Friday, December 31, 2010

နေရစ်ခဲ့တော့ နှစ်ထောင့်တဆယ်…

နေရစ်ခဲ့တော့ ၂၀၁၀..

မှတ်တမ်းတခုအနေနဲ့ 
ပြန်လွမ်းကြည့်ရင်တော့
နာမည်ကြီးလေးဂဏန်းနဲ့ 
ဘ၀ကို ခြေလှမ်းစခဲ့တာ
အဲဒီ၂၀၁၀…
မြန်မာဆန်ဆန်ပြောရရင်
ဇရာဆိုတာစမိတ်ဆက်
သိပ်တောင်တက်တက်ကြွကြွမရှိတော့သလိုမို့ …
အနောက်ဆန်ဆန်ခြေလှမ်းတွေနဲ့ 
မေ့ချင်ယောင်ဆောင်နေခဲ့တဲ့ ၂၀၁၀…

သည်းထိတ်ရင်ဖို
Project deadlineတွေကြား
Stressတွေများလို့ 
Snackတွေစားရင်း
အိပ်ချိန်တွေရှားပါးတဲ့အထဲက
ကိုယ်အလေးချိန်တွေတက်
မှန်သိပ်မကြည့်ဖြစ်ခဲ့တဲ့ ၂၀၁၀…

အတ္တမပါပဲ
တောင်းခဲ့ဖူးတဲ့ဆုတခု
မမျှော်လင့်ပဲပြည့်သွားတဲ့အခါ
ဘ၀မှာ
ဝမ်းသာလွန်းလို့ မျက်ရည်ကျဖူးတဲ့နေ့ လို့ 
မှတ်မှတ်ရရထင်ကျန်ရစ်တဲ့
အမေလွတ်မြောက်ခဲ့တဲ့ ၂၀၁၀…

ဦးနှောက်တွေဖောက်ဖောက်စားဖို့ 
ရေကြည်တွေကိုလဲနှောက်
မြက်စိမ်းစိမ်းတွေခြောက်ခြောက်လာစေတဲ့
ဒီကျွန်းနိုင်ငံမှာ
မြန်မာတွေခြေရာထပ်လာတော့
ကျောင်းဇရပ်တွေများ
သိသိသာသာ
သာသနာပိုပိုထွန်းကားလာတဲ့ ၂၀၁၀…

မျက်နှာစိမ်းတွေကြားအားတင်းထားရဆဲ၂၀၁၀
ဘယ်တော့မှနေသားမကျတဲ့မြေသားတွေပေါ်ခြေချနေရဆဲ၂၀၁၀
အိုမင်းဟောင်းနွမ်းတဲ့မျှော်လင့်ချက်တွေထမ်းပိုးထားရဆဲ၂၀၁၀
ကျောင်းဆရာဟောင်းကြီးတယောက်ဂျာနယ်ရောင်းနေရဆဲ ၂၀၁၀
ကိုယ့်ကျင့်တရားနဲ့ စပွန်ဆာကြားဗျာများနေရဆဲ ၂၀၁၀
ဟစ်ဟော့မြူးဇစ်နဲ့ ဘ၀ကိုရောင့်ရဲတတ်တဲ့လူငယ်တွေရဲ့ ၂၀၁၀
ကမ္ဘာကြီးသိသိသာသာပူနွေးလာတဲ့ ၂၀၁၀
မျက်နှာလွှဲပြီး ခဲပစ်တတ်သူတို့ များများလာတဲ့ ၂၀၁၀
.....
.....
.....
ကဲ… နေရစ်ခဲ့တော့ နှစ်ထောင့်တဆယ်။

တန်ခူး
11:57pm 31-Dec-2010

Saturday, December 25, 2010

သုံးနှစ်သမီးလေး လေနုအေး



(ပုံကို အင်တာနက်မှ ယူပါသည်)

လေနုအေးလေး ၃နှစ်မြောက်မွေးနေ့ မှာ ပို့ စ်အမှီတင်ဖို့ ရာ ည၁၂၊၀၁မိနစ်ဆိုတော့ နဲနဲနောက်ကျသွားပါတယ်...
မွေးနေ့ လက်ဆောင် အဖြစ် စာတွေပြန်ရေးဖို့  လေနုအေးကို တိတ်တိတ်လေးကတိပေးဖြစ်တယ်...
လေနုအေးလေး စတင်မွေးဖွားရာကနေ ယနေ့ အထိ သံယောဇဉ်ကြိုးတွေ တိုးတိုးချည်နှောင်မိသော လေနုအေး စာဖတ်ပရိသတ်၊ စာရေးဖော်၊စာရေးဖက် ဘလော့ဂါများက လေနုအေး ကျန်းမာအသက်ရှင်နေအောင် ရေလောင်းပေါင်းသင်တဲ့ ကျေးဇူးရှင်တွေဖြစ်နေတာမို့  လေနုအေးကိုယ်စား ကျေးဇူးတင်မိပါကြောင်း ပြောပါရစေ... မနှစ်က ၂၀၁၀မှာ ၁၆ပုဒ်ထဲ ရေးဖြစ်ခဲ့ပေမယ့် သံယောဖဉ်တွေနဲ့  နွေးထွေးနေဆဲ ဒီသံယောဇဉ်ရပ်ဝန်းက မေတ္တာတရားတွေကို ဘယ်လို စကားလုံးနဲ့ ဖော်ပြလို့ လုံလောက်မှာ မဟုတ်ပါဘူးလို့ ... ကောင်းသောခရစ္စမတ်ပါ...

တန်ခူး
12:06pm 25-Dec-2010
(လေနုအေး ၃နှစ်မြောက် မွေးနေ့ အမှတ်တရ)

Wednesday, December 22, 2010

အချိန်အလှူပေးကြသူများ

အားလုံးသိကြတဲ့အတိုင်း ကျွန်မစာမရေးဖြစ်တာ အတော်ကို ကြာသွားခဲ့ပါပြီ။ ကိုယ့်ကိုယ်ကို ပြန်စမ်းစစ်ကြည့်တော့ မအားလို့ မရေးဖြစ်ရာကနေ… မရေးတာကြာလို့  မရေးဖြစ်တာလဲ ပါတယ်ဆိုတာ ၀န်ခံမိပါတယ်။ စိတ်ထဲမှာ ချချရေးတာတွေ များလာတော့ ခုဆို ကျွန်မစိတ်ကြီးက အတော်ကို လေးလံနေသလိုကြီးလဲ ခံစားလာရပါတယ်။ အီးမေးလ်ပို့ ကြ၊ ကော်မန့် ထဲမှာမေးကြ၊ ပြီးတော့ ကျွန်မနဲ့ ခင်တဲ့ ဘလော့ဂါတွေက တဆင့် မေးကြ… လူချင်းတွေ့ ရင်မေးကြတာ များလာတော့…ငါ့မယ် ဘလော့တခုကြီးရှိပြီး အတော်တာဝန်မကျေပါလားလို့  အားနာဝမ်းနည်းကြီး ခံစားရပါတယ်။ ပထမတော့ ဘလော့လေးရဲ့ မွေးနေ့ မှာ ပြန်ရေးမယ်လို့  အားခဲထားတာပါ။ ခုတော့ ကြားဖြတ်အစီအစဉ်နဲ့  ပို့ စ်တခု ကောက်တင်လိုက်ရပါတယ်။

ကိုယ်ပြောချင်တာလေးကို ဘယ်လို တစုတစည်းထဲသိအောင် ပြောခွင့်ရမလဲဆို စဉ်းစားနေတာ ၂ရက်လောက် ကြာသွားပါတယ်။ နောက်မှ… မေ့နေလိုက်တာ… လေနုအေး ရှိတယ်လေ… ဆိုတာ သွားသတိရတယ်။ လေနုအေးလေးသာ အသက်ရှိရင်တော့ နှုတ်ခမ်းလေးစူပြီး သူလိုမှ သတိရတယ်ဆို ပြောနေမလား မသိပါဘူး။

တကယ်တော့ ဒီအကြောင်း ရေးချင်နေတာ ကြာလှပါပြီ။ ရေးချင်လာအောင် စိတ်ကို တိုက်တွန်းနှိုးဆော်လာတာကတော့ နိုင်ငံရပ်ခြားမှာရှိနေတဲ့ မြန်မာတွေကို အလှူအတန်းဖြစ်မြောက်အောင် သူ့ အချိန်တွေကို ရက်ရက်ရောရော လှူနေတဲ့ အမကြီး တယောက်ပါ။ မြန်မာပြည်တွင်းက ချို့ တဲ့သူတွေဆီ သူကိုယ်တိုင် ကွင်းဆင်းလေ့လာပြီး ဘယ်နေရာ၊ဘာလိုအပ်တယ်၊ ဘယ်လိုလုပ်ပေးရင် ကောင်းမယ်ဆိုတာ အရင်စဉ်းစားပြီး အလှူရှင်တွေကို ဖိတ်ခေါ်… ပြီးတော့ ကျွန်မတို့ ရဲ့အလှူငွေတွေကို သူကိုယ်တိုင် ချို့ တဲ့သူတွေဆီ လက်ဝယ်ရောက်အောင် ပို့ ဆောင်ပေးတတ်တဲ့ သူ့ ကို ကျွန်မကျေးဇူးတင် အားကျမိပါတယ်။ သူ့ မှာလဲ သူ့ မိသားစုနဲ့  အလုပ်နဲ့ …. နေ့ တဓူဝ အလုပ်တွေထဲမှာမှ အများအကျိုးဆောင်တဲ့ အလုပ်ကို ဖြစ်မြောက်အောင် လုပ်တတ်လွန်းတဲ့ သူ့ ကို ကျွန်မလေးစားကြည်ညိုမိပါတယ်။ သတင်းစာထဲမှာလဲ စာလုံးကြီးကြီးနဲ့ မပါဘူး… အိုးစည်ဗုံဗောင်းတီးလို့ လဲ မကြေငြာဘူး… သူ နိုင်သလောက်လေးနဲ့  သူကယ်သွားတဲ့ အသက်တွေ မနည်းပါဘူး။ သူနိုင်သလောက်လေးနဲ့  ချို့ တဲ့တဲ့ ပညာဆက်မသင်နိုင်တဲ့ ကလေးတွေ ဘွဲ့ ရပညာတတ် ဖြစ်သွားတာလဲ မနည်းပါဘူး။ သူနိုင်သလောက်လေးနဲ့  ရေနောက်တွေသောက် ဒုက္ခရောက်နေသူတွေ ရေကြည်သောက်ခွင့် ရတာလဲ မနည်းပါဘူး။ ပကာသနမဖက်တဲ့ တကယ့်စေတနာအလှူသက်သက်ပါ။ ကျွန်မတို့ လို နိုင်ငံရပ်ခြားရောက်နေသူတွေကို ကိုယ့်တိုင်းပြည်က ချို့ တဲ့သူတွေနဲ့  တံတားခင်း လှူခွင့်ရအောင် ဆောင်ရွက်ပေးတဲ့ သူ့ အတွက် ဂုဏ်ပြူတဲ့ ပို့ စ်တခုလောက် ရေးမယ်လို့  အားခဲနေတာ ခုတော့ ရေးဖြစ်သွားပါပြီ။

ဒီတခေါက် မြန်မာပြည်ပြန်တော့ အဲဒီအမကြီးကို အားကျလို့  အလုပ်တခု ယူဆောင် သွားခဲ့ပါတယ်။ အဲဒီမှာပဲ ဘ၀ကို မြှပ်နှံပြီး တဘ၀လုံးရဲ့ အချိန်တွေကို အလှူပေးနေသူတွေ ထပ်တွေ့ ခွင့်ရခဲ့ပါတယ်။ ကျွန်မ ဒီနိုင်ငံမှာ အိမ်ရောင်းအိမ်ဝယ်လုပ်ရင် အမြဲလုပ်ပေးနေကျ ဒီနိုင်ငံသားဇနီးမောင်နှံဆီက မမျှော်လင့်တဲ့ သတင်းကောင်း တခုကြားခဲ့ရတာ စတာပါ။ သူတို့ မယ် မြန်မာပြည်သား မွေးစားသားလေး တယောက်ရှိတယ်ဆိုတော့ ကျွန်မနားမရှင်းပါဘူး။ နောက်မှ ဒီနိုင်ငံက ကယ်ဆယ်ရေးတပ်ကနေ ချိုတဲ့တဲ့ ကလေးတယောက်ကို ရွေးချယ်ပညာစရိတ် ထောက်ပံ့ရင်း သံယောဇဉ်ဖြစ်သွားတဲ့ အကြောင်းကို သိခွင့်ရခဲ့ပါတယ်။ ကယ်ဆယ်ရေးတပ်ကို သွားတော့ မြန်မာနိုင်ငံသားကလေးလေးကို လိုချင်ပါတယ်လို့  သူတို့ တောင်းဆိုခဲ့တာဆိုတာ ကြားရတော့ မြန်မာတွေကို သံယောဇဉ်ကြီးလွန်းတဲ့ သူတို့ ကို ကျေးဇူးတင်မိပါတယ်။ သူတို့ သံယောဇဉ်က ထောက်ပံ့ကြေးပေးရုံတင်မကပါဘူး။ မွေးစားသား တယောက်လို နွေးထွေးလွန်းပါတယ်။ ကလေးကျောင်းဖွင့်မယ် အချိန်ဆို လိုအပ်တဲ့ စာရေးကိရိယာတွေ ပို့ ပေး… ကလေးမွေးနေ့ ဆို မွေးနေ့ လက်ဆောင်လေးတွေ ပို့ ပေးနဲ့  ကြည်နူးနေကြတာပါ။ ကလေးဓာတ်ပုံလေးနဲ့ ကလေးရေးတဲ့စာလေးတွေ သေသေချာချာ သိမ်းထားတာတွေ့ တော့ ကျွန်မအတော်ကို အံ့သြ၀မ်းသာဖြစ်မိပါတယ်။ ကလေးကို ကြီးလာရင် ဒီနိုင်ငံအထိခေါ်ပြီး ပညာသင်ပေးချင်တဲ့ဆိုတဲ့ သူတို့ ဆန္ဒကို ပြောပြတော့ ကျွန်မအတော်ကို ကျေးဇူးတင်မိတယ်။

ကျွန်မမြန်မာပြည်ပြန်မယ်ဆိုတော့ ကလေးအတွက် လက်ဆောင်လေးတွေ ပေးလိုက်ချင်လို့ ပါ.. . ပြီးတော့ ကလေးဆီသွားတွေ့ ပြီး သူတို့ ဆန္ဒလေးတွေ ပြောပြပေးပါ… ကလေးရဲ့မိခင်ကိုလဲ ထောက်ပံ့ငွေလေး ပေးပေးပါဆို ကျွန်မကို အကူအညီတောင်းပါတယ်။ ကျွန်မလဲ ၀မ်းသာအားရနဲ့  အထုတ်တွေယူသွားခဲ့ပါတယ်။ ဒီနှစ်မြန်မာပြည်ပြန်တာ ကျွန်မရော ကျွန်မသားပါ နေမကောင်းဖြစ်နေတာနဲ့  ဘယ်မှမရောက်ခဲ့ပါဘူး။ ဒါပေမယ့် အဲဒီကလေးဆီတော့ သွားဖြစ်အောင်သွားမယ်ဆို သွားခဲ့ပါတယ်။ ကျွန်မအဖေကိုယ်တိုင် ပဲခူးမြို့ စွန်ရပ်ကွက်လေးကို ကားမောင်းပို့ ပေးခဲ့တာပါ။ အိမ်သေးသေးလေးတွေ ပြွတ်သိပ်ညပ်နေတဲ့ အဲဒီရပ်ကွက်ထဲမှာ ကယ်ဆယ်ရေးတပ်လေးတခု အိမ်လေးတွေကြား တွေ့ လိုက်ရတော့ အတော်အံ့သြမိပါတယ်။ အကျိုးအကြောင်းပြောပြတော့ တာဝန်ရှိဆရာမတွေက မျက်ရည်တွေဝဲအောင် ကြည်နူးကြပြီး ကလေးကို အပြေးအလွှား သွားခေါ်ခိုင်းကြပါတယ်။ ကယ်ဆယ်ရေးတပ်လေးက အုတ်ခံနှစ်ထပ် ကျဉ်းမြောင်းမြောင်း ရှည်ရှည်လေးပါ။ အချိန်ပြည့်လုပ်နေသူ ဆရာမ ၃ယောက်ရှိပါတယ်။ တမင်ကို ဒီလို ချို့ တဲ့တဲ့ ရပ်ကွက်လေးထဲ ကလေးတွေရဲ့ ဘ၀အမှန်ကို သိခွင့်ရ ကူညီခွင့်ရအောင် လာဖွင့်ထားတာပါတဲ့။ သူတို့ ပါ အဲဒီကယ်ဆယ်ရေးတပ်လေးမှာ နေပြီး အများအကျိုးဆောင်နေကြတာပါ။ သူတို့ ဘ၀တခုလုံးကို အများအတွက် မြှပ်နှံထားတဲ့ ဆရာမတွေပါ။ ရေတက်ချိန်ဆို အောက်ထပ်တထပ်လုံး ရေမြုပ်တတ်တယ်လို့  ဆိုပါတယ်။ အဲဒီအချိန်ဆို ရပ်ကွက်ထဲက လိုအပ်တဲ့သူတွေကို သူတို့ က ကူညီစောင့်ရှောက်ကြပါတယ်တဲ့။

ခဏကြာတော့ ကလေးက သူ့ အမေနဲ့ အတူ ရောက်လာပါတယ်။ ပေးလိုက်တဲ့ လက်ဆောင်တွေ ပြတော့ လောဘကင်းတဲ့ ၀မ်းသာတဲ့ မျက်လုံးလေးတွေကို ကျွန်မဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။ ကလေးအမေက ကျွန်မတို့ ထက်တောင် ငယ်သေးပါတယ်။ လောကဒဏ် အထုအထောင်းနဲ့  အဖေမရှိတဲ့ ကလေးတွေအတွက် ဘ၀ကို ရုန်းကန်နေရသူပါ။ ထောက်ပံ့ငွေကို ပေးတော့ ဘေးလူတွေက ၀ိုင်းပြောကြပါတယ်… နင်တို့ အိမ်မိုးဖို့  ငွေလိုနေတာနဲ့ အတော်ပဲပေါ့…တဲ့။ ကျွန်မရင်ထဲ ၀မ်းနည်းဝမ်းသာနဲ့  မျက်ရည်တောင် လည်မိပါတယ်။ ကလေးလေးကို စာကြိုးစားရင် ကြီးရင်နိုင်ငံခြားမှာ ကျောင်းတက်ရမယ်… နိုင်ငံခြားမှာ ကျောင်းတက်လို့  ပညာတတ်ကြီးဖြစ်ရင် ဘာလုပ်မှာလဲမေးတော့… အမေကို့ လုပ်ကျွေးမယ်လို့ … ရိုးရိုးသားသားလေး ဖြေပါတယ်။ အဲဒီစေတနာလေးကြောင့်ပဲ စိတ်ကောင်းရှိတဲ့အလှူရှင်တွေ့ ခွင့်ရတာ ထင်ပါတယ်။ အားလုံး ၀မ်းသာ ကြည်နူးနေတာ တွေ့ ရတော့ သူတို့ အပျော်တွေပါ ကိုယ့်ဆီကူးပြီး တခါမှ မခံစားဘူးတဲ့ ပီတိမျိုးခံစားခဲ့ရပါတယ်။ ကျွန်မအထက်ကပြောခဲ့တဲ့ အမကြီးဆို အဲဒီပီတိတွေနဲ့ ဘယ်လောက်များ ငြိမ်းချမ်းလိုက်မလဲဆို သူ့ ဘ၀ကို အားကျမိပါတယ်။

ကိုယ့်ဘ၀၊ ကိုယ့်အချိန်ထက် ငွေအားနဲ့ လှူဒါန်းတဲ့ အလှူရှင်တွေက ပိုများမယ်ထင်ပါတယ်။ အထူးသဖြင့် ဒီနိုင်ငံလို အလုပ်ချိန်များတဲ့ နိုင်ငံအဖို့  အချိန်က ငွေထက်တန်ဖိုးရှိနေတာမို့  အချိန်လှူဖို့ ဆိုတာ အတော်ကို ခက်ခဲတဲ့ အလုပ်ပါ။ အဲဒီလို အကျပ်အတည်းတွေ ကြားထဲက အချိန်ကို ရက်ရက်ရောရော စေတနာအပြည့်နဲ့  လှူဒါန်းသူတွေကို ကျွန်မ ခုလောလောဆယ်ကို တွေ့ ခွင့်ရလိုက်ပါတယ်။ ကျွန်မတို့  စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းများရဲ့ ဆရာကန်တော့ပွဲကို ရန်ကုန်တလှည့်၊ ဒီနိုင်ငံမှာ တလှည့် အခွင့်ရရင် ရသလို လုပ်ခဲ့ပါတယ်။ ဒီနှစ်မှာ ဒီနိုင်ငံမှာ လုပ်ဖြစ်ပါတယ်။ ဆရာတွေ တကယ်လိုအပ်ချိန်မှာ တတ်အားသလောက် ပြန်ကျေးဇူးဆပ်ခွင့်ရတဲ့ အချိန်အခါပါ။ ပွဲကြီးဖြစ်မြောက်အောင်မြင်သွားအောင် နောက်ကွယ်ကနေ ဆရာတွေအတွက် လိုအပ်ချက်တွေကို ဖြည့်ဆီးပေးတဲ့ အချိန်အလှူရှင်များအားလုံးကို ဒီပို့ စ်လေးနဲ့  မှတ်တမ်းတင်ပါရစေ။ အဖြစ်မဟုတ်ပဲ ရင်ထဲကလာတဲ့စေတနာနဲ့  ကျောင်းစိတ်၊ ကျောင်းသွေးအပြည့်နဲ့  လုပ်ဆောင်ပေးသွားသူများကို တဦးချင်း ကျေးဇူးတင်စကားပြောချင်ပေမယ့် တဦးတလေ ကျန်သွားမှာကို စိုးရိမ်လို့  ဒီပို့ စ်လေးနဲ့  ကျေးဇူးတင်စကား ဆိုမိခြင်းပါ။ ဟိုးမျိုးဆက်ဟောင်းတွေကနေ့  ဖျတ်လတ်တက်ကြွတဲ့ မျိုးဆက်သစ်လေးတွေထိ… ခြေလှမ်းတွေနှေးကုန်တဲ့ ကျေးဇူးရှင်ဆရာတွေကို နွေးထွေးတဲ့ လက်အစုံနဲ့ ဖေးမပေးတဲ့… မျက်လုံးတွေမှုန်ဝါးကုန်တဲ့ ကျေးဇူးရှင်ဆရာတွေကို တွဲခေါ်လမ်းပြပေးတဲ့… ကျောင်းသားတွေနဲ့ စိုပြေခဲ့ဘူးတဲ့ဘ၀တွေ တခဏလေးဖြစ်ဖြစ်ပြန်ရအောင် အသက်သွင်းပေးခဲ့တဲ့… ဆရာတွေရဲ့မျက်နှာတွေပေါ် ကြည်နူးတဲ့အပြုံးတွေပွင့်အောင် လုပ်ဆောင်ပေးခဲ့တဲ့… တန်ဖိုးရှိလှတဲ့ အချိန်တွေကို အလှူပေးခဲ့ကြတဲ့ လုပ်အားပေးကျောင်းသား ကျောင်းသူ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီပို့ စ်လေးကတဆင့် ပြောပါရစေ။

(စာကြွင်း…အချိန်အလှူပေးကြသူတွေထဲမှာ ကျွန်မချစ်တဲ့ ဘလော့ဂါစုံတွဲ ကိုဧရာနဲ့ မသီတာနဲ့  ဘလော့ပေါ်က စရင်းနှီးခဲ့ရတဲ့ ဘလော့ဂါမောင်လေး တောင်ငူသားတို့ လဲ ပါဝင်ကြကြောင်း ဘလော့ချစ်သူများကို အသိပေးအပ်ပါတယ်… ကိုဧရာ၊ မမသီတာနဲ့  ကိုတောင်ငူတို့ ရေ… အချိန်အတူအလှူပေးကြတဲ့ သူငယ်ချင်းတွေကို ဒီပို့ စ်လေး လက်တို့ ပြီးပြလိုက်ပါနော်… ဒါပေမယ့် မတန်ခူးဘယ်သူလဲဆိုတာတော့ မပါကြေး)
တန်ခူး
12:27pm 22-Dec-2010

Saturday, August 21, 2010

အချစ်ရိုင်းတို့ အချစ်ဦး


(တချို့ ဓာတ်ပုံများကို အကိုကြီးတစ်ယောက်ရဲ့ facebookမှ ကူးယူပါသည်)

စာမရေးဖြစ်တာ… စာမဖတ်ဖြစ်တာ… ဘလော့နဲ့ ဝေးနေတာ… အတော်ကိုကြာသွားခဲ့ပါပြီ။ အဲဒီဘ၀ကြီးက ခြောက်ကပ်ကပ်နဲ့  ဘာအနှစ်သာရမှမရှိသလို စက်ရုပ်ဆန်လွန်းတယ်။

“ညတွေကလည်း… အိပ်ဘို့ အထိ မငြိမ်းချမ်းတော့ဘူး
စကားတွေကလည်း…ပြောဘို့ အထိ မသိမ်မွေ့ တော့ဘူး
သီချင်းတွေကလည်း…ဆိုဘို့ အထိ မချိုမြိန်တော့ဘူး
လမ်းတွေကလည်း… လျှောက်ဘို့ အထိ မချောမွေ့ တော့ဘူး
မြင်ကွင်းတွေကလည်း…ကြည့်ဘို့ အထိ မစိုပြေတော့ဘူး…”

အဲဒီ ခြောက်ကပ်ကပ်နေ့ တွေမှာ သူငယ်ချင်းတယောက်ရဲ့ အီးမေးလ်တစောင်ရခဲ့ပါတယ်။ ရင်ကို ထိလွန်းတဲ့ ကဗျာအရှည်ကြီးနဲ့ ။ အဲဒီကဗျာလဲဖတ်ပြီးရော အမျိုးမတူတဲ့ ခံစားချက်တွေ တပြိုင်နက်ခံစားပြီး လူက လက်ရှိဘ၀ကြီးနဲ့ ဝေးကွာသွားသလို… ဒါမှမဟုတ် အနှစ်နှစ်ဆယ်လောက် ပြန်နုပျိုသွားသလို… နောက်ဆုံးမှာတော့ အလွမ်းတွေကြားထဲ နစ်မြုပ်ရင်း… စက်ရုပ်ဆန်တဲ့ဘ၀က ခဏလွတ်မြောက်သွားခဲ့တယ်။

ကိုသျှားရေ.. တကယ်လို့ များ သြဘာလမ်းလေးများ နင်ပြန်ရခဲ့ရင်
နွေးအေးများနင်ပြန်ရခဲ့ရင်
ချစ်သူတို့ လမ်းလေးများ နင်ပြန်ရခဲ့ရင်
ဝမ်းသရီး စစ်စတင်းများ နင်ပြန်ရခဲ့ရင်
အယ်လ်တူးများ နင်ပြန်ရခဲ့ရင်….
ငါနဲ့ ငါ့လို လွမ်းတတ်သူတွေ… ပြီးတော့ နင့်လို တမ်းတတ်သူတွေကို ဝေမျှပေးဦးနော်….။ စိတ်ထင်တိုင်းသာ လုပ်ခွင့်ရခဲ့ရင် စွယ်တော်ပင်ကြီးအောက်မှာ မှီငေးရင်း မြက်ခြောက်တောကြီး စိမ်းလန်းလာမယ့်တနေ့ ကို ငါစိတ်ရှည်လက်ရှည် ထိုင်စောင့်ချင်မိရဲ့။ ကျောင်းဝန်းထဲက မထွက်တမ်းလေ။

လွမ်းတတ်သူတွေ မျှဝေခံစားဖို့  ကဗျာရေးကောင်းလွန်းတဲ့ သူငယ်ချင်းရဲ့ ကဗျာလေးကို ဝေမျှလိုက်ပါတယ်။ တကယ်လို့  RITမှာ ကျွန်မတို့ နဲ့  နှစ်ကြီးနှစ်ငယ်ဆုံခဲ့သူများ… ဒါမှမဟုတ် တတန်းထဲက သူငယ်ချင်းများကတော့ ဒီကဗျာဆရာကို မေ့လိမ့်ဦးမယ် မဟုတ်ပါဘူး။ ကျောင်းတုန်းက မုန့် ဖိုးလေးနဲ့ ဝယ်ခဲ့ရတဲ့ လက်ရေးကဗျာစာအုပ်ထဲက ကဗျာတပုဒ်ကို ဖတ်ရသလို ရင်ခုန်သံတွေ ပြန်လတ်ဆတ်သွားစေတဲ့ ကျွန်မသူငယ်ချင်း ကိုသျှားရဲ့ကဗျာကို ခံစားကြည့်ပါဦးနော်။

“ရူးအောင်လွမ်းတယ်၊ ဘယ်ဆီ မှန်းဆ.. …
အရွယ်တော်လန်းစ ရွက်နုတစ်ရွက်လို
တို့ ရဲ့… စွယ်တော်နန်းက စက်မှုတက္ကသိုလ်….”

ရူးအောင်လွမ်းနေခဲ့… လွမ်းနေဆဲ.. လွမ်းနေဦးမယ့်… ကျောင်းကို ချစ်သူတွေအတွက်….။

***********************

အချစ်ရိုင်းတို့ အချစ်ဦး

(၁)



မ၀ံ့ တ၀ံ့
မချင့်မရဲ
ခွဲရတော့မယ် ။

သံယောဇဉ်ချောင်း ၊ ငြိမ့်ညောင်းစီးဆင်း
တွေ့ ဆုံခြင်းအစ
ခွဲခွါရမည့်ကာလအထိ
မသိသလို ၊ သိသလိုပဲ
ခွဲခါခြင်းတစ်ခဏ
ဝေးကွာခြင်းတသသ
ဘ၀အပိုင်းအခြား
လှေကားတစ်ထစ်
ဖြစ်ပြီးမပျက်၊ အမှတ်တရ ။

ဘယ်ကလာလည်း ၊ ဘယ်နယ်ကလည်း
မိတ်ဆုံပွဲမလိုပါ
အညာအကြေ ၊ မြေပြန့် တောင်တန်း
တစ်ဝမ်းတည်းဘွား ၊ တို့ ကျောင်းသားတွေ
သွေးစကားခင်း၊ ရင်းနှီးခင်မင်
သွားလာဝင်ထွက်၊ လက်တွဲဖေးကူ
ဖြူဖြူစင်စင်၊ မြူမတင်ခဲ့
ခင်မင်မှုပရ၀ုဏ်ကို
သံယောဇဉ်နဲ့ လုံခြုံစည်းတား
တကဲ့တစ်သားတည်း
ကွဲပြားတယ်ဆိုတာမရှိ
သိသလိုခင်၊ ခင်သလိုရင်း
ဖြည့်တင်းကူထောက်
ကောက်ကြောင်းမဲ့နှလုံးသားလေးတွေ ။

နေရာတိုင်းမှာ ၊ ကာလနုနု
ပြုစုဆောက်တည်
ငွေချိုးဖြူတို့ တိုင်းပြည်ငယ်
တကယ်ပါ ။

ကျောင်းသွားကျောင်းပြန် ၊ မှန်မှန်ဖြတ်ကူး
အာရ်စီတူးထဲ ၊ ဆူးလှည်းစစ်ကြောင်းခင်း
“ဤကျောင်းဝန်းအတွင်း
လမ်းကြိတ်စက်များမောင်းနှင်ခြင်းမပြုရ”
“ဘေးတိုက်မရပ်ပါနဲ့ ဗျို့ 
လူပျောက် ပျောက်သွားလို့ ပါ”
“ယဉ်ယဉ်လေး………………..ရူးနေတာ”
“အမြှောက်ကြိုက်သလားလို့ ပါ
အဆောင်ရောက်မှ မှန်ပြန်ကြည့်မနေနဲ့ ဦး”
ပိန်ပိန်၀၀ ၊ မြင်သမျှတို့ ထိ
တိတိကျကျ ၊ ဟာသခေတ်ဦး
ဖူးပွင့်ဘူးတယ်ယုံ ။

လှည်းတန်းအပြန် ၊ မိုးပျံတေးသွား
သွားရင်းဟားရင်း၊ ပျော်ရင်းရွှင်နောက်
“ကားခဘယ်လောက်လဲ
အမိုးပေါ်မှာ ဆယ်ယောက် ၊ အတွယ် ငါးယောက်”
ဘာကိုမှ မကြောက်ကြ…
“ခြောက်ယောက် ငါးကျပ် ထားလိုက်ပါဗျာ”
နေပူပူ ၊ မိုးရွာရွာ
ထိုင်ခုံမှာမထိုင်ချင်
ကောင်မလေးတွေတွေ့ ရင် အော်လို့ အော်
“ရှေ့ ကားကိုကျော်မယ်ဆရာ
ဆိုက်ကားက လမ်းတောင်းနေတယ်ဗျို့ ”
နှေးရင်လည်းတစ်ယောက်တစ်ပေါက်
အပျော်ချောင်းပေါက်ခဲ့ရာ
မာလာ ၊ တံတားဖြူ ၊ စွပ်ကျယ်စက် ၊ ခြောက်မိုင်ခွဲ
ရင်ထဲကနေရာလေးတွေ
ရွှေနဲ့ လည်းမလဲချင်
ငွေနဲ့ လည်းမလဲချင်
ဘယ်တော့မှလည်းမခွဲချင် ။

အင်ကြင်းမြေနီလမ်း ၊ စမ်းတ၀ါးဝါး
လျှောက်သွားဆူညံ ၊ သံစဉ်ကင်းမဲ့
အော်ခဲ့ဟစ်ခဲ့ ၊ အတီးမဲ့အဆို
အငိုမဲ့အလွမ်း ၊ တစ်ခန်းပြီးတစ်ခန်း
ဖြတ်သန်းရှတ ၊ တသသပေါ့
တူးတူးကတော့ “ကျောင်းတွေပိတ်ရင်ဝေး” တဲ့
တို့ ကတော့ “ပွေးတွေပျောက်အောင်ကု”
ပြူစုတင်ဆက် ၊ မှတ်မိစေချင်
ညသံစဉ်များ………
“အခန်းနံပါတ် တစ်ဆယ့်ငါးမှာ ဖဲရိုက်နေပါတယ်ဗျို့ ”
“ကျွန်တော်ကို မုန်းသူများ
ဝရန်တာသို့  ထွက်လာကြပါ
သို့ မဟုတ်ပါက ၊ ချစ်သူဟုသတ်မှတ်မည်”
အမိန့် တော်တွေချမှတ်
အမှတ်တရ ၊ ဘ၀ရထား
ရွေ့ လျားစုန်ဆင်း ၊ သမိုင်းဝန်းမှာ
ပန်းခင်းတွေလည်း ဝေဘူးတယ် ။

ဂန္စမာရှေ့  ၊ နေ့ ဖြူလေးတွေ
ဖြန့် ခင်းဝေဆာ ၊ သာယာကြည်နူး
ငှက်ပျော်ပေါင်း ဘူးသီးကြော် ၊ အော်ဟစ်မှာယူ
ပူပူ လောင်လောင် ၊ ကြောင်ကြောင်ကျားကျား
“ခုနက ဒီရှေ့ မှာ ကားတိုက်သွားတာ
လုံးလုံးမသေဘူး……..
ဟုတ်လား
ပြားပြားကြီးသေသွားတာ”
ရယ်စရာ မောစရာ၊ ဟာသဇာတ်ခင်း
ရင်းရင်းနှီးနှီး ၊ ဖြည့်ဆီးစုပေါင်း
ကျောင်းသီချင်းကို ၊ ကဒေါင်းဆိုညည်း
စောင်းအိုတီးခတ် ၊ ထက်အောက်လွင့်ပျံ့ 
“တစ်ခါတစ်ရံမှာ … အိပ်မက်လို
ပင်ညိုညိုရိပ်တွေ…. မြမြက်စိမ်းစိမ်းတွေ”
ဝေးခဲ့ပြီး ပန်းခရမ်းပြာ
ဒါကိုလည်း မေ့မေ့ပျောက်ပျောက်..
တကယ့်မေ့မေ့ပျောက်ပျောက်….။

“ကြက်စင်းကော နှစ်ပွဲ”
“၀က်စင်းကော နှစ်ပွဲ”
တစ်ပွဲ ငါးကျပ် ၊ အိပ်ကပ်စမ်းကြည့်
“ကျားပျံ” သိတယ် ၊ မရှိခဏ
ဝေငှသုံးစွဲ ၊ ရွှင်လည်း လန်းလန်း
ခန်းလည်း ပျော်ပျော် ၊ အဖေါ်တစ်သိုက်
“လိုက်ပွဲ ဒီဘက်က… လိုက်ပွဲ”
“ရေနွေးအိုး… ရေနွေးအိုး”
မရိုးနိုင်သော တောင်းဆိုမှုအားလုံး
ပြုံးပြုံး တုန့် ပြန် ၊ မငြင်းဆန်ခဲ့
ကျားပျံမောင်ကောင်း ၊ အားလုံးရောင်းမလား
ဝယ်… စား… ပစ်… မယ် ။

“အရူးပါဗျို့ ”
“ဟေ့ကောင် ငပေါ”
သြဘာသံတွေ ၊ ဆူဝေပွက်ထ
မတားဆီးကြေး ၊ လေးဘက်လေးတန်
ဝရံတာမှာ ၊ နေရာလပ်မရှိ
အားပေးသူ အပြည့်နဲ့ 
ငါတို့ ရဲ့ သြဘာလမ်းကလေး
ဘာကြေး ညာကြေး
လောင်းကြေးနဲ့ လျှောက်သူများ….
တစ်ပါးသောအရပ်မှ
မျက်နှာစိမ်းဧည့်သည်များ…..
အားမနာနိုင် ၊ တို့ နိုင်ငံလေ
စွယ်တော်မြေမှာ ၊ ဒီလိုပါပဲ
စွဲလန်းမှုက ချစ်စရာ ။

“ငဖဲ”ရှိလား ၊ “ရှမ်းကြီး”ရှိလား
“တရုတ်”ရှိလား ၊ “ကျားကြီး”ရှိလား
ကင်တင်းသွားမယ်
“သားကြီး”တို့ တော့ ၊ “မှန်ကြောင်” ချော့ခေါ်
အဆောင်ထမင်းသော်မှ မစား
အင်းလျားသွားပြီတဲ့…
စည်စည်ကားကား ၊ သွားသွားလာလာ
ဆည်းဆာညနေ ၊ ခြေဆန့် ခရီး
အပြီးမသတ် ၊ တစ်ပတ်ပြီးတစ်ပတ်
တစ်ရက်ပြီးတစ်ရက်၊ မပျက်ကွက်ကြ
သဇင် အင်ကြင်း ၊ ကံ့ကော်နှင်းဆီ
သရဖီ ဂန္စမာ ……
ပြီးတော့
ကန်သာယာ ၊ ရွှေကြယ် ၊ မာလာဝင်း
ထမင်းသုတ် ၊ ပေါ့ကျ ၊ ဖန်ချို ၊ ပုံမှန်
ထုံးစံအတိုင်း၊ လေလှိုင်း ခိုစီး
“ဒီကောင်ကြီးတော့ ကုသိုလ်တွေ ရဦးမှာကွ
သူ့ အမေကို ခဏခဏ ဘုရားလိုက်ပို့ တာ”
“မင်းတို့ မကြားလိုက်ဘူးလား
မုန့် ပုံးတွေ ဈေးတက်သွားပြီ”
အားမနာကြေး ၊ သြဘာပေးခဲ့
ကျန်သေးသူများ ၊ စကားမရှိ
အကြည့်ဂျွမ်းထိုး ၊ မေးထိုးမေ့ ငေါ့
ဆာလာတော့မှ
“လာကြပါဦးဗျို့ 
ဒီနေ့ စားမှာပါဗျို့ 
စပါးပျိုးနေတုန်းလားဗျ”
ရေနွေးအိုးများ ၊ ရထားလွန်းပျံ
ဝေဖန်ပွက်ထ ၊ ခဏကွန်းခို
ကိုကြီးတိုး ၊ ဘိုထီး ၊ ထူးအိမ်သင်
သံစဉ်ရှရှ ၊ တသနွဲ့ ယိမ်း
တိမ်းပါးယစ်မူး ၊ အိပ်မက်ဦးတွေ
ဟုတ်တယ်… ဒါတို့ ရဲ့ အိပ်မက်ဦးတွေ ။

အရှည်ကြီး… ဗျို့ … အရှည်ကြီး
ထပါဦးဗျ….
သန်းကောင်ကို နေ့ မှတ်
ရပ်ကွက်ကိုလည်း အားမနာ
အုတ်ကျင်းမှာ ၊ လှည်းတန်းမှာ
သူရာပွဲခင်း ၊ ငြင်းကြခုန်ကြ
အားမရနိုင် ၊ ယိုင်ထိုးတွဲထူ
မငြူစူခဲ့ ၊ အဖြူထည်များ
ဘုရားလမ်းထဲ ၊ ရဲရဲကျော်ဖြတ်
အဖေါ်မက်….
ဘီပက်နဲ့ လည်း… ဒီထွက်ခဲ့ကြတဲ့ သူငယ်ချင်းတွေ ။

အောက်တစ်နဲ့ အရမ်းကောင်း
အလွမ်းကျောင်း တက်ခဲ့ရသူတွေ…
တစ်ညလုံး တစ်ကိုးကင်းနဲ့ 
ကင်တင်းမှာ အဖြေရှာ
မသေချာရင်နာခဲ့သူတွေ…
အောက်ပြုတ် နဲ့ စွတ်လိုက်
လိုက်ရဲတာလည်းသတ္တိ
ပြေးရဲတာလည်းသတ္တိတဲ့
မချိတင်ကဲပြောလိုပြော….
အော်နာ ဆွဲရင်း အိပ်ပျော်
သင်ပုန်းမှာမော်ကွန်းဝင်
ဝမ်နင်ကို ဂေဇတ်မှတ်
အောင်စာရင်း ကြိုထွက်ခဲ့သူတွေ…
ဘက်စုံတွက်ချက် ၊ အဖြေခက်လည်း
အမှတ်ခြစ်တော့ ၊ ခရက်ဒစ်ဆို
ဘယ်လို ဖြေလိုက်တာလည်းဟင် ။

နံက်လေးနာရီ အရောက်
နောက်ကျသူကို မစောင့်ပါ
ကျောင်းသာကဒ်ယူလာခဲ့ပါ
ခင်မင်မှုယူလာခဲ့ပါ
ပွင့်လင်းမှုယူလာခဲ့ပါ
ပျော်ရွှင်မှုနှင့် ချစ်ခင်မှုမှအပ
မူးယစ်စေတတ်သောအရာများ မမှီဝဲရ
စည်းကမ်းချက်တွေချမှတ်လို့ 
မိသားစု ပစ်ကနစ်ထွက်ခဲ့စဉ်….
“တပင်တိုင် ကပါဗျို့ 
မျောက်က ကပြပါဗျို့ ”
မြို့ မေတ္တာခံယူမဲ့သားလေ
မိတ်ကပ်များနဲ့ ဖွေးဖွေးကြည် ၊ နှုတ်ခမ်းနီက တရဲရဲ
စောင်ကွက်ကျဲကို တောင်ရှည်လုပ်
ခြေထုတ် လက်မြှောက် ၊ ခြောက်ကပ်ကပ် အသံသေးသေးနဲ့ 
“ငွေသောင်ယံမှာ မြူးတူးကြတဲ့ ငွေငန်းရိုင်းတို့  သခင်မ”
ရှာဖွေခက်ခဲစွာ
ဒေ၀စ္ဆရာလား ၊ ပိစိလား ၊ ဂမုန်းလား
မခွဲခြားတတ်တော့
တို့ သူငယ်ချင်းအားလုံး
အလှဆုံးချည်း ဖြစ်နေကြတာကိုး ။

အဆောင်နောက်မှာ
ကားတစ္ဆေ ခြောက်နေပြီ
ဒါ… ပျောက်နေတဲ့ သဲလွန်စပေါ့
ကလပ်(စ)မသိ၊ လက်ဘ်မသိကြ
တစ်ချို့ ဒူးထောက် ၊ တစ်ချို့ ဗိုက်မှောက်
မကြောက်တတ်သူတွေက သစ်ပင်ပေါ်မှာ
ခါချဉ်မကြောက် ၊ ပရွက်နီမကြောက်
မြွေမကြောက် ၊ ကင်းမကြောက်
အကြောက်အလန့် မရှိ
ရှိသမျှခြုံ အကုန်တိုး
ဆွေမေ့ မျိုးမေ့
အဆောင်ထမင်းလွတ်ခဲ့ရတဲ့နေ့ ရက်တွေ ။

ထုံးဖြူရိုးရိုး ဗမာဆေး
ဗမာဆေး ၊ အာမွှေး၊ ဖာလာ
တစ်ယောက် တစ်ယာစီ
ထွေးရင်းနီရဲ
အချင်းချင်းလည်းမှီခဲ့ကြရာ….
ဆင်ဆင် ၊ ဆင်မင်း ၊ နှင်းဆီ ၊ ဂျိုးသိမ်း
အုန်းဆံကြိုးမီး ၊ တို့ ပြီးရှိုက်ဖွာ
ဘတ်စ်ကားစောင့်ခဲ့ကြရာ
ငါတို့ ရဲ့အားကစားမှတ်တိုင်
ထိုင်လိုက် ထလိုက် ၊ သွားလိုက် စောင့်လိုက်
စရိုက်မျိုးစုံ ၊ ယုံကြည်ပေါင်းစပ်
မိုးစက်ပွင့်ခူး ၊ ကြည်နူးဆွတ်ပျံ့ 
ကျောင်းရနံ့ လည်းဝေဘူးတယ် ။

အဆောင်ညရဲ့ ၊ ဂီတသံစဉ်
ချိုလွင်လွင်ပျံ့  ၊ လွမ်းရနံ့ ထုံ
ရင်ခုန်လှုပ်ရှား ၊ ခံစားမျှဝေ
ကြားသိစေလို
“သီဆိုနေမယ် မင်းဘို့ သီချင်းတွေ
တစ်ညလုံးပဲ အင်းလျားလမ်းမပေါ်မှာလေ”
တစ်ဘ၀လုံးလည်း မင်းအား တမ်းတမျှော်ကာနေ
ရည်ရွယ်လေလည်း ၊ အသေချာခက်
လက်တုန့် ပြန်မှု ၊ အနုအရင့်
တားခွင့်ရစည်း ၊ ကြိုပြီးမသိ
သတ္တိမှ မရှိရဲ ခဲ့တော့
“’ဒီလိုမိုးသည်းထဲမှာ
နှုတ်ဆက်ထွက်ခွါ ရီဝေတဲ့အကြည့်ကို
ပြန်လည်ကာ မြင်ယောင်တိုင်း အသည်းမှာ စူးနစ်ခဲ့” ရသူတွေ
“လောကရဲ့ လမ်းများပေါ် လျှောက်သွားရင်းနဲ့  မောပန်းနွမ်းနယ်
မပြီးသေးတဲ့ ခရီးတစ်ခု အဆုံးထိရောက်ဘို့ ” ကြိုးစားနေကြသူတွေမှာ
နွေးထွေးလုံခြုံရာ ၊ အမေ့အိမ်ဆိုတာကို တမ်းတ
ဘ၀စခဲ့ရပြန်ပြီ…..
ဒီနေရာရဲ့ ဒီညမှာ
ကာရန်မဲ့ ရင်ခုန်သံ အသစ်တွေ
နှစ်ချို့ လေလေ ခိုင်မာလေလေ
အလွမ်းည အိပ်မက်ရှည်ပါပဲကွယ် ။

ပါလာချိန်တွေ ၊ နေကုန်သည့်တိုင်
ထိုင်နေမိကြ ၊ ဘ၀ဆိုတာ
တွေးစရာလား ၊ မေ့ချန်ထားခဲ့
အားလုံးအတူတူ……..
အဖြူရောင် ခင်မင်မှုပန်းတစ်ပွင့်
ရင်ဖြင့်ရင်းနှီး ၊ ပွင့်ပြီးမကြွေ
ဝေနေလိုက်တာ….
ရွှေဟင်္သာမှာ လမ်းလျှောက်
ရွှေကြယ်မှာ လဘက်ရည်သောက်
ရွှေအင်ကြင်းမှာ ချောင်းပေါက်
ကောက်ကြောင်းမဲ့ ဘ၀လေးတွေ
ကံတရားဖေးမနေခိုက်
ထိုက်တန်နေလွန်းလိုက်တာ
ကဗျာဆန်တဲ့ အိပ်မက်ရှည်ရယ်….
ဘယ်တော့များမှ ၊ ဘယ်ဘ၀မှာ
တို့ ရှိမှာလည်း ၊ မသိနိုင်ဘူး
ဘယ်သူမှ မသိနိုင်ခဲ့ကြဘူး ။

သမိုင်းဝန်း အင်ကြင်းဆောင်မှာ
ဂမုန်းတို့ အဖွဲ့ ရောက်ပါပြီလားလို့ 
ဘယ်သက္ကရာဇ်များအထိ
စုံစမ်းခွင့်ရှိနိုင်ဦးမှာလည်း….
တချိန်ချိန်ဆို ၊ အိပ်မက်လိုလို
တက္ကသိုလ်မှာ ၊ ဘာတွေကျန်ခဲ့သေးလည်းဟင်လို့ 
ရင်ခုန်သံမှန်တမ်းနဲ့ 
လွမ်းရုံလောက်ပဲ တတ်နိုင်ကြတော့မယ် ။

ဘာပဲဖြစ်ဖြစ် ၊ ခေတ်တခေတ်မှာ
တက္ကသိုလ်ဆိုတာ ၊ ငါတို့ ရဲ့အချစ်ဦး
အချစ်ရိုင်းတို့ အချစ်ဦးအဖြစ်
ကြမ်းရိုင်းနုထွတ်တဲ့ နှလုံးသားတိုင်းမှာ
သမိုင်း တင်ရစ်ခဲ့ပြီ ။

(၂)



ကံတရားရယ်………
ငါတို့ မှာ ဘာအပြစ်များရှိလို့ လည်း ။


အချိန်တန်ပြီ ၊ မြန်လွန်းလိုက်တာ
သာယာနုထွတ် ၊ ပစ္စုပန်တွေ
ပျော်ရွှင်ခြင်းဖွဲ့  ပစ္စုပန်တွေ….
အတိတ်လို့  သတ်မှတ်ကြရတော့မယ့်
နွေးထွေးကြည်သာ ၊ ကြင်နာရွှန်းစို
တက္ကသိုလ်လေ….
တစ်ခါတုန်းက တက္ကသိုလ်လို့ ပဲ
ရင်ထဲ ပဲ့တင် လှိုင်းခတ်တော့မယ်
ချိုမြိန်ဝင်းပ ၊ ရွရွသင်းကြူ
ဘ၀ရဲ့ကာလဖြူတွေ
ေ၀၀ါးဝါး အနာဂတ် အတွက်
ပေးဆပ်စွန့် လွှတ်ကြရတော့မယ်ကွယ် ။

ညတွေကလည်း… အိပ်ဘို့ အထိ မငြိမ်းချမ်းတော့ဘူး
စကားတွေကလည်း ပြောဘို့ အထိ မသိမ်မွေ့ တော့ဘူး
သီချင်းတွေကလည်း ဆိုဘို့ အထိ မချိုမြိန်တော့ဘူး
လမ်းတွေကလည်း လျှောက်ဘို့ အထိမချောမွေ့ တော့ဘူး
မြင်ကွင်းတွေကလည်း ကြည့်ဘို့ အထိ မစိုပြေတော့ဘူး
အတွေးတွေကလည်း လင်းလက်တဲ့အထိ မတောက်ပတော့ဘူး
ပန်းတွေကလည်း လှပတဲ့အထိမပွင့်ကြတော့ဘူး
သစ်ရွက်တွေကလည်း စိမ်းလန်းတဲ့အထိ မဝေဆာတော့ဘူး
လေညှင်းကလည်း အေးမြတဲ့အထိ မတိုက်ခတ်တော့ဘူး
နောက်ဆုံးနေ့ တွေက
တက္ကသိုလ်ရဲ့ မိုးကောင်းကင်မှာ
ပြာစလေးတွေ
လေမှာဝေ့လို့ …
မြက်ခြောက်ပင်တွေ ဆီက လာခဲ့တာ မဟုတ်ဘူး
အရာရာ ရင့်အိုနွမ်းလျ
ညကလည်း တကယ့်ည
သစ္စာတရားမှ အပ
မည်သည်ကိုမျှ အိပ်စက်ခွင့် မပြုခဲ့တဲ့ည ။

စာရေးပါ ဖုန်းဆက်ပါ
ကြုံရင်လည်း ၀င်ခဲ့ပါ
တမင်လည်းလာခဲ့ပါ
လိပ်စာတွေ ထပ်နေအောင်ပေးကြ
ဟာသတွေ ဟန်လုပ်ပြောကြရင်း
ကျောင်းသီချင်းကို ကျောင်းဝန်းထဲမှာ နောက်ဆုံးဆို
အတိတ်ကို အရိပ်လို ရှိစေချင်ရယ့်ကွယ်….. ။

ရင်ထဲဆို့ နင့်
မချင့်မရဲ
ခွဲခဲ့ရပြီ………………။

(၃)



လွမ်းမိတော့မှ
ရှိသမျှအရာ
သတိရစရာချည်းပဲနော် ။

မနေတတ်တာလား ၊ အနေခက်တာလား
မကျေနပ်တာလား ၊ အဖြေတတ်တာလား
ဘ၀ကို အနိုင်နဲ့ ပိုင်းလို့ ရပါသလား……
ဦးအောင်သွားနှင့်တာလား “တက်ထွတ်” ရေ…
အဖြစ်တိုင်း အတွက် အပျက်ကို လက်ခံခဲ့ပေမယ့်
မိုးရေထဲက ကတိသံကြိုးတွေ အတွက်တော့
မင်းနားလည်ခွင့်လွတ် တတ်မှန်းသိလည်း
ငါ… တစ်သက်လုံးရှက်နေရတော့မှာ… ။

ဝေဘူတောင်ခြေမှာ
ငါတို့ ချစ်တဲ့ “ဗလ”
စာရွက်ထဲက အရုပ်ကို
စုတ်တံနဲ့ ဆွဲ ထုတ်တတ်သူရယ့်..
စက်မှုတက္ကသိုလ် မျက်နှာစာ
မဟာတိုင်လုံးကြီးတွေရှေ့ မှာ
ကာရန်မဲ့ ကဗျာတစ်ပုဒ်
မင်းသရုပ်ဖေါ်ခဲ့ဦး။

ရန်ကုန်မှော်ဘီ
ကူးချည် သန်းချည်နဲ့ 
တကဲ့ဘ၀ထဲက လှမင်း
“နှင်းစက်နဲ့ လမ်း” ကိုဆို
သမီးလေးကိုချော့သိပ်လေ…
အိပ်မက်လှလှလေးတွေမက်ပြီးရင်
သွားချင်တာသွား ၊ မှားမသွားကြေး
စွယ်တော်ဝေးလည်း ၊ သွေးချင်းနီးနီး
ငါတို့  တစ်ခရီးတည်းနော် ။

ဟိုး… ကော့ကရိတ်မှာ
ငါတို့ ချစ်တဲ့ ”လောပန်”
အပြန်ခက်တဲ့လမ်းကိုရွေး…
စီးပွားရေးပဲ တွယ်ကပ်လုပ်
ခေါင်းကုတ်နေရပြီလား...
သားကျွေးမှု မယားကျွေးမှုမှာ
သာယာကြည်နူးနေတတ်ခဲ့ပြီလား
ဖုန်းမဆက် သတင်းမကြား
မင်းဘာတွေများလုပ်နေလည်း ။

ကိုကြီးမျိုးရေ
ဖန်ခါးမြေမှာ ၊ ရွှေလသာရင်
အရင်ကလို ၊ ကိုသီဟဆိုင်
ထိုင်ရင်းငေးမော ၊ အတောမသတ်
တောဇာတ်လည်းက ၊ မြိုင်ထလည်းထွက်
အရက်လည်းသောက် ၊ တစ်ယောက်တစ်ပေါက်
ရောက်တတ်ရာရာ ၊ ထင်ရာမြင်ရာ
ဘာရယ်မဟုတ်၊ မရှုပ်မရှင်း
မိုးအလင်း… ငြင်းရအောင် ။

မိထ္တီလာ ကန်တော်အောက်မှာ
ဖါးကောက်ရင်း ငါးမျှား….
ဘ၀မှာ နှစ်လမ်းသွားရှိပါသလား…
တရားရှိသူ အတွက်လည်း တရားရှိခဲ့
တရားမဲ့သူ အတွက်လည်း တရားရှိခဲ့..
မရှိခြင်းနှင့် ၊ ခင်းကျင်းစတင်
သည်ဇာတ်စင်ကို ၊ ပြင်ဆင်ဆက်သွင်း
“၀င်းကို ၊ ခင်သီတာ” ၊ အကြင်နာအိပ်မက်
ညတိုင်းမက်နော် ၊ သားအတွက်လည်း
ထက်ထက်မြက်မြက်
ဓါးတစ်လက်သွေး ပေးခဲ့ဦး။

သဇင် “သားကြီး”၊ ညခရီးသွား
အင်းလျာ်း “သားကြီး”၊ ဘူးသီးကြော်စား
ဂန္စမာ “သားကြီး”၊ ခရီးလမ်းဆုံး
တဖြီးဖြီး တပြုံးပြုံး…
တစ်သက်လုံး လက်တွဲနော်
တစ်ဘ၀လုံးပျော်ဘို့ အတွက်
သစ်ပင်စိုက်ပါ…
အနာဂတ်ကိုလည်း
မင်းတတ်သလိုသာ ဘာသာပြန်လိုက်တော့… ။

ဘောကြီးရေ….
အင်းစိန်မှာ တင်းတိမ်ပါပြီလား..
“သဇင်မင်း” သွားမှာလား
“အရှည်ကြီး” ဆိုင်သွားမှာလား
ငါ လည်း အားပါတယ်…
ဆိုင်မှာပဲ ဒီဇိုင်းတွေ ပြီးအောင်ဆွဲတာပေါ့
အရေးမပါတာတွေ ဆက်လုပ်ရင်း
ကိုယ့်သီချင်းကို ဆိုရအောင် ။

“မှန်ကြောင်” ”အရိုး” ၊ ကိုအောင်မိုးတို့ 
ခိုကိုးရာရှာ ၊ အေးချမ်းပါစ…..
“ကျားကြီး” ”ဘီပီ” ၊ မေခဆီလှမ်း
ထိုညချမ်းများ ၊ လွမ်းအားပါစ…
“ငဖဲ” ”ရှမ်းကြီး” ၊ ၀မ်းမီးဝင်းဝင်း
နေ့ ခင်းရေဖလား ၊ ညကားထမင်းအိုး
ဂျိုးကပ်သပ်ခွာ ၊ ကြည်နူးပါစ…
“ကိုမိုးသူ” “၀င်းကို” ၊ လိုအင်တွက်ချက်
လောကဓါတ်မှာ ၊ နှံ့ စပ်ပါစ…..
“ကုလား” “ကိုနိုင်ဝင်း” ၊ ဗျတ်တသင်းလည်း
တစ်ကိုးကင်းမှ ၊ လွတ်ကင်းပါစ….
“လှိုင်မ” “မြူဟိန်း” ၊ ကဗျာယိမ်းခင်း
ကျောင်းသီချင်းဆို ၊ နုပျိုပါစ….
“အမကြီး” “ဦးစန်းရီ” ၊ တည်ကြည်လေးနက်
ဘ၀ဇာတ်ခုံ ၊ ပြည့်စုံပါစ….
“ဌေးဌေးနိုင်” ရေ၊ “သန်းသန်းဝေ” ကော
လောက ဖတ်စာ၊ ကျေညက်ပါစ…
“ကျားပျံမောင်ကောင်း” ၊ ကွမ်း“ဦးသောင်း” တို့ 
ရောင်းရေးဝယ်တာ ၊ ပြေလည်ပါစ…
“သားကြီး” “အမောင်”၊ သိုးနှစ်ကောင်လည်း
အဖြူရောင်ည ၊ ဆုံခွင့်ရစေ….. ။

မုတ္တမပင်လယ်ကွေ့ မှာ
ရှာသူကိုတွေ့ ပါပြီလား…
ညီမလေး”ပိစိ”ရေ
သံလွင်ရေစီးနေသမျှ
ညည်းမသေစေရဘူး
အစားအသောက်လျှော့ပါ
အအိပ်အနေလျှော့ပါ
ကျန်းမာရေးဂရုစိုက်ပါ
အနာဂတ်မှာ ၊ တို့ ချစ်စရာ
တက္ကသိုလ်ဆိုတာ ရှိတယ် ။

ပင်လယ်အော်ကိုပွေ့ ယူ
ကျောက်ဖြူက “အပုလေးပေ”
ပင်လယ်ဆားငန်ရေလှိုင်း
ဘော်ငွေရောင်မြင်းရိုင်းကို
ကဆုန်ဆိုင်း ခရီးထွက်သူရဲ့
မနက်ဖြန်အတွက်
သတ်မှတ်ရက် ရှိပါပြီလား ။

မြစ်ဝကျွန်းပေါ် ၊ မျှော်ကြည့်ဖမ်းဆုပ်
ဧရာလှိုင်းပုတ်သံတို့ နဲ့ 
ဟင်္သာတ ဆိုတဲ့မြို့ ကလေး…
“ဂမုန်း” တို့  “မစိုး”တို့  မွေးရပ်မြေ…
သူတို့ တစ်တွေ ၊ ဇာတိမြေမှာ
ဧရာဝတီရဲ့ နှင်းဆီနီအတိတ်ကို
မျက်စေ့မှိတ်ဖတ်ကြား
အိပ်မက်တမ်း ကစားနေကြပြီလားကွယ် ။

နေရပ်မသိသူတွေ
ပြောင်းရွှေ့ သွားကြသူတွေအတွက်
မဆုံနိုင်ခြင်းများမှ တစ်ဆင့်
ကျေးဇူးပြု၍ ပို့ ပေးပါလို့ 
လိပ်စာတပ် စာရေး
ဒီလိုနဲ့ ပဲ ဝေးကြရတော့မှာလား ကွယ် ။

(၄)



အိပ်မက်ဆိုလည်း ၊ မစွဲမလန်း
ရှင်ခန်းဖြတ်တောက် ၊ မေ့လောက်သေးရယ့်….
စိတ်ကူးဆိုလည်း ၊ အတွေးထဲထား
စကားမချွေ ၊ နေနေသေးရယ့်…
ပုံပြင်မဟုတ် ၊ သမိုင်းရုပ်စုံ
ရင်ခုန်ဆူပွက် ၊ တစ်သက်မက
အမှတ်ရတယ်….. ။

ဘယ်မှာလည်း
ငါ့ကို သြဘာလမ်းလေး ပြန်ပေး
ငါ့ကို မေတ္တာပေါင်းကူး ပြန်ပေး
ငါ့ကို နွေးအေး ပြန်ပေး
ငါ့ကို ကန်သာယာ ပြန်ပေး
ငါ့ကို ချစ်သူတို့ လမ်းကလေး ပြန်ပေး
ငါ့ကို ဒီဖေါ်တီးနိုင်း ပြန်ပေး
ငါ့ကို သဇင်ဆောင် ပြန်ပေး
ငါ့ကို ဂျီဟော ပြန်ပေး
ငါ့ကို ဦးလေးအောင် ပြန်ပေး
ငါ့ကို ၀မ်းသရီး စစ်စတင်း ပြန်ပေး
ငါ့ကို အယ်လ်တူး ပြန်ပေး
ငါ့ကို သမိုင်းဝန်း ပြန်ပေး
ငါ့ကို အာရ်စီတူး ပြန်ပေး
ငါ့ကို ဘီပီအိုင် မှတ်တိုင် ပြန်ပေး
ငါ့ကို ပစ္စည်းမဲ့ ဂိတ် ပြန်ပေး
ငါ့ကို င့ါကို၊ မငိုပါဘူး
ရူးအောင်လွမ်းတယ်၊ ဘယ်ဆီမှန်းဆ
အရွယ်တော်လန်းစ ရွက်နုတစ်ရွက်လို
တို့ ရဲ့… စွယ်တော်နန်းက စက်မှုတက္ကသိုလ်….

သတိရလို့ ၊ ခဏအရောက်
အကြည့်ကောက်ကြောင်း ၊ နေရာဟောင်းဆီ
ဦးတည်စုဆုံ…
တို့ ခိုလှုံနွေးထွေးနေကျ
ကျောင်းရှေ့ က မှတ်တိုင်လေး…
မြက်ရိုင်းတောကြားက
ချစ်သူ့ အဆောင်….
ခန်းဆီးမဲ့အခန်းငယ်များ
ဝိညာဉ်မဲ့ အေဘီစီဒီအီးအက်ဖ်ဂျီ…
ခေါင်းလောင်းအက်နေသော ကျောင်းတော်ကြီး…
ကင်တင်း ရုပ်ကြွင်း အစအနများ…
လမ်းမပေါ်ရောက်နေတာမှ
ဘယ်သွားရမှန်းမသိရှာတဲ့
နွမ်းခြောက်ခြောက် ရွက်ဝါလေးတွေ…
အရာရာဟာ အေးစက်နေခဲ့ပါပြီကွယ်…
လွမ်းဆွတ် မောလျနေသူတစ်ယောက်သာ
မြင်မြင်ရာ ကြေကွဲစိတ်နဲ့ 
အတိတ်ကိုအသက်သွင်း…
ကျောင်းသီချင်းကို တိုးတိုးဆို…
မဟာတိုင်မြင့်ကြီးတွေကို တိုင်တည်လို့ …. ။

“စောင့်မျှော် လွမ်းဆွတ်ခြင်းတွေနဲ့ 
မင်းကိုမင်း အဆုံးရှုံးမခံနဲ့ လေ…
ငါလည်း… တစ်ခါက ရယ်မောသံတွေကို ပြန်ကြားချင်စိတ်နဲ့ 
အတိတ်ကို တမ်းမက်နေဆဲပါ…
မဖြစ်နိုင်တာတွေ ၊ မရှိနိုင်တာတွေကိုတောင်မှ
အိပ်မက်အဖြစ်၊ စိတ်ကူးအဖြစ်နဲ့ 
နှစ်သိမ့်ပျော်နိုင်သေးတာ
တည်ရှိသမျှအားလုံးကို လက်ခံလိုက်ပါ…
မြစ်အစင်းစင်းကတော့
မြစ်ကြောင်းကျဉ်းကျဉ်းကို
ရေစီးနက်နက် ထွင်းဖေါက်
ပင်လယ်ဆီရောက်အောင် သွားခဲ့ကြတာပဲ…
သမိုင်းဆိုတာ ရှိတယ်…
ပန်းပွင့်တွေကမှ မလှပစေခဲ့တဲ့သစ်ပင်အတွက်
သစ်ရွက်တွေနဲ့ စိမ်းလန်းခွင့်
မျှော်လင့်ကြရအောင်” တဲ့
ကျောင်းအိုကြီးကို နှုတ်ဆက်
စွယ်တော်ပင်အိုကြီးကို နှုတ်ဆက်
မြက်ခြောက်တောကြီးကို ကျော်ဖြတ်လို့ 
ရေညှိခြောက်တွေပေါ်ဖြတ်နင်းရင်း
ကျောင်းဝန်းထဲက ထွက်ခဲ့တယ်…
လူ့ ဘ၀ဆိုတာ အတွက်
ထပ်မံရှာဖွေစရာများ
တွေ့ လို တွေ့ ငြားနဲ့ ပေါ့…………………။ ။

ကိုသျှား

***********************

ကိုသျှားကဗျာကို တန်ခူးက ပြန်လည်ဝေမျှပါသည်။
12:55am 21-Aug-2010

Saturday, August 7, 2010

အချစ်နဲ့ ရွေးချယ်ခြင်း



(ပုံကို အင်တာနက်မှ ရပါသည်)

ကျောင်းတုန်းက ချစ်ခြင်းအစ အထင်ကြီးခြင်းက လို့  သူငယ်ချင်းက အခိုင်အမာဆိုလာတဲ့အခါ နှလုံးသားရဲ့ ခံစားမှုက အချစ်အတွက်အရေးကြီးဆုံးပါလို့  ကိုယ်က သေသေချာချာကြီးကို ငြင်းခဲ့တယ်။ အဆင့်အတန်း၊ ဂုဏ်သိက္ခာ၊ အရည်အချင်းတွေ ကွာခြားပေမယ့် အချစ်ဆိုတာနဲ့  ဆုံတွေ့ လိုက်ရတဲ့အခါ ကျန်တာတွေက မှုန်ဝါးသေးသိမ်သွားတတ်တာ ဘယ်လိုလုပ်မလဲ ဆိုပြီး အချစ်ကို ဝေေ၀၀ါးဝါးသာသိသေးတဲ့ အဲဒီအရွယ်မှာ ကိုယ်က အချစ်ဘက်က ရပ်တည်ခေါင်းမာခဲ့သေးတာ။ သူငယ်ချင်းက ဘယ်လောက်ပဲ အဆင့်အတန်းတွေ ကွာခြားပါစေ အထင်ကြီးစရာ အချက်လေး တခုလောက်တွေ့ ရာက အချစ်စတာပဲတဲ့လေ။ ဟုတ်ပါ့မလား။ ကိုယ်ကိုယ်တိုင် အချစ်ကို တကယ် ကြုံတွေ့ လာတဲ့အခါ သူငယ်ချင်းက… ငါမပြောလားတဲ့။ ဟုတ်သေးပါဘူး။ ခုထက်ထိ ကိုယ်က ခေါင်းမာစွာ ငြင်းတတ်နေတုန်းပဲ။ အချစ်ဆိုတာ ဘယ်အရာတခုမှ စွက်ဖက်ခြင်းမပါတဲ့ နှလုံးသားသက်သက်ရဲ့ စိုးပိုင်မှု။ အထင်ကြီးရာက အခြေခံတဲ့ ရွေးချယ်ခဲ့ခြင်း မဟုတ်ဘူးဆိုတာ ကိုယ့်နှလုံးသားက သက်သေလေ။ ဒါပေမယ့်… အဲဒါဟာ ဖေါ်မြူလာတခုမဟုတ်တာတော့ ကိုယ်ဝန်ခံမိတယ်။ နှလုံးသားမတူရင် ခံစားချက်တွေလဲ မတူနိုင်ဘူးမိုလား။

ပညာအရည်အချင်း၊ အဆင့်အတန်း၊ အသိုင်းအ၀ိုင်းကို အခြေခံပြီး ဈေးကွက်တခုလို သတ်မှတ်လို့ ရတဲ့ အိမ်နီးချင်းနိုင်ငံတခုရဲ့ အိမ်ထောင်ရေးထုံးစံကို ကိုယ်တွေ့ မြင်လိုက်ရတော့ … အဲ… နှလုံးသားတခုကို မေ့လျော့နေတဲ့ ကြောက်စရာထုံးစံကြီးပါလားလို့  တွေးမိသေးတယ်။ လုပ်ဖော်ကိုင်ဖက် ကောင်လေးက သူအိမ်ထောင်ပြုရတော့မယ်လို့  ကိုယ့်ကို မျက်ရည်တွေဝဲပြီး ရင်ဖွင့်တဲ့အခါ သူအသက်လောက်ချစ်ရတဲ့ သူ့ ကောင်မလေးနဲ့  အိမ်ထောင်ပြုတော့မယ်လို့  ထင်တဲ့ကိုယ်က အလိုက်မသိစွာ ဟားတိုက်ရယ်မောခဲ့သေးတယ်။ ငါအိမ်ထောင်ပြုရမှာ ငါ့အဖေရွေးတဲ့ သတို့ သမီးတဲ့။ ငါ့ချစ်သူကို ငါခွဲထားရစ်ရတော့မယ် ဆိုတော့ စိတ်ကူးယဉ်တတ်လွန်းတဲ့ ကိုယ်က… ဟာ… နင်ကလဲ ခိုးပြေးပေါ့… မိဘနဲ့  သားသမီး တနေ့  အဆင်ပြေမှာပဲလေလို့  အားမလိုအားမရနဲ့  တိုက်တွန်းမိတာပေါ့။ ဒါပေမယ့်… အဆုံးမှာတော့ နှလုံးသားတခုဟာ ရှေးရိုးထုံးစံအောက်မှာ မြင်မကောင်းလောက်အောင် ပြားပြားဝတ် ကြေမွပျက်စီးလို့ ။

ပိတ်ရက်မှာ shopping အတူထွက်ရအောင်လို့  ကိုယ်က လုပ်ဖော်ကိုင်ဖက် ကောင်မလေးကို အဖော်စပ်တော့ ငါ့အမျိုးသားကခွင့်ပြုမှာ မဟုတ်ဘူး… သူခွင့်မပြုရင် ငါဘာမှမလုပ်ရဲဘူးတဲ့။ သေလိုက်ပါတော့ဟယ်… ဈေးဝယ်ထွက်တာ မဟုတ်တာလုပ်တာမှ မဟုတ်တာလို့  ကိုယ်က မ၀င်သင့်တဲ့ ကြားထဲ ၀င်မိသေးတယ်။ နောက်မှ သူ့ ဆီက သူ့ ခံစားမှုကို ရဲရဲတောင် ဖွင့်ဟမပြောရဲလောက်အောင် လွတ်လပ်မှုတွေ ဆုံးရှုံးနေတဲ့ သူ့ အိမ်ထောင်ရေးကို တဖြေးဖြေး သိလာရတဲ့အခါ နင်ဘာလို့ များ ဒီလိုလူမျိုးကို ရွေးချယ်ခဲ့တာလဲဟယ်လို့  မမြင်ရတဲ့ အနာဂတ်နဲ့  အကဲခတ်ရခက်တဲ့ စိတ်နေသဘောထားတွေကို အတင်းကြီး မေ့ချင်ယောင်ဆောင်ပြီး ကိုယ်က မချင့်မရဲပြောမိသေးတာ။ ပြီးမှ… အေးပေါ့လေ… နင်က သူ့ ကို ချစ်တော့လဲ အဲဒီလို ထိန်းချူပ်ရတာကို ပျော်ချင်လဲ ပျော်နေမပေါ့ဆိုတော့… သူက မျက်ရည်တွေဝဲပြီး… အဲဒါဟာ အချစ်လား… ဒါမှမဟုတ် မှားယွင်းတဲ့ ရွေးချယ်ခြင်းလား ငါကိုယ်တိုင်ကို မသေချာဘူးဟာတဲ့။ ကျောင်းတုန်းက ကိုယ်ချစ်တဲ့ကောင်မလေးကို ပြစ်ပြီး ပိုက်ဆံရှိတဲ့ ကောင်မလေးကို ချစ်ရေးသွားဆို လက်တွဲခဲ့တဲ့ ကောင်လေးကို ပြေးမြင်ယောင်မိတယ်။ ဘာရယ်မဟုတ်ပါဘူး။ တခွန်းလောက်တော့ မေးချင်မိတယ်… နင်တကယ်ရော ပြီးပြည်စုံလား… ပျော်ရဲ့လား ဆိုတာကိုပါ။

ခုတလော မကြည့်တာ ကြာပြီဖြစ်တဲ့ Bachelor နဲ့ bachelorette ဇာတ်လမ်းတွဲတွေကို Mio TVက တဆင့်ကြည့်ဖြစ်တယ်။ ဟိုးအရင် စကြည့်တုန်းက ကိုယ့်နိုင်ငံ… ကိုယ့်ယဉ်ကျေးမှုနဲ့  အတော်ကို ဆန့် ကျင်နေတဲ့ အဲဒီဇာတ်လမ်းတွဲကို အတော်အံ့သြမိတာ။ ကြည့်ရင်း ကြည့်ရင်းနဲ့  စိတ်ဝင်စားလာမိတဲ့ အချက်က အချစ်နဲ့  ရွေးချယ်ခြင်း။ ယောင်္ကျားလေးတယောက်ရဲ့ ရွေးချယ်ခြင်းကို မျက်စိမှိတ်ခံယူဖို့  အသင့်ဖြစ်နေတဲ့ မိန်းကလေး ၂၅ယောက်။ အဲဒီ သတို့ သားလောင်းဟာ အဲဒီမိန်းခလေးတွေထဲက သူ့ သတိုးသမီးကို ဘယ်လို စံနှုန်းမျိုးနဲ့  ရွေးချယ်မလဲ။ ပြီးတော့ သူ့ နှလုံးသားက အဲဒီ မိန်းခလေး ၂၅ယောက်ထဲမှာ ကန့် သတ်ဘောင်ခတ်ထားလို့ ရော ရသလား။ ဒီမိန်းခလေးတွေထဲမှာ သူ့ ကို တကယ်ချစ်မြတ်နိုးတဲ့ မိန်းခလေး ဘယ်နှစ်ယောက်ပါနိုင်မလဲ။ သူရွေးချယ်လိုက်မိသူက သူ့ ကို တကယ်ချစ်မြတ်နိုးတဲ့ မိန်းခလေး ဟုတ်မနေခဲ့ရင်။ Bachelor ကို စပြန်ကြည့်ပြီး သူနောက်ဆုံးရွေးချယ်လိုက်တဲ့ မိန်းခလေးကို ကိုယ်က အတော်ကို စိတ်ပျက်သွားမိတယ်။ သူတို့ ၂ယောက်ရဲ့ကြား တံတားခင်းပေးလိုက်တာက နှလုံးသားမဟုတ်တဲ့ တခြားတခု။ သိပ်မကြာပါဘူး… သူတို့ နှစ်ယောက်ကွဲကြရော။ အိမ်ထောင်ရေး ခိုင်မြဲအောင် ချည်နှောင်ထားတဲ့ ကြိုးတွေထဲမှာ အဲဒီကြိုးက မသေချာဆုံးမိုလား။

ဟိုတပတ်ကမှ ပြီးသွားတဲ့ bachelorette ဇာတ်လမ်းတွဲက သတို့ သမီးလေး ပန်းကုံးစွပ်လိုက်တဲ့ သတို့ သားလေးကတော့ ကြည့်သူပရိသတ်ကို ကြည်နူးစရာ။ နှလုံးသားရဲ့ စေညွှန်ရာနောက်ကိုသာ လိုက်ပြီး အချစ်သက်သက်နဲ့ ရွေးချယ်ခြင်း။ ချစ်ခြင်းမေတ္တာနဲ့  ချည်နှောင်ထားတဲ့ သူတို့ ကြိုးက ပိုလို့ ယုံကြည်စိတ်ချရတယ်လို့  ကိုယ်အထင် ကိုယ့်အတွေးနဲ့  သူတို့ အနာဂတ်ရေးကို ဆေးခြယ်ကြည့်နေမိသေးတာ။

ရွေးချယ်ခြင်း... သူငယ်ချင်း အပျိုကြီးတယောက် ပြောတဲ့စကားကို ကိုယ်ဘယ်တော့မှ မမေ့ဘူး။ ကြိုက်သူတွေ ၀ိုင်းဝိုင်းလည်နေတဲ့ကြားထဲမှာ သူ့ နှလုံးသားက ဘယ်သူ့ ကိုမှ ချစ်လို့ မရလို့  အပျိုကြီးလုပ်နေခဲ့တာတဲ့။ ဘယ်လောက်လှလိုက်တဲ့ ဆုံးဖြတ်ချက်လဲနော်။ နှလုံးသားဗလာသက်သက်နဲ့  အိမ်ထောင်တခုကို ဘယ်တော့မှ မထူထောင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်။ ဖတ်ဖူးတဲ့ ၀တ္ထုတိုလေး တပုဒ်ကို သွားသတိရမိတယ်။ ယောင်္ကျားလေး တယောက် အိမ်ထောင်ဖက်ရွေးချယ်တဲ့ စံနှုန်းထားတွေနဲ့  အရမ်းထက်မြက်တဲ့ မိန်းခလေးတယောက်က သူ့ အမှတ်ပေးစည်းမျဉ်းထဲမှာ အမှတ်အနဲဆုံးနဲ့  ပယ်ခံခဲ့ရတဲ့ အကြောင်း။ ထက်မြက်ခြင်းဟာ အိမ်ထောင်ဖက်အဖြစ် ရွေးခြယ်တဲ့အခါ အမှတ်လျော့စေသတဲ့လား။ အဓိကက ထက်မြက်တာ မထက်မြက်တာထက် နားလည်မှုက အရေးကြီးဆုံး မဟုတ်လား။ တယောက်နဲ့ တယောက်နားလည်မှုရှိရင် ခြေလှမ်းတွေ သူ့ အလိုလို ညီသွားကြတာပဲပေါ့။ ကိုယ်သိပ်ချစ်တဲ့ မိန်းခလေးတယောက်ကို ထက်မြက်လွန်းလို့ … ဥပေက္ခာပြုကျောခိုင်းသွားတဲ့ ယောင်္ကျားတယောက်ရဲ့ ဆုံးဖြတ်ချက်တခုဟာ သိပ်များ အတ္တကြီးလွန်းနေသလားလို့ လေ။ ကိုယ်သိပ်ချစ်တဲ့ ယောင်္ကျားတယောက်ဟာ ကိုယ့်လောက် မထက်မြက်လို့  ကျောခိုင်းချန်ထားခဲ့တဲ့ မိန်းခလေးတယောက်ရဲ့ ဆုံးဖြတ်ချက်ကလဲ အတူတူပါပဲ။

အိမ်ထောင်ဖက်ရွေးချယ်တဲ့အခါ နှလုံးသားသက်သက်နဲ့  ရွေးချယ်လို့ မရဘူးဆိုတာ မှန်ပေမယ့် နှလုံးသားမပါတဲ့ ရွေးချယ်ခြင်း သက်သက်ကျပြန်တော့ ကြိုးတန်းပေါ်လမ်းလျှောက်ရသလိုများ ဖြစ်နေမလား။ ချစ်သူကို ချန်ထားခဲ့ပြီး ဦးနှောက်သက်သက်နဲ့  ရွေးချယ်ခဲ့တဲ့ သူငယ်ချင်းတယောက်ကတော့ သူ့ အိမ်ထောင်ရေးကို ကျေနပ်အားရပါသတဲ့။ လိုတရတဲ့ဘ၀မှာ အချစ်ဆိုတာ ဟိုးခပ်ဝေးဝေးမှာ မှုန်မှုန်ဝါးဝါးနဲ့  မသဲမကွဲ ကျန်ခဲ့တယ်ဆိုပဲ။ ဒါဆို ကိုယ်ကပဲ… အချစ်… အချစ်နဲ့  ခပ်ကြောင်ကြောင်စံနှုန်းတွေကြား လက်တွေ့ မကျတဲ့ လူတယောက်များ ဖြစ်နေမလား။ လူတယောက်ချင်းဆီရဲ့ ခံယူချက်ပေါ် မူတည်ပြီး အချစ်နဲ့ ရွေးချယ်ခြင်းကို အရောင်တွေနဲ့ များ တင်စားမယ်ဆိုရင် ပြာလိုက်… ၀ါလိုက်… စိမ်းလိုက်… နီလိုက်နဲ့ … သေချာတာက ပုံသေနည်းတခု အဖြစ်သတ်မှတ်လို့ မရတာပဲပေါ့။

တန်ခူး
7-Aug-2010 1:33am

Thursday, July 8, 2010

ကျွန်မ နဲ့  မောင်




ချစ်သောသက်ဝေ ချစ်လို့ တက်ဂ်သောပို့ စ်ကို သက်ဝေကို ချစ်လို့ ရေးပါသည်။

အသွင်မတူ အိမ်သူမဖြစ်ဆိုတဲ့ စကားလေးကို ကိုယ်ကိုယ်တိုင် အိမ်ထောင်ကျတော့မှ ယုံရခက်ခက်ဖြစ်လောက်အောင် ကျွန်မနဲ့ မောင်ကြား အတော်များများက ကွဲပြားခြားနားလွန်းလှပါတယ်။ ဒီအကြောင်းကို အမှတ်တရ အနေနဲ့  “မောင် နဲ့  ကျွန်မ” ဆိုတဲ့ ပို့ စ်လေး တခုရေးခဲ့ဖူးပါတယ်။

သူငယ်ချင်း သက်ဝေတက်ဂ်တော့မှ ကျွန်မနဲ့ မောင် အကြား ဘာတွေများ ထပ်တူကျ၊ ကာရံညီပါသလဲ ဆိုတာ အပြေးအလွှား စဉ်းစားရတော့တယ်။ ဘဲဥအစရှာမရသလို ချက်ချင်းကြီးကို အဖြေက ထွက်မလာတော့ သက်ဝေကို အားကျပြီး မောင့်ကိုပဲ မေးမိတော့တယ်။ အကိုကြီးလိုများ လှလှပပ အဖြေလေးများ ထွက်လာမလားလို့ ပါ။ အဖြေက သိပ်ဝေေ၀ဆာဆာ မဟုတ်သလို၊ လှလှပပလဲ မဟုတ်လှပါဘူး။ ရိုးရိုးရှင်းရှင်းကြီး “သိဘူးလေကွာ” တဲ့။ စိတ်က မနေ့ ညက လွတ်သွားတဲ့ စပိန် နဲ့  ဂျာမဏီ Highlightဆီရောက်နေတော့ ရှိပါစေတော့။ ကိုယ့်အား ကိုယ်ကိုးမှဆိုပြီး ဘောလုံးပွဲကိုကြည့်ပြီး စပိန် နဲ့  ဂျာမဏီမှာ ဂျာမဏီကို နိုင်စေချင်တာလို့  ကျွန်မက အမှတ်တမဲ့ ရေရွတ်မိတော့ ခုနက mood နဲ့  ဆန့် ကျင်စွာ ပြုံုးပြုံးကြီး “မောင်လဲ တူတူပဲ” တဲ့။ ကဲ… ချစ်သက်ဝေရေ… တူတာတခုတွေ့ သွားပြီ။ ပျော်သာ။ ဘောလုံးက စစဉ်းစားမိတော့မှ။ ဟုတ်ပါရဲ့။ ဘောလုံးအသင်းတွေမှာ ကျွန်မနဲ့ မောင် အကြိုက်ချင်းက ထပ်တူကျမတတ် တူပါတယ်။ ဥပမာ… မန်ယူ မကြိုက်တာချင်း (မန်ယူသမားတွေ ခဲနဲ့ မထုကြပါနဲ့ နော်…. လူတကိုယ် အကြိုက်တမျိုး မိုလား)… ပြီးတော့ ရော်နယ်ဒို(ပေါ်တူဂီ) ကိုမကြိုက်တာချင်း။
စပိန် နဲ့  နယ်သာလန်မှာ စပိန်နိုင်စေချင်တာလဲ တူနေပြန်ရောလေ။

မောင်က တခါတလေ မြန်မာသီချင်းတွေကို ဂီတာနဲ့ တီးတတ်ပါတယ်။ အဆိုမပါ အတီးသက်သက်ပေါ့။ အဆိုတော်မာမာအေးရဲ့ နာမည်ကြီးသီချင်း ချစ်သူ့ နယ်မြေကို(ညက အိပ်ချင်မူးတူးနဲ့ ရေးလိုက်တာ အရမ်းကြိုက်တဲ့ ချစ်သူ့ နယ်မြေက ဘယ်လိုကဘယ်လို ချစ်သူ့ ရင်ခွင်ဖြစ်သွားလဲမသိလိုက်ပါဘူး… ခွင့်လွှတ်ပါ) မောင်များဂီတာလေးတီးရင် ကျွန်မလုပ်လိုက်စ အလုပ်ရပ်ပြီး ခံစားနားထောင်မိတော့တာပါပဲ။ တခါတခါ ထူးအိမ်သင်Mood နှစ်ယောက်လုံး ၀င်နေကြရင် မောင်က ဂီတာတီး၊ ကျွန်မက သီချင်းစာအုပ်ကြီးဖွင့်ဆိုနဲ့  တော်တော်ကို အတိုင်အဖောက်ညီတဲ့ အချိန်တွေပေါ့။ များသောအားဖြင့် ကီးအောက်နေတဲ့ ကျွန်မအသံကြီးကို မောင်က သည်းခံနားထောင်ရတာက လွဲလို့ ပေါ့။ ပြီးရင် ထူးအိမ်သင်လွမ်းကြောင်းတွေ အားရပါးရအတူပြောတတ်ကြတယ်။ မောင်ဂီတာတီးနေကျ စိုင်းထီးဆိုင်၊ ခင်မောင်တိုး၊ ခိုင်ထူး၊ မွန်းအောင် သီချင်းတော်တော် များများကလဲ မောင်နဲ့ ချစ်သူမဖြစ်ခင် အချိန်ကတည်းက ကျွန်မစွဲစွဲမက်မက် နားထောင်နေကျသီချင်းတွေဖြစ်နေတတ်ပါတယ်။ ခုနောက်တက်တဲ့ လူငယ်ထဲက Lလွန်းဝါကို ကြိုက်တာချင်းတူပြန်ရောနော်။

မြန်မာရုပ်ရှင်ကားတွေကို များသောအားဖြင့် မောင်နဲ့ အတူမကြည့်ဖြစ်ပဲ ကျွန်မတယောက်ထဲ ကြည့်ဖြစ်ပေမယ့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးကားတွေကိုတော့ အဖော်စပ်စရာမလို နှစ်ယောက်လုံး စိတ်ဝင်တစား ကြည့်တတ်ကြပါတယ်။ မင်းထင်ကိုကိုကြီးကားတွေကို အတော်များများက ကြောင်တယ်၊ ပျင်းစရာကောင်းတယ်လို့  ဝေဖန်ကြပေမယ့် တင်ပြပုံထူးပြီး အနုပညာမြောက်တယ်လို့  ကျွန်မနဲ့ မောင်ရဲ့ မှတ်ချက်တွေက ထပ်တူကျပါတယ်။ ကျွန်မဖတ်တဲ့ စာအုပ်တော်တော်များများကို မောင်က စိတ်မ၀င်စားပေမယ့် မင်းလူဝတ္ထုတွေဆို မောင်က လုဖတ်တတ်ပါတယ်။ ဂျူးဝတ္ထုတွေကိုတော့ ကျွန်မက ဖတ်ပြီးရင် တတွတ်တွတ်ပြောတတ်လေလို့ လားမသိ စိတ်ဝင်တစားဖတ်တတ်သေးတယ်။

ကျွန်မနဲ့ မောင် RIT သက်တမ်းတလျှောက်လုံး ပထမနှစ်နဲ့  ဒုတိယနှစ်ကလွဲရင် အတူတက်ခဲ့ရတာမို့  တချို့ ညတွေ ကျောင်းအကြောင်း စားမြုံ့ ပြန်တတ်ကြပါတယ်။ ထူးခြားတာက ဆရာတွေအကြောင်း ပြန်ပြောဖြစ်ကြတာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေအကြောင်း ပြောဖြစ်ကြတာပဲဖြစ်ဖြစ်… ကျွန်မနဲ့ မောင် သဘောထားနဲ့  ထင်မြင်ချက်တွေက ထပ်တူနီးပါးဖြစ်နေတတ်တယ်။ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီဖို့ ဆို တယောက်နဲ့ တယောက် ညှိနေဖို့ မလို နှစ်ယောက်လုံး ကိုယ်တတ်နိုင်သလောက် စိတ်ပါလက်ပါ လုပ်တတ်ပါတယ်။

ကျွန်မနဲ့ မောင်က မိသားစုတွေမှာ အကြီးဆုံးတွေမို့  မိဘအပေါ်ထားတဲ့ မေတ္တာ၊ စေတနာ ပမာဏကလဲ တူတူပါပဲ။ သားအပေါ်ထားတဲ့ မျှော်လင့်ချက်နဲ့ သဘောထားတွေမှာလဲ ကျွန်မဖွင့်ပြောလိုက်တာနဲ့  မောင်စိတ်ထဲရှိတာတူနေတတ်သလို၊ မောင်ဖွင့်ပြောလိုက်တာနဲ့  ကျွန်မစိတ်ထဲ ရှိတာ တူနေပြန်ပါတယ်။ မောင်ရော ကျွန်မပါ သားကို အရမ်းကြီး ထူးချွန်ထက်မြက်ဖို့ က သူ့ ကံပါသလောက်လို့  သဘောထားပြီး သိပ်လောဘမကြီးမိသလို သူ့ ဘ၀ရွေးချယ်မှုကိုလဲ ငြိမ်းချမ်းမှု ကို ရှေ့ တမ်းတင် ရွေးချယ်စေချင်ကြတာပါ။

ချစ်တဲ့သက်ဝေရေ… တူတဲ့အချက်တွေ ဇကာစစ်ချတော့ ဇကာထဲမှာ အတော်တင်ကျန်ရစ်တာပဲနော်။ မဆိုးပါဘူးလေ။ ဒီပို့ စ်ရေးလို့ လဲ ပြီးရော အသွင်မတူ အိမ်သူမဖြစ်ဆိုတဲ့ စကား မှန်တော့မှန်သားပဲလို့  တယောက်ထဲ ကြိတ်မှတ်ချက်ချမိလေရဲ့။

တန်ခူး
10:11PM 8-Jul-2010

Wednesday, June 16, 2010

သားနဲ့ ဘာသာပြန်

သားကို မြန်မာလို မပြောတတ်မှာ ကြောက်လို့  ကျွန်မတို့ နှစ်ယောက်လုံးက တတ်နိုင်သမျှ မြန်မာလိုသာပြောပါတယ်။ သားကတော့ တနေ့ လုံးကျောင်းမှာ အင်္ဂလိပ်လို ပြောလာရတော့ အရှိန်က မသေပဲ အိမ်မှာလဲ ဘိုလိုတွေမှုတ်တော့ ကျွန်မရော သူ့ အဖေပါ မကြာခဏ သတိပေးရပါတယ်။ သားမြန်မာလိုပြော၊ မြန်မာလိုပြောဆို တခါတလေ သူက အင်္ဂလိပ်လို ၀ါကျစီပြီး မြန်မာလို ဘာသာပြန်လိုက်၊ မြန်မာလို ၀ါကျစီပြီး အင်္ဂလိပ်ဘာသာပြန်လိုက်နဲ့  အလုပ်တွေရှုပ်နေတတ်ပါတယ်။ တခါတလေ သားရဲ့ဘာသာပြန်တွေက ကမောက်ကမဖြစ်ပြီး ရယ်စရာတွေဖြစ်သွားတတ်တာမို့  သားရဲ့တမူထူးခြားတဲ့ ဘာသာပြန်တချို့ ကို မျှဝေပေးလိုက်ပါတယ်။

ဘာသာပြန် ၁

သား။ ။ ။ မေမေ ကျွန်တော်ကိုရင်ဝတ်ချင်တယ်…
မေမေ။ ။ ။ ၀တ်ရမှာပေါ့သားရယ်… သား ရ နှစ်ပြည့်ရင် မေမေက ရှင်ပြုပေးမှာ…
သား။ ။ ။ ကျွန်တော် ကိုရင်အင်္ကျင်္င်္င်္ီဝတ်ရမှာပေါ့နော်…
မေမေ။ ။ ။ ကိုရင်အကျီင်္လို့  မခေါ်ဘူးသားရဲ့… သင်္ကန်းလို့ ခေါ်တယ်… ဘုန်းဘုန်းတွေ ရုံတာလေ… သားသိတယ်မိုလား…
သား။ ။ ။ ဟုတ်ကဲ့
မေမေ။ ။ ။ သားက ကိုရင်လေးဖြစ်ရင် ဖေဖေ့ကို ဖေဖေလို့  ခေါ်လို့  မရဘူး… ဒကာကြီးလို့ ခေါ်ရမှာ….
သား။ ။ ။ အဲဒါဆို ဖေဖေက Mr Big Door ပေါ့နော်… ဟားဟား
မေမေ။ ။ ။ တံခါးကြီးလို့ ပြောတာ မဟုတ်ဘူးသားရဲ့… ဒကာကြီးလို့ ပြောတာ….

ဘာသာပြန် ၂

သား။ ။ ။ ဖေဖေ ကျွန်တော့ နှာခေါင်းကြီး ထွက်ပြေးနေတယ်… ဟိဟိ
ဖေဖေ။ ။ ။ သားနှာခေါင်းက မျက်နှာမှာ ကပ်နေတာ ဘယ်လိုလုပ်ထွက်ပြေးလို့  ရမှာလဲ…
သား။ ။ ။ ဟုတ်ဘူးလေ… နှာစေးနေတယ်လို့ ပြောတာ…
ဖေဖေ။ ။ ။ ဟေ… နှာစေးတာနဲ့  နှာခေါင်းထွက်ပြေးတာ ဘာဆိုင်လို့ လဲသားရဲ့…
သား။ ။ ။ Running Nose လေ…

ဘာသာပြန် ၃
သား။ ။ ။ မေမေ slow motion ဆိုတာ ဘာလဲသိလားဟင်…
မေမေ။ ။ ။ ဖြေးဖြေးလေး ရွေ့ သွားတာ…ဖြေးဖြေးလေး လှုပ်ရှားတာပေါ့သားရဲ့…
သား။ ။ ။ဟုတ်ဘူး… မှားတယ်…
မေမေ။ ။ ။ မှားတယ်ဟုတ်လား… သားက ဘာလို့ ထင်လို့ လဲ…
သား။ ။ ။ ဖြေးဖြေးလေး အီးပါတာကို ပြောတာ…
မေမေ။ ။ ။ ဘယ်လို…
သား ။ ။ ။ အီးအီးပါတာက pass motion လေ… slow motion ဆိုတော့ အီးအီးဖြေးဖြေးပါတာပေါ့…


သားရဲ့ ဘာသာပြန်လေးတွေ နောက်များ စိတ်ဝင်စားစရာရှိရင် ဝေမျှပါဦးမယ်…။

တန်ခူး
11:31pm 16-Jun-2010