Friday, July 11, 2014

ကျွန်မနဲ့ မော်တော်ကား





ရောင်စုံကားလှလှ မော်ဒယ်လှလှတွေ များပြားလာတဲ့ ဒီခေတ်ကြီးထဲမှာ အဲဒီကားတွေနဲ့  ပတ်သက်ရင် ကျွန်မသိပ်ရင်မခုန်တတ်တာ အတော်တော့ ထူးဆန်းတာ အမှန်ပါပဲ…။ လက်ရှိကျွန်မအလုပ်က ကားပြခန်းတွေ ကားအရောင်းခန်းမတွေနဲ့  နီးတဲ့နေရာမို့  ကားလှလှလေးများ… အထူးသဖြင့် ပြိုင်ကားလှလှလေးများတွေ့ ရင် ကောင်မလေးချောချောလေးတွေ့ လိုက်သလို ကျွန်မလုပ်ဖော်ကိုင်ဖက်တွေက လေကလေးတောင်ချွန်မိတဲ့ အထိ သဘောကျကြတာ တွေ့ တော့ ငါ့မယ် ဘာကြောင့်များ ဒီလိုစိတ်မရှိရတာလဲလို့  တွေးမိတဲ့အထိပါပဲ…။

ကျွန်မအမျိုးသားနဲ့  အတူသွားနေတဲ့အချိန် သူက ကားလှလှကောင်းကောင်းလေးများ လှမ်းပြရင် ကျွန်မရဲ့ မထူးခြားတဲ့ရုပ်ကို ကြည့်ပြီး အဲဒီ sensor တခုပျက်နေတယ်လို့  ကျွန်မကို အမြဲ နောက်တတ်ပါတယ်…။ ကျွန်မကလဲ ကျွန်မပါပဲလေ…။ ကျွန်မအရင် အလုပ်က လုပ်ဖော်ကိုင်ဖက်တယောက်က ဘယ်လောက်များ ပိုက်ဆံချမ်းသာ သလဲဆို ကားအကောင်း နာမည်တခုသာ ပြောလိုက် သူ့ မှာ ရှိပြီးသားပါပဲ…။ ကားပေါင်းမြောက်မြားစွာ ပိုင်တဲ့ သူနဲ့  အရမ်းရင်းနှီးတာမို့  တခါတလေ အပြင်မှာ နေ့ လည်စာထွက်စားတဲ့အခါ သူ့ ကားနဲ့ ကားကြုံလိုက်စီးပါတယ်…။ Audi, BMW, Lexus ကားတွေသာ ပြောင်းသွားတယ် ကျွန်မအတွက်က ဘာမှ မထူးသလိုပါပဲ…။ ဟိုနေ့ ကကားနဲ့  ဒီနေ့ ကား စီးရတာ ဘာကွာသလဲမေးရင် ကျွန်မက တို့ အတွက်တော့ comfort taxi စီးရတာနဲ့  ဖီလင်ချင်းတူတူပါပဲ… မခွဲခြားတတ်ဘူးလို့  အမှန်အတိုင်းပြောတော့ သူ့ ခမျာ ငိုမလိုရယ်မလို မျက်နှာနဲ့  ခံရခက်တာတွေ့ တော့ အားနာမိသလိုလိုတော့ ဖြစ်မိသား…။

ကျွန်မငယ်ငယ် သူငယ်တန်းအရွယ်က အဖေက ဂေါက်လှည့်လှည့်ပြီး နှိုးရတဲ့ မောဒစ်အိတ် ကားစုတ်စုတ်လေး ၀ယ်လာတော့ ကျွန်မအရမ်းပျော်ပါတယ်…။ ဘတ်စ်ကားစီးရတဲ့ ဒုက္ခ၊ မြို့ ပတ်ရထားစီးရတဲ့ ဒုက္ခကို ကျွန်မက ငယ်ငယ်လေးနဲ့ ခံစားခဲ့ရသူမိုလား…။ ကျွန်မကို ထားတဲ့ မူကြိုက မြို့ လယ်ခေါင်မှာ မို့ လေ…။ မောဒစ်အိတ်၊ မော်စကိုဗစ်၊ အိုပယ်၊ ဗောက်စဂွန်၊ ဒတ်ဆန်း၊ ပတ်ပလစ်ကာ… စူပါရုပ်ဖ်… အဲဒီလို ကျွန်မတို့  အိမ်မှာ ကားအမျိုးမျိုးသာ ပြောင်းသွားတယ်… ကျွန်မစိတ်ထဲကတော့ အတူတူပါပဲ…။ လိုရာခရီးကို သက်တောင့်သက်သာ သွားနိုင်ရင် ပြီးတာပဲလေ…။ ကားတစီးပြောင်းခါနီးတိုင်း ဘယ်ကားလဲရမလဲဆို ရင်ခုန်နေတတ်တဲ့ ကျွန်မတို့  တအိမ်လုံးနဲ့  ဆန့် ကျင်ဘက်ပါ…။ ကားနဲ့ ပတ်သက်လို့  အဖေ့ကို ကျွန်မပူဆာမိတာဆိုလို့  နှစ်ခါလားပါပဲ…။ ကျွန်မဆယ်တန်းတုန်းက အိုပယ်ကားနဲ့ လာတိုင်း ကားနာမည်ကြောင့် ကောင်လေးတွေ နောက်ကြတာကို ရှက်လို့  အဖေ့ကားလဲခိုင်းတဲ့အခါရယ်… ဗောက်စဂွန်ကားလုံးလုံးနဲ့ တုန်းက သင်္ကြန်ရေပက်ခံထွက်လို့  မရတာကြောင့် အမိုးဖွင့်လို့ ရတဲ့ကားလေး ပူဆာတာရယ်ပါပဲ…။ သိပ်ဆန္ဒလဲ ပြင်းပြင်းပြပြမဟုတ်တော့ အဖေ၀ယ်တဲ့ကားနဲ့  အဖေလိုက်ပို့ တာ ငြိမ်ငြိမ်လေး လိုက်တတ်တဲ့ ကျွန်မပါ…။

ဒီနိုင်ငံရောက်တော့ public transport တွေ အဆင်ပြေတာမို့  သားလေးမမွေးခင်အထိ ကျွန်မအတွက် ကားဆိုတာ မေ့မေ့လျော့လျော့ပါပဲ…။ သားလေးမွေးလာတော့ သားလေးသက်တောင့်သက်သာ သွားလာလို့ ရအောင် ကားလေးတစီးလိုချင်မိပါတယ်…။ အဲဒီအခါ ကျွန်မနဲ့  ကျွန်မခင်ပွန်း ဈေးလဲသက်သာ ဆီစားလဲနဲမယ့်ကားကို စဉ်းစားရပါတယ်…။ ပြီးတော့ တချက်ခုတ်နှစ်ချက်ပြတ် ကျွန်မတို့ အဲဒီအချိန်က လုပ်နေတဲ့ အလုပ်ကလေးအတွက်လဲ အသုံးဝင်မယ့်ကားမျိုးပေါ့…။ ခဏခဏလဲ မပျက်တဲ့ ခိုင်ခန့် မယ့် ပြင်သစ်ထုတ် ရိန်းနော့ကားလေးကို ကျွန်မတို့  ၀ယ်ဖြစ်ခဲ့ကြတယ်…။ ကျွန်မခင်ပွန်းမောင်းမှာဆိုတော့ သူနှစ်သက်တဲ့ အ၀ါရောင်လေးရွေးဖြစ်ခဲ့တယ်…။ ကားလေးနာမည်က Kangoo တဲ့…။ ဘယ်လောက်ချစ်စရာကောင်းလိုက်တဲ့ နာမည်လေးလဲနော်..။ ဒီနိုင်ငံမှာ ကားလှလှတွေ အရမ်းပေါတာ သိပ်စိတ်မ၀င်စားမိပေမယ့် ကားနာမည်လေးတွေတော့ ကျွန်မက စိတ်ဝင်တစား မှတ်တတ်ပါတယ်…။ ပြီးရင် ကားအထီးလေးလား အမလေးလားဆို ကားရဲ့ရုပ်ရည်ကြည့်ပြီး ကျွန်မဘာသာ ပေါက်ပေါက်ရှာရှာ ခွဲမှတ်ထားတတ်ပါတယ်…။ ကျွန်မတို့ ကားလေးကတော့ boy လေးနဲ့ တူတဲ့ ကားအထီးလေးပေါ့…။ Transformer ကြိုက်တဲ့ ကျွန်မသားကတော့ အ၀ါရောင် ကျွန်မတို့ ကားလေးကို bumblebee လို့  သူ့ ဘာသာ နာမည်ပေးထားလေရဲ့…။

ကျွန်မတို့ ကားလေးက ဈေးသက်သာ… ဆီစားသက်သာတဲ့အပြင်… ပျက်ခဲပါတယ်…။ တနေ့ တနေ့ ကျွန်မနေတဲ့ အနောက်ဘက်ကနေ ကျွန်မအလုပ်ရှိတဲ့ အရှေ့ ဘက်သွား… တခါ ကျွန်မအမျိုးသား အလုပ်နေရာတွေသွားနဲ့  သူ့ ခမျာ နားရတယ်လို့ မရှိပါဘူး…။ ကျွန်မတို့  မိသားစုဝင်တယောက်လို ကားလေးနဲ့ ကျွန်မတို့  တသားထဲကျနေပါတယ်…။ ဇိမ်ခံကားပြောင်းစီးရင်ကောင်းမလား… ဒီထက်ကောင်းတဲ့ကား ပြောင်းစီးရင်ကောင်းမလားဆိုတဲ့ အတွေးတွေ မရှိလောက်အောင် ကားလေးနဲ့ ကျွန်မတို့ ကြား သစ္စာတရားက ကြီးလှပါတယ်…။ ကားလေး တခါတလေ စက်ချို့ ယွင်းလို့  ပျက်တာများရှိရင် မိသားစုဝင်တဦးနေမကောင်းသလို ကျွန်မစိတ်အတော်မကောင်းပါဘူး…။ သူ့ ခမျာ ပစ္စည်းတွေလဲ အများကြီးသယ်ရ… လူတွေကိုလဲ မရပ်မနားပို့ ရရှာတာဆို စက်ပစ္စည်းဆိုတာ မေ့လျော့စွာ သနားမိတဲ့အထိပါပဲ…။

ဒီနိုင်ငံမှာ ကားတွေကို ၁၀နှစ်အထိပဲ ထားပါတယ်…။ ဆယ်နှစ်ပြည့်လို့  ကားက ကောင်းနေသေးတယ်ဆို ထပ်ထပ် တိုးခွင့်ပေးပါတယ်…။ ကားက အခြေအနေမကောင်းဘူးဆို တိုးခွင့်မပေးပဲ ဖျက်ပြစ်ပါတယ်…။ မနက်က ရုံးသွားတဲ့လမ်းမှာ ကားနဲ့ ပတ်သက်လို့  ပြောဖို့ အကြောင်းဖန်လာတာကြောင့် ကားလေးသက်တမ်းကို အမျိုးသားနဲ့ ပြောဖြစ်ပါတယ်…။ ကျွန်မတို့ ကားလေး ရနှစ်ရှိပြီတဲ့…။ ဒါဆို နောက်၃နှစ်ကြာရင် ကားလေး သက်တမ်းကုန်တော့မှာပေါ့နော်…။ ကားလေးဖျက်ပစ်ခံရမှာတွေးမိတော့ ကျွန်မနှလုံးသားတခုလုံး နာကျင်လာမိပါတယ်…။ သက်တမ်းကုန်ရင် မြန်မာပြည်ပို့ လို့  မရဘူးလားလို့  အမျိုးသားကို မေးတော့ သူက ကုန်ကျစရိတ်နဲ့  လက်တွေ့ မကျဘူးတဲ့…။ ကျွန်မမျက်ရည်တွေဝဲလာတာ ကျွန်မအမျိုးသားက သတိထားမိမယ်မထင်ပါဘူး…။ ပစ္စည်းသင်္ခါရ… လူသင်္ခါရဆိုတဲ့ တရားသဘောကို နှလုံးသွင်းဖို့  မေ့လျော့တဲ့အထိ ကျွန်မကားလေးကို သံယောဇဉ်တွယ်မိတာ မကောင်းဘူးဆိုတာ သိပေမယ့်လဲ သံယောဇဉ်ဆိုတာ အလွယ်တကူဖြတ်တောက်လို့  ရတဲ့ အရာမှမဟုတ်တာပဲလေ…။ ခုချိန်မှာ အဖိုးတန်ကားကြီးတစီးနဲ့  လဲခွင့်ရမယ်ဆိုတောင် ကျွန်မလဲဖို့  မစဉ်းစားမိပါဘူး…။ အကြောင်းကြောင်းကြောင့် ကားလေးနဲ့ ခွဲရမယ်ဆိုရင်ဖြင့်….။

တန်ခူး

2:35pm 11-Jul-2014

Saturday, May 10, 2014

မောင်ထမ်းပါလို့  မယ်ရွက်ကွယ်...



ပုံကို အင်တာနက်မှ ယူပါသည်...

ကျွန်မတို့ မြန်မာဆိုရိုးစကားလေးတခုကို ကျွန်မသိပ်သဘောကျမိပါတယ်…။ အဲဒါကတော့ မောင်တထမ်း မယ်တရွက် ဆိုတဲ့ဆိုရိုးစကားလေးပါ…။ ဘာကြောင့် သဘောကျမိသလဲဆိုတော့ အရမ်းကိုမျှတလို့ ပါ…။ အိမ်ထောင်တခုမှာ မိန်းမနဲ့ ယောင်္ကျား ညီတူမျှတူ ကိုယ်နိုင်သလောက် တာဝန်ယူသင့်တယ်ဆိုတဲ့ တရားမျှတတဲ့ အယူအဆလေးတခုပါဝင်နေလို့ ပါ…။ ကိုယ်နှစ်သက်မြတ်နိုးလို့ ပဲဖြစ်ဖြစ်… မိဘသဘောတူ ကြည်ဖြူလို့ ပဲဖြစ်ဖြစ် ဘ၀တခုကို အတူတည်ဆောက်ကြပြီဆိုရင် အဲဒီဘ၀အတွက် နှစ်ယောက်လုံးမှာ တာဝန်ရှိပါတယ်…။ အဲဒီဘ၀လေး တည်တဲ့ခိုင်မြဲဖို့  နှစ်ယောက်လုံးက ကိုယ်နိုင်သလောက် ကြိုးစားရမှာပါ…။ ယောင်္ကျားက အိမ်ထောင်ဦးစီးမို့  သူနဲ့ ပဲဆိုင်တယ်လို့  ရှိသမျှတာဝန်ကို ယောင်္ကျားကိုချည်းပုံချလို့  မသင့်သလို မိန်းမက အိမ်အလုပ်လုပ်ရမယ့်တာဝန်မို့  ရှိသမျှအိမ်အလုပ် သူနဲ့ ပဲဆိုင်တယ်ဆို မိန်းမကိုချည်း ပုံချလို့  မသင့်ပါဘူး…။ အိမ်ထောင်တခုရဲ့ တာဝန်ပမာဏပေါ် မူတည်ပြီး မောင်ထမ်းသင့်တာမောင်ထမ်းလို့  မယ်ရွက်သင့်တာရွက်မှ နှစ်ယောက်လုံး တာဝန်တွေ မပိပဲ မျှမျှတတရှိမှာ အမှန်ပါပဲ…။

ကျွန်မဘာလို့  အဲဒီအကြောင်းလေး စဉ်းစားမိနေလဲဆိုတော့ ကျွန်မပတ်ဝန်းကျင်က မြင်တွေ့ နေရတဲ့ ဘ၀တွေကြောင့်ပါ…။ တချို့ မိသားစုလေးတွေ မြင်ရတွေ့ ရတာ သိပ်ချစ်စရာကြည်နူးစရာ ကောင်းပါတယ်…။ ယောင်္ကျားနဲ့ မိန်းမ သူ့ အလုပ်ကိုယ့်အလုပ်တွေ တွက်ကပ်မနေပဲ တယောက်ပေါ် တယောက်ဖေးမ ကူညီကြတာ…။ ယောင်္ကျားက အိမ်သန့် ရှင်းရင် မိန်းမက မီးဖိုချောင်ဝင်… ယောင်္ကျားက ကလေးတွေ စာပြရင် မိန်းမက အ၀တ်လျှော်၊ မီးပူတိုက်…။ ရလာဒ်ကတော့ သန့် ရှင်းသပ်ရပ်တဲ့ အိမ်ကလေးနဲ့  အရသာရှိတဲ့ ထမင်းဝိုင်းလေးပေါ့…။ ဒီခေတ်ကြီးမှာ ယောင်္ကျားက စီးပွားရှာ မိန်းမက အိမ်အလုပ်လုပ်ဆိုတာမျိုး ရှိနေသေးပေမယ့် အတော်နည်းသွားပါပြီ…။ မိန်းမတွေပါ စီးပွားရှာတဲ့ခေတ်မို့  ဟိုးအရင်ကလို စီးပွားလဲရှာရ အိမ်မှုကိစ္စမှန်သမျှ လုပ်ရဆိုရင် ကြာလာရင် အဲဒီအမျိုးသမီး ကျန်းမာရေးထိခိုက်လာမှာပါ…။ ထိုနည်းတူပဲ ယောင်္ကျားမို့  အားကြီးသူ အားလုံးလုပ်ရမယ်ဆိုရင်လဲ အဲဒီယောင်္ကျား ကျန်းမာရေးထိခိုက်လာမှာပါ…။ အိမ်ထောင့်တာဝန် သားသမီးတာဝန်ကို အတူမျှဝေယူခြင်းဟာ ကိုယ်ကျန်းမာ စိတ်ချမ်းသာခြင်းရဲ့ လျို့ ဝှက်ချက်တခုမဟုတ်လား…။

တချို့ တဘက်စောင်းနင်းကျလွန်းတဲ့ မိသားစုတွေ တွေ့ ရရင် ကျွန်မဖြင့် အတော် စိတ်မချမ်းသာ ဖြစ်မိပါတယ်…။ အိမ်မှာ အိမ်ရှင်မလို့ နာမည်ခံပြီး စီးပွားလဲ ထွက်မရှာ မီးဖိုချောင်လဲ မနိုင်နင်း အိမ်သန့် ရှင်းလဲ ဝေလာဝေး… သားသမီးပညာရေးလဲမပါချင်ပဲ… ကိုယ်လွတ်ရုန်း ကိုယ်လှဖို့ ပဖို့  သုံးဖို့ ဖြုန်းဖို့  ပျော်ဖို့ ပါးဖို့ ပဲ စဉ်းစားနေတတ်တဲ့ အိမ်ရှင်မတွေဆို ကျွန်မအတော်ကို အားမလို အားမရဖြစ်မိပါတယ်…။ စီးပွားသွားရှာတဲ့ယောင်္ကျားက ပြန်လာမှ မီးဖိုချောင်ဝင် ချက်ရပြုတ်ရ… အိမ်သန့် ရှင်းရ… ကလေးလဲ ပြေးစာပြရနဲ့  ညကြီးမိုးချူပ်မှ အိပ်ရရှာတာ ဘယ်လောက်များ ပင်ပန်းလိုက်ပါမလဲ…။ ကိုယ်ချင်းစာတရားမရှိတဲ့ အိမ်ထောင်ဖက် အတ္တကြီးတဲ့ အိမ်ထောင်ဖက်ကို အတော်ကို သဘောထားကြီးလွန်းလို့ သာ သည်းခံနေရပေမယ့် သူတို့ နေရာက ၀င်ကြည့်စေချင်ပါတယ်…။ တကယ်လို့ သာ သူတို့ သည်းခံနိုင်မှုဟာ အတိုင်းအတာ တခုထိသာ ဆိုရင် အိမ်ထောင်ရေးပြိုကွဲမှုတွေထိ ဦးဆောင်သွားနိုင်တယ်ဆိုတာ ပတ်ဝန်းကျင်မှာ ဥပမာတွေ အများကြီးပါ…။

အလားတူပဲ ငါက စီးပွားရှာနေရတာ ကျန်တဲ့ ကိစ္စငါနဲ့ မဆိုင်ဆို စီးပွားရှာရုံသက်သက်ကိုသာ ကိုယ့်တာဝန်ထား ကန့် သတ်ထားတဲ့ အိမ်ထောင်ဦးစီးတွေရဲ့ အိမ်ရှင်မဘ၀ကလဲ သနားစရာ ကောင်းလှပါတယ်…။ အိမ်ရှင်မ သာ နေထိုင်မကောင်းဖြစ်ရင် အိမ်ထောင်တခုလုံးရဲ့ လည်ပတ်မှုတွေ ရပ်တန့် သွားတာဟာ အိမ်ထောင်တခုမှာ ငွေထက်လိုအပ်တာတွေလဲ ရှိနေသေးတယ်ဆိုတာ ဖော်ပြတာပါ…။ မနက်မိုးလင်းကနေ ညနေမိုးချူပ် မနားရတဲ့ အိမ်ရှင်မအလုပ်တွေကို စာရင်းသာ ချပြရရင် တမျက်နှာမကပါဘူး…။ အချိန်တန် ထမင်းပွဲလေးအဆင်သင့်… ၀တ်စရာအ၀တ်လေးအဆင်သင့်.. နေရာထိုင်ခင်းလေးသန့် သန့် ရှင်းရှင်း အဆင်သင့်… ဖြစ်အောင် အားထုတ်ရတဲ့ လုပ်ငန်းစဉ်တွေက အများသားဆိုတာ အိမ်ဦးနတ်တွေလဲ သိထားသင့်တာမို့  အိမ်သူသက်ထား မနားရတာများတွေ့ ရင် ကိုယ်ချင်းစာတရားလေးနဲ့  ကူလုပ်ပေးသင့်ပါတယ်…။ ငါက ယောင်္ကျား ငါနဲ့ မဆိုင်ဆိုတဲ့ မဟာဝါဒတွေဟာ တကယ်တော့ အတ္တကြီးသူ ကိုယ်ချင်းစာတရားမဲ့သူတွေရဲ့ ၀ါဒတွေပါ…။

ကျွန်မနဲ့ ညီမအရင်းလို ရင်းနှီးတဲ့၊ သားငယ်ငယ်က ကျွန်မအလုပ်သွားနေချိန် သားကို ကူညီပြုစုပေးတဲ့ သားမွေးစားအမေတို့  မိသားစုလေးက တကယ့် အတုယူစရာ ငြိမ်းချမ်းတဲ့ မိသားစုလေးပါ…။ လောဘ ဒေါသနဲတဲ့ ရိုးရှင်းတဲ့ မိသားစုလေးမှာ သားငယ်ဘ၀လေးနေခွင့်ရတာကို တွေးမိတိုင်း အဲဒီမိသားစုလေးကို ကျေးဇူးရှင်စာရင်းမှာထည့် အမြဲကျေးဇူးတင်မိပါတယ်…။ ယောင်္ကျားက စီးပွားရှာ မိန်းမက အိမ်ရှင်မ… ငြိမ်းချမ်းအေးဆေးတဲ့ သမီးလေးတယောက်နဲ့ …။ မနက်မိုးလင်း ယောင်္ကျားရုံးမသွားခင် မိန်းမက စောစောထ နံနက်စာ အသင့်ပြင်ပေး… သမီးလေးကျောင်းသွားဖို့ ပြင်ပေး… ပြီးတော့ ကျန်းမာရေးအတွက် လမ်းလျှောက်ထွက်…။ လမ်းလျှောက်က ပြန်လာရင် တအိမ်လုံးအတွက် အရသာရှိတဲ့ ဟင်းလျာလေးတွေ ချက်ပြုတ်… ပြီးတော့ လျှော်ဖွတ်၊မီးပူတိုက်.. အိမ်သန့် ရှင်း… ချူပ်စရာလုပ်စရာလေးတွေလုပ်… သမီးလေးကျောင်းကြို…။ သမီးလေးကို နေ့ လည်စာကျွေးမွေး… အိမ်စာတွေ အတူလုပ်… အိမ်ရှေ့ က ပန်းပင်လေးတွေ ပြုစု….ရေမိုးချိုး။ ညနေ ယောင်္ကျားပြန်လာချိန် ဖွယ်ဖွယ်ရာရာ ညစာလေး အဆင်သင့်ပြင်… မိသားစုထမင်းဝိုင်းလေး ပျော်ပျော်ရွှင်ရွှင်… ညကျတော့ မိသားစုပြောဆို ရယ်မော တီဗွီကြည့် အပန်းဖြေကြ… ယောင်္ကျားက သမီးလေးကို စာပြချိန်… မိန်းမက မီးဖိုချောင်သိမ်းဆည်း…။ စနေ တနင်္ဂနွေဆို ယောင်္ကျားက တအိမ်လုံး အိမ်သန့် ရှင်းရေးလုပ်ပေး… မိန်းမကို အနားပေးပြီး သူကိုယ်တိုင် ချက်ပြုတ်မီးဖိုချောင်ဝင်… သမီးလေးကို စာပြ… တခါတလေ မိသားစုshopping အတူထွက် အနားယူ။ ဘယ်လောက်များ တရားမျှတတဲ့ တာဝန်ခွဲဝေယူတတ်တဲ့ မိသားစုလေးလဲနော်…။ မိန်းမကလဲ အိမ်ရှင်မပီပီ အိမ်တွင်းမှုလုပ် သိမ်းထုတ်သေချာသလို ယောင်္ကျားကလဲ အိမ်ထောင်ဦးစီးပီပီ သဘောထားပြည့်ဝ မိန်းမတာဝန်တွေကို မျှဝေယူတတ်လိုက်တာ… ကျွန်မဖြင့် သူတို့ မိသားစုလေးတွေ့ တိုင်း ငြိမ်းချမ်းလွန်းလို့  သူတို့ အငြိမ်းက ကိုယ့်ဆီ အမြဲကူးစက်ပါတယ်…။

တကယ်တော့ အိမ်ထောင်ရေးမှာ တဦးနဲ့ တဦးစေတနာလေးတွေနဲ့  အပြန်အလှန်နားလည်ဖို့ က အရမ်းအရေးကြီးပါတယ်…။ ကျွန်မတွေ့ ဖူးတဲ့ တချို့ အိမ်ရှင်မတွေဆို အချိန်တန် ယောင်္ကျားကို လစာအပ်ခိုင်း… ပြီးတော့ ကိုယ်ကတော့ စားလိုက်တာ အစားအသောက်ကောင်း… ယောင်္ကျားကိုကျ ဘဲဥဟင်းနဲ့ ကြွေးပြီး လုပ်တာကနဲနဲ ပြောတာကများများ သကြားလူးထားတဲ့ စကားတွေနဲ့ …။ ယောင်္ကျားတွေ ခမျာ မသိတာလား မသိချင်ယောင်ဆောင်တာလား ချစ်တာလား… ဘာလဲတော့ မသိ… ဒါပေမယ့် နားထဲဝင်သွားတဲ့ သကြားခဲလေးတွေနဲ့  ကိုယ့်လုပ်စာတောင် ကိုယ်ကောင်းကောင်း မစားရတဲ့ဘ၀…။ ကျွန်မကတော့ အဲဒီလို အိမ်ရှင်မတွေကို စေတနာမွဲသူတွေလို့  သတ်မှတ်မိတယ်…။ ကိုယ့်နဲ ဘ၀တခုကို အတူလက်တွဲတဲ့ သူပေါ်မှာတောင် မရိုးမသား ဖုန်းကွယ်ဆက်ဆံတတ်ကြတာ…။ တချို့ ယောင်္ကျားတွေကျပြန်တော့လဲ မိန်းမနိုင်တယ်လို့ ပတ်ဝန်းကျင်က အားနေတိုင်းပြောတတ်ကြတဲ့ လက်သုံးစကားကို ခံရမှာကြောက်လို့  လခအမှန်တောင် မပြောပဲ ပုန်းထားဖွက်ထားဝှက်ထား… မိန်းမဆိုတာ အကုန်သိစရာ အကုန်ပြောပြစရာမလိုဘူးလို့  ကိုယ့်အိမ်ထောင်ဖက်ကို လေးစားမှုမှရှိပဲ တဖက်စောင်းနင်း မသိမသာ အနိုင်ယူတတ်ကြတာလဲ စေတနာမွဲသူတွေပါပဲ…။

ကိုယ့်မိသားစုလေးပေါ်မှာ တရားမျှတမှ …ကိုယ့်မိသားစုလေးပေါ်မှာ ကိုယ်ချင်းစာတရား ထားတတ်မှ ကိုယ့်မိသားစုလေးပေါ်မှာ စေတနာထားတတ်မှ… ကိုယ့်ပတ်ဝန်းကျင်အပေါ်မှာလဲ ကိုယ်ချင်းစာစေတနာတရားထား အကျိုးပြုနိုင်မှာပါ…။ တကယ်လို့ သာ ဇနီးမောင်နှံတိုင်း မောင်ကထမ်းလို့ မယ်ကရွက်ပြီး တရားမျှတစွာ တာဝန်ယူတတ်ကြရင်… မိသားစုတိုင်း ကိုယ့်မိသားစုလေးအပေါ် ကိုယ်ချင်းစာ စေတနာထားတတ်ကြရင် ကျွန်မတို့  နေထိုင်တဲ့ ကမ္ဘာကြီးကလဲ မေတ္တာတရားတွေအောက်မှာ ငြိမ်းအေးချမ်းသာ ပိုလို့ ကျန်းမာလာမှာ အမှန်ပါပဲ…။

တန်ခူး

10:30pm 10-May-2014

Saturday, April 26, 2014

သေနိုင်ပါရိုးလား မြန်မာပြည်သူတွေရယ်



ကျွန်မက ဆေးပညာအကြောင်းဆို ဘာမှ သိပ်နားမလည်သလို သိပ်လဲ လေ့လာလိုက်စားသူ မဟုတ်ပါ…။ ကိုယ့်မှာ တခုခုဖြစ်လာမှ ကိုယ့်မိသားစုဝင်တယောက် တခုခုဖြစ်လာမှ ဟိုဆရာဝန်ပြေးမေး… ဒီဆရာဝန်ပြေးမေး… အင်တာနက်ပေါ် သွားဖတ်နဲ့ တယောက်ထဲ အပူလုံးတွေနဲ့  အလုပ်ရှုပ်တတ်သူပါ…။ ဗဟုသုတကလဲနဲ ကျန်းမာရေးစာတွေ လေ့လာမှုကလဲနဲ ဆိုတော့ အထင်တွေနဲ့ လုပ် အထင်တွေနဲ့ ပူပေါ့…။ နောက်ပိုင်းမှာ ဖြစ်မှပြူးပြူးပြဲပြဲ ထကုတာထက် မဖြစ်ခင် ကြိုတင်ကာကွယ်တာက ပိုကောင်းတာ လေ့လာရင်း လေ့လာရင်းနဲ့ ပိုသိလာပါတယ်…။ အထူးသဖြင့် နေ့ စဉ်အနေအထိုင် အစားအသောက်ကို ပြုပြင်ဖို့ က အရေးကြီးတယ်ဆိုတာ ပိုပိုသိလာပါတယ်…။ အမှန်ပြောရရင် သားလေးမွေးပြီးမှ သားကို ကျန်းမာစေချင်တဲ့ မိခင်တယောက်ရဲ့ အတ္တနဲ့  အစားအသောက် အနေအထိုင် စံနစ်တွေ ပိုပြောင်းမိပါတယ်…။

လေ့လာလိုက်စားမှုနဲ ပေမယ့် အပေါ်မှာပြောသလို တကယ်ဖြစ်လာတဲ့အခါကျတော့ ကျွန်မပဲ အသေးစိတ်ခွဲခြမ်း စိတ်ဖြာလေ့လာချင်တတ်ပြန်ရော…။ အဲဒီအခါ ကျွန်မမှာ အခက်အခဲတွေ တွေ့ ရပါတယ်…။ ဖြစ်မှသိချင်လာတော့ အချိန်နဲနဲအတွင်း ဟိုဟာဖတ် ဒီဟာဖတ်နဲ့  တခါတလေ ကိုယ်လိုချင်တဲ့ information မရပဲ ဟိုတမျိုး ဒီတမျိုးနဲ့  ရှုပ်ကုန်ပါတော့တယ်…။ အရေးအကြောင်းဆိုရင်တော့ ကျွန်မညီမအရင်းက ဆရာဝန်မို့  သူ့ ပဲ အမြဲတိုင်ပင်ရပါတယ်…။ ဒါပေမယ့် အင်ဂျင်နီယာပီပီ ပြဿနာတခုကို ခွဲခြမ်းစိတ်ဖြာ အသေးစိတ်သိချင်နေတဲ့ ကျွန်မမေးခွန်းတွေကို ကျွန်မညီမက အစိုးရိမ်လွန်မှုလို့  အမြဲအမည်တပ်ပါတယ်…။ အဲဒီအခါ ကျွန်မလိုချင်တဲ့ အဖြေဆီ မရောက်တတ်ပါဘူး…။ ကျွန်မကလဲ ဒါဖြစ် ဒီဆေးသောက်ဆိုတာနဲ့ တင် ကျေနပ်တတ်တဲ့သူ မဟုတ်လေတော့ မြန်မာပြည်ပြန်ရောက်လို့  သားနေမကောင်းများဖြစ်ရင် သားရဲ့ နေမကောင်းဖြစ်စဉ်ကို အသေးစိတ်ပြောချင် မေးခွန်းတွေက မေးချင်နဲ့ … နောက်ဆုံး ဆရာဝန်ရဲ့ မျက်နှာထားတင်းတင်းနဲ့  သွယ်ဝိုက်သောနည်းအားဖြင့် ပါးစပ်ပိတ်ထားဖို့  ပြောတာကို ခံရပါတယ်…။ ကျွန်မအတွေ့ အကြူံနဲ့  ပြောခြင်းဖြစ်ပါတယ်…။ ဆရာဝန်တိုင်းကို မဆိုလိုပါ…။ မြန်မာပြည်မှာ လူနာတွေရဲ့ right က အတော်နဲပါးနေတာ သတိထားမိလာပါတယ်…။ ပြောသလိုသောက်ဆိုတာမျိုး... ဆေးခန်းပြရင် ဆေးလေးယူ ပါးစပ်လေးပိတ်ပြီး ပြန်လာရှာရပါတယ်…။ ကြာလာတော့ အဲဒီအခြေအနေတခုနဲ့  နေသားကျပြီး မေးခွန်းမေးရမယ်ဆိုတဲ့ အသိတောင် မရှိကြတော့ပါဘူး….။ ဘယ်လောက်များ သနားစရာကောင်းလိုက်သလဲနော်…။

တနေ့ တခြား ရောဂါတွေများလာ… ကင်ဆာဖြစ်မှုကလဲ ကမ္ဘာမှာ အများဆုံးဖြစ်လာတဲ့အခါ တိုင်းသူပြည်သားတွေကို ကျန်းမာရေး အသိပေးမယ့် ဆရာဝန်တွေအများကြီး ပေါ်လာရင်ကောင်းမှာပဲလို့  တောင့်တမိပါတယ်…။ ကျွန်မမိဘအရင်းတွေတောင်မှ ကျွန်မက နေ့ စဉ်နေထိုင်စားသောက်တာ ကျန်းမာရေးနဲ့ ညီအောင် နေထိုင်စားသောက်ဖို့  အကြံပေးပေမယ့် သိပ်လက်မခံကြပါဘူး…။ စီးပွားရေးအရ တွက်ခြေကိုက်အောင် ချက်ပြုတ်ရောင်းချနေတဲ့ အပြင်စာတွေကို မက်မက်စက်စက် စားနေကြတုန်းပါ…။ အဲဒီအခါ ကျွန်မမှာ အားမလို အားမရနဲ့  အမြဲလက်လျော့ အရှုံးပေးရမြဲပါ…။ လူတွေရဲ့ နားထဲကို ၀င်အောင် လိုက်လာလက်ခံနီုင်အောင် ပြောပြနိုင်တဲ့ ကျန်းမာရေးပညာပေးကျွမ်းကျင်တဲ့ ဆရာဝန်တွေများရှိရင် Media တွေများရှိရင် သိပ်ကောင်းမှာပဲလို့  တောင့်တမိပါတယ်…။ ဒါမစားနဲ့  ဒါနဲ့ မတည့်ဘူးလို့  အခြေအမြစ်မရှိပြောတာထက် အကျိုးနဲ့ အကြောင်းနဲ့  သေချာလေ့လာလိုက်စားပြီး ပြောတာကိုမှ လူတွေနားထဲ ပိုရောက်နိုင်ပါတယ်…။

ဟိုတနေ့ က ညီမအရင်းလို ချစ်တဲ့ ညီမလေးက ဆရာမကြီးဒေါက်တာဒေါ်ခင်နွယ်ဝင်းရဲ့ you tube file လေးကို မျှဝေလို့ နားထောင်မိတဲ့အခါ ကျွန်မမျှော်လင့်ချက်တွေ အတော်ကို ပြည့်ဝသွားပါတယ်…။ မြန်မာပြည်က ကျန်းမာရေးဗဟုသုတနဲတဲ့ ပြည်သူတွေအတွက် အရမ်းတန်ဖိုးရှိလွန်းပါတယ်…။ ဆရာမကြီး ဟောပြောတာကို နားထောင်ပြီးမှ ကျွန်မရဲ့ နေ့ စဉ်စားသောက်မှု တချို့ က အတော်မှားယွင်းနေတာ သိသွားရပါတယ်…။ Non-stick အိုးကို ဒယ်အိုးပူမှ ဆီထည့်ခြင်းဟာ ကိုယ့်ရောဂါကို ဖန်တီးနေတာဖြစ်ကြောင်း သိရတဲ့ အခါ ကျွန်မအတော်လေး လန့် သွားပါတယ်…။ တခါတလေ Happy Call နဲ့  သားကို ငါးတွေ ဘာတွေ ကင်လိုက်သေးတာ…။ မွှေလို့ နောက်လို့  ကျော်လို့ လှော်လို့ ကောင်းလို့  ကျွန်မ နေ့ တဓူဝသုံးနေတဲ့ ဒန်ဒယ်အိုးလေးက ကျွန်မကို အဆိပ်အတောက်တွေ ပေးနေတာ ကျွန်မမသိခဲ့ဘူးလေ…။ Canola oil တော့ သုံးပါရဲ့… အချိုမှုန့် လဲရှောင်ပါရဲ့… cooking ware တွေလဲ ဂရုတစိုက်သုံးပါရဲ့… ဒါပေမယ့် အိမ်ရှင်မ တယောက်အနေနဲ့  ကျွန်မမီးဖိုးချောင်မှာ အဆိပ်အတောက်ကင်းအောင် ကျွန်မလုပ်ရမှာတွေ အများကြီးလိုနေသေးတယ်ဆိုတာ သိလိုက်ရပါတယ်…။ တမိသားစုလုံးရဲ့ ကျန်းမာရေးဟာ အိမ်ရှင်မရဲ့ လက်ထဲမှာ ရှိနေတယ်ဆိုတာ ဆရာမကြီးက မီးမှောင်းထိုးပြသွားပါတယ်…။

ရောဂါတွေ မဖြစ်အောင် ဘာတွေရှောင်ရမလဲ…သဘာဝတရားနဲ့  ဘယ်လို ကာကွယ်မလဲ… နေ့ စဉ်နေထိုင်စားသောက်ပုံ ဘယ်လိုပြောင်းမလဲ… ကျန်းမာဖို့  ခုခံအားက ဘယ်လောက် အရေးကြီးလဲ… ဘယ်လိုဓါတ်တွေကို ဖြည့်ဆီးပေးဖို့ လိုလဲ… အဲဒါတွေကို လူတန်းစားပေါင်းစုံ နားလည်နိုင်အောင် medical term တွေ အများကြီးနဲ့  မဟုတ်ပဲ ရိုးရိုးလေးရှင်းပြထားပါတယ်…။ ရောဂါတခုဖြစ်လာရင် အကျိုးကို သာ သတ်ပြီး အကြောင်းကို သတ်ဖို့  မေ့ နေကြလို့  မခံသင့်ပဲ ရောဂါဒဏ်ခံကြရတာကိုလဲ ခွဲခြမ်းစိတ်ဖြာထောက်ပြသွားတာ ကျွန်မ မျှော်လင့်ထားခဲ့တာနဲ့  တထပ်ထဲပါပဲ….။ ကျွန်မတို့  ပတ်ဝန်းကျင်မှာ လွယ်လွယ်ကူကူ ရနိုင်တဲ့ နနွင်းနဲ့  ဟင်းသီးဟင်းရွက်တွေဟာ ပိုက်ဆံတွေ အဆမတန် ဈေးကြီးပေးနေရတဲ့ ဆေးတွေထက် အစွမ်းထက်နေတာ အံ့သြစွာ သိလိုက်ရတယ်…။ အချိန်ရရင် သွားကြည့်စေချင်ပါတယ်…။ နားထောင်ကျင့်သုံးရတာ လွယ်ကူတာမို့  ကျွန်မဆို နားထောင်ပြီးတာနဲ့  စလုပ်နေပါပြီ…။ နေ့ စဉ် နနွင်း လဘက်ရည်ဇွန်းနဲ့  ၃ပုံတပုံလောက် သံလွင်ဆီလေးနဲ့  ဖျော်သောက်တာရယ်… ကိုက်လန်၊ မြင်းခွာ၊ ပန်းပွင့်၊ ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ တရုတ်နံနံ၊ သဘောင်္ရွက်၊ ရဲရိုရွက်၊ ဟင်းနုနွယ်ရွက်တွေ ရောထားတဲ့ အရွယ်ရည်ကို နေ့ စဉ်သောက်သုံးခြင်းအားဖြင့် ရောဂါကြီးတော်တော်များများကိုတောင် ကာကွယ်ခုခံနိုင်တာတွေရယ်ဟာ… ကျွန်မတို့  တိုင်းသူပြည်သားတွေ ပိုက်ဆံမကုန်ပဲ ကျန်းမာစေမယ့် ဆေးကောင်းတွေပါ…။ ရိုးရှင်းတဲ့ အဲဒီနည်းတွေကို တနိုင်ငံလုံးများ လိုက်နာကျင့်သုံးလိုက်ရင်ဖြင့်… လေဘာတီမမြရင် ရဲ့ တုံးကျော်မသီချင်းထဲကလို သေနိုင်ပါရိုးလား…မြန်မာပြည်သူတွေရယ်… လို့ သာ လက်ခမောင်းခတ်လို့ ရမှာ အမှန်ပါပဲ…။

နားထောင်ကြည့်ကြပါဦး…။

http://www.youtube.com/watch?v=y4Dzys8a_GM

http://www.youtube.com/watch?v=1vB393YDQ4I

http://www.youtube.com/watch?v=RixRwaU9Kxk

ချစ်သော မြန်မာပြည်သူပြည်သားတွေ နှစ်သစ်မှာ သက်ရှည်ကျန်းမာ ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ…

တန်ခူး

26-Apr-2014 10:15pm

Thursday, April 10, 2014

မြူမှောင်ဝေကင်း သင်္ကြန်တွင်းဝယ်…





(ဓာတ်ပုံလေးက သားနဲ့ သူ့ မြန်မာသူငယ်ချင်းလေးတွေ ဒီနိုင်ငံက culture event မှာ မြန်မာသင်္ကြန်ကို သရုပ်ဖော်ကပြတုန်းက အမှတ်တရရိုက်ထားတာလေးပါ... အဲဒီအကြောင်းပို့ စ်တခု သတ်သတ်ရေးပါ့မယ်)

အသက်ဘယ်လောက်ပဲကြီးကြီး သင်္ကြန်နားရောက်တိုင်း သင်္ကြန်ပိုးတွေက ဘယ်ကနေဘယ်လို ရောက်လာသလဲမသိ…။ အလုပ်လုပ်တာတောင် သင်္ကြန်သီချင်းလေးနားထောင်… အားရက်တွေ မုန့် လုပ်စားဖို့ စဉ်းစားရင်တောင် မုန့် လုံးရေပေါ်လေးပဲ လုပ်ချင်… အိမ်မှာလဲ သင်္ကြန်သီချင်းတွေ အကျယ်ကြီးဖွင့်… သိပ်မထိန်းနိုင်ရင် အခန်းတံခါးပိတ် တယောက်ထဲက… on line ပေါ်က သင်္ကြန်နောက်ခံ ရုပ်ရှင်ကားလေးတွေ ရှာဖွေကြည့်… ဒီနိုင်ငံမယ် ဘယ်နေရာ သင်္ကြန်ပွဲဆင်ရှိမလဲနားစွင့်ပြီး သွားဖို့ ပြင်ဆင်နဲ့ … အလုပ်တွေ ရှုပ်နေတတ်တာ အဲဒီပိုးကြောင့်ထင်ပါရဲ့….။ ကိုယ့်တိုင်းကိုယ့်ပြည် ကိုယ့်နှစ်ကူးနဲ့ ဝေးခဲ့ရတဲ့နှစ်တွေများ လက်ဆယ်ချောင်းပြည့်ခဲ့ပါပြီကော...။

ကိုယ့်တိုင်းကိုယ့်ပြည်မှာ သင်္ကြန်အတွက် ဘာတွေများ ပြင်ဆင်နေလဲဆိုတာ သတင်းတွေ ဖတ် ဓာတ်ပုံတွေကြည့်ရတာလဲ အမောပါ…။ မမျှော်လင့်ပဲ သတင်းတခု ဖတ်မိတဲ့အခါ ရင်ထဲမှာ အရမ်းဝမ်းနည်းသွားမိတယ်…။ သင်္ကြန်ဆိုတာ လူငယ်တွေ လွတ်လပ်စွာ ပျော်ကြတဲ့ပွဲလို့  နားလည်ပေးနိုင်ပေမယ့် အဲဒီသတင်းကြီးကတော့ တဆိတ်ဆိုးဝါး လွန်းလို့ ပါ…။ သင်္ကြန်မဏ္ဍပ်တွေမှာ နားနေခန်းတွေ ထည့်ဆောက်မယ်ဆိုတဲ့ သတင်းပေါ့...။ နားနေခန်းဆိုတဲ့ နောက်က နောက်ဆက်တွဲ ဆိုးကျိုးတွေကို တွေးရင်း ရင်ပူမိတယ်...။ အထူးသဖြင့် ခေတ်ရဲ့ သမီးပျိုလေးတွေ အတွက်ပါ...။ ပွင့်လင်းရဲတင်းလွန်းလာတဲ့ မနှစ်ကသင်္ကြန်ပုံရိပ်တွေကြောင့် ရင်ထဲမှာ ရှိနေဆဲဝမ်းနည်းမှုတွေက အရှိန်မသေသေးခင် သူ့ ထက်ဆိုးတာတွေ ထပ်မြင်ရကြားရတာ အတော်ကို စိတ်မကောင်း ဖြစ်မိပါတယ်...။

သင်္ကြန်ရဲ့ အနှစ်သာရ ပျောက်အောင်လောက်တောင် မလွန်သင့်ဘူးလားလို့ လေ...။ ကြားရတဲ့ သတင်းတွေက သင်္ကြန်ခုတုံးလုပ်ပြီး ကိုယ်ကျင့်တရားတွေ ပျက်ပြားဖို့  အခွင့်အလန်းတွေ ရှာနေကြသလားလို့ ... ။ ကျွန်မတို့ ငယ်ငယ်ကလဲ သင်္ကြန်တွင်း ရေပက်ခံခဲ့ဖူးတယ်... သင်္ကြန်တွင်းရေပက်ဖူးတယ်... သင်္ကြန်အက ကခဲ့ဖူးတယ်... သံချပ်တွေ မိုးလင်းကြည့်ခဲ့ဖူးတယ်... လူငယ်ပီပီ သင်္ကြန်အနှစ်သာရမပျက်အောင် ပျော်ခဲ့ဖူးပါတယ်...။ ခေတ်နဲ့  အညီ လွတ်လွတ်လပ်လပ် ပျော်ရွင်လို့ ရတဲ့ နည်းတွေ ပျော်စရာတွေ အများကြီး ရှိပါလျက်နဲ့  ဘာလို့ များ ဖြူစင်လွန်းတဲ့ သင်္ကြန်ကို အရောင်တွေ ဆိုးချင်ကြတာလဲ...။ ဟိုးအရင်က သင်္ကြန်တွေမှာ မလုံမခြုံအ၀တ်တွေ မပါဘူး... စိတ်ကြွဆေးတွေမပါဘူး... ရိုင်းစိုင်းတဲ့ အနောက်တိုင်းအကတွေ မပါဘူး... အဲဒါတွေ မပါပဲ ပျော်စရာကောင်းခဲ့ကြတယ်...။

အဲဒီခံစားချက်တွေရဲ့ တွန်းအားပေးမှုကြောင့် ကျွန်မအရမ်းနှစ်သက်မိတဲ့ မြူမှောင်ဝေကင်းဆိုတဲ့ သီချင်းလေးနားထောင်ပြီး သီချင်းခံစားမှုလေး ရေးဖို့ စိတ်ကူးမိပါတယ်...။ တကယ်လို့  သင်္ကြန်ဆိုတာ မိုက်ခဲဖို့ သက်သက်လို့  ထင်နေကြတဲ့ လူငယ်လေးတွေများ ဖတ်မိရင် ချစ်စရာကောင်းတဲ့ သင်္ကြန်အလှနဲ့  အနှစ်သာရကို ပိုနားလည်ပျော်ရွင်နိုင်ကြဖို့  ရည်ရွယ်တာပါ...။

မြူမှောင်ဝေကင်းတဲ့…။ သီချင်းလေး နာမည်မှာကိုက အဓိပ္ပါယ်တွေ ပြည့်ဝနေတာပါ...။ ကျွန်မတို့  နိုင်ငံရဲ့ နိင်ငံကျော် သင်္ကြန်မိုးဇာတ်ကား အဖွင့်သီချင်းလေးမို့  လူတော်တော်များများနဲ့  ရင်းနှီးပြီးသား ဖြစ်မှာပါ…။

မြူမှောင်ဝေကင်း ငွေအဆင်းဆန္ဒ… ပြည်ထောင်.. တိုင်းမြန်ပြည်

ငြိမ်းချမ်းအောင်ဆုသွန်းအတာရေ....

တို့ တိုင်းပြည်ကြီး အမှောင်ကင်း ငွေရောင်အဆင်းဖြစ်စေချင်တဲ့ ဆန္ဒနဲ့  တိုင်းသူပြည်သားတွေ ငြိမ်းချမ်းအေးမြစေဖို့  ဆုတောင်းဖို့  အတာရေလောင်းကြတာပါ…။ စိုဖို့  ရွှဲဖို့  ရွဲဖို့  ကဲဖို့ သက်သက် မဟုတ်ပါနော်…။

အေးစေကြောင်းလောင်းတဲ့လုံမေ...

ထူးထူးကဲကဲလှကြပါစေ...

အဆင်ပြေ မြင်ရသူ ကြည်နူးလောက်ပေ...

သံသာချိုမြမြ ဆိုတေးလေးတွေ

မန်းမြို့ သူရဲ့ ဂုဏ်နဲ့ ညီပေ...

ယဉ်ကျေးသူတွေ...

အေးချမ်းပါစေ ရည်ရွယ်ပြီး သင်္ကြန်ရေလောင်းသူလေးတွေကို လုံမေလို့  တင်စားထားတယ်…။ လုံလုံခြုံခြုံ ၀တ်စားဆင်ရင်ပြီး ကျက်သရေရှိတဲ့ ပျိုမေလေးတွေပေါ့…။ သင်္ကြန်လည်ဖို့  ရေပက်ဖို့  အလှဆုံးဖက်ရှင်ဖြစ်ဖို့  စဉ်းစားကြတဲ့အခါ ခေတ်မှီမှီနဲ့  လှအောင် စဉ်းစားလို့ ရပါတယ်…။ အသားတွေ အများကြီးပေါ်မှ လှတာမဟုတ်ပါဘူး… အသားတွေ အများကြီးပေါ်မှ လူအများကြီး စိတ်ဝင်စားမှာ မဟုတ်ပါဘူး… တကယ်လို့  စိတ်ဝင်စားခဲ့ရင်တောင် ကိုယ့်ကို စိတ်ဝင်စားမယ့် သူက ဘယ်လို လူမျိုးဖြစ်မလဲ… တွေးကြည့်ရင် အတော်ရှက်စရာပါ…။ မြင်ရသူစိတ်ကို နှိုးဆွစေဖို့ ထက် ကြည်နူးစေခြင်းက ပိုမကောင်းဘူးလား…။ သူများအတိုဝတ်လို့  ကိုယ်မ၀တ်ရင် ခေတ်မမှီဘူး ထင်မှာစိုးတဲ့ သူတွေများ ရှိရင်တိုက်တွန်းချင်ပါတယ်…။ အတိုတွေကြားတဲ့ မြန်မာလို ယဉ်ယဉ်ကျေးကျေးလေး ၀တ်ကြည့်လိုက်စမ်းပါလို့ …။ ဘယ်လောက်များ ထူးထူးကဲကဲ လှနေမလဲဆိုတာ…။ မန်းမြို့ သူရဲ့ ဂုဏ်နဲ့ ညီပေ… ယဉ်ကျေးသူလေးတွေတဲ့…။ ပိုက်ဆံချမ်းသာတာ… ခေတ်ပေါ်အသုံးအဆောင်တွေ ၀တ်နိုင်တာ... ကို ဂုဏ်လို့ များ သတ်မှတ်ခဲ့သူတွေကို ပြောပြချင်လိုက်တာ…။ ယဉ်ကျေးသိမ်မွေ့ ခြင်းဆိုတာ မိန်းခလေးတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ ဂုဏ်တခုပါလို့ …။

မနှစ်ကပဲလောင်းခဲ့တာတွေ...

အေးအေးမြမြ မမေ့တဲ့နိုင်ပေ...

သင်းပျံ့ နေ...

ရွှေပန်းပိတောက်တွေတွဲရွဲနဲ့ ...

ဆင်မြဲမြန်းကာလှတဲ့မေ...

ငွေငန်းမောင့်ကို လောင်းတဲ့ရေ...

ဘေးဘယာဝေးကွာ ကင်းစင်ပမယ်

ဒီရေပွဲ သင်္ကြန်ရေ...

အသိစိတ်ဓါတ်တွေနဲ့  ကင်းကွာ မူးမိုက်ရီဝေပြီး ပျော်ကြတဲ့အပျော်က တဒင်္ဂပါ…။ ဒီကြားထဲမှာ အရုပ်ဆိုး အကျည်းတန်တဲ့ အမှားတွေဆီ ရောက်သွားဖို့  အရမ်းလွယ်ပါတယ်…။ အသိစိတ်တွေနဲ့  ဝေးနေချိန်လေ…။ မနှစ်ကလောင်းခဲ့တဲ့အေးမြမြရေအေးလေးကို ဒီနှစ်ထိ မေ့မရနိုင်ဘူးဆိုတဲ့ ခံစားချက်လေးက ဘယ်လောက် လေးနက်လိုက်ပါသလဲနော်…။ တနှစ်မှ တခါ သစ္စာရှိစွာပွင့်တတ်တဲ့ ပိတောက်ပန်းလေးတွေကို ဆင်မြန်းထားတဲ့ သင်္ကြန်မေလေးရဲ့မေတ္တာတရားတွေ ထည့်လောင်းတဲ့ ဘေးဘယာတွေ ဝေးကွာသွားအောင် အစွမ်းထက်တဲ့ သင်္ကြန်ရေစင်အေးအေးလေးတဲ့…။ ဘယ်လောက်များ လှလိုက်သလဲနော်…။ ဒီမြေ ဒီရေမှာ အတူနေကြတဲ့ သင်္ကြန်မောင်နှမတွေရဲ့ မေတ္တာတရား… နှစ်သစ်အကူးမှာ ပူလောင်ခြင်းတွေကင်းပြီး ကျက်သရေအတိတ် ငြိမ်းချမ်းတဲ့အတိတ်ကို ဆောင်တဲ့ ကျွန်မတို့ ရဲ့ ရည်ရွယ်ချက်လှပလွန်းတဲ့ ဒီနှစ်ကူးပွဲလေးကို မြူမှောင်ဝေကင်း သီချင်းလေးက ဖော်ဆောင်သွားတာ…။ ငြိမ့်ညောင်းတဲ့ တီးလုံးလေးနဲ့ အတူ နားဆင်သူကို ညှို့ ယူလွှမ်းမိုးနိုင်စွမ်းလိုက်တာ…။ အရောင်ဆိုးခံထားရတဲ့ သင်္ကြန်ကို ဒီသီချင်းလေးနဲ့  အရောင်တွေ ချွတ် သန့် စင်ကြည့်စမ်းပါ…။ ကျွန်မတို့ ရဲ့ ရိုးရာ သင်္ကြန်ဆိုတာ ခပ်မှောင်မှောင် ညရောင်ထဲက လူလုံးမသဲကွဲ ကဲချင်တိုင်းကဲ ရဲချင်တိုင်းရဲနေကြတဲ့ ပွတ်သဘင် နိုက်ကလပ်တွေနဲ့  နံ့ သာဆီ နဲ့  ဟိုဟာလို အပုံကွာပါတယ် ဆိုတာ လက်တွေ့ ခံစားသိနိုင်မှာပါ…။

သင်္ကြန်မှာ အမျိုးကောင်းသားသမီးပီသစွာ စစ်မှန်သော ပျော်ရွှင်ခြင်းနဲ့  ပျော်ရွှင်နိုင်ကြပါစေ…။

ဘေးဘယာဝေးကွာပြီး ငြိမ်းချမ်းအေးမြကြပါစေ…။

တန်ခူး

4:38pm 10-Apr-2014

Monday, March 31, 2014

ထွက်ပေါက်မှန်



ပုံကို အင်တာနက်မှ ရယူပါသည်၊

အသက် ၂၄နှစ်ရှိပြီဖြစ်တဲ့ မြန်မာနိုင်ငံသား အိမ်အကူကောင်မလေးကို အသက် ၈၅နှစ် စင်္ကာပူနိုင်ငံသား အဖွားအိုကို သတ်တဲ့အမှုနဲ့  တရားစွဲခံထားရတဲ့ အဖြစ်အပျက်ဟာ ခုတလော ကျွန်မရဲ့စိတ်တွေကို အလုပ်များစေတဲ့ အဖြစ်အပျက်တခုဖြစ်နေပါတယ်…။ လူတယောက်ရဲ့ အသက်… အထူးသဖြင့် အမယ်အို တယောက်ရဲ့ အသက်ကို သူမို့  ရက်ရက်စက်စက် သတ်ရက်တယ်… ဆိုတဲ့ အတွေးမျိုးထက် အဲဒီအဖြစ်အပျက်ကို တွန်းပို့ ပေးဖို့  ဘယ်လို အကြောင်းအရာတွေကများ နောက်ကြောင်းခံနေသလဲဆိုတာ အပြန်ပြန်အလှန်လှန် စဉ်းစားကြည့်နေမိတယ်…။ အခြေခံအားဖြင့် ဘယ်သူတဦးတယောက်ကမှ (အကြမ်းဖက်သမားတွေကလွဲလို )့ ဘယ်လို အကြောင်းကြောင့်ဖြစ်ဖြစ် သူများအသက်ကို သတ်ဖို့  ကြံစည်တွေးတော စဉ်းစားပြီး… နောက်ဆုံးသတ်ဖြစ်တဲ့အခြေအနေရောက်အောင် ရက်စက်ကြမှာမဟုတ်ပါဘူး။ တွန်းအားအပေးဆုံးအရာဟာ ဒေါသလို့  အကြမ်းဖျင်းတွက်လို့ ရပေမယ့်… အဲဒီလောက်ကြီးမားတဲ့ ဒေါသကို ရောက်စေတဲ့ စေ့စော်ပေးမှု…. အဲဒီအကြောင်းကို ကျွန်မဘာသာ ဆက်စပ်တွေးနေမိတာ…။

ခုတလော ကျွန်မကြည့်ဖြစ်နေတဲ့ ဒီနိုင်ငံရုပ်သံက Code & Law ဇာတ်လမ်းတွဲတွေရဲ့ လွှမ်းမိုးမှုကြောင့်လဲ ပါမယ်ထင်ပါတယ်…။ နဂိုကအပြစ်မရှိပဲ စိတ်ထားကောင်းကြတဲ့ သူတချို့  အခြေအနေအကြောင်းအရာတခုခု သို့အကြောင်းအရာတွေ အဖန်တလဲလဲဖြစ်ပေါ်မှုကြောင့် နောက်ဆုံး မဖြစ်သင့်ပဲ ရာဇ၀တ်မှုတရားခံတွေ ဖြစ်သွားကြတာကို အဓိက ထားရိုက်ထားတဲ့ ဇာတ်လမ်းတွဲတွေပါ…။ ဖောက်ပြန်တဲ့ ယောင်္ကျားက မျက်နှာပြောင်တိုက်ပြီး အငယ်အနှောင်းကို မယားကြီးရှေ့ တင် ပါတီကို ခေါ်လာတာကို မခံမရပ်နိုင်လို့  ပါတီအပြီးမှာ ယောင်္ကျားနဲ့ စာရင်းရှင်းရင်း ဒေါသနောက်လိုက်သွားတဲ့ အသက်၆၀ကျော် အဖွားအိုက ယောင်္ကျားသတ်တဲ့ တရားခံဖြစ်… နိဂုံးမှာ သူက လူသတ်တရားခံဖြစ်ပေမယ့်… နိဒါန်းမှာ သူမှားခဲ့သလား…။ အရက်အမူးတိုက်ပြီး မဖွယ်မရာပုံတွေကို ရယူလို့  အင်တာနက်ပေါ်မှာ တင်မယ်လို့  ငွေညှစ်ခံရတဲ့ ကောင်မလေးက အဖန်အခါခါ ငွေညှစ်ခံရတဲ့အခါ အဆုံးမှာ ဒေါသမထိန်းနိုင် လက်လွန်သွားပြီး လူသတ်တရားခံဖြစ်သွားတဲ့ အဖြစ်…။ တအိမ်ထဲနေ ပထွေးရဲ့ အရွယ်မရောက်ခင် ကတည်းက မတရားကျင့်တာ ခံလာရတဲ့ ကောင်မလေးမှာ မမျှော်လင့်ပဲ ကိုယ်ဝန်ရှိလာတဲ့အခါ မိခင်ရင်းဖြစ်သူ ကိုယ်တိုင်က သူ့ မြေးကို ကြွတ်ကြွတ်အိတ်နဲ့ ထုတ် အမှိုက်ပုံးထဲ လွင့်ပစ်ခဲ့တဲ့အမှု… အဆုံးမှာ သူ့ သမီးက သူ့ အမေထောင်ကျမှာစိုးလို့  သူ့ ရင်သွေးကို သူစွန့် ပစ်တဲ့အမှုနဲ့  တရားခံသက်သက်အဖြစ်ခံခဲ့တာ… အဲဒီကောင်မလေးဘ၀ ကံဆိုးလိုက်ပုံများ ဘာအမှားတခုမှ မကျူးလွန်ပါပဲ ရာဇ၀တ်မှုတရားခံအဖြစ်ရောက်သွားခဲ့တာ… ။ အဲဒီအဖြစ်အပျက်တော်တော်များများဟာ အပြင်က တကယ့်အဖြစ်အပျက်ကို အခြေခံရိုက်တာမို့  ကြည့်ပြီးတဲ့အခါတိုင်း ကျွန်မမှာ အတွေးတွေနဲ့  ကျန်ခဲ့တာ…။

အဲဒီဇာတ်လမ်းတွဲတွေကို ကျွန်မစိတ်ဝင်စားမိတဲ့ နောက်တချက်က ငယ်ငယ်ကတည်းက code & law နဲ့ လက်ပွန်းတတီးဖြစ်ခဲ့တဲ့ အချက်ကြောင့်လဲ ပါပါတယ်…။ ကျွန်မအဖေက ရှေ့ နေတယောက်ဖြစ်တာမို့  အဖေရဲ့ အမှုတွေနဲ့ အတူ အဖေရဲ့ အမှုသည်တွေရဲ့ ဘ၀အမျိုးမိျုး အဖုံဖုံက ကျွန်မအဖို့  အတော်စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေ ဖြစ်နေခဲ့ပါတယ်…။ ကျွန်မအဖေရဲ့ ပထမဆုံးအမှုဟာ ဆင်းရဲသားဆိုက်ကားသမားလေး သူမသတ်ပဲ လူသတ်တရားခံအဖြစ် တရားစွဲခံရတဲ့အမှုပါ…။ အဲဒီအမှုမှာ အဖေက လူသတ်မှုကနေ အပြစ်မရှိတဲ့ တရားခံကို လွတ်မြောက်အောင် လုပ်နိုင်ခဲ့တာ ခုထိ ကျွန်မသတိရနေပါသေးတယ်…။ ကိုယ့်အိမ်မှာ အိမ်ငှားတင်ပြီး အိမ်ငှားက သူအိမ်ရှင်ပါလို့ လိမ်လည်ပြီး ကိုယ့်အိမ်ပိုင်နဲ့  အမှုတွေများရတဲ့ အရမ်းရိုးသားတဲ့ ဖေဖေ့အမှုသည်ကိုစံသိန်းကလဲ ကျွန်မတို့ အမြဲသတိရနေမိတဲ့ အမှုသည်ထဲမှာ ပါပါတယ်…။ တရားလိုက တရားခံဖြစ် တရားရုံးရောက်ရင် ကြောက်ပြီး ကိုယ်မှန်ပါလျက် တလွဲတွေလျှောက်ပြောတတ်လို့  ရုံးချိန်းတခုပြီးတိုင်း အဖေနဲ့ ကိုစံသိန်းတို့ အသံကို ကြားရပါတယ်…။ ခင်များ.. ကိုယ်ပိုင်တဲ့အိမ်သူများ ထိုးပေးချင်လို့ လားလို့  အဖေက မချင့်မရဲဆို ကိုစံသိန်းက ပြုံးပြုံး ပြုံးပြုံးနဲ့ .. ကျွန်မတို့ မှာ ငိုအားထက်ရယ်အားသန်ရပါတယ်…။ အဆုံးမှာ သူ့ အိမ်လေးသူပြန်ရသွားတော့ မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့  အဖေ့ကို လာကန်တော့တာ ခုထိမြင်ယောင်နေမိပါသေးတယ်…။

တရားခံမဖြစ်သင့်ပဲ တရားခံဖြစ်သွားရတဲ့ အဖြစ်ဆိုးတွေရဲ့ နောက်ကွယ်မှာ နှစ်မျိုးနှစ်စားရှိတာကို တွေ့ ရပါတယ်…။ တမျိုးက ရိုးအလွန်းလို့  သူများချထားတဲ့အကွက်ထဲမှာ ကိုယ်က ၀င်မိရဲ့သားဖြစ်တာနဲ့ … နောက်တမျိုးက အခါခါခံလာရတဲ့အခါ ခံနိုင်ရည်အတိုင်းအတာကို ကျော်လွန်ပြိး ဒေါသကို မထိန်းနိုင်တဲ့သူက နောက်ဆုံး အကြီးမားဆုံးအမှား သံသရာထိပါ ပါမယ့်အမှားကို ကျူးလွန်တဲ့ အဆင့်ရောက်သွားတာပါ…။ ပထမအမျိုးအစားကတော့ နဂိုနေရိုးအတဲ့ လူတွေမှာ ခံရလေ့ရှိပါတယ်…။ ကျွန်မ အဓိကထားပြောချင်တာက ဒေါသမထိန်းနိုင်တဲ့အမျိုးအစားပါ…။ လူတချို့ ဟာ များသောအားဖြင့် ကိုယ့်ခံနိုင်ရည်အင်အား ဘယ်အဆင့်ထိရှိတယ်ဆိုတာ မသိကြပါဘူး…။ နဖူးတွေ့ ဒူးတွေ့ ဖြစ်တော့မှ သိကြတာများပါတယ်…။ တဦးနဲ့ တဦးဆက်ဆံရေးမှာ တကယ်လို့ များ အဆင်မပြေမှုတွေ များသထက်များလာရင် သတိထားဆက်ဆံသင့်ပါတယ်…။ ပေါက်ကွဲကြမယ့်တနေ့ ကို ရောက်အောင် စောင့်ကြည့်တာထက် ဆက်ဆံရေးဟာပြုပြင်ပြောင်းလဲ ညှိနှိုင်းလို့ ရလားဆိုတာ စဉ်းစားစမ်းသပ်ကြည့်သင့်ပါတယ်…။ တကယ်လို့ ကိုယ်က ဥပေက္ခာတရားကို လက်ကိုင်ထားနိုင်တယ် ခန္ဒီပါရမီနဲ့ ပြည့်တယ်ဆိုရင်တော့ တမျိုးပေါ့လေ…။ ဆက်ဆံရေးဆိုရာမှာ မိဘနဲ့ သားသမီး… သူငယ်ချင်းမိတ်ဆွေဆက်ဆံရေး… ညီအကိုမောင်နှမဆက်ဆံရေး… လင်မယားဆက်ဆံရေး… အလုပ်ရှင်နဲ့ အလုပ်သမားဆက်ဆံရေး.. ဆရာတပည့်ဆက်ဆံရေး… အားလုံးအကျုံးဝင်ပါတယ်…။ ညှိုနှိုင်းယူလို့ မရနိုင်တော့ဘူးလို့  ယူဆရင်တော့ ဒီအတိုင်း ခံနိုင်ရည်အားလွန်လာမယ့် နေ့ ကို စောင့်နေတာထက် ဆက်ဆံရေးရပ်တန့် ပစ်လိုက်တာ အကောင်းဆုံးလို့  ကျွန်မထင်မိပါတယ်…။

ပထမအပိုဒ် ကျွန်မအဓိကထားပြောချင်တဲ့ အပိုဒ်ကို ပြန်ကောက်ရရင် မြန်မာအိမ်အကူမလေးမှာ ငွေကြေးမပြည့်စုံလို့  ဒီအလုပ်ကို လုပ်ရတာပါ… ဒီအပြင့် သူဆက်ဆံရတဲ့ ပတ်ဝန်းကျင်က ဘယ်လောက်ဆိုးဝါးသလဲ ကျွန်မတို့  ခန့် မှန်းရခက်ပါတယ်…။ MRT ပေါ်မှာ မတော်တဆ ထိမိရင်တောင် ဆောရီးလို့ ပြောတာကို ဂရုမစိုက်ပဲ မီးပွင့်အောင် ကြည့်တတ်တဲ့သူတွေပေါတဲ့ ဒီလိုနိုင်ငံ… ကြင်နာတတ်ဖို့ ကူညီတတ်ဖို့  အဖွဲ့ အစည်းတွေနဲ့  တွန်းအားပေးယူရတာတောင် အနိုင်နိုင်ဖြစ်တဲ့ ဒီလိုနိုင်ငံမျိုးဆိုတော့ ပိုလို့ တောင် ခန့် မှန်းရခက်ပါတယ်…။ သူ့ ခမျာ ဒီလို အဖြစ်အပျက်မျိုးတွေကို မလွှဲသာမရှောင်သာ ရင်ဆိုင်ခဲ့ရမှာပါ…။ အဲဒီလို မလွှဲမရှောင်သာ ရင်ဆိုင်ရင်း မြိုသိပ်ရင်းနဲ့  နောက်ဆုံးကိုယ့်ခံနိုင်ရည်အဆင့်ကို အတော်လေးကို ကျော်လွန်သွားပြီး အဖြစ်ဆိုးတွေနဲ့  နိဂုံးချူပ်ရတဲ့ အဖြစ်ဟာ အတော်ကို ရင်နာစရာကောင်းလှပါတယ်…။ တကယ်လို့ များ အိမ်ရှင်က တရားလက်လွတ်ဖြစ်လို့  ဒီအဖြစ်မျိုးနဲ့  အဆုံးသတ်ရတာဆိုရင်တော့ အဲဒီအဆုံးသတ်နည်းလမ်းထက် ကောင်းတဲ့နည်းလမ်းတွေ ရှိတယ်ဆိုတာ ကျွန်မ ပြောပြပါရစေ…။ တရားလက်လွတ့် နှိပ်စက်တတ်တဲ့ အိမ်ရှင်နဲ့ လုပ်ရရှာတဲ့ အိမ်အကူညီမငယ်များ ဒီလိုအမှားမျိုး ထပ်မဖြစ်အောင် စေတနာနဲ့  ဒီပို့ စ်ကို ရေးခြင်းဖြစ်ပါတယ်…။ ကိုယ့်အဖြစ်တွေကို မြိုသိပ်မထားပါနဲ့ …။ နီးစပ်ရာ သူငယ်ချင်းတယောက်ယောက်ကို အမြဲရင်ဖွင့် တိုင်ပင်ပါ…။ အိမ်ရှင်နဲ့ ဆက်ဆံရေးဟာ အတိုင်းအတာတခုအထိ ဆိုးဝါးလာပြီဆို ရဲစခန်း သို့  counselling firm တခုခုနဲ့ ဆက်သွယ်ပါ..။ အဖြစ်အပျက်အသေးစိတ်ကို ပြောပြပြီး သူတို့ ဆီက အကြံဥာဏ်တောင်းခံပါ…။ ကိုယ့် agency ကို ပွင့်ပွင့်လင်းလင်းပြောပြပါ…။ အဆိုးဝါးဆုံး အခြေအနေထိ မရောက်မှီ အလုပ်ကို ရပ်တန့် ဖို့  နည်းလမ်းရှာပါ…။ နိုင်ငံခြားတိုင်းပြည်မှာလဲ မြန်မာ community အဖွဲ့ အစည်းတွေ ရှိတာမို့  အဲဒီလို အဖြစ်ဆိုးမျိုးနဲ့  ကြုံကြရရင် အားလုံးဝိုင်းတာဝန်ယူ ကူညီပေးကြမှာ သေချာပါတယ်…။ လောကကြီးမှာ ကိုယ်တယောက်ထဲလို့ မအောင့်မေ့ပါနဲ့ …။ ငါ့ဒုက္ခ ငါလည်စင်းခံမယ်ဆိုပေမယ့်လဲ ဘယ်လောက်ထိ ခံနိုင်ရည်ရှိမလဲနော်…။ ဒါကြောင့် အဲဒီလို အဖြစ်ဆိုးမျိုးနဲ့  မကြုံအောင် ထွက်ပေါက်အမှန်ဖြစ်ရအောင် အဲဒီအခြေအနေထိ မစောင့်ပဲ နီးစပ်ရာ အသိုင်းအ၀ိုင်းကို တိုင်ပင်အကူအညီတောင်းခံဖို့  ဒီပို့ စ်လေးနဲ့ တိုက်တွန်းပါရစေ….။

(စာကြွင်း… ကျွန်မဒီပို့ စ်ကို ဖတ်မိသူထဲမှာ any communication နဲ့ ပတ်သက်ပြီး အကြတ်ရိုက် ထွက်ပေါက်မရှိဘူးလို့  ခံစားရနေသူများရှိရင် cmyayt@gmail.com ကို ဆက်သွယ်ပါလို့ .. အတတ်နိုင်ဆုံး ကူညီပေးဖို့ ပါ)

တန်ခူး

31-Mar-2014 10:05pm

Tuesday, March 11, 2014

နင်ရယ် ငါရယ် ရောက်တတ်ရာရာ…



ပုံကို အင်တာနက်မှ ယူပါသည်။

အဲဒီတုန်းက ငါက မွန်းအောင်သီချင်း နားထောင်ရင်းလဲ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျခဲ့တာ… နင်ကတော့ ငါ့ကို ခပ်ပြုံးပြုံးကြည့်ရင်း အရူးမလို့  ချစ်စနိုးခေါ်ခဲ့တာ နင်မှတ်မိလား… အေး… ဟုတ်ပါရဲ့… ဂျူးရဲ့ အမှတ်တရဖတ်ပြီး တပတ်လောက် ထမင်းမစားနိုင်ဖြစ်ခဲ့သေးတာနော်… စာသင်ချိန်တွေမှာ ကျောင်းဖတ်စာအုပ်အောက်မှာ ရှားရဲ့ အချစ်ဝတ္တုလေးတွေကို ဆရာမမြင်အောင် ခိုးဖတ်ခဲ့တဲ့အထိလဲ ငါက ဆိုးခဲ့သေးရဲ့လေ… ငါ အဖေမသိအောင် ခိုးခိုးရေးတဲ့ အချစ်ကဗျာလေးတွေကို နင့်ဆီမှာ သိမ်းထားခဲ့တာ… ခုရှိသေးရင်ပြန်ပေးဟာ… ကျောင်းရှေ့ က တရုတ်စကားပွင့်တပွင့်ကို နားကြားထိုးရင်း မြက်ခင်းပြင်က ဖြတ်တိုက်လာတဲ့လေနုအေးကြားထဲမှာ တော်တော်ဆိုးဝါးတဲ့အသံနဲ့  ငါအမြဲဆိုခဲ့တဲ့ ‘မျက်ရည်ဝဲရုံ’ဆိုတဲ့ သီချင်းလေးကို နင်အမြဲသည်းခံနားထောင်ပေးခဲ့တယ်နော်… ပြီးတော့ နင်က ငါ့ကို ရင်ဖွင့်တယ်… ငါကနင့်ကို ရင်ဖွင့်တယ်… ရင်ခုန်သံတွေက တခါတလေ ချိုမြလို့ … တခါတလေ ခါးသက်လို့ … အမှန်ပဲ.. တခါတလေကျတော့ ချိုသလား ခါးသလား ငါတို့  စမ်းတ၀ါးဝါးဖြစ်သေးတာ…

ကြည့်စမ်း.. နင်က မှတ်မိလွန်းလိုက်တာ… ဟုတ်တယ်.. အဲဒီတုန်းက အဖြူပေါ်မှာ အနီရောင် အလုံးလေးတွေပါတဲ့ မြန်မာအကျီင်္ရင်ဖုန်းလေးကို ငါ ခဏခဏ ၀တ်ခဲ့တာ ကြိုက်လွန်းလို့ လေ… အကျီလေး အရောင်ရော့ဟောင်းနွမ်းသွားတဲ့အထိ ငါဝတ်နေတုန်းမို့  နင်တောင် ပြောခဲ့သေးတာနော်… ပြီးတော့ သက်မဲ့ပစ္စည်းတွေတောင် သံယောဇဉ်ဖြတ်ဖို့ ခက်တဲ့ ငါ့ရဲ့ စွဲလန်းမှုပြဿနာကို နင်ပဲ အနားမှာနေ မေ့ပျောက်တတ်အောင် သင်ပေးခဲ့တာ ကျေးဇူးပါဟာ… အခုလား… အင်း.. စွဲလန်းတတ်နေတုန်းပါပဲ… ငါ့ခြေလှမ်းတွေ မညင်သာသလောက် င့ါရင်ခုန်သံတွေက ညင်သာပျော့ပျောင်းလွန်းနေတတ်တာ နင်ကလွဲလို့  သိတဲ့သူက ရှားရှားပါးပါး ပါဟာ… ငါ့စကားသံတွေက ပြတ်သားသလောက် ငါ့နှလုံးသားတွေ မပြတ်သားလိုက်ပုံများ… ငါနဲ့ ငါ အမြဲရန်ဖြစ်ရင်း ငါကပဲ ရှုံးနိမ့်ခဲ့ရတာလေ… ဟေး… ငါ့ကို အဲဒီလို သနားတဲ့ မျက်ဝန်းတွေနဲ့  မကြည့်နဲ့ ဟာ… ငါမနေတတ်ဘူး… ငါ အသားမကျဘူး… လူအများအမြင်မှာ ငါကရဲရင့်ပြတ်သားလွန်းတဲ့မိန်းမဆိုတော့…. အားပေးမှု… ဂရုစိုက်မှုဆိုတာ ရခဲတယ်လေ… လိုရောလိုချင်လို့ လား… ဟုတ်လား… ဂရုစိုက်ခံချင်ကြတာ လူ့ သဘာဝပဲ မဟုတ်လား… နင့်မို့ ပြောတာပါ ငါ့ကို အမြဲဂရုစိုက်တတ်တဲ့ သူငယ်ချင်းရယ်…

အဖေရဲ့စည်းကမ်းတွေကြားထဲမှာ လွတ်လပ်မှုကို ဆာလောင်တဲ့ငါက ကိုယ့်ခြေထောက်ကိုယ်ပေါ်များ ရပ်နိုင်ခဲ့တဲ့နေ့ ကျရင်လို့ … ကြိုတင်စီမံကိန်းတွေချခဲ့တာလေ… တကယ်တော့ ဘ၀ဆိုတာ… လွတ်လပ်မှုကို ရပြန်တော့လဲ ကိုယ့်ကိုကိုယ် ချည်နှောင်မိပြန်တယ်… တခါတခါကျပြန်တော့လဲ ငယ်ငယ်ကလို လသာတဲ့ညတညမှာ အိမ်ရှေ့ ခြံထောင့်က စပယ်ရုံက စပယ်ဖူးလေးတွေကို စိတ်လွတ်ကိုယ်လွတ် ရေချင်နေမိတယ်… လဘက်သုတ်တပွဲနဲ့  စာအုပ်ထူထူတအုပ်ကို မေ့လျော့လို့  ဟိုးအဝေးက လွင့်မျောလာတဲ့ ဂီတာသံလေးကို နားထောင်ရင်း အိပ်ပျော်သွားတဲ့ညတွေ ပြန်လိုချင်တယ်… ပြီးတော့ ဆောင်းမနက်တွေမှာ အေးမြလတ်ဆတ်တဲ့လေကို ရှူရင်း စွယ်တော်ပင်တွေကြားထဲ ပျောက်ကျသွားခဲ့တဲ့ ရင်ခုန်သံတွေကို ပြန်ရှာချင်တယ်… မပြုံးနဲ့ ဟာ… ရူးရတာပျော်စရာပါ…

ဟုတ်တယ်… ငါနေချင်တဲ့ မြို့ ကလေးက မြန်မာရနံ့ တွေသင်းနေခဲ့ဖူးတဲ့ မန္တလေး… ငါငယ်ငယ်က ခဏခဏနင့်ကိုပြောဖူးခဲ့တယ်နော်… စိတ်ကူးနဲ့ ဘ၀ ကမောက်ကမဖြစ်လိုက်ပုံများ… ငါနေနေရတဲ့မြို့ က အတ္တရနံ့ တွေ သင်းနေတဲ့ သူစိမ်းတွေနေတဲ့မြို့ … ဒီလိုပါပဲဟာ… ငါချစ်တဲ့မန္တလေးမြို့ လေးလဲ မြန်မာရနံ့ တွေသင်းရာက ကင်းသထက်ကင်းလာတော့လဲ… ကြိုတင်မှန်းဆ တွက်ချက်လို့ မရတဲ့ အရာတွေကလဲ အများသားဆိုတော့… သူဖြစ်ချင်သလို ဖြစ်နေတာတွေထဲ နေသားကျဖို့ ပဲ လိုတာ မဟုတ်လား… သေချာတာကတော့ အချိန်တန်ရင် င့ါအိမ်ကို ငါပြန်ဖြစ်အောင် ပြန်မှာပါ…

ငါငယ်ငယ်က ဒုက္ခရောက်သူတွေကြား ပြေးရင်းလွှားရင်း သတင်းအမှန်တွေ ရယူတတ်တဲ့ သတင်းထောက် တယောက်ဖြစ်ချင်ခဲ့တာ… လူဆိုတာ ကြီးလေအနှောင်အဖွဲ့ များလေ ပိုကြောက်လေ ထင်ပါရဲ့ဟာ… ခုကျတော့ သိပ်ကြောက်တတ်လာတဲ့ငါ ဘာလို့ များ ငယ်ငယ်က အဲဒီအလုပ်လုပ်ချင်ပါလိမ့်လို့  ကိုယ့်ကိုကိုယ်တွေးမိသေးတာ… အမေကတော့ ငါ့ကို အမြဲပြောတယ်… ညည်းငယ်ငယ်က ကြောက်တတ်တဲ့အရာတွေ အသားကုန်ကြောက်ပြီး မကြောက်တတ်ပြန်တော့လဲ လွန်လွန်းတယ်တဲ့… အေးလေ… ဟုတ်ပါရဲ့… တခါတလေ ငါအစွန်းရောက်ချက်က ပြုတ်ကျတော့ မတတ်ပဲ… ငါ့ရည်ရွယ်ချက်တွေ တည်ငြိမ်သွားတော့ ကျောင်းစွဲကြီးတဲ့ငါ ကျောင်းကြီးမှာပဲ မျိုးဆက်သစ်လေးတွေ မွေးထုတ်ပေးတဲ့ ဆရာမလုပ်ချင်ပြန်ရော… ငါ သတင်းထောက်လဲ မဖြစ်ခဲ့… ဆရာမလဲ မဖြစ်ခဲ့ပါလေ…. ရည်ရွယ်ချက်တွေက အသက်အရွယ်နဲ့ လိုက်ပြီး ပြောင်းလဲတတ်သလား… ခု ငါအာသီသပြင်းနေတာက တို့ တိုင်းပြည်က လိုအပ်နေသူတွေဆီ အရောက်သွားပြီး volunteer လုပ်ဖို့ … ဒီတခါရော ငါ့ရည်ရွယ်ချက်တွေ ပြည့်မလား… ဟုတ်လား… မမေးပါနဲ့ ဟာ… ဆန္ဒနဲ့ ဘ၀ကရော… ရှေ့ သွားနောက်လိုက် ညီတတ်သလား… မှုန်ဝါးဝါးပါပဲ…

တပင်… နှစ်ပင်… ငါးပင်… ဆယ်ပင်… တော်ပြီ… မရေနဲ့ တော့… ငါ့မှာ ဆံပင်ဖြူတွေက များသထက်များလာတာ… ပြီးတော့ မလိုတဲ့အသားတွေ များသထက်များလာတာ… ပျော်သလား… ဟုတ်လား.. နင်မို့ ပေါက်ပေါက်ရှာရှာမေးတတ်တယ်… ဟုတ်ပါတယ်.. ငယ်ငယ်က မလောက်လေး မလောက်စား ကလေးဆန်လွန်းတဲ့ငါ့ရုပ်ကို ငါက သိပ်ရင့်ချင်တာ… လူကြီးပုံလေးဖြစ်ချင်တာ… နင်မှတ်မိနေတယ်နော်… ဇရာဆိုတာ မဖိတ်ခေါ်လဲ ရောက်လာမှာပဲမို့  သိပ်ကြီးတော့ မတုန်လှုပ်ပေမယ့် ပျော်ပျော်ပါးပါးကြီးတော့ မကြိုဆိုချင်တာ အမှန်ပဲ… ဟိုမရောက်ဒီမရောက်ငါက ဆံပင်ဖြူတွေကို တမင်မေ့ထားပြီး ခုထိ အချစ်ဝတ္ထု...အချစ်ရုပ်ရှင်… အချစ်သီချင်းလေးတွေကို ရင်ခုန်နေတုန်းလေ…

သူငယ်ချင်းရေ… ငယ်ဘ၀နဲ့ လက်ရှိဘ၀ ဟိုခုန် ဒီကူးရင်း အဲဒီလို ရောက်တတ်ရာရာတွေ မပြောဖြစ်တာ အတော်ကြာပြီနော်… တို့ ငယ်ငယ်က စာတပုဒ်အကြောင်း ဆွေးနွေးရင်းက အတန်းထဲက ကောင်မလေးအကြောင်းရောက်… အဲဒီကနေ လောကကြီးကို အရွဲ့ တိုက်တတ်တဲ့ ဆရာတယောက် အကြောင်းရောက်.. အဲဒီကနေ ဆွဲဆောင်မှုရှိလွန်းတဲ့ ငါတို့ ကြိုက်တဲ့ မင်းသားအကြောင်းရောက်… ပြီးတော့ မိကောက်ရဲ့ကဗျာတပုဒ်အကြောင်းရောက်… နဲ့  စာတပုဒ်မပြီးခဲ့တဲ့ ညတွေလိုပေါ့နော်… ဘာပဲဖြစ်ဖြစ် ရောက်တတ်ရာရာတွေပြောဖို့  ငါ့မှာ နင်ရှိနေတာကိုက ဘ၀ရဲ့ ကျေနပ်စရာတခုပဲမိုလား…

တန်ခူး

4:44pm 11-Mar-2014

Wednesday, February 19, 2014

နည်းပညာ နှင့် ဆိတ်ကွယ်ရာ



ပုံကို အင်တာနက်မှ ယူပါသည်။

ဒီနေ့ မနက် ရေဒီယိုနားထောင်တော့ ဒဏ်ငွေတွေ အများကြီး သတ်မှတ်ထားတဲ့အထဲကကို ထင်သလို အမှိုက်ပစ်တာကို ဘယ်လိုများ ကာကွယ်နိုင်မလဲဆိုတာ ဆွေးနွေးကြတာ နားထောင်ရပါတယ်…။ အဲဒီထဲမှာ တယောက်က တကယ်လို့ သင်နဲ့ ခင်နေတဲ့ သင့်အိမ်နီးချင်းက အမှိုက်ပစ်နေတာတွေ့ ရင် သင်သက်ဆိုင်ရာကို တိုင်မလားဆိုတဲ့ မေးခွန်းမေးလာပါတယ်…။ သက်ဆိုင်ရာကို တိုင်တာ ဘယ်သူတိုင်လဲဆိုတာ သိသွားရင် အိမ်နီးချင်း အချင်းချင်း မိတ်ပျက်စေတာမို့  သူအမှိုက်ပစ်တာကို ကင်မရာလေးနဲ့  မသိအောင် မှတ်တမ်းတင်ပြီးမှ အမည်မဖော်လိုသူအနေနဲ့  တိုင်မယ်ဆိုတာလေးကို တယောက်က ပြောသွားပါတယ်…။ ခုခေတ်နည်းပညာတွေ တိုးတက်လာတာနဲ့  အမျှ ခလုတ်ကလေး တချက်နှိပ်လိုက်တာနဲ့  ကိုယ့်ရဲ့မကောင်းမှုတွေက ကမ္ဘာကြီးဆီကို ရောက်သွားနိုင်တယ်ဆိုတာ လူတွေ သတိထားဖို့ လိုပါတယ်…။ အမှိုက်ပစ်တယ်ဆိုတာ မကောင်းမှုကျူးလွန်တဲ့အထဲမှာ အနိမ့်ဆုံး အဆင့်လို့ ပြောလို့ ရပေမယ့် ဒီလိုမကောင်းမှုလေးတောင် လူတွေက နည်းပညာသုံးပြီး ကာကွယ်ဖို့  ကြိုးစားနေတဲ့ခေတ်မို့  နည်းပညာတွေ တိုးတက်လာတာနဲ့ အမျှ ဆိတ်ကွယ်ရာဆိုတာ မရှိသလောက် ပါးလျလာတာကို တွေးမိသွားပါတယ်…။

ဟိုတနေ့ က သားကျောင်းကို ကိစ္စတခုရှိလို့ သွားတော့ ကျောင်းရုံးခန်းထဲမှာ ထိုင်နေတုန်း ကျောင်းအမှုထမ်း တယောက်က ကလေးတွေကို ဆက်ဆံနေတာ အရမ်းရိုင်းပြတာကို တွေ့ ခဲ့ရပါတယ်…။ မူလတန်းကျောင်းက ၀န်ထမ်းတယောက်အနေနဲ့  ငယ်ရွယ်နုနယ်တဲ့ မူလတန်းကလေးတွေကို အဲလို ကြမ်းတမ်းရိုင်းပြစွာ ဆက်ဆံတာ လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး…။ လက်ထဲက လက်ကိုင်ဖုန်းကို ခလုတ်နှိပ်ပြီး record လုပ်မယ်အလုပ်မှာ သားဆရာမရောက်လာတာကြောင့် မလုပ်ဖြစ်ခဲ့ပါဘူး…။ မိဘတွေ ဆိတ်ကွယ်ရာမှာ ကလေးတွေကို ရိုင်းပြစွာ ဆက်ဆံတဲ့ ၀န်ထမ်းကို နောက်များကြုံရင် ကျွန်မနည်းပညာနဲ့  ပညာပေးဖို့  ၀န်လေးမှာ မဟုတ်ပါဘူး။

ဆိုခဲစေ မြဲစေတဲ့…။ ကိုယ်ပြောလိုက်တဲ့ စကားတခွန်း လေထဲမှာ မပျောက်သွားတဲ့ ခေတ်ပါ…။ ကိုယ့်လက်အောက်ငယ်သားကိုပဲဖြစ်ဖြစ် ကိုယ့်ထက် နိမ့်ကျတဲ့သူကိုပဲ ဖြစ်ဖြစ် လက်လွတ်စပယ် ကိုယ်ချင်းစာတရားမဲ့စွာ ပြောဆိုပစ်လိုက်တာမျိုးက ဟိုးအရင် နည်းပညာတွေ မတိုးတက်တုန်းက ရပေမယ့် ဒီဘက်ခေတ်မှာတော့ မရတော့ပါဘူး…။ ကိုယ်ပြောလိုက်တဲ့ စကားတခွန်းက ကိုယ့်မှာ တာဝန်ရှိတယ်ဆိုတာ အတော်လေး သတိထားရမယ့်ခေတ်ပါ…။ လူတိုင်းလူတိုင်းမှာ နှလုံးသားရှိတာမို့  သူတို့ နာကျင်တာနဲ့ အမျှ နာကျင်မှုကို လူတိုင်းသိအောင် နည်းပညာလက်နက်နဲ့  ထုတ်ပြလို့ ရနေပါပြီ…။ နည်းပညာကြောင့် တဖက်စောင်းနင်းဆိုတာမျိုးတွေ ရှားပါးလာမှာ အမှန်ပါပဲ…။

အိမ်မှာ အိမ်အကူနဲ့ ထားခဲ့ရတဲ့ ကလေးလေးကို အိမ်အကူက မိဘတွေ ဆိတ်ကွယ်ရာမှာ နှိပ်စက်တာကို ဖွက်ထားတဲ့ ကင်မရာလေးနဲ့  ရိုက်ထားတဲ့ ဗွီဒီယိုဖိုင်ကို ကျွန်မကြည့်ရတော့ မျက်ရည်ကျမိပါတယ်…။ မူကြိုကလေးကို ပက်ပက်စက်စက် နှိပ်စက်တဲ့ဆရာမရဲ့လုပ်ရပ် ဗွီဒီယိုဖိုင်ကလဲ မိခင်ဖြစ်တဲ့ ကျွန်မနှလုံးသားတွေကို ဆုတ်ခြေနေသလို နာကျင်လွန်းလှပါတယ်…။ လူအိုရုံက မသန်မစွမ်းတော့တဲ့ အမယ်အိုကြီးကို သူနာပြုမက ကြမ်းကြမ်းတမ်းတမ်း လုပ်ကိုင်ပြီး ကုတင်ပေါ် ၀ုန်းကနဲ ပစ်ချတဲ့အခါ အမယ်အိုရဲ့ညည်းသံကို ကြားရတော့ ကျွန်မမိဘချင်း ကိုယ်ချင်းစာနာပြီး ရင်ထဲမှာ စူးရှနာကျင်မိပါတယ်…။ အလုပ်သွားနေတယ်လို့  အိမ်ကထွက်သွားတာကို ယုံကြည်နေတဲ့ ရိုးသားလွန်းတဲ့ မိန်းမက သူ့ သူငယ်ချင်းရဲ့ ကင်မရာထဲမှတ်တမ်းတင်ထားတဲ့ သူ့ ယောင်္ကျားနဲ့ နောက်သူ့ သူငယ်ချင်းတယောက် တိတ်တိတ်ပုန်းဖောက်ပြန်တဲ့ ဓာတ်ပုံတွေ တွေ့ လိုက်ရတဲ့ အခါ ယုံကြည်မှုတွေ အငွေ့ ပျံယူကျုံးမရဖြစ်တာတွေ့ ပြီး ကျွန်မ နှုတ်ခမ်းတွေ ပြတ်လုပ်မတတ် ဖိကိုက်နာကျင်ခဲ့ဖူးပါတယ်…။ ကလေးလေးကို ကားနဲ့ မတော်တဆ တိုက်မိရာက မသေမရှင်ဆို သက်သေဖြစ် လျော်နေရမှာ ကြောက်လို့  မသေမချင်း အသေတိုက်သတ်တဲ့  မြင်ကွင်းကို အတွေ့ …. လူမဆန်တဲ့ အဲဒီလုပ်ရပ်ကို လုပ်ခဲ့သူတွေ ဘယ်လို လုပ်ခဲ့ကြသလဲတော့ မသိ… ကျွန်မတော့ မကြည့်ရဲလို့  မျက်လုံးတွေ ပိတ်ပစ်ရတဲ့ အထိပါပဲ…။ အဲဒါတွေ တကယ်ဖြစ်ခဲ့တာ… အဲဒီမကောင်းမှုတွေကို သူတို့ က ဆိတ်ကွယ်ရာ ထင်ပြီး အသေအချာကြီးကို ကျူးလွန်ခဲ့ကြတာ…။ တိုးတက်လာတဲ့ နည်းပညာကြောင့် သူတို့ ဆိတ်ကွယ်ရာကနေ တကမ္ဘာလုံး မြင်နိုင်တဲ့ အခြေအနေမျိုးကို လျင်လျင်မြန်မြန်ကို ရောက်လာတာ…။ကိုယ်ပြုသောကံ ကိုယ့်ထံပြန်လာတာ နောင်ဘ၀တောင် မစောင့်ဘူး… ဒီဘ၀တင်ပါ…။

ကိုယ်ချင်းစာတရားတွေ ပါးရှားလာတဲ့ ခေတ်ကြီးမှာ လူတွေက ကိုယ့်အတ္တအတွက် သူများကို ချနင်းဖို့  ၀န်မလေးကြတော့ဘူး…။ မတရားတာကို မတရားမှန်းသိလျက်နဲ့  မြိန်ရေလျက်ရေ ကျုးလွန်လာကြတယ်…။ ကျွန်မတို့ ငယ်ငယ်က အရက်ကို ပုန်းလျိုး ကွက်လျိုး သောက်ကြလို့  အရက်ပုန်းဆိုင်လို့ တောင် နာမည်တွင်တာ ကြားဘူးတယ်…။ ခုခေတ်မှာ အရက်ပုန်းဆိုင်ဆိုတာ ဘယ်လိုမျိုးလဲလို့  မေးရအောင် ရပ်ကွက်တိုင်း လမ်းတိုင်းမှာ အရက်ဆိုင်တွေ လက်ညှိးထိုးမလွဲ…။ စပွန်ဆာဆိုတာ ခေတ်စားလာတဲ့ ဒီဘက်ခေတ်ကြီးမှာ ငွေအတွက် သာယာမှုအတွက် ကိုယ့်တန်ဖိုးကို ကိုယ်ကိုယ်တိုင် ခြေထောက်နဲ့ နင်းခြေပစ်လိုက်ကြတဲ့ မိန်းခလေးတွေကလဲ များများလာတယ်…။ အရက်ဆိုင်ကို ဆိတ်ကွယ်ရာလို့ ထင်ကြတယ်… နိုက်ကလပ်ကို ဆိတ်ကွယ်ရာလို့  ထင်ကြတယ်… အင်တာနက်ကို ဆိတ်ကွယ်ရာလို့  ထင်ကြတယ်…။ အဲဒီ ဖောက်ပြန်မှုတွေ ပျော်ပျော်ကြီး ကျင်းပရာ ဆိတ်ကွယ်ရာတွေဟာ နည်းပညာရဲ့ ကျေးဇူးကြောင့် သူတို့ ကိုယ်ကျင့်သိက္ခာတွေကို လှလှကြီးသတ်ပြနိုင်တဲ့ သတ်ကွင်းတွေပါ…။

တကယ်တော့ မကောင်းမှုဆိုတာ ဆိပ်ကွယ်ရာမှာတောင် မကျူးလွန်သင့်ဘူး ဆိုတာ အရွယ်ရောက်တဲ့ သူတိုင်း နားလည်ပြီးသား အခြေခံကျင့်ဝတ်ပါ…။ ကိုယ်ကျင့်တရားပျက်ပြားမှုနဲ့ ယဉ်ပါးလာကြတဲ့ ဒီခေတ်ကြီးမှာ အဲဒီအခြေခံလူ့ ကျင့်ဝတ်ကို တမင်မေ့ထားတဲ့ သူတွေအတွက် နည်းပညာဆိုတဲ့ ပညာပေးလက်နက်တခု ပေါ်လာတာ ကျွန်မဖြင့် ၀မ်းသာလို့  မဆုံးပါဘူး…။

လူတိုင်းလူတိုင်း ကိုယ်ချင်းစာတရား မေတ္တာတရား လက်ကိုင်ထားနိုင်ကြပါစေ…။

တန်ခူး

19-Feb-2013 12:56pm