Thursday, November 12, 2009

ဟိုဟိုဒီဒီ နိုဝင်ဘာ

မြန်မာကျောင်းသားလေး ၂ ယောက် အိမ်ပြောင်းဖို့  တက်စီထဲ ပစ္စည်းတွေ တင်နေတုန်း လော်ရီကားက နောက်ကနေ ၀င်တိုက်လို့  ခြေထောက်တွေ အပြင်းအထန် ဒဏ်ရာရတဲ့ သတင်းကို ဖတ်ပြီး အတော် စိတ်မကောင်းဖြစ်မိတယ်။ ဒီမှာ တခုခုဖြစ်ရင် ဆေးကုသစရိတ်က အရမ်းများပါတယ်။ အသက်အာမခံ မ၀ယ်ထားရင် ပိုဆိုးပါတယ်။ ဒီကလေးနှစ်ယောက်က ကျောင်းလာတက်နေတာဆိုတော့ ဘယ်အသက်အာမခံ ၀ယ်နိုင်ပါ့မလဲ။ ကောင်မလေးရဲ့ ဆေးကုသစရိတ်ဆို ဒေါ်လာ ၇ သောင်းလောက် ကျနေပြီတဲ့။ ကိုယ်တတ်နိုင်သလောက် အလှူငွေ ပါဝင်ဖို့  အီးမေးလ်တွေ ရတော့ တော်ပါသေးရဲ့လို့  စိတ်ထဲ ဟင်းချနိုင်ပါတယ်။ ဒီနိုင်ငံမှာ မြန်မာတွေ အတော်များနေတာ တယောက်ကို အနည်းဆုံး $10 နှုန်းနဲ့  ဒါမှမဟုတ် $5 နှူန်းနဲ့ ပဲ လှူကြဦး သူတို့ အတွက် အတော် အထောက်အကူရမှာပါ။ နဲတယ်များတယ် သဘောမထားပဲ ကိုယ်တတ်နိုင်သလောက် လှူဖြစ်လိုက်တာက ပိုထိရောက်မယ်လို့  ထင်မိပါတယ်။ သူတို့ ခမျာ မိဝေးဖဝေး သူစိမ်းတွေ ကြားထဲ ကျောင်းလာတက်နေရတဲ့ အပြင် ဒီလို အဖြစ်မျိုးနဲ့  ကြုံရတော့ အတော်ကို အားငယ်ဝမ်းနည်းနေကြမှာပါ။ ဒီလို တကယ်လိုအပ်နေတဲ့သူကို လှူရတဲ့ အလှူက ပိုပြီး အကျိုးရှိပါတယ်။ တဆက်တည်း အလှူငွေ ထည့်ဝင်ဖို့  နှိုးဆော်တဲ့ volunteer တွေနဲ့  အသက်အာမခံကိစ္စ၊ ဆေးရုံကိစ္စ ကူညီပေးသူတွေကိုလဲ လေးစား ကျေးဇူးတင်မိပါတယ်။ ဘယ်နေရာရောက်ရောက် လူအချင်းချင်း ရိုင်းပင်းကူညီကြလိုတဲ့ မြန်မာလူမျိုးတွေရဲ့  စိတ်ဓါတ်ကို ဂုဏ်ယူမိပါတယ်။

ခုတလော လူက အလုပ်ရှုပ်ချက်ကတော့ သတင်းစာလဲ မဖတ်နိုင်၊ တီဗွီလဲ မကြည့်နိုင်နဲ့  မနက်မိုးလင်းတာနဲ့  ကွန်ပြူတာကြီးထဲ ခေါင်းဝင်မတတ် ညလဲအတော်မိုးချူပ်တဲ့အထိပါ။ ဟိုတနေ့ က အရာရှိက ကြားပြီးပြီလား သတင်းထူးဆိုတော့ ကျွန်မက မှုန်ဝါးဝါးနဲ့ ။ အဖေအရင်းက သူ့ မိန်းမမရှိတုန်း သူမွေးထားတဲ့ ၅နှစ်နဲ့  ၃နှစ်အရွယ် ကလေးနှစ်ယောက်ကို မီးရှို့ သတ်ပြီး သူ့ ကိုယ်သူပါ သတ်သေသွားတယ်တဲ့။ ဘုရား… ဘုရား။ အဲလိုသတင်းမျိုးကြားရရင် ရင်ထဲမှာမောပြီး အသက်ရှုတွေ ကျပ်မိတယ်။ မနှစ်ကလဲ အမျိုးသမီးတယောက် သူ့ ကလေးနှစ်ယောက်နဲ့ အတူ သတ်သေသွားတာ ကြားရသေးတယ်။ ခုလာပြန်ပြီ။ အရာရှိက အဲဒီသတင်းကြားရတာ သူအရမ်းpainful ဖြစ်တယ်လို့  ပြောတော့ ကိုယ်လဲ နားလည်မိပါတယ်။ မိခင်တွေဆို ခံစားချက်က ပိုဆိုးမယ်ထင်တယ်လေ။ အဲဒီမှာ ထုံးစံအတိုင်း စဉ်းစားပြီး မေးမိတာပါပဲ။ ဒီမှာက အိမ်ခန်းလေးတွေနဲ့  နေတာ။ ဟိုဘက်အခန်းက ချောင်းဟန့် တာတောင် ဒီဘက်အခန်းက ကြားရတတ်သေးတာ။ ဒီလောက် မီးရှို့ သတ်တာတောင် အိမ်နီးချင်းတွေက မသိလိုက်ဘူးတဲ့လား။ နဲနဲလေးမှ သံသယမဖြစ်ဖူးတဲ့လား။ ကလေးတွေရဲ့ “အဖေရယ်မလုပ်ပါနဲ “့ ဆိုတဲ့ အသံကိုတောင် အိမ်နီးချင်းတချို့ က ကြားတယ်ဆိုပဲ။ တခုခုပုံမှန်မဟုတ်ပဲ ဖြစ်ပျက်နေတာ တကယ်တော့ သိသာမှာပါ။ နေနိုင်လွန်းတဲ့ စိတ်တွေ။ တကယ်လို့ များ အပြင်က တံခါးဘဲလ်ကို နှိပ်တာပဲဖြစ်ဖြစ်၊ ရဲကို ဖုန်းလေး တချက်ကောက်လှည့်တာပဲ ဖြစ်ဖြစ် လုပ်လိုက်နိုင်ရင် ကလေးတွေရော လူကြီးအသက်ပါ ကယ်တင်နိုင်ရင် ကယ်တင်နိုင်မှာပါ။ (မနှစ်က ပို့ စ်တခုမှာ လေးလောင်းပြိုင်လူသတ်မှုတခုမှာလဲ အဲဒီလို တွေးပြီး ရေးခဲ့ဖူးပါတယ်)။ အရာရှိက သူ့ နိုင်ငံဖြစ်ပေမယ့် ကိုယ်ထောက်ပြတာကို လက်ခံတယ်။ နောက်ပိုင်းမျိုးဆက်တွေ ပိုဆိုးလာတယ်လို့  သူက ဆိုပါတယ်။ သားအတွက်တွေးပူမိရင်း မိဘဆရာတွေ့ ဆုံပွဲ ကြိုတင်ဆွေးနွေးတဲ့ formထဲမှာ ကလေးတွေ တယောက်နဲ့ တယောက် ပိုချစ်ခင် သံယောဇဉ်ရှိကြဖို့  မေတ္တာထားတတ်ဖို့  ရိုင်းပင်းကူညီတတ်ဖို့ programလေးတွေ သင်ရိုးထဲ ထည့်သင်ဖို့ အကြံပေးမိတယ်။

ဟိုတလက အိပ်ခါးနီး တခုခုတူးတဲ့ အနံ့ ရလို့  အမျိုးသားကို အဖော်စပ်တော့ သူလဲ အနံ့ ရတယ်တဲ့။ တူးနံ့ က အမဲသားလို အသားတမျိုးတူးနံ့ ပါ။ အဲဒီနေ့ က အိမ်မှာ မီးခိုးတိတ်ဆိုတော့ ကိုယ့်အိမ်က မဟုတ်တာသေချာတာမို့  မိုးချူုပ်မှ ဟင်းချက်တတ်တဲ့ အောက်ထပ်အိမ်ကလို့ ပဲ စိတ်ထဲထင်မိတာ။ တဖြေးဖြေး အနံ့ က ဆိုးလာတဲ့ အပြင် မီးခိုးတွေပါ အပေါ်ရောက်လာတော့ နှစ်ယောက်လုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ်။ တံခါးဖွင့်ပြီး အပြင်ထွက်ကြည့်တော့ မီးခိုးတွေ တွေ့ ရပါတယ်။ အိမ်နီးနားချင်းတွေ တုပ်တုပ်မှ မလှုပ်ကြတော့ မနေနိုင်ပဲ တံခါးတွေ ခေါက်မေးမိတယ်။ သူတို့ ကလဲ အဲဒီတော့မှ ပြာပြာသလဲ။ သူတို့ အိမ်တွေက မဟုတ်တာ သေချာတဲ့အခါ အမျိုးသားက ဘယ်ကလဲ သေချာအောက် တိုက်အောက်ဆင်းကြည့်ပါတော့တယ်။ ၆ ထပ်က လူကြီးတယောက်က တတိုက်လုံး ထူးထူးခြားခြား သူတယောက်ပဲ ထွက်ကြည့်ပြီး တိုက်အောက်ရောက်နေတဲ့ အမျိုးသားကို အော်ပြောပါတယ်။ ၅ ထပ်က… မင်းလဲ တက်လာခဲ့ ငါနဲ့ အတူသွားမယ်တဲ့။ သူတို့  နှစ်ယောက်သွားပြီး တံခါးခေါက်တော့ ဘယ်သူမှ တံခါးလာမဖွင့်ပေးပါဘူး။ သူတို့ လဲ တံခါးကို မရရအောင် ဖွင့်မှ ဖြစ်မယ်လို့  တိုင်ပင်နေတုန်း လူငယ်လေးတယောက် အပြင်က ပြန်လာပုံနဲ့  ပြေးလာပြီး ဒါင့ါအိမ်ဆို တံခါးဖွင့်ပါတယ်။ တံခါးဖွင့်လိုက်မှ အိမ်ထဲဘာမှ မမြင်ရအောင် မီးခိုးတွေ ပိတ်မှောင်နေတယ်ဆိုပဲ။ ခဏနေတော့ မီးခိုးကြားထဲက အဖိုးကြီး တယောက်ထွက်လာမှ အားလုံးသဘောပေါက်ပါတော့တယ်။ လူငယ်လေးက ငါ့အဖေဟင်းချက်ပြီး မေ့သွားတယ်ထင်တယ်တဲ့။ မီးဖိုကတော့ မီးတွေတောက်နေလို့  အကုန်ဝိုင်းပြီးငြှိမ်းရပါတယ်။ ကံကောင်းလို့ ပါ။ တကယ်လို့ သာ လူငယ်လေး အချိန်မှီရောက်မလာခဲ့လို့ ရှိရင်… ကျွန်မအမျိုးသားနဲ့  ၆ထပ်က လူကြီးသာ ငါ့အိမ်က ညှော်တာမှ မဟုတ်တာဆိုပြီး အိမ်တံခါးလေး အသာပိတ်နေခဲ့ရင် အိပ်ပျော်နေတဲ့ အဖိုးကြီး မီးခိုးငွေ့ တွေထဲ တခုခုဖြစ်သွားနိုင်တဲ့အပြင် အဲဒီအခန်းကစတဲ့ မီးက ဘယ်လောက်ထိ ပျံ့ နှံ့ သွားမယ် မသိပါဘူး။ ကြွက်ကလေး ကြွက်ထောင်ချောက်တွေ့ တဲ့ ပုံပြင်လိုပါပဲ။ ငါနဲ့ မဆိုင်ဆို ဘာသိဘာသာနေခဲ့ရင် တချိန်ကျ ငါ့ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသလိုပဲပေါ့။ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ဖတ်စာလေးသွားသတိရတယ်။ လဲနေသူကို ထူပေးပါ… အားငယ်သူကို အားပေးပါတဲ့။

ဒီမှာ အဲဒီလို တယောက်နဲ့ တယောက် နွေးထွေးမှုတွေ ပါးလျလာလို့  ထင်တယ်။ ကိုယ့်ကိုယ်ကို သေကြောင်းကြံတဲ့ အဖြစ်တွေ၊ ရထားလမ်းထဲ အတင်းခုန်ချတဲ့အဖြစ်တွေ၊ ယဉ်ယဉ်လေးရူးရတဲ့အဖြစ်တွေ အတော်ကိုများပါတယ်။ ရုံးမှာ အဲဒီလို အခက်အခဲတွေ ခံနိုင်ရည်မရှိတဲ့အခါ တယောက်ထဲမြိုသိပ်မထားဖို့  အကြံဥာဏ်တောင်းခံဖို့  counselor လုပ်တဲ့ company တခုကို ငှားထားပါတယ်။ အဲဒီသတင်းကြားမိတော့ အဖိုးကို သတိရမိတယ်။ ဟိုတခါ အညာပြန်တော့ ကိုယ်နဲ့ စိမ်းတဲ့ မျက်နှာစိမ်းတွေ အဖိုးဆီ ၀င်လိုက်ထွက်လိုက်နဲ့ ။ သူတို့ က တိုးတိုး တိုးတိုးနဲ့  ပြောကြတော့ ကိုယ်လဲ စပ်စုမရ။ နောက်မှ သိရတာက အဖိုးတို့  ရပ်ကွက်ထဲက ကတောက်ကဆ ဖြစ်ကြတဲ့ လင်မယားတွေတို့  သားအဖအချင်းချင်း နားလည်မှုလွဲကြတာတွေကို အဖိုးဆီမှာ အဆုံးအမလာခံ အကြံဥာဏ် လာယူကြတယ်ဆိုပဲ။ ကျွန်မအဖိုးက အသက်၉၀နားနီးနေပြီဆိုတော့ ရပ်ကွက်ထဲက အကြီးဆုံးကို ဂါရ၀ပြူ အဆုံးအမ နာယူကြတာ ကြားရတာ ကြည်နူးစရာပါ။ သူများအပူကို မျှယူဖြေရှင်းပေးလို့  အပူတွေ ငြိမ်းသွားတာ သူလဲ ဘယ်လောက်ကုသိုလ်ရလိုက်ပါသလဲနော်။ ဒီနိုင်ငံက counselor အယူအဆလိုမျိုးကို ကျွန်မတို့ နိုင်ငံမှာတော့ ဟိုးရှေးခေတ်ကတည်းက ယဉ်ကျေးမှုတရပ် အနေနဲ့  ကျင့်သုံးလာတာ ဂုဏ်ယူစရာကောင်းလှပါတယ်။ ရပ်ကွက်ထဲ အချင်းချင်း ရန်ဖြစ်ကြရင်ပဲဖြစ်ဖြစ်၊ လမ်းမှာကားပေါ်မှာ ခရီးသွားအချင်းချင်း ကတောက်ကဆ ဖြစ်ကြရင်ပဲ ဖြစ်ဖြစ် ဖြန်ဖြေမယ့် counselorတွေက သူ့ အလိုလို အနီးအနားပတ်ဝန်းကျင်မှာ ပေါ်လာအောင် နီးစပ်လွန်းတဲ့ နှလုံးသားတွေ သံယောဇဉ်တွေကို ကျွန်မဖြင့် စေ့စေ့တွေးလေ ကြက်သီးမွှေးညှင်းထအောင် အံ့သြလေပါပဲ။

မနက်ဖြန် Nov 13th က World Kindness Dayပါ။ ကြင်နာမှုတွေ ရှားပါးတဲ့ အရပ်မှာ ကျွန်မ အီးမေးလ် တစောင် ခုလေးတင်ရပါတယ်။ ကျွန်မတို့  ဋ္ဌာနရဲ့ Kindness Dayကို ဂုဏ်ပြုတဲ့ အစီအစဉ်ကတော့ နေ့ တဓူဝ ကျွန်မတို့ ပတ်ဝန်းကျင်လေး သန့် ရှင်းသပ်ရပ်အောင် စေတနာ အပြည့်နဲ့  လုပ်ပေးရှာတဲ့ သန့် ရှင်းရေးအန်တီကို လက်ဆောင်လေးပေးဖို့  ကိုယ်တတ်နိုင်သလောက် ပါဝင်လှူဒါန်းကြတဲ့ အစီအစဉ်ပါပဲ။ အဲဒီလို မေတ္တာတရားလေးတွေနဲ့  နွေးထွေးတဲ့ ပတ်ဝန်းကျင်လေးဖြစ်အောင် လှုံ့  ဆော် စည်းရုံးပေးတဲ့ ကျွန်မလုပ်ဖော်ကိုင်ဖက် အမကြီးကို အရမ်းလေးစားကြည်ညိုမိပါတယ်။ အထူးသဖြင့် သူရွေးချယ်လိုက်တဲ့သူဟာ ကျွန်မသံယောဇဉ်ကြီးရတဲ့၊ အလုပ်မလာရင် နေများမကောင်းလို့ လားလို့  စိုးရိမ်မိတဲ့၊ သူ့ အိမ်က အပင်သေးသေးလေးတွေကို ကျွန်မအလုပ်စားပွဲဘေးမှာ အလှဆင်ဖို့  ပန်းအိုးလှလှလေးနဲ့  လက်ဆောင်ပေးတတ်တဲ့၊ သန့် ရှင်းရေးလုပ်တဲ့အခါ သူ့ အိမ်သူရာလို စေတနာထားလုပ်ပေးတတ်တဲ့ သန့် ရှင်းရေးအန်တီဖြစ်နေလို့  ပိုလို့ ကြည်နူးဝမ်းသာမိပါတယ်။ World Kindness Dayမှာ ကိုယ့်ပတ်ဝန်းကျင်က တစုံတယောက်ကို ကူညီဖြစ်အောင် ကူညီကြစို့ လား။

(Nov 13th World Kindness Day အမှတ်တရ)
(တခါတခါ အကြောင်းအရာ သေးသေးလေးတွေကို ရေးချင်ပြီး ပို့ စ်တခုလို ချဲ့ ရေးပြန်လဲ မကောင်း… ရေးကလဲရေးချင်ဆိုတော့… မရေးဖြစ်ပဲ စိတ်ထဲမှာသာ ရှိပြီး ပျောက်သွားတာ အတော်များပါတယ်… ဟိုတခါက ဟိုဟိုဒီဒီဆိုပြီး အသုတ်စုံလို ရေးခဲ့ဖူးပါတယ်… ခုလဲ အဲဒီလို အကြောင်းအရာလေးတွေ ရေးချင်လာပြန်တာကြောင့် ဟိုဟိုဒီဒီ နိုဝင်ဘာလို့  ပေးပြီး ရေးလိုက်ပါတယ်… နောင်လဲ ရေးဖြစ်တဲ့လလေး နောက်ကထည့်ပြီး ဟိုဟိုဒီဒီလေးတွေ စိတ်ထဲပေါ်ရင်ပေါ်လာသလို ရေးမိနေဦးမယ် ထင်ပါတယ်… တကူးတက ဖတ်ပေးကြတာ ကျေးဇူးအများကြီးတင်ပါတယ်)


တန်ခူး
5:36pm 12-Nov-2009

24 comments:

Unknown said...

အစ်မရေ အဲဒီ ၃လောင်းပြိုင်လူသတ်မှုက ညီမတို့ block မှာဖြစ်တာ။ ည၁0နာရီလောက် ကွဲကျသံ နဲ့ လူတွေဆူသံကြာလို့ဆင်းကြည့်တော့ လူတစ်ယောက် ၁၂ထပ်ကခုန်ချသေနေတာ။ သူနေတာ က ၆ထပ်မှာ။ ချက်ချင်းမသေဘူး ဆေးရုံရောက်မှသေတာ။ ဒီနေ့မှ အသုဘချတာ။ နောက်မှသိရတာက သူ့ကလေးနှစ်ယောက်ကို လည်ပင်းညှစ်သတ်ပြီး အိမ်ကိုပါမီးရှို့တာတဲ့။ သူက စင်ကာပူက ဆူရှီဆိုင်တွေ ရဲ့မန်နေဂျာတဲ့။ လခလဲကောင်းမဲ့ပုံပဲ။ လောင်းကစားကြောင့်လို့ သတင်းမှာပါတယ်။ အကြွေးတွေတင် ငွေတွေချီး နဲ့ နောက်ဆုံးမခံနိုင်လို့ အဲလိုဖြစ်သွားတယ်ထင်ပါတယ်။ မသေခင်ကလဲ အရက်တွေသောက်လို့ ကြောင်များကြောင်သွားလား မသိပါဘူး။ ကလေးတွေက သနားစရာ ၃နှစ်နဲ့ ၆နှစ် တဲ့။ ဒီနေ့ အသုဘချတော့ အခေါင်းသုံးခုနဲ့ သနားစရာပါ။ ညီမက တော့ ညညကြောက်ကြောက်နေမိတယ်။ ကိုယ်ကိုယ်တိုင်ကလဲ သွားကြည့်မိတာကိုး။
ဘုရားစာပဲရွတ်ရမလို။ ကြောက်နေမိလို့ ခုတလော ညည စောစောအိပ်ဖြစ်တယ် :)

tg.nwai said...

အော်..ဟတန်ခူးရဲ့ ဟိုဟိုဒီဒီနိုဝင်ဘာဖတ်ပြီးး ကြောက်လ့လန့်သံဝေဂ ရ၊ ခက်တာပဲနော်..လူတွေလည်း အသိဉာဏ်ဆင်ခြင်တုံတရားတွေ ပျောက်ဆုံးကုန်ပြီထင်ရဲ့။ ဒါလည်း တိုးတက်လာနေတဲ့ မြို့ပြရဲ့ ဆိုးကျိုးတခုထင်ပါတယ်လေ..

နှင်းနဲ့မာယာ said...

Nov 13 က World Kindness ဆိုလို့ ဝမ်းသာမိပါတယ်...
အခုလေးတင် သူငယ်ချင်းနဲ့ပြောနေတာက
ဒီမှာလေ

"u discussed about superstitious
so, how abut tomorrow
most westerners assumed
that 13 and friday is unlucky day
"

ဘာပဲပြောပြော World Kindness day ဆိုတာလေးအတွက် ကောင်းတဲ့နိမိတ်လေးပဲလို့ ခံယူလိုက်ပါတယ်....

မတန်ခူးရဲ့ နိုဝင်ဘာလေးကို သဘောကျမိတယ်...

ညီမ နှင်း

rose of sharon said...

ရေးသာရေး...အမြဲလာအားပေးမယ်...

Rita said...

အရမ်းကောင်းတဲ့ post လေးပါ အစ်မ။
ရင်ထဲကို ထိတယ်။

nu-san said...

အမရဲ့ ဟိုဟိုဒီဒီ နိုဝင်ဘာက သည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲတွေလိုပဲ.. လူသတ်တဲ့အမှုတွေတော့ ဒီမှာလည်း ခဏခဏ ကြားရတယ် အမရယ်..သေသွားတဲ့ ကလေးလေးတွေ သနားပါတယ်.. သူ့အမေတော့ ရင်ကျိုးမှာပဲ.. ဘယ်လို ၀ဋ်တွေလည်းမသိဘူးနော်..

အမရေ.. မီးခိုးတွေ ဒီလောက်မွှန်နေတာ အဖိုးကြီး မသိဘူးနော်.. သူအသက်ရှုမကျပ်ဘူးလားမသိဘူး.. ကံကောင်းလို့.. အမတို့ အထပ်မှာ ဖြစ်တာဆိုတော့ အမတော့ တော်တော် လန့်သွားမှာပဲ..

အခုလိုရေးထားတာလေးတွေ ဖတ်ရတာ သတင်းအတိုလေးတွေ ဖတ်ရသလိုပဲ.. စိတ်ဝင်စားဖို့ကောင်းတယ် အမ.. :)

Shinlay said...

ဒုက္ခတွေနော်။ စိတ်ညစ်စရာတွေနဲ့ ပြည့်နေတဲ့ လောက
ကြီးလို့ တောင်ပြောရမလိုပဲ။
ဆောင်းတွင်းက မှောင်မှောင်၊ အေးအေး....
လူတွေလည်း စိတ်ဓါတ်ကျကြတယ်။ လောကကြီးကို
အရှုံပေးချင်ကြတယ်။

မီယာ said...

ဖာသိဖာသာ နေတတ်ကြတဲ့ စရိုက်က အိမ်နီးချင်းတွေ ခပ် ကင်းကင်းနေဖို့ ဖြစ်လာသလိုပဲ... တလောက TV မှာ တွေ့လိုက်ရတာက နေ့ခင်း ကြောင်တောင် လူတယောက် ကားတိုက်ပြီး လဲနေတာ လမ်းသွား လမ်းလာတွေက ကျော်သွားကြတာလေ... အမရဲ့ ဒီပို့စ် ဖတ်ပြီး ငယ်ငယ်က ဖတ်စာထဲက ကောင်းမှုတခု နေ့စဉ်ပြု ကို သတိရတယ်။

khin oo may said...

ညက ပြန်လာတော့ အဖိုးကြိးတစ်ယောက်တုန်ချိတုန်ချိနဲ့ ဘက်စကားပေါ့်က နေဆင်းလာတယ် ကြည့်ရတာ ကားမှားသွားလို့ကားဆရာက ဆင်းပေးလိုက်တဲ့ပုံဘဲ။ လူတွေလဲ အများကြီးကားဂိတ်မှာရှိပါတယ်။ အဖိုးကြီးက တုန်ချိတုန်ချိနဲ့ လည်ပင်းက ဆွဲထားတဲ့အိတ်ထဲက တစ်ဆယ်တန်ကိုထုတ်တယ်။ မော်ဒယ်အောက်နေတဲ့ ဖုံးတစ်ခုကို ထုတ်တယ်။ ဖုံးကို မျက်မှန်ကြီးတပ်ပြီးနိပ်နေတယ်။ ကိုယ်လေ ဘာအကူအညီလိုလေး ပေးဘို့အရမ်းမေးချင်တယ်။ အိမ်လိုက်ပို့ရမလား ကားငှားပေးလိုက်ရမလား ခက်တာ ကအဲဒီနေရာကို အငှားကားလာလို့မရဘူး။ ဘတ်စကားစီးပြီးမှ အငှားကားဆီကိုရောက်မှာ လူတွေ အားလုံးက ဘာသိဘာသာ ဆိုတော့ မေးရခက်နေတယ်။ ငါဘဲ လူစွမ်းကောုင်းလုပ်ရာ ရောက်မလား. အဖိုးကြီးက မာနကြီးကြီးနဲ့ မလိုပါဘူးကွယ်ကျေးဇူးပါဘဲ လို့များပြောလိုက်မလား သူ့ကိုမျှားစော်ကားရာရောက်သွားမလား အတွေးတွေ တပုံကြီးနဲ့ ကားပေါ်တက်ခဲ့မိတာ ကိုယ့်ကိုယ်ကို နောင်တ ရလို့မဆုံးဘူး အဲဒီအချိန်မှာ ကားကလဲရောက်လာတယ်အရမ်းနောက်ကျနေလို့ကားကိုမြင်တာနဲ့ပြေးတာက်ခဲ့မိတာ နောင်တရမဆံုးးဘူး ငါတစ်ခွန်းောလက်တော့မေးလိုက်သင့်တယ်ဆို့ နောင်တရနေမိတယ်။ အဖေအရွယ်တွေ ကိုမြင်ရရင် အရမ်းချစ်ပါတယ။

Anonymous said...

မြန်မာကျောင်းသားလေး ၂ ယောက် အိမ်ပြောင်းဖို့  တက်စီထဲ ပစ္စည်းတွေ တင်နေတုန်း လော်ရီကားက နောက်ကနေ ၀င်တိုက်လို့  ခြေထောက်တွေ အပြင်းအထန် ဒဏ်ရာရတဲ့ သတင်းကို ဖတ်ပြီး အတော် စိတ်မကောင်းဖြစ်မိတယ်။

when i received mail. They didn't shown in detail for accident..so, i ask to ..someone.. why did they got accident..?
Now I know well, it's needed to support for them.

Ama,.. in here, we have to pay.. health insurance and accidental insurance even we r students.
Discounts money have to pay such kind of insurance.

ama,...

afraid to read in S..

Here, currently,.. a lot of criminal cases r happening.

Momiji

Moe Cho Thinn said...

အရမ်းကောင်းတဲ့ ပို့စ်လေးပါပဲ အမရေ..
ဒီမှာလဲ အဲဒီလို အေးစက်တဲ့ ဆက်ဆံရေးမျိုးဆို မနေတတ်လို့ ကိုယ်ကစ ပြီး အမြဲ ပူနွေးမိတယ်။ သူတို့ပြည်မှာ နေရလို့ သူတို့လိုတော့ မနေနိုင်ပေါင်။

ကလေးတွေကို မီးရှို့သတ်တဲ့ ကလေးအဖေကိုတော့ ဘယ်လိုနားလည်ရမယ် မသိ။ အဖေရယ် မလုပ်ပါနဲ့ ဆိုတဲ့ အသံလေးကြားရတယ် ဆိုတာကို ဖတ်ပြီး ငိုချင်လိုက်တာ..

ကျော် said...

နောက်ဆုံးတော့ လူလောကရဲ. Stress တွေပေါ့ . . . အဲဒီ အဖေကလဲ သူ.ဘာသူ သေချင်သေတာ မဟုတ်ဘူး . . အပြစ်မဲ့တဲ့ ကလေးတွေကို သတ်သေးတယ် . . . ဂျပန်မှာလဲ သားသမီးက အဖေ အမေ ကို ပြန်သတ်၊ မိဘက သားသမီး သတ်တဲ့ case တွေ သတင်းမှာ မကြာခဏတွေ.တယ် . . . ကြောက်စရာကြီး . .
~ ကမ္ဘာကြီး ငြိမ်းချမ်း ပျော်ရွှင်ပါစေ ~

ပုံရိပ် / Pon Yate said...

မတန်ခူးရေ ဖတ်ပြီးတော့ အိမ်နီးချင်း ဆိုလား မိုးမိုး(အင်းလျား)ရဲ့ ၀တ္ထုထင်တယ်။ အဲဒီဝတ္ထုကို သတိရမိတယ်။ မြန်မာပြည်မှာ အိမ်နီးချင်းတွေ စပ်စုတတ်ကြသလို အရေးကြုံလာတော့လည်း အကူအညီ ရကြောင်း ရေးထားတာ။ အခု အစ်မပြောသလိုပဲ မြို့ပြရဲ့ အကျိုးဆက်တွေလား၊ လူတွေက သီးသန့်ဆန်လာကြတယ်။

Sonata Cantata said...

TV သတင်းမှာ ကြည့်လိုက်ရပါတယ်။ ကြောက်စရာကောင်းတဲ့ စိတ်..စိတ်..စိတ်

World Kindness Day နှိုးဆော်စာ အတွက် ကျေးဇူးပါ တန်ခူးရေ...

သက်ဝေ said...

တန်ခူးရေးထားတာ စုံလင်နေတာပါပဲ...
ဖတ်လို့ ကောင်းတယ်...။
တိုက်ပေါ်က ခုန် ခုန်ချတတ်တဲ့အကြောင်းတွေ အခုတလော မကြာခဏ ကြားနေရတယ်... ကြောက်တယ်...

** World Kindness Day အကြောင်း အသိပေးထားတာ အတွက် ကျေးဇူးပါ တန်ခူးရေ...

သက်ဝေ said...

ပုံရိပ်ပြောတဲ့ စာအုပ်က သိပ်ကောင်းပါတယ်...။
မိုးမိုး (အင်းလျား) ရဲ့ မြစိမ်းပြာ ကမာရွတ် တဲ့...
ကိုယ့်ဆီမှာရှိတယ်..
တန်ခူးဖတ်ချင်ရင် ငှားနိုင်ပါတယ်...။

အိမ့်ချမ်းမြေ့ said...

စင်္ကာပူလို တိုင်းပြည်မှာတောင် ဒီလိုတွေဖြစ်တတ်လာတာ သိရတာ.. စိတ်မကောင်းဘူး.. မ။

Anonymous said...

hello thet wai,

Mya Sein Pyar is not written by Moe Moe(IL), the author is Nu Nu Yi ( innwa)

Rita said...

အစကတော့ နားမလည်ဘူး။ သေကြောင်းကြံကြတာကိုပဲ ဘာလို့ သက်တောင့်သက်သာနည်းကို မရွေးကြဘဲ ရုပ်ပျက်ဆင်းပျက် နာကျင်မယ့် နည်းကို ရွေးကြတာလဲလို့။ ဘာဖြစ်လို့များ အေးအေးသက်သာ အိပ်ဆေးလေး သောက်မအိပ်တာလဲလို့။

ဒီနေ့ Taxi Driver ကြည့်ပြီး တွေးမိတယ်။
သူတို့တွေက လူအများ အာရုံစိုက်တာကိုပါ လိုချင်ကြတာလား မသိဘူးနော်။

ThuHninSee said...

ဒီမှာလဲ ဖာသိဖာသာပါပဲ။း(
မသက်ဝေ.. မြစိမ်းပြာ ကမာရွတ်က
နုနုရည်အင်းဝ ရေးတာလေ။ အမျိုးသားစာပေဆုရတာ။

သက်ဝေ said...

To Anonymous & Mon (Thu Hnin See)...

Yes...
Mya Sein Pyar is written by Nu Nu Yi (In Wa)...
Sorry for my mistake...

ခင်မင်းဇော် said...

စိတ်မကောင်းလိုက်တာ တန်ခူးရယ်...
လူအချင်းချင်း ကူညီဖို့ကိုတော့ ကြိုးစားကြရမယ်..
ကိုယ်က စရမယ်။
အမတို့ဆီမှာလဲ နယ်စပ်ကဆိုတော့ တချို့လူတွေ မျက်စိလည်နေတာ မသိတာတွေ ဖြစ်နေရင် အမကတော့ သွားမေးတာပဲ.. တခါတလေကျ သူတို့က မပြောဘူးသိလား ကြောက်လို့ထင်တယ်။ ဒါပေမယ့်လဲ မေးရမယ့်တာဝန်က ကိုယ့်ဆီမှာ ရှိတာပဲ။
အမ ခင်ဦးမေ နောက်တခါ အဲလိုအဖိုးကြီးတွေ ရှိရင် အမစိတ်ထဲကအတိုင်း ကူညီနိုင်ပါစေနော်။

ခွန်မြလှိုင် said...

အမတန်ခူးနော်.... သူများက ဂွကျလို့လားလို့ :P

Htet Yee Thitsar said...

စာလာဖတ်သွားပါတယ်...