Friday, December 27, 2013

မင်းကွန်းဖီလင်



ဟိုးအောက်ခြေ ဧရာဝတီမြစ်ဆိပ်ကနေ မြေနီလမ်းကလေးအတိုင်း တက်လာကြတဲ့ ဧည့်သည်တွေက အသားနီနီဆံပင်မနက်တဲ့ နိုင်ငံခြားသားတွေ တော်တော်များတယ်…။ ခြင်္သေ့ကြီးနံဘေးက ဒီမြေနီလမ်းလေး တဖက်တချက်မှာ မြန်မာ့ရိုးရာပစ္စည်းလေးတွေ ရောင်းတဲ့ဆိုင်တန်းလေးက ချစ်စရာကောင်းတာမို့  ဓာတ်ပုံတွေ လိုက်ရိုက်နေမိတယ်…။ ခမောက်ရောင်စုံလေးတွေကလဲ လိုချင်စရာ…။ ချည်ထည်ဝတ်စုံလေးတွေက အသင့်ချူပ်ပြီးသား ဆိုက်စုံရှိတာမို့  ကောက်ဝတ်လိုက်ရုံ…။ အမှတ်တရ တီရှပ်ဖွေးဖွေးလေးတွေကလဲ စတစ်ကာပုံမျိုးစုံနဲ့ ….။ ဒီဘက်မှာ အအေးဆိုင်… ဟိုဘက်က သစ်သားနဲ့ လုပ်ထားတဲ့ လက်မှုပစ္စည်းလေးတွေ… ပြီးတော့ ပန်းချီကားချပ်လေးတွေ…။ ထူးခြားတာက တချို့ အမျိုးသမီးတွေ လက်နှစ်ဘက်ထဲမှာ ပခုံးပေါ်မှာ ကိုယ်ပေါ်မှာ ခေါင်းပေါ်အထိ လွှားထားတဲ့ ချည်ထည်တွေ တီရှပ်တွေ…။ ဆိုင်မှာ ခင်းရုံတင်မက လူပေါ်မှာခင်းထားတာတွေ့ ရတယ်…။

ခုန ကိုယ်လှမ်းမြင်နေရတဲ့ နိုင်ငံခြားသား ဧည့်သည်တွေ ဆိုင်တန်းနားအရောက်မှာ အ၀တ်တွေက ရောင်းဖို့  ကိုယ်ပေါ်မှာ ခင်းထားတဲ့ အမျိုးသမီးတွေ ရုတ်ရုတ်သဲသဲနဲ့  သူတို့ နားကို အုံသွားတယ်…။ တချို့ အမျိုးသမီးတွေက နေပူထဲက တက်လာလို့  ချွေးပြန်နေတဲ့ နိုင်ငံခြားသားမိန်းမတွေကို သူတို့ လက်ထဲက လက်ကိုင်ပုဝါနဲ့ ချွေးသုတ်ပေးကြတယ်… မျက်နှာပေါ်က ချွှေးကို ရုတ်တရက်လှမ်းသုတ်ပေးတာ ခံရတော့ တချို့ က မမျှော်လင့်တဲ့ အပြုအမူကို ပြုံးပြီး ကျေးဇူးတင်ပါတယ်လို့  ပြောတယ်… တချို့ ကတော့ သူ့ အသားထိတာကို အတော် စိတ်အနှောက်အယှက် ဖြစ်နေတဲ့ပုံနဲ့  တောင်းပန်ပါတယ်… မလုပ်ပါနဲ့ လို့  ပြောတယ်…။ ကိုယ့်နှုတ်တွေ ဆွံ့ အသွားတယ်…။ ကိုယ်တကယ် မမျှော်လင့်တဲ့ ဒီမြင်ကွင်း…။

ကိုယ့်မျက်လုံးတွေ ဒီဘက်ကစားလိုက်တော့ ရေသန့် ဘူးထဲက ရေကို ရေခွက်ထဲ ထည့်ပြီး နိုင်ငံခြားသားတယောက်ကို ပါးစပ်နားရေခွက်ရောက်အောင် တိုက်ပေးနေတာ တွေ့ ရတယ်…။ တချို့ က ကိုယ့်ဆိုင်က ခုံကို ချပေးပြီး အနားယူခိုင်းလို့  နောက်တယောက်က ယပ်ခတ်ပေးနေတယ်…။ အဲဒီလို…. အင်း… ခရီးဦးကြိုတယ်ပဲ ဆိုကြပါစို့ လေ…. ခရီးဦးကြိုပြီးတဲ့ နောက်မှာ သူတို့ ဆိုင်က ပစ္စည်းလေးတွေကို တစာစာ ရောင်းကြတယ်…။ ချိတ်လုံချည်ခပ်စိတ်စိတ်လေးကို ခါးမှာကပ်ပြပြီး အောင်ဆန်းစုကြည် အောင်ဆန်းစုကြည်လို့  ရောင်းတဲ့လူရှိသလို… ခမောက်ကလေးကို ခေါင်းမှာ စောင်းပြပြီး အောင်ဆန်းစုကြည်လို့ ရောင်းတဲ့လူလဲရှိတယ်…။

တချို့ နိုင်ငံခြားသားတွေက တချက်ကြည့်ပြီး စိတ်မ၀င်စားသလို ထွက်သွားတော့ ကိုယ်ပေါ်မှာ ဆင်ရောင်းတဲ့ အမျိုးသမီးတွေ အုပ်လိုက် လိုက်သွားကြတယ်…။ ဘုရားကြီးနားမှာ… ခေါင်းလောင်းကြီးနားမှာ… ။ တချို့ ကတော့ အားနာလို့  ၀ယ်လိုက်ကြတယ်…။ တချို့ ကတော့ ဈေးဆစ်ကြတယ်…။ တချို့ ကျတော့ စိတ်ပျက်တဲ့ပုံနဲ့  ဆောရီးဆောရီးလို့  ငြင်းတယ်…။ ငြင်းလဲ ဇွဲကောင်းကောင်းနဲ့ လိုက်ရောင်းကြတယ်…။

အဲဒီမြင်ကွင်းတွေကို တခုချင်းလိုက်ကြည့်နေမိတဲ့ ကိုယ့်ရင်ထဲမှာ အတော်ကို နာကျင်မိတယ်…။ စားဝတ်နေရေးအတွက် လုံးပန်းကြရတဲ့ ဈေးသည်တော်တော်များများကို တွေ့ ခဲ့ဘူးပေမယ့် ဒီလိုမြင်ကွင်းမျိုးကို မမြင်ခဲ့ဖူးဘူး…။ ဘုရားစောင်းတန်းမှာ ဒီကပန်းဝယ်ပါ ဟိုကပန်းဝယ်ပါလို့  တစာစာအော်ရောင်းကြပေမယ့် အတင်းတော့ နောက်က လိုက်မရောင်းကြဘူး…။ တော်ပြီနော် မ၀ယ်ချင်သေးဘူးဆိုရင် အလိုက်သိစွာ နောက်ဆုတ်သွားကြတယ်…။ ဖော်ရွေစွာ ခရီးဦးကြိုပြုကြတဲ့အခါ ချိုမြတဲ့အပြုံးလေးနဲ့  အကူအညီလိုရင် မနှောင့်နှေးပဲ ပေးကြတာ ထက်မပိုဘူး…။ ချွေးသုတ် ရေတိုက် ယပ်ခတ်လောက်အောင်ထိတော့ မလိုဘူးလို့ ကိုယ့်ရင်ထဲ စိတ်မကောင်းစွာနဲ့  တွေးမိတယ်…။ ပြီးတော့ သူတို့ ချွေးသုတ် ရေတိုက် ယပ်ခတ်ကြတာ နိုင်ငံခြားသားတွေကိုချည်း…။ ကိုယ့်အနေနဲ့  အဲဒါတွေက သူတို့  စားဝတ်နေရေးအတွက် လုပ်နေကြရတာလို့  နားလည်ပေးလို့ ရပေမယ့် ဖော်ရွေတာနဲ့ အောက်ကျတာ မတူဘူးဆိုတာလောက်တော့ ရှင်းပြနေချင်မိတယ်…။

ကိုယ့်ဆိုင်အခင်းအကျင်းနဲ့  ကိုယ့်ပစ္စည်းလေးတွေ မြတ်နိုးစရာကောင်းနေရင် ချိုမြတဲ့အပြုံးလေးနဲ့  နွေးထွေးစွာ ဆက်ဆံရင်ပဲ လုံလောက်ပါပြီ…။ တကယ်လို့ များ သူတို့ ကို နားစေချင်ရင်လဲ အရိပ်ရတဲ့ နေရာမှာ ခုံတန်းလေးတခု စီစဉ်ပေးထားရုံပါပဲ…။ အေးမြတဲ့ ရေလေး ကုသိုလ်လုပ်ချင်တောင် ဆိုင်လေးနားမှာ ရေအိုးစင်လေးတခု ထားလိုက်ရင်ကို ဖော်ရွေမှုကို တွေ့ နေရပါပြီ…။ လူတယောက်က မတောင်းဆိုပဲ လူတယောက်မလိုအပ်ပဲ အကူအညီပေးခြင်းဟာ တခါတလေ ကူညီရာမရောက်ပဲ နှောက်ယှက်ရာရောက်တတ်တယ်ဆိုတာ သူတို့ ခမျာ မသိရှာကြလေခြင်းလို့  ကိုယ်အားမလိုအားမရနဲ့  စိတ်မကောင်း အတော်ဖြစ်မိပါတယ်…။ ကိုယ့်ဆီက ပစ္စည်းလေးရောင်းရဖို့  မျှော်ကိုးစိတ်နဲ့  ကူညီတာက သိပ်ပေါ်လွင်လွန်းနေအောင် ရိုးအလွန်းတာကိုလဲ ဂရုဏာသက်မိတယ်…။ ကိုယ့်တိုင်းပြည် ကိုယ့်ယဉ်ကျေးမှုကို အထင်တကြီး လာလေ့လာသူတွေကို ကိုယ့်ရဲ့ မရည်ရွယ်တဲ့ အပြုအမူကြောင့် အထင်သေးစရာများဖြစ်သွားခဲ့ရင် ဆိုတာကို မစဉ်းစားနိုင်တဲ့ သူတို့ ရဲ့ အားနည်းချက်ကို အဲဒီတထိုင်တည်း ဖြည့်လို့ ရရင် ဖြည့်ပေးလိုက်ချင်တယ်…။

တကယ်တော့… သူတို့ မသိကြတာပါ… သိရဖို့ အခွင့်မရကြတာပါ… သိရဖို့  အကူအညီမဲ့ကြတာပါ… ။ အဲဒီအကြောင်းကို ပြန်တွေးတော့ သူတို့ ကို သိဖို့ မျှော်လင့်မိတဲ့ ကိုယ့်ကိုကိုယ် တွေ့ တယ်…။ မျှော်လင့်မိတာက ကိုယ်… မျှော်လင့်တဲ့အတိုင်းဖြစ်အောင် လုပ်ဖို့ က ကိုယ့်တာဝန်…။ နောက်ဆုံး တာဝန်ရှိတာက သူတို့ မဟုတ်ပဲ ကိုယ်ဖြစ်နေပါလားဆိုတာ မြင်လာမိတယ်…။ ဟိုတလောက တက်ဖြစ်တဲ့ အစည်းအဝေးတခုမှာ လေးစားစရာကောင်းတဲ့ ဘုန်းဘုန်းတပါး ဆုံးမစကားကို ကိုယ်သွားသတိရတယ်…။ တကာမကြီးတို့ က ပြဿနာပဲပြောနေကြတာကိုးတဲ့ solutionကို မတွေးကြမဆွေးနွေးကြဘူးတဲ့…။ ဟုတ်ပ့ါ… ကိုယ်တို့ တွေ ရပ်နေတာက ပြဿနာမှာတင်…။ သူငယ်ချင်းက မေးတယ်…။ မြန်မာဘောလုံးအသင်းရှုံးတာ ဘယ်လိုခံစားရသလဲတဲ့…။ ကိုယ့်မှာ မင်းကွန်းဖီလင်သာမရှိရင် ငိုမိဦးမလားပဲ…။ သူငယ်ချင်းကို ပြောလိုက်တယ်… ဘာမှမခံစားရဘူးလို့ …။ တိုင်းပြည်မချစ်လို့ မဟုတ်ပါဘူး…။ ဘောလုံးကို မခင်တွယ်လို့ မဟုတ်ပါဘူး…။ အဆင်သင့်မဖြစ်သေးတဲ့ အချိန်မှာ မျှော်လင့်ချက်မထားတာပါလို့ ….။ ဘောလုံးသမားတွေခမျာ အခြေအနေပေးသလောက် သူတို့ တတ်နိုင်သလောက် ကြိုးစားကြတာပါ…။ တူတူပဲပေါ့…။ နိုင်ဖို့ အခွင့်မရကြတာပါ… နိုင်ဖို့ အခြေအနေမပေးကြတာပါ…။ ကိုယ်လား… ကိုယ့်ဘယ်သူ့ ဆီကမှ solution မရှာပါဘူး…။ ကိုယ့်ကိုကိုယ်ဆီကပဲ solution ရှာတယ်…။ ငါတိုင်းပြည် ငါချစ်တယ် ငါ့လူမျိုးငါချစ်တယ်ဆို ငါဒီထက်ပိုလုပ်ရဦးမှာပါလားလို့ …။

တန်ခူး

8:52pm 27-Dec-2013

7 comments:

Anonymous said...

ဖတ်ရင်း..ခံစားလိုက်တယ်.

အရေးအသားကညက်တော့ကွက်၂ကွင်း၂ပဲအမရေ..

အဖြေမရှာချင်တော့ပါဘူး..ကိုယ်နိုင်သလောက်ကလွဲလို့...


မြတ်နိုး

Anonymous said...

ဂွတ်ဂွတ်

ဇွန်မိုးစက် said...

အမြင်ချင်းထပ်တူပါပဲ မရေ။ ရေးပြသွားတာလေး သိပ်ကောင်းတာပဲ။ ပျော်ရွှင်မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နှစ်သစ် ဖြစ်ပါစေနော်။း)

စုချစ် said...

very nice post...

Anonymous said...

Very good point...I wish these people read it and all of them (not only few) change their actions...

AMK said...

ဝင်ဝင်ခြင်း ဘယ်ဖက် ခြင်သေ့ ကြီး အပင်တွေဖုံးပြီး ညာဘက်ခြင်သေ့ရဲ့ အောက်နဲ့ ဘေးမှာလဲ အမှိုက်တွေအများကြီးပဲလေ အစ်မရယ်..ပြောလို့ တောင်မကုန်နိုင်ပါဘူး..မုန့်ဖိုးတောင်းတဲ့  ကလေးလေးတွေ ပိုများလာတာလဲ မငြင်းနိုင်ပါဘူး

Ousai said...

I read it second time.Thanks for sharing.
"The community which has neither poverty nor riches will always have the noblest principles.

Plato"