့ ကစားစရာလေးတွေနဲ့  ပျော်နေတုန်း တခြားကလေးတယောက်က သားကစားစရာတခုကို ရေမွှေးပုလင်းနဲ့  လဲဖို့ ပြောပြီး မလဲရင် သားကို သူငယ်ချင်းအဖြစ်က ရပ်မယ်လို့ ခြိမ်းခြောက်ပါတယ်…။ သားခမျာ သူမြတ်နိုးတဲ့ ကစားစရာလေးကို သူငယ်ချင်းဆုံးမှာကြောက်လို့  လဲပေးခဲ့ပြီး အိမ်ရောက်တော့ ငိုပါတယ်…။ သားပစ္စည်းကို သားလဲခြင်းမလဲခြင်းဟာ သားရဲ့အခွင့်အရေးဖြစ်ကြောင်း သားကှိုရှင်းပြရပါတယ်…။ အဲဒီကလေးကပဲ ခု လေးတန်းနှစ်မှာ စာရွက်ပေါ် ကာလာစုံနဲ့  ထုတ်ထားတဲ့ ပုံလေးတွေကို ၁ဒေါ်လာနဲ့ ရောင်းပါတယ်…။ သားက ၂ဒေါ်လာပေးတဲ့အခါ ပြန်မအမ်းနိုင်ဘူးဆိုပြီး မကောင်းတဲ့ နောက်တပုံကို ပေးပါတယ်…။ သားကတော့ သူပြုသမျှနုပြီး ပြန်လာခဲ့ပေမယ့် ဘယ်လိုမှ ၁ဒေါ်လာမတန်တဲ့ ပုံတပုံနဲ့  သားညာချခံလိုက်ရတာကို ကျွန်မ အတော် ကသိကအောက်ဖြစ်မိပါတယ်…။ ဈေးဆိုတာ ဆစ်လို့ ရကြောင်းနဲ့  ပစ္စည်းတခုမှ သူ့ တန်ရာတန်ကြေးရှိကြောင်း သားကို ရှင်းပြခဲ့ပါတယ်…။ သားကျေနပ်လို့  သားဝယ်ခဲ့တဲ့ အဲဒီအဖြစ်အပျက်ကို ကျွန်မသည်းခံလို့ ရပေမယ့် နောက်အဖြစ်အပျက်ကတော့ တဆိတ်လွန်လွန်းတာမို့ ကျွန်မရဲ့ သည်းခံနိုင်မှု အင်အားတွေ ကုန်ခမ်းကုန်ပါတယ်…။ အဲဒီကလေးပါပဲ… သားဆီက ခဲဖျက်ငှားပြီး သားက ပြန်တောင်းတဲ့အခါ သူ့ ခဲဖျက်လို့ လိမ်ညာပြီး အနိုင်ယူသွားပါတယ်…။ ဒီတခါတော့ သားအညာခံရတယ် အနိုင်ကျင့်ခံရတယ်ဆိုတာ အသေအချာသိလိုက်တာမို့  အိမ်ရောက်တော့ သူ့ အမကို ငိုပြီးပြောပါတယ်….။ ဒါပေမယ့် သားဆရာမကို ထုံးစံအတိုင်း မတိုင်ခဲ့ပါဘူး။ သားက သူ့ သူငယ်ချင်းကို ဆရာမဆူပြီး သူ့ ကို မုန်းသွားမှာ စိုးရိမ်သူမို့ ပါ…။ အရင်ကလို အလားတူအဖြစ်တွေ မဖြစ်ဖို့  ကျွန်မဆရာမကို အကြောင်းကြားရပါတယ်…။ သားကိုလဲ အဲဒီကလေးနဲ့  အတူမထိုင်ဖို့  သင်ကြားပေးတဲ့အခါ သားက လိုလိုချင်ချင် လက်ခံပါတယ်…။
သားလေးကို အနိုင်ကျင့်တတ်တဲ့ နောက်သူငယ်ချင်းတယောက်ကတော့ သားခမျာ သူ့ သူငယ်ချင်းအရင်းလို့  ယုံယုံကြည်ကြည်ချစ်တဲ့သူမို့  အနိုင်ကျင့်တာတွေကို နားလည်လာတဲ့အခါ သားအတော်ကို ခံစားခဲ့ရတာ သားရဲ့စိတ်နုနုလေးမှာ စိတ်ကျရောဂါလို ဖြစ်သွားတဲ့အထိပါပဲ။ အဲဒီကလေးက သားကို ဘယ်လောက်များ သစ္စာမရှိ အနိုင်ကျင့်လိုက်သလဲဆိုရင် စိန်ပြေးတမ်းကစားတဲ့အခါ သားကို အမြဲလိုက်သူဖြစ်အောင် တခြားသူတွေလိုက်ကလှည့်မှာပါ သူက တခြားလူဘက်က လိုက်ပေးပါတယ်…။ ရိုးအလွန်းတဲ့သားကတော့ သူအမြဲလိုက်နေရတဲ့ အဖြစ်နဲ့  သူ့ သူငယ်ချင်းရဲ့ သစ္စာမရှိမှုကို သတိမထားမိပဲပျော်နေခဲ့တာပါ။ အဲဒါကို သားအဖေသတိထားမိတော့ သားအဖေအတော် ဒေါသထွက်ပြီး သားကို ဆက်မကစားခိုင်းတော့ပါဘူး။ အဲဒီကလေးကပဲ ကလေး၃ယောက်ရှိရင် ငယ်ငယ်ရွယ်ရွယ်နဲ့  အုပ်စုခွဲတတ်ပြီး တခြားကလေးတယောက်ကို သူ့ ဘက်ပါအောင် သွေးထိုးတတ်ပါတယ်…။ သားတယောက်ထဲ ဖြစ်အောင် သက်သက်ချန်ထားခဲ့တာတွေ များတဲ့အခါ သားမျက်ရည်ကျပြီး သူ့ သူငယ်ချင်းရဲ့ ရက်စက်မှုကို ခံစားခဲ့ပါတယ်…။ သားမြတ်မြတ်နိုးနိုးလုပ်ထားတဲ့ အရုပ်လေးတွေကို ဖျက်ဆီးလားဖျက်ဆီးရဲ့… သားမလုပ်ချင်တဲ့အလုပ်ကို မင်းမလုပ်ရင် မင်းနဲ့ ငါသူငယ်ချင်းမလုပ်တော့ဘူးဆို ခြိမ်းခြောက်ပြီး လုပ်ခိုင်းလား လုပ်ခိုင်းရဲ့… ကစားကြတဲ့အခါ တခြားလူတွေကျ အခွင့်အရေးအပြည့်အ၀ပေးပြီး သားကို အခွင့်အရေးတွေ လျှော့ချလား လျှော့ချရဲ့… သားကချစ်သလောက် သားကိုချည်းရည်ရွယ်တိုက်ခိုက်တာတွေ များလာတော့ သားခမျာ အတော်ခံစားပြီး သူနဲ့ တွေ တိုင်းငိုနေရပါတယ်…။ ကျွန်မက သားကို ကိုယ့်အပေါ်ကောင်းတဲ့သူ ဖြစ်ဖြစ် ကိုယ့်အပေါ်ဆိုးတဲ့သူဖြစ်ဖြစ် အဲလောက်ထိ စိတ်ထိခိုက်အောင် မခံစားတတ်ဖို့  လေ့ကျင့်ပေးရင်း အကွက်ချအနိုင်ကျင့်မှုတွေကို ရှောင်တတ်အောင်လဲ သင်ပြပေးပါတယ်…။ သူငယ်ချင်းကောင်းဆိုတာ ဘယ်လိုလူမျိုးဆိုတာ ကျွန်မအတွေ့ အကြုံနဲ့  သားကို ရှင်းပြပေးပါတယ်…။
ဘယ်အရွယ်ထိများ သားမှာ ဒီလို အနိုင်ကျင့်တတ်သူတွေနဲ့  ဆုံနေဦးမှာလဲ…။ ဘယ်အရွယ်မှာများ သားကိုယ့်ကိုကိုယ် ကာကွယ်တတ်လာမလဲ…။ ဘယ်အရွယ်ထိများ သားအယုံလွယ် ရိုးအနေဦးမလဲ…။ ဒီလောကကြီးထဲမှာ သူတော်ကောင်းတွေချည်းမဟုတ်ပဲ ကောက်ကျစ်စဉ်းလဲသူတွေရှိသေးတယ်ဆိုတာ ကျွန်မသားကို သတိပေးရပြီ…။ သူငယ်ချင်းကောင်းနဲ့  သူငယ်ချင်းဆိုး ဘယ်လို ခွဲခြားရမလဲဆိုတာ သားကို ခွဲခြားပြရပြီ။ မကောင်းသူတွေနဲ့ ကြုံရင် သူတို့ ဆီက အနိုင်ကျင့်မှုကို ကိုယ်ခံစားရသလို ကိုယ်ကိုယ်တိုင်လဲ သူများကို ကိုယ်ချင်းစာပြီး အနိုင်မကျင့်တတ်ဖို့  ကျွန်မသင်ပြရပြီ။ ကျောင်းမှာ ကျောင်းစည်းကမ်း၊ ကျောင်းဥပေဒေ… နေရာတိုင်းမှာ ဥပဒေတွေနဲ့  အနိုင်ကျင့်မှုတွေကို ကြိတ်မခံစေအောင် မတရားမှုကို ခေါင်းငုံမခံအောင် သားကို လမ်းပြရပြီ…။ သားထင်ခဲ့တဲ့ ကမ္ဘာလေးက ကျွန်မငယ်ငယ်က ပြောပြခဲ့တဲ့ ပုံပြင်ထဲကလို မေတ္တာတရားတွေချည်း လွှမ်းခြုံထားတဲ့သူတွေ သက်သက်နေကြတာမဟုတ်ဘူးလို့  စိတ်မကောင်းစွာနဲ့ ပဲ ကျွန်မစခဲ့တဲ့ ဇာတ်လမ်း ကျွန်မတာဝန်ယူရပြီ။ ကြီးနိုင်ငယ်ညှင်းဆိုတာ လောကကြီးမှာ မရှိအောင် ကြိုးစားရမယ်သားရဲ့လို့  တက်တက်ကြွကြွ ပြောပြခဲ့တဲ့ ကျွန်မရဲ့ ရည်ရွယ်ချက်ဟာ လက်တွေ့ ကျမကျ ကျွန်မကပဲ သားကို ၀န်ခံရပြီ...။ အနိုင်ကျင့်တတ်မှုတွေဟာ အသက်အရွယ်နဲ့ အမျှ ပုံစံပြောင်းသွားတတ်ကြပြီး ဘယ်နေရာ ဘယ်ဒေသမှာ မဆိုရှိနေတတ်တယ်ဆိုတာ သားကို ကြိုပြောရပြီ…။ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေဖို့  မကောင်းတဲ့ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို မခံရစေဖို့  သားကို သွန်သင်ရပြီ…။ တချိန်ကျရင်တော့… သားဘေးက အနိုင်ကျင့်သူတွေကို သားရဲ့ ခါးသက်တဲ့ အတွေ့ အကြုံနဲ့ စစ်ထုတ်ပြီး သားကို သစ္စာရှိတဲ့ သူငယ်ချင်းစစ်စစ်တွေနဲ့  လုံခြုံငြိမ်းချမ်းတဲ့ဘ၀လေးကို သားရကို ရရမှာပါလို့  သားကို အားပေးရင်း သားရဲ့ ဓာတ်ခံအကောင်းစိတ်လေးတွေ မပျက်စီးအောင် ကျွန်မ နေ့ တိုင်းကြိုးစားအားထုတ်နေမိတော့တယ်…။
သားလေး အနိုင်ကျင့်ခံရမှုမှ လွတ်မြောက်ပါစေ…။
တန်ခူး
19-Jan-2014 10:30pm

ဟိုးအောက်ခြေ ဧရာဝတီမြစ်ဆိပ်ကနေ မြေနီလမ်းကလေးအတိုင်း တက်လာကြတဲ့ ဧည့်သည်တွေက အသားနီနီဆံပင်မနက်တဲ့ နိုင်ငံခြားသားတွေ တော်တော်များတယ်…။ ခြင်္သေ့ကြီးနံဘေးက ဒီမြေနီလမ်းလေး တဖက်တချက်မှာ မြန်မာ့ရိုးရာပစ္စည်းလေးတွေ ရောင်းတဲ့ဆိုင်တန်းလေးက ချစ်စရာကောင်းတာမို့  ဓာတ်ပုံတွေ လိုက်ရိုက်နေမိတယ်…။ ခမောက်ရောင်စုံလေးတွေကလဲ လိုချင်စရာ…။ ချည်ထည်ဝတ်စုံလေးတွေက အသင့်ချူပ်ပြီးသား ဆိုက်စုံရှိတာမို့  ကောက်ဝတ်လိုက်ရုံ…။ အမှတ်တရ တီရှပ်ဖွေးဖွေးလေးတွေကလဲ စတစ်ကာပုံမျိုးစုံနဲ့ ….။ ဒီဘက်မှာ အအေးဆိုင်… ဟိုဘက်က သစ်သားနဲ့ လုပ်ထားတဲ့ လက်မှုပစ္စည်းလေးတွေ… ပြီးတော့ ပန်းချီကားချပ်လေးတွေ…။ ထူးခြားတာက တချို့ အမျိုးသမီးတွေ လက်နှစ်ဘက်ထဲမှာ ပခုံးပေါ်မှာ ကိုယ်ပေါ်မှာ ခေါင်းပေါ်အထိ လွှားထားတဲ့ ချည်ထည်တွေ တီရှပ်တွေ…။ ဆိုင်မှာ ခင်းရုံတင်မက လူပေါ်မှာခင်းထားတာတွေ့ ရတယ်…။
ခုန ကိုယ်လှမ်းမြင်နေရတဲ့ နိုင်ငံခြားသား ဧည့်သည်တွေ ဆိုင်တန်းနားအရောက်မှာ အ၀တ်တွေက ရောင်းဖို့  ကိုယ်ပေါ်မှာ ခင်းထားတဲ့ အမျိုးသမီးတွေ ရုတ်ရုတ်သဲသဲနဲ့  သူတို့ နားကို အုံသွားတယ်…။ တချို့ အမျိုးသမီးတွေက နေပူထဲက တက်လာလို့  ချွေးပြန်နေတဲ့ နိုင်ငံခြားသားမိန်းမတွေကို သူတို့ လက်ထဲက လက်ကိုင်ပုဝါနဲ့ ချွေးသုတ်ပေးကြတယ်… မျက်နှာပေါ်က ချွှေးကို ရုတ်တရက်လှမ်းသုတ်ပေးတာ ခံရတော့ တချို့ က မမျှော်လင့်တဲ့ အပြုအမူကို ပြုံးပြီး ကျေးဇူးတင်ပါတယ်လို့  ပြောတယ်… တချို့ ကတော့ သူ့ အသားထိတာကို အတော် စိတ်အနှောက်အယှက် ဖြစ်နေတဲ့ပုံနဲ့  တောင်းပန်ပါတယ်… မလုပ်ပါနဲ့ လို့  ပြောတယ်…။ ကိုယ့်နှုတ်တွေ ဆွံ့ အသွားတယ်…။ ကိုယ်တကယ် မမျှော်လင့်တဲ့ ဒီမြင်ကွင်း…။
ကိုယ့်မျက်လုံးတွေ ဒီဘက်ကစားလိုက်တော့ ရေသန့် ဘူးထဲက ရေကို ရေခွက်ထဲ ထည့်ပြီး နိုင်ငံခြားသားတယောက်ကို ပါးစပ်နားရေခွက်ရောက်အောင် တိုက်ပေးနေတာ တွေ့ ရတယ်…။ တချို့ က ကိုယ့်ဆိုင်က ခုံကို ချပေးပြီး အနားယူခိုင်းလို့  နောက်တယောက်က ယပ်ခတ်ပေးနေတယ်…။ အဲဒီလို…. အင်း… ခရီးဦးကြိုတယ်ပဲ ဆိုကြပါစို့ လေ…. ခရီးဦးကြိုပြီးတဲ့ နောက်မှာ သူတို့ ဆိုင်က ပစ္စည်းလေးတွေကို တစာစာ ရောင်းကြတယ်…။ ချိတ်လုံချည်ခပ်စိတ်စိတ်လေးကို ခါးမှာကပ်ပြပြီး အောင်ဆန်းစုကြည် အောင်ဆန်းစုကြည်လို့  ရောင်းတဲ့လူရှိသလို… ခမောက်ကလေးကို ခေါင်းမှာ စောင်းပြပြီး အောင်ဆန်းစုကြည်လို့ ရောင်းတဲ့လူလဲရှိတယ်…။
တချို့ နိုင်ငံခြားသားတွေက တချက်ကြည့်ပြီး စိတ်မ၀င်စားသလို ထွက်သွားတော့ ကိုယ်ပေါ်မှာ ဆင်ရောင်းတဲ့ အမျိုးသမီးတွေ အုပ်လိုက် လိုက်သွားကြတယ်…။ ဘုရားကြီးနားမှာ… ခေါင်းလောင်းကြီးနားမှာ… ။ တချို့ ကတော့ အားနာလို့  ၀ယ်လိုက်ကြတယ်…။ တချို့ ကတော့ ဈေးဆစ်ကြတယ်…။ တချို့ ကျတော့ စိတ်ပျက်တဲ့ပုံနဲ့  ဆောရီးဆောရီးလို့  ငြင်းတယ်…။ ငြင်းလဲ ဇွဲကောင်းကောင်းနဲ့ လိုက်ရောင်းကြတယ်…။
အဲဒီမြင်ကွင်းတွေကို တခုချင်းလိုက်ကြည့်နေမိတဲ့ ကိုယ့်ရင်ထဲမှာ အတော်ကို နာကျင်မိတယ်…။ စားဝတ်နေရေးအတွက် လုံးပန်းကြရတဲ့ ဈေးသည်တော်တော်များများကို တွေ့ ခဲ့ဘူးပေမယ့် ဒီလိုမြင်ကွင်းမျိုးကို မမြင်ခဲ့ဖူးဘူး…။ ဘုရားစောင်းတန်းမှာ ဒီကပန်းဝယ်ပါ ဟိုကပန်းဝယ်ပါလို့  တစာစာအော်ရောင်းကြပေမယ့် အတင်းတော့ နောက်က လိုက်မရောင်းကြဘူး…။ တော်ပြီနော် မ၀ယ်ချင်သေးဘူးဆိုရင် အလိုက်သိစွာ နောက်ဆုတ်သွားကြတယ်…။ ဖော်ရွေစွာ ခရီးဦးကြိုပြုကြတဲ့အခါ ချိုမြတဲ့အပြုံးလေးနဲ့  အကူအညီလိုရင် မနှောင့်နှေးပဲ ပေးကြတာ ထက်မပိုဘူး…။ ချွေးသုတ် ရေတိုက် ယပ်ခတ်လောက်အောင်ထိတော့ မလိုဘူးလို့ ကိုယ့်ရင်ထဲ စိတ်မကောင်းစွာနဲ့  တွေးမိတယ်…။ ပြီးတော့ သူတို့ ချွေးသုတ် ရေတိုက် ယပ်ခတ်ကြတာ နိုင်ငံခြားသားတွေကိုချည်း…။ ကိုယ့်အနေနဲ့  အဲဒါတွေက သူတို့  စားဝတ်နေရေးအတွက် လုပ်နေကြရတာလို့  နားလည်ပေးလို့ ရပေမယ့် ဖော်ရွေတာနဲ့ အောက်ကျတာ မတူဘူးဆိုတာလောက်တော့ ရှင်းပြနေချင်မိတယ်…။
ကိုယ့်ဆိုင်အခင်းအကျင်းနဲ့  ကိုယ့်ပစ္စည်းလေးတွေ မြတ်နိုးစရာကောင်းနေရင် ချိုမြတဲ့အပြုံးလေးနဲ့  နွေးထွေးစွာ ဆက်ဆံရင်ပဲ လုံလောက်ပါပြီ…။ တကယ်လို့ များ သူတို့ ကို နားစေချင်ရင်လဲ အရိပ်ရတဲ့ နေရာမှာ ခုံတန်းလေးတခု စီစဉ်ပေးထားရုံပါပဲ…။ အေးမြတဲ့ ရေလေး ကုသိုလ်လုပ်ချင်တောင် ဆိုင်လေးနားမှာ ရေအိုးစင်လေးတခု ထားလိုက်ရင်ကို ဖော်ရွေမှုကို တွေ့ နေရပါပြီ…။ လူတယောက်က မတောင်းဆိုပဲ လူတယောက်မလိုအပ်ပဲ အကူအညီပေးခြင်းဟာ တခါတလေ ကူညီရာမရောက်ပဲ နှောက်ယှက်ရာရောက်တတ်တယ်ဆိုတာ သူတို့ ခမျာ မသိရှာကြလေခြင်းလို့  ကိုယ်အားမလိုအားမရနဲ့  စိတ်မကောင်း အတော်ဖြစ်မိပါတယ်…။ ကိုယ့်ဆီက ပစ္စည်းလေးရောင်းရဖို့  မျှော်ကိုးစိတ်နဲ့  ကူညီတာက သိပ်ပေါ်လွင်လွန်းနေအောင် ရိုးအလွန်းတာကိုလဲ ဂရုဏာသက်မိတယ်…။ ကိုယ့်တိုင်းပြည် ကိုယ့်ယဉ်ကျေးမှုကို အထင်တကြီး လာလေ့လာသူတွေကို ကိုယ့်ရဲ့ မရည်ရွယ်တဲ့ အပြုအမူကြောင့် အထင်သေးစရာများဖြစ်သွားခဲ့ရင် ဆိုတာကို မစဉ်းစားနိုင်တဲ့ သူတို့ ရဲ့ အားနည်းချက်ကို အဲဒီတထိုင်တည်း ဖြည့်လို့ ရရင် ဖြည့်ပေးလိုက်ချင်တယ်…။
တကယ်တော့… သူတို့ မသိကြတာပါ… သိရဖို့ အခွင့်မရကြတာပါ… သိရဖို့  အကူအညီမဲ့ကြတာပါ… ။ အဲဒီအကြောင်းကို ပြန်တွေးတော့ သူတို့ ကို သိဖို့ မျှော်လင့်မိတဲ့ ကိုယ့်ကိုကိုယ် တွေ့ တယ်…။ မျှော်လင့်မိတာက ကိုယ်… မျှော်လင့်တဲ့အတိုင်းဖြစ်အောင် လုပ်ဖို့ က ကိုယ့်တာဝန်…။ နောက်ဆုံး တာဝန်ရှိတာက သူတို့ မဟုတ်ပဲ ကိုယ်ဖြစ်နေပါလားဆိုတာ မြင်လာမိတယ်…။ ဟိုတလောက တက်ဖြစ်တဲ့ အစည်းအဝေးတခုမှာ လေးစားစရာကောင်းတဲ့ ဘုန်းဘုန်းတပါး ဆုံးမစကားကို ကိုယ်သွားသတိရတယ်…။ တကာမကြီးတို့ က ပြဿနာပဲပြောနေကြတာကိုးတဲ့ solutionကို မတွေးကြမဆွေးနွေးကြဘူးတဲ့…။ ဟုတ်ပ့ါ… ကိုယ်တို့ တွေ ရပ်နေတာက ပြဿနာမှာတင်…။ သူငယ်ချင်းက မေးတယ်…။ မြန်မာဘောလုံးအသင်းရှုံးတာ ဘယ်လိုခံစားရသလဲတဲ့…။ ကိုယ့်မှာ မင်းကွန်းဖီလင်သာမရှိရင် ငိုမိဦးမလားပဲ…။ သူငယ်ချင်းကို ပြောလိုက်တယ်… ဘာမှမခံစားရဘူးလို့ …။ တိုင်းပြည်မချစ်လို့ မဟုတ်ပါဘူး…။ ဘောလုံးကို မခင်တွယ်လို့ မဟုတ်ပါဘူး…။ အဆင်သင့်မဖြစ်သေးတဲ့ အချိန်မှာ မျှော်လင့်ချက်မထားတာပါလို့ ….။ ဘောလုံးသမားတွေခမျာ အခြေအနေပေးသလောက် သူတို့ တတ်နိုင်သလောက် ကြိုးစားကြတာပါ…။ တူတူပဲပေါ့…။ နိုင်ဖို့ အခွင့်မရကြတာပါ… နိုင်ဖို့ အခြေအနေမပေးကြတာပါ…။ ကိုယ်လား… ကိုယ့်ဘယ်သူ့ ဆီကမှ solution မရှာပါဘူး…။ ကိုယ့်ကိုကိုယ်ဆီကပဲ solution ရှာတယ်…။ ငါတိုင်းပြည် ငါချစ်တယ် ငါ့လူမျိုးငါချစ်တယ်ဆို ငါဒီထက်ပိုလုပ်ရဦးမှာပါလားလို့ …။
တန်ခူး
8:52pm 27-Dec-2013