Wednesday, April 23, 2008

ဟာမိုနီ


"ကြားလားဟင်"
"ဘာကိုလဲ"
"ငှက်ကလေးတေးဆိုနေတာလေ"
"သတိမထားမိဘူး"
"အဲဒါငှက်ကလေးကချိုးငှက်လေးလေ...တကူကူးကူလို့ တေးအမြဲဆိုနေကျ"
"ငှက်တွေသိပ်စိတ်မဝင်စားဘူး...တို့တော့ငှက်အော်သံ အားလုံးအတူတူပဲလို့ထင်တယ်"
"မတူပါဘူး...မင်းသတိထားနားထောင်ရင် ကွဲလိမ့်မယ်"
"အဲဒါဘာလုပ်တာလဲ"
"တို့ကိုအဖော်လုပ် သီချင်းဆိုပြတဲ့ငှက်ကလေးကို အမှတ်တရသိမ်းထားချင်လို့ ဓာတ်ပုံရိုက်တာပါ"
"အိုး...ရူးလဲရူးပါ့ကွယ်"




**************************************


"ဟယ်...ကံ့ကော်တွေ...ကံ့ကော်တွေ"
"ဘာဖြစ်တာလဲ...ဘာတွေ့လို့လဲ"
"ဟိုမှာလေ...တပင်လုံးညွှတ်နေအောင် ပွင့်နေတဲ့ပန်းဖြူဖြူတွေ"
"ဘုရားရေ...ပန်းလေးတွေ့တာကို Bonusရသလို စိတ်လှူပ်ရှားတယ်"
"တို့အကြိုက်ဆုံးပန်းထဲမှာပါတယ်...သူ့အနံ့လေးကလဲသင်းနေတာပဲ"



"ခဏနော်...တို့သွားခူးချင်လို့"
"တဆိတ်ကလေးနေပါဦး...သူကအဆိပ်ရှိတဲ့အပင်ဖြစ်နေဦးမယ်"
"သူကဘယ်သူ့ကိုမှဒုက္ခမပေးတဲ့ သဘာဝကပေးတဲ့လက်ဆောင်ပါ"
"တို့ယုံကြည်တာ နှင်းဆီနဲ့သစ်ခွပဲ...ဟိတ်နေဦးလေ...အော်...ကားတွေတိုက်နေဦးမယ်"
-----
-----
----


"ဒီမှာတွေ့လား...သိပ်ချစ်စရာကောင်းတဲ့ပန်းကလေးတွေ...တို့နိုင်ငံမှာဆို သူ့အရွက်ချွန်ခွန်လေးတွေကအစ နာမည်ကြီးတယ်"
"သက်မဲ့ပန်းကိုတောင် စိတ်လှူပ်ရှားလွယ်တဲ့လူမျိုးတွေပဲ"
"သဘာဝတရားကို ချစ်တတ်တာလို့ခေါ်တယ်"
"ဒါထက်...ဓာတ်ပုံတွေအများကြီးရိုက်နေတာကို ကားပေါ်ကလူတွေက အရူးတယောက်လိုကြည့်သွားကြတယ်... ဘာလုပ်မလို့လဲ"
"တို့လိုကံ့ကော်ချစ်တတ်သူတွေ ဝေမျှမလို့လေ"



တန်ခူး
1:55pm 23-Apr-2008

Monday, April 21, 2008

မြန်မာတချို့နဲ့ အလုပ်အင်တာဗျူး


ခေါင်းစဉ်ကြီးက နဲနဲတော့ကြီးသွားသည်။ တခြားခေါင်းစဉ် ပေါ့ပေါ့ပါးပါးလေး စဉ်းစားတော့ ခေါင်းထဲကထွက်မလာ။ ကျွန်မပတ်ဝန်းကျင်တွင် ကြုံတွေ့နေရသည့် အကြောင်းအရာရိုးရိုးလေးများကို အလုပ်ရှာလာကြသော လူငယ်လေးများအား ပေါ့ပေါ့ပါးပါး အကြံပေးလိုခြင်းသက်သက်ဖြင့် ဒီpostလေးကို ဖန်တီးမိခြင်းဖြစ်ပါသည်။ ဆရာလုပ်တာမဟုတ်ကြောင်း ကြိုတင်မေတ္တာရပ်ခံပါသည်။ တစုံတရာ အမှားအယွင်းပါရှိပါက သည်းခံခွင့်လွှတ် ပြုပြင်ပေးပါရန် တောင်းပန်ပါသည်။

ခုတလော ဒီနိုင်ငံကို အလုပ်လာရှာသော မြန်မာတွေ အတော်များလာပုံရသည်။ အသိတော်တော်များများ ရောက်လာကြသည်။ သူငယ်ချင်းအချင်းချင်းလဲ အလုပ်ကြားရင် ပြောပါဦး၊ ဘယ်သူတော့အလုပ်ရှာနေလို့ဟု ပြောသံတွေ စိတ်လာသည်။ တချို့က အလုပ်အတွေ့အကြုံရှိပြီးသား၊ တချို့ကျတော့ ခုမှကျောင်းပြီးကာစ ပူပူနွေးနွေး။ ဘာပဲဖြစ်ဖြစ် အလုပ်ရှာခြင်း၏ အခြေခံလုပ်စဉ်ကတော့ အားလုံးတူတူပင်။ ကျွန်မကိုယ်တိုင် အတွေ့အကြုံရော၊ ကျွန်မပတ်ဝန်းကျင်မှ အတွေ့အကြုံများပေါင်း၍ အလုပ်ရှာနေသူ ညီအကိုမောင်နှမများအတွက် အထောက်အပံ့ရလိုရငြား အောက်ပါအချက်အလက်လေးများကို စုစည်းတင်ပြလိုက်ပါသည်။

*ကိုယ်ရေးရာဇဝင်(CV/Resume) နှင့် Cover Letter

အလုပ်လျှောက်လျှင် CVရှိရမည်ဆိုတာ လူတိုင်းသိကြပေမယ့် အင်တာဗျူးရဖို့ အလုပ်ရှင်အား ဆွဲဆောင်နိုင်မည့် CVဖြစ်ဖို့ အရေးကြီးပါသည်။ တချို့အလုပ်ပေါင်းများစွာ လျှောက်လဲ
အင်တာဗျူးမရခြင်း၏ အဓိကအကြောင်းမှာ CVကြောင့်ပင်ဖြစ်သည်။ CVသည် မဖောင်းပွလွန်း၊ မတိုတောင်းလွန်းပဲ ရှင်းရှင်းလင်းလင်းနှင့် ကိုယ့်အရည်အချင်းပေါ်လွင်အောင်ရေးသင့်သည်။ Cover Letterကတော့ လျှောက်မည့်အလုပ်နှင့် ကိုယ့်အတွေ့အကြုံ၊ပညာ ကိုက်ညီအံဝင်ကြောင်း အဓိကပါသင့်သည်။ အကြံပေးလိုသည်မှာ internetမှ CV နှင့် Cover Letter ရေးပုံရေးနည်း၊ နမူနာCV နှင့် Cover Letter များကို လေ့လာပြီး အတုယူရေးသင့်သည်။

*အလုပ်လျှောက်ခြင်း

အလုပ်ရှာရန်နေရာများကတော့ job websiteများ၊ သတင်းစာ နဲ့ တချို့company home page တွေပဲဖြစ်သည်။ များသောအားဖြင့် Employerတွေက job responsibilities နဲ့ requirements တွေကို လောဘတကြီး အများကြီးရေးထားတတ်သည်။ အားလုံးကိုယ်နဲ့ကိုက်ညီရင်တော့ အကောင်းဆုံးဖြစ်ပေမယ့် အားလုံးနဲ့ကိုက်ညီမှ ထိုအလုပ်လျှောက်လို့ရသည်ဟု မဆိုလိုပါ။ ဥပမာ...၅ချက်ရှိတဲ့အထဲက ၃ချက်လောက် ကိုက်ညီလျှင် လျှောက်ကြည့်သင့်သည်။ ခုမှဘွဲ့ရခါစ အတွေ့အကြုံမရှိသေးသူများကတော့ ကိုယ့်ပညာ၊ကိုယ့်project၊ ကိုယ့်Thesisနဲ့ ကိုက်ညီနေလျှင်လျှောက်ကြည့်သင့်သည်။ အင်တာဗျူးခေါ်တာမခေါ်တာ Employerအလုပ် လျှောက်ကြည့်ရမှာ ကိုယ့်အလုပ်ဖြစ်သည်။ ကိုယ်လျှောက်ထားသည့် အလုပ်ကို soft copyနဲ့ဖြစ်ဖြစ်၊ hard copyနဲ့ဖြစ်ဖြစ် စာရင်းပြုထားသင့်သည်။ အလုပ်အကျဉ်းချုပ်ပါစာရင်းထဲ ထည့်သွင်းသင့်သည်။ ဒါမှ အင်တာဗျူးခေါ်ခဲ့လျှင် ကြိုတင်ပြင်ဆင်လို့ရမည်။

*နေခွင့်သက်တမ်း(stay)

ဒီနိုင်ငံမှာ အဓိကပြဿနာက နေခွင့်သက်တမ်း(stay)ပဲဖြစ်သည်။ များသောအားဖြင့် ၂လ မှ ၃လထိ stayပေးလေ့ရှိသည်။ တခါပေးလျှင် ၂ပတ် မှ ၁လ ထိပေးတတ်သည်။ အလုပ်တခု သတင်းစာမှ ကြေငြာတာပဲဖြစ်ဖြစ်၊ job websiteတွေက ကြေငြာတာပဲဖြစ်ဖြစ် အလုပ်လျှောက်ပြီး ၂ပတ် မှ ၁လထိကြာမှ အင်တာဗျူးရမရ သိရသည်။ တချို့က ဒီရောက်မှ အလုပ်ရှာကြသည်။ ပထမstay ၁လက အလုပ်လျှောက်တာနှင့် ကုန်သွားသည်။ အခန့်မသင့်လို့ ပထမတသုတ်လျှောက်တာက အင်တာဗျူးမရခဲ့လျှင် နောက်တသုတ်စောင့်ရင်းstayကုန်ပြီး အလုပ်မရပဲ ပြန်သွားရသူတွေကြုံဖူးသည်။ ကျွန်မ အကြံပေးလိုသည်မှာ ဒီမလာခင် ၁လလောက်အလို job websiteတွေမှ တဆင့် အလုပ်ကြိုရှာထားဖို့ပင်။ ဒီမှာ ဆွေမျိုးအသိမိတ်ဆွေရှိခဲ့ရင်တော့ သတင်းစာမှ ကြေငြာသောအလုပ်များကိုကြိုရှာထားနိုင်လျှင် ပိုအဆင်ပြေသည်။ ဒီရောက်လျှင် အင်တာဗျူးထိုင်စောင့်ချိန် သက်သာသွားပြီး stayလဲ အလဟဿ မဖြစ်တော့။ တချို့ဆို အင်တာဗျူး ၃၊၄ ခုလောက်ရထားကြပြီး ရောက်တာနှင့် တန်းဖြေရုံပင်။

*အင်တာဗျူး

အင်တာဗျူးခေါ်ခံရလျှင် အင်တာဗျူးအချိန်၊နေ့ရက်၊နေရာ တို့ကို အသေအချာမှတ်သင့်သည်။ ဖုန်းဖြင့်အင်တာဗျူးခေါ်လျှင် ဖုန်းခေါ်သူနာမည်နှင့် အင်တာဗျူးမည့်သူနာမည်၊ ဖုန်းနံပါတ်ကို သေချာမှတ်သားထားသင့်သည်။ သူငယ်ချင်းတယောက် အင်တာဗျူးရပြီးမှ ဖုန်းနံပါတ်မမှတ်မိ၊ companyနာမည်မေ့နှင့် လက်လွှတ်ဆုံးရှူံးရဖူးသည်။ အင်တာဗျူးအချိန်သည် ရုံးတက်၊ရုံးဆင်းချိန်(peak hour)များဖြစ်လျှင် အိမ်မှစောစီးစွာ ကြိုထွက်သင့်သည်။

အင်တာဗျူးမတိုင်ခင် မေးတတ်သည့်မေးခွန်းများကို ချရေးပြီး ပါးစပ်မှ အသံထွက်လေ့ကျင့်သင့်သည်။ ဘယ်လောက်ပဲ အင်္ဂလိပ်စာ ကျွမ်းကျင်ပါစေ ကိုယ်ပိုင်ဘာသာစကားမဟုတ်၍ လေ့ကျင့်သင့်သည်။ Employer Company အကြောင်း တစေ့တစောင်းလေ့လာ သွားသင့်သည်။ အဓိက ကတော့ ကိုယ့်အရည်အချင်း၊ ကိုယ့်အကြောင်းကို ယုံကြည်ချက် အပြည့်အဝနှင့် ပြောနိုင်အောင် လေ့ကျင့်သင့်သည်။

အင်တာဗျူးနေ့တွင် အထက်ကပြောသည့်အတိုင်း အချိန်နာရီဝက်၊ တနာရီ ကြိုထွက်သင့်သည်။ ဆံပင်နှင့် အဝတ်အစားကို အထူးသပ်ရပ်အောင် ပြင်ဆင်သင့်သည်။ စိတ်ကို လမ်းဆန်းကြည်လင်အောင်ထား၍ ကိုယ့်အတွက် သက်သက်သာသာသွားနိုင်မည့် ခရီးလမ်း၊ယဉ်ကို ရွေးသင့်သည်။

အင်တာဗျူးအချိန်သည် အရေးကြီးဆုံး အချိန်ဖြစ်သည်။ ကျွန်မတို့လူမျိုးယဉ်ကျေးမှူက ကြီးသူကိုရိုသေ၊ ငယ်သူကို လေးစားရသည်။ ကိုယ့်ထက်အသက်အရွယ်ကြီးသူ၊ ရာထူးကြီးသူတို့ရှေ့ ခေါင်းငုံ့လျှောက်ရသည်။ ယဉ်ကျေးသော၊ လေးစားသော အသုံးအနုန်းကိုသာ သုံးရသည်။ အဲဒီ့ ယဉ်ကျေးမှူလေးတွေကို အင်တာဗျူးအချိန်အတွင်း ခဏဖျောက်ထားသင့်သည်။ မယဉ်ကျေးရဘူးလို့ဆိုလိုခြင်း မဟုတ်ပါ။ ကိုယ့်ကို အင်တာဗျူးသောသူကို ခေါင်းငုံ့အရိုအသေပေးခြင်း၊ မေးသမျှမေးခွန်းတွေကို ချိုသာယဉ်ကျေးစွာ မျက်လွှာလေးချဖြေခြင်းများကို ဒီနိုင်ငံက ကိုယ့်ကိုယ်ကို ယုံကြည်မှူနဲသည်ဟုသတ်မှတ်ကြသည်။ အင်တာဗျူးသူကို နှူတ်ဆက်ပြီး ခပ်မတ်မတ်ထိုင်၍ မေးသမျှမေးခွန်းများကို ထိုသူနှင့်မျက်လုံးချင်းဆုံပြီး ရဲရဲဝင့်ဝင့် ဖြေသင့်သည်။ စိတ်ပိုင်းဆိုင်ရာမေးခွန်းများကို ပြတ်ပြတ်သားသား ဖြေသင့်သည်။ ဒါမှ ဘယ်လို အခက်အခဲမျိုးကိုမဆို ရင်ဆိုင်ရဲသည့် စိတ်ဓါတ်ရှိသူဟု ယုံကြည်လိမ့်မည်။ မေးစရာမေးခွန်းရှိလဲ သွက်သွက်လက်လက် မေးချတာကို သူတို့က ကြိုက်သည်။

ကိုယ့်မှာ အားငယ်တတ်၊ ကြောက်တတ်သည့်အကျင့်ရှိလျှင် အင်တာဗျူးအချိန်၌ ခဏမေ့ထားပါ။ အိမ်မှာ အငယ်ဆုံးဖြစ်လဲ ကလေးလိုပြောတတ်သည့်အကျင့်ကို တတ်နိုင်သမျှပြင်ပါ။ မိဘဆွေမျိုးများနှင့်ခွဲ၍ တိုင်းတပါးမှာ ကိုယ့်ဘဝကို ရင်ဆိုင်ဖို့ လမ်းရွေးပြီးမှ တတ်နိုင်သမျှသတ္တိမွေးသင့်သည်။ အဲဒီသတ္တိက ကိုယ့်ကိုယ်ကို ယုံကြည်မှူအသွင်ပြောင်း၍ အတွေ့အကြုံမရှိသူတို့ပင် စိတ်ဓါတ်အင်အားကြိုက်ပြီး အလုပ်ခန့်ထားခံရသည့် ဥပမာများတွေ့ဖူးသည်။

ကျွန်မတို့ မြန်မာလူမျိုးများသည် ထက်မြက်ကြသည်။ မည်သည့်လုပ်ငန်းခွင်ကိုမဆို ခဏလေးနှင့်ကျွမ်းကျင်စွာ လုပ်နိုင်သည်။ ပြဿနာကို ဖြေရှင်းသည့် ဖြတ်ထိုးဥာဏ်ကောင်းသည်။ ရှိသည့်ကုန်ကြမ်းနှင့် အလုပ်ဖြင်အောင်လုပ်နိုင်သည်။ ထို့ကြောင့် ကိုယ့်အရည်အချင်းကို ပေါ်လွင်အောင်ဖော်ပြနိုင်ရန် လေ့ကျင့်ကြိုးစားလျှင် ဤအင်တာဗျူးက ကိုယ့်လက်ထဲက ပြေးမလွတ်တော့ပေ။

အလုပ်ရှာနေသူ မြန်မာအပေါင်း အခက်အခဲအဖုအထစ်မရှိ ကောင်းမွန်သော အလုပ်များရနိုင်ကြပါစေ။

တန်ခူး
2:00pm 21-Apr-2008

Friday, April 18, 2008

ဒီဧပရယ်


ဒီဧပရယ်က အမှတ်တရများစွာကို သယ်ဆောင်လာနေကျဆိုတော့ အားလုံးထဲမှာ ဒီဧပရယ်ကို အတွယ်တာဆုံး...။

ရုပ်ရှင်တွေထဲကလိုပေါ့။ နယ်မြို့လေးတမြို့က ချမ်းသာတဲ့တဦးတည်းသောသမီးချောလေးမေမေနဲ့ ဆင်းရဲထက်မြက်တဲ့ဖေဖေတို့ တဣသိုလ်မြေမှာ တွေ့ခဲ့ကြတယ်။ ဘဝဆိုတာရုန်းကန်ခြင်းဆိုတဲ့ဖေဖေနဲ့ ဘဝဆိုတာလိုတရခြင်းဆိုတဲ့မေမေတို့ဘဝကို ညီမျှခြင်းချပေးလိုက်တာ ချစ်ခြင်းမေတ္တာ။ အဲဒီထူထပ်မြဲမြံတဲ့ ချစ်ခြင်းကို ပကာသနတွေက မဖြိုခွဲနိုင်ခဲ့တော့ ဒီဧပရယ်မှာ ဘဝနှစ်ခုပေါင်းစည်းခြင်း အထိမ်းအမှတ် မင်္ဂလာပွဲလေးကျင်းပခဲ့တယ်။

ဆင်းရဲတာကို အကြောင်းပြလို့ ညိုညင်ခံခဲ့ရတဲ့ မာနကြီးတဲ့ဖေဖေက သုညကစလို့ သူ့အရည်အချင်းနဲ့ မိသားစုဘဝလေးထူထောင်ခဲ့ရာက ဒီဧပရယ်မှာပဲ သူ့ဘဝရဲ့မျှော်လင့်ချက်အလင်းရောင်လေး ကျွန်မကို မေမေကမွေးဖွားခဲ့တယ်။ ဂျစ်ကန်ကန်ခေါင်းမာတဲ့၊ သူ့မျှော်လင့်ချက်တွေမဖြည့်ဆီးနိုင်တဲ့ ကျွန်မကို ဘာပဲဖြစ်ဖြစ် အဖေကအချစ်ဆုံး။

နောင်နှစ်ပေါင်းဆယ်နှစ်ကြာတော့ အလွန်လိမ္မာတဲ့ ချစ်စရာညီမလေးကို ဒီဧပရယ်မှာပဲ မေမေကမွေးဖွားပေးခဲ့ပြန်တယ်။ အဲဒီညီမလေးက အငယ်ဆုံးလေး မပီသစွာ လူကြီးဆန်ရိုးသားပြီး ဘယ်တော့မှဒုက္ခမပေးတတ်သူလေးပေါ့။ ဖေဖေရဲ့ အနှစ်နှစ်အလလက မျှော်လင့်ချက်တွေကို ကျွန်မ မဖြည့်ဆီးနိုင်ခဲ့ပေမယ့် သူဖြည့်ဆီးပေးနိုင်ခဲ့တယ်။ သူ့ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကို ဝါသနာတင်မက၊ စေတနာတွေနဲ့ လုပ်သူမို့ သူ့အတွက် အမြဲဂုဏ်ယူရတယ်။ ကျွန်မတို့ အကြီးနှစ်ယောက်ထက် အတ္တနဲပြီး မိဘအတွက် ဘဝကို မြှပ်နှံထားသူလေး။

ကျွန်မသူငယ်ချင်း၊ ကျွန်မချစ်သူ မောင့်ကို ကျွန်မရဲ့ခင်ပွန်းအဖြစ် ရာထူးတိုးတဲ့ ကျွန်မတို့မင်္ဂလာပွဲလေးကလဲ ဒီဧပရယ်မှာပဲပေါ့။ ဒီနှစ်ဆို မင်္ဂလာနှစ်ပတ်လည် ခုနှစ်နှစ်တင်းတင်းပြည့်လို့ ချစ်စရာသားကလေးတောင် တီတီတာတာ စကားဆိုတတ်ခဲ့ပေါ့။

အဲဒီ အမှတ်တရတွေနဲ့ဧပရယ်ကို အရူးအမူးတွယ်တာ မိတာဆန်းသလားရှင်။

တန်ခူး
10:30am 18-Apr-2008

Monday, April 14, 2008

အမှတ်တရသင်္ကြန်


ဘယ်နေရာ၊ ဘယ်ဒေသ၊ ဘယ်အချိန်၊ ဘယ်အရွယ်ရောက်ရောက် သင်္ကြန်ရောက်ပြီဆို ရင်ခုန်ရမြဲ။
ရင်ခုန်သံတွေ ဖျော့တော့ပါးလျခဲ့ပေမယ့် သင်္ကြန်တေးတွေကို ခုံမင်ဆဲ။ တန်ခူးလေနုအေးနဲ့အတူ ပိတောက်ရနံ့တွေ ရှာဖွေမိဆဲ။ မျှော်လင့်ခြင်းတွေ ပြန်နိုးထလို့ နှစ်ဟောင်းက မကောင်းတဲ့ကံတွေကို သင်္ကြန်ရေနဲ့ သန့်စင်ချင်မြဲ။
သင်္ကြန်အမှတ်တရတွေ တူးဖော်ရင်း ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော်က သင်္ကြန်တေးသံတွေကြားထဲက တန်ခူးရဲ့ပုံရိပ်တွေကို မျှဝေခံစားစေဖို့။ တေးသံကြားရင် မြူးတူးကခုန်ဖို့သာနားလည်တတ်တဲ့ အဲဒီအရွယ်ရဲ့ အပူအပင်ကင်းမှူတွေကို ခဏလောက်တော့ ပြန်လိုချင်သေးတော့။ မျှော်လင့်တိုင်း ပြီးပြည့်စုံတယ်လို့ထင်မှတ်မှားတဲ့ အဲဒီအရွယ်ရဲ့ ဖြူစင်တဲ့မရင့်ကျက်မှူတွေကို တမ်းတမိသေးတော့။


တန်ခူးရဲ့ Blogမိတ်ဆွေရောင်းရင်းတို့ နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ အတာကူးတဲ့ သင်္ကြန်ပွဲတော်ကို ကိုယ်ချစ်တဲ့တိုင်းပြည်မှာ ကိုယ်ချစ်တဲ့ မိဘဆွေမျိုးတွေနဲ့ အမြန်ဆုံးအတူဆင်နွှဲနိုင်ပါစေ။ နှစ်ဟောင်းက မကောင်းသောကံတွေ ဆေးကြောပေးဖို့ အားလုံးကို သင်္ကြန်ရေအေးအေးလေး လောင်းလိုက်ပြီနော်။ အေးမြရွှင်လန်းကြပါစေ။


တန်ခူး
9:40am 14-Apr-2008
(သင်္ကြန်အကြတ်နေ့)

Wednesday, April 9, 2008

ကျွန်မနဲ့ကောင်မလေး

ကျွန်မနဲ့ကောင်မလေးကြား ထူးခြားဆန်းကျယ်တဲ့ စိတ်ဆက်သွယ်မှူတခု ရှိနေသလို အမြဲခံစားရတယ်။ ကျွန်မ တခုခုကို ခံပြင်းဒေါသထွက်နေချိန် ကောင်မလေးက ဖုန်းဆက်ပေါက်ကွဲပြရင် တိုက်ဆိုင်မှူအတွက် အံ့သြရမြဲ။ ကျွန်မ တခုခုကို အမြင်မတော်ထော်လော်ကန့်လန့်ဖြစ်ပြီး ကောင်မလေးဆီemailပို့ရင် တူညီတဲ့ခံစားမှူအတွက် သူလဲအံ့သြရမြဲ။ ကြာလာတော့ ကျွန်မစိတ်တွေဟိုးအောက်ဆုံးထိ ဗုန်းကနဲကျနေရင် ကောင်မလေးများဖြစ်နေပြီလားလို့ စိုးရိမ်မိတယ်။ ကျွန်မပျော်ရွှင်လန်းဆန်းနေရင် သူလဲပျော်နေမယ်ဆို ကြည်နူးမိတယ်။

ချစ်သူအတွက် အသေးစိတ်ခံစားတာရော၊ လူတွေကို ပွင့်ပွင့်လင်းလင်း စိတ်ထဲရှိတဲ့အတိုင်း ပြောချတတ်တာရော၊ ကိုယ်ကျင့်တရားတန်ဖိုးဖြတ်မှူရော အတော်လေးနီးစပ်တယ်။ ကျွန်မ Heroတွေနဲ့ ကောင်မလေးHeroတွေ တထပ်ထဲပဲ။ ကျွန်မ လေးစားလို့မရတဲ့လူတချို့ကို သူကလဲမလေးစား။ ကျွန်မလက်ခံလို့မရတဲ့အယူအဆတော်တော်များများကို ကောင်မလေးလဲလက်မခံ။ ကောင်မလေးလျှောက်ချင်တဲ့လမ်းကကျွန်မနဲ့လားရာတူ။

ကောင်မလေးက ခံစားချက်တွေမျှဝေခံစားပေးနိုင်မယ့် အဖော်ဖြစ်လာတယ်။ သူရဲ့မွန်းကြပ်မှူတွေကို ကျွန်မဆီမှာပေါက်ကွဲသလို ကျွန်မရဲ့မြိုသိပ်ခြင်းတွေ သူ့ဆီမှာဖွင့်အံချ။ စာတိုပေစလေးတွေ ရေးချတတ်တာတူတော့ တခါတခါကဗျာတစနဲ့ သူနဲ့ဆက်သွယ်။

ကိုယ်ကျင့်တရား တန်ဖိုးဖြတ်မှူတွေကြားကပဋိပက္ခတွေ မြင်ရကြားရတော့ ကောင်မလေးက ကိုယ့်ဆီကဗျာတပုဒ်နဲ့ မချင့်မရဲ ရင်ဖွင့်ခဲ့ဖူးတယ်။

ကောင်မလေး>>
မဟူရာ နဲ့ အနက်
အမှောင် နဲ့ အမဲ
ဘယ်ဟာက ပိုလင်းသလဲ....လို့
ရွေးချယ်နေကြသူတွေကြားထဲ
ငါ့ရဲ့ အဖြူရောင်အလင်းတစ
မှိန်ဖျော့လို့ သွားခဲ့ရဖူးတယ်။ ။

အမှန်တရားဆိုတာ အတ္တနဲ့အရောင်ဆိုးလို့ရတတ်သလား...ကောင်မလေးနဲ့ထပ်တူခံစားပေးခဲ့တဲ့ ကဗျာမပီတဲ့ ကိုယ့်ခံစားချက်။

ကျွန်မ>>
အမှောင်ကလင်းသတဲ့
အလင်းကမှောင်သတဲ့
အဖြူကမဲသတဲ့
အမဲကဖြူသတဲ့
အတ္တဖုန်းလွှမ်းတော့
လောကနိယာမတွေတောင်လွဲမှား
ဘယ်မှာလဲ...အမှန်တရား။

မျှောင်လင့်ခြင်းတွေ မှူန်ဝါးလာတဲ့အခါ၊ အနာဂတ်တွေ မပြတ်သားတဲ့အခါ၊ ယုံကြည်ချက်တွေ ပါးလျလာတဲ့အခါ စိတ်တွေက ဟိုးအောက်ဆုံးထိ ထိုးကျသွားတတ်တယ်။ ကောင်မလေးက သူ့ရဲ့စိတ်ကို ကဗျာတပုဒ်နဲ့copyကူး ကျွန်မဆီပို့လွှတ်ဘူးတယ်။

ကောင်မလေး>>
တခါတရံမှာ အစိုးမရ
တခါတရံမှာတော့ အနက်ဆုံးထိကျ။

တခါတရံမှာ ဦးနှောက်နဲ့စေခိုင်းလို့မရ
တခါတရံမှာတော့ အချစ်တွေနဲ့ကြည်ရွှင်ပျ။

တခါတရံမှာ အတ္တနဲ့အကျဉ်းကျ
တခါတရံမှာတော့ အမှန်တရားနောက်လိုက်ခဲ့ရ။

တခါတရံမှာ ကိုယ့်စိတ်နဲ့ကိုယ် ပဋိပက္ခ
ဒါဟာ..မလွန်ဆန်နိုင်တဲ့ သဘာဝ။...

တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က အောက်ပြုတ်ကျနေတဲ့ ကိုယ့်ရဲ့စိတ်တွေ ကဗျာထဲထည့် ကောင်မလေးဆီပို့ဖြစ်တယ်။

ကျွန်မ>>
စိတ်ဆိုတာ
သေတ္တာတခုထဲထည့်
သော့ခတ်ထားလို့လဲမရ

စိတ်ဆိုတာ
တိုင်တခုနဲ့တွဲ
ချည်နှောင်ထားလဲမရ

စိတ်ဆိုတာ
ပင်လယ်ရေထဲနှစ်
မျှောပစ်လို့လဲမရ

အဲဒီစိတ်က
တခါတခါကိုယ်နားကပျောက်
တခါတခါကောင်းကင်ကိုရောက်
တခါတခါမြေပြင်အောက်
မွှေလိုမွှေ နှောက်လိုနှောက်
စိတ်ခြေရာတွေကောက်ရင်း
ငါလဲ...လမ်းတွေပျောက်။

အဲဒီသတင်းကြားတော့ အားငယ်ဝမ်းနည်း ပြိုယိုင်လဲမတတ်ပဲ။ သတင်းအမှားဖြစ်ပါစေလို့ဆုတောင်းရင်း မပြည့်တဲ့အခါ အစားထိုးမရတဲ့ဆုံးရှူံးမှူအတွက် အမေမာ့ကိုတမ်းတရင်း ကောင်မလေးနဲ့ ကျွန်မ ကဗျာတွေနဲ့ငိုကြွေးကြတယ်။

ကောင်မလေး>>
မှောင်မိုက်နေတဲ့ ဘဝတွေရဲ့
မှိန်ဖျော့ဖျော့ မျှော်လင့်ချက်အတွက်
ယုံကြည်ရင်း ရှေ့ဆက်ဖို့
အလင်းအားပေးမယ့်....
ကြယ်တွေ...ကြွေလွန်းတယ်။ ။

ကျွန်မ>>
ဒီတခါကြယ်တစင်း
တပြည်လုံးလင်းစေသူမို့
တတ်နိုင်ရင်...
မကြွေအောင်တား
ကောင်းကင်ပေါ်ပြန်ထားလိုက်ချင်တယ်။

ကျွန်မနဲ့ကောင်မလေးကြား ထူးခြားဆန်းကျယ်တဲ့ စိတ်ဆက်သွယ်မှူတခု ရှိနေ တာသေချာတယ်။

တန်ခူး
6:00pm 09-Apr-2008
(ကောင်မလေးအတွက် အမှတ်တရ)

Sunday, April 6, 2008

April နွေရယ် တန်ခူးရယ်

ဟိုးလွန်ခဲ့တဲ့ အနှစ်၃၀ကျော် ဒီလိုနေ့မှာ မကြာခင်ကျရောက်လာမယ့် သင်္ကြန်အကြိုတေးတွေ သယ်ဆောင်လာတဲ့ လေနုအေးနဲ့အတူ နွေကိုချစ်သော၊ တန်ခူးကိုချစ်သော ကလေးလေးတယောက် လောကကြီးထဲ ရောက်လာခဲ့တယ်။ သင်္ကြန်အကြိုနေ့ဆေးရုံကဆင်းတော့ အနှီးဖြူဖြူလေးထဲကနေ သင်္ကြန်ရှူခင်းကို မျက်လုံးပြူးပြူးလေးနဲ့ ငေးမောနေခဲ့တယ်တဲ့။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က သင်္ကြန်အကြိုပိတောက်တွေ လှိုင်လှိုင်ပွင့်ကြတယ်ဆိုပဲ။

မိခင်ကိုယ်ဝန်ဆောင်ကတည်းကရော၊ အမေ့နို့စို့ချိန်ထိ ဗူးရွက်ပဲသွေးတောင်းခဲ့လို့ မလှမပ "ဗူးရွက်"ဆိုတဲ့ ငယ်နာမည်လေး ရခဲ့တယ်။ (ခုထိလဲ သူ့အမေက ဗူးရွက်အရမ်းကြိုက်တဲံ့သမီးအတွက် လူကြုံရှိတိုင်း ပို့ပေးနေရတာ မဆန်းပါဘူးနော်) အဲဒီကလေးလေးက ဘယ်လောက်အအိပ်မက်သလဲဆို ပုခက်ပေါ်ကလိမ့်ကျတာတောင် မငိုပဲ ကြမ်းပြင်ပေါ် ငြိမ်ငြိမ်လေးဆက်အိပ်နေတတ်တယ်တဲ့။

အဲဒီကောင်မလေးက လေးနှစ်မပြည့်ခင်ထိ စကားသွက်သွက် မပြောတတ်ခဲ့ပေမယ့် လေးနှစ်ကျော်တော့ စကားများလွန်းလို့ နားတောင်ငြီးယူရတယ်တဲ့။ သိတတ်လာတဲ့ အရွယ်ငယ်ငယ်လေးထဲက မှန်တယ်ထင်ရင် ခေါင်းမာတတ်လွန်းလို့ စိတ်ကြီးတဲ့အဖေရဲ့ ရိုက်နှက်ခြင်းကို မကြာမကြာခံရလေ့ရှိခဲ့တယ်။ အသားနာတာတောင် မျက်ရည်တစက်မကျတဲ့အထိ ခေါင်းမာသူက တခါတခါ သူသိပ်ချစ်တဲ့အဖေရဲ့စကားတခွန်းနဲ့တင် ထိရှနာကျင်မျက်ရည်ကျတတ်ပြန်ရော။

မျောက်ရှူံးအောင်ကစားသန်သူ၊ ထမင်းမေ့ဟင်းမေ့ကစားသန်သူလဲဖြစ်တယ်။ သိပ်ချစ်၊ သိပ်စိုးရိမ်လွန်တဲ့အဖေကြောင့် ရေမကူးတတ်၊ စက်ဘီးမနင်းတတ်ပေမယ့် သစ်ပင်တက်တော့ အတော်ကျွမ်းတယ်။ အဲဒီလို သစ်ပင်တက်ကောင်းမှူကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ခွေးကိုက်ခံရတာ။ အဆော့အကစားမက်တော့ လက်ကျိုးတာတောင် ကျောက်ပတ်တီးနဲ့ ဆော့ကောင်းတုန်း။ မုန့်ဖိုးရတဲ့တမတ်နဲ့ အဖော်ကောင်းလို့ အိမ်ကမသိအောင် ရုပ်ရှင်ခိုးကြည့်တော့ အဖိုးရုပ်ရှင်ရုံထဲ ဒုတ်နဲ့လိုက်။ လွတ်လပ်ရေးပွဲဆို ဝေလီဝေလင်းထဲက အိမ်ရှေ့ကကွင်းထဲရောက်၊ ညနေစောင်းကျမှ အားကစားပြိုင်တာကဆုရတဲ့ ပလပ်စတစ်ခွက်မျိုးစုံနဲ့အိမ်ပြန်ရောက်တယ်။ မိန်းခလေးနဲ့မတူ ပြောင်းဆန်အောင်ဆော့သူမို့ အဲဒီအရွယ်က ဥာဏ်ကောင်းပေမယ့် အဆင့်က ဘယ်တော့မှထိပ်ဆုံးမရောက်ခဲ့။

အရွယ်နဲနဲရလာတော့ စာလိုချင်စိတ်လေးတော့ ပိုရှိလာခဲ့ပေမယ့် သူများတွေ ကာတွန်းဖတ်နေတုန်း ဝတ္ထုတွေခိုးဖတ်။ စာရေးချင်တဲ့ပိုးလေးစရလာခဲ့တော့ ကျောင်းကစာစီစာကုံးပြိုင်ပွဲဆို မလွတ်တမ်း။ စာရေးတဲ့အဖေက ဒါတော့အားပေးခဲ့ပေမယ့် အပြင်စာတော့မဖတ်ခိုင်းခဲ့။ စိတ်ကူးတွေစယဉ်တတ်တော့ အဖေရဲ့စည်းကမ်းတွေနဲ့စပြီး ပဋိပက္ခဖြစ်။ အဲဒီတုန်းက လွတ်လပ်မှူတွေကိုအငမ်းမရ မက်မောပြီး လှောင်အိမ်ထဲကဘဝဆိုပြီး နာကျည်းချက်တွေကို ကဗျာမဖြစ်တဖြစ်ရေး။ အဖေရည်ရွယ်ချက်ဆန္ဒတွေလား၊ ကိုယ့်ပန်းတိုင်လား မသေချာတဲ့ဝေဝါးမှူတွေနဲ့ ပုံစံခွက်ထဲက မိန်းခလေးတယောက်။ အဖေ့ဆန္ဒတွေကို မဖြည့်ဆီးနိုင်ခဲ့ခြင်းအတွက် အချိန်တွေကုန်မှနောင်တတွေရ။

လောကကြီးမှာ အဖေကကိုယ့်ကိုအချစ်ဆုံးဆိုတာ ခံစားလို့ရခဲ့ပေမယ့် အချစ်လွန်မှူတွေကို ချူပ်ချယ်မှူတွေလို့ လူငယ်လိုဘာသာပြန်။ အဖေမုန်းတဲ့ ယောကျာင်္းလေးပေါလွန်းတဲ့ တဣသိုလ်မှာ ဆယ်စုနှစ်တွေကြာတဲ့အထိ ယောကျားင်္လေးသူငယ်ချင်းက လက်ချိုးရေလို့ရအောင်နဲပါး။ လွတ်လပ်မှူကိုခိုးယူပြီး ဝါသနာအရ စာသင်ချိန်တွေဖျက်ပြီး Magazineတိုက်တွေ တတိုက်ဝင်တတိုက်ထွက်။ စာတို၊စာစတွေ အဖေမိသွားလို့ မီးရှို့ပစ်တော့ နှလုံးသားတွေလောင်ကျွမ်းလို့ပေါ့။ ပထမဆုံးပုံနှိပ်ဖော်ပြခံရမှ တားမရတဲ့ဝါသနာ အဖေနားလည်လာပြီး အားပေးခဲ့တော့ ဟိုမရောက်ဒီမရောက် စာရေးသူပေါက်စ။ တကယ်တော့ ဟိုနေရာစပ်စပ်၊ ဒီနေရစပ်စပ် လူမှူရေးအလုပ်တွေလုပ်ချင်တာ၊ စာရေးဝါသနာပါတာ၊ လူတွေနဲ့ရင်းနှီးလွယ်တာတွေ အားလုံးက အဖေ့အမွေ။ မှန်တယ်ထင်ရင်ဝုန်းဝုန်းဒိုင်းဒိုင်း ပြောချတတ်တဲ့အမေ့အမွေနဲ့ တချို့ကတော့ သိပ်ခင်စရာကောင်းသူတဲ့။ တချို့ကတော့ သိပ်စွာပြီးမာနကြီးသူတဲ့။

ရင်ခုန်တတ်တဲ့နှလုံးသားကတော့ အိပ်ထောင်မပြုရဆိုတဲ့ စည်းကမ်းချက်တခုနဲ့ တွင်တွင်ကြီးဆန့်ကျင်လို့။ သံယောဇဉ်တွေ အထပ်ထပ်ရစ်နှောင်ခဲ့တော့ သူငယ်ချင်းဘဝမှ ချစ်သူ။ ကံကောင်းတာတော့ မငြူစူတတ်တဲ့ချစ်သူကြောင့် အချိန်တွေယူလို့ရခဲ့တယ်။ နားလည်စောင့်ဆိုင်းပေးခဲ့တဲ့ချစ်သူကြောင့် ရုန်းကန်မှူတွေက နဲနဲတော့သက်သာခဲ့တယ်။ တကယ်တော့ သဘာဝတရားနဲ့ နေသားကျသွားခဲ့တဲ့အခါ အဖေကိုယ်တိုင်ရွေးချယ်ပေးတဲ့ မင်္ဂလာဝတ်စုံနဲ့ ကိုယ်ပိုင်ဘဝနိဒါန်းစခဲ့သူ။

အဲဒီခေါင်းမာတတ်ခဲ့တဲ့မိန်းမတယောက်ကို မိဘမေတ္တာအပြည့်အဝ နားလည်လာစေတာကတော့ အဲဒီမိန်းမနဲ့ ခေါင်းမာတာကလွဲလို့တခြားဘာတခုမှမတူတဲ့ သားလေးတယောက်။ ယုကြည်ရာကို တစွတ်ထိုးမလုပ်ဖြစ်အောင် တားမြစ်နိုင်ခဲ့သူ၊ ဖယောင်းလေးလိုပျော့ပြောင်းတဲ့ဘဝကို ပုံသွင်းတဲ့အနုပညာတခုကို တတ်မြောက်စေခဲ့သူ၊ လောကကြီးနဲ့ သဟဇာတဖြစ်အောင် တွန်းအားပေးခဲ့သူကတော့ သားကလေး။

အနှစ်သုံးဆယ် အတော်စွန်းသွားတဲ့အခါ အရင်ကအရေးကြီးခဲ့တဲ့အရာ တော်တော်များများကလဲ နောက်ဆုံးရောက်ချင်ရောက်၊ ယုံကြည်ရာတွေလဲ မှူန်ဝါးဝါးနဲ့၊ ငယ်ကစိတ်ကူးယဉ်တဲ့ဘဝတခုတတော့ ဆေးပြယ်သွားတဲ့ ပန်းချီတချပ်လို။ လိုချင်တာတွေရခဲ့ပြီလား၊ ရောက်နေတဲ့ဘဝမှာ ကျေနပ်ရဲ့လား၊ ဘယ်သူ့အတွက် ဘယ်လောက်ပေးဆပ်ခဲ့ပြီးပြီလဲ....မဆုံးနိုင်တဲ့မေးခွန်းတွေနဲ့ အသက်တနှစ်တိုးလို့ မွေးနေ့တခုကိုကျော်ဖြတ်ခဲ့ပြန်ပေါ့။ ဘာပဲဖြစ်ဖြစ် ငယ်ကလို ပိတောက်ရနံ့တော့ရင်ခုန်ဆဲ၊ သင်္ကြန်တေးသံမှာ လွင့်မျောဆဲ၊ Aprilနွေကို မြတ်နိုးဆဲ။

တန်ခူး
11:42pm 06-Apr-2008

Friday, April 4, 2008

အချိန်အဆိပ်

စုပြုံကျလာတဲ့ အကြည့်မျိုးစုံကို ဥပေက္ခာပြုရင်း မျက်လုံးထောင့်မှ ရေးရေးလေးမြင်လိုက်ရတဲ့ နင့်အကြည့်က ငါ့မနက်ခင်းလေးကို အဓိပ္ပါယ်ရှိသွားစေတယ်။ ခဏလေးပါပဲ။ ၃ စဣန့် လောက်အကြည့်လေးပြီးတော့ ထုံးစံအတိုင်း ရှေ့တည့်တည့်က စာအုပ်ဆီ အကြည့်ပြန်ရောက်သွားတယ်။


ရင်ထဲမှာ နာနာကျင်ကျင်။ အဲဒီစာအုပ်တွေကိုပဲ တသက်လုံးအဖော်လုပ်သွားတော့မှာလား။ တခါတလေ ပုံစံခွက်ထဲက ခဏထွက်ပြီး လွတ်လပ်ခြင်းအရသာကို ခံစားကြည့်ပါလားဇွဲရယ်။ စာအုပ်တအုပ်ကို စိတ်မပါစွာကြည့်ရင်း တခုခုကို သိနေသလို ခံစားရတာကြောင့် နောက်တန်းက သူငယ်ချင်းကို ရုတ်တရက် လှည့်စကားပြောလိုက်တယ်။ ဟော...မိပြီ။ ခိုးကြည့်တာ လူမိသွားတော့ နှူတ်ခမ်းလေးကိုက်ပြီး ပြုံးစိစိ။ အဖြူဆွတ်ဆွတ်ပေါ်မှာ အပြာရောင်ကွမ်းရိုးစင်း ရှပ်လက်တိုလေးက နင့်ကို ပိုရှင်းသန့်သွားစေတယ်။ နဲနဲရှည်နေတဲ့ ဆံပင်က ခါတိုင်းလို စာဂျပိုးပုံစံမပေါက်ပဲ လူဆိုးလေးပုံနဲ့ စွဲမက်စရာ။ ဒီညတော့ ငါ့ဒိုင်ယာရီလေးထဲမှာ အကြည့်သူခိုးလေးတယောက် မင်းမူဦးမှာပေါ့။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

သူ့အပြုံးတွေက ချိုတယ်။ သူ့မျက်လုံးတွေမှာ ကိုယ့်ကိုရူးသွပ်မှူတွေ။ သူ့စကားတွေက ယုံကြည်မှူအပြည့်။ သူ့ကတိတွေက တည်တည်ကြည်ကြည်။ သူ့နှလုံးသားက ရိုးသားမှူ အပြည့်နဲ့။ ဒါနဲ့များ ငါဘာကြောင့် မပြတ်သားနိုင်ရတာလဲကွယ်။ သူ့ကို တခြားသူတွေထက် ပိုအခွင့်အရေးပေး ဆက်ဆံခဲ့ပေမယ့် သူလိုချင်တဲ့ အဖြေတခုကိုတော့ မပေးနိုင်သေး။ ဘာကြောင့်လဲတဲ့။


အဆောင်အဝင်ဝကို အကြည့်တို့အရောက် ရင်ထဲမှာနွေးကနဲ။ အဝါရောင်ရှပ်လက်တိုလေးနဲ့ လက်ထဲမှာ စာအုပ်တအုပ်။ ဘေးကသူငယ်ချင်းနဲ့ တခုခုပြောပြီး လွတ်လွတ်လပ်လပ် ရယ်မောနေတာ ရင်ခုန်စရာ။ သူတို့သူငယ်ချင်းမလေးနဲ့ စကားပြောပြီး ခဏအကြာ သူကိုယ့်တို့၂ယောက်ကိုမြင်သွားတယ်။ မသိမသာရှူံသွားတဲ့မျက်ခုံးနှစ်ဘက်။ ရယ်ချင်လိုက်တာ။ သူပြောနေတဲ့စကားတွေ ကြားတချက် မကြားတချက်။ ခဲလုံးလေးကို ခြေထောက်နဲ့ ခပ်ဆတ်ဆတ် ကန်လိုက်တာကို မကြည့်ပဲမြင်နေရတယ်။ အဲဒါ မနာလိုတာလားဇွဲရယ်။ ငါလိုရာဆွဲတွေးပြီး အိပ်မက်တွေထဲအထိ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အခန်းဖော်မရှိတုန်း အဝါရောင်ဒိုင်ယာရီလေးပေါ်မှာ ခံစားချက်တွေသီကုံး။
"ဒီနေ့ ချစ်သူက နဲနဲသတ္တိရှိလာတာလားကွယ်xxxxxကိုယ်လက်တွေ့လုပ်တဲ့ အခန်းရှေ့ယောင်လည်လည်နဲ့xxxxxလိုင်ဘရီမှာ ကိုယ်စာဖတ်တော့ မျက်စောင်းထိုးခုံမှာ ကောင်လေးတယောက် သူ့အကြည့်တွေကို စာအုပ်ထူကြီးနဲ့ မလုံမလဲကာလို့xxxx"

အဆောင်ရှေ့မှာ တစုံတယောက်က ကိုယ့်နာမည်တပ်ပြီး သီချင်းတပုဒ်ဆို။ ထူးအိမ်သင်ရဲ့ စိမ်းရက်လေအားတဲ့။ နင်ကတော့ ခုချိန်ဆို သိပ်မလိုတော့တဲ့ စာမေးပွဲအတွက် ထိပ်ဆုံးကအောင်ဖို့ အသဲအသန်ကြိုးစားနေမှာပေါ့။ ခေါင်းလေးနဲနဲပူလာရင် ငါ့ကိုနဲနဲများလွမ်းနေမလားပဲ။ အခန်းဖော်ပြန်ဝင်လာတော့ ဒိုင်ယာရီလေး ခဏအနားရသွားတယ်။ ထုံးစံအတိုင်း ကိုယ့်အတွက် သတင်းတခုနဲ့။ အားလုံးက ကိုယ်သူ့ကိုပဲရွေးမှာလို့ ထင်ကြေးပေးနေကြတယ်တဲ့။ ကဲ...ငါဘာလုပ်ရမလဲဇွဲရယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဒီလမ်းလေးမှာ ခုလိုတယောက်ထဲ လွတ်လွတ်လပ်လပ် လမ်းလျှောက်ရတဲ့ အရသာက ဘာနဲ့မှမတူ။ ခွဲခွါရတော့မယ့် ကျောင်းကြီးကို အလွမ်းသယ်ရင်း။ ပြီးတော့ တစုံတယောက်ကိုလဲ တမ်းတရင်းပေါ့။ ဒီလိုနဲ့ဝေးကြရမယ်ဆိုရင်လဲ ကံတရားပေါ့လေ။ မျှော်လင့်ခြင်းတွေကလွဲလို့ အားကိုးရာမဲ့။
ဘုရားရေ။ နောက်နားက ကိုယ့်နာမည်ခေါ်လိုက်သံ။ စွဲလန်းမှူကြောင့်လား။ ကိုယ့်နားထဲတော့ သူပါပဲ။ လှည့်ကြည့်မိတော့ မယုံနိုင်စရာ။ ရီဝေဝေအကြည့်တွေနဲ့ဇွဲ။

"စကားလေးနဲနဲပြောချင်လို့ အချိန်ပေးနိုင်မလား"
နင့်အသံတွေ မဆိုစလောက်တုန်ခါနေတယ်။ ချက်ချင်းခေါင်းငြိမ့်လိုက်မိတယ်။ ထပ်မဝေးချင်ဘူးလေ။

"ကျွန်တော် မွန့်ကို...ဒီစကားပြောပြီးရင်မွန်စိတ်မဆိုးပါနဲ့နော်"
ရင်ထဲမှာနွေးနွေးလေး။ စောင့်စားမျှော်လင့်ခဲ့ရတဲ့အချိန်။

"ကျွန်တော် မွန့်ကိုချစ်တယ်"
စိတ်လှူပ်ရှားနေတဲ့ချစ်သူကို အပြုံးချိုချိုလေးနဲ့တိတ်တိတ်လေး အားပေးမိတယ်။

"မွန် စိတ်မဆိုးပါဘူးနော်"
"ဟင့်အင်း...စိတ်မဆိုးပါဘူး"
"ဒါဆို ကျွန်တော့်ကို..."
"စဉ်းစားမယ်လေ"
တကယ်တော့ ငါဆီမှာအဖြေကရှိနှင့်ပြီးသား။ ဒါပေမယ့် မိန်းခလေးပီပီ နဲနဲတော့ အချိန်ယူပါရစေဇွဲရယ်။

"ဘယ်တော့လောက်..."
စာမေးပွဲက၂လလောက်လိုသေးတယ်ဆိုတော့...။ ဇွဲစာမေးပွဲဖြောင့်ဖြောင့်ဖြေနိုင်အောင်…။

"တတ်နိုင်ရင် ၂ပတ်ပြည့်ရင် အဖြေပေးပါနော်"
ဘယ်လို။ မျှော်လင့်မထားသည့် အချိန်သတ်မှတ်မှူကနင့်ဆီက။
အရူးအမူးအဖြေလိုချင်နေလို့တော့မဟုတ်နိုင်။ ဒီအချိန်သတ်မှတ်ဖို့ကြိုတင်ပြင်ဆင်လာပုံ။ တခုခုတော့မှားနေပြီ။

"ဘာလို့၂ပတ်လို့ပြောတာလဲဟင်"
မွန့်ကိုသိပ်ချစ်လို့။ မွန်နဲ့ချစ်သူမြန်မြန်ဖြစ်ချင်လို့။ ဒါမှမဟုတ် သူများလက်ထဲပါသွားမှာစိုးလို့...။ဒီထဲက တခုခုတော့ဖြေနော်။

"စာမေးပွဲက၂လလိုတော့တာလေ...မွန်လက်ခံလက်ခံ၊ မွန်ငြင်းငြင်း ကြိုတင်ပြင်ဆင်ဖို့အချိန်ရတာပေါ့...စာမေးပွဲနီးမှဆိုစာမေးပွဲထိခိုက်မှာကြောက်လို့"
သေလိုက်။ ခုနကအပျော်တွေက တစဆီပြန့်ကြဲ။ အဲဒီလို အချိန်တွေ စနစ်ကျကျတွက်ရင် မနှစ်ကဖွင့်ပြောလိုက်ပါလား။ ငါလိုချင်တာက ဆွတ်ပျံဖွယ်အချစ်။ အဲဒီလို အချိန်ဇယားတွေထဲက တာဝန်ဆန်တဲ့အချစ်မဟုတ်။

"ကောင်းပြီလေ...နင်လိုချင်တဲ့အဖြေ၂ပတ်ကြာရင်ပေးမယ်"
"ကျေးဇူးပါမွန်ရယ်...ကျွန်တော်သူငယ်ချင်းတွေစာပြဖို့ချိန်းထားလို့...သွားမယ်နော်"
လမ်းလေးထဲက ကွယ်ပျောက်သွားတဲ့ အပြာရောင်အရိပ်တခု။ ငါက နင့်အတွက် ဘယ်လောက်အရေးပါလဲဇွဲ။ ပြီးတော့ ငါကနင့်ဦးစားပေးနံပါတ်ဘယ်လောက်မှာလဲ။ ဝေ့ဝဲလာတဲ့မျက်ရည်တို့ တားဆီးချိန်မရလိုက်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

သူဆီက အပျော်တွေက ကိုယ့်ဆီနဲနဲတော့ကူးစက်လာသလို။ သူ့ရဲ့လေးနက်မှူတွေ၊ တန်ဖိုးထားမြတ်နိုးမှူတွေ၊ ချစ်ခင်ကြင်နာမှူတွေက ကိုယ့်အဖြေနဲ့ ထိုက်တန်ပါတယ်။ သူ့ခမျာ အနှစ်နှစ်အလလ စောင့်ခဲ့ရရှာတာ။



ဟော..ဟိုးအဝေးက အဖြူရောင်အရိပ်တခု။ တဖြေးဖြေးနဲ့နီးလာတယ်။ လက်ထဲမှာတော့ ထုံးစံအတိုင်းစာအုပ်တအုပ်။ ကိုယ့်အတွေးတွေ၊ အိပ်မက်တွေမှာ အချိန်တော်တော်ကြာကြာ လွှမ်းမိုးခဲ့သူ။ သူကိုယ်တို့နှစ်ယောက်ရှေ့ ရောက်လာချိန်က ကိုယ်ချိန်းထားသည့်အတိုင်း တိတိကျကျ။
"သိပြီးသားတွေပေမယ့် ထပ်မိတ်ဆက်ပေးပါရစေ...ဒါကျွန်မရဲ့ချစ်သူကိုမျိုးပါ"

ဇွဲက နာနာကျင်ကျင်ပြုံးတယ်။ ပြီးတော့ သူပုခုံးကိုပုတ်ပြီး မမျှော်လင့်တဲ့စကားနဲ့ နှူတ်ဆက်သွားတယ်။
"ဝမ်းသာပါတယ်ဗျာ...ခင်ဗျားအချိန်ပေးရကျိုးနပ်တာပေါ့"တဲ့။

တန်ခူး
4:00pm 04-Apr-2008

(ဓာတ်ပုံများကို သူငယ်ချင်းတယောက်ဆီမှ forwarded emailဖြင့် ရပါသည်)
(နောက်ဆုံးနှစ်က ဒဏာရီလိုလို၊ ပုံပြင်လိုလို နာမည်ကြီးသွားတဲ့ သူငယ်ချင်းနှစ်ယောက့်ရဲ့ ကောလဟာလ ဇာတ်လမ်းလေးကို စိတ်ကူးလေးနဲ့ ချဲ့ကားရေးထားခြင်း ဖြစ်ပါတယ်...တကယ်မဟုတ်ခဲ့ဘူးဆိုရင် ဝတ္ထုတပုဒ်ပေါ့နော်...)