Wednesday, June 16, 2010

သားနဲ့ ဘာသာပြန်

သားကို မြန်မာလို မပြောတတ်မှာ ကြောက်လို့  ကျွန်မတို့ နှစ်ယောက်လုံးက တတ်နိုင်သမျှ မြန်မာလိုသာပြောပါတယ်။ သားကတော့ တနေ့ လုံးကျောင်းမှာ အင်္ဂလိပ်လို ပြောလာရတော့ အရှိန်က မသေပဲ အိမ်မှာလဲ ဘိုလိုတွေမှုတ်တော့ ကျွန်မရော သူ့ အဖေပါ မကြာခဏ သတိပေးရပါတယ်။ သားမြန်မာလိုပြော၊ မြန်မာလိုပြောဆို တခါတလေ သူက အင်္ဂလိပ်လို ၀ါကျစီပြီး မြန်မာလို ဘာသာပြန်လိုက်၊ မြန်မာလို ၀ါကျစီပြီး အင်္ဂလိပ်ဘာသာပြန်လိုက်နဲ့  အလုပ်တွေရှုပ်နေတတ်ပါတယ်။ တခါတလေ သားရဲ့ဘာသာပြန်တွေက ကမောက်ကမဖြစ်ပြီး ရယ်စရာတွေဖြစ်သွားတတ်တာမို့  သားရဲ့တမူထူးခြားတဲ့ ဘာသာပြန်တချို့ ကို မျှဝေပေးလိုက်ပါတယ်။

ဘာသာပြန် ၁

သား။ ။ ။ မေမေ ကျွန်တော်ကိုရင်ဝတ်ချင်တယ်…
မေမေ။ ။ ။ ၀တ်ရမှာပေါ့သားရယ်… သား ရ နှစ်ပြည့်ရင် မေမေက ရှင်ပြုပေးမှာ…
သား။ ။ ။ ကျွန်တော် ကိုရင်အင်္ကျင်္င်္င်္ီဝတ်ရမှာပေါ့နော်…
မေမေ။ ။ ။ ကိုရင်အကျီင်္လို့  မခေါ်ဘူးသားရဲ့… သင်္ကန်းလို့ ခေါ်တယ်… ဘုန်းဘုန်းတွေ ရုံတာလေ… သားသိတယ်မိုလား…
သား။ ။ ။ ဟုတ်ကဲ့
မေမေ။ ။ ။ သားက ကိုရင်လေးဖြစ်ရင် ဖေဖေ့ကို ဖေဖေလို့  ခေါ်လို့  မရဘူး… ဒကာကြီးလို့ ခေါ်ရမှာ….
သား။ ။ ။ အဲဒါဆို ဖေဖေက Mr Big Door ပေါ့နော်… ဟားဟား
မေမေ။ ။ ။ တံခါးကြီးလို့ ပြောတာ မဟုတ်ဘူးသားရဲ့… ဒကာကြီးလို့ ပြောတာ….

ဘာသာပြန် ၂

သား။ ။ ။ ဖေဖေ ကျွန်တော့ နှာခေါင်းကြီး ထွက်ပြေးနေတယ်… ဟိဟိ
ဖေဖေ။ ။ ။ သားနှာခေါင်းက မျက်နှာမှာ ကပ်နေတာ ဘယ်လိုလုပ်ထွက်ပြေးလို့  ရမှာလဲ…
သား။ ။ ။ ဟုတ်ဘူးလေ… နှာစေးနေတယ်လို့ ပြောတာ…
ဖေဖေ။ ။ ။ ဟေ… နှာစေးတာနဲ့  နှာခေါင်းထွက်ပြေးတာ ဘာဆိုင်လို့ လဲသားရဲ့…
သား။ ။ ။ Running Nose လေ…

ဘာသာပြန် ၃
သား။ ။ ။ မေမေ slow motion ဆိုတာ ဘာလဲသိလားဟင်…
မေမေ။ ။ ။ ဖြေးဖြေးလေး ရွေ့ သွားတာ…ဖြေးဖြေးလေး လှုပ်ရှားတာပေါ့သားရဲ့…
သား။ ။ ။ဟုတ်ဘူး… မှားတယ်…
မေမေ။ ။ ။ မှားတယ်ဟုတ်လား… သားက ဘာလို့ ထင်လို့ လဲ…
သား။ ။ ။ ဖြေးဖြေးလေး အီးပါတာကို ပြောတာ…
မေမေ။ ။ ။ ဘယ်လို…
သား ။ ။ ။ အီးအီးပါတာက pass motion လေ… slow motion ဆိုတော့ အီးအီးဖြေးဖြေးပါတာပေါ့…


သားရဲ့ ဘာသာပြန်လေးတွေ နောက်များ စိတ်ဝင်စားစရာရှိရင် ဝေမျှပါဦးမယ်…။

တန်ခူး
11:31pm 16-Jun-2010

Monday, June 14, 2010

ဘလော့ပေါ်က မောင်နှမများ (က မှ အ)

ဘလော့နဲ့ ဝေးနေလိုက်တာ အတော်ကြာနေပါပြီ။ ဘာကြောင့်အဲဒီလောက် အကြာကြီးဝေးနေရခဲ့သလဲဆိုတာ နောက်တော့ ရှင်းပြပါ့မယ်။ တာဝန်မကျေဆုံး ဘလော့ဂါတယောက်ကို အမှတ်တရ ဘလော့သူငယ်ချင်းတွေထဲ ထည့်ပြီး တက်ဂ်ပေးတဲ့ သံယောဇဉ်ကြီးလွန်းတဲ့ ချစ်သူငယ်ချင်းသက်ဝေကို ကျေးဇူးပါ။ အတော်နောက်ကျမှ ရေးဖြစ်တာကို သက်ဝေနားလည်ကောင်းပါရဲ့နော်။ ခုလို စိတ်ရှည်ရှည်နဲ့ စောင့်ပေးတာ ကျေးဇူးပါ။ ဘလော့နဲ့ အနေဝေးလို့ များ မေ့သွားမယ်လို့ ထင်သလား ရောင်းရင်းတို့ ရေ။ အားလုံးကို ရင်ထဲအမြဲလွမ်းနေတယ်ဆိုတာ မယုံရင် သက်သေပြမယ်နော်။

က - ခံစားချက်တွေကို ထိထိမိမိစကားလုံးတွေနဲ့ ပုံဖော်တတ်တဲ့၊ ဝေါဟာရတွေကြွယ်ဝလွန်းတဲ၊ ကဗျာရေးကောင်းတဲ့ ကောင်းကင်ကို ကဗျာတွေကို လွမ်းသလို၊ အရေးအသားသွက်တဲ့ ကိုကလိုစေးထူးရဲ့ နဂျယ်ကောင်လေးကိုလဲ သတိရတယ်။ အရေးခက်တဲ့ သရော်စာတွေ ထိထိမိမိရေးတတ်တဲ့ ကိုပေါရဲ့ ပိတောက်ရိပ်အောက် တခေါက်လောက်တော့ အလည်ရောက်ချင်သေးရဲ့။ ထူးခြားထက်မြက်တဲ့၊ ဗဟုသုတစုံလင်တဲ့၊ စာပေးဝမ်းစာပြည့်ဝတဲ့… ပြီးတော့ ယုံကြည်ချက်တွေပြင်းထန်စူးရှတဲ့ ညီမလေးကေရဲ့ ရည်ရွယ်ချက်ကောင်းတဲ့ တွေးစရာပို့ စ်လေးတွေကို တသသလွမ်းတယ်။

ခ - ရင်ဘတ်ချင်းတူတဲ့ အမကြီးခင်မင်းဇော်ကို ရင်ဘတ်ထဲက နင့်နင့်သီးသီးလွမ်းတယ်။ စတိုင်ထူးတဲ့ မခင်ဦးမေ စာတွေဖတ်ပြီး ပြုံးပျော်ကြည်နူးချင်တယ်။ ရင်ဘတ်ထဲရှိတဲ့အတိုင်း ချပြတတ်တဲ့ ပွင့်လင်းတဲ့ ညီမလေးခွန်မြလှိုင်တင်မက… သူ့ သမီးလေးလဲလွမ်းတယ်။ မကြာသေးခင်ကမှ ကောက်ရလိုက်ပေမယ့် ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကလို ရင်းရင်းနှီးနှီးရှိလွန်းတဲ့ အမချစ်ကြည်အေးရေ… လွမ်းတယ်။

ဂ - ဘလော့ပေါ်က ပျောက်သွားလိုက်တာ အတော်ကြာနေပေမယ့် ပြန်ရောက်လာဦးမလားလို့ မျှော်နေမိသေးတယ် ညီမလေးဂျစ်တူးရေ။

င - ထူးခြားတဲ့ ကဗျာတွေ၊ ထူးခြားတဲ့ အတွေ့ အကြုံတွေကို ရေးတတ်တဲ့ ကိုငြိမ်းဝေဘလော့လေးလဲ လွမ်းတဲ့အထဲပါတယ်။

စ - အပြင်မှာ သံယောဇဉ်ကြီးသလိုပဲ ဘလော့ပေါ်မှာလဲ သံယောဇဉ်ကြီးတဲ့ လေးစားချစ်ခင်ရတဲ့ မောင်နှံ ဆရာကိုဧရာနဲ့  ချစ်တဲ့မမသီတာတို့  စိုနားတားလေးကိုလဲ အတော်ကြီးကိုလွမ်းမိတယ်။

ဆ - အပြင်မှာ စိတ်ထားလေးချို၊မျက်နှာလေးချိုသလို စာချိုချိုလေးတွေရေးတတ်တဲ့ စာလေးတွေဖတ်ရင်း သူငယ်ချင်းမျက်နှာလေး မြင်ယောင်လာတတ်တဲ့ ဆွိရေ… လွမ်းတယ်ဆွိရယ်။

ဇ - မမြင်မတွေ့ ဖူးပေမယ့် မောင်လေးနဲ့ ညီမလေးလို စိတ်ထဲက ချစ်ရတဲ့ ကိုဇနိနဲ့ မဇနိ။ တခါတခါအရမ်းလွမ်းမိတယ်။ တခြားနာမည်လေးနဲ့ များရေးနေမလား၊ ကိုယ်ပဲမသိတာများလားလို့  မကြာမကြာစဉ်းစားမိသေးတယ်။ ပင်လယ်ခြားနေတဲ့ နှလုံးသားလေးတွေပေါင်းဆုံသွားကြပြီဆို ၀မ်းသာရအောင် အီးမေးလ်ပို့ ဦးနော်။

ည - နာမည်လေးစကြားကာစကတည်းက ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ လမင်းမိုမို ဇာတ်ကောင် ညလေးလို ချစ်စရာလေးနေမှာလို့  ပုံဖော်ကြည့်နေမိတာ။

တ- တကျောင်းထဲထွက်တဲ့ မောင်နှမ… ခရီးသွားဆောင်းပါးလေးတွေ အရေးကောင်းတဲ့ ကိုတောင်ငူတယောက် ဘာဆောင်းပါးလေးတွေများရေးနေမလဲလို့  သတိရမိသား။

န - ချစ်သမီးလေးတဖြေးဖြေး ပိုပိုချစ်ဖို့ ကောင်းလာတာကို နုကိုလွမ်းတိုင် အလွမ်းပြေဓာတ်ပုံလေးတွေ သွားသွားငေးရတယ် နုရေ။ စာတပုဒ်ဖတ်မိတာနဲ့  နောက်ပို့ စ်တွေ မရပ်တမ်းဖတ်ချင်လောက်အောင် စာအရေးကောင်းတဲ့ မေဂျာတူ၊အတန်းငယ်၊တကျောင်းထဲထွက်တဲ့ ကိုနဗနရဲ့ ပို့ စ်တပုဒ်လောက်ဖတ်လိုက်ရရင် စိတ်ဖိအားတွေအတော်လျော့သွားတတ်မို့ … ဖတ်ချင်မိတယ်။

ပ - လက်ဖျားခါလောက်အောင် ကလောင်သွားထက်လွန်းတဲ့ ညီမလေးပန်ဒိုရာရဲ့လက်ရာ ကဗျာတပုဒ်ကို တခါတခါအာသီသဖြစ်တတ်တာ မဆန်းပါဘူးနော်။ အရေးကျဲပေမယ့် ရေးသလောက် ရင်ထဲစွဲတဲ့ ပို့ စ်တိုင်းမှာ messageလေးတခုမဟုတ်တခုပေးတတ်တဲ့ ညီမလေးပုံရိပ်ရဲ့ ရိုးရိုးလေးနဲ့ ဆန်းတဲ့ စာလေးတွေလဲ လွမ်းတယ်။ သူ့ ပို့ စ်လေးတွေ ဖတ်ရတိုင်း ကော်မန့် အပြန်အလှန်ပေးတိုင်း ညီမလေးတယောက်လို ရင်းရင်းနှီးနှီးကြီးကို ခံစားရလွန်းတဲ့ ပေါက်… ချန်ချန်လေးနေကောင်းလားညီမရေ။ ဓာတ်ပုံအရိုက်တော်သလို၊ စာလဲအရေးကောင်းတဲ့ ကိုပီတိကိုတော့ (သက်ဝေစကားနဲ့ ပြောရရင်) နှစ်ကျပ်ခွဲတွေတွေ့ တိုင်း သတိရမိပါရဲ့။

မ - နေ့ တနေ့  ရဲ့ အစကို မေ့စာလေးတွေနဲ့ စတတ်တာမို့  ဘလော့နဲ့ ဝေးနေတဲ့ အချိန် မေ့စာတွေနဲ့ ဝေးနေတဲ့အချိန် ရင်ထဲမှာ ဟာတာတာကြီး ညီမလေးမေဓာဝီရေ။ ဘယ်လောက်ပဲ စိတ်တွေနောက်ကျိရှုပ်ထွေးနေပစေ ဖြူစင်လွန်းတဲ့ ပို့ စ်လေးတွေ ရေးတတ်တဲ့ ညီမလေးချိုသင်းရဲ့ ပို့ စ်လေးတွေကြောင့် စိတ်တွေကြည်လင်သွားတတ်တာမို့  ခုလို စိတ်တွေ ရှုပ်ထွေးနေချိန်မှာ ချိုသင်းပို့ စ်လေးတပုဒ်ကို စိတ်ခွန်အားရအောင် ဖတ်ချင်မိတယ်။ စာတွေကတဆင့် ရင်ထဲကို ထိုးဖောက်မြင်ရလောက်အောင် ပွင့်လင်းလွန်းတဲ့ ဟိုးအရင်ကတည်းက စွဲလန်းခဲ့ရတဲ့ မမမေငြိမ်းရဲ့ စာတွေကို စိတ်အေးလက်အေးလေး ဖတ်ခွင့်ရချင်လိုက်တာ။ စာအေးအေးလေးတွေကို အတွေးအခေါ်ကောင်းလေးတွေနဲ့  တည်တည်ငြိမ်ငြိမ်လေးရေးတတ်တဲ့ ညီမလေးမီယာကိုလဲ လွမ်းတယ်။ ပြီးတော့… မောင်လေးအရင်းတယောက်လို ခင်မင်ရတဲ့ မောင်လေးမောင်မျိုးရဲ့ အဖြူထည်စာလေးတွေလဲ ဖတ်ချင်သေးတယ်။

ယ - နာမည်လေးတွေ ဘယ်လောက်ပြောင်းပြောင်း မြတ်နိုးဆိုတဲ့ နာမည်လေးကို ရင်ထဲစွဲပြီး ရင်းနှီးနေမိတာ အထူးဆန်းသားလားယုယမြတ်နိုးရေ။ မြတ်နိုးဆိုတဲ့ နာမည်လေးပြန်သုံးတော့ ရင်ထဲပျော်မိသွားတာအမှန်ပဲ။ ရိုးသားဖြူစင်လွန်းတဲ့ ညီမရဲ့ စာလေးတွေရော ညီမကိုပါလွမ်းမိတာ ယုံတယ်ဟုတ်။

ရ - အသက်ငယ်သလောက် စာအရေးကောင်းတဲ့ ဘလော့ဂါတွေထဲမှာ တယောက်အပါအ၀င်မို့  ဘလော့မရေးတော့တာကို နှမျောမိပါရဲ့ရွာသားရေ။ လေးနက်တည်ငြိမ်တဲ့ စာငြိမ်ငြိမ်လေးတွေ ရေးတတ်တဲ့ ညီမလေးရွှေပြည်သူရဲ့ အပြုံးချိုချိုလေးကိုလဲ သတိရတယ်။ ထူးထူးခြားခြား မွေးနေ့ တူတဲ့ ညီမလေးရီတာဆီလဲ အလည်ရောက်ချင်သေးတယ်။

လ - ဘလော့ဂါတွေထဲမှာ အိမ်နီးချင်းအဖြစ်ချင်ဆုံးကတော့ ညီမလေးလုလု။ အဲဒါမှ အိမ်ရှင်မပီသလွန်းတဲ့ သူ့ လက်ရာတွေ သင်ယူလို့ ရမှာလေ။ ညီမရေ… အရင်ကဆို ဘာချက်စားရင်ကောင်းမလဲလို့  ဦးနှောက်စားနေရင် ထွက်ပေါက်ပေးတတ်တဲ့ ညီမလေးဆီ (အပြင်အစားအစာတွေကို မချစ်သော်လဲ အောင့်ကာနမ်းနေရတဲ့ဘ၀မို )့ မရောက်တာတောင် အတော်ကြာပြီကော။လွမ်းတယ်။

ဝ - ကဗျာထဲက ပန်းလေးတပွင့်ရနံ့ ကို ရလိုက်သလို ကဗျာထဲက လိပ်ပြာလေးတကောင် တောင်ပံခတ်သံကြားလိုက်သလို… ခေတ်စကားနဲ့ ပြောရရင် 3Dရုပ်ရှင်တကားကြည့်ရသလို အသက်ဝင်လွန်းတဲ့ ကဗျာလေးတွေရဲ့ ဖန်တီးရှင် ကိုဝေလင်းလေ… ကဗျာတပုဒ်လောက်။

သ - သံယောဇဉ်သီချင်းကို ချစ်တဲ့ သူငယ်ချင်းတွေအပေါ်သံယောဇဉ်ကြီးတတ်တဲ့ ချစ်သူငယ်ချင်းသက်ဝေရေ… ဒီတက်ဂ်ပို့ စ်လေးကို ရေးရတာ ဟိုတနေ့ က သက်ဝေထည့်ပေးလိုက်တဲ့ ဖာလူဒါလေးသောက်လိုက်ရသလို သက်ဝေသံယောဇဉ်တွေကို ခံစားနားလည်ရလို့  ပိုလို့ ချစ်မိတယ် သက်ဝေရေ။ အလုပ်တဘက်နဲ့  အိမ်ရှင်မတာဝန်ကျေသလို၊ ဘလော့ဂါတာဝန်လဲကျေတဲ့ သက်ဝေကို အားကျမိတယ်… တကယ်။ အမအရင်းတယောက်လို ချစ်ရတဲ့ မမသီင်္ဂီရဲ့ နွေးထွေးတဲ့အိမ်လေးကို အပြေးလေးသွားချင်မိတယ်။ လွမ်းလို့ ပါ။ ချစ်စရာအပြင်အဆင်လေးတွေနဲ့  ထူးခြားတဲ့ အတွေးအခေါ်လေးတွေပါတဲ့ ပို့ စ်လေးတွေရေးတတ်တဲ့ သီချင်းအေးအေးလေးတွေနဲ့ ကြိုဆိုတတ်တဲ့ ညီမလေးသုနှင်းဆီ(မွန်)ကိုလဲ လွမ်းတယ်။ ပြီးတော့.. ပန်းချီတော်၊အကတော်၊စာရေးတော်၊ ကဗျာစပ်တော်… အနုပညာမှာ ဘက်စုံတော်လွန်းတဲ့ ကိုသစ်နက်ဆူးရဲ့ အနုပညာလက်ရာလေးတွေ ခံစားချင်မိရဲ့။

အ - သူ့ စာတပုဒ်ဖတ်လိုက်ရရင် စာထဲမှာ ကိုယ်ပါနစ်မျော စီးဝင်ဆွတ်ပျံ့ သွားတတ်အောင် ငြို့ ယူနိုင်လွန်းတဲ့ ချစ်တဲ့စာရေးဆရာမလေး အိမ့်ကိုတော့ အိပ်မက်ထဲက မင်းသမီးလေးလို တဖွဖွသတိရမိတာလဲ အဆန်းလား။ သူ့ မိသားစု၊ ကိုယ့်မိသားစု ဘလော့ပေါ်မှာ အတွေ့ အကြုံတွေဖလှယ် ရင်သွေးတွေအပေါ်ရင်ခုန်သံတွေ ကာရံညီကြတဲ့ ကိုအန်ဒီရဲ့ မိသားစုဘလော့လေးဆီလဲ အလည်ရောက်ချင်တယ်။ ခံစားမှုတွေလွှမ်းထုံနေတဲ့ ကိုအောင်သာငယ်ရဲ့ အက်ကွဲကွဲကဗျာတွေလေးတွေလဲ ဖတ်ချင်မိတယ်။

အ - အရေးကြီးဆုံးဖြစ်တဲ့ လေနုအေးကို သံယောဇဉ်ကြီးစွာ လာအားပေးကြတဲ့ ချစ်တဲ့စာဖတ်ပရိသတ်ကြီးအားလုံးကို တန်ခူးက အလေးအနက်အလွမ်းဆုံးပါပဲ။

*************************

သံယောဇဉ်ရပ်ဝန်းပေါ်က ဘလော့ရောင်းရင်းတွေကို လွမ်းတဲ့အလွမ်း၊ စာဖတ်သူတွေကို လွမ်းတဲ့အလွမ်းတွေကို ခုလိုရေးခွင့်ရတဲ့အတွက် ချစ်တဲ့သက်ဝေရေ ကျေးဇူးတွေ တပုံကြီးထပ်တင်လိုက်ပါတယ်။ မကြာခင် ပြန်လာဖြစ်လိမ့်မယ်လို့  မျှော်လင့်ပါတယ်။ လာလည်သူများအားလုံးကျေးဇူးပါ။

အရမ်းလွမ်းနေတဲ့
တန်ခူး
11:22am 14-Jun-2010

Thursday, May 13, 2010

သံလွင်အိပ်မက် အတွဲ (၄) အမှတ် (၁)


သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း အတွဲ (၄) အမှတ် (၁) ထွက်ပါပြီ။ ဒီတပါတ် သံလွင်အိပ်မက်မှာတော့ လူ့အဖွဲ့အစည်းအတွင်း နှစ်ပေါင်းများစွာ ကြာအောင် စွဲကပ်နေခဲ့သော ရောဂါဝေဒနာဆိုးတခုဖြစ်တဲ့ လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှုနဲ့ အဂတိလိုက်စားမှု… စတာတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အသားပေး ရေးသားဖေါ်ပြထားတာကို ဖတ်ရှုကြရမှာ ဖြစ်ပါတယ်။

အဲဒီမှာ ကိုယ့်ရဲ့ အက်ဆေးလေး တပုဒ် ပါပါတယ်…။
အက်ဆေးလေးရဲ့ နာမည်က မင်းချစ်သူ ကိုယ့်အကြောင်း ပါ။
ဖတ်ကြည့်ကြပါ… ဝေဖန်ပါ… အကြံပြုကြပါနော်…။ ကျေးဇူးတင်ပါတယ်…။



မင်းချစ်သူ ကိုယ့်အကြောင်း

ချစ်သူရေ...
တို့နှစ်ဦး ထူထောင်ကြတော့မယ့် ဘ၀မှာ… အတက်အကျ၊ အချိုးအကွေ့တွေ ဘယ်လိုပြောင်းပြောင်း ခုလိုပဲ သနပ်ခါးပါးကွက်လေးကို အမြဲ အမြတ်တနိုး ရှိတတ်ပါစေချစ်သူ... ပတ်ဝန်းကျင်က အရောင်တွေ ဘယ်လောက်များများ ပကတိဖြူစင်တဲ့ တို့ဘ၀လေးကို အမြဲမပွန်းပဲ့ မစွန်းထင်းအောင် ထိန်းသိမ်းတတ်ပါစေ ချစ်သူ… တို့နှစ်ယောက်ရဲ့ မျိုးဆက်သစ်လေးတွေကို တို့ရဲ့ ဘ၀တန်ဖိုးဖြတ်တတ်မှုတွေ အမွေပေးရင်း တို့နှစ်ယောက်ရဲ့ အချစ်အိမ်လေးထဲကို ငြိမ်းချမ်းမှုတွေ၊ ချစ်ခြင်းမေတ္တာတွေ တစတစ တိုးအောင် အတူထူထောင်ကြစို့လားချစ်သူ… အဆင်သင့်ဖြစ်ရင် မင်းသိထားသင့်တဲ့ မင်းချစ်သူ ကိုယ့်အကြောင်း နဲနဲလောက် နားထောင်ပေးပါလား ချစ်သူ….

တကယ်တော့ မင်းသိထားတာက ကိုယ့်ဘ၀ရဲ့တခြမ်းထဲကိုပါချစ်သူ… ဘ၀တလျှောက်လုံး လက်တွဲမယ်လို့ ဆုံးဖြတ်ထားသူတယောက်အတွက် ကိုယ်ဟာ မင်းအပေါ် ဘယ်လောက်များ တရား မမျှတလိုက်သလဲကွယ်… ဒီတော့ ကိုယ့်ဘ၀ရဲ့ တခြားတခြမ်းကို မင်းသိအောင် ပြောပြပါရစေ မိန်းကလေးရေ…

----------
--------------------
------------------------------
အပြည့်အစုံကို ဒီနေရာမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်…။


(ကိုယ့်အက်ဆေးလေးကို တခုတ်တရ ရွေးခြယ်ပေးတဲ့ သံလွင်အိပ်မက် အယ်ဒီတာအဖွဲ့ ရယ်၊ လက်ရာမြောက်တဲ့ သရုပ်ဖော်ပုံလေးကို စေတနာအပြည့်နဲ့ ရေးဆွဲပေးတဲ့ ချစ်တဲ့ညီမလေးပန်နဲ့  အရမ်းအလုပ်များနေတဲ့အတွက် ဒီပို့ စ်လေးတင်ဖြစ်အောင် ကူညီပေးတဲ့ ချစ်တဲ့သူငယ်ချင်း သက်ဝေတို့ ကို အရမ်းကို ကျေးဇူးတင်ပါတယ်)



တန်ခူး
9:56pm 13-May-2010

Monday, April 26, 2010

ကျွန်မနဲ့  ရွှေအမြုတေ




မြန်မာပြည်မှာ ရှိစဉ်က လစဉ်ထုတ်မဂ္ဂဇင်း တော်တော်များများကို ပုံမှန်ဖတ်ဖြစ်ပေမယ့် ဒီရောက်လာတော့ ရွှေအမြုတေမဂ္ဂဇင်းတခုကိုပဲ ပုံမှန်ဖတ်ဖြစ်တော့တယ်။ ရွှေအမြုတေ၊ မဟေသီ၊ ကလျာ၊ လုံမလေး၊ ရင်ခုန်ပွင့်… စတဲ့ မဂ္ဂဇင်းတွေက ငယ်ဖော်တွေပေါ့။ ဒီနေ့  အိမ်ရှင်းရင်းနဲ့  ကျွန်မရဲ့ ရွှေအမြုတေစာအုပ်လေးတွေကို သေချာစီရင်း ကျွန်မချမ်းသာသမျှ အမှတ်တရ ဓာတ်ပုံလေးတွေ ရိုက်ရင်း ဝေမျှလိုက်ပါတယ်။ ဒီမှာ ကျွန်မဆီမှာ ရှိတဲ့ အဟောင်းဆုံး ရွှေက ၁၉၉၃ခုနှစ်ကပါ။ လွန်ခဲ့တဲ့ ဆယ့်ခုနှစ်နှစ်ကပေါ့။ ရန်ကုန်အိမ်မှာတော့ ဒီထက်ဟောင်းတဲ့ ရွှေတွေ ရှိပါသေးတယ်။

ကျွန်မဆီက အဟောင်းဆုံးရွှေအမြုတေနဲ့  အသစ်ဆုံးရွှေအမြုတေ




ရွှေအမြုတေကို ဘာကြောင့်ပုံမှန်ဖတ်ဖြစ်သလဲဆိုတော့ အဓိကက ကျွန်မကို ဆွဲဆောင်နိုင်တဲ့ ၀တ္ထုတိုလေးတွေကြောင့်ပါ။ ဖွဲ့ စည်းပုံ သေသပ်တဲ့အပြင် အသက်အရွယ်မရွေးဖတ်နိုင်အောင် စီစဉ်ထားပုံလေးက အတော်လှပါတယ်။ ကျွန်မအိမ်ပြန်ရောက်ရင် ကျွန်မအဖေနဲ့ ရွှေက ၀တ္ထုတချို့ ကို တခါတလေ ဆွေးနွေးကြပါတယ်။ နောက်တခုက မျိုးဆက်သစ် စာရေးဆရာတွေမွေးဖွားပေးနေတဲ့ ရည်ရွယ်ချက်ကောင်းတဲ့ ရှားပါးတဲ့ မဂ္ဂဇင်းတစောင်မို့ ပါ။ ရသစာပေတိုးတက်ရေးအတွက် နှစ်စဉ်စာပေဆုပေးပွဲကို ကျင်းပပေးတဲ့ ရွှေရဲ့ ကြီးမြတ်တဲ့ အစဉ်အလာတခု အမြဲကျန်းမာအသက်ဝင်နေပါစေလို့  ဆုတောင်းပေးနေမိပါတယ်။

ကျွန်မနှစ်သက်တဲ့ မျက်နှာဖုံးလေးတွေ



ဟိုးလွန်ခဲ့တဲ့ ၁ရနှစ်၊ ၁ဂနှစ်လောက်က ၀ါသနာပါလွန်းလို့ စာမူလေးတွေ ပိုက်ပြီး ဟိုမဂ္ဂဇင်းတိုက်၊ ဒီမဂ္ဂဇင်းတိုက် ခြေတိုအောင် ပို့ ခဲ့ရတဲ့ ဘ၀ကို သတိရမိပါတယ်။ တချို့ မဂ္ဂဇင်းတိုက်တွေကျတော့ ကလောင်သစ်ဆိုတာနဲ့  ဖတ်တောင်မကြည့်ပဲ တန်း ပယ်တာမျိုး လက်တွေ့ ကြုံခဲ့ရပါတယ်။ ရင်ခုန်ပွင့်၊ ရွှေအမြုတေ၊ လုံမလေး၊ ကလျာမဂ္ဂဇင်းတွေကတော့ အဲဒီလို မဟုတ်ပါဘူး။ ကလောင်သစ်လေးတွေကို အမြဲကြိုဆိုလမ်းဖွင့်ပေးပါတယ်။ မျှော်လင့်ချက်တွေကို ရိုက်ချိုးမဖျက်ဆီးပဲ ချီးမြှောက်အားပေးတတ်တဲ့ အဲဒီမဂ္ဂဇင်းအယ်ဒီတာအဖွဲ့ တွေရဲ့ ကျေးဇူးကို ဘယ်တော့မှ မေ့ရမှာ မဟုတ်ပါဘူး။ ဒီအပြင် ရွှေရဲ့ထူးခြားချက်က ရွှေမှာဖော်ပြခံခဲ့ရတဲ့ ၀တ္ထုတိုလေးတွေက အမှတ်တရ ၀တ္ထုတိုပေါင်းချူပ်လေးထုတ်ပေးခြင်းပါပဲ။

ကျွန်မအကြိုက်ဆုံးမျက်နှာဖုံး



ရွှေကြောင့်ပဲ တကျောင်းထဲက စီနီယာ ဆရာနေဇင်လတ်ရဲ့ လူငယ်တွေကို ပညာပေးတဲ့ ဆောင်းပါးလေးတွေ ဖတ်ခွင့်ရတယ်။ ရွှေကြောင့်ပဲ ကျွန်မချစ်တဲ့ သာဓုအုပ်စု ညီအကို စာရေးဆရာတွေရဲ့ လက်ရာနဲ့  အမြဲထိတွေ့ ခွင့်ရတယ်။ ရွှေကြောင့်ပဲ အရင်က ဖတ်ခွင့်မရခဲ့တဲ့ စာရေးဆရာကြီးတွေရဲ့ ရတနာလက်ရာတွေ တူးဖော်ထားတာကို ခံစားခွင့်ရတယ်။ ရွှေကြောင့်ပဲ တခါမှ မမြင်ဘူးတဲ့ ကျွန်မတို့ နယ်သူ ဆရာမခင်ခင်ထူးကို ရင်ထဲက အမကြီးတယောက်လို သူ့ အညာစာတွေက တဆင့် ရင်းနှီးခွင့်ရတယ်။ စာရေးဝါသနာကို လက်မလွှတ်နိုင်သေးတဲ့ ကျွန်မအတွက် ရွှေဖခင်ကြီး ဦးဝင်းငြိမ်းရဲ့ နှစ်ကြောင်းရေး တကြောင်းခြစ် ဆောင်းပါးလေးတွေကတဆင့် ၀မ်းစာ စုဆောင်းခွင့်ရတယ်။ ဒါတွေကြောင့် ရွှေက ကျွန်မကို ဒီလောက်အချိန်တွေကြာအောင် ဆွဲဆောင်နိုင်တာပါပဲ။

ကျွန်မချမ်းသာသမျှရွှေအမြုတေ



ရွှေကို on line ဖတ်လို့ ရပေမယ့်လဲ လစဉ်စာအုပ်လေးပုံမှန်ဝယ်ပြီး ဖတ်ရတာ ပိုအားရပါတယ်။ စာအုပ်အဟောင်းလေးတွေ ပြန်ဖတ်ရတာလဲ ကြည်နူးမှုတမျိုးပေးစေတယ် မိုလား။ ရည်ရွယ်ချက်ကောင်းတဲ့ရွှေအမြုတေ၊ အစဉ်အလာကောင်းတဲ့ ရွှေအမြုတေ နှစ်ပေါင်းရာထောင်သောင်းတိုင် အသက်ရှည်ကျန်းမာ နုပျိုလို့  ရသအသီးအပွင့်တွေ ဝေဆာပါစေလို့ ။

တန်ခူး
8:45pm 26-Apr-2010
(PS. ပျောက်လိုက်ပေါ်လိုက်လို့  ထင်နေကြမှာပဲနော်… ပြီးခဲ့တဲ့ အပတ်က သားလေးနေမကောင်းလို့  ပျောက်နေခဲ့တာပါ… ခုသားလေးပြန်နေကောင်းသွားပါပြီ)

Thursday, April 15, 2010

သံချပ်ခေတ်က သင်္ကြန်

သက်ဝေတို့  ပန်တို့  ရွှေပြည်ဝေးမှာ သံချပ်လေးတွေ သွားစပ်တာတွေ့ တော့ ငယ်တုန်းက သံချပ်တွေနဲ့ ကြီးခဲ့ရတဲ့ သင်္ကြန်တွေကို ပြန်လွမ်းမိတယ်။ အဲဒီတုန်းက သင်္ကြန်မှန်ရင် သံချပ်ပါမှလေ။ ဘာကြောင့် လူတွေက သံချပ်ကို မျှော်ကြ၊ တောင့်တကြ၊ နှစ်သက်ကြသလဲဆိုတော့ သံချပ်တွေက ခေတ်ရဲ့မှန်တချပ်လိုပါပဲ။ ဒီခေတ်ကလေးတွေ သံချပ်နဲ့  ကျွန်မတို့ လောက် မရင်းနှီးကြမှာမို့  ငယ်တုန်းက သံချပ်သင်္ကြန်အတွေ့ အကြုံလေး ဝေမျှလိုက်ပါတယ်။

အဲဒီခေတ်တုန်းက တီဗွီတောင် အိမ်တိုင်းမရှိ။ ကက်ဆက်ပဲရှိကြတာများတော့ သင်္ကြန်မရောက်ခင် တလ နှစ်လလောက် အလိုကတည်းက သင်္ကြန်သံချပ်ကက်ဆက်ခွေတွေ ထွက်လာပါပြီ။ သင်္ကြန်နားနီးတာနဲ့ ဟိုအိမ်က သံချပ်သံကြား၊ ဒီအိမ်က သံချပ်သံကြား၊ လဘက်ရည်ဆိုင်ကလည်း သံချပ်ဆိုတော့ တမြို့ လုံး သံချပ်သံတွေ ဝေေ၀ဆာဆာနဲ့  မြူးကြွနေပါပြီ။ “မကုလားမရေ ကြည့်လုပ်ပါဦး” ဆိုတဲ့ မောင်ကြေးမုံက သံချပ်ဘုရင်လို့  ပြောလို့ ရအောင် အတော်အစပ်ကောင်းပါတယ်။ သံချပ်ခွေမှာ သံချပ်တမျိုးထဲ မဟုတ်ပဲ တခန်းရပ်ပြဇာတ်လေး၊ အတာသီချင်းလေးတွေနဲ့ ဆိုတော့ အတော်နားထောင်လို့ ကောင်းပါတယ်။

အဲဒီခေတ်က ရပ်ကွက်တိုင်းလိုလို သံချပ်အဖွဲ့ ဆုပေးမဏ္ဍဋ်တွေရှိကြပါတယ်။ သင်္ကြန်မတိုင်ခင်ကတည်းက မနှစ်ကနဲ့ မတူအောင် ခမ်းခမ်းနားနား ဆုပေးမဏ္ဍဋ်တွေကို သူ့ ထက်ငါ အပြိုင်အလှဆုံးဖြစ်အောင် ဆောက်ကြပါတယ်။ တချို့ ဆုပေးမဏ္ဍဋ်က ရွှေရောင် အတာအိုးကြီးမှာ ပိတောက်ခက်တွေ ဝေေ၀ဆာဆာနဲ့  တချို့ ကျပြတော့ ပုဂံခေတ်သင်္ကြန်ကို သရုပ်ဖော်တဲ့ ခမ်းနားတဲ့ ပန်းချီနောက်ခံနဲ့ … အဲဒီလို မဏ္ဍဋ်တွေ လိုက်ကြည့်နေရင်း သင်္ကြန်ရင်ခုန်သံတွေက စနေပါပြီ။

ပြိုင်ပွဲဝင်ကြမယ့် သံချပ်အဖွဲ့ တွေကလည်း သင်္ကြန်မတိုင်မှီ ကတည်းက သံချပ်စတိုက်ကြ။ နာမည်ကြီး သံချပ်အဖွဲ့  “အင်အား”က ကျွန်မတို့  ရပ်ကွက်က သံချပ်အဖွဲ့ ပါ။ အင်အားအဖွဲ့  သံချပ်တိုက်နေကျလမ်းက ဈေးသွားရင် ဖြတ်သွားရတဲ့လမ်းမို့  သံချပ်တွေ တိုက်နေပြီလို့  ဦးအောင် သတင်းပေးတတ်သူက ကျွန်မကြီးကြီးပါ။ သံချပ်တိုက်နေပြီ အသံကြားတာနဲ့  ကစားလက်စတွေ ချပြီး သံချပ်တိုက်ရာဆီ ပြေးတော့တာပါပဲ။ ဘယ်လောက်ကြည့်ရကြည့်ရ မရိုးတာမို့  အင်အား သံချပ်တွေဆို သင်္ကြန်မရောက်ခင်ကတည်းက အလွတ်ရနေတဲ့အထိပါပဲ။

အဖေက သင်္ကြန်ရေပက်ခံတာ၊ အလည်ထွက်တာတို့ ကို သိပ်အားမပေးပေမယ့် သံချပ်တော့ သူကိုယ်တိုင် ၀ါသနာပါတာမို့  သင်္ကြန်ညတွေဆို ဆုပေးမဏ္ဍဋ်တွေဆီ သူကိုယ်တိုင် လိုက်ပြပါတယ်။ တခါတလေ ကျွန်မတို့ အိမ်နောက်က ကွင်းကြီးထဲက ဆုပေးမဏ္ဍဋ်၊ တခါတလေကျတော့ ရန်ကင်းကွင်းကြီးက ဆုပေးမဏ္ဍဋ်… တာမွေဗိုလ်စိန်မန်က မဏ္ဍဋ်ဆို တကယ့်သံချပ်အဖွဲ့ အကောင်းတွေ အကြိတ်အနယ်ပြိုင်တာမို့  လူကြပ်ကြပ်ထဲတိုးဝှေ့ ကြည့်ခဲ့သေးပါတယ်။

ဆုတွေကလဲ စွယ်စုံ၊ အက၊အလှ၊ သံချပ်၊ ၀တ်စားဆင်ယင်မှု အဲလို အမျိုးမျိုး ခွဲထားပါသေးတယ်။ သံချပ်အဖွဲ့ ကောင်း တခုဖြစ်ဖို့ က မလွယ်လှပါဘူး။ အလှပြကားကို creative ဖြစ်အောင် ပြင်ဆင်ရသလို၊ တဖွဲ့ လုံးရဲ့ ၀တ်စားဆင်ယင်မှုကိုလဲ အတော်ကို အလေးထား ပြင်ဆင်ရပါတယ်။ ခေတ်ကို လှစ်ဟပ်ပြနိုင်ဆုံး သံချပ်ထိထိတွေ အပြင်၊သီချင်းက အစ ကိုယ့်ဘာသာရေးသား စပ်ဆိုရတာပါ။ တခန်းရပ် ပြဇာတ်လေးတွေ ဆိုလဲ တကယ့်သရုပ်ဆောင်ပီပြင်တဲ့သူတွေ သရုပ်ဆောင်တာပါ။ သံချပ်အဖွဲ့ ခေါင်းဆောင်က တဖွဲ့ လုံးမှာ အဓိက အကျဆုံးမို့  တကယ့် soul နဲ့  အနုပညာဗီဇရှိသူတွေ လုပ်ကြတာများပါတယ်။ လှောင်စရာရှိရင် မထိတထိ မျက်နှာပေးလေးနဲ့ … ၀မ်းနည်းစရာပြန်တော့ မျက်ရည်တွေ ရစ်ဝဲလာတဲ့အထိ… ပျော်စရာလေးတွေကျတော့လဲ လူတကိုယ်လုံး လေမှာ ပျံဝဲနေသလို မြူးကြွလို့ ။ ယခုလက်ရှိ အနုပညာလောကမှာ အောင်မြင်နေတဲ့ ကုသိုလ်တို့  ဗေလုဝတို့ ကို အဲဒီခေတ်ကတည်းက သံချပ်ခေါင်းဆောင်တွေ အဖြစ်နဲ့  ရင်းနှီးနေခဲ့တာပါ။

ယနေ့ ထက်ထိမှတ်မိနေတဲ့ သံချပ်အဖွဲ့ တွေကတော့ ပုဂံခေတ်အ၀တ်အစားနဲ့  တခမ်းတနား သံချပ်အဖွဲ့ … နေရာတိုင်းမှာဆုတွေချိတ်တဲ့ ယဉ်ကျေးမောင်၊ ပေါ့ပေါ့ပါးပါးလေးနဲ့  ပရိသတ်ရင်ထဲရောက်အောင် ပေါက်တဲ့ သံချပ်တွေ ထိုးနိုင်တဲ့ အင်အား၊ အားနဲ့ မာန်နဲ့  သံချပ်တွေ ရင်ကွဲအောင်ထိုးတတ်တဲ့ ဒဲ့ဒိုး၊ ပြီးတော့ တကယ့်ကို ရင်ထဲရှိတာ အိမ်သွန်ဖာမှောက်ပြောတတ်လွန်းတဲ့ ဒိုးဒိုးဒေါက်ဒေါက်။ ကလေးဘ၀က ဆိုလို့ ကောင်းတဲ့ သံချပ်နဲ့ သီချင်းတချို့  ခုချိန်ထိ ပါးစပ်ထဲမှာ စွဲနေသေးပါတယ်။ (နှစ်တွေအတော်ကြာပြီဆိုတော့ စာသားတွေ မှားကောင်းမှားနေပါလိမ့်မယ်)

နာမည်ကြီး ယဉ်ကျေးမောင်အဖွဲ့ ရဲ့ ပင်တိုင်သီချင်း

“xxx ပြောလိုက်ချင်တာတွေလဲxxx အကုန်လုံးပြောလိုက်မယ်xxx ဝေဒနာကို အကုန်ကြေငြာမယ့်xxxယဉ်ကျေးမောင်”

အစရှိတဲ့ သီချင်းကို အော်ဟစ်ပြီးဆို ကုတင်ကြီးက သံချပ်အလှပြကားကြီးဖြစ်… သင်္ကြန်ပြီးတောင် သံချပ်ရောဂါမကုန်နိုင်သေးပဲ ကျွန်မတို့ မောင်နှမတွေ သံချပ်တိုင်ံတိုင်းဆော့ကစား ခဲ့ကြတာ လွမ်းမိပါရဲ့။ စီးပွားရေးသမားတွေ ဖြတ်လမ်းလိုက် အမြတ်ရှာကြတဲ့ ကလေးနို့ မှုန့် ဗူးခွံတွေ ၀ယ်ပြီး နို့ မှုန့် ဘူးအတုတွေရောင်းတာကို သရော်ထားတဲ့…

“နို့ မှုန့် နို့ မှုန့်  ၀ယ်ရမှာလားလို့  သားသားစိတ်မှာပူ xxx မီးမီးစိတ်မှာပူ xxx လေဟာပြင်ဈေးက ၀ယ်လာပေးတဲ့ xxx ဟေးးး နို့ မှုန့်  xxx နို မှုန့် က အီးတွေပါလို့ ”

ဆိုတဲ့ သီချင်းဆို ကျွန်မမောင်လေးရွှတ်နောက်နောက် ပါးစပ်မှာ အလွန်ရေးပန်းစားတဲ့ သီချင်းပါ။ ကျုရှင်တွေ စခေတ်စားတော့ ကျော်ငြာတွေမှာ ကျူရှင်ဆရာငယ်ငယ်တွေ ပုံက မင်းသားရှူံးလောက်တာရယ်… ပြီးတော့ အထက်တန်းကျောင်းသူငယ်ငယ် ချောချောလေးတွေနဲ့  ကျူရှင်ဆရာတွေ ဇာတ်လမ်းကို သရော်ထားတဲ့…

“ကျူ…. ရှင်… ကျူရေ… ရှင်…
ကျူရှင်ဆိုတာ xxx ဒါတဲ့လားဟဲ့ xxx မိဘများတို့ xxx သတိထားကြကွဲ့  ”

ဆိုတဲ့သံချပ်။ ပြီးတော့… ဇာတ်မင်းသား မိုးဝင်းတို့ ၊ ချမ်းသာတို့ ၊ သိန်းဇော်တို့ ကို ကောင်မလေးတွေ သဲသဲလှုပ်ကြလွန်းတာကို သရော်ထားတဲ့…

“ဟိုတနေ့ က xxx ရေနံဆီရောင်းရတဲ့ ငွေငါးဆယ် xxx မိုးမိုးကတုန်း ပစ်ပေးလိုက်တော့ xxx မိုးမိုးလေးက ယူတယ်တော့ xxx (အေးဟယ် သူ့ ခမျာ သနားပါတယ် xxx တို့ လဲ ပေးချင်လိုက်တာနော့နော)့ xxx မိုးမိုးကျွေးရင် xxx သေဆေးပေးဖြစ်ဖြစ် xxx ငှက်ပျောသီးပဲဖြစ်ဖြစ် xxx စားလိုက်မှာပဲ xxx (ငှက်ပျောသီးရရင် တယောက်ထဲမစားနဲ့ xxx တို့ လဲ တကိုယ်ဆီ ကျွေးရမှာပဲ)”

ဆိုတဲ့ မိန်းမလျာလေသံနဲ့  ပီပီပြင်ပြင်သရုပ်ဖော်ထားတဲ့ သံချပ်။ နေရာတကာ ဖော်လံဖားတတ်တဲ့ ဖားတွေအကြောင်း သရော်ထားတဲ့…

“တုံးအောက်ကဖား xxx တုံးပေါ်ဖား xxx ဋ္ဌါနဆိုင်ရာဖား xxx ဖားကောင်းဖောင်းကား xxx ဖားဖားဖား xxx နေရတကာဖား”

ဆိုတဲ့ နားထောင်နေသူတောင် ဖားတွေကို အော်ကလီဆန်အောင်လုပ်နိုင်လွန်းတဲ့ သံချပ်။ ကျွန်မနားထဲမှာ မနေ့ တနေ့ ကလို သံချပ်သံတွေ ဆူညံနေဆဲပါ။ ကြည့်ခဲ့ဖူးတဲ့ သံချပ်တွေထဲမှာ ကြက်သီးမွှေးညှင်းထအောင်… မျက်ရည်တောက်တောက်ကျအောင်… ပီပြင်လွန်းတဲ့ တက္ကသိုလ်ရိပ်သာလမ်းက သံချပ်ပွဲလေးကတော့ ယနေ့ ထက်ထိ နှလုံးသားမှာ စွဲကျန်နေဆဲပါ။

တန်ခူး
1:15pm 15-Apr-2010

Monday, April 12, 2010

သားနဲ့ ဘာသာရေး


(ဒီပို့ စ်တင်ပြီးမှ မနေ့ က အမတယောက်ဆီက ပူပူနွေးနွေးရလာတဲ့ ဇာတ်ကြီး၁၀ဘွဲ့ စာအုပ်ကို မနက်မိုးလင်းတာနဲ့  ထဖတ်နေတဲ့ (တကယ်တော့ မဖတ်တတ်ပါဘူး… သူ့ အဖေနဲ့ ကျွန်မညက ပြောပြထားလို့  ပုံလေးတွေ လိုက်ကြည့်တာပါ) သားပုံလေးကို ဓာတ်ပုံရိုက်ထားပြီး ဒီပို့ စ်နဲ့ လိုက်ဖက်မယ်ထင်လို့  ထပ်ဖြည့်လိုက်တာပါ)

သားလေးက ၅နှစ်ခွဲရှိသေး သားနဲ့ ဘာသာရေးဆိုတဲ့ ခေါင်းစဉ်ကြီးက နဲနဲများ ကြီးလွန်းနေမလား မသိဘူးနော်။ ဒါပေမယ့် ပြောပြချင်တာကလဲ သားနဲ့ ဘာသာရေးပဲမို့  အဲဒီလိုလေးပဲ နာမည်ပေးလိုက်ရပါတယ်။ အမှားပါရင် ခွင့်လွတ်ပေးကြပါလို့ ။

ကျွန်မ မနှစ်က ပို့ စ်တပုဒ်ရေးခဲ့ဖူးပါတယ်။ က ကာ ကား ဆိုတဲ့ မြန်မာစာနဲ့ ဘာသာရေးတွဲသင်ပေးတဲ့ ဘုန်းကြီးကျောင်းက သင်တန်းလေးအကြောင်းပါ။ အခြေအနေအရ နိုင်ငံရပ်ခြားမှာ လာနေရတော့ သားကို တခြားဘာသာဝင်ဖြစ်သွားမှာ အကြောက်ဆုံးပါ။ ဒါကြောင့် သားသိပ်နားမလည်သေးခင် ကတည်းက ကျွန်မက စိုးရိမ်စိတ်တွေကြီးပြီး အဲဒီတနင်္ဂနွေကျောင်းလေး ပို့ ခဲ့ပါတယ်။ အဲဒီတုန်းက သားက ငယ်သေးလို့  ထင်ပါတယ်… ဘုရားဆိုရှိခိုးဖို့ တောင် အတော်တိုက်တွန်းရပါတယ်။ တခါတလေ လိုက်မဆိုပဲ ဂျစ်တိုက်နေလို့  ကျွန်မနဲ့  တကျက်ကျက်ပါ။ မြန်မာစာတော့ စိတ်ဝင်စားမှုရှိပေမယ့် ဘာသာရေးကို သိပ်စိတ်မ၀င်စားတာမို့  ကျွန်မအတော်လေး ပူပင်ခဲ့ရပါတယ်။ ဒီနောက်ပိုင်း အကြောင်းကြောင်းကြောင့် သားကို သင်တန်းပြန်ပို့ ဖို့  ပျက်ကွက်ခဲ့ပါတယ်။

ဒီတခါသင်တန်းပြန်ပို့ တာ သားကိုယ်တိုင်က သွားချင်တယ်လို့  လိုလိုချင်ချင် ပူဆာလို့  ပြန်ပို့ ဖြစ်တာပါ။ ညီမလိုခင်တဲ့ ကျွန်မသူငယ်ချင်းရဲ့ သမီးလေး၂ယောက် အဲဒီကျောင်းက ဘုရားစာဆိုပြိုင်ပွဲမှာ ဆုရတာကို သားကြည့်ရတော့ ကျောင်းပြန်တက်ဖို့ ကို ပြန်စိတ်ဝင်စားလာပါတယ်။ ဘာသာရေးကို သားစိတ်ဝင်စားလာတယ်လို့  ကျွန်မစ သတိထားမိတာက သားကို ငယ်ကတည်းက ဆွေမျိုးရင်းချာလို ချစ်တဲ့ အမေအရင်းနဲ့ မခြား ဂရုစိုက်တဲ့ သားအန်တီနဲ့  ဦးဦးအိမ် သွားလည်ပြီး ပြန်လာကတည်းကပါ။ ဘုရားအလောင်းတောထွက်တော်မူတာကို အင်္ဂလိပ်လို စိတ်ဝင်တစား ပြန်ပြောပြနေတော့ ကျွန်မ အရမ်းအံ့သြသွားခဲ့ပါတယ်။ သူ့ အဖေများ ပြောပြထားတာလားဆိုတော့ မဟုတ်ပါဘူး။ နောက်မှ သူ့ ဦးဦးနဲ့  သူ့ အန်တီအိမ်က ဘုန်းကြီးကျောင်းပြက္ခဒိန်လေးက ပုံလေးတွေနဲ့  သူ့ ဦးဦးက ရှင်းပြထားတယ် ဆိုတာ သိရပါတော့တယ်။ သူ့ စိတ်ဝင်စားမှုက သာမာန်မဟုတ်ပဲ ထူးကဲလို့  ကျွန်မတို့  အတော်လေးကို အံ့သြမိပါတယ်။ သူကြီးလာရင် ပြဖို့ ဆို ကျွန်မ၀ယ်ထားတဲ့ အောင်ခြင်းရှစ်ပါးအခွေကို သူပူဆာလို့  ကျွန်မဖွင့်ပြရပါတယ်။ ငယ်သေးလို့  နားမှ လည်ပါ့မလားထင်တာ ခုဆို အောင်ခြင်းရှစ်ပါးလုံး သူအလွတ်ပြောနိုင်နေပါပြီ။ တီဗွီကြည့်ချိန်ဆို ကာတွန်းကားတွေ စိတ်မ၀င်စားပဲ အောင်ခြင်းရှစ်ပါးကိုသာ ကြည့်ဖို့  ပူဆာတတ်ပါတယ်။

မနက်မိုးလင်း အိပ်ယာထ မျက်နှာသစ်ပြီးတာနဲ့  ဘယ်သူမှ ပြောစရာမလိုပဲ သူ့ ဘာသာ ဘုရားရှိခိုးတတ်သလို ညအိပ်ယာဝင်တော့လဲ ဘုရားရှိခိုးဖို့  ဘယ်တော့မှ မမေ့တတ်ပါဘူး။ ဘုရားရှိခိုးရင် မြတ်စွာဘုရားဆင်းတုတော်ကို သေချာဖူးမျှော်ပြီး ရှိခိုးတတ်ပါတယ်။ ပင်နင်ဆိုးလားရောက်လို့  ဘုရားပုံတော်တွေ ရောင်းတဲ့ဆိုင်တွေ ရောက်ရင် တပုံချင်း စိတ်ဝင်စားစွာ ဖူးမျှော်လေ့လာတတ်တာ သူ့ အရွယ်လေးနဲ့  တချို့ ဆိုင်ရှင်တွေ အံ့သြရတဲ့အထိပါပဲ။

ညအိပ်ယာဝင်ရင် ဘာသာရေးနဲ့ ဆက်နွယ်တဲ့ ပုံပြင်တွေသာ ပူဆာတတ်လာတာမို့  သားကို ပုံလေးတွေနဲ့  ပြောပြဖို့  ဖိုးဖိုးတို့ ဆီ ဇာတ်ကြီး၁၀ဘွဲ့ စာအုပ်မှာရဦးမယ်ဆိုတာ မှတ်ထားပြီး သူ့ အဖိုးနဲ့ ဖုန်းပြောတိုင်း အမှတ်တရမှာတတ်ပါတယ်။ ဘုရားစာတွေရဲ့ အနက်ကိုပါ သူက သိချင်တာမို့  ကျွန်မရော သူ့ အဖေပါ အမှတ်မမှားအောင် သတိထားရှင်းပြရပါတယ်။ ကျွန်မတို့  ငယ်ငယ်က အဖေ၊အမေက သြကာသ ရအောင်ကျက် ဘုရားရှိခိုးဆို အလွတ်ကျက်ပြီး ရှိခိုးခဲ့တာပါ။ သားကတော့ သြကာသရဲ့ အနက်ကို အရင်မေးပြီးမှ သြကာသကို ရအောင်မှတ်တတ်သူပါ။ တချို့ ဘယ်လို ရှင်းပြရမှန်းမသိလို့  ဆရာကိုဧရာအိမ်ဘေးပြောင်းနေချင်စိတ်တောင် ပေါက်မိပါတယ်။ သူ့ အဖေက ဘုရားမှန်မှန်မရှိခိုးတဲ့ အဖေ့ကို မင်းချွတ်မှ ကျွတ်တော့တာပဲလို့  ပြောယူရတဲ့အထိပါ။ ဘုရားကို နို့ ဆွမ်းကပ်ချင်တယ်ဆိုလို့  သူ့ အဖေကိုယ်တိုင် နို့ ဆွမ်းချက်ပြီး ကပ်ပေးရပါတယ်။ အရင်က သားကိုယ်ရင်ဝတ်မလား မေးရင် ကုတုံးတုံးရမှာမို့  ရှက်လို့  မ၀တ်ချင်ဘူးပြောနေကျ။ ခုတော့ သားရှင်ပြုရင် ကိုယ်ရင်လေးဝတ်မှာလားဆို ၀တ်မှာလို့  စိတ်အားထက်သန်စွာ ပြောနေပါပြီ။ သားရှင်ပြုရင် မေမေပါ သီလရှင်ဝတ်မယ်ဆိုတော့ သူက အရမ်းပျော်ပါတယ်။ ကျွန်တော်က ကိုယ်ရင်ဝတ်ပြီး ရွှေတိဂုံဘုရားမှာ လူတွေကို ဘုရားစာသင်ပေးမှာလို့ ဆိုတော့ ကျွန်မရော၊ သူ့ အဖေပါ မျက်လုံးပြူးရော။

တခုခု အမှားလုပ်ရင် သားမဆိုးနဲ့ နော်လို့  ပြောတာထက် သားအကုသိုလ်မလုပ်နဲ့ နော် ပြောတာ ပိုထိရောက်ပါတယ်။ အကုသိုလ်လုပ်ဖို့ ကို သူက အတော်ကို ကြောက်တတ်ပါတယ်။ အောင်ခြင်းရှစ်ပါးကို ကြည့်ပြီး မေတ္တာဆိုတဲ့ အနက်ကို သူ အတော်လေး သဘောပေါက်သွားပါတယ်။ ပတ်ဝန်းကျင်က သူတွေကို မေတ္တာထားဆက်ဆံရတယ်ဆိုတာ သူနားလည်လာပါတယ်။ သူ့ ကျောင်းက ရန်ဖြစ်သန်တဲ့ ကလေးတွေ သူ့ ကို ရန်စတာကို ကျွန်တော်က မေတ္တာနဲ့ ဘာမှပြန်မလုပ်ဖူး လို့  သူတတ်သလောက်လေး ကျွန်မကို ပြန်ပြောပြတတ်ပါတယ်။

ဟိုတနေ့ က သူကြည့်ချင်လို့ How to train the dragon ဇာတ်ကားလိုက်ပြဖြစ်ပါတယ်။ ဇာတ်ကားရဲ့ အဓိက ရည်ရွယ်ချက်က ရန်ကိုရန်ချင်း မတုန့် နှင်းပဲ မေတ္တာတရားနဲ့  ဆက်ဆံရင် အလွန်ကြမ်းတမ်းရိုင်းစိုင်းတဲ့ နဂါးတွေတောင် ကိုယ်နဲ့  မိတ်ဆွေဖြစ်ရတယ်ဆိုတဲ့ ရည်ရွယ်ချက်ပါ။ သားက မေတ္တာတရား အခြေခံတဲ့ အဲဒီဇာတ်ကားလေးကို သဘောကျလွန်းလို့  ပြောလို့ မပြီးတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် သူ့ အရွယ်ငယ်ငယ်လေးနဲ့  ဘာသာတရားကို အဲဒီလောက် စိတ်ဝင်စားလာတာ ကျွန်မ ၀မ်းသာလို့  မဆုံးပါဘူး။ သူ့ စိတ်ဝင်စားမှုက အရမ်းလေးနက်လွန်းနေတော့ ကြီးရင်ဘုန်းကြီးများ ၀တ်သွားမလားလို့  ထင်ရပါတယ်။ ဟိုတနေ့ က သူ့ အဖေက သူအိပ်တော့ သားကြီးလို့  ဘုန်းကြီးဝတ်သွားရင် ဘယ်လိုလုပ်မလဲလို့  ကျွန်မကို မေးလာပါတယ်။ ဒီအရွယ်နဲ့  ပြောရခက်ပေမယ့် သူကြီးလာလို့  ကျွန်မတို့  မဖြတ်တောက်နိုင်တဲ့ အရာတွေကို သားကဖြတ်တောက်လို့  သာသနာ့ဘောင်ဝင်သွားခဲ့ရင် သူ့ ဘ၀အတွက် အကောင်းဆုံး အမြင့်မြတ်ဆုံးရွေးချယ်မှုမို့  ကျွန်မ၀မ်းသာကျေနပ်မိနေမှာပါ။

တန်ခူး
4:23pm 12-Apr-2010
(ps: သားကို မိဘရင်းနဲ့ မခြားချစ်တဲ့ ဂရုစိုက်တဲ့ သားအန်တီနဲ့ သားဦးဦးတို့ ကျေးဇူးကို ဒီပို့ စ်လေးနဲ့  မှတ်တမ်းတင်ပါတယ်)

Sunday, April 11, 2010

တာဝန်မကျေသော ဘလော့ဂါ အိမ်ရှင်မ မိခင် တန်ခူး

ဘလော့တခုရှိပြီး ရက်ရက်စက်စက် ပစ်ထားရက်တဲ့ တာဝန်မကျေတဲ့ ဘလော့ဂါစာရင်းသာ ပြုစုရင် တန်ခူးက ပထမ ရမလားပဲ…။ သက်ဝေရေ… လွမ်းတယ်ဆိုတဲ့ စကားလုံးလေး တွေ့ ရတော့ မျက်ရည်ဝဲမိတယ်တကယ်။ သက်ဝေဘယ်လောက်ပဲ သင်ပြပြ ဒီကတန်ခူး အချိန်စီမံခန့် ခွဲမှုတွေ လိုနေသေးတာများလား။ မုန်းတယ်… မနက်မိုးလင်းက မိုးချူပ် တုန်တုန်မှ မလှုပ်ပဲ projectတွေထဲမှာ စုံးစုံးမြုပ်နေရတဲ့ဘ၀။ မွန်းကြပ်လွန်းတဲ့ deadlineတွေ ကြားထဲမှာ စိတ်ဖိစီးမှုတွေ များလာတော့ တကြောင်းနှစ်ကြောင်းချရေးဖြစ်ခဲ့ရင်တောင် ကြောင်တောင်တောင်ဂေါက်တောက်တောက် စာတွေဖြစ်လာမှာအမှန်ပဲ။ မမမေငြိမ်းရေ… မြသီလာလို မှတ်တမ်းတင် ဂန္တ၀င်စာမျိုးတွေ မွေးဖွားလာဖို့  မမအချိန်တွေ ဘယ်လိုများ ပေးဆပ်ခဲ့ရသလဲဆိုတာ တွေးတွေးပြီး လေးစားမိတယ်။ ကေရေ… စိန်ပန်းကံ့ကော်တွေထဲ ဖတ်သူနစ်မျောပျော်ဝင်သွားအောင် ဖန်တီးသူရဲ့ နှလုံးသားတွေ ဘယ်လောက်များ ပင်ပန်းနွမ်းနယ်ခဲ့မလဲဆိုတာ ဒီကတာဝန်မကျေလွန်းတဲ့ ဘလော့ဂါတယောက် ပိုပိုနားလည်ပြီး ရင်ထဲမှာ ချီးကျူးနေမိတယ်။

မြတ်နိုးရေ… မြတ်နိုးအမကြီးမတန်ခူး အသက်ရှင်လျက်ရှိနေသေးပါတယ် ညီမရယ်။ မမခင်မင်းဇော်ရေ… ပျောက်ချက်သား ကောင်းနေတဲ့ အမညီမ… ရင်ဘတ်ထဲမှာ ပြောစရာတွေ ပြည့်သိပ်ကျပ်နေတယ်ဆိုတာ အမများသိနေမလား။ အရင်က ပို့ စ်တပုဒ်ဖတ်ပြီးလို့  ကိုယ်နဲ့ အတွေးချင်းမတူရင် ချက်ချင်းဖုန်းခေါ်ငြင်းခုန် အတွေးတွေဖလှယ်နေကျ မောင်လေးကိုပေါဆီတောင် ဖုန်းမဆက်ဖြစ်တာ အတော်ကြာရော့လေ။ တန်ခူးပြန်လာပြီဆိုတဲ့ သတင်းစကားကြီးတောင် ပြင်ဆင်ချိန်မရလို့  မောင်လေးရွားသားလေးက သတိပေးယူရတဲ့အထိ။(ခုထိလဲ အဲဒီအတိုင်းပါပဲ)။ ပေါက်ရေ… အမများနေကောင်းရဲ့လားလို့  စိတ်ပူသတိရတဲ့ညီမလေးကို လွမ်းလိုက်တာ။ ခက်ခဲတဲ့ကျောင်းစာတွေ တဖက်နဲ့ တောင် အားတဲ့အချိန်လေး စာကောင်းလေးတွေ ရေးပေးတတ်တဲ့ ညီမလေးမေဓာဝီရဲ့ စာဖတ်သူတွေပေါ် တာဝန်ကျေမှုကို လေးစားအတုယူမိပါရဲ့။

အမေကပြောတယ်… အိမ်ရှင်မအလုပ်ဆိုတာ ဘာရယ်လို့ မယ်မယ်ရရ လက်ညှိးထိုးလို့ မရပေမယ့် အလုပ်နဲ့ လက်နဲ့ ပြတ်ရတယ် မရှိဘူးတဲ့။ အမေ့ကို ဒီအလည်ခေါ်ရင် ကြာကြာမနေနိုင်ပဲ ငါအိမ်မှာမရှိရင် အိမ်ကြီးဗြုတ်စဗြင်းတောင်း ဖြစ်နေမယ်ဆိုတော့ အမေကလဲ ပိုလိုက်တာလို့  ဆိုခဲ့မိသေးတယ် သိလား မမသီတာ။ သားလေးနှစ်ယောက်ရယ် ချစ်သူရယ် ပြီးတော့ အိမ်မှုကိစ္စတွေရယ်… ဘလော့တခုရယ်ကြား တာဝန်ကျေနိုင်လွန်းတဲ့ မမသီတာရဲ့ ချစ်စရာအပြုံးလေး တန်ခူးကို ခဏငှားပါလားဟင်။ အိမ်ကြီးက အမေပြောသလို ဗြုတ်စဗြင်းတောင်း။ ဧည့်သည်တောင် လာမှာကြောက်နေရတဲ့အဖြစ်။ မျက်စိကို စုံမှိတ်ပြီး အလုပ်ကအိမ်ပြန်ရောက်တော့ အလုပ်ပြန်လုပ်ရတဲ့ဘ၀။ ပိတ်ရက်တရက်မှာမှ မီးပူတိုက်စရာ အပုံကြီးကြား အကြွေးတွေကို စကားမပြောနိုင်ပဲ ၄ ၅နာရီဆက်တိုက် ရှင်းရတာ။ လုလုရေ… ၅မိနစ်အမြန်ချက်လို့ ရတဲ့ ဟင်းနည်းလေးများရှိရင် အမကို ပေးပါလား။ အမှန်ပြောရရင် လက်ပံခေါက်ဟင်းနောက်ပိုင်း အိမ်မှာ ချက်မစားဖြစ်တော့တာ။ အိမ်ထမင်း အိမ်ဟင်းလေး လွမ်းမိပါရဲ့။ (ဒီနေ့ တော့ အကုန်ဖြတ်တောက်ပြီး ကြက်သားနဲ့ ဂေါ်ဂရခါးသီး ကာလသားချက်လေးရယ်…. ခရမ်းချဉ်သီးငါးပိချက်လေးရယ်.. အမြန်လုပ်လိုက်ရတယ်… မရတော့ဘူး.. limitကုန်ပြီလေ)။ ဒီတခါရန်ကုန်ပြန်ရောက်ရင် အမကြီး မမသိဂီင်္ဆီ အိမ်ရှင်မသင်တန်းသွားတက်မှ။ ခက်တာက အိမ်ကလူကလဲ ကိုအန်ဒီတို့ လို အချက်အပြုတ်မရ။

အားလုံးထဲမှာ သားကို အချိန်မပေးနိုင်တာလောက် စိတ်ညစ်တာမရှိ။ အိပ်ယာဝင်ပုံပြင်လေးတွေ သားကပူဆာတာကို နောက်တနေ့ နောက်တနေ့ နဲ့  ရက်ရွှေ့ ခဲ့ပေါင်းများလာတော့ ငိုချင်မိတယ်။ ကိုယ့်ကိုယ်ကိုလဲ ခွင့်မလွတ်ချင်တော့ဘူး။ သားရေ သားအတွက် အမေအလုပ်တွေကြိုးစားနေတာပါဆိုတော့ သားက နားမလည်နိုင်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်တယ်။ ညီမလေးလှိုင်တို့  နုတို့ ရေ… သမီးလေးတွေနဲ့  အချိန်ပြည့်နေနိုင်တဲ့ ဘ၀ကို အားကျမိတယ်ကွယ်။ ကံကောင်းတာက သားကျောင်းက ရုံးမှာမို့ လို့ ရယ်။ နို့ မို့ ကျောင်းကြိုကျောင်းပို့ သာ မလုပ်ရရင် အမေ့ကိုတောင် အတော်စိမ်းသွားမှာ။ ပန်ပန်ရေ… ဒါကြောင့်ပဲ ရောမမြို့ ကြီးကို အမဘယ်လိုမှ ချစ်လို့ မရတာထင်ပါရဲ့။ စာမရေးဖြစ်တဲ့ အကြောင်းတွေထဲမှာ အလုပ်တွေရှုပ်နေတာက အဓိကဖြစ်ပေမယ့် Mood တွေကလဲ ကာရံစည်းချက်တွေ မညီဘူးတော့ဘူး။ သားက မေမေကြောင်လေး မွေးချင်တယ်တဲ့။ သူ့ ခမျာ အထီးကျန်ဆန်နေလို့ လားဆို ပူပူပင်ပင်နဲ့  လုပ်လက်စအလုပ်တွေ ဖြတ် မြန်မာကစားနည်းတွေအကြောင်းရှင်းပြ၊ သူနဲ့ ကစား… သူ့ မျက်လုံးလေးတွေ အရောင်ပြန်လက်လာမှ ဟင်းချရတော့တယ်။ ကြည့်ရတာ သူ့ အဖေလို ကြောင်လေးတွေ ချစ်တဲ့စိတ်ကြောင့်ဖြစ်မှာပါလို့  စိတ်ကိုဖြေသိမ့်ရတယ်ချိုသင်းရေ။ အိမ်ချင်းနီးရင်တော့ ချိုသင်းဆီက သမီးလေးဖြစ်ဖြစ်၊ သားလေးဖြစ်ဖြစ် တကောင်လောက် လာတောင်းချင်ပါရဲ့။

ဘာပဲဖြစ်ဖြစ်လေ… သင်္ကြန်မိုးရေ တန်ခူးလေနဲ့  တန်ခူးတယောက် ချစ်သော ဒီသံယောဇဉ်ရပ်ဝန်းလေးထဲ ပြန်ရောက်လာပါပြီ။ မြန်မာနှစ်သစ်မှာ တာဝန်မကျေသော တန်ခူး တာဝန်ကျေသူတယောက် ဖြစ်အောင် ကြိုးစားပါမယ်လို့ ။ ကတိတွေ အခါခါပေးပြီး ပျောက်ပျောက်သွားတတ်တဲ့ တန်ခူး ဒီတခါတော့ မကြေငြာတော့ပဲ နှလုံးသားထဲမှာ ကြိတ်ပြီး ကတိတွေပေးမိပါတယ်။ ကြည်လင်အေးမြတဲ့ ရေစင်လေးဖြန်းပက်ဖို့  တန်ခူး တကယ် ပြန်လာပြီ။

တန်ခူး
1:17am 11-Apr-2010