Thursday, February 8, 2018
ဆယ်ကျော်သက်
ဒီမနက် ဆယ်ကျော်သက်အရွယ်ကျောင်းသူလေးကို ဆရာမက သူ့ ဖုန်းခိုးတယ်ဆို စွတ်စွဲလို့  ကျောင်းသူလေး ကိုယ့်ကိုယ်ကို သတ်သေသွားတယ်ဆိုတဲ့သတင်းကို ဖတ်မိတော့ ရင်ထဲမှာ အတော့်ကို ဝမ်းနည်းကြေကွဲမိတယ်... ဖုန်းတလုံးနဲ့ ဘဝတခုလဲလိုက်ရတဲ့အဖြစ်... ဆရာမရဲ့လုပ်ရပ်တွေကလဲ ပြင်းထန်လွန်းလိုက်တာ... အထူးသဖြင့် ဆယ်ကျော်သက်အရွယ်တွေကို သင်တဲ့ဆရာမဟာ ဆယ်ကျော်သက်အရွယ်ရဲ့ စိတ်အခြေအနေတွေကို လေ့လာထားသင့်တယ်... လက်လွတ်စပယ် ပြောဆို, စွတ်စွဲအရှက်ရစေတာဟာ အတော့်ကို လက်ခံလို့ မရတဲ့အဖြစ်... ကျွန်မက ဆယ်ကျော်သက်အရွယ်သားတယောက်ရဲ့မိခင်ဖြစ်နေတော့ ဒီအဖြစ်အပျက်ကို မိဘနေရာက ပူးဝင်ခံစားရင်း ကြေကွဲမိတယ်...
သားသုတက နိုင်ငံရပ်ခြားမှာ ကြီးပြင်းရသူမို့  ကျွန်မရဲ့အကြီးမားဆုံးမျှော်လင့်ချက်(အစိုးရိမ်ဆုံးလို့ လဲပြောလို့ ရတာပေါ့လေ) က လိမ္မာယဉ်ကျေးတဲ့မြန်မာအမျိုးသားလေးဖြစ်ဖို့ ပါ... ကိုယ်ချင်းစာတရား, မေတ္တာတရားတွေထားတတ်ဖို့ ပါ... ဆရာဝန်ကြီး, အင်ဂျင်နီယာကြီးတွေဖြစ်ဖို့ ကျွန်မ အဲဒီလောက် မျှော်လင့်ချက်တွေမပြင်းပြပါဘူး... လူတန်းစေ့နေနိုင်မယ့် ပညာတခုတတ်ရင် ကျေနပ်ပါပြီ... ဒါပေမယ့် နှလုံးရည်ညံ့မှာတော့ ကျွန်မစိုးရိမ်ပူပန်မိတာအမှန်ပါပဲ...
ဒီနိုင်ငံမှာ Secondary 1 က စလို့  smart phone ပေးကိုင်ရပါပြီ... ကျောင်းက communications တွေက what’s app group တွေနဲ့ အသုံးများတာကြောင့် ပေးကိုပေးရပါတယ်... ပြဿနာက အဲဒီကစပါတယ်... ဖုန်းကိုစွဲတော့တာပဲ... စကားပြောနဲလာတယ်... မိဘနဲ့ ထိတွေ့ မှုနဲလာတယ်... စက်ရုပ်ဆန်လာတယ်... သားက ကျွန်မလို multitasking သမားမဟုတ်တော့ ပိုဆိုးတော့တာပေါ့... ဖုန်းကိုင်နေရင် ဘာမှမကြား, ပတ်ဝန်းကျင်ဘာဖြစ်လို့ ဖြစ်နေမှန်းမသိ... အဲဒီလိုအဖြစ်ကြီးကို ငယ်ငယ်ကလို ဖုန်းသိမ်းတဲ့နည်းနဲ့ Control လုပ်တယ်, အချိန်နဲ့ သုံးဖို့ စည်းကမ်းထားတယ်... အဲဒီမှာ သားနဲ့ ကျွန်မကြား ပြဿနာတွေ စတယ်... ဆယ်ကျော်သက်အရွယ်မှာ ထိန်းချူပ်ခံရတာကို မလိုလားတတ်ကြဘူးလေ... ခံစားချက်တွေက အဆုံးစွန်ရောက်တတ်တာ... သူ့ ဘဝကပဲ သူများတွေထက်ဆိုးနေသလိုမျိုးပေါ့... ထိန်းလေ ရုန်းလေ ဆိုတာ ကျွန်မသဘောပေါက်လာသလို ကျွန်မငယ်ဘဝကို ပြန်စဉ်းစားကြည့်မိတယ်... ဒီအခါ သားနေရာက ကျွန်မပြန်စဉ်းစားတာပါ...
ကျွန်မဟာ မိဘတွေရဲ့ပုံစံခွက်ထဲမှာ ကြီးပြင်းလာရသူပါ... အင်္ကျိအဝတ်အစားကအစ မိဘရွေးတာ ဝတ်ရတယ်... တက္ကသိုလ်ရောက်လို့ ဘာသာတွဲရွေးတာက အစမိဘစိတ်တိုင်းကျရွေးရတယ်... ကျွန်မမိဘတွေ ကျွန်မကို ဆုံးမရအခက်ဆုံးအချိန်က 2nd year အရေးအခင်းတွေ ဖြစ်တဲ့အချိန်... ကျွန်မ ၁၈နှစ်အရွယ်လောက်ကပေါ့... အာအိုင်တီသပိတ်မှာ မိဘတွေမသိအောင် အိမ်ကခိုးခိုးထွက်ပြီး သွားလှုပ်ရှားတယ်... အိမ်က သိသွားတော့ အိမ်တံခါးသော့ခပ်ပြီး ကျွန်မကို ထောင်ချသလို ထားခဲ့တယ်... အဲဒီမှာ ဆယ်ကျော်သက် ဇာတိပြတော့တာပဲ... ထိန်းလေ ရုန်းချင်လေ... အဲဒီတုန်းက ကျွန်မတို့ အိမ်က ခြေတံရှည်ပျဉ်ထောင်အိမ်လေးပါ... ပိတ်ထားတဲ့ ပြူတင်းတံခါးကနေ ကျွန်မ အောက်ကိုခုန်ချခဲ့တယ်... အတော်လေးမြင့်တာ အောက်ရောက်မှသိတယ်... ကြီးကြီးမသိအောင် ခြံတံခါးကို ကျော်တက်ပြီး အာအိုင်တီသွားဖို့  သူငယ်ချင်းအိမ်သွားခဲ့တယ်... အဲဒီမှာ စိတ်မချလို့ အိမ်ကိုလာချောင်းတဲ့အဖေနဲ့ တွေ့ တော့ ကျွန်မကို အဖေက ရိုက်နှက်အိမ်ကိုခေါ်သွားခဲ့တယ်... ကိုယ်လုပ်တာဘာမှားလို့ လဲဆိုတဲ့ ဆယ်ကျော်သက်အရွယ်ရဲ့ခေါင်းမာမှုမှာ မိဘနေရာက ကိုယ်ချင်းမစာနိုင်ခဲ့... ညဘက်တွေကျ လမ်းပေါ်မှာ စစ်ဖိနပ်သံတွေကြားရင် အိမ်တွေ အမှောင်ချလို့  တိတ်တိတ်လေးငြိမ်ကြရတဲ့အချိန်မှာ ကျွန်မက ကိုယ့်မျက်စိရှေ့ တင် အဖြူအစိမ်းဝတ်ကျောင်းသားလေးတွေ သေနတ်ဒဏ်ရာတွေရကုန်တဲ့မြင်ကွင်းပဲ ပြေးပြေးမြင်ပြီး နောက်ဖေးမီးဖိုချောင်က အမေအသားခုတ်တဲ့ဓားမပြေးဆွဲပြီး အိမ်ရှေ့ လမ်းပေါ်ထွက်ဖို့ လုပ်တာ... ဆယ်ကျော်သက်အရွယ်ရဲ့ တဖက်စွန်းကျတဲ့ခံစားမှု... ကျွန်မကို ဖေရယ်, မေရယ်, ကြီးကြီးရယ် ၃ယောက် ဝိုင်းချူပ်ကြရတယ်... ခုပြန်စဉ်းစားတော့ အဲဒီအချိန်က ကျွန်မမိဘတွေ ဘယ်လောက်များ စိုးရိမ်ပူပန်စိတ်ဆင်းရဲခဲ့ကြလေမလဲ... ဆယ်ကျော်သက်အရွယ်မှာ စိတ်ခံစားမှုပြင်းထန်တဲ့အခါ ဘာကိုမှမမြင်ရတဲ့ ကျွန်မအတိတ်ကို ကျွန်မပြန်ကြည့်ဖြစ်တယ်...
ကျွန်မဆယ်ကျော်သက်နဲ့ သားဆယ်ကျော်သက် ချိန်ထိုးစဉ်းစားမိတဲ့အခါ ကျွန်မက သားထက်ပိုခေါင်းမာတာတွေ့ ရတော့ သားနေရာက ကိုယ်ချင်းစာပြီး ကျွန်မစံတွေ လျော့ချပစ်ရတော့တယ်... သူဖုန်းသုံးနေတာ အန္တရာယ်ရှိတဲ့အလုပ်မှ မဟုတ်တာပဲလေလို့ ဖြေတွေးတယ်... ဖုန်းလျော့သုံးဖို့ အတင်းအကျပ်မဟုတ်တဲ့ တခြားနည်းတွေ စဉ်းစားတယ်... ဥပမာ- ကျွန်မအိမ်ရှင်းနေတုန်း သားကိုတခုခုကူခိုင်းတာမျိုး, ကျွန်မအပြင်သွားအဝတ်တွေမီးပူတိုက်နေတုန်း သားကို အိမ်နေရင်းအဝတ်တွေခေါက်ခိုင်းတာမျိုး, ကျွန်မတပတ်စာဈေးဝယ်ရင် မေမေတယောက်ထဲလေးလို့ လိုက်ခဲ့ပေးပါဆိုတာမျိုး... အဲဒီလိုတွေ ဉာဏ်သုံးပြီး ဖုန်းသုံးချိန်နဲအောင်, ကျွန်မနဲ့ စကားတွေပြောအောင် လုပ်ရပါတယ်... သားဟာ ဖုန်းနဲ့ ဝေးနေချိန်ဆို ငယ်ငယ်ကလို သိပ်ချစ်စရာကောင်းပါတယ်... အဲဒီအချိန်ဆို သူကစကားတွေ ဆက်တိုက်ပြောတတ်တယ်... သူနဲ့စကားတွေပြောမှ သူဖုန်းသုံးတဲ့အခါ စာတွေဖတ်နေတယ်ဆိုတာ သိရတယ်... ကျွန်မ မသိသေးတဲ့ trump အကြောင်းတွေကအစ AI( artificial intelligence) အကြောင်းအထိ သူနှံ့ စပ်အောင်လေ့လာထားတာ ကြားရတော့ ကျွန်မသက်ပြင်းခိုးချမိတယ်... သူစိတ်ဝင်စားတဲ့အကြောင်းအရာတွေမဆိုးသေးဘူးပေါ့...
ဆယ်ကျော်သက်အရွယ်မှာ တခါတလေ လက်ခံလို့ ကို မရတဲ့ခေါင်းမာမှုတွေကလဲ အများသား... မနှစ်က စာမေးပွဲတခုမှာ ကျွန်မကို timetable မပြ... သူမဖြေရသေးဘူးထင်လို့  ကျွန်မက သတိပေးတော့မှ ဒီနေ့ စာမေးပွဲနောက်ဆုံးနေ့ မေမေလို့ ပြောတော့ ကျွန်မအတော်လေးကို ဒေါသထွက်မိတယ်... စာတလုံးမှမဖတ်ပဲ သွားဖြေတဲ့စာမေးပွဲကျပြီ, သွားပြီလို့ ကျွန်မတွက်ခဲ့တာ... result ထွက်လာတော့ ပြုံးဖြီးဖြီးနဲ့ လာပြောတယ်... မေမေ သားအတန်းထဲမှာ Maths နဲ့  physics အများဆုံးတဲ့... ကျွန်မအတော်လေးအံ့သြသွားပြီး ကျက်စာတွေအောင်လားဆိုတော့ အကုန်အောင်တယ်တဲ့... တခါတလေ ကိုယ့်ရဲ့စိုးရိမ်ပူပန်မှုတွေကပဲများနေသလားတွေးမိပြီး သားကိုလေပြေလေးနဲ့ ပြောရတယ်... စာမကျက်ပဲနဲ့ တောင် ဒီလိုဆို စာလေးသာပုံမှန်လုပ်ရင် အမှတ်တွေဒီထက်ပိုကောင်းမှာပေါ့သားရယ်လို့ ...
ကျွန်မက နူးညံ့ပျော့ပြောင်းချိုချိုသာသာထဲက မဟုတ်ပါဘူး... ဒါပေမယ့် ဆယ်ကျော်သက်အရွယ်မှာ သတိထားရတဲ့အချက်တွေက စကားနားမထောင်တိုင်း စိတ်လက်မာန်ပါ မရိုက်မိဖို့ ရယ်, သူများနဲ့ နှိုင်းယှဉ်မပြောမိဖို့ ရယ်, လူ့ ရှေ့ သူ့ ရှေ့ မှာ သူအရှက်ရစေတဲ့အကြောင်းအရာတွေ မပြောမိဖို့ ရယ်, ပြီးတော့ သူ့ privacy မထိခိုက်မိဖို့ ရယ်ပါ... သူတို့ အရွယ်က ထိလွယ်ရှလွယ်ခံစားလွယ်မို့ အတော်လေးသတိထားရပါတယ်... ထိန်းတော့ထိန်း မသိမသာထိန်းဆိုပြီး ကျွန်မကိုယ်ကျွန်မပဲ ခဏခဏပြန်သတိပေးရပါတယ်...
မိဘတွေဆီက လွတ်မြောက်ပြီ, လူကြီးဖြစ်ပြီဆိုတာ ပြချင်တော့ ကျောင်းလိုက်ပို့ တာလဲမခံချင်သလို , လမ်းလျှောက်လို့ လက်လေးတွဲ, ပုခုံးလေးဖက်တာတောင် မခံချင်တော့ပါဘူး... ဒါက လူ့ ရှေ့ သူ့ ရှေ့ မို့ ပေမယ် မနက်ခင်း သူ့ အဖေကားမောင်းပြီး ကျောင်းပို့ တဲ့အခါ ကျွန်မက မေတ္တာသုတ်လေးရွတ်ပေးရင် ခေါင်းလေးထိုးခံပြီး ကားပေါ်ကဆင်းလို့ နဖူးလေးနမ်းရင် ကျေနပ်နေတတ်ပြန်ရော... ခုထိကျွန်မနဲ့ တခန်းထဲအိပ်တုန်းပါ... ပြောချင်တာက ဆယ်ကျော်သက်စိတ်လေးတွေဟာ ဟိုမရောက် ဒီမရောက်နဲ့ တခါတခါ သံပုရာသီးလေးဖြစ်လိုက် တခါတခါပန်းသီးလေးဖြစ်လိုက်နဲ့  ကိုင်တွယ်ရအတော်လက်ပေါက်ကပ်တဲ့အရွယ်ပါ...
ဒီအရွယ်မှာ မိဘတွေသတိထားရမယ့် အရေးကြီးဆုံးအချက်ကတော့ အရှက်ရစေမယ့်စကား, အပြုအမူမပြောမိအောင်, မလုပ်မိအောင်နဲ့  စိတ်ဖိစီးမှုသိပ်မပေးဖြစ်အောင်ပါ... သူတို့ ခံစားမှုအတိမ်အနက်ဟာ ခန့် မှန်းရအရမ်းခက်ပါတယ်... ကျောင်းကဆရာ,ဆရာမနဲ့ သူငယ်ချင်းတွေရဲ့ဆက်ဆံရေးတွေလဲ အမြဲမပြတ်သတိထားမိဖို့ လိုပါတယ်... ကျွန်မအစချီခဲ့တဲ့ ကြေကွဲစရာသတင်းထဲက ဆရာမနဲ့ ကျောင်းသူလေးရဲ့ဆက်ဆံရေးမှာ ဒီအဖြစ်ဆိုးကြီးမတိုင်မှီ မပြေလည်ခြင်းတွေ, နှိမ်ချဆက်ဆံခြင်းတွေရှိနေမယ်လို့  ကျွန်မသံသယဖြစ်မိတယ်... ကျွန်မတို့ ဆယ်ကျော်သက်ရင်သွေးလေးတွေရဲ့လုံခြုံရေးဟာ မိဘ, ဆရာတွေရဲ့ ကိုင်တွယ်တတ်မှုပေါ်မှာ အရမ်းမူတည်တာကြောင့် ဒီpost လေးနဲ့ ကိုယ့်ကိုယ်ကိုလဲ သတိပေးရင်း ကျွန်မနဲ့ ဘဝတူမိဘတွေကိုလဲ ချစ်ခြင်းအားဖြင့် သတိပေးပါရစေနော်...။
တန်ခူး
9:51am
8-Feb-2018
No comments: