Monday, April 12, 2010

သားနဲ့ ဘာသာရေး


(ဒီပို့ စ်တင်ပြီးမှ မနေ့ က အမတယောက်ဆီက ပူပူနွေးနွေးရလာတဲ့ ဇာတ်ကြီး၁၀ဘွဲ့ စာအုပ်ကို မနက်မိုးလင်းတာနဲ့  ထဖတ်နေတဲ့ (တကယ်တော့ မဖတ်တတ်ပါဘူး… သူ့ အဖေနဲ့ ကျွန်မညက ပြောပြထားလို့  ပုံလေးတွေ လိုက်ကြည့်တာပါ) သားပုံလေးကို ဓာတ်ပုံရိုက်ထားပြီး ဒီပို့ စ်နဲ့ လိုက်ဖက်မယ်ထင်လို့  ထပ်ဖြည့်လိုက်တာပါ)

သားလေးက ၅နှစ်ခွဲရှိသေး သားနဲ့ ဘာသာရေးဆိုတဲ့ ခေါင်းစဉ်ကြီးက နဲနဲများ ကြီးလွန်းနေမလား မသိဘူးနော်။ ဒါပေမယ့် ပြောပြချင်တာကလဲ သားနဲ့ ဘာသာရေးပဲမို့  အဲဒီလိုလေးပဲ နာမည်ပေးလိုက်ရပါတယ်။ အမှားပါရင် ခွင့်လွတ်ပေးကြပါလို့ ။

ကျွန်မ မနှစ်က ပို့ စ်တပုဒ်ရေးခဲ့ဖူးပါတယ်။ က ကာ ကား ဆိုတဲ့ မြန်မာစာနဲ့ ဘာသာရေးတွဲသင်ပေးတဲ့ ဘုန်းကြီးကျောင်းက သင်တန်းလေးအကြောင်းပါ။ အခြေအနေအရ နိုင်ငံရပ်ခြားမှာ လာနေရတော့ သားကို တခြားဘာသာဝင်ဖြစ်သွားမှာ အကြောက်ဆုံးပါ။ ဒါကြောင့် သားသိပ်နားမလည်သေးခင် ကတည်းက ကျွန်မက စိုးရိမ်စိတ်တွေကြီးပြီး အဲဒီတနင်္ဂနွေကျောင်းလေး ပို့ ခဲ့ပါတယ်။ အဲဒီတုန်းက သားက ငယ်သေးလို့  ထင်ပါတယ်… ဘုရားဆိုရှိခိုးဖို့ တောင် အတော်တိုက်တွန်းရပါတယ်။ တခါတလေ လိုက်မဆိုပဲ ဂျစ်တိုက်နေလို့  ကျွန်မနဲ့  တကျက်ကျက်ပါ။ မြန်မာစာတော့ စိတ်ဝင်စားမှုရှိပေမယ့် ဘာသာရေးကို သိပ်စိတ်မ၀င်စားတာမို့  ကျွန်မအတော်လေး ပူပင်ခဲ့ရပါတယ်။ ဒီနောက်ပိုင်း အကြောင်းကြောင်းကြောင့် သားကို သင်တန်းပြန်ပို့ ဖို့  ပျက်ကွက်ခဲ့ပါတယ်။

ဒီတခါသင်တန်းပြန်ပို့ တာ သားကိုယ်တိုင်က သွားချင်တယ်လို့  လိုလိုချင်ချင် ပူဆာလို့  ပြန်ပို့ ဖြစ်တာပါ။ ညီမလိုခင်တဲ့ ကျွန်မသူငယ်ချင်းရဲ့ သမီးလေး၂ယောက် အဲဒီကျောင်းက ဘုရားစာဆိုပြိုင်ပွဲမှာ ဆုရတာကို သားကြည့်ရတော့ ကျောင်းပြန်တက်ဖို့ ကို ပြန်စိတ်ဝင်စားလာပါတယ်။ ဘာသာရေးကို သားစိတ်ဝင်စားလာတယ်လို့  ကျွန်မစ သတိထားမိတာက သားကို ငယ်ကတည်းက ဆွေမျိုးရင်းချာလို ချစ်တဲ့ အမေအရင်းနဲ့ မခြား ဂရုစိုက်တဲ့ သားအန်တီနဲ့  ဦးဦးအိမ် သွားလည်ပြီး ပြန်လာကတည်းကပါ။ ဘုရားအလောင်းတောထွက်တော်မူတာကို အင်္ဂလိပ်လို စိတ်ဝင်တစား ပြန်ပြောပြနေတော့ ကျွန်မ အရမ်းအံ့သြသွားခဲ့ပါတယ်။ သူ့ အဖေများ ပြောပြထားတာလားဆိုတော့ မဟုတ်ပါဘူး။ နောက်မှ သူ့ ဦးဦးနဲ့  သူ့ အန်တီအိမ်က ဘုန်းကြီးကျောင်းပြက္ခဒိန်လေးက ပုံလေးတွေနဲ့  သူ့ ဦးဦးက ရှင်းပြထားတယ် ဆိုတာ သိရပါတော့တယ်။ သူ့ စိတ်ဝင်စားမှုက သာမာန်မဟုတ်ပဲ ထူးကဲလို့  ကျွန်မတို့  အတော်လေးကို အံ့သြမိပါတယ်။ သူကြီးလာရင် ပြဖို့ ဆို ကျွန်မ၀ယ်ထားတဲ့ အောင်ခြင်းရှစ်ပါးအခွေကို သူပူဆာလို့  ကျွန်မဖွင့်ပြရပါတယ်။ ငယ်သေးလို့  နားမှ လည်ပါ့မလားထင်တာ ခုဆို အောင်ခြင်းရှစ်ပါးလုံး သူအလွတ်ပြောနိုင်နေပါပြီ။ တီဗွီကြည့်ချိန်ဆို ကာတွန်းကားတွေ စိတ်မ၀င်စားပဲ အောင်ခြင်းရှစ်ပါးကိုသာ ကြည့်ဖို့  ပူဆာတတ်ပါတယ်။

မနက်မိုးလင်း အိပ်ယာထ မျက်နှာသစ်ပြီးတာနဲ့  ဘယ်သူမှ ပြောစရာမလိုပဲ သူ့ ဘာသာ ဘုရားရှိခိုးတတ်သလို ညအိပ်ယာဝင်တော့လဲ ဘုရားရှိခိုးဖို့  ဘယ်တော့မှ မမေ့တတ်ပါဘူး။ ဘုရားရှိခိုးရင် မြတ်စွာဘုရားဆင်းတုတော်ကို သေချာဖူးမျှော်ပြီး ရှိခိုးတတ်ပါတယ်။ ပင်နင်ဆိုးလားရောက်လို့  ဘုရားပုံတော်တွေ ရောင်းတဲ့ဆိုင်တွေ ရောက်ရင် တပုံချင်း စိတ်ဝင်စားစွာ ဖူးမျှော်လေ့လာတတ်တာ သူ့ အရွယ်လေးနဲ့  တချို့ ဆိုင်ရှင်တွေ အံ့သြရတဲ့အထိပါပဲ။

ညအိပ်ယာဝင်ရင် ဘာသာရေးနဲ့ ဆက်နွယ်တဲ့ ပုံပြင်တွေသာ ပူဆာတတ်လာတာမို့  သားကို ပုံလေးတွေနဲ့  ပြောပြဖို့  ဖိုးဖိုးတို့ ဆီ ဇာတ်ကြီး၁၀ဘွဲ့ စာအုပ်မှာရဦးမယ်ဆိုတာ မှတ်ထားပြီး သူ့ အဖိုးနဲ့ ဖုန်းပြောတိုင်း အမှတ်တရမှာတတ်ပါတယ်။ ဘုရားစာတွေရဲ့ အနက်ကိုပါ သူက သိချင်တာမို့  ကျွန်မရော သူ့ အဖေပါ အမှတ်မမှားအောင် သတိထားရှင်းပြရပါတယ်။ ကျွန်မတို့  ငယ်ငယ်က အဖေ၊အမေက သြကာသ ရအောင်ကျက် ဘုရားရှိခိုးဆို အလွတ်ကျက်ပြီး ရှိခိုးခဲ့တာပါ။ သားကတော့ သြကာသရဲ့ အနက်ကို အရင်မေးပြီးမှ သြကာသကို ရအောင်မှတ်တတ်သူပါ။ တချို့ ဘယ်လို ရှင်းပြရမှန်းမသိလို့  ဆရာကိုဧရာအိမ်ဘေးပြောင်းနေချင်စိတ်တောင် ပေါက်မိပါတယ်။ သူ့ အဖေက ဘုရားမှန်မှန်မရှိခိုးတဲ့ အဖေ့ကို မင်းချွတ်မှ ကျွတ်တော့တာပဲလို့  ပြောယူရတဲ့အထိပါ။ ဘုရားကို နို့ ဆွမ်းကပ်ချင်တယ်ဆိုလို့  သူ့ အဖေကိုယ်တိုင် နို့ ဆွမ်းချက်ပြီး ကပ်ပေးရပါတယ်။ အရင်က သားကိုယ်ရင်ဝတ်မလား မေးရင် ကုတုံးတုံးရမှာမို့  ရှက်လို့  မ၀တ်ချင်ဘူးပြောနေကျ။ ခုတော့ သားရှင်ပြုရင် ကိုယ်ရင်လေးဝတ်မှာလားဆို ၀တ်မှာလို့  စိတ်အားထက်သန်စွာ ပြောနေပါပြီ။ သားရှင်ပြုရင် မေမေပါ သီလရှင်ဝတ်မယ်ဆိုတော့ သူက အရမ်းပျော်ပါတယ်။ ကျွန်တော်က ကိုယ်ရင်ဝတ်ပြီး ရွှေတိဂုံဘုရားမှာ လူတွေကို ဘုရားစာသင်ပေးမှာလို့ ဆိုတော့ ကျွန်မရော၊ သူ့ အဖေပါ မျက်လုံးပြူးရော။

တခုခု အမှားလုပ်ရင် သားမဆိုးနဲ့ နော်လို့  ပြောတာထက် သားအကုသိုလ်မလုပ်နဲ့ နော် ပြောတာ ပိုထိရောက်ပါတယ်။ အကုသိုလ်လုပ်ဖို့ ကို သူက အတော်ကို ကြောက်တတ်ပါတယ်။ အောင်ခြင်းရှစ်ပါးကို ကြည့်ပြီး မေတ္တာဆိုတဲ့ အနက်ကို သူ အတော်လေး သဘောပေါက်သွားပါတယ်။ ပတ်ဝန်းကျင်က သူတွေကို မေတ္တာထားဆက်ဆံရတယ်ဆိုတာ သူနားလည်လာပါတယ်။ သူ့ ကျောင်းက ရန်ဖြစ်သန်တဲ့ ကလေးတွေ သူ့ ကို ရန်စတာကို ကျွန်တော်က မေတ္တာနဲ့ ဘာမှပြန်မလုပ်ဖူး လို့  သူတတ်သလောက်လေး ကျွန်မကို ပြန်ပြောပြတတ်ပါတယ်။

ဟိုတနေ့ က သူကြည့်ချင်လို့ How to train the dragon ဇာတ်ကားလိုက်ပြဖြစ်ပါတယ်။ ဇာတ်ကားရဲ့ အဓိက ရည်ရွယ်ချက်က ရန်ကိုရန်ချင်း မတုန့် နှင်းပဲ မေတ္တာတရားနဲ့  ဆက်ဆံရင် အလွန်ကြမ်းတမ်းရိုင်းစိုင်းတဲ့ နဂါးတွေတောင် ကိုယ်နဲ့  မိတ်ဆွေဖြစ်ရတယ်ဆိုတဲ့ ရည်ရွယ်ချက်ပါ။ သားက မေတ္တာတရား အခြေခံတဲ့ အဲဒီဇာတ်ကားလေးကို သဘောကျလွန်းလို့  ပြောလို့ မပြီးတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် သူ့ အရွယ်ငယ်ငယ်လေးနဲ့  ဘာသာတရားကို အဲဒီလောက် စိတ်ဝင်စားလာတာ ကျွန်မ ၀မ်းသာလို့  မဆုံးပါဘူး။ သူ့ စိတ်ဝင်စားမှုက အရမ်းလေးနက်လွန်းနေတော့ ကြီးရင်ဘုန်းကြီးများ ၀တ်သွားမလားလို့  ထင်ရပါတယ်။ ဟိုတနေ့ က သူ့ အဖေက သူအိပ်တော့ သားကြီးလို့  ဘုန်းကြီးဝတ်သွားရင် ဘယ်လိုလုပ်မလဲလို့  ကျွန်မကို မေးလာပါတယ်။ ဒီအရွယ်နဲ့  ပြောရခက်ပေမယ့် သူကြီးလာလို့  ကျွန်မတို့  မဖြတ်တောက်နိုင်တဲ့ အရာတွေကို သားကဖြတ်တောက်လို့  သာသနာ့ဘောင်ဝင်သွားခဲ့ရင် သူ့ ဘ၀အတွက် အကောင်းဆုံး အမြင့်မြတ်ဆုံးရွေးချယ်မှုမို့  ကျွန်မ၀မ်းသာကျေနပ်မိနေမှာပါ။

တန်ခူး
4:23pm 12-Apr-2010
(ps: သားကို မိဘရင်းနဲ့ မခြားချစ်တဲ့ ဂရုစိုက်တဲ့ သားအန်တီနဲ့ သားဦးဦးတို့ ကျေးဇူးကို ဒီပို့ စ်လေးနဲ့  မှတ်တမ်းတင်ပါတယ်)

27 comments:

Anonymous said...

တကယ်ကို ရင်ကိုထိရှ ခံစားရတဲ့ ပို့စ်လေးပါပဲ။
မြန်မာ့လူမှုပတ်ဝန်းကျင်က ဗုဒ္ဓဘာသာဝင် မိဘတော်တော်များများဟာ သားသမီးကို ဘာသာတရားနဲ့ ယဉ်ပါးစေချင်ကြသော်လည်း ကိုယ့်သားသမီး သာသနာ့ဘောင်ထဲဝင်သွားမှာကို စိုးရိမ်တတ်ကြတာကို သတိထားမိတယ်။ (ကိုယ့်ဝမ်းနာ ကိုယ်သာသိ ... မိဘတွေ ဘာကိုစိုးရိမ်တယ် .. ဘာကြောင့် စိုးရိမ်တယ်ဆိုတာလည်း ခံစားနားလည်လို့ ရပါတယ်။)

naychi said...

ကြားရတာ ၀မ်းသာလိုက်တာ.. မမတန်ခူးရေ

Anonymous said...

ဒီစာဖတ်ရတာ ကျက်သရေရှိလိုက်တာ အမရာ

မောင်ငယ်

မေဓာဝီ said...

မတန်ခူး သားသားက ပါရမီရှင်ပဲ။
ဒီအရွယ်လေးနဲ့ ဘာသာရေးကို သိပ်စိတ်ဝင်စားတာ ထူးခြားတယ်။
ကြီးလာလို့ သူ ဘုန်းကြီးဝတ်မယ်ဆိုလဲ အမလဲ ရဟန်းမယ်တော်ဖြစ်တာပေါ့နော်။ ဆရာဝန်ရဲ့ အမေ အင်ဂျင်နီယာရဲ့ အမေဆိုတာထက် ရဟန်းမယ်တော်ဖြစ်ရတာ ပိုပြီးကျေနပ်ဖို့ ကောင်းပါတယ်။
ဝမ်းသာတယ် မ-ရေ။
ငယ်ငယ်တုန်းက အဖေက ဘုရားဂုဏ်တော် တရားဂုဏ်တော် သံဃာ့ဂုဏ်တော်တွေကို ကလေးတွေ မှတ်မိလွယ်အောင် ရေးထားတဲ့ ကဗျာလေး သားသားအတွက် ပေးရအုံးမယ်။
သားသားအတွက် ၀မ်းသာဂုဏ်ယူပါတယ်။

Life is for Success said...

good good, in sg environment this kind of attitude is rarely find. a ma so lucky... proud of u...

Anonymous said...

အမ ကြားရတာ..ကျေနပ်အားရလိုက်တာ..
သားသားကတော်လိုက်တာ..

အမရေ....ငါးရာငါ့ဆယ်နိပါတ်ကာတွန်းစာအုပ်လဲ၇ှိတယ်။
သိပ်ကောင်းတာပဲ။

အမပီးတော့ ကမ္ဘာအေးက ထုတ်တဲ့ ကလေးတွေအတွက် ကဗျာလေးတွေနဲ့ဗုဒဘာသာယဉ်ကျေးမှုစာအုပ်လေးတွေလည်းရှိတယ်။ သိပ်ကောင်းတာပဲ။ မိဦးဖဦး.ဆရာ့ဦးကို ခူး၍အလျှင်မစားနှင့်တို့ဘာတို့။

ဘုရားစာဆိုလည်း ၃၈ဖြာမင်္ဂလာကုံးကို၊လိုက်နာကျင့်သုံးပန်သူတွေ၊..အစရှိတဲ့ပရိတ်ကြီး၁၁သုတ်ကဗျာလေးတွေ..အမရေ...အများကြီး......

တေ.ဇ.သူ.နေ.မ.ဘူ.စန်.ဒါ.၀ိ.ဝေ..ဆိုပီး သားကို အမပြောတဲ့ပုံပြင်တွေနားထောင်ချင်တယ်တော့..

မြတ်နိုး

sonata-cantata said...

ဖတ်ရတာ မင်္ဂလာရှိလိုက်တာ
သားသားက ပါရမီ ထူးသူပေပဲ

ထက်စုနှင်းဆီ said...

မတန်ခူးရေ.. ၅၅၀ ဇာတ်တော် ပီဒီအက်ဖ်ဖိုင်လ် ရှိပါတယ်. လိုချင်ရင် ပို့ပေးပါ့မယ်.. အီးမေးလိပ်စာလေးသာ ပေးပါနော်..

Thant said...

သားလေးက ဒီအရွယ်လေးနဲ့ ဒီလောက်သဘောပေါက်နားလည်နေတာ....နည်းတဲ့ပါရမီဥာဏ်မဟုတ်ဘူးနော်....။ သားလေးအတွက် ဝမ်းသာပါတယ်အစ်မရေ...။

မေဓာဝီ said...

သားသားပုံလေး လာကြည့်တယ် မ-ရေ။ လူကြီးလေးကျနေတာပဲ စာတွေဖတ်လို့။ :)
ဇာတ်ကြီးဆယ်ဘွဲ့ကို အဖေစပ်ထားတဲ့ ကဗျာ (သီချင်း) လဲ ရှိသေးတယ်။ အားရင် ပို့စ်တင်ပေးမယ် သားသားအတွက်။

ဆောင်း said...

ဖတ်ရတာ မင်္ဂလာရှိလိုက်တာ

kay said...

သားလေး ရဲ့ အဲဒီလို တိုးတက်မူ ဖြစ်စဉ် ပြောင်းလဲ လာမူလေးတွေကို..မြင်ရတာ..စိတ်ဝင်စားစရာပဲ..
ကျမ တူလေး ၅ နှစ်သား ကတော့.. သင်္ကန်းမစီးချင်ဘူး..စစ်သားတွေ ဖမ်းမှာ ကြောက်လို့ တဲ့.. မရယ်..း(

:P said...

အစ်မတန်ခူးရေ..
မနေ့က လာဖတ်သေးတယ်။ ဒီနေ့မှ သားဓာတ်ပုံလေးတွေ့တယ်။ လိမ္မာလိုက်တာနော်။
ပန်းချီဦးဘကြည်ကာတွန်းလေးတွေ ဖတ်နေတာလား၊

အိမ့်ချမ်းမြေ့ said...

နှစ်သစ်မှာ မိသားစုတစ်ခုလုံး ကျန်းမာရွှင်လန်းပါစေ..
ပြန်လာပြီဆိုတော့ မ စာတွေပြန်ဖတ်ရတော့မယ်ပေါ့နော်

အိမ့်ချမ်းမြေ့ said...
This comment has been removed by the author.
Moe Cho Thinn said...

ကိုယ့်မျိုးဆက်ကို ဒီလိုဖြစ်အောင် ပျိုးထောင်နိုင်တာ ဂုဏ်ယူစရာပါပဲ အမရေ..။ သူ့ စိတ်ဝင်စားမှုက မိဘမပြောနဲ့၊ ဖတ်ရတဲ့လူတောင် ကြည်နူး မိပါတယ်။

T T Sweet said...

တန်ခူးရေ ... သားလေးက ထူးထူးခြားခြား ပါရမီ ပါတယ်နဲ့တူတယ်နော်... စာအုပ်ကိုများ ဖတ်နေလိုက်တာ။ လူကြီးလေးကျနေတာပဲ။
ဇာတ်ကြီးဆယ်ဖွဲ့ကို သမီးလဲကြိုက်တယ်။ ဒါပေမဲ့ ဗမာလို ဖတ်ပြတာကို သူနားမလည်ဘူး။ နတ်ရွာစံတာတို့ ဘာတို့ဆို ဗမာလို ပြန်ရှင်းပြနေရတယ်။ နေ့စဉ်ပြောနေကျစကားတွေပဲ သူတို့ကနားလည်တယ်။ စာသံပေသံတွေ နားမလည်တော့ ဗမာလိုရေးတာကို ဗမာလို ပြန်ရှင်းပြနေရတယ်။

Anonymous said...

Please buy a pussy cat for him sis,

i can't stop loving his talking
သားက မေမေကြောင်လေး မွေးချင်တယ်တဲ့။

Unknown said...

ဖတ်ရတာ စိတ်ကြည်နူးလိုက်တာ အစ်မရယ်။ သားလေးကို ချစ်လိုက်တာ။ မြန်မာ့စိတ်ဓါတ်နဲ့၊ ဗုဒ်ဓဘာသာဝင်တစ်ယောက်အဖြစ် သားလေးကို ပြုစုပျိုးထောင်နိုင်တဲ့ အစ်မတို့ကို တကယ်လေးစားမိပါတယ်။ နှစ်သစ်မှာ အစ်မတို့မိသားစု ကျန်းမာရွှင်လန်းပါစေဗျာ။

Taungoo said...

မြန်မာနှစ်သစ်ကူး အချိန်မှာ ဒီလိုအကြောင်းလေး ဖတ်ရတာ သိပ်ကျက်သရေရှိတာပဲ အမရယ်။ သားသားက သားလိမ္မာလေး ဖြစ်လာမှာပါ။

ကျွန်တော် ကျောက်မြောင်းက တရားပွဲတစ်ခု တရားနာသွားတုန်းက မဇ္ဈိမဂုဏ်ရည် ဆရာတော် ဒေါက်တာအရှင်ကောဝိဒ တရားလာဟောတယ်။ အဲဒီမှာ ဆရာတော်ကြွလာတော့ ဆရာတော့်ကားပေါ်မှာ မယ်တော်ကြီးပါ အတူလိုက်လာတယ်။ ဆရာတော့် မယ်တော်ကြီးကို မြင်ရတာ မျက်နှာမှာ ကြည်လင်အေးချမ်းနေတာပဲ။ တော်တော်ကို စိတ်အေးချမ်းသာတဲ့ အသွင်မျိုးဖြစ်နေတာ တွေ့ခဲ့ရတယ်။ သားတော် သွားဟောရာ တရားပွဲတွေတစ်လျှောက် တရားလိုက်နာရတယ်။ တကာ တကာမတွေကလည်း ဆရာတော့်မယ်တော်ကြီးဆိုတော့ သေချာဦးစားပေး ဂရုစိုက်ကြတယ်။ ကျွန်တော်ဖြင့် အဲဒီတုန်းက မြင်ရတာ ပီတိဖြစ်လိုက်တာဗျာ။ စိတ်ထဲမှာ ဖြစ်သွားတာကို စာနဲ့ ဘယ်လိုရေးပြရမှန်းတောင် မသိဘူး။

အမရေ သာသနာရေးကို ဒီအရွယ်ကလေးထဲက စိတ်ဝင်တစားလေးရှိဖို့ တလေးတစားရှိဖို့ဆိုတာ
မိဘတွေက အတင်းပုံသွင်းရင်တောင် ဖြစ်လာဖို့ မလွယ်ကူပါဘူး။ အမတို့မှာ ပါရမီပါလာတဲ့ သားလေးတစ်ယောက် ရလာတာ အင်မတန်မှကို ကုသိုလ်ထူးတယ်လို့ပဲ ပြောပါရစေတော့။

မေဓာဝီ said...

မတန်ခူးရေ ...
သားသားဖို့ ကဗျာလေး တင်ထားတာ လာပြောတာပါ။ အသံလဲ ပါတယ်။

သက်ဝေ said...

သားလေးအကြောင်းဖတ်ရတာ တကယ်ချစ်စရာ စိတ်ချမ်းသာစရာကောင်းတယ်...
ကိုရင်ဝတ်ပြီး ရွှေတိဂုံဘုရားမှာ လူတွေကို ဘုရားစာ သင်ပေးမှာ ဆိုတာမျိုး စဉ်းစားတတ်ပုံလေးဟာ တော်ရုံ တန်ရုံ ကလေးတယောက်ရဲ့ အသိလေးနဲ့တော့ မရနိုင်ဘူးနော်....
သားက တကယ့်ကို ထူးခြားမယ့် ကလေးပါပဲ...း))

ဇွန်မိုးစက် said...

မရေ... တကယ့်ကို ကြည့်နူးစရာကောင်းလိုက်တာ။ ဒီပို့စ်လေးဖတ်ပြီး ၀မ်းသာမိတယ်။း)

Maung Myo said...

ချစ်စရာကောင်းတဲ့ သားသား သတင်းလေးက ဖတ်လိုက်ရတိုင်း ကြည်နူးစရာပေါ့ မြန်မာနှစ်သစ်ကူးမှာ မိသားတစ်စုလုံးပျော်ရွှင်ကြပါစေဗျာ ။

အစ်မရေ မွေးနေ့က ကျော်ခဲ့ပြီဟုတ် အဲ့ရက်ကမရောက်ဖြစ်လို့ ခုမှ ဟက်ပီးဘတ်ဒေး လုပ်လိုက်တယ်နော်း)

Thet Oo said...

လာရောက်ဖတ်ရှုမှတ်သားသွားပါကြောင်း..။ သားကို ဂရုစိုက်ရင်း ပို့စ်တွေလည်း မှန်မှန်ရေးနိုင်ပါစေ။

Anonymous said...

Thar Thar is so clever!
Just wanted to share a link of interactive buddhist stories for children: http://www.jatakkatha.com/index.htm
Hope Thar Thar enjoys the stories.

Rita said...

နိုင်ငံရပ်ခြားမှာပဲ ကြီးပြင်းသွားရမယ့် ကလေးလေး တစ်ယောက်မှာ ဒီလို စိတ်ဓါတ်အခြေခံရသွားတာ အတော်ပဲ ကျေနပ်စရာပါ။ ဘေးကနေ ပီတိဖြစ်မိပါတယ်။