Tuesday, October 13, 2009

ပိန္နဲစေ့ဟင်း

ပိတ်ရက် ဈေးသွားရင် သမားရိုးကျဟင်းတွေ ချက်ရတာ ငြီးငွေ့ လို့  ဘာလေးများ ထူးထူးဆန်းဆန်း ရှိမလဲလို့  မျက်စိကစားတတ်တာ ကျွန်မအကျင့်။ ပြီးခဲ့တဲ့အပတ်က ဈေးရောက်တော့ ပိန္နဲမွှာ အကြီးကြီးတွေ တွေ့ တာနဲ့  ပိန္နဲစေ့ဟင်း ချက်စားဖို့  သွားသတိရပါတယ်။ ထမင်းမြိန်တဲ့ ဟင်းတခွက်ဖြစ်တဲ့ အပြင် သက်သက်လွတ်စားသူများ အတွက်လဲ သက်သက်လွတ်ချက်လို့  ရတာမို့  ဘလော့ရောင်းရင်းတို့ အတွက် ဝေမျှလိုက်ပါတယ်။

ပိန္နဲစေ့ဟင်းကို ကျွန်မကို မိတ်ဆက်ပေးခဲ့တာ RITတုန်းက တွဲခဲ့တဲ့ သူငယ်ချင်း ရခိုင်မလေးပါ။ သူတို့ အိမ်မှာ ထမင်းသွားစားရင်းနဲ့  ပိန္နဲစေ့ဟင်းကို အစွဲကြီးစွဲခဲ့ရတာပါ။ အဲဒီတုန်းက ခုလို အစာအိမ်ရောဂါမရှိသေးတော့ ပိန္နဲစေ့ဟင်းခပ်ပြင်းပြင်းလေးကို ငရုတ်သီးငါးခြောက်ကျော် စပ်စပ်လေးနဲ့  တရှုးရှုး တရှဲရှဲ ဖြစ်အောင် စားရတာများ ခုပြန်တွေးတောင် အရသာရှိတုန်း။ ခုတော့ ပိန္နဲစေ့ဟင်းစားချင်ရင် အချိုချက်ပဲ ချက်စားဖြစ်ပါတော့တယ်။ ပေါက်ပေါက်ရှာရှာ သိပ်မစားတတ်တဲ့ ကျွန်မခင်ပွန်းတောင် ခံတွင်းတွေ့ တဲ့ဟင်းမို့  ဘလော့ရောင်းရင်းတို့ လဲ နှစ်သက်လိမ့်မယ်လို့  မျှော်လင့်မိပါတယ်။

တကယ်တော့ ပိန္နဲစေ့ဟင်းက သာမာန်ဟင်းတွေလိုပဲ လွယ်လွယ်ကူကူ ချက်လို့ ရတဲ့ ဟင်းပါ။ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ပိန္နဲမွှာ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆီ၊ ဆား (သက်သက်လွတ်အတွက် ဆား၊ အချိုချက်အတွက် ငံပြာရည်၊ အစပ်ချက်အတွက် ငါးပိ)၊ နှမ်း၊ အစပ်ချက်အတွက် ငရုတ်သီးစိမ်း ၄ ၅ တောင့်ပါပဲ။

ပိန္နဲမွှာထဲက ပိန္နဲစေ့လေးတွေ ထုတ်ပြီး ရေစင်အောင် ဆေးပါ။ ပြီးတော့ ဆားအနည်းငယ်ထည့်ပြီး နူးသည်အထိပြုတ်ပါ။ အရမ်းပျော့အောင် မထားရပါဘူး။ နူးတဲ့အခါ အခွံကြည်လေးတွေ နွှာပြီး နှစ်ခြမ်းခွဲပါ။



အသင့်ထောင်းထားတဲ့ ကြက်သွန်ဖြူနီကို ထုံးစံအတိုင်း နနွင်းမှုန့် ၊ အရောင်တင်မှုန့် ထည့်ပြီး ဆီသတ်ပါ၊ အစပ်ချက်အတွက်ဆို အသင့်ထောင်းထားတဲ့ ငရုတ်သီးစိမ်းလေးတွေပါ ထည့်ဆီသတ်ရပါမယ်။ ကြက်သွန်ညှိးပြီး မွှေးလာတဲ့အခါ ငံပြာရည်(သို့ ) ဆားအနည်းငယ် (အစပ်ချက်အတွက်ဆို ငါးပိ) ထည့်ပေးပြီး ခဏမွှေပါ။ ပြီးတဲ့အခါ ပိန္နဲစေ့လေးတွေ ထည့်ပြီး လုံးပါ၊ ၅မိနစ်လောက်လုံးပြီး ရေအနည်းငယ်ထည့်ပြီး ရေခမ်းခါနီးအထိ ပွက်ပါစေ။





ရေခမ်းခါနီးမှာ နှမ်းလေးတွေ ဖြူးထည့်ရပါမယ်။ ပြီးတော့ နှမ်းလေးတွေ နှံ့ သွားအောင် မွှေပေးပါ။ နှမ်းနဲ့  ပိန္နဲစေ့လေးတွေ ခပ်ထွေးထွေးဖြစ်သွားတဲ့အခါ ချလို့ ရပါပြီ။ အစပ်ချက်အတွက်ဆို ဆီသတ်တုန်းက ဆီလျှော့ထည့်ပြီး အရည်စပ်စပ်လေးနဲ့ ချရင် ပိုစားကောင်းပါတယ်။








တွဲဖက်စားလို့ ကောင်းတဲ့ဟင်းကတော့ အာဗြဲခြောက်ကျော် ကြွတ်ကြွတ်လေးနဲ့ ပေါ့။ ပိန္နဲသီးများ လွယ်လွယ်ကူကူ ၀ယ်လို့ ရခဲ့ရင် စမ်းကြည့်ပါလားမိတ်ဆွေ။ ထမင်းမြိန်မှာ အာမခံတယ်ဗျို့ ။

တန်ခူး
9:38pm 13-Oct-2009

18 comments:

သက်ဝေ said...

အဆန်းပဲ.. တခါမှ မစားဖူးဘူး..
တန်ခူး ချက်ထားပုံလေးကလဲ စားချင်စရာ...
ဒါပေမယ့် အခု လောလောဆယ် စိတ်ထဲ ရောက်နေတာကတော့ ရှမ်းခေါက်ဆွဲနဲ့ ကောက်ညှင်းပေါင်းပါပဲ... :D

သိင်္ဂါကျော် said...

ပိန္နဲစေ့ကို ဟင်းတော့ ချက်မစားဖူးဘူး။ ဒီတိုင်း ပြုတ်စားတာတော့ ကြိုက်တယ်။ ချက်ထားတာ ကောင်းမယ့်ပုံပဲ။

kay said...

ကျ မတို့က..ရိုးရိုး ပြုတ်စားတာ.. စိမ့်နေတာပဲနော်..
ခုတော့..ဝေးးးးးးးးးး

rose of sharon said...

ဒီဟင်းကအဆန်းပါလား

Anonymous said...

အဲ့ ပန်းကန်ထဲကဟင်းပဲ စားချင်တာ
အဲ့ ပန်းကန်ထဲကဟင်းပဲ စားချင်တာ

Moe Cho Thinn said...

တခါမှ မစားဖူးဘူး။ ပြုတ်ပြီး ဆားနဲ့တို့စားဖူးတယ်။ အမ လက်ရာက အမိုက်စားပဲ။ စားကောင်းမှာ သေချာတယ်။

tg.nwai said...

တန်ခူးရေ..ဒီဟင်းမစားဖူးဘူး..စားကောင်းမယ့်ပုံလေးပဲနော်.. နှမ်းလေးပါ ပါတယ်ဆိုတော့ မွှေးမှာပဲ.. ပိန္နဲသီးစေ့ကတော့ အသီးစားတိုင်း ပြုတ်စားနေကျ။ ဒါပေမယ့် ဟင်းချက်စားလို့ရတာ မသိဘူးလေ..။ ကြည့်ရတာတော့ လွယ်သား..ဟဲဟဲ။ ချက်စားကြည့်ဦးမယ်.. လွယ်ကူမြန်ဆန် အရသာကောင်းတဲ့ ဟင်းတစ်ခွက်တွက် ကျေးဇူးနော်..။

tg.nwai said...

တန်ခူးရေ..ဒီဟင်းမစားဖူးဘူး..စားကောင်းမယ့်ပုံလေးပဲနော်.. နှမ်းလေးပါ ပါတယ်ဆိုတော့ မွှေးမှာပဲ.. ပိန္နဲသီးစေ့ကတော့ အသီးစားတိုင်း ပြုတ်စားနေကျ။ ဒါပေမယ့် ဟင်းချက်စားလို့ရတာ မသိဘူးလေ..။ ကြည့်ရတာတော့ လွယ်သား..ဟဲဟဲ။ ချက်စားကြည့်ဦးမယ်.. လွယ်ကူမြန်ဆန် အရသာကောင်းတဲ့ ဟင်းတစ်ခွက်တွက် ကျေးဇူးနော်..။

pandora said...

ဒီလို တခါမှ ချက်မစားဖူးဘူး
ကြည့်သွားတယ်။ (ကြည့်ရုံပဲ ကြည့်လို့ ရတာကိုး :P)

မြတ်နိုး said...

မချက်တတ်ဘူး
စားတတ်တယ် ..ခဏခဏ
စားဖူးတယ်

ပိန္နဲသီးဟင်း အရမ်းကောင်းတယ် ..ကျနော်စားတာက မွန်ချက်နဲ့ ကရင်ချက် ..အမျိုးတွေအိမ်မှာစားရတာ

သတ်သတ်လွတ်ဘုန်းကြီးကျောင်းရောက်တော့လဲ စားရတယ်။

အရမ်းကောင်းတယ်။

အမ ပိန္တွဲသီးစားချင်တာ... အိမ်မာလေး..

နွေးနေခြည် said...

အဆန်းပဲ.. အစေ့ပြုတ်တော့ စားဖူးတယ်။
ချက်စားကြည့်ဦးမယ်း)

Thant said...

တစ်ခါမှမစားဖူးဘူး... အခွင့်ကြုံရင်တော့ ချက်စားကြည့်ဦးမယ် ။ အခုလောလောဆယ်တော့ အဲဒီပန်းကန်ထဲကဟင်းကို ထမင်းပူပူလေးနဲ့စားချင်တယ်..။

P.Ti said...

ကျွန်တော်လည်း မစားဘူးဖူးဗျ.. စားချင်စရာပဲ။ လုပ်လည်း မစားဖြစ်လောက်ဘူးဆိုတော့ နောက်တစ်ခါချက်ရင်သာ အကြောင်းကြားလိုက်ပါတော့ :D

nu-san said...

အမပြောပြမှ ဟင်းချက်နည်းအသစ်ရတော့တယ်.. ပိန္နဲစေ့ကို ပြုတ်တာတော့ စားဖူးတယ်.. ဟင်းချက်တာတော့ အခုမှ သိတာ.. ပိန္နဲသီးနဲ့ဝေးနေတာ ကြာလှပါပြီအမရယ်.... :(

ပုလုကွေး said...

ပိန္နဲစေ့ ချည်းပဲ သက်သက်တော့ စားဖူးဘူး။ အိမ်မှာက ပိန္နဲသီး အစိမ်းကို ပုစွန်ငါးပိနဲ့ ချက်စားတယ်။ ဟိုတလောကတော့ အိမ်နားက ကုလားဆိုင် မှာ ပိန္နဲသီး အစိမ်းတွေ့လို့ ချက်စားချင်ပေမဲ့ တစ်ယောက်ထဲဆိုတော့ ပျင်းတာနဲ့ ချက်မစားဖြစ်လိုက်ဘူးဗျ။ အိမ်ကကောင်တွေက စားဘူး။ မမချက်ထားတာတွေ ပဲသွားရည်ယိုသွာားတယ်။

အိမ့်ချမ်းမြေ့ said...

မ..........
တက်ဂ်ထားသည်။
ရေးပေးပါ...

ပုံရိပ် / Pon Yate said...

ပြုတ်ပြီးတော့ပဲ စားဖူးတယ်။ တခါမှ ချက်တာ မစားဖူးဘူး။ မြည်းချင်သား အစ်မရေ။

အိမ့်ချမ်းမြေ့ said...

တံတွေးတောင် မြိုချရတယ်.. ဖတ်ပြီး .. မ.ရယ်..
ဒီမှာ ပိန္နဲစေ့ ရှာလိုက်ပြီး စမ်းချက်လိုက်ဦးမယ်...