Thursday, December 27, 2007

တာဝန်ကျေတဲ့ မြန်မာလေး


ဒီနိုင်ငံကကျောင်းတွေမှာ မိဘ၊ဆရာ၊ကလေး တွေ့ဆုံဆွေးနွေးပွဲတွေကို ပုံမှန်မကြာခဏလုပ်ပေးလေ့ရှိတယ်။အဓိကရည်ရွယ်ချက်က ကလေးရဲ့အားနည်းချက်၊အားသာချက်တွေကို မိဘနဲ့ဆရာဆွေးနွေးပြီး ဒီထက်တိုးတက်အောင်ဘယ်လိုလုပ်ကြမလဲလို့ တိုင်ပင်ကြတာပါ။ ကျောင်းသားအသစ်စက်စက်သားရဲ့ကျောင်းက ဖိတ်ခေါ်လို့ ကျွန်မတို့ဇနီးမောင်နှံလဲ ပထမဆုံးအတွေ့အကြူံအဖြစ် သွားခဲ့ကြတယ်။ ကျောင်းနေသက်တမ်း ၃လအတွင်း သားရဲ့တိုးတက်မှူတွေဘယ်လောက်ရှိလဲ၊အဆင်ပြေရဲ့လား၊အရမ်းဆော့တဲ့သားမို့ ဘာတွေများအတိုင်ခံရမလဲလို့ ရင်တထိတ်ထတ်နဲ့။
ဆရာမက တွေ့တွေ့ချင်း သားကအရမ်းလိမ္မာယဉ်ကျေးကြောင်း၊ကျောင်းဆင်းချိန်ဆို ဆရာမအားလုံးကိုနှူတ်ဆက်ပြီး ဆရာမတွေကပြန်နှူတ်မဆက်ချင်း စိတ်ရှည်ရှည်နဲ့စောင့်ပြီးမှပြန်တတ်ကြောင်း တွေကိုပြောတော့ ကျွန်မရောခင်ပွန်းပါ ပီတိအပြုံးတွေနဲ့။မြန်မာလူမျိုးတယောက်ပီသစွာ ယဉ်ကျေးလိမ္မာအောင် အသက် ၃နှစ်နဲ့နားလည်အောင် ကျွန်မတို့ကြိုးပမ်းရကျိုး အနည်းငယ်တော့နပ်ပြီ။
ဆရာမက အားသာချက်တွေဆွေးနွေးပြီး ဒါပေမယ့်လေးခံလာတော့ ရင်တထိတ်ထိတ်နှင့်။ သားကဆက်ဆံရေး အားနည်းတယ်၊အဓိကဘာသာစကားပြဿနာ လို့ဆိုတယ်။အိမ်မှာဘာ ဘာသာစကားနဲ့ပြောသလဲလို့မေးတော့ မြန်မာစကားလို့ မဆိုင်းမတွဖြေမိတယ်။ဆရာမက ဘာသာစကားကျွမ်းကျင်အောင် အိမ်မှာပါ အင်္ဂလိပ်လိုပြောဖို့တောင်းဆိုတယ်။ကျွန်မနဲ့ခင်ပွန်း တယောက်မျက်နှာတယောက်ကြည့်မိကြတယ်။ ဆရာမကို ဟုတ်ကဲ့လို့ကတိပေးခဲ့တဲ့ ခင်ပွန်းကို အပြန်လမ်းမှာမေးကြည့်မိတယ်။ ကျွန်မကတော့ သားကိုမြန်မာလိုပဲ ပြောမှာပဲ၊မောင်ရောလို့်ဆိုတော့ မောင်လဲသားကိုမြန်မာလိုပဲ ပြောမှာပဲဆိုပြီး ပြုံးမိကြတယ်။
သားလေးစကားပြောတတ်တဲ့အရွယ်မရောက်ခင်ကတည်းက ကျွန်မတို့ကြိုတင်စီမံကိန်းချထားခဲ့ကြတာပါ။အခြေအနေအရ နိုင်ငံရပ်ခြားမှာနေရပေမယ့် သားလေးကမြန်မာလူမျိုးပါ။သားလေးလက်ထက်မှာ မြန်မာစကားမပျောက်ပျက်အောင်
ထိန်းသိမ်းဖို့ ကျွန်မတို့မိဘတွေမှာ တာဝန်ရှိပါတယ်။အချိန်တန်ရင် အင်္ဂလိပ်စကားက ကျွမ်းကျင်သွားမှာပါ။ကျွန်မတို့တောင် ၅တန်းမှ အင်္ဂလိပ်သင်ရပြီး လေ့လာရင်းနဲ့တတ်သွားသေးတာပဲ။
နိုင်ငံခြားမှာမွေးတဲ့ မြန်မာကလေးတချို့က မြန်မာလိုပြောတာကို နားသာလည်ပြီး ပြန်မပြောတတ်ကြပါဘူး။တချို့ကလေးတွေဆို မြန်မာလိုပြောရတာကိုပဲ ရှက်နေတတ်ကြပါတယ်။အဲဒီလို ကလေးတွေတွေ့တိုင်း ကျွန်မတော်တော်စိတ်မကောင်းဖြစ်ရပါတယ်။အဲဒီလို ကလေးတွေများလေလေ ကျွန်မတို့ဘာသာစကားပျောက်ကွယ်ဖို့များလေလေပါပဲ။တရုတ်လူမျိုးနဲ့ကုလားလူမျိုးတွေက ဘာသာစကားထိန်းသိမ်းတဲ့နေရာမှာ အတုယူဖို့တော်တော်ကောင်းပါတယ်။ဘယ်နိုင်ငံဘယ်ဒေသရောက်ရောက် သူတို့ဘာသာစကားကို မပျောက်ပျက်စေပါဘူး။
ကျွန်မအတွက်တော့ သားလေးနာမည်ကိုခေါ်လို့ ခင်ဗျာလို့ထူးသံလေးဟာ ဘ၀အမောတွေကိုပြေစေပါတယ်။ဆွမ်းအုပ်နီနီအမေရွက်လို့အစချီတဲ့ မြန်မာကဗျာလေးကို မက်မက်မောမောဆိုတတ်တဲ့ သားလေးဟာ
တာဝန်ကျေတြဲ့မန်မာကလေးတယောက်ပါပဲ။

တန်ခူး

5:00PM 27-Dec-2007

Wednesday, December 26, 2007

ဥတုမရှိတဲ့အရပ်

ဥတုမရှိတဲ့အရပ်
နေတတ်ဖို့
အတော်လေးကြိုးစားယူရတယ်...

မိုးရွာ၊နေပူ
နေပူ၊မိုးရွာ
formula တပုဒ်လို
ကဗျာမဆန်လိုက်ပုံများ...

ရာသီမသိ
ပန်းနဲ့ညှိ
ရာသီမရှိတော့
ပန်းတွေလဲစည်းမဲ့ကမ်းမဲ့နဲ့...

ကြည့်..
တသက်လုံးသစ္စာရှိခဲ့တဲ့ ပိတောက်
ဒီအရပ်ရောက်မှ
ဖောက်ပြန်တော့တယ်...

နှင်းပျောက်တဲ့ဆောင်း
မြူကင်းတဲ့နွေတဲ့
အင်္ဂါမစုံတာကိုများ
အီကွေတာလို့ခေါ်လေသလား...

ဒီနေ့နဲ့မနက်ဖြန်
မနှစ်ကနဲ့ဒီနှစ်
နေ့တွေတာသစ်သစ်သွားတယ်
ဥတုဆိုတာ ကဗျာတွေ၊စာတွေထဲမှာဘဲ...


တန်ခူး
10:49PM 26-Dec-2007

စိတ်ကူးထဲကအိမ်ကလေး


ချစ်သူရေ...
ဘဝဆိုတာ ဆေးစက်ကျရာ အရုပ်ထင်သလို စိတ်ကူးသက်သက်နဲ့သာ တည်ဆောက်လို့ရရင် ဘယ်လောက်များ ငြိမ်းချမ်းလိုက်မလဲနော်...ချစ်သူနဲ့ကျွန်မ တခါတခါ မျက်လုံးလေးမှိတ်ပြီး အဲဒီစိတ်ကူးယဉ်ဘဝလေးထဲ ခဏအလည်သွားကြတယ်...

မြို့ပြရဲ့မွန်းကြပ်ကြပ်အနံ့တွေနဲ့ ခပ်ဝေးဝေးက တိတ်ဆိတ်ငြိမ်းချမ်းတဲ့ တောင်ပေါ်မြို့လေးမှာ ချစ်သူရယ်၊ကျွန်မရယ် ပြီးတော့ ကျွန်မတို့ရဲ့အိမ်ဆည်းလည်းလေးသားလေးရယ် အတူနေကြတယ်... တစ်ထပ်သစ်သားအိမ်သေးသေးလေးရဲ့ခေါင်မိုးပေါ်မှာ ချစ်သူ့လက်ရာ ဗူးနွယ်၊ဖရုံနွယ်တွေနဲ့ ဖုန်းလွှမ်းစိမ်းမြလို့နေတယ်...အိမ်ရှေ့က ကျွန်မပန်းခင်းလေးကတော့ အရောင်အသွေးစုံစွာနဲ့ မြင်ရသူရင်ကို ကြည်နူးစေတယ်...စပါယ်၊ကြက်ရုံး၊ယုဇန၊ဇီဇဝါ၊သနပ်ခါးပန်းလေးတွေရဲ့ ချစ်စရာရနံ့လေးတွေက ခြံဝင်းထဲမှာရော၊အိမ်လေးထဲမှာပါ ထုံသင်းမွှေးပျံ့နေတယ်...ခြံထောင့်က ပိတောက်ပင်ရိပ်လေးမှာ တန်းလျားဖြူဖြူလေးရယ်၊သားရဲ့ဒန်းဝါဝါလေးရယ် ရှိတယ်… အိမ်နောက်ဖေးမှာတော့ ကျွန်မကစိုက်ပျိုး၊ချစ်သူက မြေဆွပေါင်းသင်ရေလောင်းထားတဲ့ ခရမ်း၊မုန်ညှင်း၊မုန်လာ၊ရုံးပတီ၊ငရုတ်၊ချဉ်ပေါင်၊ကန်စွန်း စတဲ့သီးနှံတွေဝေဝေဆာဆာနဲ့ စိုက်ခင်းလေးရှိတယ်…
အချိန်တန်ရင် အိမ်လေးထဲမှာ ချစ်သူရဲ့ကလေးတွေကို စာပြတဲ့အသံတွေနဲ့ စည်ကားလို့နေတယ်...ကျွန်မကတော့ ချက်ပြုတ်ပြီးတာနဲ့ ခန်းစည်းစဝါဝါလေးနဲ့ပြူတင်းနံဘေးက စားပွဲမှာ စာတွေ၊ကဗျာတွေ သီဖွဲ့လို့နေတယ်... ကဲ...ဘယ်လောက်ငြီမ်းချမ်းပြီး ချစ်စရာကောင်းတဲ့ ချစ်သူနဲ့ကျွန်မရဲ့ အသက်မွေးဝမ်းကြောင်းလေးလဲနော်...
ညနေဆို ခပ်လှမ်းလှမ်းက ကျောင်းကလေးမှာ သားလေးဆီ ချစ်သူကစက်ဘီးလေးနဲ့သွားကြိုတယ်...သားလေးပြန်ရောက်လာတော့ အိမ်လေးထဲမှာ သားအသံတွေဝေဆာပြီး ပိုအသက်ဝင်လာတယ်...ခြံထွက်သီးနှံလတ်လတ်ဆတ်ဆတ်နဲ့ ကျွန်မလက်ရာ မိသားစုထမင်းဝိုင်းလေးက တကယ်ကို မြိန်လျှက်လှပါတယ်.. ညနေခင်းနေချိုချိန်ဆို လေကောင်းလေသန့်ရှူရှိုက်ရင်း ကျွန်မနဲ့ချစ်သူက တန်းလျားလေးပေါ်ထိုင်လို့ သားလေးဆော့ကစားကိုကြည့်ပြီး ကြည်နူးကြတယ်… အေးမြတဲ့လရောင်အောက်မှာ ချစ်သူကဂီတာလေးတီးပြီး ကျွန်မနဲ့သားလေးနဲ့က သီချင်းအေးအေးလေးတွေဆိုကြတယ်...ညအိပ်ရာမဝင်ခင် မိသားစုဘုရားဝတ်တတ်သံလေးက အိမ်လေးထဲမှာ ကျက်သရေရှိစွာ ပျံ့လွင့်နေတယ်...

ချစ်သူရေ...စိတ်ကူးကလန့်နိုးလာတဲ့အခါ...
မွန်းကြပ်တဲ့အခန်းကျဉ်းလေးရယ်၊ကားသံလူသံဆူညံညံနဲ့ မြို့ပြရဲ့အနံ့တွေရယ် ၊ရေခဲသေတ္တာထဲကခဲနေတဲ့အသားတွေရယ်၊မြေကြီးနဲ့မစိုက်တဲ့ ပေါ့ရွှတ်ရွှတ်ဟင်းရွက်တွေရယ်၊ဧည့်ခန်းကျဉ်းကျဉ်းက TVရှေ့မှာ ကာတွန်းကားနဲ့အဖေါ်လုပ်နေရတဲ့ သားလေးရယ်၊ဖော်ရွေမှူကင်းတဲ့ ခံစားချက်ဗလာမျက်နှာတွေနဲ့ ချစ်သူရော၊ကျွန်မပါ လူစင်စစ်က ပိုက်ဆံရှာတတ်သော စက်ရုပ်တွေဘဝ ပြန်ရောက်သွားကြတယ်...
ချစ်သူရေ...အဆင်သင့်ဖြစ်ရင်ပြောပေါ့...အလိုရမ္မက်တွေ၊ဖန်တီးလုပ်ယူမှူတွေ၊ရုပ်ဝတ္ထုတိုးတက်မှူတွေနောက် အငမ်းမရလိုက်နေရတဲ့ ဒီဘဝကြီးထဲက အပြီးရုန်းထွက်လို့ စိတ်ကူးထဲကအိမ်ကလေးထဲ အတူသွားကြစို့...


တန်ခူး
10:30PM 26-Dec-2007

Tuesday, December 25, 2007

နှူတ်ခွန်းဆက်

မင်္ဂလာပါရှင်...
ကောင်းသောခရစ္စမတ်ညပါ...
ဝါသနာအရ စာရွက်ပေါ်တွင် တကိုယ်ထဲချရေးလေ့ရှိသော ပျော်ရွှင်ခြင်းများ၊ဝမ်းနည်းခြင်းများ၊လွတ်လပ်ခြင်းများ၊မွန်းကြပ်ခြင်းများ၊

မျှော်လင့်ခြင်းများ၊ဆုံးရှူံးခြင်းများ၊ယုံကြည်ခြင်းများ၊ဝေဝါးခြင်းများ....ကို လေနုအေးနဲ့အတူ မျှဝေခံစားစေလိုခြင်းသက်သက်ဖြင့် လေနုအေးကို မွေးဖွားမိခြင်းဖြစ်ပါတယ်...
မွေးခါစBlogလေးမို့ အမှားပါရင် ခွင့်လွှတ်နားလည်ပေးကြပါရှင်..
လေနုအေးဖြစ်မြောက်လာဖို့ ကူညီပေးခဲ့တဲ့ ကိုပေါ(ပိတောက်ရိပ်)ကို အထူးကျေးဇူးတင်ပါတယ်...
လေနုအေးဆီ မကြာမကြာအလည်လာဖို့ ဖိတ်ခေါ်ပါတယ်ရှင်...


တန်ခူး

7:46pm 25-Dec-2007



Monday, December 24, 2007

သို့...လေနုအေး

သူက ကြင်နာစွာ လျို့ဝှက်တတ်တယ်...
သူဘယ်ဆီကလာမှာလဲ၊သူဘယ်ဆီကိုသွားမှာလဲ... သူဘယ်တော့လာမှာလဲ၊သူဘယ်တော့ပြန်မှာလဲ...ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ကိုယ့်ကိုဘယ်တော့မှ ချူပ်နှောင်မထားတတ်ဘူး....
သူလာရင်...
သစ်ရွက်ကလေးတွေက သူ့ကိုမှီတွဲလို့ ညင်သာစွာယိမ်းနွဲ့ကခုန် နေကြတယ်...
ပန်းပွင့်လေးတွေက ရက်ရက်ရောရောသင်းပျံ့ပျံ့ရနံ့လေးတွေ လက်ဆောင်ပေးကြတယ်...
ငှက်ကလေးတွေက သူ့အပေါ်မှာ အလိုက်သင့်လွင့်မျောပျံသန်းရင်း ချိုသာတဲ့တေးသီချင်းလေးတွေ ဆိုညည်းနေကြတယ်...
ကိုယ့်ဆံနွယ်ရှည်ရှည်တွေကတော့ ငှက်ကလေးတွေနဲ့အပြိုင် တောင်ပံခတ်လို့နေတယ်...လွတ်လပ်စွာလွင့်မျောနေတဲ့ ကိုယ့်ခန်းစည်းစတွေနဲ့အတူ ကိုယ်ပါလွင့်မျောနေတယ်...
အေးမြနူးညံ့တဲ့ အထိအတွေ့ကြောင့် သူဟာကိုယ့်ပါးပြင်တွေကို တိတ်တခိုးနန်းရှူိက်သွားပြီဆိုတာ သိလိုက်ရတယ်...
သူသယ်ဆောင်လာခဲ့တဲ့ ပန်းရနံ့လေးတွေ၊မြေသင်းနံ့လေးတွေ..ပြီးတော့...ကိုယ်ကိုတိုင်မခွဲခြားတတ်တဲ့ သဘာဝရဲ့ရနံ့လေးတွေကို ဟိုးနှလုံးသားထဲထိရောက်အောင် ရှူရှိုက်မိတယ်...
အဲဒီအခါ...အံ့သြဖို့ကောင်းစွာ ကိုယ့်ရင်ထဲက မွန်းကြပ်မှုတွေ၊ပူလောင်မှူတွေ၊နာကျင်မှူတွေက တဖြေးဖြေးနဲ့ ပါးလျပျောက်ဆုံးသွားကြတယ်...
ကျေးဇူးပါလေနုအေးရယ်...

တန်ခူး
05:25pm 24.12.2007 Christmas Eve