Thursday, November 6, 2008

ပြိုင်ဘက် != ရန်သူ

တရားလိုဘက်က ရှေ့ နေက တရားခံမျက်နှာကို ခဏစိုက်ကြည့်တယ်။ တရားခံက စိတ်လှုပ်ရှားတဲ့ မျက်နှာနဲ့  မျက်လွှာချလိုက်တယ်။ အပ်ကျသံတောင် မကြားရအောင် တိတ်ဆိတ်နေတုန်း တရားလိုရှေ့ နေရဲ့ ပြတ်သားတဲ့ မေးခွန်းက တရားခံဆီကို တည့်တည့်သွားမှန်တယ်။ နီရဲသွေးပျက်သွားတဲ့ တရားခံမျက်နှာ။ ပြီးတော့ ဗလုံးဗထွေးနဲ့ ဖြေလိုက်တဲ့ အဖြေက သူ့ ကြိုးကွင်းသူ စွပ်တဲ့အဖြေ။

(ဟာ… လှလိုက်တဲ့ မေးခွန်းကွာ) နောက်နားက ပရိသတ်တွေက တရားလိုရှေ့ နေကို ကြိတ်ချီးကျူးကြတယ်။ ကိုယ်တို့ လို ပြူတင်းပေါက်ကနေ ချောင်းကြည့်နေတဲ့ ပရိသတ်ကမနဲ။ ဒီလို မြို့ နယ်ရုံးတွေမှာ ပြူတင်းပေါက်ကနေ ချောင်းကြည့်လို့ ရတယ်။

ဗြုန်းဆို တရားခံရှေ့ နေက ထပြီး တရားလိုရှေ့ နေမေးခွန်းကို ချက်ကျလက်ကျ ကန့် ကွက်တယ်။ တရားသူကြီးက သေချာနားထောင်ပြီး ကန့် ကွက်တာကို လက်မခံတော့ နောက်က ပရိသတ်ဆီက အသံတွေ ထွက်လာပြန်တယ်။ တချို့ က ကျေနပ်သံ၊ တချို့ က မကျေနပ်သံ။

တရားလိုရှေ့ နေက နောက်မေးခွန်းတခု မမေးခင် သူ့ ထုံးစံအတိုင်း တရားခံရဲ့ ဟိုးနှလုံးသားထဲထိ ဖောက်ထွင်းတဲ့ အကြည့်နဲ့ ကြည့်ပြန်တယ်။ ဒီတခါတော့ တရားခံက တရားလိုရှေ့ နေကို မျက်နှာချင်းမဆိုင်။ အရှိုက်ထိတဲ့ နောက်မေးခွန်းတခုကို သတိအနေထားမှာရှိနေတဲ့ တရားခံရှေ့ နေက တရားခံမဖြေခင် ထကန့် ကွက်ပြန်တယ်။ ဒီတခါတော့ တရားသူကြီးက ကန့် ကွက်တာကို ထောက်ခံလိုက်တယ်။

(ဒီရှေ့ နေ ၂ယောက်တွေ့ ရင် ပွဲက လှတယ်ဗျာ)။ တရားလို တရားခံနဲ့ ဘာမှ ပတ်သက်ပုံမရပဲ ၀ါသနာအရ လာအားပေးနေပုံရတဲ့ အဖိုးကြီးကို ကြည့်ပြီး ကိုယ်တို့ တွေ ကြိတ်ပြုံးကြတယ်။ ကိုယ့်စိတ်ထဲမှာတော့ တရားခံရှေ့ နေကြီးက ဘီလူးကြီးနဲ့ တူလိုက်၊ ဗြီလိန်ကြီးနဲ့ တူလိုက်ပေါ့။ တခါတခါ သူရဲ့ မခိုးမခန့် စတိုင်ကို အနားမှာရှိတဲ့ ခဲလုံးနဲ့ သာ ကောက်ပေါက်ပစ်ချင်တာ။ တကယ့်ကို ရှေ့ နေနှစ်ယောက် ပညာပြိုင်တဲ့ တရားခွင်ပါ။

တရားခွင်ပြီးဆုံးသွားတော့ ကိုယ်တို့ အဖေ(တရားလိုရှေ့ နေ) က တရားခံရှေ့ နေနဲ့  ပုခုံးဖက်ပြီး ထွက်လာတော့ စိတ်ထဲ ကလိကလိ။ ရယ်မောပြောဆိုပြီး ဖေဖေကားပေါ်ရောက်မှ ကိုယ်တို့ မောင်နှမတွေက ဖေဖေကို အားမလိုအားမရ၀ိုင်းပြောကြတယ်။ ဖေဖေနဲ့ တရားခွင်မှာ အခြေအတင်ငြင်းခုန် ပညာပြိုင်လာတဲ့ လူကြီးကို ဘာလို့ ဖက်လဲတကင် စကားပြောရတာလဲ၊ ရုပ်ကြီးကိုက စိတ်ပုတ်မယ့်ရုပ်ကြီး စသဖြင့် ပြောတော့ ဖေဖေ ပြန်ပြောတဲ့ စကား ဒီနေ့ ထက်ထိ မှတ်မိနေပါတယ်။

“အဖေတို့ က အမှုတမှု တရားသဖြင့်ပြီးဆုံးသွားဖို့  အလုပ်အတူလုပ်နေတာ…
သူနဲ့ အဖေ တဘက်ဆီမှာ ရှိပေမယ့် သူလဲသူ့ အလုပ်လုပ် ကိုယ်လဲကိုယ့်အလုပ်လုပ်… ရန်သူတွေမှ မဟုတ်တာ… အလုပ်ခွင်အရ ငြင်းခုန်ရ အပြိုင်ပြောဆိုရပေမယ့်  ဒါပုဂ္ဂိုလ်ရေးနဲ့  မဆိုင်ဘူးလေ” တဲ့။

အဲဒီနောက်ပိုင်း ဖေဖေလို သဘောထားကြီးတတ်အောင် မွေးမြူပြီး အိမ်လာလည်တဲ့ ဖေဖေ့သူငယ်ချင်း ရှေ့ နေတွေကို အရင်ကလို မဟုတ်ပဲ ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။

********************************************
ခါတိုင်းက ကျောင်းရောက်လို့  စောသေးရင် LCRသွားနေကျပေမယ့် ဒီနေ့ တော့ တမင်ရှောင်တယ်။ အနိုင်ရသူတွေ ပါးစပ်အရသာခံဖို့  ကိုယ်က ဘာလို့ သွားရမလဲ။

အတန်းရှိရာကို ခါတိုင်းလို Civilအတန်းရှေ့ က ဖြတ်မသွားတော့။ ပြောချင်ဆိုချင်သူတွေက ချောင်းနေရင် အခက်။ အတန်းထဲရောက်တော့ တတန်းလုံး မနေ့ က ဘောလုံးပွဲအကြောင်းပဲ။ ထပ်မပြောနဲ့ ။ အရှုံးကို မကြားချင်။

ခဏနေတော့ Civilက မမတွေ ခေါင်းမော့မော့နဲ့  အတန်းရှေ့ က ဖြတ်လျှောက်သွားတယ်။ တမင်ကို မမြင်ချင်ယောင်ဆောင်၊ ဟန်မပျက်ရယ်မောနေလိုက်ရော။ သူတို့ အနိုင်ရသွားတာ သွားချီးကျူးစကားပြောဖို့  တော့ ဝေလာဝေး။ သူတို့ ကလဲ နင်တို့ ရှုံးသွားတာ စိတ်မကောင်းဘူးလို့  တစက်ကလေးမှ အားပေးစကား မပြော။

နောက်တပတ်လောက် မေ့မေ့ပျောက်ပျောက်ရှိတော့ ထုံးစံအတိုင်း LCR ထဲ ပြန်ရောက်။ မေဂျာစွဲတွေ ပျောက်ပြီး ဟီးဟီးဟားဟား ပြန်ဖြစ်ပေမယ့် ဒီဘောလုံးပွဲက ကြုံရင်ကြုံသလို စကားထဲမှာ အနိုင်နဲ့  အပိုင်းခံရတုန်း။

အဲဒီအချိန်မှာ အဖေပြောတဲ့ စကားကို တကယ်ကို မေ့လျော့နေခဲ့ပါတယ်။ ကိုပေါတို့ ကိုနဗနတို့  မြတ်နိုးတို့  ဘောလုံးပွဲအကြောင်း ရေးကြတဲ့အထိ အရှုံးက ရင်ကို တစစ်စစ်နာတုန်း။ မရင့်ကျက်လိုက်ပုံများ။

********************************************
တင်းနစ်ချံပီယံ Federer နဲ့  Nadal ပွဲတွေဆို မလွတ်တမ်း အားပေးတာ။ ကျွဲလို နွားလို သန်မာတဲ့ Nadal ကို သွေးအေးအေးနဲ့  အနိုင်ရအောင် ရိုက်တတ်တဲ့ Federer ကို ကိုယ်ကသိပ်သဘောကျ။ Federer ဗိုလ်စွဲသွားရင် ချစ်စရာကောင်းတဲ့ သူ့ အကျင့်က အနိုင်ရသူမာန်မာန မရှိဘူး။ ပြိုင်ဘက် Nadal ကို ချီးကျူးစကားပြော အားပေးပြီးမှ ကျေးဇူးတင်စကား ပြောတယ်။ ဘယ်လောက်ချစ်စရာ ကောင်းတဲ့ အမူအကျင့်နဲ့ စိတ်ဓါတ်လေးလဲနော်။ အရှုံးသမား Nadal ကလဲ Federerကို ၀မ်းသာကြောင်းပြောပြီးမှ
ကျေးဇူးတင်စကားပြောလေ့ရှိတယ်။ အဲဒီအချိန်ဆို Federer ပရိသတ် ကိုယ်က ခပ်ပြုံးပြုံးနဲ့ ပေါ့။

ဒီနှစ်အတွင်းမှာ Nadalက လက်တက်လာပြီး Federer ရှုံးတဲ့ပွဲတွေ များလာတယ်။ အသက်အရွယ်ကလဲ စကားပြောလာတာပေါ့။ ပထမတပွဲ Federer ရှုံးထဲက ခါတိုင်းလို မကြည့်ရဲတော့ဘူး။ Nadalကြီးကလဲ ရုပ်ကြီးပိုဆိုးလာသလို သူဘာသာမှန်မှန်ကန်ကန် ကစားနေပါလျက် ကိုယ့်စိတ်ထဲ ညစ်ကစားနေသလိုလို ခံစားလာရတယ်။ ဆုပေးပွဲကိုလဲ ခါတိုင်းလို ပြုံးပြုံးမကြည့်နိုင်ပဲ Federerအတွက် မျက်ရည်ဝဲမိတယ်။ နောက်ဆုံး world No 1 က Nadal ဖြစ်သွားတော့ ရင်ထဲ တော်တော်ကို ခံစားလိုက်ရတာ။ အိမ်က အမျိုးသားက ပြောတယ်… Federer နဲ့  Nadal ကဘာမှ မဖြစ်ပဲ ကိုယ်က အကုသိုလ်များပြီ့း  Nadalကို အမုန်းကြီးမုန်းနေတယ်တဲ့။ ကြိတ်ခံနေလိုက်ပါတယ်။ အမှန်အတိုင်း ပြောရရင် ခုထိ သူတို့ နှစ်ယောက်ပွဲ ပြန်မကြည့်ဖြစ်သေးဘူး။ သဘောထားမကြီးလိုက်ပုံများ။
********************************************
အိုဘားမားနိုင်သွားပြီတဲ့။ ဒီပွဲမှာတော့ ကိုယ်က လွတ်လွတ်လပ်လပ်စတိုင်နဲ့  အင်အားရှိတဲ့ အိုဘားမားကိုလဲ နှစ်သက်မိသလို ပါးဖောင်းဖောင်းကြီးနဲ့ သဘောကောင်းပုံရတဲ့ ရင့်ကျက်တဲ့ အတွေ့ အကြုံရှိတဲ့ မက်ကိန်းကိုလဲ ကိုယ့်အဘိုးလို ချစ်မိသေးတယ်။ ဒီတော့ ဘယ်သူနိုင်နိုင်ပေါ့။ အိုဘားမားနိုင်သွားတာကို မုဒိတာပွား ၀မ်းသာနိုင်သလို မက်ကိန်းအရှုံးအတွက်လဲ ဂရုဏာသက်မိတယ်။ ဘယ်သူ့ ဘက်မှ မရှိတော့ ဘေးလူအနေနဲ့  မြင်လို့ ရတယ်။

အရင်က ဘယ်တော့မှ သင်ခန်းစာ မရခဲ့တဲ့ ကိုယ် ဒီပွဲမှာတော့ သင်ခန်းစာရလိုက်တယ်။ အနိုင်ရသွားတဲ့ အိုဘားမားက အရှုံးသမား မက်ကိန်းရဲ့ အရည်အချင်းတွေကို အသိအမှတ်ပြုသလို၊ ရှုံးသွားတဲ့ မက်ကိန်းကလဲ အနိုင်ရသွားတဲ့ အိုဘားမားကို ကောင်းချီးသြဘာပေးပြီး နိုင်ငံအတွက် ပူးပေါင်းလုပ်ဖို့ ပြောသွားတယ်။ သိပ်လှတဲ့ ဆက်ဆံရေးပါ။ ပြိုင်ပွဲကာလတုန်းက ကိုယ့်ပါတီအနိုင်ရရေး အခြေအတင်ပြောဆို မဲဆွယ်ကြပေမယ့် ပြိုင်ပွဲပြီးဆုံးသွားတော့ အနိုင်၊အရှုံးဆိုတာပေါ်မှာ စိတ်ထားတတ်တာ၊ သဘောထားကြီးတာ သိပ်အတုယူစရာကောင်းပါတယ်။ တကယ်တော့ ပြိုင်ဘက်ဆိုတာ ရန်သူတွေမှ မဟုတ်တာ။
********************************************
တန်ခူး
12:45pm 06-Nov-2008

25 comments:

Anonymous said...

Sis....Thanks for ur thinking and writing...

Anonymous said...

သိပ်ကောင်းတဲ့ ပို့စ်ပါပဲ.....

စူး said...

အရင်က ဘယ်တော့မှ သင်ခန်းစာ မရခဲ့တဲ့ ကိုယ် ဒီပွဲမှာတော့ သင်ခန်းစာရလိုက်တယ်။ အနိုင်ရသွားတဲ့ အိုဘားမားက အရှုံးသမား မက်ကိန်းရဲ့ အရည်အချင်းတွေကို အသိအမှတ်ပြုသလို၊ ရှုံးသွားတဲ့ မက်ကိန်းကလဲ အနိုင်ရသွားတဲ့ အိုဘားမားကို ကောင်းချီးသြဘာပေးပြီး နိုင်ငံအတွက် ပူးပေါင်းလုပ်ဖို့ ပြောသွားတယ်။ သိပ်လှတဲ့ ဆက်ဆံရေးပါ။

မြတ်နိုးတော့ အဲဒီစကားလုံးလှလှတွေကို ကြောက်တယ်။အမရေ..။
ချိုသာနေတဲ့စကားလုံးအောက်ကိုမြင်ကြည့်ပါ အမ..
မြတ်နိုးတော့ကြောက်တယ်။
သူတို့က ပေါ်တင်ကြီးချဲခဲ့ကြတာလေ..
လက်တွေ့ဘဝမှာ မြတ်နိုးတို့နဲ့သက်ဆိုင်သူတွေ..အဲဒီလိုစကားလုံးချိုချိုတွေ
ဖုံးပီး အမုန်းတွေ ကို ကြောက်ပါတယ်..အမရာ..။

:P said...

စိတ်ထားတတ်ဖို့ ရေးထားပုံလေးကြိုက်ပါတယ်..

ကိုပေါ said...

မှန်တာပေါ့…တန်ခူးရေ။ မက်ကိန်းတို့ အိုဘားမားတို့ကို အတုယူရမှာပေါ့ဗျာ။

ဒီမိုကရေစီ စနစ်မှာ၊ လွတ်လပ်တဲ့ လူ့အသိုင်းအ၀ိုင်းမှာ လူတွေဟာ သဘောထားကြီးကြတယ်။ ရင့်ကျက်ကြတယ်။ တန်းတူရည်တူ ရှိမှုကို အလေးထားတယ်။

မလွတ်လပ်တဲ့ လူ့အသိုင်းအ၀ိုင်းမှာ ငြိမ်းချမ်းစွာ ကွဲလွဲမှု၊ ဆွေးနွေးငြင်းခုံမှုကို ကောင်းမွန်တဲ့ လက္ခဏာတရပ်လို့ အသိအမှတ်မပြုတတ်ကြဘူး။ ငြိမ်းချမ်းစွာ ကွဲလွဲခြင်းကို ရန်ဖြစ်နေတယ်လို့ ထင်ကြဟန်ရှိတယ်။ Dialogue ဆိုတာကို အမှန်တကယ် မယုံကြည်တတ်ကြဘူး။

နောက်ပြီး အာရှနိုင်ငံတချို့မှာ အာဏာရပါတီကနေ အခြား နိုင်ငံရေးပါတီက နိုင်ငံရေးသမားတွေကို မတရားတဲ့ ဥပဒေတွေနဲ့ နှိပ်ကွပ်လေ့ရှိတယ်။ ဥပမာ…မြန်မာ၊ မလေးရှား၊ စင်္ကာပူ စသဖြင့်….။

မိမိကြိုက်နှစ်သက်ရာပါတီကို မိမိဘာသာ လွတ်လပ်စွာ ထောက်ခံခွင့်ရှိတယ်ဆိုပေမယ့် မိမိထောက်ခံတဲ့ အစိုးရတရပ်ဟာ တဖက်လူကို တန်းတူရည်တူအခွင့်အရေးပေးသလား၊ မပေးဘူးလားဆိုတာ ဆန်းစစ်ရမယ်။ အဲသလိုမဟုတ်ဘဲ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ အာဏာရှင်တွေကို မျက်စိမှိတ်ထောက်ခံခဲ့ရင် မိမိကိုယ်တိုင်လည်း ကြံ့ဖွံ့လို အတန်းအစား ဖြစ်မှန်းမသိ ဖြစ်သွားနိုင်ပါတယ်။

တရားမျှတမှုရှိသော လူ့အဖွဲ့အစည်း၊ ရင့်ကျက်သော လူ့အဖွဲ့အစည်းကို ထူထောင်နိုင်ဘို့ ကြိုးစားကြပါစို့။

အမေရိကန်ပြည်ထောင်စုမှာတော့ Yes, we can. ဆိုတဲ့ ကြွေးကြော်သံနဲ့ဘဲ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အရာတခုကို ဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့ကြပြီမဟုတ်ပါလား။

မြန်မာတွေမှာလည်း အဲသည်လိုဘဲ Yes, we can. ဆိုတဲ့ ကြွေးကြော်သံနဲ့ဘဲ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်နိုင်ဘို့ အားလုံး ကြိုးစားသင့်ပါပြီ။

Yes, we can. ဆိုတဲ့ ကြွေးကြော်သံဟာ ကိုယ်လုပ်နိုင်သမျှကလေးဘဲ လုပ်မယ်ဆိုတဲ့ တာဝန်ရှောင်စိတ်ဓါတ်နဲ့ ဆီနဲ့ရေလို ကွာခြားတာကို သတိထားမိပါတယ်။

tg.nwai said...

လှလိုက်တဲ့ presentation လေး။ လူတွေရဲ.သဘာဝရယ်..ရင့်ကျက်တဲ့သူတွေထားသင့်တဲ့ စိတ်ထားလေးတွေ။ တကယ်တမ်း အပြောလွယ်ပြီး အလုပ်ခက်ရတဲ.အထဲမှာ ငါစွဲမထားဖို့က တော်တော်ကိုခက်တာပါ။ မတူတာတွေ ထားလိုက်ပြီး တူညီတဲ. ဦးတည်ချက်ကောင်းကောင်းလေးကို ရှေ.တန်းတင်ထားလိုက်နိုင်ရင် အနည်းဆုံးကိုယ့်ပတ်ဝန်းကျင်လေးတော့ သာယာလာနိုင်မယ် ထင်တာပါပဲ။

Anonymous said...

လာ ပြီး တော့  လဲ ဖတ် ကြည့်  မိ ပါ တယ်..ဆိုး လဲ မ ဆိုး ပါ ဘုး..အပျင်း လဲပြေ ပါ တယ်...တစ် ခါ တစ် လေလဲ ခံ စား ရ ပါ တယ်.... ဒါ ပေ မယ့်  အမှန် အတိုင်း ပြော ရ ရ င် .... Positive Thinking တွေ အ ၇မ်း များ ကြ ပီး ဘုတ် ကို ကျီး မြှောက် ကျီး ကို ဘုတ် မြှောက် တွေ ဒီ ပတ် ၀န်း ကျင် မှာ အ ရမ်း များ ကြ သလို ဘဲ...နော်...စိတ် မ ဆိုး ပါ နဲ့ ...

Anonymous said...

အစ်မ ..စာတွေက ဖတ်လို့ ကောင်းလိုက်တာ ကျနော်တော့ ဘလော့နဲ့ ဝေးတဲ့ အခိုက် လွမ်းနေရတော့မှာပဲ မေဂျာစွဲတွေကတော့ပြောမနေနဲ့ တော့ ရှိတာက အတန်းသားလေး ၅၀ ကျော် အားပေးလိုက်ရတာ လည်ချောင်းကွဲမတက်ပဲ ။ မရင့်ကျက်တာသိပေမယ့် ပြင်မရသေးတာခက်တယ် ကျောင်းတုန်းက ဘေးချင်းကပ်ထိုင်တဲ့သူငယ်ချင်း ကိုယ့်ထက် အမှတ်များရင်တောင်မနာလိုတဲ့စိတ်ကပြင်မရဘူး တကယ်တော့ ကိုယ်လည်းအတော်ကြီးမဟုတ် ။
ဖက်ဒါရာ ပရိသတ်ချင်းတော့ တူနေပြီးး အဖော်ရသွားပြီးဗျ ကျနော်လည်းတစ်နစ်ပွဲတွေဆို တစ်ခါခါ ညမအိပ်ပဲနဲ့ ကိုကြည့်တာ လူကြီးလူကောင်ဆန်ဆန်နဲ့  ယှဉ်ပြိုင်တက်တဲ့သူ့ ကို သဘောကျတယ် တစ်ချို့ ကစားမသားတွေ စိတ်တိုပြီး ဘတ်တန်တွေ ရိုက်ချိုးတက်ကြပေမယ့်သူကတော့ မျက်နှာလေးမဲ့ ပြီး ခေါင်းခါရုံလောက်လေး လေးစားတယ် ဆွစ် တင်းနစ်သမားတွေက အဲ့လိုပုံစံလေးတွေများတယ် 98/99 လောက်တုန်းက အမျိုးသမီးတစ်နစ်လောကကို လွှမ်းထားတဲ့ မာတီနာဟင်ဂစ်ဆိုတာလေးလည်း အဲ့လိုပဲ အမြဲပြုံးနေတက်တာ ကျနော်တော့သိပ်ချစ် ။ရင့်ကျက်အောင် ကြိုးစားကြည့်အုံးမယ်

wai lin tun said...

ကျနော်တို့ လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ လောကကြီးမှာ မကြာခဏဆိုသလို အနိုင်အရှုံး ဆိုတာကို ကြုံကြရတတ်ပါတယ်။ အဲဒီအခါမျိုးမှာ အခု တန်ခူးပြောတဲ့ သိပ်လှတဲ့ဆက်ဆံရေးမျိုး အင်မတန်လိုအပ်ပါတယ်ဗျာ။
ပုထုစဉ်တွေမို့ ရင်ထဲမှာ အချစ်တွေ အမုန်းတွေ ကိုယ်စီရှိနေနိုင်ပေမယ့် ရန်လိုစိတ်ကင်းတဲ့ စကားလုံးချိုချိုတွေ ခင်းလိုက်တဲ့အခါ တဦးကိုတဦး ခါးသီးစေတဲ့အဖြစ်မျိုးတွေက ရှောင်နိုင်ကြမယ်လို့ ယုံကြည်မိကြောင်းပါ။

kay said...

ကိုဝေလင်းပြောသလိုပဲ..အတွင်းအဇ္ဖတ တွေကတော့..သူ့သဘာဝ အတိုင်း..အရောင်ပြောင်းနေမှာပါပဲ။ အနိုင်အရှူံး- အနိမ့်အမြင့်- ဟိုဖက်ဒီဖက် ဆိုတဲ့ မတူညီမူတွေ ကို၊ သိက္ခာရှိရှိ၊ လေးလေးစားစား ဖော်ပြ ဖြေရှင်းနိုင် ဖို့က..အရေးကြီးဆုံးပါပဲ။ အိုဘားမားပြောသွားတဲ့ စကားတခွန်းကို သဘောကျပါတယ်။ အတိအကျ တော့မဟုတ်-
I listern more carefully especially when we disagree.

Anonymous said...

!= သင်္ကေတလေး သုံးထားတာ သဘောကျတယ် ။

အိုဘားမား နဲ့ မက်ကိန်း ၊ Federer နဲ့  Nadal ပြောနေတာတွေဟာ တကယ်ကျတော့ စိတ်ထဲက ဘယ်လောက်အထိ အမှန်တကယ် ခံစားရလဲဆိုတာ သူတို့ ကိုယ်တိုင်ပဲ သိလိမ့်မယ် ။ ဘာလို့လဲဆိုတော့ တချို့ လူတွေဟာ စကားလုံးတွေကို စိတ်ထဲက တကယ်မပါဘဲ ပြောနိုင်တတ်ကြတယ် ။ ဒါမှမဟုတ် ကိုယ်တိုင် လက်တွေ့ရော လုပ်နေရဲ့လားလို့ သေချာ ဆန်းစစ်ခြင်းမရှိဘဲ ပြောနိုင်တတ်ကြတယ် ။

တကယ်က ပြိုင်ဘက်ဆိုတာ ရန်သူလိုဖြစ်တဲ့အထိတော့ သဘောထားကြမယ့်သူ နည်းမယ်ထင်ပါတယ် ။ ဒါပေမယ့် ကိုယ့်ပြိုင်ဘက်အပေါ် သဘောထားကြီးပြီး အမြဲ အကောင်းဘက်ကပဲ မြင်နေနိုင်မယ့်သူ ရှားတယ်လို့ ဆိုရမယ် ။

ညီမအမြင် အကောင်းဆုံးကတော့ ကိုယ့်ပြိုင်ဘက်ဟာ ကိုယ်ကိုယ်တိုင်ဖြစ်နေတာပဲ ။

pandora said...

diplomacy အနေနဲ့ပဲ ပြောပြော ပြိုင်ဘက်အချင်းချင်း ဒီလောက်ပြောထွက်ဖို့ သဘောထားကြီးကြောင်းပြဖို့ဆိုတာလည်း မလွယ်ပါဘူးလေ။ အပေါ်ယံမဟုတ်ပဲ အစစ်အမှန် ဖြစ်ရင်တော့ ပိုကောင်းတာပေါ့နော်။

ကိုယ်တိုင် အတွင်းစိတ်က တကယ် သဘောထားကြီး အေးချမ်းနိုင်အောင် ကိုယ့်မီးတွေကိုလည်း ငြိမ်းဖို့လိုတယ်။

PAUK said...

မတန်ခူးရေ...
ဖတ်သွားပါတယ်...
ပြီးတော့..ကိုယ်ဟာဘယ်လိုလူမျိုးလဲလို့
တွေးမိပါတယ်...
ပြီးတော့..
အမည်မဖေါ်လိုသူရဲ့...ဘုတ်ကိုကျီးမြှောက်..
ကျီးကိုဘုတ်မြှောက်..ဆိုတာ..စဉ်းစားနေပါတယ်
သူဘာကိုဆိုလိုချင်တာပါလိမ့်...လို့

khin oo may said...

ဖတ်သွားပါတယ်။

ဇနိ said...

ဖတ်လို့ကောင်းတယ် အမရေ...
ပြိုင်ဆိုင်တဲ့နေရာမှာ ရှုံးခဲ့ရင်လည်း သဘောထားကြီးကြီး ထားနိုင်ဖို့လိုတယ်..
း)
ပြိုင်သူလည်း မဖြစ်လို ရန်သူလည်း မဖြစ်လိုပါဘူး...

Moe Cho Thinn said...

သိပ်လှတဲ့ အရေး နဲ့ အတွေးပါပဲ မတန်ခူးရေ။ Cheers!

မဲရေတွက်လို့ မပြီးသေးဘဲ အနိုင်ရသူရဲ့ သတ်မှတ် မဲအရေအတွက် 270 ကို ကျော်သွားတာနဲ့ မက်ကိန်းက အိုဘားမားကို Congratulations လုပ်ပြီး နှုတ်ဆက်တာကို ကြည့်ပြီး ရင်ထဲမှာ တလှပ်လှပ် ဖြစ်နေတာ၊ ခုတွေးရင် ခုဖြစ်တုန်း။

ပြိုင်တုန်းကတော့ သူနိုင် ကိုယ်နိုင် ချကြတယ်၊ ဒါပေမဲ့ ကိုယ်ရှုံးပြီဆိုတဲ့အခါ အရှုံးကို လက်ခံပြီး နိုင်သူကို မုဒိတာ ပွားနိုင်တယ်။ နိုင်ငံကောင်းဖို့ လက်တွဲလုပ်မယ် တဲ့။ ချိုသင်းတို့ ရွှေပြည်ကြီးမှာ အဲဒီလို ကြားရဖို့ အနှစ် ၂၀ ကျော်ပြီ။ ခုထိ မျှော်ရတုန်း..

အမေရိကန်တွေ New Year Eve လို ပျော်နေကြတာ ကြည့်ပြီး သူတို့လို ပျော်ချင်လိုက်တာလေ..

Kaung Kin Ko said...

နှိုင်းယှဉ်ပြီး ရေးသွားတာလေး လှတယ်ဗျာ။ ခေါင်းစဉ်လေးလည်းလှတယ်။

Anonymous said...

(ရန်သူမဟုတ်သော) ပြိုင်ဘက်ဆိုတာ တကယ်တော့ ဘဝမှာလိုအပ်ပါတယ်၊ အဲဒါမှလည်း တိုးတက်မူ့ တွေရှိလာမှာပေါ့၊

nu-san said...

မတန်ခူးရေ.. လာလည်ရတာတောင် နောက်ကျနေပြီ။ အိုဘားမားတို့ မက်ကိန်းတို့ကတော့ ဟုတ်တာပေါ့ အမရယ်.. နောက်ပြီး နိုင်ငံတော်တော်များများက လူတွေ အားလုံးကလည်း သူတို့ကိုပဲ အာရုံစိုက်နေတာဆိုတော့လေ..

တကယ်တော့ လူမသိ သူမသိပဲ ပြိုင်နေရတဲ့ ကိစ္စတွေက ကိုယ့်ပတ်ဝန်းကျင်မှာ အများကြီးပါ အမရယ်.. ကျောင်းတက်တုန်းက လည်း ကျောင်းတက်လို့.. အလုပ်ထဲရောက်တော့လည်း အလုပ်ထဲမှာမို့.. နေရာတခုရဖို့ အတွက် ပြိုင်ကြရတယ်.. အဲဒီလိုအချိန်မျိုးမှာ ပြိုင်ဘက်ဟာ ရန်သူလို့ ပြောမရပေမယ့် ဆက်ဆံရေးတွေ ပြောင်းသွားကြတယ် အမ။ အရင်က အရမ်းချစ်တဲ့သူငယ်ချင်းတွေလည်း မချစ်နိုင်တော့ဘူး.. အခင်အမင်တွေ ပျက်ပြီး စိတ်ရင်းတွေက အဲဒီမှာ ပေါ်လာတာပဲ... တကယ်တော့ အရှုံးအတွက်ပဲ ဖြစ်ဖြစ် အနိုင်အတွက်ပဲဖြစ်ဖြစ် စိတ်ထားတတ်ရင် အကောင်းဆုံးပါပဲ.. အမရယ်..

သစ်နက်ဆူး said...

ပညာဥာဏ်ကို အခြေခံသူတွေကတော့....
ပြိုင်ဘက်က ရန်သူ မဟုတ်ပေမယ့်....
အာဏာနဲ့ လက်နက်အားကိုး အခြေခံသူကတော့
ဘုရားသားတော်ကိုတောင်ရန်သူလို့ မြင်ကြတာ...။

သက်ဝေ said...

အတွေးလှလှ...
အရေးလှလှ...။
ညက Man U ရှုံးသွားလို့  စိတ်ထဲမှာ ခပ်ညစ်ညစ်ဖြစ်နေရာက တန်ခူးရေးထားတာ နောက်တစ်ခေါက် လာဖတ်ပြီး ပြိုင်ဖက် အကြောင်းကို စဉ်းစားနေတယ်...။
တကယ်ဆို ကိုယ်လဲ လုံးလုံးမှ မရင့်ကျက်သေး၊ သဘောထားလဲ မကြီးတတ်သေးဘူးကော...။
ပြီးတော့...
သက်ပြင်းတစ်ချက် ခပ်ကြီးကြီးချ...
ငါတော်တော်လိုသေးပါလား... လို့ ...

မေငြိမ်း said...

မတန်ခူးရေ..
တကယ်တော့ မောစရာကြီးနော်..။
ကျမကကျတော့ ညံ့တာလားမသိ။
ပြိုင်ကို မပြိုင်ချင်ဘူး။
ဒါကြောင့် ခေါင်းဆောင်မလုပ်တာ..ဟဲဟဲ။
အမှန်တော့ ပြိုင်တယ်ဆိုတာထက် ကိုယ်လုပ်စရာရှိတာကို ယုံယုံကြည်ကြည်နဲ့ အကောင်းဆုံး ဌာန်ကုန် လုပ်ဖို့ပါပဲ နော်။ ဒါဆိုရင် အနိုင်အရှုံးနဲ့ ပတ်သက်လို့ စိတ်ထားနိုင်သွားမယ်ထင်တာပဲ။

ကိုအောင် said...

မတန်ခူးရယ့် စာတွေကို လာဖတ်ပါတယ် စီဘောက်
မရှိလို့ ဒီနေရာက နုတ်ဆက်ပါတယ်။ မဂ်လာပါ မတန်ခူး
လင့်ခ်ကို ကျနော့်ဆီမှာ တင်ထားပါတယ် အားပေး
လျက်ပါ။

Anonymous said...

When Obama won, the only thing I learned is that I have to stop spending heavily, because his victory implies that the recession in US is real (or at least Media had achieved in making people believed that recession is there already). Time to save more just in case....

တန်ခူး said...

ရွာသားလေးရေ… ကျေးဇူးပါ…

ခုလိုအားပေးတာ ကျေးဇူုးပါညီမရေ… နောင်လဲလာလည်ပါဦးနော်…

မြတ်နိုးရေ… ကျစ်လစ်တဲ့ ကိုဝေလင်းရဲ့ ကော်မန့် ထဲကလိုပေါ့ ညီမရယ်… အနည်းလေး ခါးသီးတဲ့အဖြစ်မျိုးတွေ ရှောင်နိုင်ကြတာပေါ့နော်…

ကျေးဇူးပါ sin dan larရေ… sin dan lar ရဲ့ ဘလော့ဂ်လိပ်စာလေးလဲ ပြောပါဦးနော်… အမရှာမတွေ့ လို့ ပါ…နောင်လဲ လာလည်ပါဦးနော်…

ကိုပေါရေ…ဟုတ်ပါတယ်… ရင့်ကျက်သော လူ့အဖွဲ့အစည်းကို ထူထောင်နိုင်ရင် နားလည်မှုတွေ တည်ဆောက်နိုင်ကြမှာ အမှန်ပါပဲ…

မ ရေ… ကျေးဇူးပါ… ကိုယ့်ပတ်ဝန်းကျင်လေးက စပြီးကောင်းအောင်လုပ်ရင်… တဖြေးဖြေးနဲ့  ကမ္ဘာကြီးတခုလုံး ကောင်းလာနိုင်တာပေါ့ မ ရယ်…

Anonymousရေ… ခုလိုလာလည်ပြီး ပွင့်ပွင့်လင်းလင်း မှတ်ချက်ပေးတာ ကျေးဇူးပါ… Positive Thinking က Negative Thinking ထက်စာရင် ပိုကောင်းတာပေါ့နော်… ဘလော့ဂ်ယဉ်ကျေးမှုအရ တယောက်နဲ့ တယောက် ဖေးကူ အားပေးကြ အမြင်တွေ ဖလှယ်ကြ တာပါ… ဘုတ် ကို ကျီး မြှောက် ကျီး ကို ဘုတ် မြှောက် ဟုတ်မဟုတ်ဆိုတာ ကျွန်မရဲ့ ခုဒီပို့ စ်က ကော်မန့် တွေ အကုန်ဖတ်ကြည့်ရင် သိနိုင်ပါတယ်… ရေးသူ အလိုကျ မြှောက်ပင့် ပြောဆိုတာ မဟုတ်ပဲ ကိုယ့်အမြင်ကို လွတ်လွတ်လပ်လပ် ဆွေးနွေးကြတာပါ… ကိုယ့်အမြင်ကိုယ် လွတ်လပ်စွာတင်ပြတဲ့ Anonymousကို ကျွန်မက စိတ်မဆိုးပါဘူး… ဒါဘလော့ဂ်ရဲ့ လွတ်လပ်တဲ့ အလှပါ…

မောင်မျိုးရေ… မောင်မျိုးကော်မန့် လေး ပြန်နေချိန်မှာ မောင်မျိုးကတော့ အိုးပုတ်ပန်းလေးတွေရယ် အေးကြည်မရယ်နဲ့ ပျော်နေလောက်ပြီ… ဖက်ဒါရာ ပရိသတ်ချင်းတူတာ သိရလို့ ဝမ်းသာပါတယ်… မောင်မျိုး အစစ အဆင်ပြေပါစေ…

ကိုဝေလင်းရဲ့ ကော်မန့် က ကျစ်ကျစ်လစ်လစ်နဲ့ အတော်ပြည့်စုံပါတယ်… ကျေးဇူးပါ…

ကေရေ… သိက္ခာရှိရှိ၊ လေးလေးစားစား… ဟုတ်တယ်.. အဲဒါသိပ်အရေးကြီးပါတယ်… ကေထောက်ပြသွားတဲ့ အိုဘားမားစကားလေးက ကောင်းလိုက်တာ….

ဂျစ်ရေ… ကိုယ်နဲ့ ကိုယ်သာ ယှဉ်ပြိုင်တာတော့ အကောင်းဆုံးပေါ့ ညီမရေ…

ပန်ရေ… ဟုတ်ပါတယ်… ပြောနိုင်တဲ့ အင်အားရှိတာကိုက အတော်ချီးကျုးစရာကောင်း နေပါပြီ…

ပေါက်ရေ… ဘုတ်ကိုကျီးမြှောက်..ကျီးကိုဘုတ်မြှောက်..ဆိုတာ.. အချင်းချင်းမြှောက်ပြော နေတာလို့  အကြမ်းဖျင်းမှတ်ထားလိုက်နော်…

မမရေ… ကျေးဇူးပါ…

ဟုတ်ပါတယ် ကိုဇနိရေ… အတော်ခက်ပေမယ့် သဘောထားကြီးတာက အကောင်းဆုံးပေါ့နော်…

ချိုသင်းရေ… ကျေးဇူးပါ… ချိုသင်းတို့ က အဲဒီမှာရှိနေတော့ ပိုမြင်သာတာပေါ့နော်…

ကောင်းကင်ကိုရေ… ခုလို အားပေးတာ ကျေးဇူးပါ…

ဟုတ်ပါတယ် ရွေခိုင်ရေ… ပြိုင်ဘက်ရှိမှ ပိုတိုးတက်တာ အမှန်ပါ…

နုရေ… နုပြောသလို တို့ လဲ ကြုံဖူးတယ်… ကိုယ့်ကို ပြိုင်ဘက်လို သဘောထားနေမှန်း ကိုယ်ကိုယ်တိုင်တောင်မသိပဲ ရန်သူလို အရှိုက်ထိုးခံလိုက်ရဘူးတယ်… ကိုယ်က ရင်ထဲမှာ ဆွေလိုမျိုးလိုခင်ခဲ့တော့ အတော်ခံစားခဲ့ရတယ် ညီမရေ….

ကိုသစ်နက်ဆူးရေ… ဟုတ်တယ်နော်… ပညာဥာဏ်က အတော်ကို အရေးကြီးပါတယ်…

သက်ဝေရေ… တန်ခူးလဲ သူတို့ ကို ကြည့်ပြီး ကိုယ်နဲ့ ယှဉ်တွေးသွားမိတာ… ကိုယ်ကိုယ်တိုင်က အတော်ကို မရင့်ကျက်သေးတာအမှန်ပဲ…

မ ရေ… ဟုတ်တာပေါ့… ဟိုတနေ့ ကတောင် အိမ်က အမျိုးသားကို ပြောနေတာ… ကျွန်မတော့ အမေရိကန်သမ္မတ မလုပ်ချင်ဘူးလို့ … ငြိမ်းငြိမ်းချမ်းချမ်းလေးပဲ နေချင်တယ်လို့ …

ကိုအောင်ရေ… ကျေးဇူးပါနော်… ကျွန်မဆီ တခုတ်တရ လာလည်တာရယ် လင့်ခ်ပေးတာရယ် အတွက်ပါ… ကျွန်မလဲ လာလည်ပါမယ်… နောင်လဲ လာလည်ပါဦးနော်…

Anonymous ရေ… စိတ်ဝင်စားစရာပါ… ကမ္ဘာကြီးရဲ့ စီးပွားရေးကပ်ကို အိုးဘားမား ဘယ်လိုများကိုင်တွယ်မလဲဆိုတာလေ….